မသက်ဆွေ၊သရက်၊
သည်ဈေးက လမ်းဘေးမှာ ရောင်းတဲ့ ငါးသည်တွေ၊ အသားသည်တွေ အလေးချိန် မမှန်တာတော့ သိထားနှင့်ပါတယ်။ ဒါပေမယ့် ကျွန်မ လိုချင်တဲ့ ငါးနုသန်းလေးတွေက သည်မှာပဲ ရတာမို့ ဈေးသည်ရဲ့ မောက်မာတဲ့မျက်နှာကို မေတ္တာတွေပို့ရင်း အစိတ်သား ချိန်ခိုင်းလိုက်ပါတယ်။ သူက လက်ကျန်အကုန် သုံးဆယ့်ငါးကျပ်သားမို့ ယူပါတော့။ ကဲ...ကဲ... သုံးဆယ်သားဖိုးပဲ ပေးပါဆိုတော့ ကျွန်မက လျှာရှည်စွာနဲ့ အလေးပြည့်ရင် သုံးဆယ့်ငါးကျပ်သားဖိုးပေးလည်း ရပါတယ်လို့ ပြောမိတယ်။ ဈေးသည်က ငါးတွေ အကုန်ချိန်ပြီး မျက်နှာတင်းတင်းကြီးနဲ့ သုံးဆယ်သားဖိုး ပေးဆိုပေးလိုက်ပေါ့လို့ ပြောပြောဆိုဆို ဆွဲခြင်းထဲကို ငါးထုပ်ပစ်ထည့်ပေးလိုက်ပါတယ်။ သတ္တိကောင်းတဲ့ ကျွန်မက ဘာပြောရဲမှာလဲ။ ငါးသည်ရှေ့က ခပ်ယို့ယို့လေး ထွက်လာခဲ့ရုံပေါ့။ ကိုယ့်စိတ်ကို ညှဉ်းပန်းချင်တဲ့သူဆိုတော့ ငါးရံ့ခြောက်ဝင်ဝယ်ရင်း ငါးနုသန်းထုပ်လေး ချိန်ပေးမယ်ဆိုတော့ ချိန်မိပါတယ်။ အစိတ်သားတောင် မပြည့်ပါရှင်။ နှစ်ဆယ်သားသာသာပဲ ရှိပါတယ်။ ငါးခြောက်သည်က ပြန်သွားပြောဖို့ တိုက်တွန်းပေမယ့် ဘယ်သွားရဲမှာလဲ။ ရင်ထဲတော့ တနုံ့နုံ့ပေါ့။ ငွေပိုပေးခဲ့ရတာထက် အညာမိတာ မခံချင်စိတ်၊ ဒါဟာ ဒေါသစိတ်။ သြော်... ဒေါသနဲ့နေ၊ ဘယ်ပြည်ရောက်ပါလိမ့်။ တရားစခန်းတွေမှာ ဘုရားရဲ့အဆုံးအမတွေကို ကြိမ်ဖန်များစွာ နာယူခဲ့ပြီပဲ။ ဒေါသနဲ့ နေ၊ ဒေါသနဲ့ သေ၊ ငရဲပြည်ပေါ့။ ဈေးထဲမှာတင် ကိုယ့်စိတ်ကို ပြန်ပြုပြင်နေမိတယ်။ စိတ်လျှော့ အဘွားကြီး၊ အသက်ကြီးပြီး အချိန်မစီးစွာနဲ့ ဒယ်အိုးနှုတ်ခမ်း နင်းနေပါလား။ ကိုယ်ဟာ သိပ်ကြီး မချမ်းသာပေမယ့် ဒီလောက်ကလေးနဲ့တော့ မွဲ မသွားနိုင်ပါဘူးလေ။
ပြန်ကြည်လင်လာတဲ့ စိတ်ကလေးနဲ့
ဆက်လျှောက်သွားတော့ ဈေးထိပ်မှာ ငရုတ်သီးစိမ်းသည် အသစ်ကို တွေ့ရပါတယ်။
ငရုတ်သီးစိမ်းချည်းပဲ။ အပုံကြီးတွေနဲ့။ သိပ်စပ်တာ၊ သိပ်မစပ်တာ၊ အတောင့်ရှည်၊
အတောင့်ပု၊ အတောင့်သေး စုံညီစွာနဲ့လေ။ ဈေးကားမမီလို့ ဖောက်သည်တွေ ဒီလာယူမယ်ဆိုလို့
စောင့်ရောင်း နေတာပါပဲ။ ဘယ်လောက်ယူမလဲ အမေတဲ့။ ကျွန်မက နေပါစေကွယ်၊ တို့က
နည်းနည်းပဲ အိမ်အတွက် ဝယ်ချင်တာပါလို့ ဆိုပေမယ့် ဈေးသည်ကလည်း ဘယ်လောက်ဖိုးလဲချည်း
အတင်းမေးနေတာနဲ့ပဲ သုံးဆယ်ဖိုး လောက်ပါပဲလို့ ရှက်ရွံ့အားငယ်စွာနဲ့ ပြောလိုက်ရတယ်။
သူ့ငရုတ်သီးပုံကြီး ကြည့်ရင်း ငါတော့ မှားပြန်ပြီ။ မဝယ်ဘဲ ထွက်ခဲ့ရင် ပြီးတာ။ မတန်မရာ
ဒါလောက်ကလေး ဝယ်ရမလားဆိုပြီး အပြောအဆိုခံရဦးတော့မှာပဲလို့ စိတ်ညစ်သွားမိပါတယ်။
ဈေးသည်က သူ့လက်နဲ့ အပြည့်အလျှံတစ်ဆုပ်စာကို ကျွန်မ ဆွဲခြင်းထဲ ထည့်ပြီး
ရပြီလားလို့ မေးသေးတာ။ ခွတိုက်မေးတာ များလားလို့ သူ့မျက်နှာကြည့်လိုက်တော့လည်း
ပြုံးလို့ပါပဲ။ အမှန် ခါတိုင်း ကျွန်မ ဝယ်နေကျ သုံးဆယ်ဖိုးထက် ပိုများတာပေါ့။
ဒါပေမယ့် ကျွန်မက ငွေသုံးဆယ်ထုတ်ပေးတော့ သူကမယူပြန်ဘူး။
ကျွန်မက အတင်းပေး၊ သူက ပြန်ပေးနဲ့
ဈေးဝယ်သူ တချို့တောင် ကြည့်နေကြပါပြီ။ သူ့ဘေးက မိန်းမက ထလာပြီး ကျွန်မ ဆွဲခြင်းကို
ဆွဲပြီး အမေ ဘယ်နားက သွားမှာလဲလို့ မေးရှာတယ်။ အဲဒီနားမှာ ဆိုက္ကားတွေ၊
ကိုယ်ပိုင်ကားတွေ ရှိတယ်။ ခပ်လှမ်းလှမ်းမှာလည်း ဘတ်စ်ကားမှတ်တိုင် ရှိပါတယ်။
ဈေးသည်ကောင်လေးကလည်း တခြား အများကြီးယူမယ့် ဖောက်သည်တွေ ကျလာလို့ အကြီးအကျယ်
ချိန်တွယ်နေပြီလေ။ ကျွန်မလည်း ရပါတယ်၊ ကလေးရယ်လို့ ကလေးမလေးကို ပြောပြီး
ထွက်ခဲ့ရတော့တယ်။ ရင်ထဲမှာလည်း တုန်တုန်ယင်ယင်ကြီးများတောင် ဖြစ်လို့လေ။
ငရုတ်သီးသည်က မိသားစုလိုက်
ထိုင်ရောင်းနေကြတာ။ သူတို့လင်မယားရယ်၊ နှစ်နှစ်သုံးနှစ်ရွယ် ကလေးလေး
နှစ်ယောက်လောက်ရယ်၊ အားလုံး နွမ်းဖတ်စွာ၊ ညစ်ပတ်စွာနဲ့။ မျက်နှာ တွေကတော့
ပြုံးရွှင်စွာနဲ့။ ကျွန်မလေ ပြန်လှည့်ပြီး ကလေးတွေကို မုန့်ဖိုး တစ်ရာလောက်
ပေးရကောင်းမလား။ အဲဒီခါကျ ဈေးသည်လေးတွေက သူတို့ စေတနာစော်ကားသလိုဆိုပြီး စိတ်ဆိုး
ကြမှာလား ဆိုပြီး မတင်မကျ ဖြစ်နေမိတယ်။ နက်ဖြန်ကျမှ ကလေးလေးတွေအတွက် အရုပ်ကလေးတွေ
ဝယ်ပြီး သွားပို့တော့မယ်လို့ ဆုံးဖြတ်ပြီး ပြန်ခဲ့ရတယ်လေ။ ငရုတ်သီးသုံးဆယ်ဖိုး
အလကားယူခဲ့ရတာ တကယ် စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူး ဆိုတော့ ဝမ်းနည်းစိတ်၊
ဒေါသစိတ်ပဲပေါ့။ သြော်... အဘွားကြီး၊ ဈေးတစ်ခါ သွားပါတယ်။ ငရဲအိုးနှုတ်ခမ်းပေါ်
နင်းလိုက်၊ သတိကပ်ပြီး ပြန်ဆုတ်လိုက်နဲ့ ဒုက္ခဒုက္ခလို့ လက္ခဏာတင်နေမိတယ်။
ပြီးတော့လည်း ငါးသည်မကို မကျေနပ်တော့
ရွှေလက်ကောက်တွေ တဒေါင်ဆစ်ထိ ဝတ်ပြီး ငါးသွေးနဲ့ ပေကျံနေတဲ့
အဖိုးတန်အဝတ်အစားတွေကိုလည်း ဝေဖန်မိပါရဲ့။ အောင်မယ်၊ အဆင့်အတန်းတွေ ဘာတွေနဲ့တောင်
ချိန်ထိုးကြည့်နေမိသေး။ ဒီအဆင့်ဟာ ဘယ်လောက်ရှိရှိ ဒါတစ်ဘဝပေါ့၊ ဘာညာနဲ့လေ။
အသိအလိမ္မာ မရှိရှာပါ လားဆိုပြီး သနားနေသေး။ ကိုယ် ဘာမှ မတတ်နိုင်တဲ့ကိစ္စတစ်ခုကို
စိတ်ရှုပ်ထွေး ခံပြီး ပင်ပန်းဆင်းရဲခံနေတာ။ ဘာဖြစ်လို့ ဒါကို တအုံနွေးနွေး
ဖြစ်ရတာပါလိမ့်။ တရားတွေ ဆင်ခြင်ဖို့ အများကြီးကို လိုပါသေးတယ်လေ။ လူတွေ
စိတ်ချမ်းသာဖို့ကတော့ သင်ကောင်းလျှင် ကျွန်ုပ်ကောင်းပါမည်၊ သင်မကောင်းလျှင်လည်း
ကျွန်ုပ်ကောင်းပါမည် ဆိုတဲ့ နည်းပဲရှိပါတယ်။
ငါးသည်ကို တစ်မျိုးဝေဖန်ပြီး
ငရုတ်သီးသည်ကျတော့ အားနာစိတ်၊ သနားစိတ်တွေ ဖြစ်နေမိပါတယ်။ ငွေ
သုံးဆယ်မပေးခဲ့ရတာလည်း အကြွေးလို ဖြစ်လို့။ နောက်နေ့ဈေးသွားတော့ ငရုတ်သီးသည်တွေ
မရှိတော့ပါ။ အမြင်ကတ်စရာ စကားနဲ့ပြောရရင် ကျွန်မမှာ ရင်ကျိုးရသည်ပေါ့။
ဒါလေးများလို့ ဆိုလည်းခံရမှာပါပဲ။ ဒါ တကယ့်အဖြစ်အပျက်တွေလေ။ ပြီးတော့ ကျန်းမာရေး
ရှုထောင့်က ကြည့်ရင်လည်း အလွန် ကိုင်တွယ်ချင်စရာကောင်းတဲ့ အချက်တွေ ဒီမိသားစုမှာ
တွေ့ရပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုက သိပ်ကို လိုအပ်နေတာပဲ။ သူတို့ကို ကြည့်ရတာ
မျက်နှာမှ သစ်ခဲ့ကြရဲ့လား မသိ။ အဲသလောက်ကိုပဲ အခြေအနေဆိုးတာ။ ဒါပေမယ့်လေ သူတို့ရဲ့
မျက်လုံးလေး တွေ ကြည်စင်နေတယ်။ မေတ္တာ မိသားစုလေးလို့ ဆိုရင်တော့ ငရုတ်သီး
သုံးဆယ်ဖိုး အလကားပေးလို့ဆိုပြီး ဝေဖန်စရာ ကောင်းနေမှာပါပဲ။ သို့သော် တကယ်ပဲ
ညစ်ပတ်ပေရေနေတဲ့ သူတို့ မှာ မေတ္တာအရိပ်တွေ ထင်နေပါတယ်။
ကျွန်မမှာ ကောင်းတဲ့ အကျင့်လား၊
မကောင်းတဲ့အကျင့်လား မသိတဲ့ အချက်ကတော့ ပတ်ဝန်းကျင်နဲ့ လူတွေကို
သိပ်စိတ်ဝင်စားတတ်ပါတယ်။ အမှန်တော့ ငရုတ်သီးဆိုင်ကို ဝင်မိတာ ကလည်း
သူတို့ရဲ့ညစ်ပတ်ပေတူးနေမှုနဲ့ မှုန်မှိုင်းနေတဲ့ လူနေမှုကြားက ဝင်းလက်နေတဲ့
မေတ္တာရိပ်ကလေးတွေကို စိတ်ဝင်စားလို့ပါပဲ။ ခုတော့ ကျွန်မမှာ ကလေးလေးတွေကို
အရုပ်ပေးဖို့ သူတို့ကို ဆက်ပြီး လေ့လာဖို့ အခွင့်အရေး မရတော့ပါဘူး။ သူတို့ ဈေးကား
မမီလို့ ကျွန်မဝယ်နေကျဈေးကို ခဏသာ တစ်ခါပဲ ရောက်လာကြလား မသိ။ ကျွန်မကလည်း
အမြဲဈေးမသွား တော့ သွားတဲ့အခါတိုင်းမှာ မတွေ့ရဘဲ ဖြစ်ရပါတယ်။
ငါးသည်ကိုတော့ တကယ်ကြောက်တယ်။
သူ့ဆိုင်ရှေ့က မတတ်သာလို့ ဖြတ်သွားရလည်း သူ့ဘက် မကြည့်ရဲတော့ပါ။ နောက်နောင် ကျွန်မ
ဝယ်ပြီးသား ပစ္စည်းလေးတွေကို ချိန်ကြည့်ပါလားလို့ ဖောက်သည်ဈေးသည်တွေက ကျွန်မကို
စေတနာနဲ့ ပြောရှာရင်လည်း 'အခြားနေရာမှာ ချိန်ပြီးပြီ၊ ပြည့်ပါတယ်' လို့
ညာပြောရမှာပဲ။ နို့မို့ဆိုရင် ဈေးသည်ဖောက်သည်ဆိုင်တွေက ကျွန်မရဲ့ 'ရပါတယ်'ကို အားနာလို့ မချိန်တာ ယူဆပြီး အတင်းယူရင်
အမှန် သိရဦးမှာ။ အတင်းငြင်းရင်လည်း သူတို့စေတနာ စော်ကားသလို ဖြစ်ဦးမှာ။
အမှန်ကတော့လေ။ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ
အေးပါတယ်။ အညာခံ ရတာက ကိုယ့်အလုပ်၊ ညာတာက ညာတဲ့သူရဲ့အလုပ်။ အညာမခံရအောင်
ကြိုးစားဖို့ကတော့ ကိုယ့်တာဝန်။ ကိုယ့် ပစ္စည်းကိုယ် ပြန်လိုချင်ခြင်းကို လောဘလို့
ခေါ်မည်လား။ ပြန်မရလို့ ခံစားရတာကတော့ ဒေါသပါပဲ။ လောဘ၊ ဒေါသ၊ မောဟ
လုံးဝင်ကင်းစင်တဲ့ လူသားတစ်ယောက် ဖြစ်ဖို့တော့ ဒီလောကကြီးမှာ မလွယ်လှ။
ဖြစ်လာသမျှသော လောဘ၊ ဒေါသ၊ မောဟတွေကိုပဲ စောင့်ကြည့်ပြီး ကြိုးစားဖျက်
ရပါတော့မယ်။
မသက်ဆွေ၊သရက်၊
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။