ဝင်းငြိမ်း
ယခင်လမှအဆက် ...
အခန်း (၄) အပိုင်း
(၃)
ဘုရင်မကြီးနှင့်
ကျွန်တော်
ဘုရင်မကြီးနှင့်အတူ
ပြည်ပနိုင်ငံများကို ကျွန်တော် ရောက်ဖူးခဲ့ရာမှာ တရုတ်ပြည်၊ သြစတြေးလျားနိုင်ငံ၊
နယူးဇီလန်နိုင်ငံ၊ ကာရေဘီယန်၊ ဥရောပ၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို စတဲ့နိုင်ငံများ
ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံများကို သွားတာထက် အထူးခရီးစဉ်အဖြစ်
သွားရတဲ့နေရာကတော့ ဝင်ဆာရဲတိုက်မှ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ Royal Ascot ပဲ ဖြစ်ပါတယ်။
အဲဒီနေ့ရက်များဟာ နှစ်စဉ် ပြက္ခဒိန်ရက်များထဲမှာ ဘုရင်မကြီးရဲ့
အနှစ်သက်ဆုံးကာလများလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာကို ရောက်ပြီဆိုရင်
ဘုရင်မကြီးက အားကစားလုပ်ငန်းများထဲမှာ ပျော်မွေ့နေလို့ပါပဲ။
၁၉၈၂ ခုနှစ် ဇွန်လက
အိမ်တော်ဝန်ထမ်းများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးကာလများ ဖြစ်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဝေလမင်းသား ချားလ်စ်နဲ့ မင်းသမီး ဒိုင်ယာနာတို့က
မွေးဖွားလာမယ့် ပထမဦးဆုံးကလေးဟာ အဲဒီ ၄ ရက်နဲ့ တိုက်ဆိုင်မှု
ရှိနိုင်မရှိနိုင်ဆိုတာကို ကျွန်တော်တို့ အိမ်တော်ဝန်ထမ်း အချင်းချင်း
အလောင်းအစားပြုခဲ့ကြပါတယ်။ အဲဒါတင်မကပါဘူး၊ မင်းသမီးက မွေးဖွားလာမယ့်ကလေးဟာ
ယောကျ်ားကလေး ဖြစ်မလား၊ မိန်းကလေးဖြစ်မလား ဆိုတာကိုလည်း လောင်းကြသေးတာပါ။
ကံကောင်းထောက်မစွာ အဲဒီရက်အတွင်းမှာ မင်းသမီးဒိုင်ယာနာက သားဦးရတနာ ဖွားမြင်ဖို့
အရိပ်လက္ခဏာ မပြသလာတဲ့အတွက် ဘုရင်မကြီးလည်း စိတ်အေးလက်အေးနဲ့ နေခွင့်ရခဲ့ပါတယ်။
ဘုရင်မကြီးက အဲဒီပျော်ပွဲ ရွှင်ပွဲဖြစ်တဲ့ မြင်းပွဲကို သွားပြီဆိုရင် ဘယ်တော့မှ
လက်ထဲမှာ ပိုက်ဆံယူသွားလေ့ မရှိပါဘူး။ (ဘုရားရှိခိုးကျောင်း သွားတဲ့အခါမှသာ
အလှူငွေ ထည့်ဝင်ဖို့ ပိုက်ဆံယူလေ့ ရှိပါတယ်။) ဘုရင်မကြီးက မြင်းပွဲမှာ
လောင်းကစားလုပ်တာထက် နိုင်တဲ့လူကို ဆုဖလားချီးမြှင့်ရတာ ပိုပြီးရင်ခုန်
စိတ်လှုပ်ရှားပါတယ်။ အကောင်းဆုံးမြင်းတွေ ပြိုင်ကြတာကိုလည်း စိတ်ဝင်စားပါတယ်။
ကျွန်တော့်အတွက်ကတော့
ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးက အမိုးဖွင့် မြင်းရထားကို စီးပြီး Home Park ကနေ
တောလမ်းကလေးအတိုင်း Golden
Gates ကို ဖြတ်ပြီး
နာမည်ကျော် Straight
Mile တစ်လျှောက်
မင်းခမ်းမင်းနားနဲ့ ကြွချီခြင်းပါပဲ။ ဒီအစဉ်အလာက ၁၈၂၅ ခုနှစ်ကတည်းက
ကျင့်သုံးခဲ့ကြတဲ့ အင်္ဂလန်နိုင်ငံ မင်းဧကရာဇ်တို့ရဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ လှည်းနောက်မြီးမှာ ကြက်သွေးရောင် ကတ္တီပါဝတ်စုံဝတ်ပြီး
သတိအနေအထားနဲ့ လိုက်ပါရပါတယ်။ ကျွန်တော်တို့ရဲ့ မျက်လုံးအစုံက ဘေးဘီမကြည့်ရသလို
ရှေ့တည့်တည့်ကလွဲလို့ ဘာမှစိတ်မဝင်စားရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နားထဲမှာတော့
ခပ်လှမ်းလှမ်းကတည်းက လက်ခုပ်သြဘာပေးပြီး ကြိုဆိုနေကြတဲ့ လူထုပရိသတ်များရဲ့ အသံတွေကို
ကြားနေရတဲ့အပြင် မြင်ကွင်းအတွင်းက ဘင်ခရာဝိုင်းအဖွဲ့ကလည်း ဘုရင်မကြီးရဲ့
စီးတော်ရထားကို တီးမှုတ်ကြိုဆိုနေသံ အတိုင်းသား ကြားနေရပါတယ်။
စီးတော်ရထားက မြင်းကွင်းထဲကို
စဝင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် မြေအနေအထားက ပြောင်းလဲလာပါပြီ။ မြင်းကွင်းရဲ့
မြေအနေအထားက နူးညံ့ပျော့ပျောင်းပါတယ်။ မြင်းကွင်းထဲကို စဝင်ပြီဆိုတာနဲ့ တစ်ပြိုင်နက်
ဘုရင်မကြီးကလည်း စီးတော်ယာဉ်ရဲ့ ပြတင်းပေါက်များကနေ သူ့ကို ဆီးကြိုနှုတ်ဆက်နေကြတဲ့
လမ်းဘေးဝဲယာက ပရိသတ်များကို လက်ပြနှုတ်ဆက်တော့တာပါပဲ။
စီးတော်ယာဉ် မြင်းကွင်းထဲကို
ဝင်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ဘင်ခရာအဖွဲ့က 'ဘုရင်မကြီးကို ဘုရားသခင်
စောင့်ရှောက်ပါစေ' ဆိုတဲ့ ဘုန်းတော်ဘွဲ့ကို စတင်တီးခတ်ပါတယ်။
အဲဒီအခါမှာ ကျွန်တော်နဲ့ ကျွန်တော့်ဘေးမှာ လိုက်ပါလာတဲ့ မင်းမှုထမ်းတစ်ဦးတို့က
ခေါင်းမှာစောင်းထားတဲ့ ဦးထုပ်ကို ညာလက်နဲ့ ချွတ်လိုက်ပြီး ဘယ်ဘက်ရင်အုံပေါ်မှာ
တင်ထားရပါတယ်။ အဲဒီအချိန်မှာ ကွင်းထဲမှာရှိနှင့်တဲ့ အမျိုးသမီးများက
အော်ဟစ်နှုတ်ဆက်ကြသလို အမျိုးသားများကလည်း သူတို့ဆောင်းထားတဲ့ ဦးထုပ်များကို
ချွတ်ပြီး လေထဲမှာ ပစ်မြှောက်နှုတ်ဆက်မှု ပြုကြပါတယ်။ သီချင်းဆုံးချိန်နဲ့
စီးတော်ယာဉ်က ဘုရင်မကြီး မြင်းပွဲကြည့်ဖို့ သတ်မှတ်ထားတဲ့ နေရာရှေ့ကိုအရောက်
အံကိုက်ဖြစ်ရပါတယ်။ လှည်းရပ်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကျွန်တော်က အပြေးအလွှား
ဆင်းလိုက်ပြီး တံခါးဖွင့်ကာ လှည်းပေါ်က ဆင်းသက်လာမယ့် ဘုရင်မကြီးကို
ကြိုဆိုရပါတယ်။
ဘုရင်မကြီး မြင်းပွဲကြည့်မယ့်နေရာကို
ရောက်တာနဲ့တစ်ပြိုင်နက် သူ့လက်ထဲမှာ မြင်းပွဲကို ကြည့်ဖို့ မှန်ပြောင်းက
အဆင်သင့်ရောက်နေပါပြီ။ မြင်းပွဲကြည့်တဲ့ နေရာမှာတော့ ဘုရင်မကြီးက ရာဇဣန္ဒြေ
စောင့်ထိန်းမနေတော့ပါဘူး။ သူနှစ်သက်တဲ့မြင်းကို လက်ခုပ်လက်ဝါးတီးပြီး
အားပေးတဲ့အပြင် အားရပါးရ ရယ်မောတဲ့ အခါတွေလည်း ရှိပါတယ်။ အဲဒီလို ပျော်ပျော်ပါးပါး
အားပေးနေတာကို ရုပ်မြင်သံကြားအစီအစဉ်က ရိုက်ပြတာကို မြင်ကြရတဲ့
တိုင်းသူပြည်သားတွေမှာလည်း ဘုရင်မကြီးနည်းတူ ပျော်ရွှင်ကြည်နူးကြရပါတယ်။
တစ်ခါတလေမှာ မြင်းကောင်း ခွာလိပ်ဆိုတာလို တချို့နာမည်ကြီးမြင်းများ
ပန်းတိုင်ဝင်ခါနီးမှ တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင် ဘုရင်မကြီးက သူထိုင်နေရာကနေ
ထသွားပြီး မြင်းများ စုဝေးတဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားကာ ရှုံးသွားတဲ့
မြင်းများကို အားပေးနှစ်သိမ့် တတ်ပါသေးတယ်။
ဘုရင်မကြီး ပွဲကြည့်ပြီဆိုရင်
လော့ဒ်ပေါ်ချက်စတာက အပါးမှာ အမြဲတမ်း ခစားပြီး လိုအပ်တာတွေကို တတွတ်တွတ်
ပြောကြားရင်း ရာဇဣန္ဒြေကို ထိန်းပေးလေ့ရှိပါတယ်။ အဲဒီအနားမှာ ကျွန်တော်ကလည်း
အမြဲရှိရပါတယ်။ တတိယ မြောက်ပြိုင်ပွဲနဲ့ စတုတ္ထမြောက်ပြိုင်ပွဲကြားမှာ
ဘုရင်မကြီးကို လက်ဖက်ရည်တော် ဆက်သဖို့ပါပဲ။ ဘုရင်မကြီးရဲ့ ညီမတော်ဖြစ်တဲ့
မာဂရက်မင်းသမီးကတော့ လက်ဖက်ရည် မသောက်ပါဘူး။ သူက Pimm ကို
ပိုသဘောကျပါတယ်။
တစ်နှစ်လုံးအတွက် တစ်ကြိမ်သာ
ကျင်းပတဲ့ Royal
Ascot မြင်းပြိုင်ပွဲကြီးဟာ
အနှောင့်အယှက်မရှိ၊ ကျင်းပပြီးစီးသွားခဲ့ပြီးနောက် ၁၉၈၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ည
၉ နာရီကျမှ ဒိုင်ယာနာ မင်းသမီးက ပထမဦးဆုံး သားရတနာ ဝီလျံမင်းသားကို
စိန့်မေရီဆေးရုံမှာ ဖွားမြင်ခဲ့ပါတယ်။ မြေးတော် ဖွားမြင်လာ ကြောင်းကို
ဘာကင်ဟမ်နန်းတော် ဘုရင်မကြီးအဆောင်ကို မင်းမှုထမ်းတစ်ဦးက မြေးတော် သားရတနာကလေး
ဖွားမြင်ကြောင်း လျှောက်ထားလာတဲ့အတွက် ကျွန်တော်တို့အားလုံး ဘုရင်မကြီးနဲ့
ထပ်တူထပ်မျှ ဝမ်းသာခွင့်ရလိုက်ကြတဲ့အတွက် ရှန်ပိန်တစ်ပုလင်းဖွင့်ပြီး ပျော်ပွဲဆင်နွှဲခဲ့ကြပါသေးတယ်။
နန်းတွင်းမှာရှိကြတဲ့
မင်းမှုထမ်းအားလုံး မြေးတော်ကလေးကို တွေ့ချင်မြင်ချင် နေကြတဲ့အတွက်
အဲဒီရက်ပိုင်းမှာ ရွှေနန်းတော်တစ်ခုလုံး ဝန်ထမ်းတွေ စုမိတိုင်း
မြေးတော်ကလေးအကြောင်းကိုပဲ ပြောဖြစ်နေခဲ့ကြပါတယ်။ မြေးတော်ကလေးကို
ကင်စတဲန်နန်းတော်ရဲ့ မွေးကင်းစအဆောင်မှာ ကလေးထိန်း ဘာဘရာဘန်းစ်ရဲ့
ပြုစုစောင့်ရှောက်မှုနဲ့ ထားရှိတယ်လို့လည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။
ကျွန်တော် ဝီလျံမင်းသားကလေးကို
ပထမဆုံးအကြိမ် တွေ့မြင်ခွင့်ရလိုက်တာကတော့ နှစ်လသားအရွယ်မှာပါပဲ။ အဲဒီနှစ်
သြဂုတ်လမှာ ဘာလ်မိုရယ်လ်စံအိမ်မှာ တွေ့ခွင့်ရလိုက်ခြင်းပါ။ ကျွန်တော်
တွေ့လိုက်ရတဲ့အချိန်က မင်းသားကလေးတစ်ပါးတည်းပါ။ ကြီးမားလှတဲ့ အပြာရောင်
တွန်းလှည်းကလေးထဲမှာ ထည့်ထားပြီး မှက်၊ ခြင်၊ ယင် မသန်းရအောင်လို့ ဇာပဝါတစ်ခုနဲ့
အုပ်ထားပြီး မြက်ခင်းပြင်ပေါ်မှာ ချထားတာပါ။ သူ့ကိုထိန်းတဲ့ အမျိုးသမီးက
နန်းဆောင်ရဲ့ ပြတင်းပေါက်ကနေသာ စောင့်ကြည့်နေတာပါ။
Royal Ascot မြင်းပွဲမှာ
ဘုရင်မကြီးကို ပကတိ သာမန်အရပ်သားတစ်ယောက်လို ပျော်ပျော်ပါးပါး မြင်တွေ့ခဲ့ရဖူးသလို
နောက်တစ်ကြိမ် ကျွန်တော် ကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ တစ်ညနေမှာ Madame
Tussaud ဖယောင်းရုပ်ပြတိုက်က
နောက်ဆုံး ထုလုပ်ထားတဲ့ ဘုရင်မကြီးရဲ့ပုံတူ ဖယောင်းရုပ် လာပြတဲ့အချိန်ပါပဲ။ အဲဒီ
ရုပ်တုက နန်းတော်မှာရှိတဲ့ တရုတ် ထမင်းစားဆောင်ထဲမှာ ဘုရင်မကြီး ရှုစားဖို့
ထားရှိပါတယ်။ ဘုရင်မကြီးက ကျွန်တော့်ကို 'လိုက်ကြည့်ချင်သလား
ပေါလ်'လို့ ခေါ်တဲ့အတွက် ကျွန်တော် လိုက်ခွင့်ရခဲ့ပါတယ်။
ဘုရင်မကြီးရဲ့ နောက်တော်ပါးမှာ
ထုံးစံအတိုင်း သူ့အချစ်တော် ခွေးကလေးများက တကောက်ကောက် ပါသလို အဲဒီခွေးတွေ
ထိန်းဖို့အတွက် ကျွန်တော်ကလည်း နောက်တော်ပါးကနေ လိုက်ခဲ့ရပါတယ်။ အဲဒီနေ့က
ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်မကြီးကိုယ်တိုင်
သူ့ရုပ်တုကို ဘယ်သူမှမကြည့်ခင် ပထမဆုံးအကြိမ် ကြည့်မယ့်အချိန်မှာ ကျွန်တော်ကလည်း
သူနဲ့အတူ ကြည့်ခွင့်ရခဲ့ခြင်းကြောင့်ပါပဲ။ တရုတ်ထမင်းစားဆောင် ခန်းမက
ဝင်လိုက်တယ်ဆိုရင်ပဲ အရှေ့တိုင်းပုံစံ ခင်းကျင်းထားတာကို တွေ့ရပါတယ်။ ခန်းမကို
ပြင်ဆင်ထားတဲ့ အရောင်များက အနီ၊ ရွှေရောင်နဲ့ အစိမ်းရောင်တို့ လွှမ်းခြုံထားပါတယ်။
မီးလင်းဖိုရဲ့ အပေါက်ကို နဂါးနှစ်ကောင်က ခြံရံထားပြီး နံရံမှာ ချိတ်ဆွဲထားတဲ့
တရုတ် မီးအိမ်များကိုလည်း တွေ့ရပါတယ်။ ဒီအခန်းထဲကို ရောက်သွားတဲ့အချိန်မှာ
ရီဂျင့်မင်းသားလက်ထက်က ခေတ်ကာလကို ပြန်လည်ရောက်ရှိသွားသလို ခံစားရပါတယ်။
ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ
ဘုရင်မကြီးနဲ့ ချွတ်စွပ်တူတဲ့ ဘုရင်မကြီးရဲ့ပုံတူ ဖယောင်းရုပ်က ထီးထီးကြီး
ရပ်တည်နေပါတယ်။ ခန်းမရဲ့မီးလုံးများကို မဖွင့်သေးခင်မှာ ဘုရင်မကြီးကနောက်သို့
ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့ရုပ်တုကို သေသေချာချာ ကြည့်ပါတယ်။ ရုပ်တုက
ညနေခင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံပါ။ ခန်းမရဲ့မီးများကို ဖွင့်လိုက်တဲ့အချိန်မှာတော့
ဘုရင်မကြီးနဲ့ အမြွှာညီအစ်မတို့ အတူတူရပ်နေကြသလို ခံစားလိုက်ရပါတယ်။
ပန်းပုဆရာက ဘုရင်မကြီးနဲ့
အသေးစိတ်တူအောင် ထုလုပ်ထားပါတယ်။ နားနှစ်ဖက်ရဲ့ အပေါ်နားဆီက ငွေရောင်သမ်းနေတဲ့
ဆံစကအစ တူလှပါတယ်။ ဘုရင်မကြီးကိုယ်တိုင် နှစ်သက်မှုကို အတိုင်းသား မြင်တွေ့နေရပြီး
ကျွန်တော့်မျက်လုံးထဲမှာတော့ အမြွှာညီအစ်မနှစ်ယောက်ကို မြင်ရသလိုပါပဲ။
ရုပ်တုရှေ့မှာ ဘုရင်မကြီးက
ဆယ်မိနစ်လောက်ကို ရပ်နေတာပါ။ ပြီးတော့မှ ခေါင်းညိတ်ပြီး သဘောတူကြောင်း အရိပ်လက္ခဏာပြသပါတယ်။
ခန်းမထဲက မီးများကို သူကိုယ်တိုင် ပိတ်လိုက်ပြီးနောက် ကျွန်တော်တို့
ထွက်ခဲ့ကြပါတယ်။ ထွက်ခဲ့ကြတယ် ဆိုပေမယ့် ဒီတစ်ကြိမ်မှာ ကျွန်တော်က ရှေ့က
ထွက်ခဲ့တာဖြစ်ပြီး ဘုရင်မကြီးက အမှောင်ထဲမှာ ကျန်ရစ်ခဲ့သေးတာပါ။ သူ့အပါးမှာ
ခစားခဲ့သမျှ ကာလအတွင်း ဒီတစ်ကြိမ်သာလျှင် သူ့ရှေ့က ကျွန်တော် ထွက်ဖြစ်ခဲ့ခြင်းပါ။
ကျွန်တော်တို့ ကြည့်ကြပြီးတဲ့နောက် နောက်တစ်နေ့မှာပဲ ပြတိုက်သို့ အဲဒီရုပ်တု
ပို့ဆောင်ခွင့်ပြုလိုက်ပြီး အများပြည်သူ ကြည့်ရှုနိုင်ဖို့ ခွင့်ပြုလိုက်တယ်လို့
သိရပါတယ်။
ကျွန်တော့်ဘဝမှာ ဘုရင်မကြီးရဲ့
တိုက်ရိုက်ခွင့်ပြုမိန့်တစ်ခုက အရေးပါ အရာရောက်ခဲ့ပါတယ်။ အဲဒီအမိန့်ကတော့
ကျွန်တော်နဲ့ သူ့အပါးမှာ ခစားနေတဲ့ အပျိုတော်တစ်ဦးဖြစ်သူ မာရီယာတို့ကို ၁၉၈၄
ခုနှစ်မှာ လက်ထပ်ခွင့်ပြုခဲ့ပြီး ခစားမြဲနေရာမှာပဲ ခစားခွင့် ပြုခဲ့ခြင်း
ဖြစ်ပါတယ်။ တော်ဝင်မိသားစု များအတွင်းမှာ ကျွန်တော်တို့ဇနီးမောင်နှံဟာ လက်ထပ်ခွင့်
ရခဲ့တဲ့အပြင် နေရာမှာပဲ အတူတကွ ခစားခွင့်ရတဲ့ ပထမဆုံးသော အတွဲဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက မင်းမှုထမ်းများဟာ အချင်းချင်း
အိမ်ထောင်ဖက်ပြီးလျှင် အတူတကွ အမှုထမ်းခွင့် မပြုခဲ့ပါဘူး။ ဒါဟာ
တော်ဝင်မိသားစုများရဲ့ အိမ်တော်များမှာ ကျင့်သုံးရတဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီနန်းတွင်း ဓလေ့ထုံးတမ်းစဉ်လာကို ကျွန်တော်တို့လက်ထက်ကျမှ ပထမဆုံးအကြိမ်
ချိုးဖောက်ခွင့် ရခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်နိုင်ငံထုတ်
သတင်းစာများရဲ့ စာမျက်နှာများပေါ်မှာ ဖော်ပြခံရတဲ့အထိ ကျွန်တော်တို့ မင်္ဂလာပွဲက
သတင်းကြီးခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဝင်းငြိမ်း
(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။