တွာလ်ခဲင်းမာန်
ကျွန်တော်၏ ဘေးပတ်လည်ဝန်းကျင်တစ်ဝိုက်ရှိ ရုန်းပင်၊ သံသစ်ပင်၊ သဖန်းပင်၊ ဝက်သစ်ချပင်နှင့် ထင်းရှူးပင်များကြားမှ တိုးဝှေ့ တိုက်ခတ်လျက်ရှိသော လေကြောင့် ပင်ခြေရှိ သစ်ရွက်ခြောက်များက ရွေ့လိုက်လှုပ်လိုက်နှင့်။
ကျွန်တော်က ပေါင်လုံးလောက်ရှိ၍
အဝန်းအဝိုင်းညီသော သစ်မာသားတစ်တောင်ခန့်ကို ပခုံးထက်တွင် ထမ်းရင်း ကျွန်တော်တို့
အိမ်ကလေး၏ ရှုခင်းကို ကွင်းကွင်းကွက်ကွက် မြင်နေရသော အိမ်ကလေး၏အထက်ဘက်မှ
ကြည့်ရှုနေမိသည်။
အိမ်ရှေ့ကပြင်နှင့် တစ်ဆက်တည်း
ဆောက်ထားသော ရှည်ရှည်မျောမျော ဝါးထရံကာ အိမ်ကလေး၊ အမိုးကို သက်ငယ်နှင့်
မိုးထားသည်။ လွန်ခဲ့သော တစ်လခန့်က အသစ်လဲထားသော သက်ငယ်များက ဝါဖန့်ဖန့်နှင့်
လတ်လတ်ဆတ်ဆတ် ထူထူထဲထဲ ရှိဆဲ။ ခေါင်မိုးစဉ်က ကျွန်တော်က ခေါင်မိုးပေါ်မှ မိုး၍
အဖေ၊ ကျွန်တော့် ဇနီးနှင့် သားတို့က အောက်မှနေ၍ သက်ငယ်ပေးလိုက်၊ နှီးပေးလိုက်နှင့်
ထိုစဉ်က သားက တော်တော်ပျော်နေပုံရသည်။ အိမ်ထဲမှနေ၍ မိုးကောင်းကင်ကြီးကို
အဆီးအတားမရှိ မြင်နေရသည့် မြင်ကွင်းကိုက သားအတွက် အထူးအဆန်း ဖြစ်နေဟန်တူ၏။
အိမ်ခြံဝင်း တံခါးဝင်ပေါက်အနီးတွင်
အဖေ စိုက်ထားသော ရွက်လှပင်အုပ်အုပ်ကြီး ရှိသည်။ ရွက်လှပင်၏ အောက်ဘက်
အနိမ့်ပိုင်းတွင် သားတက်တက်ဆော့လေ့ရှိသော မက်မန်းပင် ရှိသည်။ ခြံထောင့်တွင်
သားရှဥ့် ကလေးများကို သွားသွားချောင်းကြည့်လေ့ရှိသော သဖန်းပင် ရှိသည်။
အိမ်ခြံဝင်း အပြင်ဘက်တွင်
အနောက်ဘက်သို့ ပြေပြေလေး နိမ့်လျောဆင်းသွားသည့် လမ်းကလေးရှိသည်။ ကလေးများအတွက်
သစ်သားဘီးတပ်ကားလေးတွေ လျောစီးဖို့ ကောင်းသည့် လမ်းကလေး ဖြစ်သည်။
ကျွန်တော် ထမ်းလာသော သစ်မာသားကို
ထုနှစ်လက်မခန့်ရှိ ကွင်းအဝိုင်းတုံးလေးတွေ ဖြစ်အောင် လွှနှင့် လေးတုံးရအောင်
ဖြတ်မည်။ ထိုတုံးလေးတွေ၏ အလယ်တွင် ကျပ်ပြားဝိုင်းခန့် အပေါက်လေးတွေ ဖောက်မည်။
ထိုအခါ ၎င်းအတုံးလေးများသည် သစ်သားကား၏ ဘီးကလေးတွေ ဖြစ်လာမည်။ သားအတွက်
သစ်သားကားလေး လုပ်ပေးမည်။ သားလေး မည်မျှ ဝမ်းသာလိုက်လေမည်လဲ။
အိမ်ရှေ့ကပြင်မှ ခြံဝင်းတံခါးအထိ
ညီညာပြန့်ပြူးသော မြေကွက်လပ်ကလေး၊ ထိုမြေကွက်လပ်ကလေးတွင် သားက
သူ့သူငယ်ချင်းများနှင့် ကစားနေကျ။ အော်ဟစ်ပြေးလွှားကစားနေသော ပုံရိပ်နှင့်အတူ သား၏
အသံစာစာလေးကို ယခုပင် နားနှင့် ဆတ်ဆတ် ကြားလိုက်ရသလို ကျွန်တော်က ပြုံးလိုက်မိသည်။
မွန်းလွဲပိုင်း နေရောင်သည် အိမ်ကလေး၏
အနောက်ဘက်သို့ ထိုးကျလျက် ရှိ၏။ အိမ်ကလေး၏ ပြတင်းပေါက် သုံးခုရှိသည့်အနက်
အလယ်ပြတင်းပေါက်တွင် ကျွန်တော်၏ဇနီး ဖြစ်သူကို တွေ့ရသည်။ သူမက အိမ်နံဘေးမှ ပတ်၍
အနောက်ဘက်သို့ သွားသော လူသွားလမ်းကလေး၏ အဆုံးဘက်သို့ ငေးကြည့်လျက်။ ထိုလူသွားလမ်း
ကလေး၏ အဆုံးတွင် ရွာမှ မူလတန်းကျောင်းကလေး ရှိသည်။
ကျွန်တော်က ထိုလမ်းကလေး အဆုံးဘက်သို့
ကြည့်လိုက်တော့ ထိုလမ်းကလေးအတိုင်း ကျောင်းဆင်းလာ နေကြသော
ကျောင်းသားကျောင်းသူလေးများကို လှမ်းမြင်နေရသည်။
ကျွန်တော်က ရပ်နေရာမှ အိမ်ဘက်သို့
ခြေပြန်လှမ်းလိုက်သည်။
ကျွန်တော်က ထမ်းလာသော သစ်မာတုံးကို
စပါးထောင်းဆုံ နံဘေးတွင် ချထားလိုက်ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။
အိမ်အတွင်းပိုင်းသည် အနည်းငယ်မှောင်လျက်ရှိပြီး အသံများက တိတ်ဆိတ်ခြောက်သွေ့လျက်
ရှိသည်။ နင်းလိုက်သော ကြမ်းပြင်ကလည်း အေးစိမ့်လျက် ရှိ၏။
ကျွန်တော် အိမ်ထဲသို့ ဝင်လာမှန်း
ကျွန်တော့်ဇနီးက သိသည်လား၊ မသိဘူးလား ကျွန်တော် မသိ။ သူမကတော့
ငေးကြည့်နေရာဘက်သို့သာ ငေးနေဆဲ။ ကျွန်တော်က စမ်းနွမ်းဟု သူမကို ခေါ်လိုက်သည်။
ကျွန်တော့်အသံက တစ်တစ်ဆို့ဆို့နှင့်။
သူမက ပြန်မထူး။ လှည့်လည်း မကြည့်။
ကျွန်တော်က သူမ၏ နောက်တွင် ရပ်၍ ကျွန်တော့်လက်နှစ်ဖက်ကို သူမ၏ ပခုံးနှစ်ဖက်ပေါ်တင်ပြီး
ကျွန်တော့်ဘက်သို့ အသာဆွဲလှည့်လိုက်သည်။
သူမက ကျွန်တော့်ကို မော့ကြည့်သည်။
သူမ၏ ပါးပြင်နှစ်ဖက်ပေါ်တွင် မျက်ရည်စီးကြောင်းများကို မြင်ရသည်။ သူမ၏
မျက်လုံးများကပါ ကွဲကြေနေသည်ဟု ကျွန်တော် ထင်၏။
သူမက ခေါင်းကိုငုံ့၍
ကျွန်တော့်ရင်တွင် လာအပ်၏။ ထို့နောက် သူမ၏ ကိုယ်က သိမ့်ခနဲ ဖြစ်သွားပြီး ရှိုက်သံက
ထွက်လာ၏။ ထို့နောက် တစ်ကိုယ်လုံး တုန်၍ ရှိုက်ကာ ရှိုက်ကာ ငို၏။ အသံကား မထွက်။
အံကြိတ်ရင်း ငိုနေသည်ပဲ။ ကျွန်တော်က သူမ၏ တုန်နေသော ကိုယ်ကို ညင်သာစွာ ဖက်ရင်း...
'မငိုပါနဲ့ စမ်းနွမ်းရယ်'
ဟု ဖြေသိမ့်လိုက်သည်။
အတန်ကြာသွားသည့်အခါမှ သူမ
အငိုရပ်သွားသည်။ ကျွန်တော်က 'အဖေကော စမ်းနွမ်း'ဟု
သူမကို မေးလိုက်သည်။ သူမက ပြတင်းပေါက်ဘက် လက်ညှိုးထိုးပြသည်။ ကျောင်းကလေးဘက်သို့
သွားသည့် လမ်းကလေးကို ဖုန်ဖုန်လေး မြင်နေရ၏။
ထို့နောက် သူမက တိုးသဲ့စွာဖြင့် 'သားလွယ်အိတ်ရော
ယူသွားတယ်' ဟု ပြော၏။
'ဒါဆို ကိုယ်အဖေ့ဆီ
လိုက်သွားဦးမယ်။ စမ်းနွမ်း မငိုနဲ့တော့နော်' ဟု သူမကို
ပြောပြီး ကျွန်တော်က တံခါးဘက်သို့ ပြန်လှည့်လိုက်သည်။
ကျွန်တော်က ကျောင်းကို သွားသော
လမ်းကလေးကို ထမ်း၍ သွားနေရသကဲ့သို့ ထင်ရသည်။ ပင်ပန်းလှပါသည်။
ညနေကျောင်းဆင်းပြီးသွားပြီ ဖြစ်၍ လမ်းတစ်ကြောလုံး တိတ်ဆိတ်၍ နေ၏။
နေသည် ထင်းရှူးပင် ဖျားများမှတစ်ဆင့်
အနောက်ဘက် တောင်ကြောသို့ ခုန်ဆင်းသွားပြီ ဖြစ်၏။ လမ်းနံဘေးဘက်ရှိ ချုံများနှင့်
သစ်ပင်အုပ်အုပ်တို့က ညှို့ညှို့မောင်းမောင်း ဖြစ်လာသည်။ ထင်းရှူးပင်များက
ပီပီပြင်ပြင် မရှိတော့၊ ဝေဝေဝါးဝါး ဖြစ်လာသည်။ တိုက်ခတ်လာသော လေက ပို၍
အေးစိမ့်လာသည်။
တဖြည်းဖြည်း ကျောင်းနှင့် နီးလာပြီ
ဖြစ်၏။ လမ်းထောင့်ချိုး တစ်နေရာ အရောက်တွင် စကားပြောသံကို ကြားလိုက်ရသည်။
ထိုအသံရှင်မှာ အဖေဖြစ်မှန်း ကျွန်တော် သိသည်။ အဖေ့အသံက ကြည်ရွှင်နေသည်။ လန်းဆန်း
တက်ကြွနေသည်။
'အဟား... ဒါပေါ့ကွာ။ ဒီမှာ
ဘောလုံးကို ကန်တဲ့အခါ အားထည့်ကန်ရတယ်ကွ။ အဲ... ဒါပေမယ့် ဘောလုံးကို လိမ်တော့မယ်
ဆိုရင်တော့ အားမလိုဘူး။ ပညာပေါ့ကွာ။ အလိမ်တို့ အခေါက်တို့ပေါ့'
'အဘိုး
ကိုယ်တိုင်ချက်ခဲ့တာကွ။ ငါ့မြေးလေးကြိုက်တဲ့ ပြောင်းဆံကို ရွှေဖရုံသီး၊ ခရမ်းသီး၊ ချေသားခြောက်
မီးဖုတ်ထောင်းတို့နဲ့ ရောပြီး ပြုတ်ထားတာကွ။ အိုး... အရသာကတော့...'
အဖေက သား၏လွယ်အိတ်ကလေးကို
ပခုံးတစ်ဖက်ပေါ်တင်၍ တစ်ဦးတည်း စကားပြောရင်း ကျွန်တော့်ကို ကျော်ဖြတ်သွားသည်။
ကျွန်တော်က နောက်ခပ်လှမ်းလှမ်းမှနေ၍ လိုက်သွား၏။
အဖေက ပခုံးထက်မှ လွယ်အိတ်ကလေးကို
ဖြုတ်၍ လက်နှစ်ဖက်နှင့်ကိုင်ရင်း လွယ်အိတ်ကို မျက်နှာနား တည့်တည့်ထား၍ စကားတွေ
ပြောနေသည်။ အသွားကတော့ မပျက်။ ထိုသို့ သွားနေရာမှ အဖေက သူ၏ ခြေလှမ်းများကို
ရပ်တန့်လိုက်သည်။
ကျွန်တော်က ခပ်သွက်သွက်လေးလှမ်း၍
အဖေ့နားသို့ ရောက်သောအခါ 'အဖေ'ဟု တိုးတိုးလေး ခေါ်လိုက်သည်။
ကျွန်တော်၏ ခေါ်သံကြောင့် အိပ်မက်မှ
ရုတ်တရက်လန့်နိုးလာသူလို အဖေက ကျွန်တော့်ကို လှည့်ကြည့်သည်။
အဖေ့ပါးပြင်ပေါ်တွင်လည်း မျက်ရည်တွေနှင့်ပါပဲလား။
'သြော်... သားပါလား၊ အေးကွာ။
အဖေ့မြေးလေးကို ကျောင်းလာကြိုတာကွ'
အဖေက ဒါပဲပြောပြီး စကားမဆက်တော့။
ကျွန်တော်က ခေါင်းကို
မော့ထားလိုက်သည်။ နံဘေးဝန်းကျင်တွင် မှောင်ရိပ်တို့ တဖြည်းဖြည်း ကြီးစိုးလာသလို
ကောင်းကင်က မှိုင်းညိုစ ပြုနေပြီ။
ညှို့ညှို့မှိုင်းမှိုင်းကောင်းကင်တွင်
သားကို တွေ့ရသည်။ သားက သူ၏ ကျောင်းလွယ်အိတ်ကလေးကို လွယ်ထားသည်။ သားက ကျွန်တော့်ကို
ပြုံးပြသည်။ ထို့နောက်...
'အဖေ၊ သား
ကျောင်းသွားတော့မယ်။ ညနေ ကျောင်းဆင်းရင် အဘိုးကို လာကြိုခိုင်းနော်'ဟု ပြောပြီး ကျွန်တော့်ကို ကျောခိုင်းသွားသည်။
ကျွန်တော့်အထက် မိုးကောင်းကင်တွင်
ဘာမျှမရှိတော့။
သား မူလတန်းကျောင်းစတက်သည့်နေ့မှ စ၍
တတိယတန်း အောင်သည်အထိ အဖေက သားကျောင်းဆင်းလျှင် ကြိုနေကျ၊ သားကလည်း သူ့ အဘိုး
လာကြိုမှ။ အဖေကလည်း သူ့ မြေးကို သူပဲ ကြိုချင်သည်။
တကယ်ဆိုလျှင် ယနေ့သည် သား
စတုတ္ထတန်းသို့ စတက်ရမည့်နေ့ ဖြစ်သည်။
ကျောင်းစဖွင့်ဖို့ ဆယ်ရက်အလိုတွင်
အပြင်းဖျား၍ သား ရုတ်တရက် တိမ်းပါးသွားခဲ့ပြီးပါပြီ။
ယနေ့ ကျောင်းစဖွင့်သည့်နေ့ ဖြစ်သည်။
တွာလ်ခဲင်းမာန်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်