ရွှေဝတ္ထု

အချိန်ကိုက်ဗုံး

ကိုမောင်ဌေးသိန်း၊ပွေးလှ၊

01 March 2026
အချိန်ကိုက်ဗုံး
Share to

            အဝေးပြေးလမ်းမကြီးပေါ်မှာ ဆယ့်နှစ်ဘီးတပ် ကုန်တင်ကားကြီးက သူ့အရွယ်အစားနဲ့ မလိုက်ဖက်လောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ပြေးနေတယ်။ လမ်းနံဘေးက သစ်ပင်တွေ၊ စိုက်ခင်းတွေ ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်နေခဲ့တယ်။ ကားမောင်းလာတဲ့ ကိုစိန်ကြီးရဲ့ မျက်နှာက တည်တည်တင်းတင်း ဖြစ်နေပြီး ဘေးမှာထိုင်လိုက် ပါလာတဲ့ ကိုမြမောင်ရဲ့မျက်နှာကလည်း မဲ့ပြုံးလေးတစ်ခုနဲ့ပေါ့။

            ပါးစောင်မှာ ငုံထားတဲ့ ကွမ်းယာကို လိုတာထက်ပိုပြီး ဖိချေကြိတ်ဝါးပစ်လိုက်တာကြောင့် ကိုစိန်ကြီးရဲ့မျက်နှာက မေးကြောကြီးတွေတင်းပြီး ခက်ထန်တဲ့ပုံမျိုးဖြစ်နေတယ်။ ကိုစိန်ကြီးကားမောင်းတာ မြန်လွန်းကြမ်းလွန်းနေတော့ ကိုမြမောင်မှာ အပြင်ဗန်းက ဟန်ဆောင်နေပေမယ့် စိတ်ထဲမှာ တော့ကျိတ်ပြီး ဘုရားတ နေမိတယ်။

            'ဖြည်းဖြည်းမှန်မှန်ပဲ မောင်းစမ်းပါ စိန်ကြီးရ။ ဘာဖြစ်လို့ ဒီလောက်တောင် အရမ်းမောင်းရတာလဲ။ မင်းက ကားကိုမရိုသေဘူးကွာ။ တကယ်ပဲ...'

            ကိုမြမောင်က အောင့် မထားနိုင်တော့ဘဲ ခပ်ဆတ်ဆတ်လေး ပြောမိသွားတယ်။ ကိုစိန်ကြီးက ကွမ်းတံတွေးကို ဘေးပေါက်ကနေ ဗျစ်ခနဲ ထွေးထုတ်ပြီး ပြန်ပြောတယ်။

            'ဟား...ဟား...သိပ်လည်း စိုးရိမ်မနေပါနဲ့ မန်နေဂျာကြီးရာ။ ဒါတွေက စိန်ကြီးအပိုင်းတွေပါ။ ကားမျိုးစုံမောင်းလာခဲ့တာ ဆယ့်ငါးနှစ်ရှိပြီ။ စိတ်ချ ဘာမှ မဖြစ်စေရဘူး။ မြန်မြန်ရောက်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား'

            ကိုစိန်ကြီး အဲဒီလို ပြောတော့ ကိုမြမောင်စိတ်ထဲ အောင့်သက်သက် ဖြစ်သွားတယ်။ ကိုစိန်ကြီးက သူစိတ်မကြည်တဲ့အခါ ကိုမြမောင်ကို မန်နေဂျာကြီးလို့ ထေ့ငေါ့ပြီး ပြောလေ့ရှိတယ်။ ကိုမြမောင်က 'ရွှေရောင်လင်း'ပွဲရုံက အဝယ်တော်တစ်ယောက်ပါ။

            ကိုစိန်ကြီးကို အကဲခတ်ရတာ တစ်ခုခုအစာမကြေ ဖြစ်နေတာသေချာတယ်။ ကိုမြမောင်လည်း စိတ်ထဲက ခပ်ချဉ်ချဉ် ဖြစ်လာတာနဲ့ ဘာမှမပြောတော့ဘဲ နေလိုက်တော့တယ်။ ဒီလောက်တောင်ရှိလှ ဖြစ်ချင်ရာဖြစ်ပေါ့။ တောင်ဆင်းအကွေ့ တစ်ခုရောက်လာတော့ ကိုစိန်ကြီး အရှိန်နည်းနည်းပဲ လျော့ပြီး ခပ်ကြမ်းကြမ်း ဆွဲကွေ့ပစ်လိုက်တယ်။ ကားမောင်းကျွမ်းကျင်မှုမှာ ကိုစိန်ကြီးက သူ့ကိုယ်သူယုံထား ပြီးသားပါ။ ဒါပေမယ့် ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိရှိ အခန့်မသင့်တဲ့အခါ တစ်ချက်ကလေးနဲ့ အတိမ်း အစောင်းဆိုတာ ဖြစ်နိုင်တာပဲ။  အဲဒါတွေကိုလည်း ကိုစိန်ကြီး သဘောပေါက်ပါတယ်။ ဒီနေ့မှာတော့ စိတ်ကို တည်ငြိမ်အေးဆေးအောင် မထားနိုင်ဘဲဖြစ်ရတယ်။

            အကွေ့ကိုလွန်သွားပြီး မြေညီလမ်းဖြောင့်ရောက်သွားတော့ လီဗာကိုဖိနင်းပစ်လိုက်တယ်။ ကားကြီးဟာ ဒေါသထွက်နေတဲ့ ဂေါ်ဇီလာကြီး တစ်ကောင်ပြေး လွှားနေသလိုမျိုး အိတ်ဇောပိုက်က မီးခိုတန်းကြီး တအူအူနဲ့ တဝေါဝေါပြေးနေတော့တယ်။ ကိုမြမောင်က ဘာမှအရေးမစိုက်သလို ဟန်လုပ် ပြီး စီးကရက်မီးညှိပြီး အေးအေးလူလူ ဖွာပြနေလိုက်တယ်။ ကိုမြမောင်ရဲ့ အိုက်တင်က ကိုစိန်ကြီးရဲ့ စိတ်ကို ဆွပေးလိုက်သလိုဖြစ်နေတယ်။ ကိုစိန်ကြီးကလည်း ဘာမှသတိမထားသလိုပုံနဲ့ ဆက်မောင်းနေတယ်။

            ကိုစိန်ကြီးက ရွှေရောင်လင်းပွဲရုံမှာ အဝေးပြေးကားကြီးသုံးစီးရှိတဲ့ အထဲက ဒရိုင်ဘာတစ်ယောက်ပေါ့။ ခါတိုင်းနေ့တွေမှာတော့ စပယ်ယာ ဖိုးထောင်ပါလာပေမယ့်  ဒီနေ့မှာတော့ ကိုစိန်ကြီးနဲ့ ကိုမြမောင်တို့နှစ်ယောက်တည်းပဲထွက် လာခဲ့တယ်။ နယ်ဘက်က ရွာတွေမှာ လိုက်ဝယ်ထားတဲ့ ပန်းနှမ်းအိတ်တွေကို သွားတင်လာကြတာပါ။ နယ်ဘက်က ရွာတွေမှာထွက်သမျှ ကုန်တွေကို ပွဲရုံမှာ ပြန်စုပြီးမှ ရန်ကုန်ကို ပြန်တင်ပို့တာပါ။

            မနက်က ထွက်လာကြတော့ ကိုမြမောင်က စပယ်ယာ ဝင်ခေါ်ဖို့ပြောပါသေးတယ်။ ကိုစိန်ကြီးက သွားနေကျလမ်းလည်းဖြစ်ပြီး ခေါက်တိုလည်းဖြစ်နေတော့ ခေါ်မနေတော့ဘူးလို့ အကြောင်းပြတယ်။ ရန်ကုန်ဆင်းတဲ့ ဟိုက်ဝေးကျမှ စပယ်ယာဖိုးအောင်ကို ခေါ်တော့မယ်ပေါ့။

            ရွှေရောင်လင်းပွဲရုံမှာ အဝေးပြေးကားသုံးစီးနဲ့ ဒရိုင်ဘာ၊ စပယ်ယာခြောက်ယောက်ရှိပါတယ်။ အလုပ်သမားတွေကလည်း မနည်းပါဘူး။ ကိုမြမောင်ကတော့ ရွာတွေသွားပြီး ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး အစရှိတဲ့ ကုန်စိမ်းတွေကအစ ပန်းနှမ်း၊ ဂျုံအစရှိတဲ့ ကုန်ခြောက်တွေပါမကျန် သူ့အချိန်နဲ့သူ ဝယ်ယူပေးရသူပါ။ ရွာတွေမှာ စုထားတဲ့ ကုန်တွေများလာပြီဆိုရင် အခုလိုပဲ ပင်မပွဲရုံကြီးဆီ သယ်ယူတင်ပို့ပေး ရပါတယ်။

            ကုန်တင်တဲ့အခါမှာ ဒရိုင်ဘာသုံးယောက်ထဲက ဟိုက်ဝေးမရှိတဲ့ တစ်ယောက်ယောက်နဲ့ အခုလိုပဲသွားတင်ရတယ်။ ဒရိုင်ဘာတွေထဲမှာ စိန်ကြီးဆိုတဲ့ကောင်က နည်းနည်းလေးမှ ထောင့်မကျိုး ဘူးလို့ကို မြမောင်ထင်တယ်။လူမိုက်လိုလို၊ လူကန်းလိုလိုနဲ့ ဘယ်တော့မှ သူ့ဆက်ဆံရေးက ပြေပြေပြစ်ပြစ်မရှိတတ်ဘူး။ အခုလည်းကြည့်လေ ဂျစ်ကန်ကန်၊ ပေကပ်ကတ်နဲ့ ဘာတွေအစာမကြေ ဖြစ်ပြီး ကားကို ဒီလောက် အရမ်းမောင်းနေရတာလဲ မသိဘူး။ ကိုစိန်ကြီးရဲ့ လက်ထဲမှာ ကုန်ချိန်အတော် များများတင်လာတဲ့ ကားကြီးဟာ မနေမနားပြေးလွှားလို့။

            နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြတော့ တိတ်ဆိတ်နေတယ်။ တဝေါဝေါမောင်းနှင်တဲ့ ကား အင်ဂျင်သံကလွဲလို့ပေါ့။ စကားသာ မပြောဖြစ်ကြပေမယ့် နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာတော့ ခံစားချက်ကိုယ်စီ၊ အတွေးကိုယ်စီနဲ့ ဆူညံနေတာပေါ့။

            ကားခပ်ကြမ်းကြမ်း မောင်းရင်းနဲ့ ကိုစိန်ကြီး တွေးနေတယ်။ တွေးလေတွေးလေ စိတ်က ပိုပြီးခက်ထန်လေလေပေါ့။ အားလုံးမသာပေါ်ကုန်တော့လည်း နားအေးတာပဲလို့ပေါ့။

            မြမောင်ဆိုတဲ့ ဒီကောင့်အကြောင်းများ မသိရင် ခက်မယ်။ ဒီကောင်က သူ့ ကိုယ်သူလည်လှ၊ နပ်လှတယ် ထင်နေတာကိုး။ သူ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းနေတယ်ဆိုတာ စိန်ကြီးက အားလုံးသိတယ်။ ဒီပွဲရုံကားကို စိန်ကြီးမောင်းလာခဲ့တဲ့ တစ်နှစ်ကျော်ကျော် အတွင်းမှာပဲ မြမောင်နဲ့ တွဲလုပ်ခဲ့ရတဲ့ အပိုင်းတွေ အတော်များခဲ့တယ်။ မြမောင်ကို စတွေ့ကတည်းက စိန်ကြီးရဲ့ စိတ်ထဲမှာ သဘောမတွေ့လှဘူး။ သူ့ဆက်ဆံပုံက အထက်စီးဆန်တယ်။ ပွဲရုံမှာ ရှိတဲ့လူတွေအားလုံးအပေါ်မှာ အစကတည်းက အကျောနင်းပြီး သြဇာပေးချင်တဲ့ သဘောရှိတယ်။ လုပ်ပိုင်ခွင့်ရှိတာထက် ပိုပြီးတော့ ပွဲရုံ တစ်ခုလုံး သူ့လက်ရာ၊ သူ့ ခြေရာဖြစ်အောင်လုပ်ဖို့ ကြိုးစားချင်နေတယ်။

            အဲဒါကလည်း ရည်ရွယ်ချက်တွေ အများကြီးရှိတယ်ဆိုတာ စိန်ကြီးက သိတယ်။ တခြားသူတွေ အပေါ်မှာသာ လုပ်ချင်တိုင်းလုပ်လို့ရမယ်။ စိန်ကြီးကိုတော့ ဆရာကြီးလာလုပ်လို့ မရဘူး။ စိန်ကြီးက အချဉ်မဟုတ်ဘူးဆိုတာ မင်းသိသင့်ပြီပေါ့ မြမောင်ရာ။ မြမောင်ဆိုတဲ့ ကောင်ဟာ ဘာပဲလုပ်လုပ် မရိုးသားဘူးလို့ စိန်ကြီးထင်တယ်။ ထင်တယ်ဆိုတာထက် တထစ်ချကိုယုံတယ်။ သူ့ကိုယ်သူ ပွဲရုံပိုင်ရှင်ကြီးလို့ ထင်ပြီး ဘဝမေ့ ဘဝင်လေဟပ်နေတဲ့ကောင်။ ပွဲရုံပိုင်ရှင်ကို ကပ်ဖားရပ်ဖားလုပ်ပြီး ကျန်တဲ့လူတွေကိုတော့ ဖိနှိပ်ချုပ်ချယ်ချင်တယ်။ မဆီမဆိုင် သူ မျက်နှာကောင်းရဖို့အတွက် ကျန်လူတွေကို အသုံးချတာတော့ ဘယ်ကောင်းမလဲ။

            သခင်ကြည်ဖြူအောင်လို့ မြင်မြင်သမျှ ထိုးဟောင်ပြနေတဲ့ ခွေးကောင်။ အကြံအဖန်ကလည်း များသေးတာ။ ဟိုတစ်ခါတုန်းကလည်း အလုပ်သမားတွေ လုပ်အားခကို တအားနှိမ်ပြီး ရှင်းပေးတော့ ပြဿနာတွေ တက်ပါရောလား။ အလုပ်သမားတွေက အုံနာဆီ တက်ပြောလို့ ပြေလည်သွားတာ။ အလုပ်သမားတွေအပေါ် လုပ်အားခ နှိမ်ထားပေမယ့် အုံနာဆီမှာတော့ စာရင်းတွေပိုတက်ပြီး သူ့ဖို့ကျန်အောင် ခေါင်းပုံဖြတ်တာမျိုးလောက်တော့ စိန်ကြီးတို့က သိတာပေါ့။

            ပွဲရုံတစ်ခုလုံး သူ့ကြောင့်ပဲ လည်ပတ်ရှင်သန်နေရ သလိုလို။ သူတစ်ယောက်တည်းပဲ အလုပ်လုပ်နေရသလိုလို လေက ဖောလိုက်သေးတယ်။ အုံနာကလည်း သူ အပြောကောင်းလွန်းတော့ ယုံကြည်နေတာကိုး။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ ကောင်။ ဒါပေမယ့် သိပ်မကြာခင် ဒီကောင့် အကျင့်တွေ သိပြီး ကန်ထုတ်ခံရတော့မှာပါ။ မိုးကောင်းတုန်း ရွာထားခဲ့သလောက် အလှည့်ကျတော့လည်း မနွဲ့ကြစတမ်းပေါ့ကွာ။

            ပွဲရုံကလူတွေ သူ့ကို မန်နေဂျာကြီးလို့ လှောင်ပြောင်ပြီးခေါ်တာကို အဟုတ်ထင်ချင်နေတဲ့ အရူး။ ကဲ့ရဲ့တာမှန်းလည်းမသိ။ ပွဲရုံမှာ အလုပ်လာလုပ်တဲ့ ကောင်မလေးတွေကိုလည်း ဖင်ပုတ်၊ ခေါင်းပုတ် လုပ်ပြီး ကမြင်းကြောထချင်သေးတာ။ နှမချင်းမစာနာတဲ့ကောင်။ တောက်..။ ဒီကောင့်အကြောင်းများ တွေးလေတွေးလေ ပိုပြီးစိတ်က တိုတိုလာတယ်။ အုံနာ့သမီးကိုတောင် သူက ဘာလိုလိုလုပ်ချင်သေး တာ။ ဟိုက သူ့ကို အရေးမစိုက်ဘဲ နေလို့သာပေါ့။ နို့မဟုတ်ရင်တော့လား။ သားရေပေါ်အိပ် သားရေနား စားပြီး ကျေးစွပ်ဦးမယ့်ကောင်မျိုး။ ဒါတောင်မှ အုံနာက သူ့ကိုသဘောကျပြီး သမီးနဲ့ပေးစားတော့မှာလိုလို အလုပ်ထဲမှာ လုပ်ကြံအသံလွှင့်ပြီး အသားယူချင်သေးတာ။

            နေရာတကာမှာလည်း ဘယ်လို ဖြတ်စားလျှပ်စား လုပ်ရမလဲ တွေးနေတဲ့ကောင်ပဲ။ အုံနာက သူ့ကို လစာနှစ်သောင်းပဲ ပေးထားတာ။ သူ့ကိုကြည့်လိုက် ဆွဲကြိုးနဲ့၊ လက်စွပ်နဲ့၊ ဟန်းချိန်းနဲ့။ အဲဒါ  တွေကို ဘယ်လိုလုပ်ယူထားတယ်ဆိုတာ စိန်ကြီးတို့က သိတာပေါ့။ အံမယ်..။ သူကသာမဟုတ်တာ။ သူများကိုကျတော့ တောင်ထင်မြောက်ထင်နဲ့ မယုံသင်္ကာလုပ်ချင်သေးတာ။ ဟိုတစ်နေ့က ကားလေးကျိုးလို့ ဝပ်ရှော့ထိုးရတာ။ ကားပြင်စရိတ်ကို စာရင်းပြတော့ စစ်လားဆေးလားနဲ့။ ခပ်တင်းတင်းပြောပြတော့မှ သူလက်ခံသွားတာ။

            ပြီးခဲ့တဲ့ မိုးတွင်းတုန်းကလည်း ပွဲစား ရန်ကုန်သွားနေတုန်း ဒီကနေ ခရမ်းချဉ်သီး အဝယ်စာရင်းတွေ နင်းကန်ပြပြီး တကယ်ကားပေါ်တင်ပေးတော့ ပိဿာချိန်ပြည့်အောင် မတင်ပေးခဲ့ဘူး။ အုံနာက မေးတော့အပုပ်စာရင်းတွေ အတော်များများပြပြီး လုပ်စားသွားတာ။ စိန်ကြီးတို့က မပြောချင်လို့ ကြည့်နေတာကို ဒီကောင်က ငတုံးငအ များထင်နေလား မသိဘူး။ ဒီတစ်ခါတော့ မရတော့ဘူး မြမောင်ရေ။ စိန်ကြီးအပေါ်မှာ သူ့စည်း ကိုယ့်စည်းမကြည့်ဘဲ ဆရာကြီးလာလုပ်တာများပြီ။ ဒီကကောင်က သစ်ငုတ် မဟုတ်ဘူး။ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မှာပဲ။

            ဒီကောင်ကို အစကတည်းက သိပ်ကြည့်မရပေမယ့် နားလည်မှုများ ရှိလာမလားလို့ စောင့်ကြည့်ခဲ့တာ။ ကြာလာလေ ပိုဆိုးလာလေလေပဲ။ တစ်ခါတလေ ပိုက်ဆံလိုလို့ ကြိုတင်ငွေလေး ထုတ်တာတောင် သူက ဟိုအကြောင်းပြ၊ ဒီအကြောင်း ပြနဲ့။ လကုန်ရက်မို့ လစာထုတ်တော့လည်း ပွဲစားမရှိ သေးတာတို့၊ ဘဏ်ကငွေမလွဲ ရသေးတာတို့ လျှောက်ပြောပြီး ရက်ရွှေ့ထားချင်သေးတာ။ ဒီကကောင်က ကိုယ့်လစာကိုယ်ထုတ်တာကို အလကားတောင်းတာကျနေတာပဲ။

            အုံနာကတော်တော် သူကကြားထဲကနေပြီး သူ့ပိုက်ဆံထုတ်ပေးရတာ မဟုတ်ပဲ ဖင်ခေါင်းကျယ်ချင်တဲ့ကောင်။ မဖြစ်ဘူး။ ဒီပုံစံမျိုးနဲ့တော့ ရှေ့ဆက်ပြီးတွဲလုပ်လို့ မဖြစ်နိုင်ဘူး။ ငါက နားလည်မှုထားသလောက် မင်းကချီးထုပ်လုပ်ချင်နေမှတော့ မင်းကိုတော့ ညှာနေလို့ မဖြစ်တော့ဘူး မြမောင်ရေ။

            အခုကားပေါ်မှာ တင်လာတဲ့ ပန်းနှမ်းအိတ်တွေ အပေါ်မှာ မင်းအကြံအဖန်တွေ လုပ်ပြီး ငါးသောင်းဖိုးလောက် ဖြောင်ထားတာကို ငါအတိအကျစုံစမ်းထားပြီးပြီဆိုတော့ မင်းကမသိတော့ အခုလိုအချိုးမျိုးနဲ့ နေနိုင်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဟိုမှာကြိုတင်သွားပြီး စည်းကိုက်၊ ဝါးကိုက်ဖြစ်အောင် ဘယ်လိုပဲ လုပ်ထားထား စိန်ကြီးက အားလုံးသိပြီးသားပါကွာ။ ရက်စက်တယ်လို့တော့ မထင်နဲ့ မြမောင်ရေ။ စိန်ကြီးအတွက် မြမောင်ဆိုတဲ့ကောင်က တဖြည်းဖြည်းနဲ့ ရှင်းရခက်တဲ့ အမှိုက်ဖြစ်ဖြစ်လာတော့ ကြုံကြိုက်တုန်း ရှင်းပစ်ရတော့မှာပဲ။ ပွဲရုံပြန်ရောက်လို့ ကုန်တွေချပြီးရင် အုံနာဆီ ဝင်ပြီး မင်းရဲ့အကြံအဖန် ဇာတ်ကို အချက်အလက်နဲ့၊ အထောက်အထားနဲ့၊ သက်သေနဲ့ ဖော်ထုတ်ရတော့မှာပေါ့ကွာ။

            အရှိန်များလို့ တလှုပ်လှုပ်ဖြစ်နေတဲ့ကားထဲမှာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါလာရင်း စီးကရက်တွေဖွာပြီး ကိုမြမောင်တွေး နေတယ်။ စိန်ကြီးဆိုတဲ့ကောင် အချိုးမပြေပုံတွေကိုပေါ့။

            ဒီကောင်တော်တော် ခက်တဲ့ကောင်ပဲ။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိဘူး။ လူကသာ ကားဒရိုင်ဘာ။ မျက်နှာထားက တင်းမာနေလိုက်တာ။ သူ့လုပ်စာ စားနေတာကျနေတာပဲ။ ဒီလောက် အကြမ်းမောင်းတော့ ကားက ဘယ်ခံနိုင်မလဲ။ သူမောင်းတဲ့ကား ခဏခဏဝပ်ရှော့ထိုးရတာ ဒါမျိုးတွေကြောင့်ပေါ့။ ပြောပြန်တော့လည်း သူက ဆရာကြီး။ မိကျောင်းမင်း ရေခင်းပြရသလို ပြောတဲ့သူ မောတာပဲ အဖတ်တင်တယ်။ သူမှားမှန်းသိရက်နဲ့လည်း ဘာမှ လက်ခံချင်တဲ့ကောင် မဟုတ်ဘူး လုပ်လိုက်တော့ တစ်လွဲတွေချည်း။ ပေကတ်ကတ်နဲ့ လူကို ပြဿနာရှာချင်သေးတယ်။

            ကားကို ဝပ်ရှော့ထိုးရတော့ ပစ္စည်းဝယ်လဲရသလိုလိုနဲ့ ကားပြင်စရိတ်တွေ ပိုတင်ပြီး အကြံအဖန်လုပ်ချင်သေးတဲ့ကောင်။ အေးလေ။ အဲဒီလိုလုပ်ချင်လို့ တမင်သက်သက် ကားကိုမပျက် ပျက်အောင် လုပ်မောင်းတာပဲနေမှာ။ ဒီလိုဒရိုင်ဘာမျိုး ခေါ်ထားတော့ အုံနာလည်း မွဲလိမ့်မယ်။ ဒီအကြောင်းတွေ အုံနာမသိအောင်လို့ စေတနာထားပြီး တချို့ကိစ္စတွေမှာ ဘာမှ မသိဟန်ဆောင်နေပေး တာကို ဒီကောင်က ငါ့ကို ငတုံးကြီး ထင်နေလား မသိဘူး။ သူလှည့်ချင်တိုင်း လှည့်နေတာကို ငါမသိဘူး ထင်ပြီး သူ့ကိုယ်သူ အဟုတ်မှတ်နေတာ။ လူလည်ကြီး လုပ်ချင်နေတာ။ စေတနာဆိုတာ လူတိုင်းနဲ့မတန်ဘူးဆိုတာ တယ်မှန်တာပဲ။

            တကယ်နားမှု နည်းလွန်းတဲ့ကောင်။ ကျေးဇူးတရားလည်း မသိတတ်တဲ့ကောင်။ ထမင်းလေး ဝလာတော့ လူကိုပြန်ကိုက်ချင်လာတဲ့ခွေးကောင်။ ဟိုတစ်ခါက ကားကိုအရမ်းမောင်းပြီး ဓာတ်တိုင်ဝင်တိုက်မိလို့ အချုပ်ခန်းထဲ နေရတာလည်း မမှတ်သေးဘူး။ အဲဒီတုန်းက အုံနာက ပိုက်ဆံ အကုန်အကျခံပြီး သူ့ကို အချုပ်ခန်းထဲက ထုတ်ပေးထားရတဲ့ ကျေးဇူးတွေ၊ သူ့ကိစ္စအတွက် ငါကိုယ်တိုင် လိုက်ပြီး အစစအရာရာ စီစဉ်ပေးခဲ့ရတဲ့ ကျေးဇူးတွေ မသိတတ်တဲ့ကောင်။ အဲဒီတုန်းကများ ကားပြင်စရိတ်နဲ့ အလျော်ပေးရတာတွေနဲ့ ငွေတွေ သောက်သောက်လဲ ကုန်လိုက်တာ။

            ဒါတောင်မှ အုံနာက သူ့ကို ဆက်ပြီးအလုပ်ပေးထားသေးတာ။ ဒီလောက် ကောင်းတဲ့ အုံနာမျိုးဘယ် သွားရှာမလဲ။ ကောင်းမှန်းသိရင် ခေါင်းနင်းချင်တယ်ဆိုတာ ဒီလိုကောင်မျိုးပဲ။ အတွေးအခေါ် ခေါင်းပါးလွန်းတဲ့ ဒီလိုကောင်းမျိုးနဲ့ အလုပ်လုပ်ရတာ စိတ်ပျက်ဖို့ ကောင်းတယ်။ ငါ့သဘောနဲ့ သာဆိုရင် ဒီလိုကောင်မျိုးကို ဖြုတ်ပစ်လိုက်မယ်။ အုံနာကလည်း ညှာတာထောက် ထားစိတ်ရှိလို့။ ငါကိုယ်တိုင်လည်း လူတစ်ယောက်ရဲ့ ဘဝအဆင်မှပြေပါစေတော့လို့ စိတ်ကောင်းထားပြီး အလုပ်ပေးထားတာ။ နဂိုကတည်းကိုက မိုက်သလို မဲသလိုနဲ့ ဗီဇမကောင်းတဲ့ ကောင်ပဲ။ မင်းလိုကောင်မျိုးတွေ အများကြီးကို ပါးပါးနပ် နပ်ကိုင်တွယ်လာတာပါ စိန်ကြီးရာ။ ငါ့အကြောင်း မင်းကောင်းကောင်းသိရတော့မှာပါ။

            ဒီကောင်က မြမောင်ကို ကားအကြောင်းနားမလည်ဘူးထင်ပြီး ကားပစ္စည်းတွေ အကြံအဖန် လုပ်တာလည်း အတော်များပြီ။ အဟောင်းနဲ့အသစ် လဲလိုလဲ။ အသစ်ကိုလည်း ဈေးတွေနင်းကန် တင်လိုတင်နဲ့ တကယ့်ကို ဘိန်းစားဉာဏ်မျိုးတွေ တော်တော်သုံးတဲ့ကောင်။ မဟုတ်တာလုပ်ဖို့ကျတော့ ဦးနှောက်က တော်တော်ပြေးတယ်။

            ဟိုတစ်ခါတုန်းကလည်း ကားပစ္စည်းဟောင်းတွေ ဝယ်ပြင်ထားတာသိလို့ သွားပြောမိတော့ 'အဟောင်းတွေက အော်ရဂျင်နယ်တွေမို့ အသစ်ထက်ပိုကောင်းလို့' ဆိုပြီးအကြောင်းပြတယ်။ တကယ်ဆိုရင် သူလုပ်တာ မဟုတ်မှန်းသိလျက်နဲ့ ဒီကကောင်က စိတ်ကောင်းထားပြီး ဘာမှတင်းတင်း ကျပ်ကျပ်မလုပ်ခဲ့တာ။ ကြာတော့ ဒီကောင်ပိုပြီးရောင့်တက်လာတယ်။ ပြီးတော့ သူ့ကား ဝပ်ရှော့ထိုးတာကလည်း အများအားဖြင့် ပွဲစားလိုက်မကြည့်နိုင်တဲ့ နယ်ဘက်တွေမှာပဲ။ အဲဒီကတည်းက ဒီကောင် မရိုးသားတာထင် ရှားတယ်။ တခြားဒရိုင်ဘာတွေကားပျက်ရင် အတတ်နိုင်ဆုံး ပွဲရုံနဲ့နီးတဲ့ ဝပ်ရှော့မှာပဲ ပြင်တာများတယ်။ သူ့ကျမှ ဆင်ခြေတွေပေးပြီး ကြံတာဖန်တာ။

            သွားရင်းလာရင်းနဲ့ လမ်းမှာတွေ့တဲ့ ကြားကုန်တွေကောက်တင်ပြီး ကားတင်ခ ပြန်မအပ်တာလည်းများပြီ။ အဲဒီလောက်တော့ လုပ်ပါစေဆိုပြီး ခွင့်လွတ်ထားတာကို ဒီကောင်က ပိုပြီး အခွင့်အရေးယူလာတယ်။ ဟိုတစ်ခါ မန္တလေးဘက်သွားတဲ့ တစ်ခေါက်တုန်းက ဆိုရင်လည်း အချိန်တန်လို့ ပြန်မလာ၊ ပြန်မလာနဲ့ တစ်ခုခုများ ဖြစ်သလားလို့ စိတ်ပူပြီး စောင့်လိုက်ရတာ။ ဒီကောင်က ကားဘီးပေါက်လို့ဆိုပြီး ပွဲရုံကိုလှမ်းဖုန်းဆက်တယ်။ လက်စသတ်တော့ ဘသားချောက သူ့အစီအစဉ်နဲ့သူ တခြားကုန်တွေတစ်ခေါက် ဆွဲနေတာကိုး။ အဲဒီတုန်းကဆိုရင်လည်း ကြားကုန် တစ်ခေါက်ဖိုးအပြင် ကားဘီးဖာခ စာရင်းတောင် ထပတက်ပြီး ဝမ်းတူးရိုက် သွားသေးတယ်။ သူမို့လို့ ပက်ပက်စက်စက် လုပ်ရက်တယ်။ ဒီအကြောင်းတွေ တစ်လလောက်ကြာပြီးမှ သိရလို့ ဖြစ်ပြီးခဲ့တာပြီးပါစေတော့ဆိုပြီး အစပြန်မဖော်ဘဲ နေခဲ့တာ။

            တစ်ခါတုန်းကလည်း တရားမဝင်တဲ့ကုန်တွေခိုးပြီး တင်လာလိုက်တာ တော်တော် ကြောက်ဖို့ကောင်းတယ်။ သူကတော့ ပိုက်ဆံမြက်မြက်လေးရလို့ တင်လာတာ။ အခန့်မသင့်လို့ ဖမ်းလား ဆီးလား ဖြစ်ခံရရင်အားလုံး ဒုက္ခရောက်ပြီပေါ့။ သူထောင်ထဲရောက်ရတာ သူ့မိုက်ပြစ်နဲ့ သူပေမယ့် ကားအသိမ်းခံရရင် ကြားထဲက ပွဲစားနစ်နာမယ်။ တွေးကြည့်တော့ ဒီကောင့်အကျင့်တွေက ဘာဆိုဘာမှ မကောင်ဘူးဘဲ။ ဒီကောင်ကို အလုပ်ပေးထားရတာ မြွေပွေးကို ခါးပိုက်ထဲ ထည့်ထားရသလိုပဲ။ ဒါမျိုးတွေ နောက်ကြုံရင် ကြုံသလို သူလုပ်နေဦးမှာပဲ။ ဒီလောက် ဒုက္ခပေးတဲ့ကောင်မျိုးဆက်ပြီး ညှာနေဖို့ မသင့်တော့ဘူး။ မင်းဟာ အန္တရာယ်ကောင်ပဲ။ အန္တရာယ်ဆိုတာ မဖြစ်ခင်ရှင်းပစ်လိုက်မှ ဖြစ်မယ်ဆိုတာ ငါသိသွားပြီ စိန်ကြီးရေ။

            ဒီတစ်ချီတော့ မင်းထိုက်နဲ့မင်းကံ ခံပေဦးတော့။ ငါ့ရဲ့သက်ညှာမှုကမင်းအတွက် အစွမ်းကုန်သွားပြီ။ ဒီနေ့ မနက်လည်း စောစောစီးစီး ဒီကောင် ကားဂိုဒေါင်ထဲ ရောက်နေတယ်။ လုံးလ ဝီရိယကောင်းလွန်းလို့တော့ မဟုတ်ဘူး။ အကြံအဖန်လုပ်ဖို့ ရောက်နေတာ။ သူ့သဘောနဲ့ သူတိုင်ကီထဲ ဆီအပြည့်ထည့်နေတာ မြမောင်ကိုယ်တိုင် မြင်လိုက်တာပေါ့။ ဒီကောင် လုပ်ရပ်တွေကို အသာလေး ချောင်းကြည့် မှတ်ထားပြီး မသိသလို လွှတ်ပေးထားလိုက်တယ်။

            ရွာရောက်တော့ ပန်းနှမ်းအိတ်တွေမတင်ခင် ရွာထဲမှာ ဂျုံတွေဝယ်ဖို့ လိုက်စုံစမ်းနေတုန်း ဒီကောင်က ဟိုလိုလို ဒီလိုလို တစ်ယောက်တည်း ကားမောင်းထွက်သွားတယ်လေ။ မြမောင်ဆိုတဲ့ကောင်က သိပ်သိတာပေါ့။ ဒီကောင် တစ်နေရာကိုသွားပြီး တိုင်ကီထဲ အပြည့်ထည့်ထားတဲ့ ဆီတွေ ထုတ်ရောင်းခဲ့ပြီဆိုတာလေ။ အဲဒီလို အကြံအစည် တွေရှိလို့လည်း စပယ်ယာ ဖိုးအောင်ကို သူ မခေါ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျားရှေ့မှောက်လျက်လဲတယ်ဆိုတာ ဒါမျိုးပေါ့ စိန်ကြီးရာ။

            တော်တော်တရားကျဖို့ ကောင်းတဲ့ကောင်။ သူကလည်း မဟုတ်တာလုပ်ထားသေးတယ်။ သူကပဲ မကြည်သလိုလို တင်းတင်းမာမာ ပြန်လုပ်နေသေးတယ်။ ဒီနေ့ ဒီကောင် အကြံအဖန်လုပ်တာ နည်းနည်းနောနောမဟုတ်ဘူး။ ဒါမျိုးတွေ အရင်ကလည်း သူလုပ်ခဲ့ဖူးမှာပဲ။ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပေတော့ စိန်ကြီးရေ။ မင်းလုပ်ရပ်တွေက ဆင်သေကို ဆိတ်သားရေ နဲ့ဖုံးလို့မရတော့ဘူးဆိုတော့ ဘယ်လို ငြင်းချက်ထုတ်ချင်သေးလဲ။ စိတ်တော့မကောင်းဘူး စိန်ကြီးရေ။ ပွဲရုံပြန် ရောက်ရင်တော့ ပွဲစားဆီဝင်ပြီး ခိုင်လုံတဲ့အထောက်အထားနဲ့ ဒီကိစ္စတွေကို ပြောပြရတော့မှာပေါ့ကွာ။ အဲဒီ အခါကျရင် မင်းအခုလို မျက်နှာမျိုးနဲ့ အခုလိုနေနိုင် ပါဦးမလားဆိုတာ....။

            ရွှေရောင်လင်းပွဲရုံနှင့် အဝေးပြေးကားများပိုင်ရှင် ဦးအောင်လင်းနိုင် တစ်ယောက်တည်း အခန်းထဲမှာ စီးကရက်ဖွာရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုကို အသေအချာစဉ်းစားနေတာမို့ သူ့မျက်နှာဟာ လေးနက်မှုတွေ ထင်ဟပ်နေတယ်။ တစ်ချက်တစ်ချက်မှာ တစ်ယောက်တည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြုံးတယ်။ တစ်ချက်တစ်ချက်မှာတော့ မသိမသာ အံကြိတ်ပြီး နှုတ်ခမ်းတွေ တင်းတင်းစေ့ထားတယ်။

            မနေ့ညနေက အဝယ်တော်ကိုမြမောင်နှင့် ဒရိုင်ဘာ ကိုစိန်ကြီးတို့နှစ်ယောက် သူ့ဆီရောက်လာတယ်။ နှစ်ယောက်ပြိုင်တူလာတာတော့ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် မသိအောင် နာရီဝက်လောက်ခြားပြီး တစ်ယောက်ထွက် တစ်ယောက်ဝင် တိုးတိုးတိတ်တိတ်လေး ရောက်လာခဲ့ကြတာပါ။ အဲဒီကိစ္စအတွက် သူတို့နှစ်ယောက်ကို ဒီနေ့ မနက် ၇နာရီမှာ သူ့ဆီ လာခဲ့ကြဖို့ အလုပ်သမား တစ်ယောက်ကို လွှတ်ပြီး ခေါ်ခိုင်းထားတယ်။

            ၇နာရီထိုးဖို့ ၁ဝမိနစ် အလိုမှာ ကိုမြမောင်ရောက်လာတယ်။ သူ့မျက်နှာက တစ်စုံတစ်ခုကို အားရကျေနပ်မှုတွေနဲ့။ ဦးအောင်လင်းနိုင်က ကိုမြမောင်ကို ကျောပေးပြီး ပြတင်းပေါက်မှာ လက်ထောက်လို့ အပြင်ဘက်ကို ကြည့်နေတယ်။ ကိုမြမောင်က အသံပေးပြီး ကုလားထိုင်မှာ အသာဝင်ထိုင်နေလိုက်တယ်။

            သိပ်မကြာခင်မှာပဲ ကိုစိန်ကြီး ဝင်လာတယ်။ သူ့မျက်နှာလည်းတစ်ခုခု အတွက် အားရကျေနပ်နေတာပဲ။ မထင်မှတ်ထားဘဲ ကိုမြမောင်နှင့် ကိုစိန်ကြီးတို့ တွေ့ကြတော့ နှစ်ယောက် သား နည်းနည်းတော့အံ့သြသွားကြပေမယ့် ခပ်တည်တည် ခပ်တင်းတင်းပါပဲ။

            ဦးအောင်လင်းနိုင်က ပြတင်းပေါက်နားကနေ စားပွဲဆီပြန်လျှောက်လာပြီး သူတို့နှင့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ထိုင်လိုက်တယ်။ စီးကရက် အသစ်တစ်လိပ်ကို မီးညှိဖွာလိုက်ပြီးမှ အေးအေးဆေးဆေးပဲ ပြောလိုက်တဲ့ စကားက ကိုမြမောင်နဲ့ ကိုစိန်ကြီးတို့ နှစ်ယောက်ရဲ့ နားထဲမှာ ဗုံးတစ်လုံးပေါက် ကွဲသွားသလို ဆူညံမြည်ဟိန်း သွားခဲ့တယ်။ အဲဒီစကားလုံးထဲမှာ သူတို့မျှော်လင့်ထား သမျှတွေအားလုံးလွင့်စင် သေဆုံးသွားခဲ့ပြီဆိုတဲ့ အသိတရားက ဘာမှအဓိပ္ပာယ် မရှိတော့ဘူး။

ကိုမောင်ဌေးသိန်း၊ပွေးလှ၊

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်