ရွှေသုတ‌

ကုန်းဘောင်ခေတ်ရွှေတိုက်ဝန်များ

မောင်သန်းဆွေ၊ထားဝယ်၊

26 August 2024
ကုန်းဘောင်ခေတ်ရွှေတိုက်ဝန်များ
Share to

            ကုန်းဘောင်ခေတ် မင်း ၁၁ ပါး လက်ထက်တော်တွင် ရွှေတိုက်ဝန် (ရွှေတိုက်အတွင်းဝန်) ဆိုသည့် ရာထူးရှိသည်။ ဘုရင်မင်းမြတ်၏ ဘဏ္ဍာတော်နှင့် ဆက်သမျှကို ထိန်းသိမ်းစောင့်ရှောက်၊ စီမံခန့်ခွဲရသောသူအား ရွှေတိုက်ဝန်ဟု ခေါ်သည်။

            ဆင်ဖြူရှင်(မြေဒူးမင်း)နှင့် ငစဥ့် ကူးမင်းလက်ထက် ရွှေတိုက်ဝန် ဦးကြင်

            ထိုရွှေတိုက်ဝန်များအနက် အစောဆုံး ခြေရာခံ၍ရသော ရွှေတိုက်ဝန်မှာ မြေဒူးမင်းလက်ထက် မုံရွာစား ရွှေတိုက်ဝန် မဟာကျော်ထင်ဘွဲ့ခံ (ငယ်မည်မောင်ကြင်)ဖြစ်သည်။ ထိုသူ၏ အကြောင်းကို မြေဒူးမင်းလက်ထက်တော်နှင့် ငစဥ့်ကူးမင်းလက်ထက်တော် တို့တွင် အသေးစိတ်တွေ့ရ၍ ဖော်ပြလိုက်ပါသည်။

            ဦးကြင်သည် ဆင်ဖြူရှင်မင်း (ခေါ်) မြေဒူးမင်းလက်ထက်တော်၌ မဟာကျော်ထင်ဘွဲ့အမည်နှင့် ရွှေတိုက်ဝန်အရာ အမှုထမ်းရသည်ကို အစောဆုံးတွေ့ရသည်။ မုံရွာမြို့ကို စားရသည်ဆို၏။ မြေဒူးမင်းတရားကြီးလက်ထက် ခရစ်နှစ် ၁၇၆၄ ခု၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မှူးတော်မတ်တော်၊ ဗိုလ်မှူး၊ တပ်မှူးတို့အနက် အရည်တူတော်ဦး စော်ဘွားကြီးနောက်နေရာမှာ အမှုထမ်း ၁၆ ဦးကို 'လေးဆယ်တော် သတိုးရာဇာသွေးသောက်' ဖွဲ့တော်မူရာတွင် မုံရွာစား ရွှေတိုက်ဝန် မဟာကျော်ထင်ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်ဆို၏။

            ဒွါရာဝတီပြည်ကြီးကို အောင်နိုင်ပြီးနောက် ခရစ်နှစ် ၁၇၆၄ ခု၊ ဇွန်လ ၅ ရက်နေ့တွင် ဗိုလ်ချုပ်နေမျိုးသီဟပတေ့ ခေါင်းဆောင်သော မြန်မာတပ်မတော်များသည် မင်းမိဖုရား၊ အိမ်တော်စုံများနှင့်တကွ မင်းအသုံးအဆောင် ဘဏ္ဍာတော်များ၊ ဆင်၊ မြင်း၊ အမြောက်၊ စိန်ပြောင်း၊ သေနတ် စသည်တို့ကို သယ်ဆောင်ကာ မြန်မာနိုင်ငံ အင်းဝမြို့တော်သို့ ပြန်လာရာ ခရစ်နှစ် ၁၇၆၈ခု၊ ဧပြီလတွင် ရောက်ရှိပါ၏။

            ကြေးစင်သွန်း အမြောက်နှစ်လက် နှင့် အမြောက်လက်ရေ ၅ဝဝ ကျော်တို့ကို ဖောင်နှင့်တင်လျက် စစ်ကဲသီရိနန္ဒ မိတ်ကျော်ထင်က ရေကြောင်းဖြင့် သယ်ယူခဲ့ပါ၏။

            ရွှေတိုက်ဝန် မဟာကျော်ထင်၊ ဆင်ကျေးတိုက်ဝန် နေမျိုးသီရိကျော်ထင်၊ နေမျိုးနော်ရထာတို့ကို ရဲလှေတစ်ရာ၊ လူပေါင်းနှစ်ထောင်ကျော်နှင့် အကြိုအယူစေလွှတ်ပါ၏။ ယင်းအဖွဲ့သည် စစ်ကဲသီရိနန္ဒမိတ်ကျော်ထင်နှင့် တွေ့ဆုံကြပြီး အမြောက်နှစ်လက်နှင့် အမြောက် ၅ဝဝ ကျော်တို့ကို အင်းဝနေပြည်တော်သို့ ကြပ်မတ်သယ်ဆောင်ခဲ့ကြပါ၏။

            မြေဒူးမင်းတရားသည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် စစ်ကိုင်းစကုမော်အရပ်၌ စေတီတော်တစ်ဆူနှင့် လေးထပ် ဇေတဝန်ကျောင်းတစ်ဆောင်ကို 'အောင်မြေစံလွတ်' သမုတ်တော်မူသည်။ ခရစ်နှစ် ၁၇၇၆ ခု၊ မတ်လ ၃ ရက်နေ့တွင် မြေဒူးမင်းတရားကြီးသည် စစ်ကိုင်းဘက်သို့ ကူးပြီးလျှင် ပွဲသဘင်ကြီး ကျယ်ခမ်းနားစွာ ကျင်းပလျက် ရှင်အရိယဓဇ ဆရာတော်ကို ကျောင်းတင်လှူသည်။ ယင်းသို့ စစ်ကိုင်းဘက်သို့ ကူးရာတွင် ရွှေတိုက်ဝန် မဟာကျော်ထင်(ဦး ကြင်)လည်း လိုက်ပါရပါ၏။ မြေဒူးမင်း တရားကြီးသည် စစ်ကိုင်းစကုမော် အရပ်၌အရညဝါသီ၊ ဂါမဝါသီ အရိယာသံဃာတော်တို့ကို ရဟန်းအသုံးအဆောင် ပရိက္ခရာရှစ်ပါး ပေးလှူလျက် စံတော်မူသည်မှာ သုံးလနီးပါး ကြာမြင့်ပါ၏။ ယင်းသို့ စံတော်မူခိုက် ရှိရင်းစွဲ လေဝေဒနာ မသက်သာသောကြောင့် ခရစ်နှစ် ၁၇၇၆ ခု၊ ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် ပေါင်းယာဉ်တော်နှင့် အင်းဝမြို့တွင်းသို့ ဝင်တော်မူသည်။ ပေါင်းယာဉ်တော်ကို အတွင်းဝန် ဦးဘုန်းအောင်၊ ရွှေတိုက်ဝန် ဦးကြင် စသော မှူးတော်၊ မတ်တော်ကြီးများက အလှည့်ကျ ထမ်းဆောင်ကာ နန်းတွင်းသို့ ဝင်ရောက်ကြရပါ၏။ ထိုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ဆင်ဖြူရှင် မြေဒူးမင်း တရားကြီး နတ်ပြည်စံတော်မူပါသည်။

            ခမည်းတော် မြေဒူးမင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသော ငစဥ့်ကူးမင်းသည် ခရစ်နှစ် ၁၇၇၆ ခု၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရာဇဘိသေက ခံတော်မူပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူပါ၏။ ခမည်းတော် မြေဒူးမင်းတရားကြီး၏ မှူးတော်၊ မတ်တော်များနှင့်တကွ မင်္ဂလာ အိမ်တော်ပါ ငယ်ကျွန်တော်များကို အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စား တော်မူရာတွင် ရွှေတိုက်ဝန် ဦးကြင်ကိုလည်း မူလရာထူး၌ ဆက်လက် သူကောင်းပြုတော်မူပါ၏။

            ငစဥ့်ကူးမင်းသည် မှူးတော်၊ မတ်ငယ်များနှင့်သာ အကျွမ်းတဝင်ပျော်ရွှင် ပေါင်းသင်းလျက် အရက်သေစာ သောက်စားမူးယစ်နေသည်က များသောကြောင့် တိုင်းရေးပြည်မှုအရာတွင် လစ်ဟင်းမေ့လျော့လျက်ရှိပါ၏။ ခရစ် နှစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ငစဥ့်ကူးမင်းသည် အင်းဝရေနန်းတော်မှ အညာသီဟတောဘုရားသို့ အဖူးအမြော် ထွက်တော်မူသည်။ ဤခရီးစဉ်တွင် ရွှေတိုက်ဝန် ဦးကြင်လည်း လိုက်ပါရပါ၏။ ယင်းသို့ ငစဥ့်ကူးမင်း အညာ သီဟတောဘုရားသို့ အဖူးအမြော်ထွက်တော်မူသည့် အတောအတွင်း ယင်းနှစ် ဖေဖော်ဝါရီလ ၅ ရက်၊ အင်္ဂါနေ့တွင် ဘောင်းကားရွာသို့ ပို့ထားသော (ဘကြီးတော် ဒီပဲယင်းမင်းတရားကြီး၏ သားတော်) မောင်မောင်သည် လူသူစည်း ကြပ်ပြီးလျှင် ညဥ့်သန်းခေါင်ယံအချိန်တွင် မာရ်အောင်တံခါးမှ ဝင်လာသည်။ ငစဥ့်ကူးမင်းသည် မူးယစ်သောက်စားလျက် နေ့မှန်းမသိ၊ ညဥ့်မှန်းမသိ ဝင်ထွက်နေကျဖြစ်၍ မာရ်အောင်တံခါးမှူးသည် တံခါးကို ဖွင့်ပေးမိလေသည်။ ဘောင်းကားစားမောင်မောင်နှင့် အဖွဲ့သည် နန်းတော်ကို အုပ်စီးပြီးနောက် ညဥ့်တွင်းချင်းပင် ငစဥ့်ကူးမင်း၏ မှူးတော်၊ မတ်တော်များကို အတင်းအကျပ် သစ္စာတော်ခံစေသည်။

            ဇေတဝန်အဆောင်တော်မြဲ မဲဇလီရွာစားသည် ဘောင်းကားစားမောင်မောင် ဝင်ရောက်လာ၍ နန်းတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကွယ်ရာမှ ချောင်းမြောင်းကြည့်ရှုရာတွင် ငစဥ့်ကူးမင်း မဟုတ်ကြောင်း အတပ်သိသောကြောင့် ညဥ့်တွင်းချင်း မြို့ပြင်သို့ထွက်၍ ငစဥ့်ကူးမင်းရှိရာ အညာသီဟတောသို့ ပြေးထွက်လာပါ၏။ ထိုနှစ် ဖေဖော်ဝါရီ ၆ရက်နေ့တွင် ငစဥ့်ကူမင်းရှိရာ ငပတ်ချောင်းသို့ ရောက်ရှိပြီးလျှင် ဖြစ်ပျက်သမျှအလုံးစုံကို တင်လျှောက်ပါ၏။ ထိုနေ့တွင်ပင် ငစဥ့်ကူးမင်းနှင့် နောက်တော်ပါ အခြွေအရံများသည် ဧရာဝတီမြစ်တစ်ဖက်ကမ်း ငစဥ့်ကူးမြို့သို့ ကူးပြီးလျှင် အင်းဝမြို့ကို ပြန်လည် တိုက်ခိုက်သိမ်းယူရန် တာဝန်ခွဲဝေ သတ်မှတ်ရာ၌ ရွှေတိုက်ဝန် ဦးကြင်ကို စဥ့်ကိုင်းကြောင်း ချီတက်ရမည်ဟု တာဝန်ခွဲဝေ သတ်မှတ်ပါ၏။ ငစဥ့်ကူးမင်းကမူ ကျောက်မြောင်းသို့ ကူးပြီးလျှင် ထိုမြို့၌ပင် အခိုင်အလုံ ရပ်တန့်နေ၏။ စဥ့်ကိုင်းကြောင်းချီ ရွှေတိုက်ဝန် ဦးကြင်နှင့်အဖွဲ့ကို အင်းဝမြို့မှ ဆန်တက်လာသော ဗဒုံမင်း၏ ကြည်းတပ်၊ ရေတပ်တို့က ဝန်းရံတိုက်ခိုက်သောကြောင့် ထိုနှစ် ဖေဖော်ဝါရီ ၁ဝရက် နေ့တွင် ရွှေတိုက်ဝန် ဦးကြင်၊ နောက်ဝန်းကျင်ဝန်၊ တောင်ဘက်တိုက်ဝန် သုံးဦးတို့သာ ကျောက်မြောင်းမြို့သို့ ထွက်ပြေးလွတ် မြောက်လာပါ၏။ အလားတူပင် အရပ်ရပ်သို့ တာဝန်ခွဲ စေလွှတ်ထားသော မှူးတော်၊ မတ်တော်များသည်လည်း အရေးတော် မပြီးမြောက်ဘဲ ကျောက်မြောင်းသို့ ပြန်လည်ရောက်လာကြပါ၏။ ငစဥ့်ကူးမင်းသည် တရုတ်နိုင်ငံသို့ သွားရောက် စစ်ကူတောင်းမည် အကြံအစည်ဖြင့် ထိုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျောက်မြောင်းမှ မြစ်ညာသို့ ဆန်တက်လေသည်။ ယင်းသို့ ဆန်တက်သည့် အတောအတွင်း နောက်တော်ပါ မှူးတော်၊ သူရဲသူခက်တို့သည် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြသဖြင့် စမ္ပာနဂိုရ်မြို့ရောက်သောအခါ ဖောင်တော် သမ္ဗန်တော်များကို ဆွဲမည့်သူမရှိ ဖြစ်ချေသည်။

            ထို့ကြောင့် ထီးဖြူဆောင်း မင်းဧကရာဇ်တို့မည်သည် အခြွေအရံကင်းမဲ့လျက် တိုင်းတစ်ပါးသို့ မသွားစကောင်း၊ ကံစီမံရာသာ အကြောင်းအရင်း ဖြစ်ပေစေတော့ဟု ငစဥ့်ကူးမင်းသည် မိန့်ဆိုကာ အင်းဝမြို့တော်သို့ စုန်ဆင်းလာပါ၏။ ယင်းသို့ စုန်ဆင်းရာတွင် အတွင်းဝန်၊ ဝန်ထောက်တို့က ဖောင်တော်ကို ဆွဲငင်ကြရပါ၏။ ထိုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ဘထွေးတော် ဗဒုံမင်းသည် ဘောင်းကားစား မောင်မောင်အား နန်းချကာ မင်းအဖြစ်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။

            မြစ်ညာမှ စုန်ဆင်းလာသော ငစဥ့်ကူးမင်း၊ မယ်တော် မိဖုရားခေါင်ကြီး၊ နန်းရ၊ ဆောင်ရ၊ မြို့စား၊ ရွာစား မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ မြို့လတ်ဝန်ကြီး ဦးနှောင်း၊ ရွှေတိုက်ဝန် ဦးကြင် စသူတို့ကို ဗဒုံမင်း၏ ဘက်တော်သားများက ဖမ်းယူဆက်သကြပါ၏။ ဤတွင် ရွှေတိုက်ဝန်ဦးကြင်၏ မင်းမှုထမ်းဘဝသည် ချုပ်ငြိမ်းခဲ့ပါလေသည်။

            မင်းတုန်းမင်းတရား လက်ထက် ရွှေတိုက်ဝန်(အတွင်းဝန်) ဦးရှင်ကလေး

            နောက် ရွှေတိုက်ဝန်(အတွင်းဝန်) တစ်ဦးကို မင်းတုန်းမင်းနှင့် ကနောင် အရေးတော်ပုံတွင် ခြေရာခံ၍ ရသည်။ ထိုသူမှာ ဦးရှင်ကလေး ဖြစ်သည်။ သူသည် မင်းတုန်းမင်း အထွတ်အမြတ်သို့ မရောက်မီ မင်္ဂလာအိမ်တော်စံတော်မူစဉ်ကပင် ဘဏ္ဍာစိုးအရာ၌ ခစားထမ်းရွက်ခဲ့ရသူ ဖြစ်သည်။ မင်းတုန်း၊ ကနောင်ညီနောင် နောင်တော်ပုဂံမင်းကို ပုန်ကန်ခြားနားရန် ရတနာသိင်္ဃမြို့သို့ ထွက်တော်မူသောအခါ ဦးရှင်ကလေးသည် နောက်တော်မှ ထက်ကြပ်မကွာ လိုက်ပါအမှုထမ်းခဲ့သည်။ ရတနာသိင်္ဃမြို့ကို အောင်တော်မူသောအခါ ဘဏ္ဍာစိုး ဦးရှင်ကလေးအား မင်းလှစည်သူကျော် ဘွဲ့အမည်နှင့် ရွှေတိုက်ဝန်အရာ ခန့်ထားလေသည်။ ထို့နောက် မင်းကြီးမဟာ မင်းလှစည်ကျော်ဘွဲ့အမည်နှင့် အတွင်းဝန်ရာထူးကိုပါ တွဲဖက်ထမ်းဆောင်ရသည်။ ကောလင်းမြို့ကိုလည်း စားရသည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မင်းတစ်ပါးလက်ထက်၌ တစ်ဦးသာ ချီးမြှင့်ခြင်းခံရမြဲဖြစ်သော မင်းကြီးမဟာ သက်တော်ရှည်ဘွဲ့ကို ဦးရှင်ကလေးသည် ချီးမြှင့်ခံသွားရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော် ခရစ်နှစ် ၁၈၇၂ခုတွင် ဦးရှင်ကလေး ကွယ်လွန်သည်ဆို၏။

            သီပေါမင်းတရားလက်ထက် ရွှေတိုက်အတွင်းဝန် ဦးလှဘူး

            သီပေါမင်းတရားလက်ထက် ရွှေတိုက်အတွင်းဝန် ဦးလှဘူးသည် မင်းကြီးမင်းလှ မဟာဇေယျ နန္ဒသင်္ကြံဘွဲ့ အမည်ရသည်။ အရှင်နှစ်ပါး ပါတော်မူခန်း၌ စလေဒင်အား နန်းစဉ်ရတနာများနှင့် အသုံးအဆောင်များကို စာရင်းနှင့်တကွ အပ်လိုက်ရသည် ဖြစ်ခြင်းကြောင့် သူ့ကို လူသိများသည်။ နယ်ချဲ့အင်္ဂလိပ် အစိုးရလက်ထက်တွင် ဦးလှဘူးသည် ကင်းဝန်မင်းကြီး ဦးကောင်း၏ တပည့် ဖြစ်သဖြင့် အင်္ဂလိပ်လူ ဖြစ်သွားသည်ဟု မျိုးချစ်မြန်မာတို့က ယူဆကြသည်။ သူသည် ပုဂံမင်းလက်ထက်မှစ၍ မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်ခဲ့သူဖြစ်သည်။ မင်းတုန်းမင်းတရားကြီးနှင့် သီပေါမင်းတရားတို့ လက်ထက်တော်များတိုင် ရာထူးအဆင့်ဆင့်ကို အောက်ခြေမှ တက်ခဲ့ရ၍ နောက်ဆုံး ရွှေတိုက်အတွင်းဝန် ဖြစ်ခဲ့သည်။

            သူ့ကို ပုဂံမင်းတရားလက်ထက်တော် အဘသံတော်ဆင့် ဦးမောင်၊ အမိ ဒေါ်စိုတို့မှ မြန်မာသက္ကရာဇ် ၁၂ဝ၈ ခု၊ ပြာသိုလဆန်း ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သားသမီးခြောက်ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ အီတလီ နိုင်ငံနှင့် အခြား ဥရောပအနောက်နိုင်ငံ များသို့လည်းကောင်း သံငယ်အဖြစ်နှင့် လိုက်သွားရဖူးသည်။ ဝန်ထောက်တော်ဘဝနှင့် သံကြီးဖြစ်ကာ မြောင်လှမြို့ကို စားခဲ့ရသည်။ အီတလီဘုရင်မင်းမြတ်၏ 'သြပစ္စယေ'ခေါ် စတုတ္ထအဆင့် တံဆိပ်တော်ကို ရရှိခဲ့သည်။ စပိန်နိုင်ငံ ဘုရင်မင်းမြတ်၏ 'ကွန်မန်ဒါ'ခေါ် တတိယအဆင့် တံဆိပ်တော်ကိုလည်း ရရှိခဲ့သည်။ ပေါ်တူဂီနိုင်ငံ ဘုရင်မင်းမြတ်၏ 'ကန်မန်ဝန်'ခေါ်သည့် တတိယအဆင့် တံဆိပ်တော်ကိုလည်း ရရှိခဲ့သည်။ မင်းတုန်းမင်းတရားကြီးက သံခင်း၊ တံမန်ခင်းအနေဖြင့် ဦးလှဘူး၏ ဆောင်ရွက်ချက်များကို နှစ်သက်အားရ တော်မူသဖြင့် ရှိရင်းစွဲရာထူးများအပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အထည်အလိပ် အသုံးအဆောင် အမျိုးမျိုးအပေါ်၌ ကြည့်ရှုအုပ်ချုပ်ကောက်ရသော'ဒေးဝန်းအကောက်ရာ' ခန့်ထားခြင်းခံရသည်။ သီပေါမင်းတရား လက်ထက်ရောက်မှ ပထမ ပေါက်မြိုင်မြို့စားအဖြစ် ပေးသနားတော်မူ၍ မင်းကြီးမင်းလှ မဟာမင်းထင်ကျော်ဘွဲ့နှင့် ဝန်ထောက်တော် အရာရခြင်းဖြစ်၏။ ၁၉ဝဝ ခု ဒီဇင်ဘာလ ၂ဝရက် နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံ မင်းက ဦးလှဘူးကို 'အောလ်နာရေဗီ' ဥပဒေပြု မင်းတိုင်ပင်အမတ်အဖြစ် ထမ်းဆောင်စေသည်။ ၁၉၁ဝ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဦးလှဘူး အသက် ၆၃ နှစ်အရွယ်၌ ကွယ်လွန်သည်။

            ကုန်းဘောင်ဆက် မင်း ၁၁ ပါး အနက် ဆင်ဖြူရှင်(မြေဒူးမင်း)၊ ငစဥ့်ကူးမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့လေးပါး လက်ထက်တော်တွင်သာ  ရွှေတိုက်အတွင်းဝန် လေးယောက် အကြောင်းကို ထင်ထင်ရှားရှား တွေ့ရပါသည်။ အခြား ကုန်းဘောင်မင်းများ လက်ထက်တွင် ရွှေတိုက်ဝန်(ရွှေတိုက် အတွင်းဝန်) ရာထူးရှိသော်လည်း ထင်ထင်ရှားရှား မတွေ့ရ၍ အထက်ပါကဲ့သို့ မဖော်ပြနိုင်ပါ။ သိရှိသူများရှိက ဖော်ပြ ကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။