မြူမြူ
နှင်းမှုန်မှုန် ဝေနေသော ထိုတစ်ညတွင် အဘိုးသည် အိမ်ရှေ့ဝါးကွပ်ပျစ်လေးပေါ် ဝမ်းလျားထိုး လဲလျောင်းရင်း လှသော ညကောင်းကင်ကို အဓိပ္ပာယ်မဲ့ ငေးမော့ကြည့်နေသည်။ မြောက်ပြန်လေ၏ ဆောင်းညသည် မှုန်ပြာရီနေသည်။ ခပ်စိပ်စိပ် မန်ကျည်းရွက်တွေကြားမှ ပြောက်တိပြောက်ကျား ထိုးကျနေသော လ၏အလင်းရောင်သည် အဘိုးပတ်ပတ်လည်ကို ခပ်ဖျော့ဖျော့ ဖြန့်ကျဲထားသည်။ ကြည့်နေရင်းပင် ညသည် ရောင်နီဦးနှင့်အတူ ရောင်စုံပန်းခင်းများကို ကြိုဆိုရန် ပို၍နက်ရှိုင်းလာခဲ့ပေ သည်။
ညသည် အဓိပ္ပာယ်ရှိစွာ
လှနေ၏။ အဘိုးကကော အဓိပ္ပာယ်ရှိသော ညတစ်ညပင် ဖြစ်ချင် ပါသည်။ အခုတော့ အဘိုး ရင်ထဲ
ဟာတာတာ ခံစားနေရပြီ။ ခါတိုင်း ဒီလိုအချိန်ဆိုလျှင် အဘိုး၏ ခြေသံများသည်
ဂိုဒေါင်ဝင်းကြီးတစ်ခု လုံးတွင် ပဲ့တင်ထပ်နေချေပြီ။ မှောင်ရိပ်ကျသော ဂိုဒေါင်
အနောက်ဘက်ခြမ်းနှင့် ချိုအီပြင်းရှသော ကုက္ကိုစေးနံ့တွေ ထုံနေသော မြောက်ဘက်
ဝင်းဆီသို့ လက်နှိပ်ဓာတ်မီး တဝင်းဝင်း လှမ်းထိုးကာ မှုန်သီမွဲပြာနေသော
မျက်လုံးများဖြင့် အားစိုက်ကာ ကြည့်နေ ပေမည်။ ဂိုဒေါင်ဝင်းကြီး တစ်ခုလုံး၏
လုံခြုံမှုသည် အဘိုးတွင် လုံးဝ တာဝန်ရှိသည်။ ထိုအချက်က အဘိုးကို သတိဝီရိယပိုအောင်
စေ့ဆော်ထားပေသည်။
ဒီကနေ့
အဘိုးဂိုဒေါင်ဝင်းကို ရောက်တော့ ကြီးကြပ်ရေးမှူးက အဘိုးကို ခေါ်တွေ့သည်။
'ကားမှန်မှာ တပ်ထားတဲ့
မှန်အမည်းလေး ပျောက်သွားတယ် အဘိုးရယ်'
'အို...' အဘိုးမျက်လုံး အနည်းငယ် ဝိုင်းသွားသည်။
ဒီလောက်
လှည့်ပတ်ကြည့်နေရက်သားနဲ့ သူခိုးနှယ် ဘယ်အချိန်ကများ ယူသွားပါလိမ့်နော်ဟု အဘိုးက
တွေးနေသည်။
'အဘိုး
ညက အတော့်ကို အိပ်မောကျသွားတယ် ထင်ပါရဲ့'
အဘိုး
ဘာမျှပြန်မပြောမိချေ။ လုံခြုံမှုကို တာဝန်ယူထားသူ အဘိုးအနေဖြင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်တယ်ဆိုတာလည်း မရှိချေ။ အသက်အရွယ်က ထောက်လာပြီဆိုတော့
တော်ရုံတန်ရုံနဲ့လည်း အိပ်မပျော်တော့ပေ။ ကြက်အိပ်ကြက်နိုးဖြင့်ပင်
အိပ်ရေးဝနေတတ်သည်။ ဒါကြောင့်လည်း ဒီအလုပ်က အဘိုးနှင့် လိုက်ဖက်သည်လေ။
အားအင်ကုန်ခမ်းသည့် အလုပ်မဟုတ်။ သက်သောင့်သက်သာနှင့် လုပ်ရသည့်အလုပ် ဖြစ်သည်။ ကနေ့
သူတို့အဘိုးကို အလုပ်ဖြုတ်ပစ်လိုက်ပြီဟု ဆိုသည်။
'စိတ်တော့
မကောင်းပါဘူး အဘိုးရယ်။ နောက်နေ့တွေ အဘိုး လာဖို့မလိုတော့ဘူး ဆိုတာခေါ်ပြောတာပါ'
'အို' အဘိုး
မကြားချင်ဆုံးအသံကို ယခု နားနဲ့ဆတ်ဆတ်ကြားရပြီ။ ချိုင့်ဝင်နေသော မျက်တွင်းထဲမှ
ရီဝေဝေ မျက်လုံးတို့သည် ရှေ့တူရှုရှိ ကြီးကြပ်ရေးမှူးကို ငေးကြည့်နေသော်လည်း
မှုန်ဝါး ဝါးသာ မြင်တော့သည်။
လစာထုတ်တိုင်း အဘိုးအပြန်ကို
မျှော်နေတတ်သော အမယ်ကြီး၏ ပုံရိပ်က အဘိုးအနားတွင် ထင်ယောင်မြင်ယောင်လာသည်။ အဘိုး၏
လစာကျစ်ကျစ်ကလေးဖြင့် စားချင်စဖွယ် ဖွယ်ဖွယ်ရာရာ ကလေးများကို စီမံချက်ပြုတ်နေသော
အမယ်ကြီး၏ လက်ချောင်းကလေးတွေ တုန်ရီနေပေလိမ့်မည်။ မျှော်လင့်ချက်မဲ့နေသော အဘိုး၏
မွဲသီမှုန်ဝါးနေသော မျက်လုံးအိမ်ကို စိုက်ကြည့်ကာ အဘိုး၏ ဝေဒနာကို တိတ်ဆိတ်စွာ
မျှဝေခံစားနေပေလိမ့်မည်။ အမယ်ကြီး၏ သေးသေးလှီလှီ ပုံရိပ်လေးကို မြင်ယောင်လာပြီး
လျှံတက်လာသော ဝမ်းနည်းမှုကို အဘိုးသည် ပင့်သက်ခပ်ပြင်းပြင်းနှင့်အတူ
မျှောချလိုက်သည်။
'အဘိုးကြီး လက်ဖက်ရည်တွေ
အေးကုန်တော့မယ်။ သောက်လိုက်ဦး'
ကောင်းကင်ပြင်ကို ငေးရင်း
အတွေးမှာစီးမျောပြီး အလုပ်ရုံဝင်းဆီသို့ စိတ်ခရီးနှင်နေသော အဘိုးသည် အနားမှ
အမယ်ကြီးကပ်၍ သတိပေးလိုက်တော့မှပင် ခန္ဓာကိုယ် ဆတ်ခနဲ လူးလွန့် လာတော့သည်။
'သြော်...အေးအေး'
လက်ဖက်ရည် တစ်ငုံသောက်လိုက်ပေမယ့်
ချိုအီ ခါးသက်သော အရသာသည် ခါတိုင်းညတွေလောက် အရသာမတွေ့။ နောက်ဆုံး လစာထဲမှ
လက်ဖက်ရည်သည် အဘိုး၏ ရသာရုံကို ပျက်ယွင်းစေနေသည်။ အဘိုးအားလျော့နေသည့်အခါ
အမယ်ကြီးက ဘေးမှ ငုတ်တုတ်ထိုင်ကာ လက်ဖက်ရည်ခွက်လေး လှမ်းပေးပြီး အားပေးတတ်သည်။
ဘာစကားမျှ မဆိုသည့်တိုင် ထိုအင်အားလေးပြရုံနှင့်ပင် အဘိုးကို မျှော်လင့်ချက်
ခွန်အားဖြစ်စေသည်ကား အမှန်ပင်။
'တို့များ သိပါတယ်
အမယ်ကြီးရာ။ အမှန်တော့ အကြောင်းရှာပြီး အလုပ်ဖြုတ်လိုက်တာပါ။ အသက်ကြီးတော့
မခန့်ချင်ကြတော့ဘူးပေါ့လေ'
'အင်း... ဂိုဒေါင်စောင့်
အလုပ်ကလည်း တကယ်တော့ အန္တရာယ်အများသားကိုးကွဲ့။ တို့များက အသက်ကြီးပြီဆိုတော့ သူခိုးဝိဇ္ဇာတွေက
လူမထင်ကြတော့ဘူးလေ။ အားကောင်းမောင်းသန် လူငယ်ကိုပဲ ခန့်တော့မပေါ့'
အမယ်ကြီးကို ပြောသလိုလိုနှင့် အဘိုး
တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်နေမိသည်။ အမယ်ကြီးက လက်ဖက်ရည်ကို ဆွဲသောက်ရင်း
နားထောင်နေကာ ခပ်စောင်းစောင်း မြင်နေရသော အဘိုးကို ငေးကြည့်နေသည်။
'တို့များလည်း
လက်နှိပ်ဓာတ်မီးတစ်လက်၊ လက်ဖက်ရည်တစ်ခွက်နဲ့ လုံခြုံရေးကို အမြဲယူနေတာပါကွဲ့။
ဒီကြားထဲမှာမှ ဖြစ်ရတယ်လို့။ တို့များ လုပ်သက် သုံးနှစ်လောက်မှာ ဒီတစ်ခါပဲ
ကြုံရသေးတယ်။ အသက်ကြီးတော့ အလုပ်မခန့်ချင်တော့ဘူးနဲ့ တူပါရဲ့'
လက်ဖက်ရည် တစ်ငုံငုံကာ လက်နှိပ်ဓာတ်မီးတစ်လက်ဖြင့်
ဂိုဒေါင်ပတ်လည်ကို အဘိုးစိတ်ထဲက လှမ်းနေမိသည်။ အဘိုး၏ အင်အားချိနဲ့နေသော
ခြေလှမ်းတွေသည် တစ်နေရာကို ဦးတည်ချင်နေသည်။ ဘေးမှ အမယ်ကြီး မရိပ်မိအောင်
တောင်ရောက်မြောက်ရောက် စကားတွေ ပြောမိနေသည်။ နောက်နေ့ပေါင်းများစွာ
မျှော်လင့်ချက်ဖြင့် ကြည့်နေမည့် အမယ်ကြီး၏ မျက်ဝန်းကို ရင်ဆိုင်ရဲအောင် အဘိုး
အားတင်းရဦးမည်။
'အင်း... မသေမချင်းတော့
ငါလုပ်ရဦးမှာပဲလေ။ ဒီအလုပ်ပြုတ်တော့လည်း နောက်အလုပ်ရှာရဦးမှာပေါ့'
အဘိုး တစ်ကိုယ်တည်း တွေးနေသည်။
'သင်္ဘောဆိပ်ဆင်းပြီး
ကုန်ထမ်းလည်း ရပါတယ်လေ။ အရင်က ကုန်တင်ကုန်ချတောင် လုပ်လာခဲ့တာပဲ။ အောင်မယ်... ငါ
ဆန်အိတ်တောင် ထမ်းခဲ့တာပါနော်။ အခုလည်း ငါ ထမ်းနိုင်ပါ သေးတယ်။ ငါ အားသန်ပါသေးတယ်။
ငါ လုပ်နိုင်ပါတယ်။ ကျန်းမာလို့ကတော့ ငါ အလုပ်ကြမ်းတွေ ဘာတွေ လုပ်နိုင်ပါတယ်လေ'
အတွေးထဲမှာ အဘိုး အားပေးစကားတွေ
ပြောနေသည်။ လရောင်သည် မန်ကျည်းရွက်တွေကြားမှ တိုးထွက်လာပြီ။ တိမ်မျှင်တို့သည်
ငွေလရောင်ကြောင့် ဝင်းပနေသည်။ မြောက်လေသည် တသုန်သုန်ဆော့မြူးနေသည်။
'အမယ်ကြီး၊ အေးလာပြီ။
အထဲဝင်တော့။ တို့များလည်း တော်ကြာဝင်တော့မှာ'
အမယ်ကြီးသည် အဘိုး၏အမိန့်ကို
သွေဖည်ခြင်းမရှိဘဲ အနားမှညင်သာစွာ ထသွားသည်။ ပါးလှပ်လှပ် ခန္ဓာကိုယ်လေးသည်
ငွေလရောင်တွင် ဝင်းလက်နေသည်။ အခန်းလေးထဲ တိုးဝင်သွားသော ပုံရိပ်လေးကို ငေးရင်း...
'အမယ်ကြီးရေ၊ ပါးစပ်
နှစ်ပေါက်အတွက် တို့များ အလုပ်ရှာရဦးမယ်။ မနက်ဖြန် ဟိုကလေးမဆီ သွားဦးမှပဲ။
အလုပ်အကိုင်လေး မေးထားတာ ဘယ်လိုများနေမလဲ မသိဘူး။ ကောင်မလေး သတိမှ ရရဲ့လား။
အင်း... မနက်ဖြန် သိရမှာပဲလေ'
အဘိုးမိတ်ဆွေ၏ မြေးမလေးကို
သတိရသွားသည်။ အဘိုးက ကလေးမတို့ အိမ်ဝင်းကို မကြာမကြာ ရောက်ရောက်နေကျ။ အဘိုးလာလျှင်
သူတို့တစ်အိမ်လုံး ဝမ်းသာကြသည်။ အဘိုးက ပန်းပင်လေး သစ်ပင်လေး စိုက်ပေးသည်။
ပေါင်းလေး မြက်လေး ဝင်ရှင်းသည်။ ပေါင်းမြက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်နေသော သူတို့
ဝင်းလေးသည် အဘိုး၏စိတ်ကလေးနှင့် တူသည်ဟု အဘိုးအမောပြေအောင် ကလေးမလေးက
ရယ်မောပြောတတ်သေးသည်။ ကလေးမလေးက ပင်ပန်းကြီးစွာ ရုန်းကန်နေရသော သူ့လို
ရွယ်အိုများကို ကြည့်ပြီး ကရုဏာသက်သည်။
တစ်ခါက သင်္ဘောဆိပ်က ဆင်းပြီး သူတို့အိမ်သို့
လှည့်ဝင်သည်။ အဝယ်တော် လုပ်နေသော အဘိုး၏ တူထံမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူတို့က
ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တွေတင်ပြီး ပွဲရုံကို လာချခြင်း ဖြစ်သည်။ အဘိုးက
သူတို့ထံတွင် ခြောက်လခန့် ဝင်လုပ်ခဲ့သေးသည်။ ထမင်းကျွေး နှစ်သောင်းတော့ ပေးပါသည်။
သို့ပေမယ့် အိမ်ပြန်ဖို့ အဘိုး ခက်ရချည့်။ သူတို့က တစ်လ တစ်ခေါက်မှ မပြန်စေချင်။
အဘိုးမှာက အမယ်ကြီးရှိသေးသည်။ ချောင်းနား မြောင်းနားမှာ အဘိုး ငါးတွေ လတ်လတ်ဆတ်ဆတ်
စားနေရပေမယ့် ထမင်းစားတိုင်း အဝေးမှာ ကျန်နေသည့် အမယ်ကြီးကို မှန်း၍ လှမ်းမြင်ကာ
ခြောက်လလုံးလုံး မျိုမကျနိုင်။ ထိုအခါ အဘိုးမှာ အမယ်ကြီးရှိရာ တစ်လ တစ်ခေါက်
ပုံမှန်ပြန်ရတော့သည်။ တူတော်မောင်က သိပ်မကြည်ချင်တော့။ အမယ်ကြီးကိုလည်း သူတို့
တာဝန်မယူနိုင်သည့်အဆုံး အဘိုးမနေနိုင်တော့။ အမယ်ကြီးဆီသာ အပြီးပြန်ခဲ့တော့သည်။ သင်္ဘောဆိပ်နှင့်နီးသော
ကလေးမလေးအိမ်သို့ အလုပ်အကိုင်လေး စုံစမ်းရန် မျှော်လင့်ချက်ဖြင့် လှမ်းလာမိသည်။
'အို... အဘိုးကလည်း
ဒီအသက်အရွယ်နဲ့ ကုန်တွေ ဘာတွေ မထမ်းပါနဲ့တော့။ သက်သက်သာသာ အလုပ်ပဲ လုပ်ပါ။
အသက်လည်း ထောက်နေပါပြီ။
'ဟေ... တို့များ
အသက်မကြီးသေးပါဘူး။ ခုမှ ခြောက်ဆယ်စွန်းရုံလေးပါကွဲ့'
'ဟာ... အဘိုးကလည်း မဟုတ်တာ။
ဘိုးဘိုးနဲ့ အသက်အတူတူပဲလေ'
'ဟေ...ဟုတ်လား။ တို့များအသက်
မငယ်တော့ဘူးပေါ့၊ ဟုတ်လား။ တို့များက ကိုယ့်ကိုယ်ကိုယ် အသက် အဲဒီလောက်
မကြီးသေးဘူးလို့ ထင်နေတာ'
အဘိုးက ရယ်သွေးစကားကို ဆိုတော့ ကလေး
မလေးက ခပ်ပြုံးပြုံးဖြင့်...
'အဘိုးကလည်း ငယ်ချင်နေပြီနဲ့
တူတယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ အသက်ကြီးတဲ့သူတွေက သိပ်ငယ်ချင်ကြတာပဲ။ အိမ်မှာ
ဒေါ်ကြီးဆို ဆံပင်တွေဖြူလို့ ညည်းညူပြီး ဆေးဆိုးနေတာ တဗျစ်ဗျစ်တောက်တောက်နဲ့'
နုပျိုခြင်းကို နှစ်သက် မက်မောကြပြီး
အိုမင်းရင့်ရော်ခြင်းကို ရှောင်လွှဲနေချင်ကြက သည်မှာ လူ့သဘာဝဟု အဘိုးသဘောပေါက်သည်။
အဘိုးက ကွမ်းချေးတက်နေသော နော်နီနော်နဲ့ သွားများ ပေါ်အောင် ရယ်မောရင်း...
'သိပါဘူးကွာ။ အသက်တွေ
ဘာတွေလည်း မှတ်မထားတော့ပါဘူး။ တို့များ ခုနစ်ဆယ့်ငါးကျော်လို့ ရှစ်ဆယ်နား
ကပ်နေပြီလား။ ငယ်ချင်လို့ ဟုတ်ပါဘူး မြေးလေးရယ်။ အသက်ကြီးရင် လူတွေက
အလုပ်မခိုင်းချင်ကြတော့ဘူးကိုးကွဲ့'
အလုပ်အကြောင်းဘက် ရောက်သွားသည့်အခါ
ဝင်းလဲ့နေသော အဘိုး၏ မျက်ဝန်းများသည် မှေးမှိန်ဖျော့တော့သွားသည်။
'တို့များ အသက်မေးလို့
ခြောက်ဆယ်ကျော်၊ တို့များ ဗလနဲ့ဆို လူတွေက ခိုင်းချင်ကြသေးတယ်။ ခုနစ်ဆယ်ကျော်
ရှစ်ဆယ်နား ကပ်နေပြီလို့ သွားပြောကတော့ တို့များကို ဘယ်သူက ဆန်အိတ် သယ်ခိုင်း၊
ပဲအိတ်ထမ်းခိုင်းတော့မလဲကွဲ့ ကလေးမရဲ့။ အဲဒီတော့ ပိုက်ဆံဘယ်ရတော့မလဲကွယ်။
ဒါကြောင့် အသက်ကိုလည်း သိပ်မှတ် မထားတော့ပါဘူးကွယ်။ ဟင်း...ဟင်း...'
အဘိုးသည် ရှေ့တူရူကို ငေးရင်း
ပြောနေလျက်တန်းလန်းမှ ကလေးမဘက်ကို ဆတ်ခနဲ လှည့်လိုက်သည်။ ကလေးမက အဘိုးကို
ခပ်စိုက်စိုက် ငေးကြည့်နေသည်။ ချစ်စနိုး စလိုက်သော သူ့ စကားအတွက် အားနာသွားဟန်
တူသည်။
ကောင်မလေး ပြောလည်း ပြောစရာ။
သူမေးတိုင်း အဘိုးအသက် ခြောက်ဆယ်က မတက်တော့။ မနှစ်ကလည်း ခြောက်ဆယ်။ တမြန်နှစ်ကလည်း
ခြောက်ဆယ်။ ဟိုးတမြန်နှစ်ကလည်း ခြောက်ဆယ် ဆိုတော့ အဘိုးကို မေ့တတ်ရန်ကောဟု
ရယ်မောသည်။
တကယ်တော့ အဘိုးခမျာ မိမိအသက်ကို သညာထဲ
မမှတ်မိစေအောင် ထားရခြင်းမှာ ထမင်းတစ်လုပ် အတွက်ကြောင့်ပင်တည်း။ နုပျိုခြင်းဟူသော
အဆင်တန်ဆာအတွက် မဟုတ်ဘဲ ဝမ်းဝခြင်းဟူသော ဘဝရပ်တည်ရေးအတွက် အဘိုးအသက်ကို
မေ့ထားခဲ့တာ ကြာခဲ့ပြီပဲလေ။
အဘိုးအရပ်က ခပ်မြင့်မြင့်၊ ဗလက
ခပ်တောင့်တောင့်။ ယခင့်ယခင်နှစ်တွေတုန်းကဆိုလျှင် အဘိုး အသက်ခြောက်ဆယ်ပြောလျှင်
လူတွေက အလွယ်တကူ လက်ခံကာ အလုပ်ကြမ်းတွေ ဘာတွေ ခိုင်းတတ်သည်။
ယခုနောက်ပိုင်းနှစ်များတွင် အဘိုး သိသိသာသာ မောလာတတ်သည်။ နားနားပြီးမှ
အလုပ်လုပ်နိုင်သည်။ မြက်နုတ်၊ ပေါက်တူးပေါက် လောက်တော့ အဘိုး ခွန်အားတွေ
ရှိသေးသည်။ တစ်သက်လုံး အလုပ်ကြမ်း လုပ်လာခဲ့သဖြင့် တော်ရုံတန်ရုံလောက်တော့ အဘိုး
မဖြုံပါ။
အဘိုး ဒီအလုပ်မဝင်ခင်
သူဌေးတစ်ယောက်ထံ၌ ခြံစောင့်လုပ်ခဲ့သေးသည်။
'အဲဒီတုန်းကများ သူဌေးက
ငါတို့ ဘိုးကြီး၊ ဘွားကြီးနေဖို့ ပေးထားတဲ့အပြင် ဟင်းခင်းကိုလည်း စားဖို့တင်မက
ရောင်းဖို့ပါ ပေးထားသေး။ သူဌေးက ကြည်ဖြူတော့လည်း သူဌေးသားက တစ်မှောင့်'
အဘိုးသည် ကွပ်ပျစ်အိုလေးပေါ်တွင်
လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ခုကာ ပက်လက်လှဲအိပ်ရင်း ကောင်းကင်ကျယ်ဆီ ငေးနေသည်။
တိမ်စ တိမ်နများသည် တစ်ခုနှင့်တစ်ခု ယှက်လာကာ တိမ်ဖဲကြိုးလေး အသွင်ပြောင်းသွားသည်။
နက်ပြာရောင် ပြင်ကျယ်ကြီးတွင် ဖဲကြိုးဖြူလေး လူးလွန့်ပြေးနေသည်။ ကောင်းကင်ကြီးသည်
လူ့ဘဝနှင့်တူ၍ တိမ်ဖဲကြိုးလေးသည် အဘိုး၏ ဘဝအဆစ်အပိုင်းများ
ယှက်စပ်ချုပ်ထားသည်နှင့် တူသည်ဟု အဘိုးတွေးမိသည်။
'ငါကလည်း ငါ့တာဝန်ကို
လုပ်ရတာပဲလေ။ သူဌေးသားက သူ့ဘော်ဒါတွေနဲ့ သောက်စားမူးယစ် တော့လည်း ငါ့မှာ သူဌေးကို
တိုင်ရတော့တာကိုး။ အင်း... မာလီကများ ရာရာစစ သူဌေးသားကို တိုင်ရတယ် ဆိုပြီး
ချဲ့လင့်လုပ်တာ ငါ့မှာ ခံရတာပဲလေ။ အဲဒီတော့လည်း သူဌေးသား ငါ့ကို ငြှိုးတာ
မဆန်းပါဘူးလေ။ ဒီ အလုပ်ကလည်း သိပ်မပင်ပန်းဘူးကိုး။ ငါ့မှာ တစ်သက်လုံး
ပင်ပန်းလာခဲ့တော့ လွယ်လွယ်နဲ့ ဒီအလုပ်ကို မစွန့်နိုင်ဘူးပေါ့လေ။ အို... ငါ့မှာ
စောင့်သိရိုသေရမယ်၊ သစ္စာ ရှိရမယ်။ အမှန်တရားကို ပြောရဲတဲ့ သစ္စာရှိရမှာပေါ့။
ငါမမှားဘူး။ ငါ့ကိုယ်ငါ ရဲရဲကြီး အာမခံရဲတယ်။ ငါ မမှားပါဘူး'
'အင်းလေ... သူဌေးဆုံးတော့ သားတော်မောင်က
ငါ့ကို အလုပ်ဖြုတ်တော့တာပေါ့။ မာလီရာထူး ပြုတ်တော့ ကမ်းနားသွား
ကူလီထမ်းရတော့တာပေါ့။ အမယ်ကြီး ခမျာ ငါ့လုပ်စာလေးကို မျိုမကျကို ဖြစ်လို့'
'အဘိုးကြီး ရင်ကျပ်
ပြန်ထနေဦးမယ်။ အေးလှပြီ၊ အထဲဝင်ချည်တော့'
ပါးလှပ်လှပ် အရိပ်လေးသည်
တံခါးဘောင်ကို လှမ်းကိုင်ရင်း အဘိုးရှိရာ ငုံ့ ကြည့်၍ လှမ်းပြောသည်။ အမယ်ကြီးသည်
အိပ်မပျော်ဘူးထင့်။ အေးအတူ ပူအမျှ၊ ဆိုးတူကောင်းဖက်ဖြင့် ဘဝကို ကျော်ဖြတ်ခဲ့သည်မှာ
ခုဆိုရင် ရှစ်ဆယ်နားပင် ကပ်နေကြပြီ။ ဘဝမှာ မငြိမ်းအေးနိုင်တော့။
'အေးပါ၊ တို့များ ခဏနေရင်
အိပ်တော့မှာပါ။ သွားသွား၊ အမယ်ကြီး အိပ်ပျော်အောင် အိပ်ကွဲ့'
ပါးလျလျလေးသည် တစ်ခဏမျှ
ငုံ့စိုက်ကြည့်နေသေးသည်။ အမယ်ကြီး၏ မျက်နှာက မှောင်ရိပ်ကွယ်နေသဖြင့် အကဲခတ်လို့
မရ။ သို့ပေမယ့် အဘိုးခံစားချက်အတိုင်း ထပ်တူကျစွာ ဝေသီသော မျက်လုံးမွဲတွေဖြင့်
ငေးစိုက်ကြည့်နေပေလိမ့်မည် ဆိုတာ အဘိုး ခံစားလို့ရသည်။
ညနေက အဘိုး ကလေးမတို့အိမ်ဘက် ခဏ
လှည့်ဝင်ဖြစ်သည်။ အလုပ်ပြုတ်လာသော အဘိုးကို ကောင်မလေးက ငေးကြည့်ရင်း...
'ကျွန်မ သူငယ်ချင်းရဲ့
ကုမ္ပဏီမှာ ညစောင့်အလုပ် လေးလိုမလား မေးကြည့်ပေးမယ်လေ။ နက်ဖြန် ဒီအချိန်လောက်
ကျွန်မဆီ အဘိုး ဝင်လာမေးကြည့်လိုက်လေ။ ကဲ... အဘိုးရေ၊ ရောက်တုန်း ထမင်းစားပြီးမှပဲ
ပြန်နော်'
အဘိုးက လက်ကလေး ခါ၍ ငြင်းပေမယ့်
ကလေးမလေးက ဆိုးခနဲ ဆတ်ခနဲ ထပြီး ထမင်းဟင်းများကို ခူးခပ်နေသည်။ ဒီတစ်ခါတော့ အဘိုး
အားနာသည်။ ခါတိုင်းဆို အဘိုးရဲ့လုပ်အားကို အရင်းပြုပြီး စားရသဖြင့် အဘိုး
စိတ်ကြည်သည်။ ကလေးမလေးက အဘိုးရင်တွင်း ခံစားချက်များကို သတိထားမိပုံ မပေါ်။
'အသက်ကြီးလာတော့ ထမင်းလည်း
တို့ကနန်း ဆိတ်ကနန်း ပြီးသွားတာပါပဲ။ သိပ်ဟက်ဟက် ပက်ပက် မရှိတော့ဘူးကွဲ့'
'ရော့ အဘိုး၊ ကြက်သား'
'အင်း... ကြက်သား မစားနိုင်တာ
တို့များအသက်ရဲ့ သုံးမတ်လောက်တောင် ရှိမယ်ထင်တယ်။ တို့များ အသက်တစ်မတ်ကတော့
ကြက်သားစားဖူးသား။ တွက်ကြည့်စမ်းပါဦး။ အသားမဝါးနိုင်တော့တာဘဲ
ခပ်ကောင်းကောင်းပဲကွဲ့၊ သဘာဝကြီးရဲ့ စီရင်မှုက တရားပါတယ်ကွဲ့'
အဘိုးစကားကြောင့် ကောင်မလေး၏
လှုပ်ရှားဟန်များသည် တဒင်္ဂနှေးကွေး သွားသည်။ ဟင်းသောက် ပန်းကန်ကို ကိုင်ရင်း
အဘိုးကို စိုက်ကြည့်နေသည်။
'စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်။
တို့များ ကံဆိုးတယ်လို့လည်း မယူပါဘူး။ လူ့လောကမှာ တစ်ရက်ပို အသက်ရှင်နေရတာ
ဘယ်ကလောက်တောင် ကံကောင်းနေပြီလဲ။ တစ်ရက်ပိုနေနေရတာ ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။
လူ့လောကကြီးကို ကျေးဇူးတင်သေး။ ကမ္ဘာကြီးကို တို့များ ကျေးဇူးတင်သေး။ တို့များကို
နောက်ထပ် တစ်ရက် နေထိုင်ခွင့်ပေးလို့ သူ့ခမျာ လူသန်းပေါင်း ၆ဝဝဝ ကျော်ကို
ထမ်းထားရတာ ဘယ်လောက်ဝန်ပိ မလဲ။ တို့များ ဝန်ပိတာ အပျော့ပေါ့ကွယ်'
ကလေးမလေး စိတ်မကောင်း ဖြစ်နေမှန်းသိ၍
အဘိုး ဟာသနှော၍ ပြောလိုက်သည်။ ကောင်မလေးက အဘိုးကို စိုက်ငေးကာ နေရာမှာ ရပ်နေဆဲ။
အရပ်ရှစ်မျက်နှာဆီမှ
တိမ်မျှင်တန်းများသည် အဘိုးမျက်နှာမော့ရာ ကောင်းကင်ပြင်ထက်ဆီ တရွေ့ရွေ့နှင့်
လာရောက်စုဝေးနေသည်။ ကြည့်နေရင်းမှာ တိမ်စိုင်တိမ်ဆုပ် တိမ်လိပ်ကြီး ပေါ်လာ သည်။
'မနက်ဖြန်အတွက် ငါ့
ရဲ့မျှော်လင့်ချက်တွေလည်း ဒီတိမ်တိုက်ကြီးလိုပါပဲလား။ အင်း အဘိုးအိုတစ်ယောက်ရဲ့
မျှော်လင့်မိုးတိမ်ပေါ့လေ'
ကဗျာဆန်ဆန်၊ စာပေ ဆန်ဆန်
တွေးမိနေသဖြင့် တစ်ကိုယ်တည်း ပြုံးမိသေးသည်။
'အို... ငါငယ်ငယ်တုန်းက
စာအုပ်တွေ ဖတ်ခဲ့တာကြောင့် အတွေးတွေကလည်း ခုထက်ထိ လှပဆဲပါလား။ အဲဒီတုန်းက
စက်ရုံမှာ ငါက စာကြည့်တိုက်မှူးပေါ့လေ။ စာပေဝါသနာပါတဲ့ ငါ့ကို ဒီနေရာနဲ့
သင့်တော်တယ်ဆိုပြီး ဌာနပြောင်းပေးလိုက်တာပဲ။ ဘာရမလဲ။ ငါ စာအုပ်တွေ ဖတ်ခဲ့ရတာ
အမြတ်ပေါ့။ စာတွေက ငါ့ကို လောကကြီးမှာ နေတတ်၊ ထိုင်တတ်ဖို့ သင်ပေးလိုက်တာပဲလေ'
အဘိုးသည် ငယ်ရွယ်သော ခံစားမှုနှင့်အတူ
လွင့်ပြေးသွားလိုက်၊ ကြီးရင့်သော ခံစားမှုနှင့်အတူ နီးကပ်လာလိုက် ဖြစ်နေသည်။
'အင်း... နေစရာ
ဘိုးကြီးမယ်ကြီးမှာ ဒီအိမ်လေးရှိလို့ တော်တော့တယ်။ သားသမီးတွေက ရရစားစားဆိုတော့
ငါတို့ကို ဟန်ဟန်ပန်ပန် မကြည့်နိုင်ရှာပေဘူးပေါ့။ သူတို့ခမျာလည်း အမယ်ကြီး သွားရင်
ရှိတာလေးတွေ စုကျစ်ပြီး ပေးလိုက်ရှာသား'
သူတို့ အကျပ်အတည်းကို အဘိုးသိသည်။
အဘိုး တို့နှစ်ယောက်အတွက် နေ့စဉ် ဝမ်းစာသည် သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှန်း
အဘိုး သဘောပေါက်သည်။ အမယ်ကြီးလည်း နားလည်သည်။ သူတို့ကို အဆိုးမဆိုသာ။
ဒါကြောင့်လည်း ဒီ အသက်အရွယ်ထိ အဘိုး အလုပ်နှင့်လက် ပြတ်သည် မရှိချေ။ ကျန်းမာသရွေ့
အဘိုး အလုပ်လုပ်နေဦးမည်။ ကျန်းမာခြင်းသည် အဘိုးကို ကံကောင်းခြင်းလက်ဆောင်
တစ်ခုအဖြစ် ပေးထားပြီးပြီလေ။
'ဒီတစ်ခါ ရောင်းလိုက်ရင်တော့
ငါတို့ ဘိုးကြီး မယ်ကြီး ဒုက္ခများလိမ့်မယ်။ မဖြစ်ဘူး။ ဒီတစ်ခါတော့ တင်းခံထားမှပဲ။
ဒီအိမ်လေးကိုတော့ ငါ လက်လွှတ်လိုက်လို့ မဖြစ်ချည့်ဘူး'
အဘိုး၏ အိမ်လေးသည် အမှောင်ထု
လတာပြင်ထဲတွင် ရှည်မျောမျောထိုး ထွက်နေသည်။ အိမ်လေးက ယခင်ကတော့ ကျယ်ကျယ်ဝန်းဝန်း
ရှိသည်။ ထရံကာ၊ ဓနိမိုး၊ ဝါးခင်းလေးနှင့် အိမ်လေးသည် တောရိပ်တောင်ရိပ် ထုံနေသည်။
ကာလတာ ချီသော် အခက်အခဲ အကျပ် အတည်းများသည် အဘိုးကို စိန်ခေါ်လာသည်။ ထွက်ပေါက်အဖြစ်
အဘိုးသည် အိမ်လေးကို ဖဲ့ဖဲ့ရောင်းခဲ့ရသည်။ နောက်ဆုံး ဤရှည် မျောမျောအိမ်လေးသာ
အဘိုးတို့မှာ ထင်သာမြင်သာ ရှိ တော့သည်။
အဘိုးသည် တွေးရင်း
ပင့်သက်မျှဉ်းမျှဉ်း ချလိုက်သည်။
'အဘိုးကြီး မအိပ်သေးဘူးလား။
အပြင်မှာ အေးလှပြီတော့'
အိပ်ခန်းထဲမှ စိုးရိမ် ပူပန်သံသည်
ဝါးထရဲကြားမှ ထွင်းဖောက်လာသည်။
'မနက်ဖြန် အလတ်ကောင်ကြီးဆီ
သွားမလားလို့ စဉ်းစားနေတာပါကွာ။ ခဏနေရင် တို့များလည်း အိပ်တော့မယ်'
'အေးလှပြီတော့'
ဝါးခင်းလေး၏ ခြိုးခြိုးချွတ်ချွတ်
အသံနှင့်အတူ ကပ်ပါလာသော အမယ်ကြီး၏ အသံသည် အဘိုးရင်ကို ပူပင်ရိုက်ခတ်စေသည်။ အို..
နည်းတဲ့ သံယောဇဉ်တွေလားကွယ်။ ဘဝလမ်းကို လျှောက်ခဲ့ကြတာလေ။ လောကဓံ အထုအထောင်းတွေကို
သံယောဇဉ်တွေနဲ့ ကျော်ဖြတ်လာခဲ့တာ အသက်ရှစ်ဆယ်နားပင် ကပ်ချေပြီ။ ယခုတွေ့ရတဲ့
လောကဓံကိုလည်း အဘိုးကျော်ဖြတ်နိုင်ဦးမည်မှာ သေချာပါသည်။
'အင်း... ကမ်းနားမှာ သင်္ဘောမှ
ကပ်ရဲ့လား မသိဘူး။ စနည်းသွားနာဦးမှ။ သားသမီးတွေထဲမှာ အလတ်ကောင်ကြီးက ဟန်ဟန်ပန်ပန်
ဆိုရမပေါ့။ သူက မော်တော် ဆလင်ဆိုတော့ မော်တော်ထမင်း၊ မော်တော်ဟင်း သွားစားလို့
ရတာပေါ့။ ငါကလည်း သူတို့မော်တော်ပေါ်မှာ တောက်တိုမယ်ရ လုပ်ပြီးမှ စားတာပါ။
အချောင်မစားပါဘူး။ သူ့ခမျာ ငါလာရင် ငွေစလေး စုကျစ်ထည့်ပေးရှာသား'
မျှော်လင့်ချက်သာ ထားရသည်။
မော်တော်ကမ်းနားမှ ကပ်ပါ့မလား အဘိုး ပူပန်နေမိသည်။ အလတ်ကောင် မော်တော်က သစ်၊ သဲ၊
ကျောက် တင်သည့်ကုန်တင် မော်တော် ဖြစ်သည်။ အရင်က ၁၅ ရက်တစ်ခါ ကမ်းကပ်နိုင်သည်။
ယခုတော့ တစ်လတစ်ခေါက်သာ ကမ်းကပ်တော့သည်။ အလတ်ကောင် ပြန်လာမည့်အချိန်ကို မှန်း၍
အဘိုးကမ်းနားသွား စောင့်လေ့ရှိသည်။ တစ်ခါ တစ်ရံ ဒီရေအတက်အကျကြောင့် သင်္ဘောကမ်းကပ်တာ
အချိန်မမှန်တတ်ပေ။ ထိုအခါ အဘိုးသည် ငါးစာ တပ်၍ သင်္ဘောကို စောင့်တတ်သည်။
သင်အူကြိုးလေးတွင် ငါးတစ်ကောင်စ၊ နှစ်ကောင်စ တွဲပြီး ပြန်လာသော အဘိုးသည်
တောရကျောင်းတိုက်မှ ဥပုသ်သီတင်း ဆောက်တည်ပြီး တွက်လာသော သက်အိုရွယ်အိုများကို
မြင်လျှင် မလုံမလဲဖြင့် မျက်လုံးဝေ့ကာ ခပ်လှမ်းလှမ်းမှ ရှောင်သွားတတ်သည်။
ထိုအခါမျိုးတွင် ကမ်းနားသွား ငါးမျှားခဲ့ရသည့် အဘိုးခမျာ ခပ်ရွံ့ရွံ့
ဖြစ်နေတတ်သည်။
အခါကြီး ရက်ကြီးများတွင် ပကတိ
စိတ်အေးချမ်းစွာဖြင့် တောရကျောင်းလေးတွင် တရားဘာဝနာများ တတ်နိုင်သမျှ အဘိုး အားထုတ်ပါသည်။
သို့သော် လှုပ်ရှားရုန်းကန်ရသည့် ခြေလှမ်းများက အဘိုးကို အပြတ်အသတ် အနိုင်ယူလေ့
ရှိသည်။
ဘဝ၏ နေဝင်ချိန်တွင် ကုသိုလ်စိတ်ကလေး
ကိန်းပြီး မရဏကို အဓိပ္ပာယ်ရှိရှိ အဘိုး ရင်ဆိုင်ချင်သည်။ ဝမ်းခါးလှဖို့
မောကြီးပန်းကြီး ရုန်းကန်ရင်း ရေပွက်ပမာ မရဏ အခေါ်ကို ဘုမသိ ဘမသိ အဘိုး
မလိုက်ချင်ပါ။
ဆောင်းညလေသည် စိမ့်အေးလာသည်။ အဘိုးသည်
ဖလန်ထည်အင်္ကျီနွမ်းကို ရင်ဘတ်နားအထိ ဆွဲစေ့လိုက်သည်။ အားအင်တို့ လျော့နေသော်လည်း
မျှော်လင့်ချက်ခွန်အားဖြင့် အဘိုး ကြိုးစားထကာ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။
□
'သြော်... ဒါနဲ့တို့များ
မေးထားတဲ့ အလုပ်အကိုင်လေး ဘာများ ထူးသေးလဲကွဲ့'
ကလေးမလေး၏ မျက်နှာရိပ်ကို အဘိုး
အသာအကဲခတ်ရင်း မေးလိုက်သည်။ အလုပ်အတွက် ရီဝေနေသော အဘိုးမျက်လုံးများ
ဝင်းလက်တောက်ပလာမှုကို ကလေးမခမျာ ရင်မဆိုင်ရဲသဖြင့် အဘိုး၏ လက်ဖျံဆီသို့
စိုက်ကြည့်နေသည်။ အဘိုးပင် ရောယောင်ပြီး သူကလေး ကြည့်ရာဆီ လိုက်ကြည့်နေမိသည်။
လက်ဖျံများသည် အကြောများ ထောင်းထောင်း ထနေပြီ။ အသားစိုင်များ ပျော့အိတွဲကျနေပြီ။
ကလေးမလေး၏ အသံသည် တိုးလွန်းသဖြင့်
အဘိုး မနည်း နားစိုက်ထောင်ရသည်။ ကလေးမလေး စကားအဆုံးတွင် အဘိုးသည်
ပြုံးရယ်စွာဖြင့်...
'ဟေ... အသက်ကြီးတဲ့သူဆို
မခန့်ချင်ဘူးတဲ့လား။ တို့များလည်း သိနေပါတယ်။ စိတ်တော့ မကောင်းပေဘူးပေါ့ကွယ်။
အင်းလေ... ကဲ...တို့များ ကမ်းနားသွားလိုက်ဦးမယ် ကွဲ့'
ကလေးမလေးက အဘိုးကို မရွံ့မရဲဖြင့်
မျက်လုံး ဝေ့ကြည့်သည်။ အဘိုး၏ ခြေလှမ်းများသည် ကမ်းနားဆီသို့ အားပျော့လေးကန်စွာ
လျှောက်လှမ်းလာခဲ့သည်။
□
အဘိုးကို မြင်တော့ အမယ်ကြီးသည်
ကွပ်ပျစ်ကို အားပြုရင်း ဒယိမ်းဒယိုင် ထလာသည်။ ထိုအချိန်၌ ကောင်းကင်ပြင်တွင် တိမ်စ
တိမ်မျှင်တို့သည် ခပ်ရေးရေးလေးသာ ပေါ်နေကာ တရွေ့ရွေ့ စီးမျောနေကြသည်။ အဘိုးတို့
သက်ကြီးရွယ်အိုနှစ်ဦး တစ်ဦးကို တစ်ဦး တဒင်္ဂမျှ ငေးစိုက်ကြည့်နေမိ သည်။
အဘိုးသည် လက်ထဲမှ တစ်စုံတစ်ရာကို
အမယ်ကြီးထံ လှမ်းပေးလိုက်သည်။ တစ်ကိုယ်တည်း ကြားရုံ ခပ်တိုးတိုး ရေရွတ်လိုက်သော
အမယ်ကြီး၏ စကားတစ်ခွန်းသည် အဘိုးနားထဲသို့ ပူပြင်းလောင်မြိုက်စွာ ဝင်ရောက်လာကာ
နှလုံးသားတစ်နေရာဆီမှာ လှိုက်ခနဲနေအောင် ခံစားခဲ့ရလေပြီ။
'အဘိုးကြီးနှယ်၊ ကမ်းနားသွား
ငါးမျှားနေပြန်ပြီ ကော'
မြူမြူ
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်