တင်မြင့်ဦး ၊သံတွဲ၊
မောင်တင်မြင့် ရင်ထဲ ဘုရားပွဲပေါင်းစုံ လှည့်လေပြီ။ ဒီအချိန်၊ ဒီကာလ၊ ဒီအခါသမယကို မျှော်လင့်ခဲ့ရသည်မှာ ကြာခဲ့လေပြီ မဟုတ်လား။ သို့သော် ကံအကြောင်းတရားကလွဲကို လွဲနိုင်လွန်းခဲ့၏။
ဝါဝင်ပြီဆိုလျှင်
မောင်တင်မြင့် တစ်ယောက် ရွာမှခြေရာပျောက် ရသည်။ စာပေကိစ္စနှင့်သော်လည်းကောင်း၊
စာအုပ်ကိစ္စနှင့်သော်လည်းကောင်း၊ လူမှုရေးကိစ္စနှင့်သော် လည်းကောင်း
(စီးပွားရေးကိစ္စတော့ တစ်ခါတစ်ရံမှ မပါဝင်) ရန်ကုန် ရွှေမြို့တော်ကြီးဆီသို့
တက်ရတော့၏။
ဒီနှစ်တော့
ဝါဝင်ချိန်ထိ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ သွားရမည့် အရေးကိစ္စ နှမ်းတစ်ရွေးမှ
မပေါ်သေးပေ။ ထို့ကြောင့် မျှော်လင့်ထားသလိုပင် ဝါတွင်းအရုဏ်ဆွမ်းအတွက် ရပ်ကွက်မှ
ဆွေးနွေး ညှိနှိုင်းလိုသော ဖိတ်စာ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာတော့၏။
မောင်တင်မြင့်သည် ဟိုးယခင်လူငယ်ဘဝ၊ လူရွယ်ဘဝ၊ လူလတ်ဘဝမှ ယခုလို ကလေးတစ်ယောက်
ဖခင်ဘဝထိ ရပ်ရေးရွာရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စများ ဆိုပါလျှင် အရက်တစ်ဖက်၊
ဆေးလိပ်တစ်ဖက်ဆွဲကာ ထမင်းမေ့၊ ဟင်းမေ့၊ မယားမေ့၊ အိမ်မေ့ပြီး တက်တက်ကြွကြွ
လှုပ်ရှားခဲ့ပါသည်။
ထို
အကျိုးဆက်ကြောင့်လည်း ရပ်နှင့်ရွာနှင့် တစ်စုံတစ်ခု အရေးပေါ်လာလျှင်
မောင်တင်မြင့်ဆီသို့ ဒိုင်းခနဲ ရောက်လာခြင်းပင်။ တကယ် တွေးကြည့်လျှင်လည်း
တစ်ရွာလုံးတွင် သူ့လောက် စိတ်အား၊ လူအား အားနိုင်သူ တစ်ယောက်မှ မရှိ။
ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ ပင် အလှူမှ ပင့်လျှင် တရားဟော ကြားပေးရသေး၏။
မောင်တင်မြင့်မှာတော့ စိတ်မပါလျှင် စကားပင် ဝါကျတစ်ကြောင်းဆုံးအောင် ပြောစရာ မလို၊
အသာခွေ အိပ်နေ၍ ရသည်။
ဒီတော့
မောင်တင်မြင့်သည် သူတို့ရွာ ကားဂိတ်တွင် ချထားသော စည်ပင်သာယာမှ အမှိုက်ပုံးလို
(ဥပမာ ပေးရပါသော်လည်း တကယ်တွင် ဘာအမှိုက်ပုံးမှ မရှိပါ) အများနှင့် သက်ဆိုင်သူ
ဖြစ်နေ၏။ တကယ်တော့ ဘယ်သူမှ သတ်မှတ်ပေးခြင်း မဟုတ်။ မောင်တင်မြင့်ကိုယ်တိုင် အိမ်မှ
မဒမ် တင်မြင့်ရှေ့တွင် မရှိသောဂုဏ်ကို ဖော်ထုတ်နိုင်ရေးအတွက် ထိုသို့ ဟုတ်သလိုလို
ဖြစ်အောင် တည်ဆောက်ထားခြင်းသာ။
မောင်တင်မြင့်သည်
မောင်တင်မြင့်အတွက် မဟုတ်။ မဒမ်တင်မြင့်အတွက် မဟုတ်။ သမီးလေး ဂျူနီယာတင်မြင့်အတွက်
မဟုတ်။ မည်သူတစ်ဦး တစ်ယောက်တည်းအတွက်မှ မဟုတ်။ ဤကျွဲလူးအင်း ကျေးရွာကြီးအတွက်၊
ဤသံတူကြောင်းကွဲ မြို့နယ်ကြီးအတွက်၊ ဤအမိမြန်မာနိုင်ငံတော်ကြီးအတွက်
(ဖြစ်နိုင်ပါလျှင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကို ယူပြီး
ကမ္ဘာကြီးအတွက်ပါ လုပ်လိုက်ချင်သည်) သာဟု ခံယူထားသည်။ ထို့ကြောင့် အိမ်အတွက်၊ မိသားစုအတွက်
စီးပွားရေးလုပ်ငန်း ဆိုပါလျှင် မျက်လုံးလေးစွေ၍ ကြည့်ရမှာကိုပင် အဝီစိ
စောက်ထိုးဆင်းရမှာထက် ကြောက်မိသေး၏။
ခုလို
ကိစ္စများအတွက်ကတော့ မိုးလင်းကတည်းကပင် မောင်တင်မြင့် ဖင်တကြွကြွ ဖြစ်နေလေပြီ။
နေ့လယ် ၁၂ နာရီကို ဒီနေ့မှ ရောက်ခဲလှသည်ဟု တညည်းညည်း ညူညူဖြစ်နေ၏။ မောင်တင်မြင့်
ဖြစ်နေပုံကို ကြည့်ပြီး မဒမ်တင်မြင့်က မျက်စောင်းထိုးရင်း စူပွစူပွ လုပ်နေသည်။
သို့သော် ဘာမှတော့ ကျယ်လောင် ကျယ်လောင် မလုပ်တော့။ သူလည်း အိမ်ထောင်သက် ၁ဝ၊ ၉ နှစ်
အတွင်း မောင်တင်မြင့်၏ ကုမရသောရောဂါ အကြောင်းကို ဂဃနဏ သိလောက်နေပြီ မဟုတ်လား။
'ငါ့သဘောကတော့
ဒီလိုလုပ်ငန်းတွေမှာ စိတ်ပါ လက်ပါရှိတဲ့ မောင်တင်မြင့်ကိုပဲ ဦးဆောင်အနေနဲ့
စီမံခန့်ခွဲစေချင်တယ်။ ဒီကိစ္စတွေမှာ တက်တက်ကြွကြွ လုပ်တာက လူငယ်တွေ မဟုတ်လား။
ငါတို့တွေက အလှမ်းကွာသွားပြီ။ မောင်တင်မြင့် ကျတော့ မီသေးတယ်။ အကျွမ်းဝင်သေးတယ်။
ဘာပဲပြောပြော မောင်တင်မြင့်က စိတ်ကူးဉာဏ်လည်း ကောင်းတာကိုး။ ကောင်းဆို၊
စာဆိုပညာရှိပဲလေ'
ဦးဗိုက်ပူ၏ စကားက
မောင်တင်မြင့် နားထဲတွင် ပျားရည်ချောင်းလေးလို စီးဝင်သွားသည်။ ဒါကြောင့် ထင်တော့
ထင်သားပဲ။ အလှူခံငွေထဲက ရာခိုင်နှုန်းနဲ့ ဖြတ်ယူတယ် ဆိုတာကတော့ စီးပွားရေး
မဟုတ်လား။ တကယ်တော့ ဦးဗိုက်ပူဟာ အမှန်တရားကို မြတ်နိုးသူကြီး၊ ဘာသာတရားရဲ့
အကျိုးကို လိုလားသူကြီး၊ ပတ္တမြားနှင့် ကျောက်စရစ်ကို သေသေချာချာ
ခွဲခြားတတ်သူကြီးပဲ။ ကြည့်ရင်းနှင့်ပင် မောင်တင်မြင့် စိတ်ထဲတွင် ဦးဗိုက်ပူ
ဥပဓိရုပ်က ပိုပို ကြည်ညိုသဒ္ဓါတရား ပွားများချင်စရာ ဖြစ်လာတော့သည်။
'အိမ်... မင်းက
မောင်တင်မြင့်ဆိုလည်း မောင်တင်မြင့်ပေါ့။ ဒီအလုပ်တွေက ဘယ်သူ တာဝန်ယူယူ
ကိုယ့်အပေါ်မကျ ပြီးတာပဲ'
ဦးငညို၏ ဘောက်ဆတ်ဆတ်
အပြောကြောင့် ဦးဗိုက်ပူနှင့် မောင်တင်မြင့် မဟုတ်၊ ဟောက်သံမှန်မှန်ပေးရင်း
ထောက်ခံနေကြသော သပ္ပူရိသနွယ်ဝင် သူတော်စင် အစည်းအဝေး ပရိသတ်အပေါင်းပါ ဆတ်ခနဲ
ခေါင်းထောင် သွားကြသည်။
'မင်း... ဒီလိုမပြောနဲ့
ငညို။ ဒီအလုပ်ဟာ နိဗ္ဗာန်သောင်ကမ်း တစ်ဖက်လမ်းထိအောင် ရောက်နိုင်တဲ့အလုပ်ဟ။
ပြီးစလွယ် ပြောလို့မရဘူး'
'အခုလည်း ငါက
ဘာပြောနေလို့လဲ။ ပြီးရင် ပြီးပြီလို့ ပြောတာပဲ'
'မဟုတ်ဘူး။ မင်း
ပြောပုံက ရပ်ကွက်ထိပ်က အမှိုက်ပုံကို မောင်တင်မြင့်ခေါင်းပေါ် ပုံပေးသလို ထင်ရတယ်။
တကယ်တော့ မာဃဆိုတဲ့ သိကြားမင်းဟာ ဒီလို ရပ်ကွက်ကျေးရွာတွင်း လူမှုရေးလုပ်ငန်း၊
ဘာသာရေးလုပ်ငန်းတွေ လုပ်လို့ နတ်ပြည် ခေါင်ချုပ်သိကြားမင်း လုပ်ရတာကွ'
'ဒီမှာ ရာခိုင်နှုန်း
ဗိုက်ပူ၊ စကားပြောရင် ရိုးရိုးသားသားပြော'
အခြေအနေက
ပိုမိုတင်းမာလာသည်။ မောင်တင်မြင့် ကြားဝင်ဖို့ အချိန်တန်လေပြီ။ မတော် ပြဿနာ တက်၍
အစည်းအဝေးပျက်ကာ နောက်တစ်ကြိမ် ထပ်ခေါ်ပါလျှင် သူတို့ရပ်ကွက်
အရုဏ်ဆွမ်းချက်အသင်းကို သူ ဦးဆောင်ရဖို့ မသေချာ။ အခုတောင် မည်သူမှ သူ့ကို အဆို
တင်သွင်းခြင်း၊ ထောက်ခံခြင်း ရှိသည် မဟုတ်။
ဒါပေမယ့်
မောင်တင်မြင့်က စာရေးဆရာပီပီ ဉာဏ်ပြေးသည်။ ဤရပ်ကွက်၊ ဤနေရာ၌
ဘာသာရေးကိစ္စဆိုပါလျှင် ဦးဗိုက်ပူ စကားက စူးခနဲနေ၏။ ပြောတတ်၊ ဟောတတ်၊
အလှူခံမဏ္ဍပ်တွင် ဆုတောင်းမေတ္တာ ပေးတတ်သောကြောင့် ဆရာတော်ပင် ဒကာဗိုက်ပူ၊
ဒကာဗိုက်ပူနှင့် လက်စွဲတော်မဟုတ်ပါလား။
ဒီတော့ ဦးဗိုက်ပူ
တိတ်တိတ်ပုန်း ကျိတ်နေသော ဆိုင်ကို လိုက်ပြီး ၄၊ ၅ ရက်ခန့် ဒကာခံကာ
ဝင်နွှဲလိုက်တော့ သူ့လမ်းကြောင်းဆီကို လျှောခနဲ ဝင်လာလေ၏။ ထို့ကြောင့်
ယခုအစည်းအဝေးတွင် ဦးဗိုက်ပူ နှုတ်မှ မောင်တင်မြင့်၊ မောင်တင်မြင့်ဟု တတွတ်တွတ်
ရွတ်ဖတ်နေခြင်းပင်။ အခုတော့ ဦးဗိုက်ပူ အလှည့်ပြီး၍ မောင်တင်မြင့်
အလှည့်ရောက်လာလေပြီ။
'ကဲ... တော်ကြပါတော့
ခင်ဗျာ။ ဦးကြီးတို့ ဦးလေးတို့လို ဘုရားဒကာ၊ ကျောင်းဒကာကြီးတွေက
စိတ်ဝမ်းကွဲမယ်ဆိုရင် နောက်လူငယ်တွေက ပိုဆိုးတော့မှာပေါ့။ ဒီအလုပ်ဟာ ကျွန်တော်တို့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် သမိုင်းပေးတာဝန်ကြီးပါပဲ။ သာသနာတော်ကြီး နေလို
လလို ထွန်းတောက်စေဖို့ ခုလို အလုပ်တွေဟာလည်း အဓိက ထောက်တိုင်တစ်ခု မဟုတ်ပါလား။
'ဒါကြောင့်
ရပ်ကွက်မိဘများက ပေးအပ်တဲ့ ဒီတာဝန်ကြီးကို ကျေပွန်အောင်၊ ပို၍ ပို၍
စည်ကားအောင်မြင်အောင် လူငယ်တွေကို စုစည်းပြီး ကျွန်တော့်ရင်အားတွေနဲ့
စွမ်းစွမ်းတမံ ဆောင်ရွက်ပါ့မယ်လို့ ကတိစကား သစ္စာဆိုလိုက်ပါတယ်။ ဤမဟာ ပထဝီမြေကြီး
သက်သေတည်ပါစေသား'
မောင်တင်မြင့်၏
ဖြန်ဖြေစကားနှင့် လေတစ်လုံး၊ မိုးတစ်လုံး သစ္စာဆို စကားကြောင့် ဦးဗိုက်ပူရော
ဦးငညိုပါ တိခနဲ ပါးစပ်ပိတ်သွားကြ၏။ ဦးဗိုက်ပူက အားပါးတရ ပြုံးပြုံးကြီးနှင့်
ပြန်ထိုင်လိုက်သော်လည်း ဦးငညိုကတော့ မဲ့ပြုံးကြီး ဖြစ်နေသည်။ ဦးငညိုက ရပ်ကွက်တွင်
ဘုကန့်လန့်ဟု နာမည်ကြီး၏။ မပြောလျှင် အရှင်း၊ ပြောလျှင် ပိဿာလေးနှင့် ဘေးပစ်သလို
ပြောတတ်သူမို့ တော်တော်များများ ရှောင်ကြဉ်ကြ၏။ ဘာပဲပြောပြော မောင်တင်မြင့်၏ ရည်ရွယ်ချက်ကြီး
အောင်မြင်လေပြီ။ နောက်ဖက်တန်းတွင် ထိုင်နေသော လူငယ်တော်တော်များများကတော့
ပျော်တပြုံးပြုံး ဖြစ်နေကြသည်။ မောင်တင်မြင့်အကြောင်းကို တော်တော်များများ
သိကြသည်မဟုတ်လား။ ဒီတော့ ပျော်ကြလေပြီပေါ့။
□
ယနေ့ သောကြာ၊ နောက်နေ့
စနေ။ ယနေ့ည မောင်တင်မြင့်တို့ ရပ်ကွက် အရုဏ်ဆွမ်းအတွက် တာဝန်ကျလေပြီ။
ဆွမ်းချက်ရုံထဲတွင် လျှပ်စစ် မီးရောင်များက ထိန်ထိန်ညီးနေ၏။ လူငယ်များမှာ
မောင်တင်မြင့်၏ စီမံခန့်ခွဲမှုအောက်တွင် သွက်သွက်လက်လက် လှုပ်ရှားနေကြသည်။
ကြက်ဖျင်သူက ဖျင်၊ အစိမ်းကြော်ကြော်ရန်အတွက် အသီးအရွက် လှီးသူက လှီးနှင့်
ဓားခုတ်သံ တဒိုင်းဒိုင်းက နားဝင်ပီယံ ဖြစ်လှ၏။
မောင်တင်မြင့်ကတော့
ကုလားထိုင်တစ်လုံးတွင် ထိုင်ကာ ဆေးလိပ်တ ဖွာဖွာ သောက်ရင်း အကြံကောင်း၊ ဉာဏ်ကောင်း
အစီအစဉ်ကောင်းများကို အတင်းညှစ် ထုတ်ယူနေ၏။ လူငယ်တော်တော်များများလည်း
အလုပ်ရှိသူများ မဟုတ်သဖြင့် ငွေပို ငွေလျှံများများ ရှိမည် မဟုတ်။
မောင်တင်မြင့်မှာလည်း သူ့အချိုးကို ခေါက်ရိုးကျိုးအောင် သိပြီးသော
မဒမ်တင်မြင့်ကြောင့် အိတ်ကပ်ထဲ တွင် ဖွတ်ကလိ ဒင်္ဂါးတစ်ပြားတစ်ချပ်မှ မပါ။
ထို့ကြောင့် ညရေးအတွက် အခက်ကြုံနေရလေပြီ။ မောင်တင်မြင့် ကုလားထိုင်မှ
မထနိုင်ခင်မှာပင် ခံ့ခံ့ညားညား အရိပ်မည်းကြီးတစ်ခု ဆွမ်းချက်ရုံအတွင်းသို့ ဘွားခနဲ
ထိုးကျလာသည်။
'ဟာ... ဦးလေးဗိုက် ပူ၊
လာ... လာ... ထိုင်ပါ၊ ထိုင်ပါ'
မောင်တင်မြင့်က ဖျတ်ခနဲ
မော့ကြည့်ရင်း သူ့ ပူပူနွေးနွေး ကျေးဇူးရှင် ဦးဗိုက်ပူကို ဆီးကြိုလိုက်သည်။
ဦးဗိုက်ပူ မျက်လုံးများက မောင်တင်မြင့်ထံသို့ တည့်တည့်မရောက်။ ဟိုဒီ ဝဲပျံရင်း
တစ်စုံတစ်ခုကို လိုက်ရှာသလိုလို ထင်ရ၏။
'မောင်တင်မြင့်ရဲ့၊
မင်း မျက်နှာကြည့်ရတာ နွေရာသီ လယ်ကွင်းကြီးလို ပတ်ကြားအက်ပါလား။
ညရေးကောင်းကောင်းမှာ ရကောက်ကျောင်းလေးများ မတက်ဘူးလားကွယ့်'
ဦးဗိုက်ပူက ပြောရင်း
အမူအရာတစ်ခု လုပ်ပြသည်။ မောင်တင်မြင့် ကလည်း သဘောပေါက်ပြီးသား။ ဦးဗိုက်ပူ ဒီကို
ဒီအချိန်လာကတည်းက ဘာဆိုတာ ပြောစရာ မလိုတော့။
'အဲဒါ ခက်တာပေါ့
ဦးလေးရယ်။ အိမ်ကလည်း အချိုးသိနေတော့ ဘတ်ငွေလည်း မရ၊ ဒေါ်လာလည်း မရနဲ့ ဒုက္ခမှ
ဒုက္ခဖြစ်နေပြီ'
'အောင်မယ်လေးကွယ်...
ဒါများ ခက်လွန်လွန်းလို့။ မင်းတို့ဈေးဖိုးထဲမှာ ငွေလက်ကျန်လေးများ မရှိတော့ဘူးလား'
ဦးဗိုက်ပူ စကားကြောင့်
မောင်တင်မြင့်ယောင်၍ အင်္ကျီအိတ်ကပ်ကို စမ်းလိုက်မိသည်။ အိတ်ကပ်ထဲမှာတော့
တစ်ထောင်တန်တွေက အထပ်လိုက်။
'ရှိ...ရှိ... ရှိတော့
ရှိတာပေါ့ ဦးလေးရဲ့။ ဒါ... ဒါပေမယ့် ဒါတွေက အရုဏ်ဆွမ်းအတွက် လှူထားတဲ့ အလှူငွေတွေ
မဟုတ်လား'
'ဟေ့...မင်းတို့
ငါတို့ ကျောင်းမှာ စေတီတည်ဖို့အတွက် အုတ်သယ်တော့ အလုပ်သမားခကို စေတီ အလှူငွေထဲကပဲ
ပေးရတာ မဟုတ်လား။ ရေထဲမှာ နေတဲ့ငါး ရေမှော် မစားရင် ဘာစားမှာလဲ။ ဘုတ်အုပ်တွေထဲမှာ
စာသွားတွေ ရေးနေပြီး ထူပါ့ အပါ့ ငါ့ကောင်ရယ်'
မောင်တင်မြင့် စိတ်ထဲ
ရှင်းခနဲ လင်းခနဲ လက်သွားတော့၏။
'ဟုတ်ပြီ ဦးလေး၊
ဟုတ်ပြီ။ ကျွန်တော့်စိတ်ထဲ ဉာဏ်အလင်း ရသွားပြီ။ ဦးလေးရဲ့ ပညာဉာဏ်ပါရမီကို
သာဓုခေါ်ပါတယ်။ ဟေ့... မောင်ပြူးကျယ် လာစမ်းပါဦးကွယ့်'
မောင်တင်မြင့် တစ်ယောက်
ဆေးစားပြီးသူလို သွက်သွက်လက်လက် ဖြစ်သွားကာ မီးထိုးနေသော ပြူးကျယ်ကို
လှမ်းခေါ်လိုက်သည်။ အခြေအနေကို အရိပ်ဖမ်းကြည့်နေသော ပြူးကျယ်ကလည်း သုတ်ခနဲ
ရောက်ချလာ၏။
'ရော့...ဒီမှာငွေ ၃ဝဝဝ၊
ဦးသန်းညွန့်ဆိုင်မှာ ကိုးနဝင်းဖြစ်အောင် ကိုးပုလင်းဝယ်လာခဲ့။ ကျန်ငွေကို
မြန်မြန်အဆင်ပြေမယ့် စားမြိန်စာလေး ဆွဲလာခဲ့ပေါ့'
ကြက်ခုတ်နေသော လက်များ၊
အသီးအရွက် လှီးနေသော လက်များ၊ ဆန်ဆေးနေသော လက်များ စောစောကထက် ပိုသွက်လာကြသည်။
ဦးဗိုက်ပူလည်း အခုမှ စိတ်အေး လက်အေးနှင့် ကုလားထိုင်တွင် ဝင်ထိုင်ကာ ကျွဲလူးအင်း
ကျေးရွာကြီး၏ သာသနာရေး တိုးတက်ဖွံ့ဖြိုးရန် စီမံကိန်းများ နှုတ်ရေးဖြင့်
ရေးဆွဲနိုင်တော့၏။
ပြူးကျယ်ကလည်း ဖင်တွင်
ဂျက်အင်ဂျင် တပ်ထားသလို ဆေးလိပ်တစ်လိပ် မကုန်ခင်မှာပင် ပြန်ရောက်လာသည်။
အဖျော်ယမကာများနှင့်အတူ ဆွဲလာသည်က ဝက်ခေါင်းသုပ်များ။ လိုက်ဖက်လေ စွ၊ သင့်လေစွ။
စဉ်းစားရုံနှင့်ပင် ခံတွင်းများ စိုစွတ်လာတော့၏။
□
ဦးဗိုက်ပူကတော့
ရေချိန်မှန်၍ ပြန်လေပြီ။ မောင်တင်မြင့်တို့ လူငယ်ခြေတက်အဖွဲ့ကတော့ ဒုတိယ
အကြိမ်မြောက် ကိုးနဝင်းကိုကွင်း ဖွင့်ရန်အတွက် စတင်ငှဲ့လေပြီ။ ကြက်သားဟင်းအိုး၏
အပေါ့အလေးကို သိသာနိုင်ရန်အတွက် ကြက်ခေါင်း၊ ခြေထောက်၊ တောင်ပံများကို
ဆွမ်းဇလုံဖြင့် အပြည့်ခပ်လိုက်၏။ လူစုံမြည်းတော့ ပို၍ ခွဲခြားသုံးသပ်နိုင်သည်
မဟုတ်ပါလား။
'ဆရာလေးရဲ့၊
ဒီလိုဆိုရင် ထမင်းအိုး ဟင်းအိုး မကျခင်မှာကို အိပ်ပျော်သွားနိုင်တယ်။
အဆိုအဟဲလေးနဲ့ဆိုရင် ဘယ်သူ့မှ ဂျူတီပေးစရာ မလိုဘူး။ မိုးကို လင်းသွားမှာပဲ'
မောင်တင်မြင့်ကို
လူငယ်တော်တော်များများက ဆရာလေးတဲ့။ ဘာဆရာလေးမှန်း ခေါ်သူရော အခေါ်ခံရသူပါ
သေချာသိမည် မဟုတ်။ ဆရာလေးဟု ခေါ်ခြင်းသည် ငနာလေးဟု ခေါ်ခြင်း မဟုတ်သောကြောင့်
မေးမြန်းစစ်ဆေး ရလောက်အောင် ပြဿနာမရှိ။ ခေါ်ပါစေဟု မောင်တင်မြင့် ဂုဏ်ယူဝင့်ကြွားစွာ
သဘောထားလိုက်၏။
ယခုလည်း ဆရာလေးကို ခေါင်းစဉ်တင်ကာ
ဝါးလုံးကွဲ အသံပိုင်ရှင် ငမျိုးက ဗီဒီယိုကြီးကို မျက်စောင်းထိုးရင်း ခွင့်ပြုချက်
လျှောက်သည်။ မောင်တင်မြင့် ကိုယ်တိုင်က မောင်မောင် မဆိုခင် ထီးရိုးရှည်ပြီးသား။
'အေးကွ၊ တို့ရပ်ကွက်က
အလှူရှင်တွေလည်း ဆွမ်းချက်ရုံက သာယာနာ ပျော်ဖွယ် တေးသံလေးကို ကြားရင်
ပြုခဲ့တဲ့ဒါနကုသိုလ်ကို ပြန်အောက်မေ့ပြီး မုဒိတာ ပွားနိုင်တာပေါ့'
မောင်တင်မြင့်
ပေါ့သည်ထက်ပင် ဇော်ဒေါင်းက ပိုပေါ့သေးသည်။ ဗီဒီယိုစက်ကို ဖွင့်ပြီးနေပြီ။ ဒီတော့
မိုက်ခရိုဖုန်းက သူ့လက်ထဲကို အရင်ရောက်ပြီပေါ့။
'ဟေ့ကောင် ဇော်ဒေါင်း၊
မင်းက ခေါင်းသေးသလောက် ဉာဏ်သေးတယ်ဆိုရင် စိတ်ဆိုးဦးမယ်။ မင်း အရင်ဆိုစရာလား။
ကွင်းဖွင့်တဲ့အနေနဲ့ တို့ဆရာလေးကို ပေးဆိုမှပေါ့'
ခြေတစ်လှမ်း
နောက်ကျသွားသော ငမျိုးက မောင်တင်မြင့်ကို ဦးစားပေးသလိုလိုနှင့် မစားရသောအမဲ သဲနှင့်လှမ်းပက်သည်။
'နေပါစေ၊ ဆို...
ဇော်ဒေါင်းဆို... အေးဆေးပဲ အေ့...'
မောင်တင်မြင့်က
လူငယ်တွေ ရှေ့မှာမို့ အသာမူလိုက်သည်။ တကယ်တော့ ကိုယ့်အရည်အချင်း ကိုယ်သိပါလည်း
မိုက်ခွက်မြင် ဟဲချင်သော ဆန္ဒက ဖုံးမနိုင်၊ ဖိမရ ကုန်းကွကွကြီး ဖြစ်နေပြီ။
'ငါလည်း
ကျောက်သင်ပုန်းကြီး နှစ်ချပ်တောင် တက်နင်းလို့ ကျေလာခဲ့တဲ့ အကောင်ပါကွ။
ဂါရဝတရားတော့ သိပါတယ်။ ဆရာလေးအတွက်ဆို ပေးပြီးသားပဲ။ ဆရာလေးပြီးရင် မင်းသာ
ဆက်ယူမသွားနဲ့။ ဒါပဲ'
'အားလုံး ဆိုကြရမှာပါ။
မိုးအလင်းပဲ။ ကဲ... မောင်ပြူးကျယ်ရေ၊ ချမ်းမြေ့ပါစေလေး ထည့်လကွာ။ ဆရာလေးကတော့
ဒီတစ်ပုဒ်တည်းနော်'
မောင်တင်မြင့်က သူတို့ကို
ဦးစားပေးသလိုလိုနှင့် သီချင်းခေါင်းစဉ် ပြောကာ မိုက်ခရိုဖုန်းကို ဆတ်ခနဲ ဆွဲယူရင်း
စမတ်ကျကျ ပေါင်ပေါ် ဒူးကားထိုင်လိုက်သည်။ နောက်နောင် လူငယ်များ ပညာရစိမ့်သောငှာ
ချမ်းမြေ့ပါစေ သီချင်းကို စည်းကျဝါးကျ အသံနေ အသံထား မှန်မှန်နှင့်
ဆိုပြလိုက်တော့၏။ သကောင့်သားလေးများ၏ မျက်နှာဝယ် အချဉ်မစားပါဘဲ ရှုံ့တွသွား
လိုက်သည်မှာ ဂုဏ်ယူဖွယ် ကောင်းလောက်အောင်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။
မောင်တင်မြင့်အလှည့်ပြီးတော့
ဇော်ဒေါင်း။ ထိုပုဂ္ဂိုလ်လေးကလည်း သူ့ အသံသူ သဘောပေါက်ထားသည် ထင်၏။
ဆိုသည့်သီချင်းက သံစဉ်အနိမ့် အမြင့် မရှိသည့် စကားရွတ်သီချင်း။ ထိုအခါကျမှ
မောင်တင်မြင့် အနုပညာ မိုးကောင်းကင်ကြီးတွင် စကားပြေ ကဗျာတင် မဟုတ်။
စကားရွတ်သီချင်း ပါရှိကြောင်း ဘွင်းဘွင်းကြီး သိလိုက်ရလေတော့၏။
'...အရင်ရည်းစားကို
ချောင်းရိုက်တာလည်း ငါပါပဲ... မင်း အမေကြီးတင်ပါး သရေကွင်းနဲ့ ပစ်တာလည်း ငါပါပဲ...
မင့်အဖေ အဘိုးလေး ကျော်ကြီး ဘဲဖိုကြီး ခိုးစားတာလည်း ငါပါပဲ...'
'ဟေ့ကောင်'
ဆွမ်းချက်ရုံထဲကို
ဆောင့်ဝင်လာသော အသံနက်ပြာပြာ အက်ကွဲကွဲကြီးကြောင့် အားလုံးကျောတွင် ဖြန်းခနဲ
စိမ့်တက်သွားကြသည်။ လှည့်ကြည့်လိုက်တော့ နှာအိုးကြီး ဟောက်ပွဟောက်ပွ ဖြစ်အောင်ထိ
စိတ်ဆိုးနေသော ဦးကျော်ကြီး။ မောင်တင်မြင့်စိတ်ထဲ ဒုက္ခနှင့် လှလှ စုံတွဲ ကသွား၏။
ဇော်ဒေါင်းဆိုသော ပုဂ္ဂိုလ်လေးက မိုက်ခရိုဖုန်းနှင့် ဝန်ခံပြီးသွားပြီ။
ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ တာဝန်အရှိဆုံးက မောင်တင်မြင့် မဟုတ်လား။
'အဘကျော်ကြီး...
လာပါခင်ဗျာ။ ခုလို ကျွန်တော်တို့အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ လာအားပေးတော့
ပိုအားရှိတာပေါ့ အဘရယ်'
မောင်တင်မြင့်က
အတင်းပြေးတွဲခေါ်ရင်း အောက်ကလိအာအသံဖြင့် ဖော်လံဖားလိုက်၏။ သို့သော် ဦးကျော်ကြီး
မျက်နှာက သိပ်ရွှင်ပျမသွား။
'ဘာ... လာအားပေးတာ
မဟုတ်ဘူး။ မင်းတို့အဖွဲ့ ညဥ့်နက်သန်းခေါင် လော်စပီကျယ်နဲ့ မူးသံရူးသံတွေ
စွတ်အော်နေလို့ လာပြောတာ'
'ခေတ်တွေ
ပြောင်းသွားပြီ အဘရဲ့။ ဒါ လော်စပီကျယ်က ထွက်တဲ့အသံ မဟုတ်ဘူး။ ဟော... ကြည့်ပါလား။
ဗီဒီယိုဖန်သားပြင်မှာ အရုပ်နဲ့စာသား ပေါ်တယ်။ ဟိုဆောင်းဘောက်စ်တွေက အသံထွက်တယ်။
ဘာမှ တီးနေခတ်နေစရာ မလိုတော့ဘူး။ သီချင်းအလိုက်အတိုင်း ဇိမ်ကျကျ ထိုင်ဆိုနေရုံပဲ'
ဦးကျော်ကြီး
အာရုံများမှာ မောင်တင်မြင့်၏ ဆွဲဆောင်မှုကောင်းကောင်း အလှည့်အပတ်စကားကြောင့်
ဗီဒီယိုဖန်သားပြင်ကို ရောက်သွား၏။ ဦးကျော်ကြီးမှာလည်း တစ်ခေတ်တစ်ခါက ကျွဲလူးအင်း
ကျေးရွာကြီး၏ နာမည်ရ အဆိုအော် မဟုတ်ပါလား။
'အောင်မယ်...
နန်းတော်ရှေ့ဆရာတင် သီချင်းများ ဆိုရင်ကောလကွာ'
'နန်းတော်ရှေ့၊
နန်းတော်နောက်၊ နန်းတော်ဘေး ကြိုက်တဲ့နေရာက လာခဲ့ အဘ။ ခေတ်ဟောင်းသီချင်း၊
ခေတ်နှောင်းသီချင်း၊ ခေတ် ဇကောဇက သီချင်း၊ ခေတ်ပေါ်သီချင်း အကုန်ရှိတာပဲ'
မောင်တင်မြင့်က ဖား
ကောင်းကောင်းနှင့် စွတ်ဖားနေသည်။ ကျန်လူငယ်များကတော့ မျက်လုံးနည်းနည်း ပြူးချင်နေပြီ။
ဦးကျော်ကြီးက နှစ်နှစ်ခြိုက်ခြိုက် ပြုံးရင်း ဗီဒီယိုဖန်သားပြင်ရှေ့
တည့်တည့်ခုံတွင် ဝင်ထိုင်လိုက်တော့၏။
'အဟမ်း... ပေးစမ်းကွ၊
မင်းတို့ မက်ခွက်။ ဟေ့... မောင်တင်မြင့်၊ တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်...
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်ဆိုတဲ့ သီချင်း ထည့်လိုက်စမ်း'
ဇာတိသွေး၊ ဇာတိမာန်များ
တက်ကြွသွားသော ဦးကျော်ကြီးက ခံ့ခံ့ညားညား ဟန်ပေးထိုင်နေသည်။ မောင်တင်မြင့်ခမျာ
သောက်ထားသော အဖျော်ယမကာလေးပင် ပြေချင်ချင်ဖြစ်သွား၏။ အဘကို ဘယ်လိုပြောရပါ့
ဖြစ်နေပြီ။
'အဘိုးလေးကလည်း
ဆိုမယ့်ဆို မြူးမြူးကြွကြွကလေး ဖြစ်အောင် နဂါးနီသီချင်း ဆိုပါလား။
ပိုခံ့ညားသွားတာပေါ့'
ပြူးကျယ်က ဝင်ပြီး
လမ်းကြောင်း ပြောင်းပေးသည်။ ဦးကျော်ကြီး တစ်ချက်တော့ တွေခနဲ ဖြစ်သွား၏။ သို့သော်
ပြူးကျယ်ကိုတော့ စိတ်မဆိုး။ ပြူးကျယ်၏ အဖေဘက်က အမေကြီးနှင့် သူက ငယ်ရည်းစားတွေ
မဟုတ်လား။ မပေါင်းဖက်ခဲ့ရပါလည်း ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဟု ဆိုရိုး ရှိခဲ့သည်။
ဦးကျော်ကြီး စိတ်ဝယ် ဆုံးဖြတ်ချက်ချလိုက်၏။ ငယ်ချစ်မျက်နှာလေးကို ထောက်ထားရပေမည်။
'အိမ့်...
ငါ့မြေးပြောတဲ့ အတိုင်းပေါ့။ မောင်တင်မြင့်၊ နဂါးနီလေးသာ ထည့်လိုက်ကွယ့်။ အဟမ်း...
အဟမ်း... သီချင်းဆိုတယ်ဆိုတာ အသံနေ အသံထား၊ မေးရိုက်၊ မေးသွင်းဆိုတာ ရှိတယ်။
ဋ္ဌာန်ကရိုဏ်းများလည်း ကျဦးမှ။ ဆိုတတ်၊ ပြုတတ်၊ ပညာစွယ်စုံတတ်တဲ့ လူများကျတော့
အသက် ကြီးပေမယ့် မပျက်စီးဘူးပေါ့လေ။ အဟမ်း... အဟမ်း အသေအချာ နားထောင်နော် ပြူးကျယ်။
အဘိုးလေး ဆိုပြမယ်'
ကိုယ့်အတတ်
ကိုယ်စူးဆိုသလို ပြူးကျယ်ခမျာ ထွက်ပေါက်မရ ဖြစ်နေတော့သည်။ ကျန်အဖွဲ့တွေကတော့
ပြူးကျယ် ဖြစ်နေပုံကို ကြည့်ပြီး ကျိတ်ရယ်ရင်း ခွက်လှည့်နေကြ၏။ ဦးကျော်ကြီး
ရှေ့မှာဆိုတော့ မောင်တင်မြင့်နှင့် ပြူးကျယ်မှာ ခွက်လှည့်တောင်း မတွတ်သာတော့။
'... နေရေးနဲ့စား
သောက်ရေးပါ မနှေးအောင်ကွယ်... ငှက်... အယ်... ကာကွယ်ရမည်... လူမွဲများ
စိတ်ချမ်း... ချမ်းသာအောင်...'
'တော့်... လူမွဲကြီး'
ယခုအကြိမ်
ကျောတွန့်သွားသူကတော့ ဦးကျော်ကြီးသာ။ သူက ဒေါ်အပုကို တရားဝင် ကြောက်ရသည် မဟုတ်လား။
'ပု... ကိုကိုကျော် သတိရနေတာ။
ခေတ်တွေ ပြောင်းသွားပြီ ပုရဲ့။ ခေတ်တွေ ပြောင်းသွားပြီ'
ဦးကျော်ကြီးမှာ
မောင်တင်မြင့် စကားကို ပြန်နင်းပြီး လက်သီးလက် မောင်းတန်း ထအော်လိုက်၏။
ပါးစပ်နှင့် မိုက်ခရိုဖုန်းမှာ မခွာသေးသဖြင့် အသံက ဆောင်းဘောက်စ်မှ ဟိန်းခနဲ
ထွက်လာသည်။ ဆောင်းဘောက်စ်ထဲမှ ခေတ်တွေ ပြောင်းသွားပြီဟူသော အသံပြာကြီးကြောင့်
အားလုံး လူ ခေါင်းမွေးထောင်သွားကြ၏။
'ရှင်... ရှင်... မကြီး
မငယ်နဲ့၊ ဘယ်လိုပြောလိုက်တာလဲ။ ရှင့်အသံကြီး ရှင် ပြန်ကြားရဲ့လား'
ဒေါ်အပု၏
ရှက်အမ်းအမ်းစကားကို ကြားတော့မှ ဦးကျော်ကြီး မိုက်ခရိုဖုန်းကို စားပွဲပေါ်
တင်လိုက်သည်။ ရုတ်တရက် ဒေါ်အပုကို တွေ့လိုက်ရသော ဦးကျော်ကြီးအဖို့ ထမင်းလုံး
တစ္ဆေခြောက်ခံရသူလို ဖြစ်သွားသည် မဟုတ်လား။
'ဝမ်းသာလွန်းလို့ပါ
ပုရယ်။ ကိုကိုကျော် ဝမ်းသာလွန်းလို့ပါ။ အရင် ပုတို့ကို ကိုကိုကျော်တို့ ပိုးတုန်း
ပန်းတုန်းက ခေတ်နဲ့မတူတော့ဘူး။ ပု ဘာသီချင်းဆိုချင်လဲ။ ဂျောက်ခနဲ ခလုတ်နှိပ်ရုံနဲ့
ပြီးပြီ။ တစ်ဝကြီးဆိုပေတော့'
'မယ်ဒိုလင် မပါဘဲနဲ့လေ'
ဒေါ်အပု အသံပါ
ဒိုရေမီဖာသံ ပေါက်လာသည်။
'ဟုတ်ပါ့၊
မယ်ဒိုလင်လည်း မလိုဘူး။ ဘင်ဂျိုလည်း မလိုဘူး'
'အမယ်...ဒါပေမယ့်
နားပန်းဆန်သီချင်းတော့ရမယ် မထင်ပေါင်'
ဒေါ်အပုက သွေးထိုး
စမ်းစကား မေးသည်။ မောင်တင်မြင့်နှင့် ပြူးကျယ်ကတော့ နှစ်တုံးစားပြီးကတည်းက
ခွေးချေးမှန်း သိပြီးသူများပီပီ နောက်ဘက်သို့ အသာလှစ်ထွက်ခဲ့၏။
မောင်တင်မြင့်က
အသင့်ကြိုကာ ကမ်းပေးသော ငမျိုးလက်ထဲမှ အရက်ခွက်ကို ယူပြီး ဂွပ်ခနဲ
အပြီးမော့ချလိုက်သည်။ အမြည်းပန်းကန်ကို လှမ်းကြည့်လိုက်တော့ အရည်ပင် မရှိတော့။
ဟင်းအိုးထဲက ဖွံ့ဖွံ့ကားကား ရင်အုံသား တစ်ဖတ်ကို ကောက်ဝါးလိုက်၏။
'အေ့... ခြေထောက်ရိုးက
ဆားငန်သလိုလို ရှိပေမယ့် အသားတုံးကျ အတော်ပဲကွ'
'ဆရာလေးကလည်း
ဟုတ်လို့လား'
ငပြဲကြီးက
ပြောရင်းဆိုရင်း ဟင်းတစ်ဇလုံ ထပ်ခပ်သည်။ မောင်တင်မြင့်ကလည်း ဟန့်ရမှာစိုးသဖြင့်
တစ်ဖက်လှည့်ရင်း ဆေးလိပ် မီးညှိနေလိုက်၏။
အဘကျော်ကြီးတို့
ဇနီးမောင်နှံကတော့ ပြောင်းသွားသော ခေတ်ကို အမီလိုက်သည့်အနေနှင့် တစ်ယောက်တည်း
သီချင်းဆိုလိုက်၊ စုံတွဲသီချင်း ဆိုလိုက်နှင့် သံကုန် ဟဲနေတော့သည်။
မောင်တင်မြင့်တို့အဖွဲ့မှာတော့ တတိယ ကိုးနဝင်းကို ရွက်လွင့်စီးဆင်းနေကြလေပြီ။
□
ဖျတ်ခနဲ
နိုးနိုးချင်း ဒင်ဟင်ဟင်လိုလို ဒူဟူဟူလိုလို အသံပျပျကို ကြားလိုက်ရသည်။ ပထမတော့
မူးတူးတူး မိုက်တိုက်တိုက် ဖြစ်နေသော ခေါင်းကြောင့် ဘယ်ကို ရောက်နေမှန်း မကွဲပြား။
ဆီနံ့နှင့်အတူ စူးရှရှ အနံ့ပြင်းပြင်း တစ်ခုက နှာခေါင်းကို အတင်းတိုးဝင်လာသည်။
ဟင်းနံ့တစ်ခုမှန်း သိလိုက်၏။ ခေါင်းအေးအေးထားပြီး ဆက်စပ်တွေးလိုက်သောအခါ သူ
ဦးစီးခေါင်းဆောင်စီမံခန့် ခွဲရသော အရုဏ်ဆွမ်းကိစ္စကြီးက ဘွားခနဲ ပေါ်လာတော့သည်။
မောင်တင်မြင့်
ခေါင်းမှာ စောစောကထက် နှစ်ဆ ပိုမူးနောက်သွား၏။ ကြားခဲ့ရသော ဒင်ဟင်ဟင် ဒူဟူဟူ
ဆိုသောအသံမှာ အရုဏ်ဆွမ်း ခံကြွလာသည့် ကြေးစည်သံမှန်း ကွဲကွဲပြားပြား သိရလေပြီ။ ညက
မောင်တင်မြင့်တို့ အရုဏ်ဆွမ်းချက်အဖွဲ့ သောက်လိုက်၊ ဆိုလိုက်နှင့် ညဥ့်
သုံးချက်တီးကျော်လောက်မှ အိပ်ဖြစ်ကြ၏။ ဘယ်သူ့ကို ဘယ်လိုဟုပင် မမှာကြားနိုင်ဘဲ
သစ်တုံးကြီး လွှတ်ချလိုက်သလို ဒုန်းခနဲ အိပ်ပျော်သွား၏။
မောင်တင်မြင့် ကပျာကယာ
ထကြည့်လိုက်တော့ တစ်ယောက်မှ မနိုးကြသေး။ အိပ်နေကြ၊ ဟောက်နေကြသည်မှာ တက်နင်း၍ပင်
တော်တော်နှင့် နိုးမည့်ပုံ မပေါ်။
ဟင်းအိုး၊ ထမင်းအိုး
များရှိရာ မီးဖိုခန်းကို လှည့်ကြည့်လိုက်သည်။ မောင်တင်မြင့် မျက်လုံးထဲ ကာလာစုံ ဝင်သွား၏။
သူ့ကို မြင်သောကြောင့် ဖြစ်မည်။ နောက်ဆုံးလက်ကျန် ဖြစ်ဟန်တူသော ခွေးပိန်မတစ်ကောင်က
မော်ဒယ်လ်ပုံစံမျိုး လိမ်ကန့်လိမ်ကန့်နှင့် ထွက်ချသွားသည်။ ဘာမှ မရှိတော့ဘူး။
တစ်ခုမှ မရှိတော့ဘူး။
မောင်တင်မြင့်
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ကြီး ချလိုက်ရင်း ဆွမ်းချက်ရုံတွင်းမှ
အသာခြေဖော့ထွက်လိုက်သည်။ ဆွမ်းချက်ရုံနှင့် တော်တော် လှမ်းလှမ်းကို ရောက်လျှင်
အသော့ခြေကုန်သုတ်တော့၏။ ကြေးစည်သံက ပိုပိုနီးလာပြီ မဟုတ်လား။
□
မောင်တင်မြင့်တစ်ယောက်
လက်ဖက်ရည်ဆိုင် မောင်ကြည်မင်းသိမ်း၏ ပုဆိုးမ၊ စောင်မကူညီမှုဖြင့် အရုဏ်အတက်
နေမထွက်ခင်မှာပင် ကျွဲလူးအင်းကျေးရွာကြီးမှ သံတူကြောင်းကွဲ မြို့နယ်ကြီးသို့၊
သံတူကြောင်းကွဲ မြို့နယ်ကြီးမှ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ နှစ်တိုင်းကဲ့သို့
အစဉ်အလာမပျက် နေ့ချင်းကူးထွက်ခဲ့ရလေတော့၏။ ကောင်းလေစွ။
တင်မြင့်ဦး
၊သံတွဲ၊
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်