ကံထွန်းသစ်
၁။
မစောခင်တစ်ယောက် အတောမသတ်နိုင်သော
အပျော်များဖြင့် ပေါ့ပါးသွက်လက်နေသည်။ သူနှင့် မကြာမီက ရန်ဖြစ်အချင်းများ ထားသည့်
ခေါင်းရင်းအိမ်ကို သွားပြောချင်သလိုလို၊ မနှစ်ကတည်းက ခြံစည်းရိုးကိစ္စနှင့်
စကားများထားသည့် ခြေရင်းအိမ်ကိုပဲ သွားပြောချင်သလိုလိုနှင့် တည်ရာမရ၊ လက်ထဲမှ
စာအိတ်စိမ်းပြာလေးသည် သူပျော်ရွှင်ရခြင်း၏ အကြောင်းရင်းပင်။ သူ မဖတ်တတ်သော
အက္ခရာများနှင့် တံဆိပ်ခေါင်းလေးကိုပင် အကြိမ်ကြိမ် ကြည့်မဝ ရှုမဝ၊ ထိုစာအိတ်ကလေး
သည်နိုင်ငံခြားမှ လာသောစာ၊ မလေးရှားရောက် သားတော်မောင်ထံမှ လာသောစာ။ ရန်ကုန်ကို
ရောက်နေတာကြာပြီတဲ့၊ ခုမှလူကြုံလို့ ဦးလေးက ထည့်ပေးလိုက်တာလေ။ အတော်ကြာရော့ မယ်၊
စာအိတ်လေးကိုနွမ်းလို့။
စာအိတ်လေးကို ဖင်ပြန် ခေါင်းပြန်
အခါခါကြည့်ရင်း အိမ်ဆီ အသော့လှမ်းနေသည်။ အနေ့နေ့ အလလက မျှော်ခဲ့ရသော သားကြီးထံမှ
စာသည် ယခုလက်ထဲသို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပြီ။ ဝမ်းသာလိုက်တာ... သား
သူ့အတွေ့အကြုံတွေ ဘာတွေများ ရေးထားပါလိမ့်။ သြော်... နိုင်ငံခြား ...
နိုင်ငံခြားနဲ့... အရင်တုန်းကဆို ရုပ်ရှင်တွေ၊ ကက်ဆက်ဇာတ်လမ်းခွေ တွေထဲမှာသာ
ကြည့်ဖူး ကြားဖူးတာ။ ဟော... ခုကျ ကြည့်စမ်း။ ကိုယ်တိုင်ဆက်သွယ်... သားကြီးက
နိုင်ငံခြား သွားနေသူ၊ အမျိုးထဲမှာဆို... အို... တစ်ရွားလုံးမှာဆို... သားက
အဦးဆုံး... ဘယ်လောက် ဝမ်းသာဂုဏ်ယူ ဖို့ကောင်းလဲ။
ပြီးတော့ ပြန်လာရင်လည်း
နိုင်ငံခြားပြန်ကြီးပေါ့၊ အဟား...။ အိမ်ထဲ အရောက် စားပွဲမှာထိုင်ကာ စာအိတ်လေးကို
ဖောက်၍ ဖတ်လိုက်ရာ... ။
၂။
'မောင်ဌေးစိန် မင်း နွားထွန်ဖြုတ်တာ
စောလွန်းတယ်' မွန်းတိမ်းလုလု နေအောက်ဝယ် ပုဆိုးဟောင်းတစ်ထည်
ခေါင်းပေါင်းနှင့် နွားထွန်ပြန်လာစဉ် ဆီးကြိုနေသောစကားကြောင့် တုံ့ခနဲ
ဖြစ်သွားသည်။ ရင်ထဲတွင်လည်း နင့်ခနဲ၊ ယာနားနီးချင်းတွေ ထွန်ဖြုတ်သွားကြသည်မှာ
ကြာလှပြီ။ ထမင်းစားသောက် ပြီးရုံမက နားနားနေနေပင်ရှိကြရော့မည်။ အလုပ်အပေါ်မှာ
ဇယားထားမှန်း သိထားနှင့်၍ တမင်ကြိုးစားကာ အချိန်ပိုအောင် ထွန်ပေးနေပါလျက်... သြော်
... ဒါ့ကြောင့် ကိုဖိုးမှတ်တို့ ကိုတင်ဆောင်ကြီးတို့က...
'မင်းနဲ့ အဲဒီအိမ်နဲ့
မဖြစ်ပါဘူး ဌေးစိန်ရာ... အဲဒီအိမ်က ပေးရာကျသာ နည်းတာ ခိုင်းရာကျ အလွန်ဇယားကြီးတာ...
မင်းလုပ်ချင်ရင် ဦးကြီးကုလားတို့ အိမ်မှာဖြစ်ဖြစ်၊ ဦးကျော်ဝင်းတို့
အိမ်မှာဖြစ်ဖြစ် လုပ်ပါလား'ဟု ဆိုခဲ့ ကြတာဖြစ်မည်။
ဒါကိုမယုံခဲ့။ သူတို့ ဒီအိမ်မှာ နေချင်ကြလို့... ဟုပင် သံသယဝင်မိသေး။ ခုတော့ မူ...
ဟူး...။
ကြွယ်ဝသော၊ နှုတ်ထွက်ချိုသာသော
ဤအိမ်ရှင်များသည် အတွင်းနှင့် အပြင်တစ်ထပ်တည်း မကျဟု သိခဲ့ရပြီ။ သို့သော်
နှောင်းခဲ့လေပြီ။ တစ်မိုးစာ ယူထားသော လုပ်ခငွေသည် အမေ သုံး၍ ကုန်လုပြီ။
မတတ်သာတော့။ အင်း... နောက်နှစ်များမှာတော့...
စကားတုံ့မပြန်ချင်တော့။ နွားများကိုသာ
ထွန်မှဖြုတ်ကာ စားကျင်းဆီ မောင်းသွားစဉ်မှာပင်...
'မင်း ညနေကျရင် နာရီပြန်
နှစ်ချက်လောက်က အထွန်ထွက်ပါ ဒါမှ...'
၃။
'မောင်ထူးရေ... ထ ... ထ...'
အိပ်မှုန်စုံမွှားနှင့် ကုန်းရုန်း
ထလိုက်သည်။ မိုးမသောက် ခင်ကပင် အစောကြီး ထပြီး မြေပဲနုတ်၊ မြေပဲဆွတ်၊ နွားစာစဉ်း၊
နွားရေခပ်...ပြီး...
'ဗျာ... အစ်မစော'
အိပ်ချင်မူးတူးနှင့် မျက်နှာပေါ်သို့
သုံးတောင့်ထိုး ဓာတ်မီးအလင်းက စူးရဲစွာ ကျလာသည်။ လက်နှင့်ကာ ကြည့်ရင်း
ထူးလိုက်တော့...
'ဒီနေ့ မမတို့ကို ဓာတ်ရိုက်
ဓာတ်ဆင်လုပ်ပေးမယ့် ဆရာကြွလာမယ်။ အဲဒါ နောက်မကျအောင် သွားကြိုချေ။
အနောက်ဘက်ရွာကိုလေ၊ မင်း သိတယ်မဟုတ်လား'
အင်းအဲမလုပ်မိ။
အိပ်ပျက်ညတွေများလှပြီ။ ညစဉ်လိုလို နောက်ကျမှ အိပ်ရ၊ နံနက်ဆို အစောကြီးထရသည့်အထဲ
ခုလို သီးခြားအလုပ်တွေက မကြာခဏပေါ် လာမြဲမို့ နားထင်ကို လက်တစ်ဖက်နဲ့ နှိပ်ရင်း...
'အမ အစောကြီးရှိသေးတယ်...
ဟို... မိုးလင်းမှ... '
'ဟဲ့... ဘယ်ဖြစ်မှာတုန်း...
မိုးလင်းတော့ နင့်အလုပ်တွေက ရှိသေးတယ်လေ။ နွားစာကျွေးရမယ်။ ရေခပ်ရဦးမယ်'
အထွန့် မတက်သာတော့။ ကြက်ဦးပင်
တွန်သေးဟန်မတူ။ ကောင်းကင် မော့ကြည်လိုက်တော့ ခုနစ်စဉ်ကြယ်ပင် အမြီးလဲစ။ ဟူး...
မတတ်နိုင်ပါ ဘူးလေ... လမ်းကျမှ လှည်းပေါ်မှာ... ငိုက်ရင်း... ။
၄။
'မောင်မှတ် မင်းမိန်းမ
ကြိုသုံးယူထားတာ များနေပြီနော်။ ဂျုံရိုးများကို နွားစာအဖြစ်
ဒါးဖြင့်နုပ်နုပ်စဉ်းနေရာမှ မော့ကြည့်မိတော့ စာရင်းစာအုပ်နှင့်
စာရင်းဒိုင်ကတော်...
'ဟုတ်ပါတယ်... အစ်မစော။
အသုံးနည်းနည်း ကျပ်တာနဲ့... နောက်ပြီး ဆန်နဲ့ ရောစားဖို့ အစ်မဆီက ယူသွားတဲ့
ပြောင်းဖူးစေ့တွေကလည်း ပိုးတွေ ဖောက်နေလို့ အဲဒါ...'
'ဟေ့... ဟေ့... ငါ့ဆီက
ယူသွားတုန်းက ဘာပိုးမှ မဖောက်ဘူး။ မင်းအိမ်ကျမှဖြစ်တာ မတတ်နိုင်ဘူး။ ဒါတောင်မင်းက
မင်းလုပ်ခထဲက နှိမ်ယူပါဆိုလို့။ ငါက မျိုးစေ့အဖြစ် ထားတဲ့ထဲကကို စေတနာနဲ့
ထုတ်ပေးလိုက်ရတာ'
ဆက်ရှင်းပြနေရင် ငြိုငြင်ပေရော့မည်။
ဂျုံရိုးများကို အကြုံးစင်းနေလိုက်သည်။
'အဲဒါ မင့်မိန်းမ ခဏခဏ
လာမယူစေနဲ့ ပြောထား'
ပြောပြောဆိုဆို ထွက်သွားရာကို
လိုက်ကြည့်နေမိသည်။ အိမ်အောက်ဆီ အကြည့်ရောက်တော့ လှမ်းကြည့်နေသည့် စာရင်းကိုင်၏
သားကြီးနှင့်ဆုံသည်။ သူက သူ့အမေ မမြင်အောင် ခေါင်းကို အသာညိတ်ပြသည်။ အင်း...
ဒီကလေးတွေ စိတ်စေတနာ ကောင်းပေလို့သာ နို့မဟုတ်လို့ကတော့ နှစ်ပေါက်အောင်
ဘယ်နေလိမ့်မလဲ။ ဟင်း... နောင်နှစ်တော့ ဆလံပဲ။
၅။
'ဒီနှစ်တော့ တိုးပေးပါ
မမရယ်... ကျွန်တော့်မှာ ကလေးတွေများလာတော့ စားအိုးကလည်းကြီးလာ... အစစကလည်း ဈေးတန်ဆိုတော့...'
'မပေးနိုင်ဘူးဟေ့... မင်း
မလုပ်နိုင်လည်းနေ... တခြားလူ ငှားရုံပဲ။ တို့မှာ သားငယ်ကျောင်းစရိတ်နဲ့ သားကြီး
မလေးရှားပို့ဖို့နဲ့ ရှစ်သိန်း၊ ကိုးသိန်းက ကုန်ဦးမယ်'
'မကိုက်လို့ပါ မမရယ်။
တစ်နှစ်ပေါက်လုံး နှစ်သောင်းဆိုတာ...'
'မပေးနိုင်ဘူးဟေ့...
မပေးနိုင်ဘူး... မနှစ်က ကြေးပဲ။ လုပ်ချင်လုပ်၊ မလုပ်ချင်နေကြ... '
'သူများတွေလည်း
တိုးပေးကုန်ပါပြီ။ အနောက်ပိုင်းက ဦးကုလား... ဆို'
'ဒါဆိုလည်း ပေးတဲ့
အိမ်သွားလုပ်၊ ငါကတော့ မပေးနိုင်ဘူး။ တကတဲ ဒီမှာ အကုန်အကျမှ များပါ တယ်ဆို'
ကျောဗလာနဲ့ ပုဆိုးနွမ်း တစ်ထည်ကို
ပခုံးပေါ်တင်လျက် ငိုက်စိုက် ထွက်သွားသော စာရင်းငှားဟောင်း ကိုရင်ညံကို ကြည့်၍
စိတ်မကောင်း၊ ဒီအိမ်မှာ အမေက အခရာဆိုတော့ မစွက်ဖက်ရဲ၊ သို့သော် ဒီတစ်ခါတော့...
'အမေကလည်း ပေးလိုက်ရောပေါ့ဗျာ'
'ဟဲ့... နင်ဘာသိလို့လဲ။
ငါ့မှာ နင့်ကို နိုင်ငံခြားပို့ဖို့က ရှိသေးတယ်'
'ကျွန်တော် သွားမှာနဲ့ စာရင်
သူ့ပေးဖို့က ဘာမှမပြောလောက်ပါ ဘူးအမေရာ... ကျွန်တော်က အမေ လူခေါ်မရမှာစိုးလို့'
'အံမယ်... စာရင်းငှားများ
ပေါလွန်းလို့... မိစော တို့ငှားရင် ခေါင်းခေါက် ငှားလို့ရတယ်။ မင်း အဖေသာ နေရာတကာ
စိုစိစိုစိနဲ့။ ဘယ်သူမှ မလေးခန့်တာ'
ဘာမျှမပြောလိုတော့။ ရွာထဲတွင်
တီးတိုးပြောသံများကို ပြန်ကြားယောင်လာမိသည်။ ပါးစပ်ချို၍... လက်တိုသော... ဟူး...
အမေနဲ့တော့ ခက်သေးတယ်။
၆။
အိမ်ခြေ ခြောက်ရာကျော်ရှိ ရွာကြီးတွင်
သားကြီးသည် နိုင်ငံခြားသို့ အဦးဆုံးသွားသူ၊ သည်အတွက် ဂုဏ်ယူမဆုံး၊ ပျော်မဆုံး၊
ပြောမဆုံး ယခုလို ပို့ဆောင်ပေးသည့် ရန်ကုန်မှာနေသော အမေ့မောင် ဦးလေးသောင်းကိုလည်း
ကျေးဇူးတင်မဆုံး၊ ကုန်ကျခဲ့သော ကိုးသိန်းကျော် ဆယ်သိန်းနီးပါး ငွေတို့ကိုလည်း
မနှမြောခဲ့၊ မကြာခင် ဒီကုန်ကျသမျှတို့သည်...
အင်း... သားကြီး အထိုင်ကျလျှင်
ဆယ်တန်းအောင်ပြီးစ သားငယ်ကို ထပ်လွှတ်ရမည်... ဒါမှ...
ဘိုးဘွား လက်ငုတ်တွေရော၊
အပေါင်အနှံခံထားသည့်အရာတွေရော၊ လယ်တွေယာတွေကမနည်း၊ အတိုးရင်းပွားပေးထားသည့်
ငွေတို့ကလည်း မှန်မှန်ဝင်မို့ သားငယ်အတွက် စရိတ်လည်း ပူစရာမရှိ။ ဒီလို အကုန်အကျ
တွေခံနေမည့်အတူ ဒီမှာပဲ မိသားစု ဥမကွဲ သိုက်မပျက် လုပ်ကိုင်စားဖို့
နှစ်ဖက်ဆွေမျိုးတွေက ပြောလာကြတော့ 'အမြင်မကျယ်ကြရန်ကော' ဟု အထင်သေးကြည့်ပင် ကြည်မိသေး။
ဒီမှာက တစ်နှစ်လုံး
ကုန်းရုန်းလုပ်တာတောင် တစ်သိန်းရလို့လား... ဝေးသေး။ မိုးနဲ့... လေနဲ့... အနှောင့်
နဲ့... အယှက်နဲ့... ဟွန်း... ဟိုမှာက တစ်လ လုပ်ရုံနဲ့ တစ်သိန်း၊ နှစ်သိန်း
အသာလေးတဲ့။ စိုက်ထားရတဲ့ ကုန်ကျသမျှတွေဟာလည်း လေးငါးလနဲ့ ကြေမှာတဲ့။ ကျေရုံတင်မက
အဟင်း...
သားကြီးထွက်သွားကတည်းက ယနေ့တိုင်
ပွဲတိုင်း လမ်းတိုင်း သား အကြောင်းကို ပြောလို့ မမောနိုင်၊ မပန်းနိုင်၊
သမီးရှင်တွေရှေ့ဆို ပိုလို့ အသံက ကျယ်မိသေး။ သူတို့ကလည်း အရေးပေးကြပါရဲ့... ဒါပေမယ့်...
တချို့ကတော့ မရှုစိမ့်ချင်ကြဘူး။
ဘယ်သူတွေ အတင်းအဖျင်း ပြောပြောပါလေ... မော တန်လိမ့်ပေါ့။ သူတို့မှ နိုင်ငံခြားကို
မလွှတ်နိုင်ကြတာ။ သားသတင်း... သားအခင်းတွေနဲ့ အပျော်ကြီး ပျော်နေခဲ့ရာ
မိုးဦးကျလုနီး သည့်တိုင် သူရင်းငှား မခေါ်ရသေးတာ အမှတ်မရနိုင်ခဲ့...။
၇။
လက်ထဲက စာရွက်လေးကို ကိုင်ရင်း
မစောခင် အကြာကြီးငိုင်နေသည်။ ဘာကြောင့်ရယ်မသိ စာဆုံးသည်နှင့် မဖတ်မီက အပျော်တွေသည်
တစ်စတစ်စ လွင့်စဉ်သွားကာ အိမ်တွင်နေသွားကြသော သူရင်းငှားတွေကို တစ်ယောက်ချင်း ...
တစ်ဦးချင်း ပြန်မြင်ယောင်နေသည်။
ပင့်သက်နှစ်ခုစာကို တစ်ပေါင်းတည်း
ချလိုက်ရသလို လေးပင်စွာ သက်ပြင်းကို ချလိုက်ရင်း စာလေးကို မည်သူ့ကိုမျှ
မပြလိုတော့ဘဲ လုံခြုံစွာ သိမ်းထားရန် အသာပြန်ခေါက်လိုက်သည်။
စာအိတ်ထဲ ပြန်ထည့်ပြီးသည်တိုင်
ရင်၌ထင်ကျန်ဆဲ စာကြောင်းတချို့ ကား...
......
ချင်းစာနာဖို့ သား မှာချင်တယ် အမေ... ဘာဖြစ်လို့လဲဆိုတော့ သားလည်း
နိုင်ငံခြားသွားနေတယ်လို့ အမြင်သာလှပေမယ့် တကယ်တော့ ဒီမှာ 'သူရင်းငှား'ပါပဲ အမေ၊ ဒါကြောင့်... ။
ကံထွန်းသစ်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်