ရွှေဝတ္ထု

ပိတ်ထားသောတံခါး

ယဉ်ယဉ်နု ၊မန္တလေး၊

01 March 2026
ပိတ်ထားသောတံခါး
Share to

            ၁။

မျက်စိထဲမှာ ပြာခနဲ လူတွေက ဝုန်းဒိုင်းကျဲဆူညံနေကြတယ်။ ဘယ်က ဘယ်လို စဖြစ်တယ် မသိဘူး။ စေတီတော်ပွဲမှာ ရုံပွဲကြည့်နေတုန်း တရုန်းရုန်းနဲ့ ရိုက်ကြတာလေ။ ဝင်းထွန်း ခေါင်းပေါ်ကို ရေသန့်ဘူး ကျလာပြီး တစ်ကိုယ်လုံး ရွှဲသွားတယ်။ သူ ဒေါသဖြစ်ဖြစ်နဲ့ ခုန်ထမိတဲ့အချိန်မှာ သူတို့ ထိုင်နေတဲ့ ပက်လက်ကုလားထိုင်တွေကို တွဲချည်ထားတဲ့ ဝါးလုံးတွေက ဘယ်သူ့လက်ချက်လည်း မသိ။ ကြိုးတွေပြေပြီး အဆင်သင့်ဖြစ်နေတယ်။ နဂိုကတည်းက ဇရှိပြီး လက်ယဉ်နေတဲ့သူဆိုတော့ အသက်ကလေးကဖြင့် ရှိလှမှ ၁၆၊ ၁၇ ဆိုပေမယ့် အပွဲပွဲနွှဲဖူးနေတဲ့သူဆိုတော့ လက်ထဲကို ဝါးလုံးပိုင်း ရောက်လာတာနဲ့ တွေ့ရာလူ ဆွဲတီးပျော်ပွဲကြီး ဖြစ်တော့တာပေါ့။ အဲဒီညက ဘယ်နှယောက်လဲ မသိ။

သူ ရိုက်မိတယ်။ ဝီစီသံ တရွှီရွှီနဲ့ လုံခြုံရေးတွေ၊ ရဲတွေ ရောက်လာတော့  ရုံထရံပေါက်ကို ဖြဲပြီးအထွက်မှာ 'လာ လာ'ဆိုပြီး သူ့လက်ကို ဆွဲပြေးတဲ့လူနောက်ကို လိုက်လာခဲ့တယ်။ အတားအဆီးတွေကြားက နှစ်ယောက်သား ပြေးလိုက်ကြတာ။ ဘာကားစီးပြီး ဘယ်ရောက်တယ် မသိ။ သူ့ကိုယ်သူ သတိထားမိတဲ့အချိန်မှာ မနက်လည်း မိုးလင်းနေပြီ။ ကျောက်မြောင်းဆိပ်ကမ်းလည်း ရောက်နေပြီ။ အဲဒီတော့မှသူနဲ့ပါလာတဲ့လူကို စကားပြောမိတယ်။

            'ဘော်ဒါက ဘယ်ကလဲ ရွှေဘိုကပဲလား' လူကြည့်ရတာတော့ ခပ်ဖြောင့်ဖြောင့်ပါပဲ။ ဝင်းထွန်းလိုပဲ။ ဂျင်းဂျက်ကက်နဲ့ အညိုရောင် စတိုင်လ်ဘောင်းဘီကို ဝတ်ထားတယ်။ ဝင်းထွန်းက သူ့ဂျင်းဘောင်းဘီထဲ နှိုက်ကြည့်တော့ ပိန်လိန်နေတဲ့ တစ်ထောင်တန် တစ်ရွက်နဲ့ ငါးရာတန် နှစ်ရွက်လောက် ထွက်လာတယ်။ အရေးကြီးတာက ဗိုက်ပြဿနာ အရင်ရှင်းရမှာမို့ ကျောက်မြောင်း ဆိပ်ကမ်းကလက်ဖက်ရည်ဆိုင် အရင်ထိုင်ကြတယ်။ ဟိုလူ့အပြောကတော့ မှော်ထဲက လာတာဆိုပဲ။ ကျောက်သယ်လာတဲ့အိတ် ရွှေဘိုမှာ ဆွဲချခံရလို့ အလွတ်ရုန်းပြေးရာက ရွှေဘိုမှာ သောင်တင်နေတာ။ စေတီတော်ပွဲနဲ့ ကြုံတာနဲ့ ဝင်ကြည့်ရင်း ဖြစ်ကြတာတဲ့။ သူ့ အပြောကတော့ ပွဲကြည့်မိန်းမ တစ်ယောက်ရဲ့ ဆွဲကြိုးကို ခါးပိုက်နှိုက် တစ်ယောက်က ဖြတ်ရင်း ပြဿနာစတာတဲ့။ ကိစ္စမရှိဘူးလေ။ အဲဒီ ကိုချိုကြီးဆိုတဲ့လူက အရေးမကြီးဘူး။ ဝင်းထွန်းက ရွှေဘိုသားအစစ်။ အဖေက မြို့မျက်နှာဖုံး လူကုံထံအသိုင်း အဝိုင်းထဲမှာ ပါတယ်။ ဝင်းထွန်းသာ ကိုးတန်း တဖုံးဖုံးကျပြီး ဆုံးမ မရ။ ဟိုရိုက်ပွဲပါ၊ ဒီရိုက်ပွဲပါ ဖြစ်နေတာ။ အခု ရုံထဲမှာ သူရိုက်ခဲ့တာ ဆယ့်လေးငါးယောက်ထက် မနည်းဘူး။ ဝါးလုံးတိုနဲ့မို့ ပေါ့။ ဝါးဆစ်ပိတ်နဲ့သာဆို အကုန်လုံး သေလောက်တယ်။ လောလောဆယ် ရွှေဘိုက ခွာနေမှဖြစ်မယ်။ အခုလောက်ဆို အဖေ တောက်တခေါက်ခေါက် ဖြစ်ပြီး အမေ ငိုနေလောက်ပြီ။ အင်း...အမေသာမက သူ့ကို ပိုက်ဆံ ခိုးခိုးပေးတဲ့ ကြီးကြီးစောလည်း ငိုနေလောက်ပြီ။ ရှုပ်ပါတယ်။ ကျောက်မြောင်းတောင် သိပ်စိတ်ချရသေးတာ မဟုတ်ဘူး။ ဝင်းထွန်း လက်ဖက်ရည်ဖိုး ရှင်းပြီး ရှေ့မှာ မြင်နေရတဲ့ ဧရာဝတီမြစ်ကူး ဇက်ပေါ်တက်ခဲ့တယ်။ ကိုချိုကြီးကလည်း သူ့နောက်က ကုပ်ကုပ်လေး လိုက်လာတယ်။ လောလောဆယ် သူနဲ့ပဲ အပေါင်းအသင်းလုပ်ရဦး မယ်လေ။ စဥ့်ကူးကတစ်ဆင့် မန္တလေးရောက်တော့ ပိုက်ဆံ ကုန်သွားပြီ။ ဝင်းထွန်းလည်း ဘာလုပ်မလဲ စပြီး စဉ်းစားရပြီ။

            ၂။

            'ငါတို့က ချောင်းဦးနယ် တောဘက်ကကွ။ ငါ ကိုးနှစ်သားလောက်က အမေ နောက်ယောကျ်ားနောက် လိုက်သွားတယ်။ အဲဒီကတည်းက အဖေလည်း အရက်ကို မိုးလင်းအောင် သောက်တော့တာပါပဲကွာ။ အိမ်မှာလည်း အိုးတစ်လုံး၊ ဖျာတစ်ချပ်တောင် မရှိဘူး။ ငါ လူပျိုပေါက်ဖြစ်စမှာ ကွမ်းရောင်းတဲ့ လူတစ်ယောက်က မှော်ထဲကို ခေါ်သွားတယ်။ ဟိုရောက်တော့ သူ့ဆိုင်မှာ ကူရတယ်။ အားတဲ့အချိန် မီးသွေးအိတ် ပြေးထမ်းရသေးတယ်။ ဟိုကြည့် ဒီ ကြည့်နဲ့ ကျောက်နည်းနည်း နားလည်လာတော့ လမ်းပွဲစားလေးလုပ်ပေါ့။ ပိုက်ဆံလေးစု၊ ရှိစုမဲ့စုနဲ့ ဝယ်လာတဲ့ ကျောက်လေး ရွှေဘိုမှာ ဆွဲချခံရတော့တာပါပဲကွာ။ ကံကောင်းလို့ လူလွတ်တာ။ ငါလည်း စိတ်ချဉ်ပေါက်ပြီး ရုံထဲမှာ ဆယ်ယောက်ထက် မနည်းရိုက်ခွဲခဲ့တာ' မန္တလေး အသောကရာမတိုက်က ကိုချိုကြီး အသိ။ ဘုန်းကြီးကျောင်းမှာ အုတ်ထရံလေးတွေ မှီထိုင်ကြရင်း ကိုချိုကြီးက သူ့ဘဝကို ရင်ဖွင့်တယ်။ ဝင်းထွန်းကတော့ ပြောရမယ်ဆိုရင် ရွှေဘိုမင်းလမ်းမှာ နှစ်ထပ်တိုက်ကြီးက ဟီးလို့။ အမေအဖေဆိုတာ မြို့မျက်နှာဖုံးတွေ။ သွားမယ်ဆိုရင် ဆိုက်ကယ်၊ ကားက အဆင်သင့်။ မိဘက ကိုးတန်းအောင်စေချင်လွန်းလို့ ကျူရှင်တွေ၊ ဝိုင်းတွေထားလည်း မတက်။ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ခင် တရုန်းရုန်း၊ တပျော်တပါး ရန်ဖြစ်ရင် အလဲအကွဲ အသည်းအသန် ဖြစ်ကြ။ မိဘမှာ ဟိုလူ့ တောင်းပန်ရ၊ ဒီလူ့တောင်းပန်ရ။ အခုကို မန္တလေးရောက်နေတော့တာကြည့်ပေတော့။ ဝင်းထွန်းအကြောင်း ကြားရတော့ ချိုကြီးက 'ငါ မင်းလို ဘဝမျိုးဆိုရင် တပျော်တပါး အဖေနဲ့အမေနဲ့ နေမှာပေါ့ကွာ။ ငါ့ညီ မမိုက်ပါနဲ့၊ အိမ်ပြန်' လို့ ပြောတယ်။ ဝင်းထွန်းကတော့ ဟင့်အင်းပဲ။ ဟုတ် တယ်လေ။ ရုံထဲမှာ ရိုက်ခဲ့တာကို နည်းသလား။

            မန္တလေးရောက်ပြီး သုံးရက်မြောက်တဲ့နေ့မှာ ဝင်းထွန်း နာရီရောင်းရတဲ့ ပိုက်ဆံ ကုန်သွားတယ်။ စရိတ်ငြိမ်း အလုပ်လေး ရှာကြတာပေါ့ကွာဆိုပြီး သူတို့ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်ကို ရောက်သွားကြတယ်။ ဆိုင်ရှင် တရုတ်ကြီးက စရိတ်ငြိမ်း ငါးထောင်ဆိုပြီး လက်ငါးချောင်း ထောင်ပြတယ်။ မနက်စာ ဘဲဥကြော်၊ ချဉ်ပေါင်ကြော်နဲ့ အဝစားပြီးတော့ ပန်းကန်တွေ ဆေးရတယ်။ အိပ်တော့ စားပွဲခုံတွေ ဆက်ပြီးတော့ အလုပ်သမားတွေနဲ့ ရောအိပ်ကြတာ။ ခြင်ထောင်ရယ်၊ အဝတ်အစားပိုရယ် ပါမလာတဲ့ သူတို့နှစ်ယောက်ကို ဘယ်သူကမှ မကြည်လင်ဘူး။ ဝင်းထွန်းလည်း ဒီလောက်အောက်တန်းကျတဲ့ အိပ်ရာနဲ့တော့ မအိပ်နိုင်ဘူး။ အဲဒါနဲ့ နောက်တစ်နေ့မနက် ထမင်းလည်း အဝစားပြီးရော နှစ်ယောက်သား ထွက်ခဲ့ကြတယ်။ စိတ်ညစ်ညစ်နဲ့ ဘုန်းကြီးကျောင်း ပြန်ရောက်ပြီး ထိုးအိပ်နေတဲ့ ဝင်းထွန်းကို ညနေ သုံးနာရီလောက်မှာ ချိုကြီးက ကမန်းကတန်းလာ နှိုးတယ်။ မြို့ထဲက သူ့ သူငယ်ချင်းဆီ အလုပ်ရှာဖို့ သွားတော့ သူငယ်ချင်းက 'ဟာ...အတော်ပဲကွာ။ ကျွန်းလှနယ်ထဲက ရေနံတွင်းတွေမှာ လူလိုလို့တဲ့။ အလုပ်သမားခေါင်းက လူလာစုတယ်။ နှစ်လ၊ သုံးလ လုပ်ရင်ကို သိန်းချီစုမိတာတဲ့။ အခု ညနေ ကားထွက်မယ်' ဆိုတာနဲ့ ဝင်းထွန်းကို ပြန် လာပြောတာ။ ဝင်းထွန်းကလည်း လုပ်လိုက်လေ ကြာသလားပေါ့။ ချိုကြီးက ခပ်ထွေထွေ ဖြစ်နေတယ်။

            'ငါက ဒေါင်ကျကျ၊ ပြားကျကျ အသားကျနေပြီးသားလူ။ မင်းလို သူဌေးသားက ဖြစ်ပါ့မလားကွာ'လို့ ပြောသေးတယ်။ ဝင်းထွန်းကတော့ ချိုကြီး သွားမယ်ဆို ကတည်းက ရွေးစရာလမ်း မရှိဘူးလေ။ အဲဒါနဲ့ ချိုကြီး သူငယ်ချင်းဆီကို လှမ်းဖုန်းဆက်ပြီး အလုပ်သမားခေါ်တဲ့ ကားကို ဘုရားကြီးအနောက် မုခ်ကနေစောင့်ပြီး စီးကြတယ်။

            ကားကြီးက ဒေါဂျစ်အိုအိုကြီး။ တအီအီနဲ့ မောင်း၊ ဓာတ်ဆီစော်ကလည်းနံတော့ ဝင်းထွန်း ကားပေါ်ရောက်ကတည်းက ခေါင်းတွေမူးလာတယ်။ အရမ်းဆိုးလာပြီး ခေါင်းမထူနိုင်တော့ လှဲအိပ်ချ လိုက်တယ်။ ခဏလေးလည်းနေရော ကျောကို တံတောင်ဆစ်နဲ့ ဒုန်းဆို အတွတ်ခံလိုက်ရတာ။ နာလိုက်တာ။

            'ဟေ့ကောင်၊ မင်းခြေထောက်ကြီးက နည်းနည်း ရွှေ့စမ်း' ဗလကြီးနဲ့ မျက်နှာထားဆိုးဆိုး လူတစ်ယောက်က ဝင်းထွန်းကို ပိတ်ဟောက်နေလိုက်တာ မျက်ထောင့်နီကြီးနဲ့ မကြည်သလို ကြည့်နေတယ်။ ခုန်ထပြီး ဖြဲပစ်ချင်လိုက်တာ မဖြစ်နိုင်လို့ ကြည့်နေရတာ။ ကိုချိုကြီးကတော့ မတော်လို့ပါဗျာလို့ တောင်းပန်တယ်။ ပထမဦးဆုံးအကြိမ်အနေနဲ့ ဝင်းထွန်း ငါနဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ တွေးမိစ ပြုလာတယ်။

            ၃။

            ညနေ နေဝင်ရီတရော အချိန်မှာ ဒေါဂျစ်ကားကြီးက တအိအိနဲ့ ရွှေဘိုကို ဝင်လာတယ်။ ဝင်းထွန်း ရင်တွေ တဒိတ်ဒိတ်ခုန်နေတယ်။ ဈေးဟောင်းဂိတ်မှာ ကားက ရပ်သွားတယ်။ ကားရှေ့ခန်းက လူကြီးတစ်ယောက် ဆင်းလာပြီး ကားပေါ်က လူတွေကို တစ်ယောက် ငါးရာစီ ပေးတယ်။ 'ကားပြင်ရမယ်၊ ရွှေဘိုမှာ နားမယ်။ ကားမှာ အိပ်ချင်အပ်၊ မအိပ်ချင်နေ။ မနက် ငါးနာရီ ကားထွက် မယ်'လို့ ပြောတယ်။ သြော် ဒုက္ခပါပဲ။ ရွှေဘိုနဲ့ ဝေးအောင် ရှောင်ပါတယ် ဆိုနေမှ။ ရွှေဘိုမှာ ညအိပ်နေရတယ်လို့ကွာ။ ကိုချိုကြီးကို ကျွတ်ကျွတ်အိတ်နဲ့ ထမင်းဝယ်ခိုင်းလိုက်ပြီး ကားပေါ်မှာပဲ စားလိုက်တယ်။ ပစ္စည်းပါတဲ့ လူတွေရဲ့ အိတ်တွေထပ်ထားတဲ့ ပေါ်လှဲချရင်း ဟိုတွေး၊ ဒီတွေး တွေးနေတယ်။ သူ့ မျက်စိထဲမှာ သူတို့တိုက် အရှေ့ ပြတင်းပေါက်တွေထဲက ထောင့်ဆုံးပြတင်းပေါက် ကလေးကို မျက်စိထဲ မြင်နေတယ်။ သူ ညဘက် တိုက်ပြင် ခိုးထွက်မယ်ဆိုရင် အဲဒီ ပြတင်းပေါက်ကလေးကို မဟတဟလေး စေ့ထားပြီးမှ အားလုံးအိပ်မှ ထွက်တယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်း၊ သန်းခေါင်သန်းကွဲကျမှ အိမ်ပြန်၊ တိုက်ရှေ့ဝင်းတံခါးကို ကျော်တက်၊ စေ့ထားတဲ့ ပြတင်းပေါက်ကနေ အိမ်ထဲဝင်ပြီးမှ ကန့်လန့်ချပြီး ပြန်ပိတ်၊ အိပ်။ အိုကေနေတာပဲ။ ဘယ်သူမှ မသိဘူး။ အခုတော့ အဲဒီတံခါးလည်း ပိတ်ထားရောပေါ့။ ငါရောက်နေတယ်လို့လည်း အိမ်သားတွေက သိမှာမဟုတ်။ တွေးရင်း တွေးရင်း ဝင်းထွန်း တစ်မျိုးကြီးဖြစ်လာတယ်။ အိပ်နေရာက ဆတ်ခနဲ ထလိုက်တယ်။ 'ဘယ်နှနာရီ ထိုးပြီလဲ'လို့ ကိုချိုကြီးကို လှမ်းမေးလိုက်တယ်။ 'ကိုးနာရီ'လို့ ကိုချိုကြီးက ဖြေတယ်။ ဝင်းထွန်း ချီတုံချတုံနဲ့ တအောင့်လောက် ကြာသွားပြန်တယ်။ ရေနံမှော်မှာ ဘယ်လောက်ကြာမှန်း မသိ။ ဘာတွေ တွေ့ကြုံရမှန်း မသိ။ ဝင်းထွန်း ရင်ထဲမှာ သူတို့တိုက်ရှေ့ကို နောက်ဆုံး တစ်ကြိမ် ခရီးမထွက်ခင် သွားကြည့်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာတယ်။ အဲဒီအချိန်မှာ ခပ်ဝေးဝေးက နာရီသံချောင်း ခေါက်သံ ဆယ့်တစ်ချက် ပေါ်လာတယ်။ ဟင်... တစ်အောင့် ထင်နေတာ။ ဆယ့်တစ်နာရီတောင် ထိုးမှပဲ။ ဒီအချိန်ထိ သူတို့အိမ်၊ အိမ်သားတွေ နေရိုးထုံးစံမရှိ။ တံခါးပိတ် အိပ်ကြတာ။ အိမ်ရှေ့သွား ကြည့်ရင် ကောင်းမယ်လို့တွေးပြီး ဝင်းထွန်း ထလိုက်တယ်။ အိပ်တာလား မသိ။ ငြိမ်သက်နေတဲ့ ကိုချိုကြီးကိုတောင် နှုတ်မဆက်ခဲ့မိပါဘူး။ ဝင်းထွန်း ငိုက်စိုက်ငိုက်စိုက်နဲ့ လူပြတ်နေတဲ့ လမ်းတွေပေါ်မှာ လျှောက်လာတယ်။ သိပြီး ကျွမ်းကျင်သွားရတာမို့ ခဏလေးနဲ့ မင်းလမ်းကို ရောက်လာတယ်။ ဒီနေ့မှ မီးတွေကလည်း လင်းထိန်နေလိုက်တာ။ ဝင်းထွန်း ထနောင်းပင်၊ တမာပင်၊ မန်ကျည်းပင်ရိပ်တွေခိုပြီး လမ်းအလယ်လောက်ထိ လျှောက်လာတယ်။ ဟော... တိုက်ရှေ့ကို ရောက်တော့မယ်။ ဖျတ်ခနဲ ဝရန်တာမှာ လူရိပ်တွေ့လို့ လမ်းဘေးက အုတ်ရေအိုးစင်ကို ကွယ်လိုက်တယ်။ ဘယ်သူပါလိမ့်လို့ ထနောင်းပင်ရိပ်ကလေး ခိုပြီး ကြည့်မိတော့ ဟင်... ဝင်းထွန်းက အမေလို့ ထင်တာ။ အမေမဟုတ်ဘဲ အဖေဖြစ်နေတယ်။ အဖေ သူ့ကို မမြင်ရမှန်း သေချာနေလျက်နဲ့ ဝင်းထွန်း လန့်သွားတယ်။ အဖေက ဝရန်တာမှာ ဟိုလျှောက်၊ ဒီလျှောက် လုပ်နေ တယ်။ အဖေ ဘာလုပ်နေပါလိမ့်။ ခါတိုင်း ဒီအချိန် အဖေ အိပ်နေတာလို့ တွေးနေတဲ့ ဝင်းထွန်းဟာ လမ်းထိပ်က ဂစ်တာတီးနေကြတဲ့ ကောင်ကလေးအုပ်စုရဲ့ တဝါးဝါးရယ်သံ ပြေးကြ လွှားကြသံတွေ ကြားတော့ အဖေ လှုပ်ရှားလာပြီး ကမန်းကတန်း ဝရန်တာပေါ်က လိမ့်ကျမတတ် ခါးကိုင်းပြီး ကြည့်တာမြင်တော့ သူ နားလည်သွားတယ်။ တစ်ဆက်တည်း မျက်ရည်တွေ လည်လည်လာတယ်။ အဖေ၊ အဖေ ကျွန်တော့်ကို မျှော်နေတာလား အဖေလို့ အသံမထွက်ဘဲ မေးမိတယ်။ တစ်ခါတည်း မှောင်ရိပ်က ပြေးထွက်ပြီး အဖေလို့ အော်ခေါ်လိုက်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ အဖေဟာ ခါးကိုင်း ပြီး လမ်းထိပ်ဘက်ကို မျှော်ကြည့်လည်း ထူးခြားမလာတော့ စိတ်လျှော့လိုက်သလို ဝရန်တာကို လက်နဲ့ထောက်ပြီး ခေါင်းငိုက်စိုက်ချပြီး အကြာကြီး ငြိမ်နေတယ်။ ဝင်းထွန်း အသက်အောင့်ပြီး စောင့်ကြည့်နေတုန်း အဖေ အိမ်ထဲ ဝင်သွားတယ်။ ဝရန်တာမီးလည်း ပိတ်သွားတယ်။

            ဘယ်သူက လှုံ့ဆော်လိုက်သလဲ မသိဘူး။ ဝင်းထွန်း ကြောင်တစ်ကောင်လို ဖျတ်ခနဲ အမှောင်ရိပ်က ပြေးထွက်ပြီး ဝင်းတံခါးရှေ့ ရောက်သွားတယ်။ တံခါးကို ကျော်တက်ပြီးကာမှ ဘယ်သူက ပြတင်းပေါက်ကို သူဖွင့်သလို ဖွင့်ထားပါ့မလဲလို့ တွေးမိပြီး စိတ်ဓာတ်ကျသွားတယ်။ ဒါပေမယ့် အမှတ်တမဲ့ လက်ကလေးနဲ့ စမ်းပြီး ဆွဲလိုက်တော့ ပြတင်းပေါက် တံခါးက ကျွီခနဲ မြည်ပြီး ပွင့်သွားတယ်။ ဘယ်သူဖွင့်ထားတာလဲ ဆိုတာကိုတောင် မစဉ်းစားမိအောင် ဝမ်းသာသွားတဲ့ ဝင်းထွန်းဟာ အိမ်ထဲကို ပေါ့ပေါ့ပါးပါး ခုန်ဝင်ပြီး ကန့်လန့် ပြန်ချလိုက်တယ်။ မှောင်ထဲမှာ အထိအခိုက်မရှိ။ တစ်သက်လုံး နေလာတဲ့အိမ်မို့ ကြောင်တစ်ကောင်လို ခြေသံမကြားဘဲ လျှောက်ခဲ့တဲ့ ဝင်းထွန်းဟာ သူ့အိပ်ခန်းရှိတဲ့ အပေါ်ထပ်ကို မတက်ဘဲ မီးဖိုချောင်ဘေးက အောက်ထပ်စတိုခန်းထဲမှာ အိပ်တဲ့ ကြီးကြီးစောရဲ့အိပ်ရာထဲကို ခြင်ထောင်လှန်ပြီး တိုးဝင်လိုက်တယ်။

            'ဘယ်သူတုံး၊ ဗုဒ္ဓေါ... ဟင်... နင် ဘယ်သူလဲ'

            'ကျွန်တော်ပါ ကြီးကြီးစောရဲ့၊ တိုးတိုး'

            'ဟယ်... ဝင်းထွန်း'

            ဖျတ်ခနဲ လက်နှိပ်ဓာတ်မီးနဲ့ မျက်နှာကို ထိုးအကြည့်ခံရပြီး ကြီးကြီးစောက 'အမလေး... ပြန်လာသေးတယ်နော်။ ဒီမှာတော့ တစ်အိမ်လုံးကို မျက်ရည်နဲ့ မျက်ခွက်။ နင့်အဖေလည်း ထမင်းမစားဘူးဟဲ့။ နင်ပွဲထဲမှာ လူတွေရိုက်ပြီး ထွက်ပြေးတာ မဟုတ်လား။ ဘယ်သူကမှ သိကြပုံ မပေါ်ပါဘူး။ ရဲတွေဘာတွေကလည်း လာမမေးပါဘူး။ နင်ကသာ လန့်ပြီး ထွက်ပြေးတာ။ နင့်အမေက တငိုငို တရယ်ရယ်နဲ့'

            'ကြီးကြီးစော မပြီးသေးဘူးလား။ သားအိပ်ချင်လှပြီ။ သြော်... အဖေတို့ မသိစေနဲ့ဦးနော်' အေးပါ၊ အေးပါဆိုပြီး ကြီးကြီးစောက သူ့အိပ်ရာဘေး မီးပူတိုက်မလို့ ခြင်းထဲထည့်ထားတဲ့ လျှော်ပြီးသား အင်္ကျီတွေထဲက တီရှပ်တစ်ထည်နဲ့ ချည်လုံချည် တစ်ထည် ယူပေးတယ်။ ဒီတော့မှ ညစ်ပတ်နေတဲ့ သူ့ ဝတ်စုံကို လဲရတော့တယ်။ ပြီးတော့ နံ့သာဖြူ၊ ကရမက်နံ့ မွှေးနေတဲ့ ကြီးကြီးစောရဲ့ အိပ်ရာပေါ်ကို စိတ်ချလက်ချ လှဲချလိုက်တယ်။ ဒီအိပ်ရာမှာ ဘယ်သူကမှ မငြူစူပါလား။ ခြေထောက်နဲ့ ကန်မယ့်လူ၊ တံတောင်နဲ့ တွတ်မယ့်လူ မရှိပါလားလို့ ပထမဦးဆုံးအကြိမ် တွေးမိရင်း သူ စိတ်ချမ်းသာ၊ လက်ချမ်းသာ အိပ်ပျော်သွားတယ်။

            ၄။

            တစ်အောင့်ပဲကြာသွားတယ်လို့ သူ့ကိုယ်သူ ထင်ထားတာ တံခါးကို တဒုန်းဒုန်းထုနေတဲ့ အသံ၊ အော်ဟစ်နေတဲ့ အသံတွေကြောင့် သူ နိုးလာတယ်။ နိုးတစ်ဝက်မှာတင် အော်နေတာ အဖေ့အသံဆိုတာ သိလာရတယ်။ အဖေ ဘာတွေ ပြောနေပါလိမ့်။

            'မမစော၊ မြန်မြန်တံခါး ဖွင့်စမ်းပါ။ အဲဒီထဲမှာ ဝင်းထွန်း ရှိတယ်မဟုတ်လား။ အပေါ်ထပ်က အိပ်ရာတွေ အကုန် အဖေရှာခဲ့ပြီးပြီ။ သားလေး ထွက်ခဲ့ဟေ့။ အဖေ ခေါ်နေတယ်လေ။ မင်း ရောက်နေပြီ မဟုတ်လား'

            အခုမှ နိုးလာတဲ့ ကြီးကြီးစောလည်း အူကြောင်ကြောင် ဖြစ်နေတယ်။ သူ လာတုန်းက ဖွင့်ထားတဲ့ စတိုခန်းတံခါး ပိတ်ထားလို့ အဖေက ထုနေတာ ထင်တယ်။ ဝင်းထွန်း ကမန်းကတန်း ဖွင့်ပေးလိုက်တယ်။ တံခါးဖွင့် လိုက်တော့ ပြုံးပြုံးကြီး အဖေ့မျက်နှာကို အရင်မြင်ရပြီး နောက်က အမေနဲ့ အစ်ကို၊ အစ်မတွေ၊ ညီတွေကို အပြုံလိုက်ကြီး မြင်ရတော့ ဝင်းထွန်း လန့်တောင်သွားတယ်။ ခပ်လှမ်းလှမ်းက လင်းကြက်တွန်သံ ကြားရတယ်။

            'အဖေက မင်းရောက်နေပြီ ဆိုတာသိလို့ အပေါ်ထပ်က အိပ်ရာတွေထဲ လိုက်ရှာတာနဲ့ အကုန်နိုးလာကြတာလေ။ ဘယ်မှာမှ မရှိလို့ သား ကြီးကြီးစော အခန်းထဲ ရှိမှာပဲ ဆိုပြီး အဖေတို့ ဆင်းလာကြတာ' ဝင်းထွန်း ခေါင်းကုပ်ရင်း အသိချင်ဆုံး မေးခွန်းတစ်ခု ဖေဖေ့ကို မေးမိတယ်။

            'သား ပြန်ရောက်နေတာ အဖေ ဘယ်လိုသိလဲ'

            'သား ထွက်သွားတဲ့နေ့ကစပြီး ပြတင်းပေါက်ကလေးကို အဖေ နေ့နေ့ညည အမြဲတမ်း စေ့ထားခဲ့တယ်။ နေ့တိုင်း နေ့တိုင်း မနက် အရုဏ်မတက်ခင် သားပြန်လာမလားလို့ ပြတင်းပေါက် ကလေးကို မျှော်လင့်ချက်နဲ့ အစောကြီးထပြီး ကြည့်ခဲ့ရတာ။ ဒီနေ့မနက်တော့ ကန့်လန့်လေးချပြီး ပိတ်ထားတာ တွေ့လိုက်ရတော့...'

            အဖေ ဘာစကားတွေ ဆက်ပြောနေတယ်ဆိုတာ ဝင်းထွန်း မကြားတော့ပါ။ သူ့ တစ်ကိုယ်လုံး အဖေ့လက်မောင်းကြား ရောက်သွားပြီး မျက်ရည်တွေ လည်လာတယ်။ သေချာတာတစ်ခုကတော့ ဝင်းထွန်း ဘယ်တော့မှ အိမ်က ထွက်သွားဖြစ်တော့မှာ မဟုတ်ပါဘူး။

ယဉ်ယဉ်နု ၊မန္တလေး၊

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်