ရွှေဝတ္ထု

ဧသ ဖတ်ဖို့

ကိုငြိမ်း ၊မန္တလေး၊

01 April 2026
ဧသ ဖတ်ဖို့
Share to

            ၁။

ဧသ အဝင်

            ကဗျာဆရာမလေး 'ဧသ'က 'အချစ်ဝတ္ထုတစ်ပုဒ်လောက် ရေးစမ်းပါဦး ဖတ်ချင်လို့'ဟု အရေးဆိုသောအခါ သူ့အသက်အရွယ်က 'ရည်းစားချစ်လွန်ကာလ'သို့ ရောက်နေပေပြီ။

            သို့သော် ညီမလေးဧသကို အချစ်ဝတ္ထုတစ်ပုဒ်လောက်ကိုဖြင့် သူက ငယ်မူပြန် လက်စွမ်းကလေး ထုတ်ပြလိုက်ချင်သည်မှာ အမှန်။ သူသည် ဝတ္ထုရော ကဗျာပါ ရေးသူဖြစ်သော်လည်း သူ့ကိုယ်သူကျတော့ 'ကဗျာဆရာ' အဖြစ်သာ ခံယူချင်သူဖြစ်သည်။ ငယ်စဉ်ကနေ ယနေ့တိုင် ကဗျာအပေါ် ရူးမူးယစ်မူးနေဆဲသာဖြစ်သည်။ ဧသဖတ်ဖို့ အချစ်ဝတ္ထုကလေးတစ်ပုဒ်ကို 'ဘက်ထရီအိုး လမ်းဟောင်းကလေး'တစ်ခုပေါ်တွင်...

            ၂။

ဖြစ်နေပုံက (၁)

            ... ဖြစ်နေပုံက 'ကဗျာတွေ ရေးနေသူကြီး...'သည် ဘက်ထရီအိုးလမ်းကလေးပေါ်မှာ... သူ့ပခုံးတွေ လျောလာတဲ့အထိ လေးလေးလံလံကြီး လမ်းပြည့်လမ်းလျှောက်နေခြင်းပဲ ဖြစ်၏။

            သူသည် ကဗျာဖြစ်ပေါ်မည့်နေရာသို့ ချောင်းကြည့်ရန် သွားနေခြင်းပင် ဖြစ်သည်။ သူချောင်းကြည့်မည့်သူမှာ သူ့ချစ်သူကို ဖြစ်သည်။ ထိုကဗျာတွေ ရေးနေသူကြီးသည် ချောင်းကြည့်သည့်အလုပ်ကို အတော်ပင် တွင်တွင်ကျယ်ကျယ် လုပ်နိုင်သူတစ်ဦးဖြစ်ပေသည်။ ကဗျာရေးသူက ကဗျာဖြစ်ပေါ်မည့်အရာအား ချောင်းကြည့်ခြင်းသည် မိမိသိက္ခာအား ထိပါးစေမည်ဟု သူမယုံပေ။ ထို့ကြောင့် သူသည် ချစ်သူကို အေးအေးဆေးဆေးပင် ချောင်းကြည့်လေ့ရှိသည်။

            သို့သော် သူနှင့် သူချစ်နေသော ကောင်မလေး၏အကြားတွင် နှစ်ဖက်တွန်းအားညီသော အချစ်မျိုးမရောက်သေး။ တကယ့်လက်ရှိ အနေအထားမှာ သူကအချစ် ကောင်မလေးကအငြင်း၊ ကောင်မလေးဘက်ကတော့ အနည်းငယ် မခိုးမခန့် အမူအရာမျိုးရှိတတ်ပြီး ကဗျာတွေရေး နေသူကြီးဘက်ကတော့ များများစားစား ဣန္ဒြေမဲ့မှု ရှိ၏။ သူက ကောင်မလေးထက် ၁၅နှစ် ၁၆နှစ်မကလေး... ပိုတာဆိုတော့ သူ့ဘက်က အသက်ကြီးသည်ဟု မဆိုသာသော်လည်း သူက အသက်နည်းနည်း 'များ' နေကြောင်းကိုတော့ သူ လက်ခံသဘောပေါက်ပြီးသား ဖြစ်သည်။

            'လို'တာပဲရှိမည်။

            'အို'တာမရှိ... အချစ်မှာ... ။

            ဒါက ကဗျာတွေရေးနေသူကြီး ပခုံးနဲ့ ထမ်းယူလာတဲ့ သူကိုယ်တိုင်ထုတ်ဒဿနပါ။ သူကတော့ ဒဿနတွေကို အိမ်ထဲတွင် လုပ်တာများပါသည်။ ဘယ်ပညာရှိဆီမှ ဒဿနတွေ ဘာတွေ သူသွားမအပ်ဘူး။

            မှန်သည်။ ဒီကဗျာတွေရေးနေသူ ကြီးမို့ ဒီဘက်ထရီအိုးလမ်းကလေးပေါ် ဒီလိုပခုံးတွေလျောကျပြီး လမ်းပြည့် လမ်းလျှောက်လာပြီဆိုရင် အချစ်ကဗျာတွေ သူ့ကိုယ်က အလိုလို ယိုစီးလျှံကျလာပြီး ဘက်ထရီအိုးလမ်းကလေးမှာ ကဗျာရည်တွေနဲ့ ချောင်းပေါက်သွားတာကို ကလေးကအစ လူတကာ သိကြတာပဲ ဖြစ်သည်။ သို့သော် ဘက်ထရီအိုး လမ်းပေါ်က သူ့ကဗျာရည်ချောင်းကလေးမှာ ဒိုင်ဗင်ထိုးချသူက ထိုးချ၊ လိပ်ပြာကူးသူကကူး၊ ငါးဖယ် 'တော့' တဲ့ ကောင်ကတော့၊ ပုစွန်လုံးနှိုက်သူ နှိုက်၊ ကြက်သွန်တွေကို တောင်းကြီးတောင်းငယ်နဲ့ ရေလာဆေးသူ ဆေးကြနှင့် အလုပ်တွေရနေကြပေမယ့် ချစ်ရသူကောင်မလေးကတော့ ဒီဘက်ထရီအိုးလမ်းပေါ်က အဖြစ်အပျက်တွေအားလုံးကို လှလှပပမျက်လုံးလွဲ၍ ကန်းပြနေခဲ့သည်ချည်း။ သို့သော် ကဗျာတွေရေးနေ သူကြီးကတော့ သူ့ကောင်မလေးကို မနာနိုင်... ။ ကန်းပုံလေးတောင် တစ်မျိုးလှတယ် ထင်မိ၏။ မည်သို့ပင်ဖြစ်စေ ကဗျာတွေရေးနေသူကြီးကတော့ သူ့ချောင်းကလေးမှာ သူ့ကောင်မလေး ရေကူးဝတ်စုံနှင့် ရေသူမလုပ်ပြတာမျိုး သူမြင်ချင်သည်။ ထိုအခြေအနေမျိုးကို သူငံ့လင့်သည်။ သို့သော်...

            သို့သော်များ၏ အခြားသို့သော်များတွင် ကဗျာတွေရေးနေသူကြီးသည် သူ့ဘက်ထရီအိုး လမ်းကလေးပေါ်တွင် ဆိုခဲ့သည့်အတိုင်း ပခုံးလျောကျသည့်အထိ ဆိုခဲ့သည့်အတိုင်း လေးလေးလံလံကြီးဖြစ်ကာ ဆိုခဲ့... ဆိုခဲ့သည့်အတိုင်း လမ်းပြည့်လမ်းလျှောက်ဆဲပင် ဖြစ်၏။

            ထိုသိုသော်များ၏ အခြားသော သို့သော် တစ်သို့သော်တွင်မူ.........

.................................

.................................

.................................

၅ နင့်ကို စောင်းတဲ့ ငါ့ကဗျာတွေ...

နင် 'မြေကြီး'ဆိုရင်... ချောင်းဖြစ်ပြီး

စီးဆင်းပျောက်ကွယ်သွား တာကြာပြီ...

ဒါပေမယ့်

ဟန့်တားဖို့ နင်မကြိုးစားတာ ဘာလဲ

ငါ နားမလည်ဘူး... ။

၅ ဒါ... ငါ့ရဲ့သေချာတဲ့ မရိုးသားမှုပါ...

သက်သေ အထောက်အထားဆိုတာ

သံသားထက်တောင် ခိုင်မာရဲ့သားနဲ့

ဘာလို့များ ငါ့သိက္ခာတွေ

အခုထိ နင်က မချေဖဲ့သေးတာလဲ

အခုထိ ဘာကြောင့် နင်က ချနင်းမပစ်တာလဲ

ငါနားမလည်ဘူး။

၅ ငါ့ကိုယ်ရေး စီဒီဓာတ်ပြား

နင့်နားထဲ ခဏခဏထည့်ဖွင့်နေတာ

ဘာကြောင့်လို့ နင်ထင်မှာလဲ... ကိုင်း...။

၅ ငါနားမလည်တော့ဘူး...

ငါ့ကို ဒါလောက်တန်ဖိုးထားနေရအောင်ကလည်း...

ဒီအကောင်ကို နင့်ရည်းစားအဖြစ် တိတ်တိတ်ရွေးချယ်ထားလို့လား

ငါနားမလည်ဘူး။

            ဘက်ထရီအိုးလမ်းကလေးရှိရာ ချိုင့်ဝှမ်းကွေ့ကောက်လမ်းကလေး၏ အပေါ်တွင် မိုးပျံသစ်သားတံတားရှည် ကလေးတစ်စင်းကလည်း ဘက်ထရီ အိုးလမ်းကလေးနှယ် အလှအလွမ်းလက်စွမ်းပြ ပြိုင်နေသလို ရှိနေသေးသည်။ မိုးပျံတံတားလေး၏ အရှည်ကလည်း ကိုက်ငါးဆယ်ခန့်ရှိမည် ထင်ရသည်။ မြင့်မောက်သော မြောက်ဘက်ကမ်းပါးယံမှ သစ်တောအရာရှိကြီးအိမ်နှင့် မတ်စောက်သောတောင်ဘက် ကမ်းပါးပြတ်မှ သစ်တောအရာရှိကြီးတစ်ဦးတို့ အိမ်ကို ဤမိုးပျံတံတားကလေးကပင် ဆက်သွယ်ပေးထားသည်။ သစ်ကောင်း၊ အသားကောင်းများဖြင့် အနုပညာမြောက်စွာ တည်ဆောက်ထားသဖြင့် မိုးပျံ တံတားလေးမှာ ဘက်ထရီအိုးလမ်းကလေးကဲ့သို့ ခိုင်သော်လည်း နွဲ့သည် ဟု ထင်ရပေသည်။

            ရေတက်ရာသီ ရောက်ချိန်များတွင်တော့ ငှက်သမ္ဗန်များ၊ မော်တော်ငယ်များသည် တက်ရေနှင့် ကဗျာတွေ ရေးနေသူကြီးဆီမှ စိမ့်သော ကဗျာရည် မြစ်ကြောင်းသစ်အတိုင်း ဘက်ထရီအိုးလမ်းကလေးပေါ်သို့ ဖြတ်သန်းဝင် ရောက်လာကြဦးမည်ဖြစ်သည်။ ယင်းမှ ခြေတံရှည် မိုးပျံသစ်သားတံတား အောက်ဖြတ်ကာ ရေပေါ်ယာဉ်ငယ်များ တာရိုးပေါင်ပေါ်သို့ ဝင်ရောက်၍ မှေးတင် ငိုက်စင်းကြဦးမှာ သေချာသည်။ မိုးပျံသစ်သားတံတား မြင့်မြင့်ကလေးမှာ ပုဂ္ဂလိကပိုင် ပုဂ္ဂလိကသုံး တံတားပျံလေးဖြစ်သော်လည်း ဘက်ထရီအိုးလမ်းကလေးနှင့် တွဲဆက်လိုက်သောအခါ... ပိုက်ကျုံးမရမ်းခြံ၏ 'နတ်တို့ ဝှက်ထားသောအလှ...' သဖွယ် ကဗျာဘက်သို့ 'လု'လျက်ရှိပေသည်။

            အဆိုပါ မနာလိုစရာကောင်းလောက်အောင် လှနေသော နေရာလေးကို နတ်တို့ဝှက်ထားသော အလှ...ဟု တင်စားရသည်မှာ အကြောင်းရှိသည်။ ထိုမိုးပျံတံတားမြင့်မြင့်ကလေး မိုးထားသော ဘက်ထရီအိုးလမ်းကလေးမှာ ရပ်ဝေးလူများ အသုံးနည်းလှသော လမ်းကလေးဖြစ်သောကြောင့် ဖြစ်သည်။ ရပ်ဝေးမှ ကုန်သည်များ သို့မဟုတ် ဧည့်သည်များမှာ မော်တော်ဆိပ်ကမ်းမှ မြို့တော်အဝင်လမ်းကျယ်ကိုသာ အသုံးပြုကြသောကြောင့်ဖြစ်သည်။ ထိုလမ်းကျယ်သည် ယာဉ်မျိုးစုံအပြင် ဝိတ်များလှသောယာဉ်ကြီးများပင် အသုံးပြုနိုင်သောလမ်းဖြစ်သည်။

            ထို့ကြောင့် ဘက်ထရီအိုးလမ်းကလေးမှာ ဒေသခံလူများနှင့် အကြံအစည်တစ်ခုရှိပြီး နတ်တို့နှင့် အဖွဲ့ကျသော ကဗျာတွေ ရေးနေသူကြီးတို့ လောက်သာ အသုံးပြုသော လမ်းပုန်းကလေး ဖြစ်နေရတော့သည်။

            ဘက်ထရီလမ်းကလေးမှာ အရေအတွက် များလှစွာသော ဘက်ထရီ အိုးခွံဟောင်းများကို မှောက်ကာ တစ်လုံးချင်းဆက်ပြီး မြေမြှုပ်ခင်းထားသော လမ်းဖြစ်သည်။ မှောက်ခင်းထားသော ဘက်ထရီအိုးခွံကလေးများမှာ ကျပ်ကျပ်တင်းတင်း စီစီခြယ်ခြယ်ရှိလှပြီး တစ်အိုးခွံနှင့် တစ်အိုးခွံတို့မှာ ဆည်းဆည်းပူးပူး ရှိနေကြပြန်သည်ကို တွေ့ရသည်။ လမ်းအကျယ်က မျက်နှာချင်းဆိုင်နှစ်ယောက်စီ လမ်းတွဲလျှောက်လာသော အရက်သမားလေးယောက် လွတ်အောင်ရှောင်လျှောက်နိုင်သော လမ်းကျယ်မျိုးလောက်တော့ရှိသည်။ အရွယ်ညီသော ဘက်ထရီအိုးငယ်များ မြေမြှုပ်ခင်းထားသောကြောင့် လမ်းက ငြိမ်သည်။ မိုးရွာသောအခါ စတုရန်းပုံအနက်ကွက်များ လိုင်းဖော်ထားသကဲ့သို့ အနက်ရောင် လေးထောင့်မျဉ်းလိုင်းများ ပေါ်တွင်လာကာ လမ်းကလေးကို တစ်မျိုးလှလာပြန်သည်ကို တွေ့ရ၏။

            ကဗျာတွေ ရေးနေသူကြီးကိုချည်း အပြစ်ပုံချ၍မရ။ ထိုလမ်းကလေးကလည်း လမ်းဆာနေသော သူ့ခြေထောက်များကိုအနက်ရောင် ပဉ္စလက်ကွက်များဖြင့် မြှူဆွယ်ခဲ့ခြင်းကိုလည်း မေ့ထားရန်မဖြစ်။ ယခုအချိန်ထိလည်း ကဗျာတွေ ရေးနေသူကြီးသည် ငတ်မှုတစ်ခုဖြင့် ငတ်လျက် ဘက်ထရီအိုးလမ်း ကလေးပေါ်မှာ ပခုံးလျောအောင် ပခုံးလျောကြီးဖြင့်...

၅ နင့် ပေါ့ပါးကြည်လင်မှုတွေ...

ဘာက လေးပင်သွားစေတာလဲ

(ငါ ရည်းစားစကား ပြောလိုက်လို့လား...)

'စိတ်အနှောင့်အယှက်တစ်ခု...' လို့ နင်ပြောနေတာ...

အဲဒါ...ငါလား၊ ဘယ်ကောင်လဲ။

၅ ငါ ဘာလဲဆိုတာ ပြောဖို့မှမလိုတော့ဘဲ

ငါ ဖရိုဖရဲ လွမ်းတတ်တယ်ပျင်းတွဲတွဲလည်း လွမ်းတတ်တယ်...

'လက်တွေ့'နဲ့'ပြတ်သား'ဆိုတဲ့

အချုပ်ခန်းထဲက စကားလုံးတွေ

'အာမခံ'နဲ့ ထုတ်ပြီး... ငါ့ဟင်းလင်းကို သယ်မလာနဲ့

ငါပြောလိုက်ဦးမယ်...

'သိမှု'နဲ့'ဆင်ခြင်ခြင်း'ကိုလည်း

အာမခံနဲ့ ထုတ်မလာခဲ့နဲ့

၅ ငါ... ပြောလိုက်ဦးမယ်...

........................

........................

........................

            မှန်သည်။ မှန်သည်... ဆိုသည်မှာ သူ့ဘက်က မှန်ခြင်းသာဖြစ်သည်။ သို့သော် ထိုကိစ္စ ကိစ္စမရှိ။ ကဗျာတွေ ရေးနေသူကြီးကလည်း သူ့အဖို့မှန်ရင် တော်ပြီဆိုသည့် လူစားပင်။ သူ၏ ငတ်လင့်မှုနှင့် ငတ်မှုသည် သူပခုံးပေါ်မှာပင် ရှိဆဲဖြစ်သည်။ သူပခုံးသည်လည်း မကြာမီတွင် မြေကြီးပေါ်သို့ ဖုတ်ခနဲပြုတ်ကျတော့မည် ထင်ရသည်။ သို့သော်...

၅ ချစ်တဲ့ ကောင်မလေးရေ...

ဒီကဗျာ ယိုစီးဖို့

ဘက်ထရီအိုးတွေပေါ်

ငါလျှောက်နေတုန်း

တစ်မိုးလုံး မှိုင်းလို့

တစ်သုန် နှစ်သုန်လေး ရွာဖို့ကိုပဲ

ပြင်ပြင်ဆင်ဆင်တွေ လုပ်နေလိုက်တာ

နင့်လိုပဲ မိုးက။

၅ တကယ်လို့များ

ငါ့အလစ် ဒီမိုးရွာရင်

ဒီလမ်းပေါ် ငါမရှိဘဲ

တစ်နေရာ ရောက်နေတယ်ထား

'ခံစားမှုပြကွက်'တစ်ခု ဆုံးရှုံးလိုက်ရလို့

မိုးရွာတုန်းမရှိတာ နာတယ်... ငါ ပြောရင်

နင်...ရယ်မှာပဲမဟုတ်လား

မိုးလိုပဲ နင်က။

၅ နင်နဲ့ မိုး

မိုးနဲ့ နင်ကဖြင့်လေ... ။

            မည်သို့ပင်ဖြစ်စေ မိုးကားမရွာ။ သို့သော် ကဗျာတွေရေးနေသူကြီးကတော့ ထိုလမ်းပေါ် ထိုအချိန် မိုးရွာ ကြည့်သည်။ ပြီးတော့ မိုးရေစိုနေသော သူ့ကောင်မလေးကိုလည်း ထိုလမ်းပေါ် လမ်းလျှောက်ခိုင်း ကြည့်သည်။ မိုးကို အပြင်းဆုံး ရွာကြည့်သည်။ မိုးသီး မိုးပေါက်များကိုလည်း ရေကြည့်သည်။ ထိုအခါ... သူ့ပခုံးများလည်း ပြန်တင်မရတော့ ...

၅ အို...

ရေစိုနေတဲ့ စတိုးဆိုင်လေး လမ်းလျှောက်တာပါလား...

ဘက်ထရီအိုး လမ်းကလေးပေါ်မှာ...

၅ ဒီစတိုးဆိုင်လေးက

အလှအပပစ္စည်းတော်တော်များများ 'တင်'ထားပါလား

ဘက်ထရီအိုးလမ်းကလေးပေါ်မှာ...

၅ အို... ဘက်ထရီအိုးလမ်းပေါ်က စတိုးဆိုင်မလေး...

နင့်ဆိုင်မှာ အချစ်မတင်ရဘူးလား... ။

            ၃။

ဖြစ်နေပုံက (၂)

            မှန်ပြန်သည်။

            ဘက်ထရီအိုးလမ်းကလေး ကွေ့ကောက်သလို ကဗျာတွေရေးနေသူကြီးနှင့် သူ့ကောင်မလေးတို့ အချစ်ကလည်း ဝေ့လည်လည်ကြီးဖြစ်နေတုန်းပဲ ရှိသေးသည်။

            ဟိုတုန်းကတော့ မြစ်ကမ်းသူ သူ့ကောင်မလေးသည် သူမ နေထိုင်ရာ မြစ်ကမ်းမှ တာပေါင်မြင့်မြင့်ကို ကျော်ဖြတ်၍ ကဗျာတွေရေးနေသူကြီး သူ့ ကိုယ်သူ မြှုပ်နှံရာ ပါရီမြို့စွန်က ကဖီးဆိုင်ဟောင်းကလေးတူသော ရွှေကျား လက်ဖက်ရည်ဆိုင်သို့ မကြာမကြာ ရောက်လာတတ်ပေသည်။ သို့သော် ယခုတော့ ကောင်မလေးက ကဗျာတွေ ရေးနေသူကြီးကို ဝေးဝေးစိမ်းစိမ်း၊ မြစ်ကမ်းသူလေး ဝေးစိမ်းသော်လည်း မဝေးစိမ်းနိုင်သော ကဗျာတွေရေးနေ သူကြီးကတော့ သူပခုံးများလျောကျလျက်ကပင်... လွမ်းလို့မို့ဆို...ဆိုပြီး...

၅ ဟောဒီ တာပေါင်အောက်ကပေါ့

မြစ်ကမ်းသူမျက်နှာ အဝိုင်းကလေး...

တဖြည်းဖြည်း မြင့်တက်လာမှာ ပြီးတော့ တဖြည်းဖြည်း နိမ့်နိမ့်လာမှာ...

ငါကြည့်ခွင့်ရ (မြေကြီးကို နောက်စေ့နဲ့ ကပ်ပြီး... )

ဒါပေမယ့်ပေါ့ မြစ်ကမ်းသူရယ်

ပင့်ရိုက်တဲ့ ငါ့မျက်လုံးတွေမှာ

တခြားမျက်နှာတွေ မြင့်တက်လာကြ တခြားမျက်နှာတွေ နိမ့်နိမ့်သွာကြ

ငါ ရိုးရိုး လှဲအိပ်နေတာမှ မဟုတ်ဘဲ

နင့်မျက်နှာ ဘယ်သွားနေသလဲ

၅ နင့်မျက်နှာ

ရေပြင် မြေပြင်နောက်ခံနဲ့ မဟုတ်ဘဲ တိမ်ပြင် နောက်ခံနဲ့အတူ...

ဘယ်အချိန်ကျမှ ဖော့တက်လာမှာလဲ မြစ်ကမ်းသူ...

ဒီအခါ... နင် 'တိမ်သားဗီးနပ်စ်'

ဒါပေမယ့် လက်နှစ်ဖက်ပါမယ် ခြေနှစ်ဖက်ပါမယ်

ငါ့အဖို့ နင် အင်္ဂါစုံစေမယ် သိလား။

၅ ဒါထက်

နင့်မျက်လုံး ဘယ်အချိန်အားသလဲ (ငါ့ကို တစ်ချက်လောက် ကြည့်ဖို့)

နင့်ခြေထောက် ဘယ်အချိန်အားသလဲ (ငါ့ဆီ တစ်ချက်လောက် လာဖို့)

နင့်ပါးစပ် ဘယ်အချိန်အားသလဲ

(ငါ့ကို စကားလေးတစ်ချက်လောက် ပြောဖို့)

ဒီတာပေါင်အဆင်းမှာ...

ငါ... ငါ့မျက်လုံးတွေခင်းထားတယ် မြစ်ကမ်းသူ...

နင်... နင်လျှောက်လာခဲဖို့ပေါ့

ခွာမြင့်ဖိနပ်လှလှလေးတော့ စီးခဲ့အချစ်ရယ်... ။

            အမှန်တော့ ဘက်ထရီအိုးလမ်းကလေးသည် ကဗျာတွေရေးနေသူကြီးက ကဗျာဖြစ်ပေါ်မည့်နေရာကို ချောင်းကြည့်ရန်အတွက် အသုံးပြုသော လမ်းမြောင်ကလေးတစ်ခုသာ ဖြစ်သည်။ ထိုလမ်းကလေးမှာ သူ တစ်ဖက်သတ် ချစ်နေသော ကောင်မလေးနေထိုင်ရာလမ်းမဟုတ်ပေ။ ကဗျာတွေ ရေးနေသူကြီး၏ သတ္တိကတော့ ကောင်မလေး၏ အိမ်ရှေ့ကတောင် ဖြတ်လျှောက်ရဲသူမဟုတ်။ သို့ကြောင့်ပင် သူသည် ဘက်ထရီအိုးလမ်းကလေးပေါ်သို့ ပိုင်စိုးပိုင်နင်း လမ်းလျှောက်လျက်ပင်ရှိသည်။

            သူ့ကို အချစ်နှင့် ပတ်သက်လျှင် လုံးဝ(လုံးဝ) သတ္တိနည်းသူ... ကောက်ချက်ချလျှင်တော့ မှားပေလိမ့်မည်။

            'သူ့တွင် မြစ်ကမ်းသူအား... မျက်ကွယ်၌ ပေါ်တင်ချစ်ရေးဆိုရဲသော သတ္တိမျိုး... '

            ကဗျာတွေ ရေးနေသူကြီးမှာ ဒီသတ္တိမျိုးကို အပေါင်းအသင်းတွေ... နှုတ်လုံရင်ဖြင့်... ဖြင့်... ဖြင့်...

            ၄။

ဖြစ်နေပုံက (၃)

            ဒီနေ့ မြစ်ကမ်းဘက်ကို ဆင်းလာရာမှာ ဘက်ထရီအိုးလမ်းကလေးကို အသုံးမပြုဘဲ ချစ်တဲ့ကောင်မလေး အိမ်ရှေ့ကပဲ သူခပ်တည်တည်လျှောက် လာခဲ့၏။

            ကဗျာတွေရေးနေသူကြီးသည် သူ ဤကဲ့သို့ ချစ်သူအိမ်ရှေ့လမ်းကို ဣန္ဒြေမပျက် လမ်းလျှောက်ပြနိုင်ခြင်းကို အပေါင်းအသင်းများ မြင်စေချင်လှသည်။

            သို့သော် သူ့ဆန္ဒမပြည့်ပေ။ သူ ချစ်သူအိမ်ရှေ့လမ်းပေါ် လမ်းလျှောက်တာကို ဘယ်သူမှ မြင်နိုင်စရာအကြောင်း သိပ်မရှိလှ။ အဘယ်ကြောင့်ဆိုသော် သူ့ချစ်သူအိမ်ရှေ့ လမ်းလျှောက်လာသောအချိန်မှာ မနက် ၄ နာရီ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သူကတော့ သူ၏ သူရဲကောင်းဆန်သော ထိုအပြုအမူကို သူ့အပေါင်းအသင်းများ အခုလို မနက် ၄ နာရီမှာ ထကြည့်စေချင်သည်။ ယခုကဲ့သို့ ပရိသတ်ဝေး၍... 'သြာဘာဝေး သူရဲကောင်း...'မျိုး၏အဖြစ်ကို သူ သိပ်မကြိုက်ဘဲ လုပ်နေရခြင်းဖြစ်သည်။

            အမှန်တော့ ယခုလို သူချစ်နေသော ကောင်မလေးအိမ်ရှေ့ကို အခုလို မနက် ၄ နာရီမှာ လမ်းလျှောက်ရဲခြင်းကလည်း ကောင်မလေးအိမ်ရှေ့မရှိကြောင်း သူ သေသေချာချာ သိထားသောကြောင့် ဖြစ်သည်။ ကောင်မလေးသည် သူနှင့် မကြာမကြာ ဆုံတတ်ရာ ရွှေကျားလက်ဖက်ရည်ဆိုင်တွင် နောက်ဆုံးတွေ့စဉ်က... သူမ ခရီးသွားစရာရှိကြောင်း... လေးငါးခြောက်လပင် ကြာမည်ဖြစ်ကြောင်း... သူ့အား ပြောသွားသေးသည်ပင်။ ထို့ကြောင့် သူ သူရဲကောင်းလုပ်နေခြင်းဖြစ်သည်။ သူမ၏ ဖူးဖူးဝိုင်းဝိုင်း ရွှေမျက်နှာလေးကိုလည်း သူ မတွေ့ရတော့သည်မှာ တစ်လပင်ကျော်လောက်ပေပြီ။ လွမ်း...။ လွမ်း... ။ လွမ်း...။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။ လွမ်း... ။

            'ကံကြမ္မာမှာ နာမည်ပျက်ရှိတယ်...'

            ကဗျာတွေရေးနေသူကြီးသည် သူ၏ ဘဝကံကြမ္မာကိုပင်... 'နာမည်ပျက်စာရင်း...' သွင်းထားသူဖြစ်သည်။ မှန်၏။ နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရပေသော အနှီကံကြမ္မာကလည်း ကဗျာတွေရေးနေသူ ကြီးကို 'တီး'ပေါင်းများပြီဖြစ်၏။ သူလည်း 'အီ'၏။

            ဆိုခဲ့သည့်အတိုင်း ကံကြမ္မာ၏ အချဉ်သည် သူ့ကိုယ်သူ ပခုံးများ 'တင်'၍ သူရဲကောင်းလုပ်ကာ ကောင်မလေး အိမ်ရှေ့မှာ ဖြတ်လျှာက်ရင်း မြစ်ကမ်း ဆီသို့ ရောက်လာခဲ့ပေပြီ။

            မြစ်ကမ်းမှာ ရေနီတွေအလည် လာချိန်ဖြစ်၍ မော်တော်ဦးများကြောင့် တွန့်ဝင်လျက်ရှိသည်။ နံနက်ဦးပေမို့ အချိန်က ရေနီ၊ ရေပြာ မကွဲတတ်သေး။ သူက သည်နယ်သားလိုဖြစ်နေ၍သာ သည်အချိန်ဆို ရေနီတွေ အလည်အပတ် ရောက်လာတတ်ကြောင်း သိနေ၍ဖြစ်သည်။ အခုတော့ ကဗျာတွေရေးနေသူကြီးနှင့် မြစ်ကမ်းသူရဲ့မြစ်တို့ တွေ့ကြပြီ... ။

၅ မြစ်ကလေးကတော့ သန့်စင်ပြနေလိုက်တာ...

ငါ့ရဲ့ ဝေဒနာလမ်းပြသူမဟုတ်သလိုပဲ။

၅ နေ့သစ်တစ်နေ့အတွက်

မင်း... ဘာမှ မပြင်ဆင်ရသေးပါလား မြစ်သစ်ရေ

မင့် အနားသတ်တွေ တွန့်ခေါက်နေတာ ရေနီတွေကြောင့်

ငါ့ကြောင့်မဟုတ်ဘူးနော်

၅  မင်းဟာ ပညာမဲ့ ကုန်ထမ်းသမားကြီးပါ...

ချစ်စရာလည်း အလွန်ကောင်းပါရဲ့

သင်္ဘောတွေ ထမ်း၊ မော်တော်တွေ ထမ်း

ငှက်တွေ ထမ်း၊ လူတွေ ထမ်း

မင်းသာ... ထမ်း ကျန်ရစ်ပါတော့

'အဝေးလွမ်းစနစ်'နဲ့သာ ငါ ကစားချင်ပြီ။

            မှန်သည်။ ကဗျာရေးသူကြီးအတွက်တော့ အလွမ်းတွေကို 'အပေါ်ဘော' အဖြစ်နဲ့သာ ကန်ချင်ပေပြီ။ မြစ်လယ်က ကျွန်းတစ်ကျွန်းကို သူရပ်နေရာ ကမ်းဘက်ဆီ ကူးလာသည် အထိတော့ သူ မမျှော်ကိုးချင်တော့။ ဘယ်ကျွန်းကိုမှလည်း ကမ်းဆီကူးလာမှာမဟုတ်... ။ အချိန်ကလည်း တစ်စတစ်စ အလင်းဘက်ယူလာပြီဖြစ်သည်။ ရောက်စတုန်းကလို မဟုတ်။ မြစ်ပြင်ကလည်း သူဧည့်သည် ရေနီတွေကို တစ်စတစ်စ ဖော်ပြလာပြီဖြစ်၏။ အပြန် ဆိုလျှင်တော့ သူ့အသက်ရှူပေါက် လမ်းကလေးဖြစ်သည့် ဘက်ထရီအိုးလမ်း ကလေးကိုသာ သူ အသုံးပြုရတော့မည်။ ကောင်မလေး အိမ်ရှေ့လမ်းကိုတော့ သုံးရန် မဖြစ်နိုင်တော့။ ထို့ကြောင့် ကဗျာတွေရေးနေသူကြီးသည် ဘက်ထရီအိုး လမ်းကလေးဆီသို့ ခြေလှည့်ရန် ခြေပြင်လိုက်ခိုက်...

၅ အို.. ရေနီထဲမှာ... ရေသူမ

သူ... သူမ... သူမ... ငါ့သူမ

ရောင်နီပျို့စ မမြင်ရကြာ ငါ့သူမ

အလွမ်းပေးသော... ရှောင်တိမ်းသော

ရောင်နီပျို့စ မမြင်ရကြာ ငါ့သူမ

ကြည့်စမ်း... 'ငါး' အရှုံးပေးရတယ် ရေကူးပုံ

ရောင်နီပျို့စ မမြင်ရကြာ ငါ့သူမ

ပြောတော့ဖြင့်... 'ခရီးသွားနေတာ...' ဆို...

ရောင်နီပျို့စ မမြင်ရကြာ ငါ့သူမ

အခုတော့ ရေကိုတောင် 'ပုန်း'ပြီး ချိုးနေရတယ်...လို့

ရောင်နီပျို့စ မမြင်ရကြာ ငါ့သူမ။

            ကဗျာတွေရေးသူကြီးသည် ရေခိုးချိုးနေသော သူ့ကောင်မလေးကို အမှတ်မထင် ပြန်တွေ့လိုက်ရသောအခါ... သူ့အနေအထားကို သူနားလည်သွားတော့၏။ သူ့တွင် ငြင်းစရာဆိုလို့ ကောင်မလေးထက် အသက်နည်းနည်း 'များ'တာပဲ ရှိသည်။ ရုပ်ရည်ကလည်း အဆိုးကြီးမဟုတ်။ ငြင်းရအောင်က...။

            မည်သို့ပင်ဖြစ်စေ... ကဗျာတွေ ရေးနေသူကြီးသည် သူ့အောင်ပင်လယ် မေ့လျော့ကာ သောင်မရှိသောအရပ်၌ တစ်လကိုးသတင်း သောင်တင်နေမိသောအဖြစ်ကို ယခု သူပြန်၍ သတိရပေပြီ။

            သူ အောင်ပင်လယ်ပြန်မည်။ ကဗျာရေးသူကြီး အောင်ပင်လယ်ကို ပြန်တော့မည်။ နန်းတော်ရှေ့ ဆရာတင်အောင် ပင်လယ်ပြန်သလို 'ပတ်ဗေတိုးပုံ...'တွေ မပါဘဲ တိတ်တိတ်ကလေး ပြန်သွားပါမည်။ ဟုတ်သည်လေ...။ 'ခရီးသွားမည်... 'ဟု အကြောင်းပြပြီးမှ ဘယ်ခရီးမှ မသွားဘဲ အခုလို... အခုလို... ရေကိုတောင် ပုန်းချိုးနေရတဲ့အဖြစ်ထိ သူ့ကို ရှောင်တိမ်းနေမှတော့ သည်မြေမှာ သူမရှိသင့်တော့ဆိုတာ သူ နားလည်လိုက်ပါပြီ။ သူမခမျာ အနေကျုံ့ရှာပေါ့။ သူဖြစ်ပြီး သူ့ကြောင့် ဒီကောင်မလေး မိတ္တူကူးစက်တစ်လုံးလို ကိုယ်ကို ချုံ့လိုက် ချဲ့လိုက်လုပ်ရင်း ပင်ပန်းနေမှာကို ကဗျာတွေရေးနေသူကြီး မကြည့်ရက်တော့။ အောင်ပင်လယ်ပြန်မည်။

            လိမ်ညာရက်သူ ကောင်မလေးကတော့ ရေနီနီထဲမှာ... ငါးရှုံးအောင် မြူးတူးဆဲသာ ဖြစ်သည်။

            သူ မိုးပျံသစ်သားတံတားလေးကို ကြည့်လိုက်သည်။ အနက်ရောင်လေး ထောင့်ကွက် ညီညီကလေးများဖြင့် ပုံဖော်ထားသော ဘက်ထရီလမ်းကလေးက သူ့မျက်လုံးထဲ တရေးရေးပြန်ပေါ်လာသည်။

            'ပြန်တော့မယ်... '

            မကြားနိုင်မှန်းလည်း သိရဲ့နဲ့ သူက နှုတ်ဆက်ဖြစ်အောင်လည်း နှုတ်ဆက်လိုက်သေး။ ကြားအောင်လည်း နှုတ်မဆက်ရဲသော်လည်း မကြားအောင် သူ... သူ... နှုတ်ဆက်လိုက်သေး၏။

            သူ့စက်ဘီးကလေးရှိရာသို့ ပြန်သွားရန်အတွက် ဘက်ထရီအိုးလမ်း ကလေးပေါ်သို့ သူရောက်လာပေပြီ။ ကဗျာတွေရေးနေသူကြီး ပြိုလဲမသွားရန် ဘက်ထရီအိုးလမ်းကလေးကပင် မနည်းထိန်းလိုက်ရသည်။ သူ့ပခုံးများလည်း ရုတ်တရက် လျောကျသွားပြန်၏။

            အောင်ပင်လယ်ပြန်ရသူကြီး၏ အသည်းပြင်ကတော့ ဘက်ထရီအိုးလမ်း ကလေးသဖွယ် လေးထောင့်ကွက်ဆန်ဆန် ကွဲအက်ရာများစွာဖြင့် ပြန်၍ အဆက်ခက်အောင် ခပ်စွေစွေကလေးတွေ ကွဲအက်သွားခဲ့ပြီဖြစ်သည်။

            မည်သို့ပင်... သေရာပါဒဏ်ရာ များရခဲ့သော်လည်း ကဗျာတွေရေးနေသူကြီးကတော့ သူ့အောင်ပင်လယ်ကို... ပိုက်ကျုံးမရမ်းခြံသူတွေ လိုက်ခဲ့ရမယ်လို့ မဆိုဝံ့ကြောင်းပါ... ။

            ၅။

ဧသအတွက်

            သူ အောင်ပင်လယ်ပြန်ရောက်ရင်တော့ အချစ်ဝတ္ထုတစ်ပုဒ်လောက် ဖတ်ချင်သည်ဆိုသော... 'ကဗျာဆရာမလေးဧသ'နှင့်အတူ ဧသတို့၏ ပထမဧဒင်၊ ဧသတို့၏ ဒုတိယဧဒင်၊ ဧသတို့၏ တတိယဧဒင်၊ ဧသတို့၏ စတုတ္ထဧဒင်တွေထဲက ပစ်ချက်လွဲ ကဗျာဆရာလေးတွေ... ကဗျာဆရာမလေးတွေ ခံစားဖတ်ရှုနိုင်ကြဖို့အတွက် ပိုက်ကျုံးမရမ်းခြံတွင် အမှန်ရှိခဲ့ဖူးသော ဘက်ထရီအိုး လမ်းကလေးကို မဂ္ဂဇင်းစာမျက်နှာပေါ်သို့ တင်ပေးလိုက်တော့မည်။

            အကယ်၍ ထိုဝတ္ထုကလေး မဂ္ဂဇင်းစာမျက်နှာပေါ်ပါရှိလာပြီး... ယခု အချိန်တွင် ဘယ်ဆီဘယ်ဝယ်သို့ ရောက်နေမှန်းမသိသော ချစ်တဲ့မြစ်ကမ်း သူကသာ ထိုဝတ္ထုကလေးဖတ်ပြီး သနားစိတ်ဖြင့် စိတ်ပြန်လည်ကာ သူ့ အောင်ပင်လယ်သို့ ပြန်ရောက်လာလျှင်ဖြင့်...

            ဟုတ်သည်။ မြစ်ကမ်းသူ ကောင်မလေး ပြန်ရောက်လာလျှင် သူသည် သွေးတိုးရောဂါနှင့် အရိုးကျီးပေါင်းရောဂါတို့၏ သားကောင်ဘဝသို့ ရောက်နေရသော်လည်း ထိုရောဂါများ မသိချင်ယောင်ဆောင်ကာ ပိုက်ကျုံးက ရွှေကျားလက်ဖက်ရည်ဆိုင်ကို အရင်လို သူမနဲ့အတူ နှစ်ယောက်တည်း ထိုင်ဖြစ်အောင်ကို သွားထိုင်လိုက်ဦးမည်။ ငယ်မူငယ်သွေး အချစ်ကဗျာများစွာကိုလည်း ပြန်၍ ရေးလိုက်ဦးမည်။ ပျော်စရာ... ။

            သြော်... ဧသဆီက လက်ဖက်ရည်ဖိုး ဆွဲခဲ့ဖို့တော့ မေ့လို့မဖြစ်ဘူး။

ကိုငြိမ်း ၊မန္တလေး၊

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)


 

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်