ရွှေဝတ္ထု

ကြွေရုံသာမက မွှေလို့ပင်သွားပါလေရဲ့

ကိုလေးမြတ်

01 March 2026
ကြွေရုံသာမက မွှေလို့ပင်သွားပါလေရဲ့
Share to

ခုတလော ရွာမှာ လူနှစ်ယောက် စကားလက်ဆုံကျနေရင် ဘာစကားတွေ ပြောနေကြတာလဲလို့ သွားမေးကြည့်မနေလေနဲ့။ ဦးသုမနရဲ့ ဘုန်းကြီးပျံပွဲအကြောင်းပဲ ဖြစ်တော့မှာပေါ့။ ကျုပ်တို့ ရွာကတော့ ဦးပဉ္ဇင်းဘိုကြီးလို့ ခေါ်နေကြတဲ့ ဦးသုမနက နှယ်နှယ်ရရ ပုဂ္ဂိုလ်မှ မဟုတ်တာ။ တိုင်းကျော် ပြည်ကျော်ထိတော့လည်း မဟုတ်ဘူးပ။ ဒါပေမယ့် မူးအရှေ့ဘက်ကမ်း ရွှေဘိုနယ်၊ ဆိပ်ခွန်ရွာတို့ထိ၊ ချင်းတွင်းအနောက်ဘက်ကမ်း ဆားလင်းကြီးနယ် ကံကုန်းရွာတို့ထိ၊ ဧရာဝတီ တောင်ဘက်ကမ်း ငါးဇွန်နယ် လင်္ကာဒီပတို့ထိ ထင်ရှားလူသိများတဲ့ ပုဂ္ဂိုလ်။ နည်းတဲ့ ဂေါစဂါမ် အကျယ်လား။

တရားဟော၊ တရားပြ ကောင်းလွန်းလို့လား မထင်လိုက်နဲ့ဦး။ နွားဆေးကု ကောင်းလွန်းလို့။ ရောဂါ ဘယ်လောက်ကျွမ်းကျွမ်းသူ ကြွလာတဲ့အချိန်မှာ နွားသာ အသက်နဲ့ခန္ဓာရှိနေပစေ။ ကျန်းမာရှင်သန်လာစေရမယ် စိတ်သာချ။ တချို့က ဦးသုမနကို သိကြားဆေးဆရာလို့တောင် ယုံမှတ်ထားကြသေးတယ်။ တောင်သူ လယ်သမားဆိုတာ နွားနဲ့ကင်းကွာလို့ရတဲ့ အမျိုးမှတ်လို့။ ဒီလိုပဲ နွားဆိုရင်လည်း ဦးသုမနနဲ့ ကင်းကွာလို့ကို မဖြစ်ဘူးရယ်။ ဒီတော့ ဦးသုမနနဲ့ တောင်သူလယ်သမားတွေ၊ တောင်သူလယ်သမားတွေနဲ့ ဦးသုမနတို့ဟာ ကင်းကွာလို့ကို မဖြစ်ကြပြန်တော့ဘူး။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီနေတဲ့သဘော။ ပြီးတော့ လူလောက လူတွေအတွင်းမှာ လူမှုရေး ကောင်းကြတဲ့သူတွေ ရှိကြသလို ဦးသုမနကလည်း ဘုန်းကြီးလောက ဘုန်းကြီးတွေအတွင်း ဘုန်းကြီးရေးအင်မတန်ကောင်းတဲ့ ပုဂ္ဂိုလ်။ ရွာဘုရားပွဲ၊ အလှူအတန်းတွေမှာ ဆွမ်းလောင်းကြွလို့ ရှိရင် ဦးသုမနကပဲ ဝါစဉ်ပြီး စီတန်းပေးရတယ် မဟုတ်လား။ ဒီနယ်တစ်လွှား ကျောင်းထိုင်ဘုန်းကြီးတွေ၊ အခန်းနေ ဦးပဉ္ဇင်းတွေ နာမကျန်းဖြစ်ရင် ဦးသုမနက အားပေးကူညီဖို့ အရောက်ကြွလာတတ်စမြဲ။ သီတင်းကျွတ်ရင် သူ့ထက်ဝါကြီးတဲ့ ဘုန်းကြီးတွေကို နှစ်စဉ် ကန်တော့တတ်စမြဲ။ ဘုန်းတော်ကြီး တစ်ပါးပါး ပျံလွန်တော်မူရင်လည်း ပြသာဒ်လား၊ ဝတ္ထု (ငွေ)လား တစ်ခုခုတော့ ထည့်ဝင်ကူညီတတ်စမြဲ။

            အခု အဲဒီ ဦးသုမန ကိုယ်တိုင်ပျံလွန်တော်မူသွားရှာပါပြီ။ ဝါဆိုဦးတုန်းကပေါ့။ နိဗ္ဗာန်ကျောင်းချပွဲကတော့ ဗလာဇာတ်လေး တစ်ဇာတ်နဲ့ သိုက်သိုက်မြိုက်မြိုက် ကျင်းပလို့ ပြီးစီးသွား ပါပြီ။ နိဗ္ဗာန်ကျောင်းချတယ်ဆိုတာ ရုပ်ကလာပ်တော်ကို ကျောင်းကြီးပေါ်ကနေ ကျောင်းဝင်းတစ်နေရာမှာ ယာယီဆောက်လုပ်ထားတဲ့ ကျောင်းဆောင်ထဲ ရွှေ့ပြောင်းတာကိုခေါ်တာ။ လုပ်ငန်းသိမ်းချိန် တပို့တွဲ၊ တပေါင်းလတွေကျမှ ကြီးကြီးကျယ်ကျယ် ဘုန်းကြီးပျံပွဲတော် ကျင်းပကြမယ့်သဘော။

            ဦးသုမနက နယ်ကျော်ရပ်ကျော် ပုဂ္ဂိုလ်ဆိုတော့ ဘုန်းကြီးပျံပွဲတော်ကိုလည်း နယ်ချီပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပကြမှာ။ ဈာပန ကျင်းပရေး ကော်မတီကိုလည်း ဘုန်းကြီး သာဝက၊ လူသာဝက၊ ရပ်မိရပ်ဖတွေ စုံစုံလင်လင်နဲ့ ဖွဲ့စည်းထားပြီးပါပြီ။ တာဝန်တွေလည်း အသေးစိတ် ခွဲဝေပေးထားလိုက်ပြီ။

            ကရဝိက်ထည့်ဝင်ကြတဲ့ရွာ၊ ဇာတ်အဖွဲ့၊ အငြိမ့်အဖွဲ့ ထည့်ဝင်ကြတဲ့ရွာ၊ ပြသာဒ်၊ လောင်တိုက်၊ တဲကျောင်း ထည့်ဝင်ကြတဲ့ရွာ စသည်ဖြင့် မှတ်တမ်းတင်လိုက်တော့ အောက်ပါအတိုင်း ရရှိတယ်။

၁။ ၁၅ ခန်းပတ်လည် (ပေ ၁၂ဝ) စံကျောင်းကြီး - ဦးသုမနရဲ့ ဆွေမျိုးသားချင်းများ။

၂။ ကရဝိက်ဖောင်တော် - ရွာသစ်ရွာ။

၃။ ဟင်္သာဖောင်တော်- ရှစ်ဆယ်ရွာ။

၄။ ဘုရားတင်ပြသာဒ် တစ်ဆောင်- ဦးဝိသုတ၊ မင်းကျောင်းဆရာတော်။

၅။ လောင်တိုက်- ညောင်ဖြူပင်ရွာ။

၆။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- တောပုရွာ။

၇။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- ကြာပိုင်ရွာ။

၈။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- သစ်ဆိမ့်ရွာ။

၉။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- သစ်ညိုပင်ရွာ။

၁ဝ။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- ခတက္ကန်ရွာ။

၁၁။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- ပရစံကုန်းရွာ။

၁၂။ အလောင်းတင်ပြသာဒ်နဲ့ တဲကျောင်း- ခင်မွန်ရွာ။

၁၃။ စိန်သောင်းဇာတ်အဖွဲ့ ၂ ည- ကြည့်ကုန်းရွာ။

၁၄။ ရန်ကုန် ဇော်ဝင်း ဇာတ်အဖွဲ့ ၂ ည- ကြီးအုပ်ရွာ။

၁၅။ လမင်းတစ်ရာ မန္တလေးအငြိမ့် ၂ ည- တောင်မာတောရွာ။

၁၆။ သစ်လွင် မန္တလေးအငြိမ့် ၂ ည- မုံရွေးရွာ။

၁၇။ ဧယင်ကျူး မင်းသမီး ၄ လက်- ကြေးမုံရွာ။

၁၈။ ဦးဣန္ဒနဲ့ ဆိပ်ခွန်ရွာ ဒါယကာ ဒါယိကာမများ- ၁ဝဝဝဝဝ ကျပ်။

၁၉။ ဦးအာသဖနဲ့ ကံကုန်းရွာ- ၁ဝဝဝဝဝ ကျပ်။

၂ဝ။ ဦးပညာသာမိနဲ့ လင်္ကာဒီပရွာ- ၁ဝဝဝဝဝ ကျပ်။

၂၁။ ဦးကေလာသနဲ့ ရွေးရင်း မလဲသာရွာ- ၁ဝဝဝဝဝ ကျပ်။

၂၂။ ဦးပညိန္ဒ မန္တလေးမြို့- ၅ဝဝဝဝ ကျပ်။

၂၃။ ဦးဝါသဝ မုံရွာမြို့- ၃ဝဝဝဝ ကျပ်။

၂၄။ နွားလှည်းပြိုင်ပွဲ ကုန်ကျငွေ အစုစု- အမြင့်ရွာ

၂၅။ တပို့တွဲလပြည့် လပြည့်ကျော် ၁ ရက် ကျွေးမွေးစရိတ်- ဂွေးပင်တောရွာ

၂၆။ လပြည့်ကျော် ၂ ရက်နဲ့ ၃ ရက် ကျွေးမွေးစရိတ်- ဆည်ကြီးတောရွာ

၂၇။ လပြည့်ကျော် ၄ ရက်နဲ့ ၅ ရက် ကျွေးမွေးစရိတ်- နဂါးတွင်းရွာ

၂၈။ လပြည့်ကျော် ၆ နဲ့ ၇ ရက် ကျွေးမွေးစရိတ် - သုဘရွာ။

၂၉။ လပြည့်ကျော် ၈ နဲ့ ၉ ရက် ကျွေးမွေးစရိတ်- မြေနဲရွာ။

၃ဝ။ ဒါယကာ ဒါယိကာမများ ထည့်ဝင်လှူဒါန်းငွေ- ၂၅၃၇၇၅ ကျပ်။

            ဘုန်းကြီးပျံကွင်းကို ရွာအနောက်ဘက်က ဧက ၂ဝ လောက် ကျယ်ဝန်းတဲ့ ယာကွင်းကြီးထဲ ကျင်းပမယ်။ ယာကန်သင်းရိုးတွေ ညှိကြ။ မိုးနံချုံ၊ နဘူးချုံတွေကို ခုတ်ထွင်ရှင်းလင်းကြ။ စံကျောင်းတဲကျောင်း၊ လောင်တိုက်၊ ဇာတ်အဖွဲ့၊ အငြိမ့်စင် ဆောက်မယ့်နေရာတွေကို လျာထားကြ။ နွားလှည်းပြိုင်ပွဲအတွက် လှည်းလမ်းကြောင်းကို ကြောင်းထားကြ။

            ကျောင်းထဲမှာလည်း ကရဝိက်ဖောင်ပြုလုပ်ကြတဲ့ စံကျောင်း၊ လောင်တိုက် ဆောက်လုပ်ကြမယ့် စပ်ပန်းချီဆရာတွေလည်းရောက်နေကြပြီ။ ထမင်းအုပ်၊ ရေနွေး အလှည့်ကျ ပို့နေကြပြီ။ ရွာမှာလည်း နေ့ခင်းမှာ ဘုန်းကြီးပျံပွဲအတွင်း ကျွေးမွေး ဧည့်ခံဖို့၊ ဝတ်ကြစားကြဖို့ အလုပ်ထွက်လုပ်နေကြရတာ တိတ်လို့၊ ဆိတ်လို့။ ဟော... ညခင်းကျတော့ ကရဝိက် ဖောင်လှော်တက်တိုက်ကြတာ မြိုင်လို့၊ ဆိုင်လို့။ အိပ်ရေး ပျက်ကြရမှန်းမသိ။ ပင်ပန်းကြရမှန်း မသိ။ ပျော်လို့ရွှင်လို့ တက်ကြွလို့။

            ကရဝိက်၊ ဟင်္သာနဲ့ အလောင်းတင်ပြသာဒ်တွေကို သက်ဆိုင်ရာ ရွာတွေက သူတို့အစီအစဉ်နဲ့ သူတို့ လှည့်လည်ပြီး ဆွဲယူလာကြမယ်။ ပြီးတော့ သက်ဆိုင်ရာတဲကျောင်းရှေ့မှာ ရပ်ထားကြမယ်။ အလောင်းတော်ကိုတော့ ကရဝိက်ဖောင်တော်နဲ့ ကျောင်းကနေ ကွင်းထဲပင့်ဆောင်မယ်။ ပြီး စံကျောင်းထဲက ဧပုခက်ပေါ် တင်ထားလိုက်မယ်။ တစ်ခါ အလောင်းတင်ပြသာဒ်တွေနဲ့ အလောင်းတော်ကို တင်ပြီး စံကျောင်းကို သုံးပတ်ပတ် လှည့်လည်ပူဇော်ကြမယ်။ ဘယ်ရွာ ပြသာဒ်က ဘယ်နေ့ ဘယ်အချိန်မှာ လှည့်လည်ရမယ်ဆိုတာ အချိန်ဇယား ညှိနှိုင်းဆွဲပေးထားကြပြီးသား။

            စံကျောင်းထဲမှာ မနက်ပိုင်း၊ ညနေပိုင်း နှစ်ပိုင်းခွဲပြီး မင်းသမီး နှစ်လက်က ဧယင်ကျူးမယ်။ မင်းသမီး ၄ လက် ဆိုတော့ ဧယင်ကျူးက နှစ်ရက် ကျင်းပမယ်။ ဇာတ်အဖွဲ့တွေက တစ်ဇာတ်ပြီးတစ်ဇာတ်တက်။ တစ်ငြိမ့်ဆင်း တစ်ငြိမ့်တက် ပေါ့။ ယှဉ်ပြိုင်ကရင် ပရိသတ်ကို ထိန်းသိမ်းအုပ်ချုပ်ရတာ ခဲယဉ်းတယ်။ ရက်ရှည်ကျင်းပမယ့် ပွဲတော်ကြီးဖြစ်လို့ ပွဲကွင်း အုပ်ချုပ်ရေးကို ရဟန်းပျိုတွေနဲ့ ကျုပ်တို့ ရွာသစ်ရွာက လူငယ်တွေ ပူးတွဲပြီး ကိုယ့်အချိန်နဲ့ကိုယ် တာဝန်ယူထားကြပြီးသား။

            ကျုပ်တို့ ရွာသစ်ရွာက ဒီနယ်တစ်ဝိုက်မှာ ကျီးကန်းမျိုးတွေလို့ နာမည်ကြီးတဲ့ရွာပါ။ ရွာသားတစ်ယောက်အထိ ခံရရင် တစ်ရွာလုံး ယောကျ်ားသားတွေမက မိန်းမသားတွေပါ ဝိုင်းပြီး အုံလာတတ်ကြတယ်။ ရွာသစ်ရွာက ပွဲလမ်းသဘင်တွေဆိုရင် ပွဲဝင်းဆူဝံ့ရဲတဲ့သူ မရှိသလောက်ကို ရှားပါတယ်။ ခေါင်းမာတယ်လို့ ထင်ရင် ဆူရဲရင် ဆူကြည့်လိုက်လေ။ ပွဲဝင်းထဲမှာတော့ ရုတ်ရုတ် ရက်ရက် အထိတ်တလန့်ဖြစ်မှာစိုးလို့ ဘာမှလုပ်မှာမဟုတ်ဘူး။ ပွဲဝင်းအပြင်ကို အလိမ္မာနဲ့ ခေါ်ထုတ်လာပြီး အာလူးထွက်ရုံ၊ ပေါက်ပြဲရုံလောက် မှတ်မှတ်ရရဖြစ်အောင် တီးလွှတ်လိုက်တတ်ကြတယ်။

            ဦးသုမနရဲ့ ဘုန်းကြီးပျံကတော့ ဒီနယ်တစ်လွှားမှာ မကြုံစဖူးအောင်ကို စည်ကားပါပေတယ်လို့ ပြောကြတယ်။ ကျုပ်တို့ တစ်သက် မပြောနဲ့ အဖေတို့၊ အမေတို့ တစ်သက်တောင် မကြုံဖူးဘူးလို့ ဆိုကြတယ်လေ။ မူးတဲ့သူတွေတော့ ရှိကြတာပေါ့။ ဒါပေမယ့် ရမ်းကြတဲ့သူ၊ ဆူကြတဲ့သူတွေတော့ မရှိပါဘူး။ ကာလသားခေါင်း ဝင်းမောင်က ဇာဝီတုတ်လေး တကိုင်ကိုင်နဲ့ မာန်ဝင့်လို့။

            ဒါပေမယ့် ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုတာလို ပွဲသိမ်းခါနီး လှည်းပြိုင်ပွဲမှာ ပြဿနာတက်သွားတယ်။ ပြဿနာမှ ဓားထိုးမှုဖြစ်တဲ့အထိ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတာ။

            လှည်းပြိုင်ပွဲမှာ လူတွေကလည်း စည်သလား မပြောနဲ့။ ဘောလုံးကွင်း သုံးပြန်လောက်ထိ ရှည်လျားတဲ့ လှည်းပြေး လမ်းတစ်လျှောက်မှာ လူတွေနေရာလပ်မရှိ။ နှစ်ထပ် သုံးထပ်။ ပြိုင်ပွဲဝင်ကြတဲ့ နွားရှဉ်းတွေလည်း များလှတယ်။ များတာလည်း မပြောနဲ့။ ဆုကြေးငွေက မက်မက်စက်စက် ရှိတယ်။ ပထမဆု ငွေသားတစ်သိန်းနဲ့ ဖလားတစ်လုံး၊ ဒုတိယဆု ငွေသား ခုနစ်သောင်းနဲ့ ဖလားတစ်လုံး၊ တတိယဆုက ငွေသားငါးသောင်းနဲ့ ဖလားတစ်လုံး။ ဝင်ကြေးမရှိ။ ပြိုင်ချင်တဲ့သူ ပြိုင်။ စာရင်း ပေးသွင်းရုံ။ စာရင်းပေးသွင်းပြီး မပျက်ကွက်ဖို့ကတော့ သက်ဆိုင်ရာ ရွာလူကြီးက အာမခံ ထောက် ခံချက်ပေး။

            သတ်မှတ်ထားတဲ့ စည်းအတွင်း လူတွေဝင်မနေဖို့ လိုအပ်တယ်။ အားပေးတာလိုလိုနဲ့ ခေါင်းပေါင်းတဘက်ချွတ်ပြီး ဝှေ့ရမ်းလိုက်လို့ နွားလန့်သွားရင် မခက်လား။ ခက်တာက နောက်နွားကို လှန့်ပါတယ်ဆိုပြီး ရိုက်ကြ၊ နှက်ကြ ဖြစ်ကုန်ကြမှာ။ အဲဒီ လူမဝင်ရ စည်းတားတာမှာ ပြဿနာက စဖြစ်တာ။ စည်းက တူးရွင်းနဲ့ ရှေ့က လူတစ်ယောက်က ထိုးသွား။ နောက်က လူက ထုံးပုံးနဲ့ ထိုးသွားတဲ့လမ်းကြောင်းအတိုင်း ထုံးဖြူးပေးတာပါ။

            တူးရွင်းနဲ့ ရှေ့က ထိုးသွားတဲ့သူက ကိုချစ်တီးရယ်လေ။ ဒီလူက အရပ်သာ ရှည်တယ်။ စိတ်က ဆတ်ပါဘိသနဲ့။ စကားပြောနည်းသလောက် လက်က အင်မတန်သွက်တဲ့သူ။ ဘန်စီရွာ သားငမိုးက မူးကြောင် မူးကြောင်နဲ့ ဖယ်မပေးဘဲ ပေကတ်ကတ် လုပ်နေတယ်။ ဘန်စီရွာသားဆိုတာလည်း နောက်ပိုင်းမှ သိကြရတာပါ။ ပွဲတော်ဆိုတော့ မတစ်ရာ သားတွေ။ ပုံမကျ ပန်းမကျ ဘောင်းဘီရှည်တကားကားနဲ့ ဆိုတော့ ကိုချစ်တီးအနေနဲ့ မြင်ပြင်းလည်း ကပ်နေဟန်တူပါရဲ့။

            တူးရွင်းကို ပြောင်းပြန်ကိုင်ပြီး တူးရွင်းရိုးနဲ့ ဘာမပြော ညာမပြော ငမိုးရဲ့ ခေါင်းရိုက်ခွဲပစ်လိုက်တယ်။ သွေးတွေ ရဲခနဲဖြာဆင်းသွားတာပေါ့။ ငမိုးကလည်း သတ္တိကောင်း၊ ခပ်ပေပေ ထင်ပါရဲ့။ အင်္ကျီအောက်ထိုးလာတဲ့ ဓားမြှောင်ကို ထုတ်ပြီး ကိုချစ်တီးရဲ့ဝမ်းဗိုက်ကို ထိုးစိုက်လိုက်တယ်။ ရွာက သီးနှံပွဲစား ကိုတင်ရှိန်က ငမိုးကို နောက်ကနေ သိုင်းဖက်လိုက်တယ်။ စိတ်ဆောင်လို့ သာကိုး။ သူက ခြောက်ဆယ်နီးပါး၊ ငမိုးက သုံးဆယ်ကျော်။ သန်တုန်းမြန်တုန်း။ ခါချလိုက်တော့ ကိုတင်ရှိန် လေးဘက်ထောက်ပြီး ကျသွားရော။ ငမိုးက ဓားမြှောင်ကို နှုတ်ပြီး ကိုတင်ရှိန်ရဲ့ကျောကုန်းကို ထိုးစိုက်ဖို့ ဟန်ပြင်တယ်။

            ကိုခင်သက်က ငမိုးကို နောက်ကနေ ဖက်လိုက်ပြန်ရော။ ငမိုးက နောက်ပြန်ပြီး ဓားနဲ့တွက်လိုက်ဟန်တူပါရဲ့။ ဓားဦးချွန်နဲ့ နဖူးထိခိုက်သွား ပုံရတယ်။ ကိုခင်သက်ရဲ့ မျက်နှာမှာ သွေးတွေရဲခနဲ။ လူတွေ ဝိုင်းအုံလာပြီး နွားရိုက်ကြိမ်တွေ မြှောက်မြှောက်လာတာကို တွေ့မြင်နေရ တယ်။ ငမိုးလည်း အခြေအနေ မဟန်မှန်း သိဟန်တူပါတယ်။ ထွက်ပြေးသွားရော။

            သူက ရှေ့ကပြေး၊ လူအုပ်ကြီးက နောက်ကလိုက်။ မိများမိလို့လား။ အရိုးတောင် ရှာလို့ရမယ့်ကိန်း မပေါ်ဘူး။ တချို့လည်း ထယ်ရေးမြေစိုင်ခဲတွေနဲ့ လှမ်းထု။ ထိတာက ထိ၊ ချော်တာက ချော်။ ဘယ်မှာဝေးဝေးကြီးတော့ ပြေးနိုင်မှာလဲ။ ခေါင်းမှာလည်း ဒဏ်ရာနဲ့။ လူကလည်း မူးနေတာ။ ယာခင်း လေးငါးကွက်ကျော် ရောက်တော့ ဟပ်ထိုးလဲကျ သွားရော။

            ငမိုးက လူပါးပဲ။ ငုတ်တုတ်ထထိုင်ပြီး ဓားမြှောင်ကို လူတွေပြေးလိုက်လာတဲ့ဘက် ပစ်ပေးလိုက်တယ်။ ပြီးတော့ လက်အုပ်လေး ချီထားလို့။ သနားစရာတောင် ကောင်းပါသေးရဲ့။ ခဲတစ်လုံးက ဘယ်သူက ထုလိုက်သလဲ မသိဘူး။ ခေါင်းတည့်တည့်မှန်ပြီး လဲသွားရှာရော။ 'သတ်ကွာ' ဆိုတဲ့အသံနဲ့အတူ လူအုပ်ကြီးက ရှေ့တိုးလာတယ်။

            တော်ပါသေးရဲ့။ ဦးပဉ္ဇင်း ဦးတိက္ခတို့ ရဟန်းပျိုတွေ ရောက်လာကြလို့။ နို့ မဟုတ်ရင် ငမိုးတစ်ယောက် အသက်ဘယ်ကထွက်လို့ ထွက်ရမှန်းမသိအောင်ဖြစ်ပြီး ကပျာကယာ သေရရှာမှာ။ ခုတော့ လူနာတွေကို မြို့ဆေးရုံ ပို့ဖို့ စီစဉ်ရတယ်။ ကိုချစ်တီးရဲ့ ဒဏ်ရာကလည်း မသေကောင်း မပျောက်ကောင်း သေလောက်တဲ့ဒဏ်ရာ မဟုတ်လို့ တော်ပါသေးရဲ့။ ငမိုးက အရက်ကလည်း သောက်ထား၊ နေကလည်း ပူဆိုတော့ သွေးဆူနေလို့သာ သွေးချင်းချင်း နီရဲနေတာ ဒဏ်ရာက မပြင်းထန်လှဘူး။

            ဘုန်းကြီးပျံကတော့ နောက်ထပ် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေစွာ ပြီးစီးလို့သွားပါပြီ။

ကျုပ်တို့ရွာက လူတွေတော့ ဘုန်းကြီးပျံအကြောင်း စမြုံ့မခတ်နိုင်ကြသေးဘူး။ ဘုန်းကြီးပျံ လာကြတဲ့သူတွေကို ကျွေးမွေးကြရ၊ ပါလာတဲ့ နွားတွေကိုလည်း ကျွေးကြရဆိုတော့ လူစာရော၊ နွားစာ ရော ခန်းခြောက်ကုန်ကြပြီလေ။ တချို့လည်း ငစိန်သွားပြီး ရွှေကျင်ဖို့ ပြင်ဆင်ကြ။ တချို့လည်း စပါးတောသွားပြီး ပဲငါးပိရောင်းချဖို့ ခတ်ကွင်းပြင်ကြ။ တချို့လည်း အခုလုပ် အခုငွေပေါ်တဲ့ မြေကျင်းတူး လိုက်ကြမလို့တဲ့။ အဖေတို့၊ အမေတို့က ဘုန်းကြီးပျံပြီးရင် ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောတွေဆိုပြီး လူငယ်တွေကို အားပေးစကား ပြောနေကြလေရဲ့။ လူငယ်တွေကလည်း အေးအေးဆေးဆေးပါပဲ။

            မအေးဆေးနိုင်တာလည်း ရှိနေသေးတယ်။ ငမိုးပေါ့။ အာဂကောင်။ သူ့ကိုတော့ ကိုချစ်တီးကို ဓားနဲ့ထိုးမှုနဲ့ ချုပ်ထားလိုက်ပြီ။ ဒါပေမယ့် သူ့ကို ဝိုင်းရိုက်မှုနဲ့ ကာလသားခေါင်း ဝင်းမောင် နာမည်တပ်ပြီး အပေါင်းပါများကို အမှုဖွင့်တိုင်ကြားထားသတဲ့လေ။ တရားရုံးကို သွားပြီး အမှုရင်ဆိုင်ကြရဦးမယ်။ ဒဏ်ငွေနဲ့တင် ပြီးကြမယ်လား။ ဒါမှမဟုတ် ထောင်ဒဏ်အပြစ်ပေးခံနေရဦးမှာ လား။ ဒါမှမဟုတ် ကင်းလွတ်ခွင့်ရကြလေမလား။

            ရွာဦးဘုန်းကြီး ဦးအာသဖနဲ့ ကျောင်းဆရာ ဦးသောင်းထွန်းတို့ကတော့ ကိစ္စမရှိပါဘူးလို့ ပြောနေကြတာပဲ။ ဒါပေမယ့် ဆုံးဖြတ်မယ့် တရားသူကြီးကလွဲပြီး ဘယ်သူမှ ကံသေ ကံမ ပြောနိုင်တာမှတ်လို့။

ကိုလေးမြတ်

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်