သျှားလူ
ဆရာတော်ဟာ တောက်တခေါက်ခေါက်နဲ့
စိတ်တိုနေရှာတယ်။ ထိုင်ရမလို ထ,ရ မလိုနဲ့ ဂနာမငြိမ်နိုင်။
တစ်ယောက်ပြီးတစ်ယောက် ပေါ် လာတဲ့ ရွာသားများရဲ့ အမေးကို ကပ္ပိယကြီး ခမျာလည်း
ဖြေနေရတာနဲ့ မောလို့နေပြီ။ ဆရာတော်
စိတ်တိုမယ်ဆိုလည်း တိုလောက်တယ်။
'ညဦးတုန်းက ရှိတာ သေချာတယ်။
ဆရာတော်ကြီး ဘုရားဝတ်ပြုနေတုန်းကတောင် သေချာရှိနေတာပဲ'
ကပ္ပိယကြီးရဲ့ စကားကို သူကြီး ဦးသာဝက-
'ဟိုကောင်ကြီးက မဟောင်ဘူးလား'
'အေး ဟုတ်တယ်၊ ရန်လုံကြီးက
မဟောင်ဘူးလား။ ဒီကောင်ကြီးကို ကျုပ်တို့၊ ခင်ဗျားတို့တောင် ရင်းနှီးအောင်
မနည်းလုပ်ထားလို့သာ။ ရွာသားတိုင်းတောင် ရုတ်တရက် ကျောင်းထဲကို လာရဲတာ မှတ်လို့'
သူကြီးစကားကို ရွာတောင်ပိုင်းသူဌေး
ဦးလူတော်ကပါ ဝင်ထောက်ခံပေးရှာတယ်။ ဒေါသအနည်းငယ် ပါနေတဲ့ ကပ္ပိယကြီးရဲ့ စကားသံ
ခပ်မာမာ ထွက်ပေါ်လာတယ်။
'ဒီကောင်ကြီးဆီကတော့
ဘာသံမှကို မကြားလိုက်ရဘူးဗျို့။ ဘယ်လို သူခိုးမျိုးရယ်တော့ မသိဘူး'
□
၁။
မန်ကျည်းတောရွာရဲ့ ရွာဦးကျောင်းမှ ရှေးဟောင်း
စိန်ဘုရားပျောက်သွားတဲ့ သတင်းဟာ အနီးအနားက ရွာတွေဆီသို့ တောမီးလို ပျံ့နှံ့
သွားတယ်။ ကြားရသူ အများစုကတော့ ရင်တမမနဲ့ ဘုရားတ, ကုန်ကြရဲ့။ အဲဒီ
မန်ကျည်းတောရွာကို ရွာနီးချုပ်စပ်က ရွာများက သူခိုးရွာလို့ ယိုးစွပ်သမုတ် ခေါ်
ဝေါ်ကြတယ်။ အဲဒီလို ခေါ်ရမယ့်အကြောင်းကလည်း ရှိတာကိုး။ ဘယ်ရွာတွေမှာ ဘယ်လိုပဲ
သူခိုးတွေ အခိုးခံရ ခံရ မန်ကျည်းတောရွာမှာ ပျောက်တယ်၊ ရှတယ်ဆိုတာ တစ်ခုမှမရှိဘူး။
ပြီးတော့ အနှီရွာသားတွေမှာ လယ်ရယ်၊ ယာရယ်လို့ များများစားစား ရှိကြတာမဟုတ်။
ဒါပေမဲ့ ဒီနယ်တစ်ဝိုက်မှာတော့ ဝတ်နိုင်၊ စားနိုင်ကြတဲ့ နေရာမှာတော့ ထိပ်ပဲ။
ဒါတွေကြောင့်လည်း သူခိုးရွာလို့ ခေါ်ကြခြင်းဖြစ်မယ်။ ဘေးရွာတွေကတော့ ပြောကြတယ်။
'သူတို့ရွာလာပြီး ဘယ်သူခိုးက
ခိုးလိမ့်မတုံး။ သင်းတို့ ရွာသူ ရွာသားတွေကပဲ ခိုးမှာပေါ့တဲ့'
ပျောက်သွားတဲ့ စိန်ဘုရားဆိုတာက
တကယ့်ရှေးဟောင်းဘုရား။ မြန်မာနိုင်ငံ
အင်္ဂလိပ်လက်အောက်ကို ကျတော့ အင်္ဂလိပ်တွေက မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိ
ပစ္စည်းများကို သယ်ကြတယ်၊ ယူကြတယ်လေ။ အခိုးခံရတဲ့ စိန်ဘုရားဆိုတာက အဲဒီခတ်က
နန်းတွင်းအမတ်တွေ ကိုးကွယ်တဲ့ ဆရာတော်တစ်ပါးကျောင်းမှာ အပူဇော်ခံထားတာ။
ကျောင်းထိုင်ဆရာတော် က စိန်ဘုရားကို အင်္ဂလိပ်တွေ အတင်းလုယူ ပင့်ဆောင်သွားကြရင်
ခက်ရချည့်ရဲ့ဆိုပြီး သူ့တပည့် ဒကာတစ်ယောက်နဲ့ ရှောင်ခိုင်းလိုက်တယ်။ အဲဒီဒကာက
မန်ကျည်းတောသားဆိုတော့ မန်ကျည်းတောရွာကိုပဲ စိန်ဘုရားကို ပင့်လာတာပေါ့။ ဒါနဲ့ပဲ
စိန်ဘုရားဆင်းတုတော်လည်း မန်ကျည်းတောရွာမှာပဲ သီတင်းသုံး အပူဇော်ခံဖြစ်သွားတယ်
ဆိုပါတော့။ ဆရာတော် အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းကိုး ကွယ်လာခဲ့ကြတာ ယခု
ဆရာတော်ထိပါပဲ။ အဲဒီ သမိုင်း ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာတော့ ဘယ်သူမှ အတိအကျ
မသိပါဘူး။ ဒါပေသိ မန်ကျည်းတောရွာနဲ့ ဒီတစ်နယ်လုံးကတော့ ဒီအတိုင်းပဲ
လက်ခံထားကြတာလေ။ စိန်ဘုရားဆင်းတုတော်က မတရား အကြီးကြီးတော့ မဟုတ်ပါဘူး။ ဆင်းတုတော်
အောက်ခံပလ္လင်ကိုတော့ အင်္ဂတေနဲ့ လုပ်ထားတာဖြစ်တယ်။ ဆင်းတုတော် အမြင့်ကတော့
တစ်ပေလောက်သာ ရှိလိမ့်မယ်။ မျက်လုံးတော် နှစ်ဖက်ကိုတော့ စိန်နဲ့ပြုလုပ်ထားတယ်။
ဒါကြောင့် စိန်ဘုရားလို့ ခေါ်တာပေါ့။
□
၂။
'ရန်လုံကြီး မဟောင်တာက
သဲလွန်စပဲဗျ။ ဒီကောင်ကြီးက
နာမည်နဲ့လိုက်အောင် သိပ်လုံတာ။ ခင်ဗျားတို့၊ ကျုပ်တို့တောင် နေ့လယ်၊ နေ့ခင်း
ဒီကောင်ကြီးကို ချည်မထားရင် ကျောင်းထဲကို ဝင်ရဲကြတာမှ မဟုတ်တာပဲ'
ရွာအနောက်ပိုင်းက လူငယ်ခေါင်းဆောင်
ကြံတိုင်းအောင်ရဲ့ တွေးတွေးဆဆအပြောကို အားလုံးခေါင်း တညိတ်ညိတ်နဲ့
နားထောင်နေကြတယ်။
'ကိုကြံတိုင်းအောင်ရဲ့
စကားကို ကျွန်တော်လည်း ထောက်ခံတယ်ဗျ။ အဲဒါပဲ တွေးနေတာ။ ရန်လုံကြီးကို ညပိုင်းဆို
လွှတ်ထားတယ်လေဗျာ။ အစာထဲမှာ အဆိပ်ထည့်ပြီး ကျွေးတယ်ဆိုရင်လည်း ဒီကောင်ကြီးကို
တစ်ခုခု ဖြစ်ရမယ်လေ၊ ဟုတ်ဘူးလား'
ဒီရွာမှာ ကျွန်တော့်လို့ ပြောတတ်တဲ့
တစ်ဦးတည်းသော ကျောင်းဆရာလေးရဲ့ စကားကလည်း ချက်ကျ လက်ကျနဲ့ ဓမ္မဓိဋ္ဌာန်နိုင်လွန်း
နေပြန်တယ်။
'ကျုပ်ကတော့ ဒီလို ထင်တယ်ဗျ'
ဆေးလိပ်မီးခိုးငွေ့တွေ ကြားကပဲ
သာလှရဲ့ စကားလုံးများက တိုးဝှေ့လို့ ထွက်လာတယ်။
'ထင်တော့ မထင် ကောင်းပေမဲ့
အို ဘာမထင် စရာရှိဗျာ။ ထင်သင့်ရင်တော့
ထင်ရမှာပဲ။ ကိုကြံတိုင်းအောင်နဲ့ ဆရာလေး ပြောစကားအရဆိုရင်တော့ ကျုပ်တို့ကျောင်းက
စိန်ဘုရားကို ရန်လုံကြီးနဲ့ ရင်းနီးနေတဲ့ လူတွေထဲကပဲ ဖြစ်နိုင်တယ်ဗျ'
'ဟေ့ကောင်တွေ ထင်ရာမြင်ရာတွေ
လျှောက်ပြော မနေကြနဲ့။ ညပြောအောက်ကြည့်၊ နေ့ပြော နောက်ကြည့်တဲ့ကွ။ တော်ကြာ
အသံကြောင့် ဖားသေနေဦးမယ်' ဦးကံကြီးမောင်ရဲ့
အဟန့်စကားအောက်မှာပဲ သူတို့ရဲ့ စကားဝိုင်းလေးဟာ နှုတ်ဆိတ်ပြိုပျက် ပျောက်ကွယ်သွားရလေတယ်။
□
၃။
နံရံတိုင်းမှာ နားတွေရှိကြတယ်။
စကားလုံးတွေကို လေညင်းတွေက သယ်ဆောင်သွားခြင်း ဖြစ်လိမ့်မယ်။ ကြံတိုင်းအောင်တို့
စကားဝိုင်းလေးဆီမှ စကားလုံးတွေဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ရွာထဲမှာ ပျံ့နေပြီ။ သူတို့ရဲ့ ချက်ကျလက်ကျ
အယူအဆတွေကို လူထုကလည်း လက်ခံကြတယ်။ အဲ...အဲဒီထဲမှာမှ ကိုယ့်အမြင်၊
ကိုယ့်အယူအဆတွေနဲ့ ကွဲလွဲချက်ကလေးတွေတော့ ရှိတယ်။ အဲဒါက တခြားမဟုတ်၊ တရားခံပဲ။
ကွဲလွဲချက်တွေထဲမှာမှ တူညီနေတဲ့ အချက်လည်းရှိတယ်။ အားလုံးက တရားခံကို စဉ်းစားရာမှာတော့
ရန်လုံနဲ့ ရင်းနှီး ကျွမ်းဝင်မှုပေါ်ကိုပဲ အခြေခံပြီး ကောက်ချက်ဆွဲကြခြင်း
ဖြစ်တယ်။
တချို့က ကျောင်းလာတိုင်း
ထန်းလျက်ခဲလေး ယူ သွားပြီး ရန်လုံနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ သူဌေး
ဦးလူတော်လို့လည်း ထင်ကြတယ်။
'ဟာ... ဒီလောက် ချမ်းသာတဲ့သူက
လုပ်မတဲ့လား'ဆိုပြီး ငြင်းသူကလည်း ငြင်းရှာကြပြန်တယ်။
'လူဆိုတာ လောဘသားတွေပဲ။
ရလေလိုလေ အိုတစ္ဆေဆိုတဲ့ စကားကို ဘယ်နားသွားထားမလဲ'ဆိုပြီး ထောက်ခံသူတွေလည်း ရှိပြန်တယ်။
တောင်ပိုင်းအုပ်စုတွေက သူတို့ပိုင်းသူဌေးကို စွပ်စွဲ ရမလားဆိုပြီး
ဒေါသထွက်နေကြတယ်။ ဆတ်ဆတ်ကြဲ အမျိုးသမီးတွေကဆို 'တော်တို့
ရွာမြောက်ပိုင်းသား ကပ္ပိယကြီးကော မဖြစ်နိုင်ဘူးလား'ဆိုပြီး
ပြန်ပက်ကြတယ်။ တချို့က ရန်လုံနဲ့ အလွန်ရင်းနှီးတဲ့ ဦးသာဝတဲ့လေ။
'မထင်ကောင်း၊
မတွေးကောင်းပေမဲ့လည်း ဖြစ်နိုင်ခြေအရတော့ ဆရာတော်ကိုလည်း မေ့ထားလို့မရဘူး' ခပ်ပြတ်ပြတ် ခပ်ဂျစ်ဂျစ် ပြောလာသူတွေလည်း ရှိလာတယ်။ စိန်ဘုရား
ပျောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မန်ကျည်းတော တစ်ရွာလုံး တစ်ယောက်ကိုတစ်ယောက်
သံသယမျက်လုံးတွေနဲ့ ကြည့်လို့နေကြတယ်။
'အခြေအနေကတော့
ဆိုးသထက်ဆိုးလာတယ် ဘုရား။ တပည့်တော်ကတော့ သူ့ထင်၊ ငါ့ထင်နဲ့ အကျယ် အကျယ်
မငြိမ်းဖွယ်တွေ မဖြစ်စေချင်ဘူး။ ဒီတော့ ညောင်ပင်သာ ဆရာတော် ဥူးအာလောကကို အကူအညီ တောင်းကြည့်ချင်တယ်။
အဲဒါ အကြံပြုတာပါ ဘုရား'
ဦးကံကြီးမောင်ရဲ့ စကားကို ဆရာတော်၊
ဦးသာဝ၊ ဦလူတော်နဲ့ ကပ္ပိယကြီးတို့ကတော့ ဘာမှ ပြန်မပြောကြ။ သူတို့အားလုံးဆီမှ
သက်ပြင်းကိုယ်စီကလွဲရင် ကျောင်းလေးဟာ ပကတိ တိတ်ဆိတ်လို့ နေပါတယ်။
□
၄။
'အများနဲ့လည်း ဆိုင်တဲ့ကိစ္စ၊
ဘာသာ၊ သာသနာ အတွက်လည်း ဖြစ်နေလို့သာ ကူညီရမှာ။ ပုဂ္ဂိုလ်ရေး အတွက်နဲ့ ဆိုရင်တော့
တယ် မကူညီချင်လှဘူး'
ညောင်ပင်သာ ဆရာတော် ဥူးအာလောကဟာ
အသံအောအော အာလုပ်သံကြီးဖြင့် မန်ကျည်းတောရွာ ဆရာတော်နဲ့ ဦးကံကြီးမောင်တို့ လူစုကို
ပြောနေခြင်းဖြစ်တယ်။
'တင်ပါ့... သိပါတယ် ဘုရား။
တပည့်တော်တို့လည်း မချိတလိ(အလွန့် အလွန်)ကို အခက်အခဲ ဖြစ်နေ လို့ပါဘုရား'
မန်ကျည်းတော ဆရာတော်ရဲ့ ထပ်မံ
တောင်းပန်စကား။ ဆရာတော် ဥူးအာလောက,က
ကျက်သရေ ခန်းထဲကို ဝင်သွားတယ်။ အနည်းငယ်ကြာတော့ ပြန်ထွက်လာတယ်။ လက်ထဲမှာ အနီရောင် ကတ္တီပါ သေတ္တာလေးတစ်ခု
ပါလာတယ်။ သူတို့ လာခဲ့ကြတာ
အဲဒီသေတ္တာလေးဆီကိုပဲ။ ဥူးအာလောကဟာ ဘာ စကားမှ
မပြောသေးဘဲ ကွမ်းအစ်ထဲက ကွမ်းတစ်ယာကို ထုတ်ယာလိုက်ပြီး ပါးစောင်အတွင်းကို
ထိုးသွင်းလိုက်တယ်။ ပြီးတော့ အနီရောင် ကတ္တီပါသေတ္တာလေးကို ဖွင့်လိုက်ပြီး
'မကူညီလို့မှလည်း
မဖြစ်မယ့်အတူတူတော့ ပြောပြမယ် သေချာနားထောင်ကြ။ ဟောဒီ ညာဘက်က ခေါင်းလောင်းလေးက
သူခိုးခေါ် ခေါင်းလောင်း။ ဒီဘယ်ဘက်ကတော့ သူခိုးကို ပြန်ပို့တဲ့၊ ပြန်လွှတ်တဲ့
သူခိုးပြန် ခေါင်းလောင်းလို့ ခေါ်တယ်'
ဆရာတော်ရဲ့ အသံဟာ မာတောင့်တောင့်၊ ကြွပ်ဆတ်ဆတ်၊
ခပ်ပြတ်ပြတ်။ တခြား သူတွေအားလုံး စိတ်ဝင်တစား နားထောင်နေကြတယ်။ ဆရာတော်ကပဲ ထပ်ပြီး
မေးလာပါတယ်။
'အရေးကြီးတာက ဒီခေါင်းလောင်းကို
တီးမယ့်သူပဲ။ အဲဒီတော့ ဘယ်သူ တီးမလဲ'
'တပည့်တော် တီးမယ် ဘုရား'
သွက်သွက်လက်လက် ပြန်လျှောက်လိုက်တဲ့
မန်ကျည်းတော ဆရာတော်။
'ကိုယ်တော်တီးလို့ မရဘူးလေ။
ဒီခေါင်းလောင်းကို တီးတဲ့သူက ရဟန်းသံဃာ မဖြစ်ရဘူး။ ကလေး၊ သူရူး၊ အမျိုးသမီး
တီးလို့မရဘူး။ ဘယ်လိုဖြစ်တာလဲ ကိုယ်တော်။ ဒီစည်းကမ်းချက်တွေကို ဒီနယ်တစ်ဝိုက်က
လူတွေ အကုန်သိနေတာကို'
ဥူးအာလောကရဲ့ ဒေါသအနည်းငယ်စွက်နေတဲ့
စကား။
'တင်ပါ့။ တပည့်တော်
လောသွားလို့ ပါဘုရား'
'တပည့်တော် တီးလို့ရမလား
ဘုရား'
ဒီစကားကို ဦးသာဝ၊ ဦးလူတော်၊
ကပ္ပိယကြီးတို့ သုံးဦးဆီမှ ပြိုင်တူ ထွက်လာခြင်းဖြစ်တယ်။ ဦးကံကြီးမောင်ကတော့
တိတ်ဆိတ် ငြိမ်သက်လို့။ ဥူးအာလောက က သူတို့သုံးဦးကို စေ့စေ့စပ်စပ်
သေချာကြည့်လိုက်ပြီး
'တီးတဲ့သူက စိတ်ချယုံ ကြည်သူ
မဖြစ်ရင်တော့ တီးလည်း အလကားပဲ။ ကျုပ် ခေါင်းလောင်း နာမည်ပျက်တယ်။ ဒီတော့
ဒကာကံကြီးမောင် တီးရမယ်'
'တင်ပါ့ ဘုရား'
ဦးကံကြီးမောင်ရဲ့ အံ့သြမှုအတိနဲ့ ပြန်လျှောက်သံ ထွက်ပေါ်လာပါတယ်။
အခြားသူများကတော့ မျက်လွှာတွေ ကိုယ်စီချလို့။
'ဒီတော့ သေချာနားထောင်ကြ။
အထူးသဖြင့် ဒကာကံကြီးမောင်'
ဆရာတော်ဟာ ကံကြီးမောင်ကို
သေချာကြည့်ပြီး ပြောနေတယ်။
'တင်ပါ့'
'ကဲ ပြောမယ်။ လာမယ့် လပြည့်နေ့ကျရင်
မနက်စောစော အရုဏ်မလာခင် ကတည်းက ငါးပါးသီလ ခံယူရမယ်။ အဓိက,ကတော့
အဒိန္နာဒါနာပုဒ်ကို အသက်နဲ့ လဲရမယ်ဆိုရင်တောင် လုံရမယ်။ မနက် ကိုးနာရီနဲ့
ကိုးမိနစ်၊ ကိုးစက္ကန့်မှာ ဟောဒီ ညာဘက်က ခေါင်းလောင်းကိုယူပြီး 'စောရအဘိဃာတ၊ စောရအဘိဃာတ၊
စောရအဘိဃာတ'ဆိုပြီး တီးရမယ်။ အဲ့ဒီလို စ,ပြီး တီးလိုက်တဲ့အချိန်ကစပြီး နှစ်ဆယ့်လေးနာရီအတွင်းမှာပဲ စိန်ဘုရားကို
ခိုးသွားတဲ့ သူခိုးဟာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်ကိုက်ခဲတဲ့ ဝေဒနာကို
ခံစားလာရမယ်။ အဲဒီ သူခိုးဟာ ခိုးသွားတဲ့ ပစ္စည်းနဲ့အတူ လာပြီး ဝန်ချတောင်းပန်မှပဲ
သူခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားမယ်။ ဒါတောင် ရောဂါဝေဒနာတွေ ပျောက်သွားမှာ။
အဲဒီသူခိုး သူ့အိမ်ကို ပြန်လို့ရမှာ မဟုတ်ဘူး'
ဆရာတော်က စကားကို ဖြတ်လိုက်ပြီး
ထွေးခံထဲသို့ ကွမ်းတံတွေးကို ထွီခနဲနေအောင် ထွေးလိုက်တယ်။ ပြီးတော့ အနီရောင်
ကတ္တီပါ သေတ္တာထဲက ဘယ်ဘက် ခေါင်းလောင်းကို လက်ညှိုးနဲ့ ထောက်လိုက်ပြီး
'ဒီအပြန်ခေါင်းလောင်းကို
တီးလိုက်မှပဲ အဲဒီ သူခိုးက သူ့အိမ်ကို ပြန်လို့ ရလိမ့်မယ်။ မှတ်မိလား ဒကာ
ကံကြီးမောင်။ အဲ... နေဦး။ အပြန်ခေါင်းလောင်းကို တီးရမှာက တရားခံပေါ် လာမှ၊
အရေးကြီးတာက အခေါ်ခေါင်းလောင်းကို တီးပြီးရင်တော့ ဟောဒီသေတ္တာလေးထဲကို ထည့်ပြီး
ပြန်ပိတ်ထားရမယ်။ ကြားလား။ ဒကာကံကြီးမောင်ကိုလည်း တခြားသူတွေက သတိပေးလိုက်ကြဦးပေါ့'
'တင်ပါ့...ဘုရား'
ဦးကံကြီးမောင်ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လျှောက်သံ။
ဦးလူတော်က ရေထ, သောက်တာကို
တွေ့လိုက်ရတယ်။ ဦးသာဝက ခေါင်းကိုသာ တွင်တွင်ကုတ်လို့ နေတယ်။ ကပ္ပိကြီးကတော့
ဘာစကားမှမဆို။ တစ်ခုခုကို စိုးရိမ်နေသလို။ မန်ကျည်းတော ဆရာတော်ခမျာလည်း သူရဲ့နဖူးက
ချွေးများကိုသာ သုတ်လို့နေတယ်။
□
၅။
လပြည့်နေ့။
မန်ကျည်းတော တစ်ရွာလုံး
အုတ်အုတ်ကျက်ကျက် ဖြစ်လို့နေတယ်။ တိတိ ကျကျ ပြောရရင် မန်ကျည်းတော ဘုန်းကြီးကျောင်း
အတွင်းမှာပေါ့။ ဒီနေ့ သူခိုးခေါ် ခေါင်းလောင်းကို တီးပြီး သူခိုးဖမ်းမယ့်နေ့။ ဒီခေါင်းလောင်းအကြောင်းကို
တစ်နယ်လုံးက သိထားပြီးဖြစ်တယ်။ အရှေ့ထိန်တောဘက် က သမငွေတွေ ပျောက်တုန်းကလည်း
ဒီခေါင်းလောင်းကို တီးပြီး သူခိုးဖမ်းခဲ့တာပဲ။ လက်ခုပ်ပင်ကျေးရွာ သာရေး နာရေး
ရန်ပုံငွေ ပျောက်တုန်းကလည်း တစ်ခါ။
ဒီသူခိုး ဖမ်းမှုတွေက ဒီဘက်ခေတ် ဖော်ထုတ်မှုတွေ။ မျက်မြင် ကိုယ်တွေ့
ဖြစ်စဉ်တွေ။ ဟို အရင်အကြောင်းတွေ၊ ပါးစပ် ပြောရာဇဝင်တွေကတော့ နည်းမှတ်လို့။ ထားပါ
အဲဒါတွေ။ အဲဒီလို ရာဇဝင်တွေနဲ့ ခေါင်းလောင်းမို့လည်း လူတွေရဲ့ စိတ်ဝင်စားမှုက
အံ့မခန်း။ သူခိုးက ဘယ်လိုလူများလဲပေါ့။ ဘုရားကိုတောင် ခိုးရဲတဲ့ သူခိုးဆိုတော့
သိချင်နေကြပြီ။ ကိုးနာရီထိုးတော့မယ်။ လူအုပ်ကြီးကလည်း ကြီးသထက် ကြီးလာတယ်။
တစ်ယောက်တစ်ခွန်း စကားသံတွေကလည်း ဆူသထက် ညံလာတယ်။
'အားလုံး တိတ်ကြစမ်း'
လော်စပီကာမှ ထွက်လာတဲ့ သူကြီး
ဦးသာဝအသံကြောင့် မီးကို ရေနှင့်ပက်လိုက်သလို ငြိမ်ကျသွားတယ်။
'ကိုးနာရီ ထိုးပြီ'
'ကိုးနာရီနဲ့ ကိုးမိနစ်'
ကျောင်းဆရာလေးရဲ့ ရေတွက်နေတဲ့ အသံကလွဲရင် အားလုံးတိတ်ဆိတ်လို့။
'တစ်စက္ကန့်... သုံး
စက္ကန့်...ငါးစက္ကန့်... ကိုး စက္ကန့်...'
ရင်ခုန်သံတွေက တဒိန်းဒိန်း။
'စောရအဘိဃာတ... ကလောင်...လောင်...
စောရအဘိဃာတ... ကလောင်...လောင်...စောရ အဘိဃာတ... ကလောင်... လောင်...'
ဦးကံကြီးမောင်ရဲ့ အသံနဲ့အတူ ခေါင်းလောင်းသံဟာ ပျံ့လွင့်နေပါတယ်။
သူခိုးခေါ် ခေါင်းလောင်းကို အနီရောင် ကတ္တီပါ သေတ္တာလေးထဲကို ထည့်ပြီး ပိတ်လိုက်တယ်။
လူအုပ်ကြီးရဲ့ စိတ်ဝင်စားမှုကလည်း မြင့်သထက် မြင့်လာတယ်။ 'အားခနဲ' အော်သံကို ဘယ်နေရာကများ ကြားလိုက်မလဲပေါ့။ ဘယ်နေရာကများ ဝေဒနာတွေ
ခံစားနေရတဲ့ လူတစ်ယောက် ပေါ် လာလိမ့်မလဲပေါ့လေ။
နာရီကုန်ပြီ။
(နေ့လယ် ဆယ့်နှစ်နာရီ ထိုး)
အချို့ ပြန်ကုန်ကြပြီ။
ညနေ လေးနာရီ။
မန်ကျည်းတောရွာခံတွေလောက်ပဲ
ရှိတော့တယ်။
ည ဆယ့်နှစ်နာရီထိုး။
မန်ကျည်းတော ဆရာတော်၊ သူကြီးဦးသာဝ၊
ဦးလူတော်၊ ကပ္ပိယကြီး၊ ဦးကံကြီးမောင်၊ ကြံတိုင်းအောင်၊ ကျောင်းဆရာလေးတို့
လူသိုက်နဲ့ ရန်လုံကြီးရယ်မှလွဲရင် အနီရောင်ကတ္တီပါ သေတ္တာလေး တစ်လုံးရယ်သာ
ကျန်ရစ်ခဲ့ တော့တယ်။
□
ဇာတ်သိမ်း
မိုးစင်စင်လင်းပြီ။
ညကများ တရားခံ ပေါ်သွားသလားဆိုပြီး
သတင်းမေးသူတွေနဲ့ ပြန်လည် စည်ကားလာပြန်တယ်။
မနက် ကိုးနာရီ ထိုးတော့မယ်။ လာကြည့်သူ
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ အထွတ်အထိပ်ကို ရောက်လို့ နေတယ်။ တရားခံ သူခိုးဖော်
ထုတ်နိုင်ဖို့ကလည်း နောက်ဆုံး မိနှစ်၊ နောက်ဆုံးစက္ကန့်ကို ရောက်နေပြီ။ အချို့ကလည်း ဒီသူခိုးကို သူခိုးခေါ်
ခေါင်းလောင်းတောင် မဖော်ထုတ်နိုင်တော့ဘူးလား ဆိုပြီး မချိတင်ကဲ ဖြစ်နေကြတယ်။
'တစ်စက္ကန့်... နှစ်
စက္ကန့်...လေးစက္ကန့်...ခြောက် စက္ကန့်...ကိုးစက္ကန့်...'
'ဝုတ်...ဝုတ်...'
'အား... ဟီး... ဟီး...'
ချည်ထားတဲ့ ရန်လုံကြီး အနီးကို
ရောက်သွားတဲ့ ဗုံတို ဆိုတဲ့ ကလေးမလေးကို ရန်လုံကြီး လှမ်းကိုက်ခြင်း ဖြစ်တယ်။ ကြိုးက တိုနေတော့ ကလေးမလေး အကိုက်တော့
မခံလိုက်ရ။
'တောက်...အရေးထဲ ဒီသောက်ကလေးက
တစ်မျိုး'
သူကြီးဦးသာဝရဲ့ အော်ငေါက်သံ။
'သွားပြီ... သွားပြီ...'
ကျောင်းဝန်းအပေါ်ထပ်ဆီမှ ဒရောသောပါး
ပြေးလာရင်း ပေါ်ထွက်လာတဲ့ ဦးကံကြီးမောင်ရဲ့ စကားသံ။ အားလုံးရဲ့ အာရုံတွေကလည်း
ဦးကံကြီးမောင်ဆီကို ရောက်ကုန်ပါတယ်။
စိတ်လှုပ်ရှားလွန်းလို့လား၊ ဒါမဟုတ် မခံချင်စိတ်ကြောင့် လားတော့မသိ။
ဝမ်းနည်းတဲ့စိတ်၊ ဒေါသစိတ်တို့ ရောပြွမ်းနေခြင်းကြောင့်လည်း
ဖြစ်နိုင်တယ်။ တုန်ရိုက်ရိုက်ဖြစ်နေတဲ့ ဦးကံကြီးမောင်ရဲ့ အသံ ပေါ်ထွက်လာပါတယ်။
'ခေါင်းလောင်း...
ခေါင်းလောင်း ထည့်ထားတဲ့ အနီရောင် ကတ္တီပါသေတ္တာ ပျောက်သွားပြီဗျ'
■
သျှားလူ
(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...