အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၁၂)

ဝင်းငြိမ်း

01 March 2026
မင်းမှုထမ်း အပိုင်း (၁၂)
Share to

အခန်း(၅) အပိုင်း(၁)

နောက်ထပ်တော်ဝင်မင်္ဂလာပွဲတစ်ပွဲ

 

            “ရွှေနန်းတော်အတွင်း၌ ကျင်းပသော မင်္ဂလာပွဲနှင့် ပတ်သက်၍ ဘုရင်မကြီးက အားရတော်မူသည်” လို့ News of The World သတင်းစာက ရေးပြီး Daily Mirror သတင်းစာက‌တော့ “ရွှေနန်းတော်တွင်းမှ အတွဲညီတဲ့ ချစ်သူစုံတွဲ”လို့ မွှမ်းခဲ့ပါတယ်။ Hello မဂ္ဂဇင်းကြီးကတော့ မင်္ဂလာပွဲ မတိုင်မီကတည်းက သတင်းများကို ကြိုတင်ဖော်ပြခဲ့ပါတယ်။ အဲဒီလို အုတ်အော်သောင်းတင်း ဖော်ပြခဲ့ကြတဲ့ မင်္ဂလာပွဲသတင်းက ရွှေမင်းသားများရဲ့ လက်ထပ်မင်္ဂလာပွဲများ မဟုတ်ပါဘူး။ နန်းတွင်းမှာ ၈ နှစ်လုံးလုံး ဘဝကို မြှုပ်နှံထားခဲ့တဲ့ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ မာရီယာတို့ရဲ့ ၁၉၈၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်စနေနေ့မှာ စိန့်မေရီ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ကြခြင်းပါ။ တနင်္ဂနွေနေ့မှာ ထုတ်ဝေမယ့် သတင်းစာများမှာ ဖော်ပြနိုင်အောင်လို့ ဓာတ်ပုံသတင်းထောက်များက မာရီယာရဲ့ မိသားစုနေအိမ်ရှေ့မှာ စနေနေ့ တစ်မနက်လုံး အချိန်ဖြုန်းပြီး စောင့်ဆိုင်းခဲ့ကြတာပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဘုရင်မကြီးနဲ့ ကြင်ယာတော်အတွက် အမှုထမ်းကြရတဲ့သူများဖြစ်လို့ သူတို့က “တော်ဝင်မင်္ဂလာပွဲ” ရယ်လို့လည်း ကင်ပွန်းတပ်ခဲ့ကြပါတယ်။

            News of The World သတင်းစာက အမျိုးသမီး သတင်းထောက်တစ်ဦးကဆိုရင် မာရီယာရဲ့ အိမ်ထဲမှာ ဝင်ထွက်သွားလာနေတဲ့ ဆွေးမျိုးသားချင်းများကို မေးမြန်းရုံသာမကပါဘူး၊ ဟိုလိုလို ဒီလိုလိုနဲ့ အိမ်အပေါ်ထပ်ထိ တက်သွားပြီး အခန်းထဲမှာ အဝတ်လဲနေတဲ့ မာရီယာရဲ့မိခင် အဲလစ်ဇဘက်ဆီကို သွားပြီးတော့ မေးတဲ့အတွက် အဘွားကြီးက “ဟဲ့ သူတောင်းစားမ၊ ငါ့အခန်းထဲက အခု ထွက်သွားစမ်း” လို့ အအော်ခံရတဲ့အထိ သောင်းကျန်းခဲ့ပါတယ်။

            လက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့ ကျွန်တော်နဲ့ ကျွန်တော့်လူပျိုရံ ညီတော်သူ အန်တိုနီတို့ ဘုရားရှိခိုးကျောင်း အပေါက်ဝကို ရောက်သွားတဲ့အခါမှာ သတင်းထောက်များ တအုပ်တမကြီး ကင်မရာများနဲ့ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ တကယ်တော့ အဲဒီနေ့မှာ ဘယ်တော်ဝင်မိသားစုတွေကိုမှ ဖိတ်ကြားထားခြင်း မရှိပါဘူး။ ဘုရင်မကြီးအပါးမှာ ကျွန်တော်နဲ့အတူ အမှုထမ်းနေကြတဲ့ မင်းမှုထမ်းတချို့သာလျှင် ကျွန်တော့်မင်္ဂလာပွဲ အဆင်ပြေချောမွေ့စေဖို့ လာရောက်ကူညီနေကြပါတယ်။

            ဧည့်သည်အားလုံးနေရာယူပြီးကြလို့ မင်္ဂလာအချိန် ကျရောက်လာချိန်မှာ ကျွန်တော့်မိတ်ဆွေများက ဘုရားရှိခိုးကျောင်းအတွင်း ရောက်ရှိနေကြတဲ့ ဓာတ်ပုံသတင်းထောက်များကို အပြင်ထွက်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ခုလိုမင်္ဂလာယူရတဲ့ အချိန်မှာ အဆင်မပြေဖြစ်မှာ၊ တစ်စုံတစ်ရာ မှားယွင်းမှုရှိမှာကို အင်မတန်ပူပန်လှပါတယ်။ အထူးသဖြင့် ကျွန်တော့် မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ကြတဲ့ အနယ်နယ်အရပ်ရပ်မှာ မိတ်တွေများ အဆင်မပြေဖြစ်မှာကို ပူပန်ခြင်းပါ။ ကျွန်တော်သွားလေရာ အနားမှာ အမြဲတမ်းရှိနေတဲ့ ဘုရင်မကြီးရဲ့ ခွေးကလေး ၉ ကောင်ကို ကျွန်တော်သတိရမိတယ်။ သူတို့ကိုယ်စား တစ်စုံတစ်ယောက်က ကျွန်တော့်ထံ ကြေးနန်းစာတစ်စောင် ပို့ထားခဲ့ပါတယ်။ အဲဒီကြေးနန်းစာကလေးကို ခုထက်ထိ အိမ်မှာ ဘောင်သွင်းချိတ်ထားပါသေးတယ်။ ကြေးနန်းစာတစ်စောင် ပို့ထားခဲ့ပါတယ်။ အဲဒီကြေးနန်းစာကလေးကို ခုထက်ထိ အိမ်မှာ ဘောင်သွင်းချိတ်ထားပါသေးတယ်။ ကြေးနန်းစာမှာ ရေးထားတာကတော့ “ကျွန်တော်တို့ကို မဖိတ်ပေမယ့် ကျွန်တော်တို့အနေနဲ့ စိတ်ဝမ်းမကွဲပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ခင်ဗျား ပြန်လာရင် မင်္ဂလာဆောင်ကိတ်မုန့် တချို့ ကျွန်တော်တို့အတွက် ယူခဲ့ပေးပါ”လို့ရေးထားပါတယ်။ အောက်ခြေမှာ သူတို့တစ်တွေရဲ့ နာမည်ကလေးတွေနဲ့အတူ ခြေရာကလေးတွေကိုလည်း ပုံနှိပ်ထားပါသေးတယ်။

            အင်မတန် စပ်စုတတ်တဲ့ သတင်းထောက်တွေ အဲဒီစာအကြောင်းကို မသိလိုက်ကြတာ တော်ပါသေးရဲ့။သူတို့က ကျွန်တော်နဲ့မာရီယာတို့ ဘယ်လိုစတွေ့ကြသလဲဆိုတဲ့ အချက်လောက်ကိုသာ သဲကြီးမဲကြီး မေးမြန်းနေကြတာပါ။

            ကျွန်တော်တို့နှစ်ယောက်ကို ဖူးစာဆုံအောင် အောင်သွယ်တော် မြားနတ်မောင်အဖြစ် ဆောင်ရွက်ပေးတဲ့ အဲန်းမင်းသမီးရဲ့ အိမ်ဖော် ရို့စ္စမစ်သ်ကိုလည်း ကျေးဇူးတင်ရပါတယ်။ ရို့စ်က ကျွန်တော့်လိုပဲ ဒါဘီရှိုင်းယားဇာတိပါ။ တက္ကသိုလ် တက်လက်စကနေ ဘာကင်ဟမ် ရွှေနန်းတော်အတွင်း ဝင်ရောက်အမှုထမ်းတာ ကျွန်တော့်ထက် ၆ လ စောပါတယ်။ သူက ကျွန်တော့်အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ ရော်ဂျာဂလိဒ်နဲ့ အိမ်ထောင်ပြုပါတယ်။ သူတို့ အိမ်ထောင်ပြုစဉ်ကာလတုန်းကတော့ နန်းတွင်းမှာ ဇနီးမောင်နှံတို့ အတူတကွ အမှုတော်ထမ်းခွင့် မပြုတဲ့အတွက် ရို့စ်က ဘာကင်ဟမ်နန်းတွင်းက ထွက်ပြီး ဂလော်စက်စတာမြို့သား ကတော်ထံမှာ သွားပြီး အမှုထမ်းပါတယ်။

            ရို့စ်တို့ဇနီးမောင်နှံနဲ့ ကျွန်တော် ရင်းနှီးတာကြောင့် သူတို့ရင်းနှီးတဲ့ မာရီယာ ဂရုဖ်နဲ့လည်း ရင်းနှီးခွင့်ရခဲ့ပါတယ်။ မာရီယာက မိဖုရားကြီးရဲ့ ကြင်ယာတော် အခန်းမှာ အမှုတော်ထမ်းရပါတယ်။ သူနဲ့ကျွန်တော် နန်းတွင်းမှာ ဖြတ်သန်းသွား လာရင်းက မကြာခဏ ဆိုသလို မျက်နှာချင်းဆိုင် ဖြစ်ပါတယ်။ သူနဲ့ဆုံတိုင်း ကျွန်တော့်မှာ နှစ်ခါပြန်ကြည့်ရတာချည်းပါပဲ။ သူကလည်း သတိထားမိပုံ ရတဲ့ အတွက် ကျွန်တော့်ကို မကြားတကြား စတတ်ပါသေးတယ်။ တစ်ခါတော့ ဘာလ်မိုရယ်လ် စံအိမ်တော်ဝင်းအတွင်းမှာ လသာတဲ့ညတစ်ည အသားကင်လုပ်စားကြရင်းက ကျွန်တော်တို့ သီချင်းတွေဆိုကြရင်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာကြတဲ့အတွက် မာရီယာနဲ့ ကျွန်တော်လည်း အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်လာခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် နွေဦးပေါက်မှာတော့ ကျွန်တော်တို့နှစ်ယောက် ချစ်သူဘဝ ရောက်ရှိသွားကြပါတော့တယ်။

            အားလပ်ခွင့်ရတဲ့ စနေ၊ တနင်္ဂနွေရက်များမှာ ကျွန်တော်တို့နှစ်ယောက် အတူတူ ဝေလပြည်နယ် နယ်စပ်မှာရှိတဲ့ မာရီယာ့မိဘများထံ သွားရောက်လည်ပတ်လေ့ ရှိပါတယ်။ သူ့မိဘများဟာလည်း ကျွန်တော်တို့လို လက်လုပ်လက်စားများသာ ဖြစ်တာကို တွေ့ရတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ မာရီယာ့မိခင်ဖြစ်တဲ့ အဲလစ်ဇဘက်က သူ့ကို 'ဘက်တီ'လို့ ခေါ်ရမယ်လို့ ကျွန်တော့်ကို သင်ပေးပါတယ်။ ဘက်တီက မီးဖိုဆောင်ထဲမှာ မရပ်မနား ချက်ပြုတ်ကျွေးမွေးနေချင်တဲ့ အမျိုးသမီးကြီးပါ။ သူ့မီးဖိုဆောင်က အမြဲတမ်း မုန့်တွေဖုတ်နေတာပဲ။ ပြောရမယ်ဆိုရင် ဘာကင်ဟမ်နန်းတွင်းက ဘုရင်မကြီးရဲ့ စားတော်ကဲပင်လျှင် တစ်နေ့တစ်နေ့ ဘက်တီလောက် မုန့်ဖုတ်ရလိမ့်မယ် မထင်ပါဘူး။ ဘက်တီရဲ့ ဘဝမှာ ကက်သလစ် ဘာသာသာလျှင် ကြီးစိုးခဲ့ပါတယ်။ သူ့တစ်အိမ်လုံးမှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ပုံတော်တွေက အများကြီးပါ။ အိမ်ရဲ့တံခါးရွက်မှာ ပုလင်းလေးတစ်လုံးနဲ့ ပရိတ်ရေ ထည့်ထားပြီး ဘက်တီက အိမ်အပြင် ထွက်တိုင်း သူ့လက်ကလေးကို အဲဒီပုလင်းထဲ နှစ်ကာ သူ့ကိုယ်ကို ပရိတ်ရေနဲ့ တောက်လေ့ရှိပါတယ်။ ကျွန်တော့်ကိုလည်း 'ပရိတ်ရေ ဖျန်းထားတော့ အပြင်မှာ ကိုယ့်အတွက် အနှောင့်အယှက် မတွေ့နိုင်ဘူးကွယ့်။ ပေါလ်အနေနဲ့ အဲဒီလို အကျင့်လုပ်ဖို့ မင်း ဘုရင်မကြီးကို လျှောက်ထားဖို့ ကောင်းတယ်'လို့ တိုက်တွန်းသေးတာပါ။

            မာရီယာရဲ့ ဖခင်ဖြစ်သူ ရွန်ကတော့ လျှပ်စစ်ပစ္စည်း ပြင်ဆင်တဲ့ အတတ်ပညာရှင် တစ်ဦးပါ။ သူက သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိပြီး သူ့ရဲ့တစ်ဦးတည်းသော သမီးချောအကြောင်းကိုသာ ပြောတတ်ပါတယ်။ တစ်ခါတလေမှာ ဟာသနှောပြီး ပြောတတ်တာကြောင့် ကျွန်တော်နဲ့ အဖွဲ့ကျပါတယ်။ ဒါပေမယ့် မာရီယာတို့အိမ်ကို နောက်တစ်ခေါက် ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ရွန်က နောက်ဆုံး တစ်ခေါက်တွေ့ခဲ့တာနဲ့ လုံးဝ မတူတော့ပါဘူး။ သူ့မျက်နှာမှာ မျက်နှာဖုံး စွပ်ထားရပြီး အိပ်ရာနံဘေးမှာ အောက်ဆီဂျင်အိုး နှစ်အိုးနဲ့ အသက်ကို ပင်ပင်ပန်းပန်း ရှူနေရရှာပါတယ်။ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားနေလို့ပါပဲ။ ၁၉၈၃ ခုနှစ် ဇွန်လမှာတော့ မာရီယာက နာမကျန်းဖြစ်နေတဲ့ သူ့ဖခင်ကြီးကို ဘာကင်ဟမ်နန်းတော်ရှေ့မှာ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုတို့ စစ်ရေးပြတာကို သူမရဲ့ အခန်းပြတင်းပေါက်ကနေ မျက်ဝါးထင်ထင် တွေ့မြင်စေချင်ပါတယ်။ ဒါကြောင့် သူ့အဖေကို ပက်လက်ကုလားထိုင်မှာ ထိုင်စေပြီး ကျွန်တော်က မ,ယူလာရပါတယ်။ ဒီလို အခမ်းအနားမျိုးကို သမီးဖြစ်သူရဲ့ အခန်းကနေ မျက်ဝါးထင်ထင် ကြည့်ခွင့်ရတဲ့အတွက် ဖခင်ဖြစ်သူက သမီးအပေါ် ဂုဏ်ယူခဲ့ရှာပါတယ်။ နောက် ရက်သတ္တပတ် လေးပတ်အကြာမှာ အသက် ၅၉ နှစ်အရွယ်ရှိ ရွန် လောကကြီးကို ကျောခိုင်းထွက်ခွာသွားပါတော့ တယ်။

            နှစ်သစ်ကူးအကြိုညမှာ ကျွန်တော့် အိမ်ရှိရာ ဒါဘီရှိုင်းယားကို မာရီယာ လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားခဲ့ပြီး ဟိုတယ်တစ်ခုမှာ အတူတကွ ရှိကြစဉ် ကျွန်တော်က ဒူးတစ်ဖက်ထောက်ပြီး လက်ထဲမှာ စိန်လက်စွပ်ကလေး တစ်ကွင်းနဲ့ မာရီယာကို လက်ထပ်ပါရစေလို့ ခွင့်တောင်းခဲ့ပါတယ်။ ဒီစိန်လက်စွပ် ဝယ်ခဲ့တာ ကျွန်တော့်မှာ ရှိသမျှ စည်းစိမ်အကုန်ပါပဲ။ မာရီယာကို ကျွန်တော် အတတ်နိုင်ဆုံး အကောင်းဆုံး ထားချင်ပါတယ်။ သူ့ကို လက်ထပ်ဖို့ကိစ္စဟာ တကယ်တော့ နန်းတွင်း မင်းမှုထမ်းများအနေနဲ့ အချင်းချင်း လက်ထပ်ခွင့် မရှိဘူးဆိုတဲ့အချက်ကို ကျွန်တော် ဖောက်ဖျက်ရမှာပါ။ သူ့ကို လက်ထပ်လိုက်တဲ့အတွက် မင်းမှုထမ်း ဘဝကနေ ထွက်ရမယ်ဆိုရင်လည်း ကျွန်တော် စွန့်ရတော့မှာပါ။ ကျွန်တော်တို့ နှစ်ဖက်မိဘများကို လက်ထပ်ကြတော့မှာ ဖြစ်ကြောင်း အသိပေးပြီး ဖြစ်ပေမယ့် မိဘများနဲ့ ထပ်တူထပ်မျှ အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးကို အသိပေးဖို့ ကျန်ပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အရှင်သခင်ဖြစ်တဲ့ ဘုရင်မကြီးပါပဲ။ ဒီလိုကိစ္စမျိုး ဘုရင်မကြီးကို ပြောဖို့ဆိုတာက အချိန်အခါ ရွေးတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် သူစိတ်ကျေနပ်နေမယ့် အချိန်တစ်ခုကို ကျွန်တော် ရွေးလိုက်ပါတယ်။ အဲဒါကတော့ သူ့ခွေး ၉ ကောင်ကို အစာကျွေးတဲ့အချိန်ပါပဲ။ ခွေးကလေးတွေကို အစာကျွေးနေချိန်မှာ ကျွန်တော်က မာရီယာနဲ့ လက်ထပ်တော့မှာ ဖြစ်ကြောင်း ဘုရင်မကြီးကို အသိပေးလိုက်ပါတယ်။ ဘုရင်မကြီးက သူ့ရဲ့အမှုထမ်း တစ်ဦးနဲ့ သူ့ကြင်ယာတော်ရဲ့ အမှုထမ်းတစ်ဦးတို့ လက်ဆက်ကြမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ အင်မတန်ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

            'အဲလို လက်ထပ်လိုက်ရင်တော့ မာရီယာအနေနဲ့ မင်းမှုထမ်းဘဝကနေ စိတ်မကောင်းစွာဘဲ နှုတ်ထွက်ရတော့ မှာပေါ့'လို့ ကျွန်တော်က အရဲစွန့်ပြော လိုက်ပါတယ်။

            'ဘာရယ်... ဘယ်လိုကွဲ့'လို့ ဘုရင်မကြီးက တအံ့တသြ ပြန်မေးလာပါတယ်။ သူ့ကို ကြည့်ရတာ နန်းတွင်းသူတစ်ဦး မင်းမှုထမ်းနဲ့ လက်ဆက်မယ်ဆိုရင် အမှုထမ်းဘဝကနေ နှုတ်ထွက်ရတယ်ဆိုတာကို သိထားပုံမရပါဘူး။ ဒီစည်းကမ်းက စာနဲ့ပေနဲ့ ရေးသားထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တော့လည်း မဟုတ်ပါဘူး။ ထုံးတမ်းစဉ်လာအရ ကျင့်သုံးခဲ့ကြတဲ့ နန်းတွင်း ဓလေ့ထုံးစံတစ်ခုသာ ဖြစ်ပါတယ်။

            'အဲဒီကိစ္စအတွက် မဘုရားအနေနဲ့ ဘာလုပ်ပေးလို့ရမလဲ'

            'ဘုရင်မကြီးအနေနဲ့ ဒီစည်းကမ်းချက်ကို လျှော့ပေါ့ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်အတွက် အင်မတန် သင့်မြတ်လှပါတယ်'လို့ လျှောက်ထားလိုက်ရပါတယ်။

            သင့်မြတ်လျောက်ပတ်သူထံ ပေါက်မြောက်အောင်လို့ အချိန်အခါ သင့်တဲ့အချိန်မှာ လျှောက်ထားလိုက်ရင် အောင်မြင်တယ်ဆိုတာ ကျွန်တော့်လက်တွေ့ပါပဲ။ နောက်ရက်အနည်းငယ် အကြာမှာ အိမ်တော်ဝန်ထံမှ စာတစ်စောင် ထွက်လာခဲ့ပါတယ်။ ဒီစာက ဘုရင်မကြီးအနေနဲ့ လျှော့ပေါ့ပေးလိုက်တဲ့အတွက် မာရီယာဟာ ကြင်ယာတော် ဖိလစ်မင်းသားကြီးရဲ့ အမှုထမ်းအဖြစ်မှ နှုတ်ထွက်စရာမလိုဘဲ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

            ဘုရင်မကြီး အပါးမှာ အနီးကပ် ခစားခဲ့ရတဲ့အတွက် သူ့သဘောထားကို ကျွန်တော် ကောင်းကောင်း သိခဲ့ရပါတယ်။ ဘုရင်မအဖြစ် ရာဇဣန္ဒြေနဲ့ စီမံအုပ်ချုပ် မင်းလုပ်နေရတာဖြစ်ပေမယ့် သူ့ကိုယ်ပိုင် လွတ်လပ်တဲ့အချိန်များမှာတော့ ဘုရင်မကြီးဟာ ကျွန်တော်တို့လို မင်းမှုထမ်းများနဲ့လည်း လွတ်လွတ်လပ်လပ် ရယ်ရယ်မောမော နေတတ်ပြီး ကျွန်တော်တို့ ပူဆာတဲ့အခါများမှာလည်း လိုက်လျောသင့်တဲ့ကိစ္စများကို လိုက်လျောခွင့်ပြုတယ်ဆိုတာပါပဲ။

            ကျွန်တော်တို့ နှစ်ယောက် လက်မထပ်ခင် တစ်ပတ်အလိုမှာ ဘုရင်မကြီးက နှစ်ယောက်စလုံးနဲ့ တွေ့ချင်တယ်လို့ အမှာတော်ရှိတဲ့အတွက် ကျွန်တော် အားလပ်တဲ့တစ်နေ့မှာ နှစ်ယောက်သား ဘုရင်မကြီးရဲ့ ဧည့်သည်များအဖြစ် သွားရောက် တွေ့ဆုံရပါတယ်။ ကျွန်တော်တို့ စောင့်ဆိုင်းနေရတဲ့ ဧည့်ခန်းတံခါး ပွင့်လာပြီး ခြေမြန်တော်လုလင်တစ်ဦးဖြစ်တဲ့ ဂျွန်တေလာက 'ပေါလ်နဲ့မာရီယာ၊ ဘုရင်မကြီး ကြွတော်မူလာပါပြီ'လို့ အကြောင်းကြားလာပါတယ်။ အရင်အကြိမ်များကတော့ အဲဒီလို အကြောင်းကြားသူဟာ ကျွန်တော်ပါ။ ဥပမာ- ဘရစ်တားနီးယား သင်္ဘောပေါ်မှာ ဘုရင်မကြီး ရှိနေစဉ် ဝန်ကြီးချုပ် မာဂရက်သက်ချာ ရောက်လာတယ်ဆိုရင် တံခါးဖွင့်ပြီး အကြောင်းကြားသလိုပေါ့။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က ဧည့်သည်ဖြစ်နေပါတယ်။

            ကျွန်တော်တို့ ဝင်ခွင့်ရလို့ ဝင်သွားတဲ့အချိန်မှာ ဘုရင်မကြီးက ဧည့်ခန်းတစ်ခုရဲ့အလယ်မှာ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်က ဧည့်သည်အဖြစ် ကိုယ့်သခင်မကို သွားတွေ့ရတာဆိုတော့ နည်းနည်းတော့ အနေရခက်လှပါတယ်။ ကျွန်တော် အနေရအထိုင်ရ ခက်နေတာကို သဘောပေါက်တဲ့ ဘုရင်မကြီးက ပြုံးတော်မူလိုက်ပြီး 'လာမယ့် စနေနေ့ဆိုရင်တော့ မင်းတို့နှစ်ယောက်စလုံး အရမ်းရင်ခုန်နေကြမှာပဲ'လို့ ပြောပြီး နက်ပြာရောင် ကတ္တီပါဘူးလေးတစ်ဘူး ကျွန်တော့်လက်ကို လှမ်းလိုက်ပါတယ်။ ဒါက ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့ထံမှ ချီးမြှင့်တဲ့လက်ဆောင်ပါပဲ။ ထုံးတမ်းအစဉ်အလာအရ ကျွန်တော်က ဘုရင်မကြီးရှေ့မှာပဲ လက်ဆောင်ဘူးကလေးကို ဖွင့်လိုက်ရပါတယ်။ ဘူးထဲမှာ ပါတာကတော့ ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့ရဲ့ ဘွဲ့တံဆိပ်တော်များ ခတ်နှိပ်ထားတဲ့ ရွှေတံဆိပ်တစ်ခုပါ။ အဲဒီနောက် ဘုရင်မကြီးက ဘူးကြီးကြီးတစ်ဘူးကို ဖွင့်လိုက်ပြီး တစ်စုံတစ်ရာ နှိုက်ယူကာ ကျွန်တော်တို့အတွက် မင်္ဂလာလက်ဖွဲ့ ထပ်ပေးပြန်ပါတယ်။ ဒီတစ်ခါ ပေးတာကတော့ ပန်းအလှများကို လက်နဲ့ရေးခြယ်ထားတဲ့ ဖယောင်းတိုင် စိုက်ကြွေခွက်နှစ်ခွက်ပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံး ဝမ်းသာအားရ ဖြစ်မိကြပါတယ်။ ဒီလက်ဆောင်များဟာ ကျွန်တော်တို့မင်္ဂလာဦးမှာ ရရှိတဲ့ ပထမဆုံး သော လက်ဆောင်များပါပဲ။

            'ဘာလ်မိုရယ်လ်မှာ မင်းတို့နှစ်ယောက် ပျော်ရွှင်ကြပါစေကွယ်'လို့ ဘုရင်မကြီးက ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ဦးညွတ်အလေးပြုလိုက်ကြပြီး ဘုရင်မကြီး ရှေ့တော်မှောက်ကနေ ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက် လက်ထပ်ကြပြီးရင်တော့ ဘာကင်ဟမ်နန်းတွင်းမှာ ဘယ်ဇနီးမောင်နှံတို့မှ မရဖူးသေးတဲ့ အခွင့်အရေးဖြစ်တဲ့ အတူတကွ မင်းမှုထမ်းခွင့် ရကြမှာဖြစ်တာကြောင့် 'မစ္စတာ'နှင့် 'မစ္စစ်'အဖြစ် အမှုထမ်းခွင့်ရကြတော့မှာပါ။

            ကျွန်တော်တို့ နှစ်ယောက်အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ လက်ထပ်ပွဲနေ့ ရောက်လာချိန်မှာတော့ တစ်စုံတစ်ယောက် လစ်ဟာနေတာကို သတိရမိကြပါတယ်။ မာရီယာရဲ့ ဖခင်ဖြစ်သူ ရွန်မရှိတော့ခြင်းပါပဲ။ သတို့သမီးကို တွဲခေါ်လာရမယ့် ဖခင်နေရာမှာ မာရီယာရဲ့ အစ်ကိုဖြစ်သူ ပီတာက အစားဝင်ပေးခဲ့ပါတယ်။ နှမဖြစ်သူကို ဘုရားရှိခိုးကျောင်းအတွင်းသို့ တွဲခေါ်လာခဲ့ပြီး သတို့သားဖြစ်တဲ့ ကျွန်တော့်လက်ကို အပ်နှံပေးခဲ့ပါတယ်။

            ဘုရားရှိခိုးကျောင်းရဲ့ ဓမ္မဂီတဝိုင်းက တီးမှုတ်သံများနဲ့ ကျွန်တော်တို့ နှစ်ယောက် အကြင်လင်မယားဘဝကို ရောက်သွားကြပြီလို့ ကြေညာခံရပြီးတဲ့နောက်မှာ ကျွန်တော့် ဇနီး အသစ်စက်စက်ကလေးကို လက်ချိတ်ပြီး ဘုရားရှိခိုးကျောင်း အပြင်ဘက်ကို ထွက်လာရာမှာတော့ အဆင်သင့်စောင့်ဆိုင်းနေကြတဲ့ မီဒီယာများနဲ့ ပက်ပင်းတိုးတော့တာပါပဲ။ ဧည့်ခံပွဲကျင်းပမယ့်နေရာကို ဘုရားရှိခိုးကျောင်းကနေ ကားနဲ့ သွားကြရမှာပါ။ ဒါပေမယ့် များပြားလှတဲ့ သတင်းထောက်များ၊ ဓာတ်ပုံ ဆရာများကို မကျော်ဖြတ်နိုင်တဲ့အတွက် ကားဆီရောက်အောင် ကျွန်တော်တို့ မသွားနိုင်ကြသေးပါဘူး။ သူတို့စိတ်တိုင်းကျအောင် ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံကြရပါတယ်။ ဧည့်ခံပွဲရှိရာကို ရောက်တဲ့အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်တဲ့ မိတ်ဆွေများထံမှ သဝဏ်လွှာများက တစ်ပုံတစ်ပင် ရောက်ရှိနေပါတယ်။ အဲဒီသဝဏ်လွှာများထဲမှာ ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့ရဲ့ သဝဏ်လွှာလည်း ပါရှိခဲ့ပါတယ်။

            အဲဒီညမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပျားရည်ဆမ်းခရီးအဖြစ် နှစ်ညခရီးထွက်ခဲ့ကြပါတယ်။ ဟိုတယ်မှာ အိပ်ခဲ့ကြပြီး မနက်မိုးလင်းချိန်မှာတော့ ကျွန်တော်တို့ အခန်းပေါက်ဝမှာ သတင်းစာတွေ တစ်ထပ်ကြီး လာပို့ထားပါတယ်။ သတင်းစာတိုင်းရဲ့ မျက်နှာဖုံးသတင်းကတော့ ကျွန်တော်တို့ ပုံတွေချည်းပါပဲ။

            ဘာလ်မိုရယ်လ် စံအိမ်မှာက အသစ်စက်စက် ဇနီးမောင်နှံဖြစ်တဲ့ ကျွန်တော်တို့ နှစ်ယောက်အတွက် သီးခြားစီစဉ်ပေးနိုင်မယ့် အိပ်ခန်း မရှိပါဘူး။ ဒီစံအိမ်မှာရှိတဲ့ မာရီယာရဲ့ တစ်ယောက်အိပ်ခန်းကလေးက ကျွန်တော်တို့နှစ်ယောက်အတွက် အဆင်ပြေတာကြောင့် အဲဒီအခန်းက ခုတင်မှာပဲ အိပ်ကြပါတယ်။ ဘုရင်ကြီးရဲ့ ခွေးကလေးများကတော့ ကျွန်တော်တို့ ခုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ရှိနေကြပါတယ်။ ဒီစံအိမ်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး မင်္ဂလာနေ့နဲ့ ပတ်သက်ပြီး စိတ်အဝင်စားဆုံး လူတစ်ယောက်ရှိပါတယ်။ အဲဒီလူကတော့ ဝေလမင်းသမီး ဒိုင်ယာနာပါပဲ။ အဲဒီအချိန်မှာ မင်းသမီးက ဒုတိယမြောက် ကိုယ်ဝန်အရင့်အမာနဲ့ပါ။ မိန်းမသားနှစ်ယောက် ခုတင်ပေါ် မှာ ထိုင်ကြရင်း မင်္ဂလာဆောင်နေ့ကဓာတ်ပုံတွေကို ကြည့်ကြကာ ကျောင်းသူကလေးများလို ခိုးခိုးခစ်ခစ် ရယ်နေကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ ရယ်မောနေကြလို့ ဆယ်မိနစ်လောက်ပဲ ရှိပါသေးတယ်။ ခေါ်သံတစ်ခု ကြားရပါတယ်။ 'ဒိုင်ယာနာ... ဒိုင်ယာနာ ဘယ်ရောက်နေလဲ။ ထမင်းစားချိန် ရောက်ပြီလေ' တဲ့။ ဘုရင်မကြီးကိုယ်တိုင် ခေါ်တော်မူတဲ့ အသံပါပဲ။

            'ဟော... ခေါ်နေပြီ၊ ကိုယ် နောက်ကျနေပြီ။ ဓာတ်ပုံတွေ ထားခဲ့နော်။ နောက်တစ်ခေါက် ထပ်ကြည့်လိုက်ဦးမယ်'လို့ မင်းသမီး ပြောသံကို ကြားလိုက်ရပါတယ်။

            မာရီယာနဲ့ မင်းသမီး ရင်းနှီးမှုကြောင့် မာရီယာကတစ်ဆင့် ကျွန်တော့်အကြောင်းတွေကို သိခွင့်ရတဲ့ မင်းသမီးက ပိုပြီး ရင်းနှီးလာပါတယ်။ မာရီယာကို သူက ရင်းနှီးယုံကြည်တာနဲ့အမျှ ကျွန်တော့်ကိုလည်း ယုံကြည်လာပုံ ရပါတယ်။ ပိုပြီး အရေးပါတဲ့အချက်ကတော့ ကျွန်တော်ဟာ ဘုရင်မကြီးရဲ့ အပါးမှာ အနီးကပ်ခစားရတဲ့ ခြေမြန်တော်တစ်ဦး ဖြစ်နေခြင်းကြောင့်ပါ။ ကျွန်တော့်နေရာက ဘုရင်မကြီးရဲ့ 'နား' ဆိုရင်လည်း မမှားပါဘူး။ မာရီယာကတစ်ဆင့် ကျွန်တော့်ကို ရင်းနှီးပေမယ့်၊ ယုံကြည်စိတ်ချပေမယ့် လုံးလုံးကြီးတော့ စိတ်မချသေးပါဘူး။ ဒိုင်ယာနာနဲ့ ချားလ်စ်တို့ စေ့စပ်ကြောင်း လမ်းထားတဲ့ ကာလအတွင်းမှာ ဒိုင်ယာနာ အနေနဲ့ ကျွန်တော့်ကို ဘာကင်ဟမ် နန်းတွင်းမှာ ကြိမ်ဖန်များစွာ မကြာခဏ ဆိုသလို တွေ့ဖူးပါတယ်။ တွေ့တိုင်းလည်း ကျွန်တော်က ဘုရင်မအပါးမှာချည်း ဖြစ်နေတာကိုး။ မိန်းမသား နှစ်ယောက်ကတော့ ပြောမနာ ဆိုမနာ ရင်းနှီးနေကြပေမယ့် ကျွန်တော့်အနေနဲ့ ကျတော့ အဲဒီလောက်ကြီး ရင်းနှီးလို့ မဖြစ်သေးပါဘူး။

            အဲဒီကာလကတည်းက သူ့ကို ရင်းနှီးသူများက 'လေဒီဒီ'လို့ ခေါ်ကြတာနဲ့ပတ်သက်ပြီး သူကိုယ်တိုင်က နှစ်သက်ခဲ့ပါတယ်။ အမြဲတမ်း ပြုံးနေတဲ့ သူ့မျက်နှာကို မြင်လိုက်သူတိုင်း သောက မှန်သမျှ ပြေပျောက်စေတာလည်း အမှန်ပါပဲ။ စပင်ဆာမျိုးရိုးရဲ့ သံမဏိစည်းမျဉ်းလို့ ခေါ်ဆိုနိုင်တဲ့ အချက်တစ်ခုကတော့ ဘယ်လောက် ပင်ပန်းနွမ်းနယ် စိတ်ထိခိုက်နေပါစေ မျက်နှာပြင်ပေါ်က အပြုံးကို ဘယ်တော့မှ မပျက်ပြယ်စေရပါဘူး။ ဒိုင်ယာနာက သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်လောက်ပင်ပန်းသည်ဖြစ်ပါစေ အမြဲတမ်း ပြုံးနေတာကို အားလုံးသတိပြုမိခဲ့ကြပါတယ်။

            ပရိသတ်များကြားမှာ ရေပန်းစားလာလေလေ ဒိုင်ယာနာအနေနဲ့ သူ့ကိုယ်သူ ဂရုစိုက်ရလေလေပါပဲ။ တစ်ခါတစ်ရံမှာ သူထမ်းဆောင်ရတဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ သောကက သူ့ကို ဖိစီးခဲ့ပါတယ်။ အဲဒါအပြင် အစားအသောက်မမှန်တဲ့ သူ့ရောဂါကလည်း စိတ်ကို ဖိစီးစေပါတယ်။ အဲဒီကာလတုန်းကတော့ ချားလ်စ်ဟာ သူ့အတွက် မှီခိုအားထားရာတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို သူ့မိတ်ဆွေတစ်ဦးထံ ရေးတဲ့စာမှာ ဒီလို ရေးသားခဲ့ပါတယ်။

            ဒို့မိသားစု အင်မတန် တိတ်ဆိတ်ငြိမ်းအေးတဲ့နေရာလေးတစ်ခုကို ပြောင်းရွှေ့ခဲ့ကြတယ်။ ကိုယ်ကတော့ ဒီနေရာမှာပဲ နေနေ၊ ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာပဲ ရောက်ရောက်၊ ရောက်တဲ့ နေရာတိုင်းမှာ နေတတ်ပါတယ်။ ချားလ်စ်ကလည်း အင်မတန် အံ့သြစရာကောင်းတဲ့ ခင်ပွန်းတစ်ယောက်ပါ။ ကိုယ်စိတ်ဖိစီးမှုများကြောင့် မရွှင်မလန်း စိတ်ညစ်ညူးတဲ့အခါများမှာ ကိုယ့်ကို နှစ်သိမ့်မှုပေးပါတယ်။ သူ ကိုယ့်ကို အမြဲတမ်းအားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်။ ကိုယ်အနေနဲ့တော့ အိမ်ရှေ့ မိဖုရားအနေနဲ့ တာဝန်ထမ်းဆောင်ရမလား၊ သားတို့ရဲ့မိခင်အဖြစ် တာဝန် ထမ်းဆောင်ရမလားဆိုတာ ကွဲကွဲပြားပြား မခွဲခြားနိုင်သေးပါဘူး။ တစ်ယောက်တည်းအနေနဲ့ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာလည်း မခွဲခြားတတ်ပါဘူး။ C ကတော့ လုပ်တတ်ကိုင်တတ်တယ်လေ။ စာနယ်ဇင်းတွေကလည်း သူနဲ့ကိုယ့်ကို ယှဉ်ယှဉ်ပြီး ရေးကြတော့ တော်တော်ခက်တယ်။ အဲဒါကိုတော့ ကိုယ်သဘောမကျနိုင်ဘူး။ သူတို့က ဘာကြောင့်များ C ကို အတိတ်မှာ မထားနိုင်ကြတာလဲဆိုတာကို စဉ်းစားလို့ မရပါဘူး။

            လို့ ရေးသားခဲ့ပါတယ်။

            အများအမြင်မှာ ဒိုင်ယာနာဟာ သူရရှိနေတဲ့ ကျော်ကြားမှုမှာ သာယာယစ်မူးပြီး ချားလ်စ်အနေနဲ့ ဘယ်လို ခံစားရမယ်ဆိုတာ ထည့်သွင်းမစဉ်းစားဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ကမ္ဘာပြည်သူလူထုက ဒိုင်ယာနာမှ ဒိုင်ယာနာ ဖြစ်နေစဉ် ကာလတုန်းကပဲ သူ့မိတ်ဆွေတစ်ဦးထံကို ဒိုင်ယာနာက ဟောဒီလို ရေးခဲ့ဖူးပါတယ်။

            ကိုယ့်အနေနဲ့ သူနဲ့နှစ်ယောက်တွဲပြီး ပြည်သူလူထုကြား ထွက်ရတဲ့အခါများမှာ လူတွေက အော်ဟစ်ပြီး သူတိုနဲ့ စကားလာပြောဖို့ ကိုယ့်ကို ခေါ်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ သူ ဘယ်လိုခံစားရလိမ့်မလဲလို့ အခါခါ စဉ်းစားမိတယ်။

            လို့ ရေးခဲ့ပါတယ်။

            အဲဒီအချိန်က စတင်ပြီးတော့ပဲ မင်းသမီးနဲ့ ကျွန်တော် ရင်းနှီးမှုရခဲ့တာပါ။ သူ ခံစားရတာတွေကို စတင်ရင်ဖွင့်တဲ့ ကာလပေါ့။ ပထမတော့ ဒိုင်ယာနာက သူ ကျွန်တော့်ကို ပြောတဲ့စကားတွေ ဘုရင်မကြီးထံ ရောက်မရောက် စမ်းသပ်ကြည့်ပါတယ်။ တစ်ခါတော့ ဘုရင်မကြီး ခေါ်တော်မူမှာကို ကျွန်တော် စောင့်ဆိုင်းနေတုန်း ဒိုင်ယာနာ ရောက်လာပါတယ်။ အဲဒီအချိန်က သူ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တစ်တိုင်းပြည်လုံးက ဟိုးလေးတကျော် ပြောနေကြတဲ့အချိန်ပါ။ ဒိုင်ယာနာက ကျွန်တော့်ကို 'ကျွန်မ သားလေးမွေးမှာ သိလား'လို့ ပြောခဲ့ပါတယ်။

            ဒီလိုပြောလိုက်ခြင်းဟာ အံ့အားသင့်သွားစေချင်လို့လား၊ တုံ့ပြန်မှုကို သိချင်လို့လား၊ သို့တည်းမဟုတ် သူ့အနေနဲ့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ ရိုးရိုးသားသားပြောလိုက်တာလားဆိုတာ ကျွန်တော် တော်တော်စဉ်းစားရပါတယ်။ ဒီအကြောင်းကို အားလုံးသိကြပြီးပြီလား၊ လျှို့ဝှက်ထားရမယ့်ကိစ္စလား၊ မင်းသမီးက ခြွေရံသင်းပင်း သက်တော်စောင့်မပါဘဲ ဘာ့ကြောင့်များ ခုလို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရှိနေတာလဲ။ ပထမ သားတော် ဝီလျံ ကိုယ်ဝန်ဆောင်စဉ်ကာလတုန်းက အိမ်တော်ဝန်ထမ်းများအနေနဲ့ ယောကျ်ားလေးလား၊ မိန်းမလေးလားဆိုတာကို အချင်းချင်း လောင်းကြေးထပ်ကြတဲ့အထိ ဖြစ်ခဲ့ကြသေးတယ်။ ဒါကြောင့် ခုလို ဒိုင်ယာနာက ပွင့်ပွင့်လင်းလင်း ပြောလိုက်ချိန်မှာ ကျွန်တော့်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။ မျက်နှာပေါ်မှာ အင်မတန် အံ့သြတဲ့ပုံစံ ဖော်ပြလိုက်ပြီး 'ကျွန်တော့်အနေနဲ့ မင်းသမီးက ခုလို ပြောပြတာကို အင်မတန် အံ့သြကျေးဇူးတင်ရပါတယ်'လို့ ဆိုလိုက်တော့ ဒိုင်ယာနာက ဟက်ဟက်ပက်ပက် ရယ်ပါတယ်။ ဒီကလေးမက သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေ အံ့အားသင့် သွားအောင် လုပ်ရတာကို ဝါသနာထုံပါတယ်။ ကျွန်တော့်ဇနီးသည် မာရီယာကို မေးကြည့်တော့ သူ သိတောင် မသိသေးဘူးတဲ့။ ဒါကြောင့် ဒီစကားဟာ မင်းသမီးအနေနဲ့ ကျွန်တော့်ကို စမ်းသပ်တဲ့အချက်တစ်ခုဖြစ်မယ်လို့ နားလည်လိုက်ပြီး သူ ပြောတဲ့စကားကို ဘယ်သူ့ကိုမှ ပြန်မပြောဘဲ လျှို့ဝှက်စွာ နေလိုက်ကြပါတယ်။

            အဲဒီကာလမှာ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက တစ်စုံတစ်ရာ အဖုအထစ် မရှိသေးဘူးလို့ ယူဆရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်နေဆဲပါ။ ဒိုင်ယာနာကလည်း သူ့မိတ်ဆွေထံ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး သာယာချမ်းမြေ့ဆဲဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

            ၁၉၈၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဟယ်ရီလို့ ခေါ်တွင်မယ့် ဒုတိယမြောက် သားတော်ကို ပါဒင်တန်မှ စိန့်မေရီဆေးရုံမှာ ညနေ ၄ နာရီ မိနစ် ၂ဝ အချိန် မွေးဖွားခဲ့ပါတယ်။ မင်းသမီးအတွက်တော့ ဒီအချိန်ဟာ ရွှင်လန်းချမ်းမြေ့မှု အရှိဆုံးအချိန်ပါပဲ။ ဒါကြောင့် ဒိုင်ယာနာက 'ကျွန်မအနေနဲ့ ဝန်ခံရမယ်ဆိုရင် သားလေးဟယ်ရီကို မွေးဖွားတဲ့အချိန်မှာ အပျော်ရွှင်ဆုံးလို့ ခံစားရပါတယ်' လို့ ဆိုခဲ့ပါတယ်။ အဲဒီအချိန်နဲ့ အနီးစပ်ဆုံးအချိန်မှာပဲ နောက်ထပ်မင်္ဂလာသတင်းတစ်ခု ကျွန်တော့်အတွက် ကြားရပြန်ပါတယ်။ အဲဒါကတော့ ကျွန်တော့်ဇနီး မာရီယာမှာလည်း ပထမဆုံးသားဦး ကိုယ်ဝန်ဆောင်ပြီ ဆိုတဲ့သတင်းပါ။

            'ပေါလ်၊ မင်းသွားလေ။ ကလေးမ တစ်ယောက်တည်း အကြာကြီး ခွဲမထားသင့်ဘူး'လို့ ဘုရင်မကြီးက မိန့်တော်မူပါတယ်။ မာရီယာက မီးဖွားရက် ခန့်မှန်းတာထက် ရက်သတ္တပတ် နှစ်ပတ်ကျော်လွန်နေပြီး ဝက်စ်မင်စတာ ဆေးရုံမှာ စောင့်နေရပါတယ်။ ကျွန်တော်က သူရှိနေတဲ့ အဆောင်နဲ့ အဆက်အသွယ်မပြတ် ရှိနေပြီး ဘာကင်ဟမ်နန်းတော်အတွင်းမှာ ပြုမြဲဝတ္တရားများကို ဆောင်ရွက်နေဆဲပါ။ ဘုရင်မကြီးက ရက်ကျော်နေတဲ့ ကျွန်တော့်ရင်သွေးအတွက် စိတ်ပူပြီး ဒီအချိန်မှာ ကျွန်တော့် ဇနီးသည်အနားမှာပဲ နေသင့်တယ်လို့ တိုက်တွန်းနေခြင်းပါ။ မာရီယာရဲ့ သတင်းထူးထူးချင်း သူ့ဆီကို ဖုန်းဆက်ရမယ်လို့ ဘုရင်မကြီးကိုယ်တိုင်က သူမရဲ့ ခြေမြန်တော် ဂျွန်တေလာကို ညွှန်ကြားထားပါတယ်။

            ဘုရင်မကြီးထံမှ ခွင့်ပြုချက် ရရချင်း မာရီယာရှိရာ ဆေးရုံကို ကျွန်တော် ပြေးတော့ ကျွန်တော့် အရင်းနှီးဆုံး သူငယ်ချင်း ရော်ဂျာဂလိဒ်ကလည်း ကျွန်တော်နဲ့ အတူ လိုက်ပါလာခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီကနေ နောက်နေ့မနက် ၆ နာရီ မိနစ် ၄ဝ အချိန်အထိ မာရီယာ့အပါးကနေ ကျွန်တော် တစ်ဖဝါးမှ မခွာခဲ့ပါဘူး။

            ၁၉၈၅ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ကျွန်တော့်သားဦးဖြစ်တဲ့ အလက်ဇန္ဒား ပေါလ်ဘာရယ်လ် လူ့လောကထဲကို ရောက်ရှိလာတာ ကျွန်တော်ကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။ လူ့ဘဝမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဟာ ကိုယ့်ရင်သွေး လူ့လောကထဲ ရောက်ရှိလာတာကို စောင့်ကြည့်ရတဲ့အချိန်ပဲ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီ အချိန်ကာလရဲ့ ထူးခြားဆန်းကြယ်တဲ့ စိတ်ခံစားမှုဟာ ဘယ်ခံစားမှုနဲ့မှ မတူပါဘူး။ မွေးခန်းထဲကနေ ကျွန်တော် အပြင်ဘက်ကို ထွက်လာတော့ ရော်ဂျာက ကော်ရစ်ဒါမှာ မတုန်မလှုပ် ကျောက်ရုပ်တစ်ခုလို ထိုင်ရင်း ကျွန်တော့်ကို စောင့်နေတာ တွေ့လိုက်ရပါတယ်။ ဘုရင်မကြီး မှာလိုက်တာကို သတိရလိုက်မိတယ်။ ပထမဆုံး ဖုန်းဆက် အကြောင်းကြားရမှာက ကျွန်တော့်အဖေလည်း မဟုတ်ပါဘူး။ အမေလည်း မဟုတ်ပါဘူး။ ညီအစ်ကို၊ မောင်နှမတွေလည်း မဟုတ်ပါဘူး။ ကျွန်တော့် သခင်ဖြစ်တဲ့ ဘုရင်မကြီးပါ။

            ခဏအကြာမှာတော့ ကင်စတန် နန်းတော်မှ စားဖိုမှူးနဲ့ အိမ်တော်ဝန် ဖြစ်တဲ့ ဆင်မ်ဆင်နဲ့ ဟာရိုးဘရောင်းတို့ ရောက်ရှိလာကြပြီး သူတို့လက်ထဲမှာ ဒိုင်ယာနာ ပေးလိုက်တဲ့ ပန်းစည်းနဲ့ လက်ဆောင်ပစ္စည်းများ ပါလာပါတယ်။ ဒိုင်ယာနာ့လက်ရေးနဲ့ ရေးထားတဲ့ စာက 'တော်လိုက်တဲ့ မိန်းကလေး ... အချစ်များစွာဖြင့်... ဒိုင်ယာနာ၊ ဝီလျံနှင့် ဟယ်ရီ' ပါတဲ့။ ပန်းစည်းနဲ့ အတူ ကလေးအတွက် ရေမြှုပ်မွေ့ရာ ကလေးတစ်ချပ်လည်း ပါလာပါသေးတယ်။

            နောက်တစ်နေ့ထုတ် Sunday Mirror သတင်းစာကြီးရဲ့ မျက်နှာဖုံးမှာ 'မာရီယာရဲ့ တော်ဝင်ရင်သွေး မွေးဖွား' လို့ ခေါင်းစဉ်တပ်ပြီး ကျွန်တော့်သားဦးကလေး မွေးဖွားကြောင်း သတင်း ဖော်ပြခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဝင်းငြိမ်း

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။