လွန်းထားထား ၊ဆေးတက္ကသိုလ်၊
(က)
သူ့ကို စတင်ပြီး
မြင်လိုက်ရချိန်ကစပြီး ကျွန်မ ရင်ထဲမှာ နွေးထွေးချိုမြိန်သော ရင်ခုန်ခြင်းတွေနှင့်
ထူးဆန်းလှပသည့် အတွေ့အကြုံကို စတင်ပြီး ရရှိခဲ့ပါတော့သည်။ ဟိုအရင်က သူနှင့်
မဆုံစည်းခင် ကဆိုလျှင် ကျွန်မဘဝသည် အင်မတန် ခြောက်သွေ့ ငြီးငွေ့ဖွယ် ကောင်းလှတာပါ။
တစ်နေ့တစ်နေ့ ဟိုဟို ဒီဒီလည်း လျှောက်မသွားတတ်တာမို့ ခြံထဲမှာ တစ်ယောက်တည်း
အတွေးတွေ ဖြာဝေလျက် တိတ်တိတ်ဆိတ်ဆိတ် အထီးကျန်စွာ ဖြတ်သန်းလာခဲ့ရတာပါ။ ဘဝဆိုတာ
ဘယ်လောက် ငြီးငွေ့ဖွယ်ကောင်းပါလိမ့် ဟူသော အတွေးကို ကျွန်မ အကြိမ်ပေါင်းများစွာ
တွေးကြည့်ခဲ့ဖူးပါသည်။ သို့သော် ဘယ်တတ်နိုင်မည်နည်း။ ဒါဟာ ကျွန်မ ရွေးချယ်ခဲ့သော
ဘဝတစ်ခု မဟုတ်ပါ။ ဘုရားသခင်က ဖန်ဆင်းပေးခဲ့သော ဘဝ တစ်ခုပါပဲ။ ထိုဘဝမှာ
ပျော်သည်ဖြစ်စေ၊ မပျော်သည် ဖြစ်စေ ကျွန်မ ကြိုးစားပြီး နေထိုင်ရမည်ပင်။
သို့သော် ကျွန်မရင်ထဲသို့ နွေးထွေးသော
ရင်ခုန်ခြင်းများနှင့် ချိုမြိန်သော စိတ်လှုပ်ရှားခြင်းများကို သူက စတင်၍
ထည့်ပေးခဲ့တာ ဖြစ်ပါသည်။
(ခ)
သူနှင့် ချစ်သူတွေ
ဖြစ်သွားမိသည့်နောက်မှာတော့ ကျွန်မဘဝသည် မယုံနိုင်စရာ ကောင်းလောက်အောင်ပင်
ပြောင်းလဲလာခဲ့တော့သည်။ ဘယ်နေရာကိုကြည့်ကြည့် လောကကြီးတစ်ခုလုံးက လှချင်တိုင်း
လှပနေသည်။ ဘဝ၏အဓိပ္ပာယ်ဆိုတာကလည်း သိပ်ကို သာယာနာပျော်ဖွယ် ကောင်းလှတဲ့
ကဗျာတစ်ပုဒ်လိုပါပဲ။ သူနှင့်အတူ ရှိနေရစဉ် အချိန်တိုင်းမှာ ကျွန်မ
ရင်ခုန်ယစ်မူးရသည်။ ပျော်ရွှင်ကြည်နူးရသည်။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်မ သူ့ကို
သိပ်ချစ်ပါသည်။ သူကလည်း ကျွန်မကို အရူးအမူး ချစ်သည် ထင်တာပဲ။ ဒါပေမယ့် ကျွန်မတို့
နှစ်ယောက်က လူငယ်ချင်းတွေ့ဆုံပြီး ချစ်မိကြသော ချစ်သူမျိုးတွေ မဟုတ်ကြပါ။
လူကြီးချင်း သဘောတူ ကြည်ဖြူပြီး တွေ့ဆုံပေးခဲ့ကြခြင်းဖြင့် ရင်းနှီး
ချစ်ခင်ခဲ့ရသော ချစ်သူများပဲ ဖြစ်သည်။
ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ
ဖြစ်ပါစေ၊ သူ့ကို ကျွန်မ မြင်မြင်ချင်း ချစ်ခဲ့တာဖြစ်သည်။ သူက လည်း ကျွန်မလိုပဲ
ဖြစ်မည်ထင်ပါသည်။ ကျွန်မတို့ နှစ်ယောက် သိပ်ချစ်ခဲ့ကြသည်။ အဲဒီနောက်မှာတော့
ကျွန်မတို့နှစ်ယောက်သည် လူကြီးစုံရာရှေ့မှာ အကျဉ်းချုံးပြီး လက်ထပ်ပွဲကလေး
ဆင်နွှဲခဲ့ကြပါသည်။ ချစ်သူဘဝကနေ ဇနီးမောင်နှံဘဝသို့ လျင်မြန်စွာ ကူးပြောင်းခဲ့သည်
ဆိုပါစို့။
□
(ဂ)
သူနှင့် လက်ထပ်ပြီးသည့်နောက်မှာ
ကျွန်မဘဝသည် အမှန်တကယ်ကို ပြောင်းလဲသွားခဲ့ပါသည်။ ကျွန်မသည် ဟိုအရင်တုန်းကလို
တစ်ယောက်တည်း မဟုတ်တော့။ အထီးကျန်ခြင်းလည်း မရှိတော့။ ကျွန်မမှာ အနာဂတ်တွေ
ရှိလာသည်။ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်ခြင်းတွေ အများကြီးပဲ
ရှိလာခဲ့သည်။ သူ့ကို ချစ်သောစိတ်ဖြင့် သူ့ရဲ့ရင်သွေးကလေးတွေကိုပင် ကျွန်မ
ကြည်ဖြူကျေနပ်စွာ လွယ်ပိုးထားခဲ့ရသည်။ ကိုယ်ဝန်ရှိနေသော အချိန်တစ်လျှောက်မှာ
ကျွန်မရဲ့စိတ်ကူးတွေကို လွှမ်းမိုးဖုံးလွှမ်းထားခဲ့သည်မှာ ကျွန်မရဲ့ သားသမီးတွေပဲ
ဖြစ်သည်။ သားသမီးကလေးတွေဟု ဆိုရသည်မှာ ကျွန်မရဲ့ဗိုက်ထဲမှာ ရှိနေသော ကလေးသည် တစ်ယောက်တည်းမကသောကြောင့်
ဖြစ်ပါသည်။ ဘယ်နှယောက်ပဲ ဖြစ်ဖြစ် ကျွန်မရဲ့ သားသမီးကလေးတွေကို ကျွန်မ ချစ်ရမည်။
ကျွန်မဘေးမှာ သူတို့ကလေးတွေ ဝိုင်းဝိုင်းလည်လျက် ဝန်းရံစွာ ရှိနေကြမည့်အဖြစ်ကို
တွေးမိလိုက်တိုင်း ကျွန်မ၏ ရင်ခုန်ကြည်နူးမိသော ပီတိမှာ ဘာနှင့်မျှမတူပါ။ ဒါဟာ မိခင်တို့ရဲ့
မေတ္တာတရားပဲ ဆိုပါစို့။
အဲဒီနောက်မှာတော့ ကျွန်မရဲ့
အာရုံထဲမှာ သူက တဖြည်းဖြည်း မှိန်လျသွားလျက် ကျွန်မ၏ ရင်သွေး ကလေးတွေကသာ ကျွန်မ၏
အာရုံတစ်ခုလုံးကို လွှမ်းမိုးလာတော့သည်။ သူတို့ကလေးတွေကို ကျွန်မ အမြန်ဆုံး
တွေ့ချင်လိုက်တာ။ သူတို့ကလေးတွေကို နို့ချိုတိုက်ကျွေးဖို့၊ ပြီးတော့
သူတို့ကလေးတွေ ကြီးပြင်း ရှင်သန်လာဖို့အတွက် ကျွန်မမှာ တာဝန်တွေ အများကြီး
ရှိသေးသည်။ သူတို့ကလေးတွေကို အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးဖို့၊
သူတို့ကလေးတွေကို လိမ္မာတတ်သိအောင် သွန်သင်သင်ကြားပေးဖို့။ အို...
မိခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေဟာ မယုံနိုင်လောက်အောင် များပြားလွန်းလှပါကလား။
ဒါပေမယ့် ကျွန်မ အလွန်ကျေနပ်မိပါသည်။ လောကမှာ မိခင်တစ်ယောက်ရဲ့ ဘဝဆိုတာ
လိုချင်တိုင်းရတာမှ မဟုတ်တာနော်။
□
အံ့သြစရာကောင်းလှစွာ ကျွန်မ
ရင်သွေးကလေးတွေကို မွေးဖွားပြီးချိန်မှာ စုစုပေါင်း ငါးယောက်တိတိ ရှိခဲ့သည်။ မွေးဖွားစဉ်
ခံစားရသော နာကျင်မှုဝေဒနာတွေအားလုံးသည် ကျွန်မ၏ ရင်သွေးကလေးတွေကို
မြင်လိုက်ရချိန်မှာ အားလုံး လွင့်စဉ်ပျောက်ပြယ်သွားခဲ့သည်။
အို...ချစ်စရာကောင်းလှတဲ့ ရင်သွေးကလေးတွေ။ ကျွန်မနှင့်များ တူမလား၊ ဒါမှမဟုတ်
သူတို့ အဖေနှင့်များ တူသလား ကျွန်မ မဝေခွဲတတ်ပါ။
ဒီလိုနဲ့ ရက်တွေ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးသွားခဲ့သည်။ ကျွန်မရဲ့ အိမ်ကလေးမှာ ကျွန်မရဲ့ သားသမီးကလေးတွေကို
လာရောက်ကြည့်ရှုသူတွေနှင့် စည်ကားသိုက်မြိုက်လျက်ရှိကြသည်။ အားလုံးရဲ့
မျက်ဝန်းတွေမှာ တလက်လက် စူးရှတောက်ပလျက် ကျွန်မရဲ့ သားသမီးကလေးတွေကို ဟိုလူက
လက်ညှိုးထိုးပြီး တစ်ခုခုပြောလိုက်၊ ဒီလူက လက်ညှိုးထိုးလျက် အမျိုးမျိုး
ပြောလျက်ဖြင့် ဆူညံစည်ကားစွာ ရှိခဲ့သည်။ ကျွန်မကတော့ သားသမီးတွေရဲ့
မျက်နှာကလေးတွေကို ကြည့်လျက် သူတို့လေးတွေကို ယုယထွေးပွေ့စွာ
နို့ချိုတိုက်ကျွေးရသည်ကိုပင် ကျေနပ်မဆုံး ရှိတော့သည်။
ဒီလိုနှင့် ၄၅ ရက်
ပြည့်မြောက်လာခဲ့သည်။ ပထမဆုံး ကျွန်မ၏ အကြီးဆုံးသမီးကလေးကို လူတစ်ယောက်က ရုတ်တရက်
ပွေ့ချီသွားသောအခါ ကျွန်မ ထိတ်ခနဲ တုန်လှုပ်သွားလျက် ထိုလူကို အော်ဟစ် တားမြစ်ဖို့
ကြံစည်လိုက်သေးသည်။ သို့သော် ကျွန်မ ဘာမှမတတ်နိုင်ခဲ့။ အဲဒီနေ့မှာ ကျွန်မသမီး
အကြီးကလေး ထိုနောက်သို့ ကောက်ကောက်ပါအောင် ပါသွားခဲ့ပါသည်။ ကျွန်မရင်ထဲမှာ
နှလုံးသားကို ဟက်တက် အခွဲခံလိုက်ရသလို ဟာလာဟင်းလင်းဖြစ်လျက် ကျန်ရစ်ခဲ့ရသည်။
ထိုညမှာ ကျွန်မ ကြေကွဲနာကျင်စွာ ငိုကျွေးမိပါသည်။ ကျွန်မ၏ ငိုညည်းသံကို သူတို့
ဘာကြောင့်များ နားမလည် နိုင်ရတာပါလဲ။ ဒုတိယမြောက်ရက်မှာ ကျွန်မရဲ့
ဒုတိယရင်သွေးကလေးကို ကားအဖြူကြီး စီးလာသော ခပ်ချောချောလှလှ အမျိုးသမီးတစ်ယောက်က
လာခေါ်သွားခဲ့ပြန်သည်။ ကျွန်မရင်ထဲမှ နာကြည်းခြင်းများစွာဖြင့် တားမြစ်
အော်ဟစ်နေမိသေးသည်။ သို့သော် ကျွန်မရဲ့ အော်ဟစ်သံကို သူတို့ အရေးမစိုက်ကြပါ။
နားမလည်တာလည်း ဖြစ်နိုင်ပါသည်။ အို... သူတို့ ဘာဖြစ်လို့ ဒီလောက်တောင်
ရက်စက်ရတာပါလိမ့်။ အညှာအတာ ကင်းမဲ့ရတာပါလိမ့်။ ကျွန်မနှင့် ကျွန်မရဲ့
ရင်သွေးကလေးတွေကို ဘာကြောင့်များ အဲဒီလောက် ရက်စက်စွာ ခွဲပစ်ရတာပါလိမ့်။
ကျွန်မနှလုံးသားတွေ တစ်စစီ ပဲ့ကြွေကုန်ပါပြီ။
နောက်ရက် နောက်ရက်တွေမှာလည်း ကျွန်မ၏
ရင်သွေးကလေးတွေကို တစ်ယောက်ပြီး တစ်ယောက် လာခေါ်သွားကြသည်မှာ နောက်ဆုံး အငယ်ဆုံး
သမီးထွေးကလေးပဲ ကျွန်မနှင့်အတူ ကျန်ရစ်ခဲ့တော့သည်။
ဒီသမီးကလေးကိုတော့ ကျွန်မနှင်အတူ
အဖော်ရအောင် ထားမည်ဟု ပြောသံကြားရပါသည်။ ဘာပဲဖြစ်ဖြစ် သားသမီးငါးယောက်မှာ
တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည့်အတွက် ကျွန်မ၏ အပဲ့ပဲ့အရွဲ့ရွဲ့ဖြင့်
သွေးစိမ်းရှင်ရှင်ထွက်နေသော နှလုံးသားဆီမှာ အနည်းငယ်တော့ သက်သာရာ ရသေး သလိုပင်။
ကျွန်မ သူတို့ကို စိတ်လည်းနာသည်။ သို့သော် ကျွန်မ၏သခင်တွေ ဖြစ်နေသောကြောင့်
စိတ်လည်း မနာရက်ပြန်ပါ။ သူတို့အပေါ် ကျွန်မ ထားရှိသော သစ္စာစောင့်သိမှုမှာ
ဘာနှင့်မျှ မတူပါ။ ကျွန်မ သူတို့ကို ချစ်သည်။ နေ့စဉ်နှင့်အမျှ ကျွန်မကို
ကျွေးမွေးစောင့်ရှောက်နေသော ကျေးဇူးမှာ နည်းသည် မဟုတ်။ ထိုကျေးဇူးကိုတော့ ကျွန်မ
သိတတ်ရမည်။ အဲဒီကျေးဇူးအတွက် ကျွန်မ၏ ရင်သွေးကလေးတွေကို ပေးလိုက်ရခြင်းဖြင့်
ကျေးဇူးဆပ်ရာ ရောက်သည်ဆိုလျှင် ကျွန်မ ကျေနပ်ရမည်ပင်။
တစ်နေ့မှာတော့
ကျွန်မရဲ့အိမ်ကလေးဘေးမှာ ကျွန်မရဲ့သခင်ဖြစ်သူက တိုးတိုးကလေး လာပြောခဲ့သည်ကို
ကျွန်မ ကြားလိုက်ရသည်။
'မင်းရင်ထဲမှာ စိတ်ထိခိုက်
ခံစားနေရမယ်ဆိုတာ ငါ သိပါတယ်ကွာ။ နောက်ဆို ဒီအလုပ်ကို ငါ မလုပ်တော့ပါဘူး။ မင်းကို
ကလေးလည်း မမွေးခိုင်းတော့ဘူး။ မင်းရဲ့ကလေးတွေကိုလည်း တခြားသူတွေကို
မရောင်းပစ်တော့ပါဘူး။ ငါ တကယ်ပဲ စိတ်မကောင်းပါဘူးကွာ။ မင်းရဲ့မိသားစုကလေးကို
ခွဲခွာပစ်လိုက်သလို ဖြစ်သွားပြီ။ ဆောရီးပဲကွာ။ နောက်ဆို မင်းနဲ့ မင်းရဲ့
သမီးကလေးကို မျိုးစပ်ပြီ သားဖောက်ရောင်းတဲ့အလုပ် ငါ တကယ်မလုပ်တော့ဘူး သိလား
မိနက်မရယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ Rottweiler အမျိုးအစားတွေ သိပ်ဈေးကောင်းရတာကွ။ ဒါပေမယ့် ငါ ကတိပေးပါတယ်ကွာ။ ဒီတစ်ခါ နောက်ဆုံးပါပဲ။
နောက်ကို မင်းကို ဘယ်တော့မှ မျိုးစပ်ပြီး သားဖောက်မစားတော့ပါဘူး။ အဲဒါ လူကတိပါ။ ငါ
ကတိပေးတယ် သိလား'
ကျွန်မရဲ့ သခင်က ကျွန်မရဲ့
ဦးခေါင်းကလေးကို ညင်သာစွာ ပွတ်သပ် ချော့မြူလျက် တတွတ်တွတ် ပြောလျက်ရှိတာကို ကျွန်မ
ငြိမ်သက်စွာ နားထောင်နေမိရင်း မျက်လုံးဝိုင်းကြီးတွေဖြင့် ကျွန်မရဲ့ သခင်ကို
မော့ကြည့်မိပါသည်။ ထို့နောက် ကျွန်မ သူ့ကို ပြုံးပြလိုက်မိသည်။ ကျေးဇူးတင်ပါတယ်
သခင်ရယ်... ဟူသော အဓိပ္ပာယ်ဖြင့် ကျွန်မ၏ အမြီးငုံးတိကလေးကို တယမ်းယမ်း
လှုပ်ပြလိုက်မိပါသည်။
လွန်းထားထား
၊ဆေးတက္ကသိုလ်၊
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်