မောင်သန်းဆွေ၊ထားဝယ်၊
အချိန်ကား သက္ကရာဇ် ၁၂ဝ၂ ခုနှစ်တွင် ဖြစ်သည်။ သာယာဝတီ မင်းတရားကြီးသည် မိဖုရားခေါင်ကြီးတွင် မြင်သည့် သမီးတော် သီရိပဝရ တိလောကရတနာ မင်္ဂလာဒေဝီ (နောင်အခါ မင်းတုန်းမင်းတရားကြီး မိဖုရားခေါင်ကြီး စကြဒေဝီဖြစ်လာသူ)ကို နားထွင်း၊ ဆံထုံးထုံး၊ တဘက်ဝတ်၊ ဒက်ဘယက်ဆင်၊ မင်္ဂလာအခမ်းအနား ကျင်းပရန် စီစဉ်တော်မူသည်။ သမီးတော် စုဘုရားကြီးသည် လောကီ၊ လောကုတ္တရာ ကျမ်းဂန်များကို တတ်သိကျွမ်းကျင်တော်မူသည့်အပြင် သဒ္ဓါ၊ သီလ စသော အကျင့်တရားများနှင့် ပြည့်စုံတော်မူသောကြောင့် အချီးမြှောက်ကြီး ချီးမြှောက်တော်မူလို၍ ရှေးက မင်းများ၏ သားတော်၊ သမီးတော်တို့ကို နားထွင်းမင်္ဂလာ ပြုတော်မူသည့် စာတမ်းစာရင်းထွက်များထက် သာလွန်အောင် ချီးမြှောက်သူကောင်းပြုတော်မူရန် စီစဉ်သည်။ သိကြားရေစင်ခံနန်း၊ ဝတ်လဲတော်နန်း၊ ရေခပ်အခမ်းအနားမှစ၍ ထီးဖြူ၊ ယပ်မား၊ မင်းခမ်းမင်းနား၊ ကြည်းဘက်၊ ရေဘက်၊ ဖောင်တော်၊ လှော်ကားတော်များ ခင်းကျင်းစီစဉ်ရန် ရှိသည်ကိုလည်း လုပ်ဆောင်စီရင်စေသည်။ နားရံတော် များအဖြစ် သမီးတော် လှိုင်မင်းသမီး၊ သမီးတော်ပင်းတလဲ မင်းသမီးနှင့် ယင်းခဲမင်းသမီး (နောင်အခါ မင်းတုန်းမင်း တရားကြီး၏ အနောက်နန်း မိဖုရားများ ဖြစ်လာသူများ) သမီးတော် တောင်သာမင်းသမီး (နောင်အခါ မင်းတုန်းမင်းတရားကြီး၏ မကွေးမိဖုရားဖြစ်လာသူ)၊ သမီးတော် ညောင်အုပ်မင်းသမီး၊ သမီးတော် စောလှမင်းသမီးတို့နှင့် သားတော် ပန်းတိမ်းမင်းသား (နောင်အခါ မင်းတုန်းမင်းလက်ထက် တော် အိမ်ရှေ့စံကနောင်မင်းသားဖြစ်လာသူ)၊ သားတော် တရုတ်မြှော်မင်းသား၊ သားတော် မင်းတပ်မင်းသား (နောင်အခါ ပုဂံမင်းလက်ထက်တော် အိမ်ရှေ့စံလှိုင်မင်းသား ဖြစ်လာသူ)တို့ကိုလည်း သမီးတော် စုဘုရားကြီးနှင့် တစ်ချိန် တစ်ခါတည်း သျှောင်ထုံး၊ နားထွင်း၊ တဘက်ဝတ်၊ ဒက်ဆင် မင်္ဂလာဆောင်စေတော်မူသည်။
ယင်းနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃
ရက်နေ့၊ နံနက် ၄ ချက်တီးကျော် ၃ နာရီအချိန်၊ အခါတော်အတိုင်း နားရံတော်ပါ
သမီးတော်နှင့်သားတော်တို့ ဝဲယာခြံရံစေ၍ စုဘုရားကြီးကို မှန် နန်းတော် ဘမရာသနရာဇပလ္လင်တော်
ရှေ့တွင် နားထွင်းမင်္ဂလာဆောင်တော် မူစေသည်။ ထိုစဉ်က သမီးတော် စုဘုရားကြီးသည် အသက်
၂၇ နှစ်ရှိ ပေပြီ။ ပင်းတလဲမင်းသမီး ၂၁ နှစ်၊ ယင်းခဲမင်းသမီး ၁၇ နှစ်၊ ပန်းတိမ်း
မင်းသား ၂၁ နှစ်၊ တရုတ်မြှော်မင်းသား အသက် ၂ဝ၊ တောင်သာမင်းသမီး ၁၈ နှစ်၊
စောလှမင်းသမီး ၁၃ နှစ်၊ လှိုင်မင်းသမီး ၇ နှစ်တို့ ဖြစ်သည်။ အားလုံးတွင်
လှိုင်မင်းသမီးက အငယ်ဆုံးဖြစ်၏။ ထိုမင်္ဂလာအခါတော် အထိမ်းအမှတ်အဖြစ်
ရာဇဝတ်အပြစ်ထောင်တန်း အကျဉ်း ခံနေရသူ လူပေါင်း ၄၂ ယောက်ကို
ဘေးမဲ့ချမ်းသာပေးတော်မူသည်။ မင်္ဂလာပွဲ တက်ရောက်သူများကို ပုဆိုး၊
ခေါင်းပေါင်းအုပ်၊ ပိတ်အုပ်၊ အင်္ကျီ၊ ပဝါ၊ ထဘီ၊ တဘက် စသည်များကို နန်းတွင်းသား၊
တိုင်းသူ ပြည်သား မခွဲခြားဘဲ ပေးသနားတော်မူသည်။ ဤသို့ ပွဲလမ်းကြီးကျယ်စွာ
ကျင်းပသည်မှာ နတ်တော်လဆန်း ၅ ရက်နေ့မှ ပွဲသဘင်တော် သိမ်းသည် ဆိုပါ၏။
နတ်တော်လဆန်း ၉ ရက်နေ့တွင် သမီးတော်
စုဘုရားကြီး ဦးဆောင် ဦးရွက်ပြု၍ နားရံတော်မင်းသား၊ မင်းသမီးများ၊
အခြားမင်းသားမင်းသမီး၊ မိဖုရားအခြွေအရံ၊ နန်းတွင်းသူ နန်းတွင်း သားတို့သည်
မင်းနေပြည် အမရပူရ ရွှေမြို့တော်မှ မန္တလေးတောင်သို့ ဘုရားဖူးထွက်ကြသည်။
နားထွင်းမင်္ဂလာတွင် ပင်ပန်းခဲ့သည်များအတွက် အနားယူ အပျော်ခရီးဖြင့် ဘုရားဖူးထွက်ကြခြင်း
ဖြစ်၏။ သမီးတော် စုဘုရားကြီးကိုယ်တိုင် ဦးဆောင်သဖြင့် ဘုရင်ကလည်း
ခွင့်ပြုတော်မူသည်။ တောင်ခြေအထိ ကိုယ့်အဆင့်အလိုက် ဆင်၊ မြင်း၊ လှည်းယာဉ်၊
ရွှေထမ်းစင် စသည် စီး၍သွား ကြသည်။ တောင်ပေါ်သို့ တက်ကြသောအခါ ကိုယ့်အခြွေအရံ
အမှုထမ်း ကိုယ့်အုပ်စုနှင့်ကိုယ် တက်ကြလေသည်။ အနောက်နန်း မိဖုရားနှင့် သမီးတော်
လှိုင်မြို့စားမင်းသမီးကလေးတို့သည်လည်း သူတို့၏အခြွေအရံများနှင့်အတူ ပါလာကြသည်။
တဖြည်းဖြည်း တောင်တက်ရင်း မော၍ နားရင်းနှင့် အုပ်စုကွဲလာကြ၏။ သို့သော်
လမ်းခရီးတွင် လူသူမပြတ်ပါ။ လမ်းခုလတ်တစ်နေရာတွင် ပန်းတိမ်းမင်းသား သတိုးမင်း
ရဲကျော်ထင်သည် တရုတ်စံကားပင်ကြီး တစ်ပင်ကို မှီပြီး မော၍နားနေသည်။
အထိန်းတော်နှစ်ဦးနှင့် ရောက်လာသော လှိုင်မင်းသမီးကလေးသည် နောင်တော်
ပန်းတိမ်းမင်းသားကို မြင်သည်နှင့် သူ့လက်တွင် ပါလာသော သလဲသီးကိုယူပြီး...
'နောင်ဖျား၊
ပန်းတော်မူနေလားဖျ။ ဒီသလဲသီးကလေး အမောပြေ သုံးဆောင်တော်မူပါ' ဟု တရိုတသေ သွားဆက်သသည်။ ထိုအချိန်က လှိုင် မင်းသမီးကလေးမှာ ရွှေကြက်တောင်
စည်းကလေးနှင့် ၇ နှစ်သမီးအရွယ်သာ ဖြစ်၏။ ပန်းတိမ်းမင်းသားသည်
လှိုင်မင်းသမီးကလေးထံမှ သလဲသီးကို ယူပြီး...
'နောင်ဘုရား မောနေတာနဲ့
အတော်ပဲ လှိုင်နှမတော်လေးရယ်' ဟု ဆိုကာ ရွှေကြက်တောင်စည်းကလေးကို
လက်နှင့်ပုတ်လိုက်၏။ လှိုင်မင်းသမီး ကလေးသည် ပန်းတိမ်းမင်းသား သလဲသီးကို
ခွဲစားပြီး ပြုံးပြနေသည်အထိ ရပ်၍ ငေးကြည့်နေသည်။ အထိန်းတော်များက ဆွဲခေါ်မှ
လှည့်ကြည့် လှည့်ကြည့်၊ မလိုက်ချင်ချင်နှင့် လိုက်ပါသွားသည်။ သူတို့နှစ်ပါးသည်
သာယာဝတီမင်း၏ အနောက်နန်းမှ ဖွားသည့်သမီးတော်နှင့် တောင်ဆောင်တော် မိဖုရားမှ
ဖွားသည့် သားတော်ဖြစ်၍ အရပ်စကားနှင့်ဆိုလျှင် ဖအေတူ မအေကွဲ မောင်နှမ ဖြစ်သည်။
ပန်းတိမ်းမင်းသားမှာ ထိုအချိန်က အသက် ၂၁ နှစ်ရှိပေရာ လှိုင်မင်းသမီးထက် ၁၄
နှစ်ကြီးသည်။
သည်အဖြစ်ပျက်ကို အနောက်နန်း မိဖုရားက
အမှတ်တမဲ့ မြင်လိုက်သည် ဆို၏။ (အချို့က အထိန်းတော်များ ပြန်ပြော၍ သိရသည်ဟု
ဆိုပါသည်) နန်းတွင်း ပြန်ရောက်၍ ညဥ့်ဦးပိုင်းရောက် သောအခါ လှိုင်မင်းသမီးကို
သူ့မယ်တော်က အပါးသို့ ခေါ်တော်မူသည်။ လှိုင်မင်းသမီးကလေးမှာ တစ်နေကုန်
တောင်တက်ခဲ့ရ၊ ခရီးက ပန်း၍ နွမ်းလျလျ ဖြစ်နေပေပြီ။ သို့သော် မယ်တော်က ခေါ်သည်ဆို၍
အပါးသို့ အခစားရောက် ရသည်။ သလွန်တော်ပေါ် ထိုင်တော်မူနေသော မယ်တော်၏ ပေါင်ပေါ်သို့
ခေါင်းထိုးပြီး လှဲလိုက်သည်။
'တင်တင်၊
စက်တော်မူချင်နေပြီလား။ သည်ကနေ့ ပန်းတိမ်းကိုယ်တော်နဲ့ တင်တင်တို့အကြောင်း မယ်မယ်
သိရတယ်။ သည်မင်းသားကို အရောတဝင် မရှိပါလေနဲ့။ သူ့မှာက ကိုယ်လုပ်တော်တွေ ရှိတယ်။
နောက်လည်း မောင်းမများမယ့် မင်းသားကွဲ့။ သည်တော့ ခုကတည်းက ကင်းကင်းရှင်းရှင်းနေ
စေချင်တယ်' ဟု မိန့်တော်မူရင်း လက်ကလည်း သမီးတော်ကလေး၏
ကျောပြင်ကို သပ်ပေးနေ၏။
လှိုင်မင်းသမီးကလေးမှာ
မယ်တော်၏စကားကို ရွှေနားတော်မှ ဝင်လေသည်လား မသိပါ။ မယ်တော့်ပေါင်ပေါ်တွင်ပင်
စက်ပျော်၍ သွားလေသည်။ အနောက်နန်း မိဖုရားက သူ၏ သမီးတော်ကလေးကို ဤကဲ့သို့
ဆုံးမရခြင်းသည် ပန်းတိမ်းမင်းသားနှင့် သဘောမတူ၍ ဖြစ်သည်။ သဘောမတူရသည်ကလည်း
နန်းရမိဖုရား၏ သမီးတော်နှင့် ဆောင်ရမိဖုရား၏ သားတော်တို့ ဖြစ်၍မဟုတ်ပါ။
ပန်းတိမ်းမင်းသားတွင် ကိုယ်လုပ်တော်မောင်းမများ ရှိနေ၍ ဖြစ်၏။ သူ့သမီးတော်ကလေးကို
သူကဲ့သို့ နောက်အိမ်တော်ဆောင်ရိပ်မှာ လွမ်းစိတ်နှင့် မဆွေးစေလိုပါ။ သူကဲ့သို့
နန်းဘုံမြင့်ရိပ်ကြာလယ်မှာ သန်းယံကျူးလို့မှ ဖူးမလွယ်ရသည့်ဘဝမျိုး မဖြစ်စေချင်။
သည်းကြွေကျွမ်းမျှ လွမ်းရန် မဆင်စေလိုပါ။ သို့ဖြစ်၍ ကိုယ်လုပ်တော် မောင်းမများမည့်
မင်းသားကို ဝေးဝေးက ရှောင်စေလိုခြင်း ဖြစ်သည်။ သို့သော် လှိုင်မင်းသမီးကလေးမှာ
ထိုစဉ်ကတည်းကပင် ပန်းတိမ်း မင်းသားအပေါ် တိမ်းညွတ်သွားသည် ဆိုပါသည်။ နောင်
အရွယ်တော်ရောက်၍ စာတွေရေးလာသည့်အခါတွင်...
'အပျိုဖော်ရွယ်မစေ့ခင်၊
ငယ်ဓလေ့ဂေါရီ
ဘယ်အတွေ့လောကီကို၊
ဇောမသိခင်က
စံပယ်ခက်စုံနှစ်ပင်၊
မငုံခင်တုန်းကအစ
ပန်းဒွာဒသ်ဆင့်စီ၊
မပွင့်မီကာလကျင့်ဝသီစာဂနှင့်၊ ဒါပထမအရွယ်
ငယ်သွားတွေကြွေ
မလဲခင်က
မေအမြဲချစ်ဖို့
ကြံရွယ်'
စသည်ဖြင့် စပ်ဆိုရေးသားဖူးသည်ဟု အိမ်ရှေ့တော် ဆက်များက စာရေးသူအား
ပြောခဲ့ကြပါသည်။
အထက်ပါ တေးထပ်ကို အချို့က
မိန်းမသားတစ်ယောက် စပ်သည့်အနေဖြင့် အရေးရဲလွန်းသည်၊ မင်းသမီး တစ်ပါးအနေဖြင့်
ဤမျှပြောင်ပြောင် တင်းတင်းစပ်ဝံ့မည် မဟုတ်ဟုဆိုကာ လှိုင်ထိပ်ခေါင်တင်
ရေးစပ်ခဲ့သည့် တေးထပ်မဟုတ်။ အခြားလူ ရေးစပ်ခဲ့ခြင်းဖြစ်မည်ဟု ပြောကြ၏။
စာရေးဆရာမကြီး ရွှေဘိုမိမိကြီးကလည်း အပျိုဖော် မဝင်မီ ကလေးအရွယ်၊ ငယ်သွားတွေပင် မလဲရသေးမီအချိန်
ကတည်းက ပန်းတိမ်းမင်းသားအပေါ် ဤကဲ့သို့ စိတ်များ မွေးခဲ့သည်ဆိုသည်မှာ
ဟုတ်ပါမည်လား၊ သည်အရွယ်နှင့် သည်လိုစိတ်ကစားတတ်ပါမည်လားဟု သံသယရှိမိကြောင်း၊ သူ၏ 'လှိုပ်ထိပ်ထား၏
တိမ်မြုပ်နေသော တေးတစ်ပုဒ်' ဆောင်းပါးတွင် ရေးခဲ့ဖူးသည်။
ဤကိစ္စနှင့် ပတ်သက်၍ ရှင်းရမည်မှာ
နှစ်ချက်ရှိ၏။ ဤတေးထပ်ကို လှိုင်မင်းသမီး ရေးမရေးနှင့် ရေးသည် ဆိုကလည်း
တေးထပ်ပါအတိုင်း သည်အရွယ်နှင့် သည်လို စိတ်ကစားတတ် ပါမည်လား ဆိုသည့်အချက်ပင်
ဖြစ်သည်။ အိမ်ရှေ့တော်ဆက်များက အထက်၌ ဖော်ပြခဲ့သော မန္တလေးတောင်တွင်
နှစ်ပါးတွေ့ဆုံခန်းအဖြစ်အပျက် တိတိကျကျ ပြောပြကြသည့်အပြင် ဤတေးထပ်ကို
လှိုင်ထိပ်ခေါင်တင် ရေးစပ်ခဲ့ပါသည်ဟု သေချာဂန ဆိုကြသည်။
သို့ပါမူ သည်အရွယ်နှင့်
သည်လိုစိတ်ကစားတတ်ပါမည်လား ဆိုသည့် အချက်ကိုသာ ရှင်းရပေမည်။ ရဝေရှင် ထွေး၏ 'လျှံတက်ထွန်းဝါ'
ချီရတုတွင် ကျိုးပြစ်စန မသိနိုင်သေးသည့် ကြက်တောင်စည်းမှ စုလည်း
ထုံးစ ၁ဝ နှစ် အရွယ်ကပင် သူသည် သူ၏ အကြိမ်ကြိမ် ချစ်ရေးဆိုမှုကြောင့် ယုံမှားမိကာ
အသက်နှင်းဆက်ခဲ့ပါသည်ဟူ၍ အောက်ပါအတိုင်း ဖွဲ့ဆိုတင်ပြခဲ့လေ သည်။
'ကျိုးပြစ်စန၊
မည်မျှမထင်
ဆံသျှင်စုလည်း၊
ဆယ်နှစ်တည်းက
သိပ်သည်မြဲမှန်၊
ဖန်ဖန်စကား
ဆိုသောအားဖြင့်၊
ယုံမှားမိလျင်း
သက်လုံးနှင်းမှ'
ရဝေရှင်ထွေးသည် တောင်ငူ
ရွှေနန်းတည်မင်း၊ မင်းရဲသီဟသူ၏ ကိုယ်လုပ်တော်ဖြစ်သည်။ ရေဝေရွာစား အမတ်ကြီး၏
သမီးထွေးဖြစ်၏။ သို့ဖြစ်၍ ရေဝေရှင်ထွေးဟု ခေါ်ခဲ့ခြင်းမှ နောင်တွင် ရဝေရှင်ထွေးဟု
ဖြစ်လာသည်။ ပဲခူးမိဖုရား ဆိုသူကလည်း 'ဒီပတစ်ခွင်' ချီရတုတွင် ကြက်တောင်စည်း စုလည်းအရွယ်၊ ဆယ်နှစ်သမီးမှ ချစ်မိခဲ့သည့်
မေတ္တာသည် ယခုသော် နေ့စဉ် ပူပန်ရခြင်းဖြင့် နိဂုံးချုပ်ရကြောင်း
သစ္စာပျက်အဖွဲ့တစ်ခုဖြင့် ဖွင့်ဟဝန်ခံရေးသား ခဲ့သည်။
'သီလသီတင်း၊
ဆယ်နှစ်တွင်းက
မကင်းစုလည်း၊
ရွယ်ရှိချည်းတည့်
သိပ်လည်းလေးနက်၊
မမြွက်ရိပ်ခြည်
မတည်လှည့်နား၊
ဘဝါးဖြန့်ချည်း
လက်တီးကြပ်ပြင်
ဆင်ဝင်အိမ်ဦး၊
ရွှေဘူးမဲ့ပါ
မောင့်ကိုသာလျှင်၊
မေတ္တာစိုးရ
မိဘမရံ၊
ကြိုက်မိဝန်ကြောင့်
ပူပန်နေ့တိုင်း' ဟု
ဖြစ်၏။
ရဝေရှင်ထွေးနှင့် ပဲခူးမိဖုရားတို့
ဆယ်နှစ်သမီးအရွယ်ကပင် သည်စိတ်မျိုး မွေးခဲ့သည်ဆိုလျှင် လှိုင်ထိပ်ခေါင်တင် ၇
နှစ်သမီးအရွယ်က ပန်းတိမ်းမင်းသားအပေါ် သည်စိတ်မျိုးမွေး၍ တိတ်တခိုး
တိမ်းညွတ်သည်ဆိုသည်မှာ မဆန်းပါ။ ၇ နှစ်နှင့် ၁ဝ နှစ်သည် မကွာလွန်းလှပါ။ သူ့စာတွင် 'ငယ်ဓလေ့ဂေါရီ'ဟု ရေးသားထားရာ ဂေါရီ အရွယ်သည် ၈ နှစ်သမီးဖြစ်၏။ ရွှေရင် သိမ်းသစ်၊
မြနှစ်အရောင်၊ စည်းကြက်တောင်နှင့် အရွယ်ဖြစ်သည်။ ၁ဝ နှစ်သမီးအရွယ်ကို ကညာဟူ၍
ကျမ်းဂန်၌ လာသည်။ အုပ်စိုးသူ လူတန်းစားတို့သည် ထိုခေတ်က ထွန်းပတတ်သော ကညာရွယ်ကိုမှ
အလိုရှိကြသည်။ ပျိုမြစ်နုနယ် လှသွေးကြွယ်၍ ငယ်ဂုဏ်မောက် သူ ကညာတို့ကို ရအောင်
ကြံဆောင် ကြိုးစားကြလေသည်။ ထို့ကြောင့် ဘုရင်မင်းမြတ် 'သမီးကညာကောက်သည်၊
သမီးကညာဆက်သည်' ဟူ၍သာ ရှိ၏။ သမီးကုမ္မာရီ (၁၂ နှစ် အရွယ်)၊
သမီးယုဝတီ (၁၆ နှစ်ရွယ်) ကောက်သည်၊ ဆက်သည်ဟူ၍ ဆိုရိုး မရှိပေ။ ကုန်းဘောင်ဆက်
မဟာရာဇဝင်တော်ကြီးတွင်...
'မဇ္ဈိမတိုက်... ဝဇ္ဇီတိုင်း၊
ဝေသာ လီပြည်ကြီးက၊ အလျင်ဆက်သည့် စွံပါဝတီမင်းသမီး ညီမတော် ၉ နှစ်ရွယ်၊ ၁ဝ
နှစ်ရွယ်ဖြစ်သော မင်းသမီး ရွတ်ပူရီ၊ ပုဒမိဏီ၊ ဥပေါတရာ သမီးတော် သုံးပါးတို့ကို
သင်းပင်းအလုပ်အကျွေး အခြွေအရံများနှင့်တကွ... ခြေရင်းတော်သို့ လာရောက်ဆက်သ၏'
ဟု ရေးသားထားသည်ကို တွေ့ရသည်။ ဗဒုံမင်းတရားကြီးကို လာရောက်ဆက်သခြင်း
ဖြစ်၏။ ဤသည်ကို ကြည့်ခြင်းဖြင့် ၉ နှစ်၊ ၁ဝ နှစ်အရွယ် သမီးကညာကိုသာ ဆက်သခြင်း
ဖြစ်သည်။ အမှန်မှာ ထိုအရွယ်သည် အပျိုဖော်မဝင်သေးသည့် အရွယ်ဖြစ်၏။ ဆက်သပြီးမှ
အပျိုဖော်ဝင်ခြင်းဖြင့် သန့်စင်သော အပျိုစင်စစ်ကို ရရှိရန်ပင် ဖြစ်ပါသည်။ ဂီတ
မိခင်ကြီး ဒေါ်စောမြအေးကြည် ပြောဖူးသည်ကို သတိရမိ၏။
'ကြီးကြီး၊ သီပေါဟော်ကို
ရောက်တော့ ၁၂ နှစ် သမီးပဲ ရှိသေးတယ်။ စော်ဘွားအဝယ်တော် ဦးထူးက ခေါ်သွားတာ။
ကြီးကြီးရဲ့အမေလည်း ပါတယ်။ စော်ဘွားက ပညာသင်ပေးပြီး မွေးစားဖို့လို့ ပြောတယ်။
ကြီးကြီးလိုပဲ အခြားမိန်းကလေးတွေလည်း ရှိတယ်။ ကြီးကြီးတို့ကို အထိန်းတော်
မိန်းမကြီးတစ်ယောက်က အုပ်ချုပ်တာ။နောက်တော့ အမေနဲ့ ဦးထူးတို့ပြောတဲ့ စကားထဲမှာ
စော်ဘွားက သိမ်းပိုက်တယ်ဆိုတာ ကြားလိုက်ရတယ်။ ဟော်ကို ရောက်လာသမျှ
ဂီတပညာရှင်တွေနဲ့ ပညာသင်ရတယ်။ အသက် ၁၇ နှစ် သမီးရောက်တော့ စော်ဘွားနဲ့
လင်ခန်းမယားခန်း ရောက်ခဲ့ကြရတာပါပဲ'
ဒေါ်စောမြ အေးကြည်အဖြစ် သည် ၂ဝ
ရာစုအစောပိုင်းမှ ဖြစ်၏။ ယခင့်ယခင် ရာစုနှစ်များက နန်းဓလေ့သည်လည်း သည်အတိုင်းပင်
ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရင်မင်းမြတ် သမီးကညာ ကောက်သည်၊ သမီးဆက်သည်ဟု ဆိုခဲ့ခြင်း
ဖြစ်ပါသည်။
အင်းဝတွင် နန်းစံသော မင်းဆွေခေါ်
ပထမမင်းခေါင်သည် ရုပ်အဆင်း လှပတင့်တယ်သော ရှင်ဘို့မယ်ကို၊ ကညာအရွယ် မရောက်မီ
ဖြူစင်သော ဂေါရီအရွယ်ကပင် မိဖုရားအဖြစ် သိမ်းပိုက်ခဲ့သည့် သာဓက ရှိပါသည်။
သို့ဖြစ်၍ ထိုခေတ်ထိုအခါများက အုပ်စိုးသူ လူတန်းစားကလည်း သန့်စင်သော ဂေါရီအရွယ်၊
ကညာအရွယ်ကိုသာ အလိုရှိသည်။ သိမ်းပိုက်တတ်သည်။ သို့နှင့်ပင် ရဝေရှင်ထွေးနှင့်
ပဲခူးမိဖုရား တို့ကဲ့သို့သော နန်းတွင်းစံများကလည်း ကညာအရွယ်ကပင် ချစ်စိတ်မွေးခဲ့ကြ
တတ်ဟန် တူသည်။ သို့ကြောင့် လှိုင်ထိပ်ခေါင်တင် အပျိုဖော်အရွယ်မစေ့ခင်က
ငယ်ဓလေ့ဂေါရီအရွယ်တွင် ချစ်စိတ်မွေးခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ကောင်းပါသည်။
သည်စိတ်မျိုးမွေးခဲ့၍လည်း အရွယ်ရောက်လာသည့်အခါ သည်စာကို ရေးခဲ့ခြင်း ဖြစ်မည်။
မောင်သန်းဆွေ၊ထားဝယ်၊
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကိုးကားချက်
၁။ ကုန်းဘောင်ခေတ်
မဟာရာဇဝင်တော်ကြီး (ဒု)(တ)
၂။ အိမ်ရှေ့စံကနောင်မင်း၏ သားတော်
မြင်းမှူးမင်းသား
ထိပ်တင်ကိုယ်တော်စိုး၏ မြေး
ဒေါ်တင်တင်ကြည်
(ဦးစိန်မောင်၏ဇနီး)၏ ပြောပြချက်
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။