အခန်းဆက်ဝတ္ထုရှည်

မိုင်ခိုး အပိုင်း (၂)

ခင်ခင်ထူး

01 February 2026
မိုင်ခိုး အပိုင်း (၂)
Share to

မှတ်မှတ်ရရ မိုးဝေခိုင်ကို ကျွန်မ စာစသင်ပေးတဲ့နေ့က ကြာသပတေးနေ့ပါ။ ကြာသပတေးနေ့မှာ ပညာစသင်ရင် သင်ယူရသူအဖို့ တတ်မြောက်လွယ်တယ်လို့ ကျွန်မတို့ အဘက ပြောခဲ့ဖူးလို့ ကြာသပတေးနေ့ကို ရွေးသင်တာပါ။ ရှေးထုံးရှေးနည်းတွေပေမယ့် မိုးဝေခိုင်ကလေးကို စာတတ်စေချင်တဲ့ စိတ်စေတနာကပဲ ကြာသပတေးနေ့ကို ရွေးချယ်စေခဲ့တာထင်ပါရဲ့။ ကြာသပတေးနေ့မှာ မိုးဝေခိုင်အတွက် ဗလာစာအုပ် နှစ်အုပ်ရယ်၊ ခဲတံနဲ့ ခဲဖျက်ရယ်၊ ကော်ပေတံကလေး တစ်ချောင်းရယ် ဝယ်ပေးလိုက်တယ်။ စူပါကော်ဖီမစ်ထည့်တဲ့ အိတ်အလွတ်ကြီးကို ထိပ်ကဖောက်ပြီး သူ့စာအုပ်တွေ ထည့်ခိုင်းရတယ်။ ကျွန်မ လုပ်ပေးလိုက်တဲ့ အိတ်အလွတ်ကြီးကို ထိပ်ကဖောက်ပြီး သူ့စာအုပ်တွေထည့်ခိုင်းရတယ်။ ကျွန်မ လုပ်ပေးလိုက်တဲ့ ကျောင်းလွယ်အိတ်ကို သူက သဘောတွေများကျလို့။

            မနက်ပိုင်း အိမ်အလုပ်လည်းပြီးရော ချက်ချင်းပြန်မလွှတ်သေးဘဲ ကျွန်မက နောက်ဖေးထမင်းစားပွဲမှာ မိုးဝေခိုင်ကို စာစသင်ပေးတော့တာပါ။ ကျောင်းနေခဲ့ဖူးတယ်လို့ ကြားဖူးထားလို့ ညည်း ဘယ်နှတန်းအထိ ကျောင်းနေခဲ့ဖူးသလဲလို့ ကျွန်မက မေးတော့ မိုးဝေခိုင်က လက်လေးချောင်း ထောင်ပြရင်းနဲ့ နှစ်တန်းအထိ နေခဲ့ဖူးတယ်လို့ ဖြေတယ်။ ကျွန်မက ကကြီး ခခွေး ဆိုပြစမ်းဆိုတော့ ဗျည်းသုံးဆယ့်သုံးလုံးကို ဂျောင်းဂျောင်းပြေးလို့။ တစ်နှစ်သုံးလေး ဆိုခိုင်းတော့လည်း တစ်ကနေ တစ်ဆယ်အထိ ရှောရှောရှူရှူ ရတယ်။ ကိန်းဂဏန်းအလိုက် လက်ထောင်ခိုင်းတော့ ကပေါက်ချိ ကပေါက်ချာ။ တစ်ဆိုရင် တစ်ချောင်း ထောင်ပြတတ်ပါရဲ့။ ငါးဆိုတော့ သုံးချောင်း ထောင်လို့ထောင်၊ လေးဆိုတော့ နှစ်ချောင်း ဖြစ်လို့ဖြစ်။

            'မိုးဝေခိုင်' လို့ သူ့ နာမည်ကလေးသူ ဖြောင့်ဖြောင့် ရေးတတ်ပါစေတော့ရယ်လို့ နာမည်သုံးလုံးကို ပုံတူကူးနည်းနဲ့ သင်ပေးတော့ ကူးတော့ ရေးတတ်ပါရဲ့။ မိုးကိုလည်း စမရေးဘူး။ ဝေကိုလည်း မရေး ဘူး။ ခိုင်ကို စရေးတယ်။ ရေးတော့လည်း နောက်ဆုံး ငသတ်က စရေးပြီး ဘက်ပြန်ဆုတ်တာပါ။

            'ဟဲ့ မိုးဝေခိုင်ရဲ့...မိုးက စရေးမှပေါ့ဟဲ့၊ ညည်းနှယ် ဘယ့်နှယ့် င သတ်က စရေးတာတုံး'

            ကျွန်မက စိတ်မရှည်လေ ကပေါက်ချိ ကပေါက်ချာ ဖြစ်လေ။ ခြေတွေရော လက်တွေရော ပါလာလို့ ကျူရှင်ရပ်ရတာလည်း အခါခါပါ။ ကြာတော့လည်း စိတ်မရှည်နိုင်တော့ ပေါင်လိမ်ဆွဲမိတယ်။ သည်တော့လည်း မျက်ရည်ကလေး တစမ်းစမ်းနဲ့။

            စိတ်ရှည်ရှည်ထားပြီး သင်မှပါလေဆိုပြီး ကကြီးကနေ အ အထိ ဗျည်း (၃၃) လုံးကို စက္ကူထူထူ တစ်ချပ်မှာ အကွက်ချရေးပေးပြီး သူ့ကို ထောင်ပြထားလိုက်တယ်။ သူ့ ဗလာစာအုပ်ထဲမှာ ကျွန်မက ဝလုံးလေး တစ်လုံး ရေးပြတော့ သူက ဝလုံးလို့ ဖြေတယ်။ သူ ပိုင်ပိုင်ကြီး သိနေတာဆိုတော့ အားရပါးရ ဖြေတာပါ။ လူကလည်း ပြုံးလို့။

            'မိုင်ခိုးက တော်သားပဲ ဟဲ့၊ ဝလုံးကို သိတယ်နော်... ကဲ...သည်မှာကြည့် ဝလုံး ကလေး နှစ်လုံးကို ပူးရေးပြမယ်...ဟော...တွေ့လား၊ အဲဒါကို ထဆင်ထူးလို့ ခေါ်တယ်...ထဆင်ထူးဆိုစမ်း'

            'ထဆင်ထူး'

            'ဟုတ်ပ... တော်လိုက်တာဟေ့...ကဲ...ဟောသည် ချပ်ကြီးထဲမှာ ထဆင်ထူး လိုက်ရှာစမ်း'

            ကျွန်မက မေးတော့ မိုးဝေခိုင်က ကကြီးကို ထောက်လိုထောက်၊ ရကောက်ကို ထောက်လိုထောက်နဲ့။ ကကြီးကနေစပြီး လက်ညှိုးနဲ့ ဖြည်းဖြည်းထောက် ရှာသွားစမ်းဆိုတော့လည်း ထဆင်ထူးကို ကျော်ချသွားပြန်ရော။ ဟဲ့ ကျော်သွားပြီဆိုတော့ နောက်ကို တစ်လုံးချင်း ပြန်ဆုတ်တယ်။ ကကြီး ရောက်တဲ့အထိ။

            'ကဲ...ဒါဆို စာအုပ်ထဲကို ထဆင်ထူးတွေ ချရေးစမ်း၊ ပါးစပ်ကလည်း ဆိုရေး'

            ကျွန်မက စာအုပ်နဲ့ ခဲတံကို သူ့ရှေ့ ထိုးပေးတော့ သူက ခဲတံကို ဘယ်လက်ကြီးနဲ့ ဆုတ်ထည့်ပြီး ရေးတော့တာပဲ။ ပေတံသားပေးထားတဲ့ မျဉ်းဘေးလက်ဝဲဘက်က စမရေးဘဲ စာအုပ် အဖျားကနေ နောက်ပြန်ပြန် ရေးလာတာပါ။ အံ့သြစရာ။ ကျွန်မက သည်နေရာကစ ရေးလို့ လက်ထောင်ပြတော့ သူက တစ်လုံးရေးပြီး နောက်ကိုပဲ ပြန်ဆုတ်တယ်။

            'ဆက်ရေးလို့ မရတော့ဘူး ဆရာမ၊ ဒီက စရေးမှရတာ'

            မိုးဝေခိုင်ကိုကြည့်ပြီး ကလေးပေါင်းတစ်သောင်း စာသင်လာတဲ့ ကျွန်မမှာ ကြောင်တောင်တောင်ဖြစ်လို့။ တစ်လုံးပဲ ရရဆိုပြီး ထဆင်ထူးတစ်လုံးတည်း သင်ပေးလိုက်တာပေမယ့် နောက်နေ့ကျတော့ ထဆင်ထူးဆိုတာကို သူ မသိပြန်တော့ဘူး။ သည်ပုံအတိုင်းဆို ရှေ့ရောက်မှာ မဟုတ်လို့ နောက်တစ်နည်း သင်ရပြန်တယ်။ ကတ်ထူပြားပေါ်မှာ (က၊ခ၊ဂ၊ဃ၊င) ကဝဂ် အက္ခရာ ငါးလုံးကိုပဲ လက်နဲ့ထောက်ပြီး သင်လိုက်၊ ပြန်မေးလိုက်နဲ့ တစ်ပတ်လောက်ရှိတော့ ဟုတ်မယောင်ယောင်တော့ ဖြစ်လာပါရဲ့။ နှစ်ရက်လောက်ခြားလို့ ကျွန်မက တစ်လုံးချင်း ရေးပြပြီး ပြန်မေးကြည့်တော့ ဘာတစ်လုံးမှ ဟုတ်တိပတ်တိ မမှတ်မိချင်ဘူး။ ကျွန်မလည်း စိတ်တိုတိုနဲ့ မေးလိုက် မရလိုက် သူ့ကျောကုန်းကို အုန်းခနဲ ထုလိုက်နဲ့ နောက်ဖေးခန်းမှာ ပွက်ပွက်ညံအောင် သင်ပေးနေတော့ ကျွန်မ အိမ်သားက လှမ်းအော်တယ်။

            'မင်းတို့ဟာက ဟုမ်းကျူရှင် မဟုတ်ဘူး။ အုန်းကျူရှင် ဖြစ်နေပြီ...။ မထုပါနဲ့ကွာ...သူမှ ဉာဏ်မမီတဲ့ဟာကို မင်းသင်ပေးလို့ မရပါဘူး'

            ကျွန်မ အိမ်သားက ပြောတော့ ကျွန်မ ပိုစိတ်တိုသွားတယ်။ ကျွန်မ ကျောင်းဆရာမလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သူငယ်တန်းကို အကြိမ်ကြိမ် ကိုင်ခဲ့ဖူးပါရဲ့။ မိုးဝေခိုင်လိုပဲ ပြောင်းပြန်မှန်ထောင် သင်ရတဲ့ ကလေးတွေ တော်တော်များများကိုတောင် စာတတ်အောင် သင်နိုင်ခဲ့ပါလျက်ကနဲ့ မိုးဝေခိုင်ကျမှ အညံ့ခံရရိုးလား။ တစ်နေ့ မိုးဝေခိုင်လည်း စာဖတ်နိုင် ရေးနိုင် ရမှာပေါ့လို့ ကျွန်မ မျှော်လင့်ထားခဲ့တာပါ။ အဲသလို စိတ်စေတနာနဲ့ ဖြစ်ချင်ဇောကို ရှေ့တင်ပြီး သူ့ကို ကျွန်မ ဆက်သင်ပေးခဲ့တယ်။ ဒါပေမယ့် တစ်လလောက်သာ ကြာသွားတယ်။ မိုးဝေခိုင်ခမျာ စာရယ်လို့ အက္ခရာ တစ်ဆစ်ဗျည်းတစ်ဆစ် ဖြစ်မြောက် မလာခဲ့ဘူး။ သူ နဂိုတတ်ထားပြီးသား ဝလုံး ကလေးတစ်လုံးတောင် ခမျာ မမေ့လို့ တော်ပါသေးရဲ့လို့ အောက်မေ့ရတော့တာပဲ။ သူ့ နာမည်ကိုတော့ နောက်ကနေ ဘက်ပြန် ဖတ်လို့ရအောင် ရေးတတ်ရှာပါရဲ့။ ဒါတောင် အမြဲမှန်တာ မဟုတ်ဘူး။ တစ်ခုမဟုတ် တစ်ခုတော့ လွဲရချော်ရမှာကိုး။ နောက်ဆုံးတော့ ကျွန်မကိုယ်တိုင် တကယ်ပဲ လက်လျှော့ လိုက်ရတယ် ပြောပါတော့။ ကြာသပတေးလည်း မိုးဝေခိုင်ကို မကယ်နိုင်ရှာဘူး။

            'စာသင်လို့ မရတဲ့ ကလေးတွေရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် မိုးဝေခိုင်လောက် ဆိုးတာ ကျွန်မ မတွေ့ဖူးဘူး။ သူ့လို လူမျိုး တကယ့်ကို မကြုံဖူးတာ'

            ကျွန်မ အိမ်သားကတော့ မိုးဝေခိုင် စိတ်ညစ်ပြီး အိမ်မလာဘဲ နေလိမ့်မယ်၊ စာသင်တာ ရပ်လိုက်ပါတော့လို့ ပြောတာကို ကျွန်မ နားထောင်လိုက်ရတော့တာပါပဲ။

            စာသင်လို့ မတတ်ရှာတဲ့ မိုးဝေခိုင်ကို အသုံးတည့်ရာတည့်ကြောင်း ထွေထွေရာရာကလေးတွေ သိပါစေတော့ တတ်ပါစေတော့ဆိုတဲ့ သဘောနဲ့ နာရီကြည့်ပုံကြည့်နည်း ကျွန်မ သင်ပေးဖူးတယ်။ ဓာတ်ခဲသုံး တရုတ်တိုင်ကပ်နာရီဝိုင်းကြီးကို နံရံက တက်ဖြုတ်ပြီး စိတ်လက်ရှည်ရှည် ကျကျနန သင်ပေးတာပါ။ နာရီလက်တံ နှစ်မျိုး (အရှည်နဲ့ အတို) ကိုက နှစ်ရက်လောက် သင်ယူရတယ်။ နောက်တော့ နာရီရွေ့လျားပုံ သင်တယ်။ နာရီနဲ့ မိနစ်သဘောကို သင်တယ်။ လက်တံ အရှည်ကြီးအပေါ်တည့်တည့်ရောက်ရင် လက်တံအတိုကပြတဲ့ ဂဏန်းအတိုင်း နာရီထိုးပြီလို့ ပြောပြထား တယ်။ နာရီပေါ် အာရုံထားပြီး တစ်လလောက် ပြလိုက်၊ မေးလိုက်၊ သင်လိုက်နဲ့ဆိုတော့ အတော်ကလေး ဟုတ်လာတယ်။

            တစ်ရက်တော့ မိုးဝေခိုင်ရဲ့ အကဲစမ်းချင်တာနဲ့ ကျွန်မ နောက်ဖေးမှာ ချက်ပြုတ်နေရင်းက နာရီ အကြည့် ခိုင်းလိုက်တယ်။

            'ဆရာမ...လက်တံ အတိုလေးက ကကြီးမှာ... လက်တံအရှည်ကြီးက ဝ လုံးမှာ'

            'အင်း...ဘယ်လို၊ အေးအေး...အဲဒါဆိုရင် ဘယ်နှနာရီတုံး'

            'အဲဒါလား...အဲဒါ က ကြီးနာရီ ထိုးတာ'

            မိုးဝေခိုင်ပြောတော့ ကျွန်မမှာ ရယ်လိုက်ရတာ။ သူကြည့်လာတဲ့ နာရီကို ကျွန်မသွားကြည့်တော့ သုံးနာရီထိုးဖို့ ဆယ်မိနစ်လိုနေသေးတာကိုး။ သူက အင်္ဂလိပ်ဂဏန်း ၃ ကို ကကြီးတဲ့၊ တစ်ဆယ်ကိုတော့ ဝလုံးတဲ့။ ဒါကို သူပြောချင်သလို ပြောလိုက်တာပါ။ ကကြီးနာရီ ထိုးတာတဲ့။ နောက်တော့ ကျွန်မတို့ ဇနီး မောင်နှံ နာရီပြောကြရင် ၃ နာရီဆို ကကြီးနာရီ၊ ၆ နာရီဆို သဝေထိုး နာရီ၊ ၁ဝ နာရီဆို ဝလုံးနာရီ စသည်ဖြင့် မိုးဝေခိုင်ရဲ့ စံတော်ချိန်ကို ပြောပြော နောက်ကြတယ်။ ကြာတော့လည်း မိုးဝေခိုင်နဲ့ နေရတာကို ကျွန်မတို့ ပျော်ချင်ချင် ဖြစ်လာကြတာပါပဲ။ သံယောဇဉ်လည်း ဖြစ်ရတယ်။ အထူးသဖြင့် သနားတဲ့စိတ်နဲ့ ချစ်ခင်မိရပါတယ်။ ထမင်းတွေ ဘာတွေလည်း အိမ်မှာပဲ ကျွေးမွေးလွှတ်လိုက်တာမျိုး၊ အဝတ်အစားကလေး ဝယ်ဆင်တာမျိုး၊ ဘုရားပွဲကျောင်းပွဲရှိရင် မုန့်ဖိုးပေးတာမျိုး ကျွန်မတို့ဘက်က ဖြည့်ဆည်းပေးရပါတယ်။

            နာရီကြည့်တာတင် မကပါဘူး။ မိုးဝေခိုင်ကို ငွေနဲ့ကြေးနဲ့ ပတ်သက်ပြီး တွက်တတ်ချက်တတ်ပါစေတော့လို့ ကျွန်မက ငွေစက္ကူ အမျိုးအစားတွေ သိအောင်လည်း ကြိုးစားဖူးတာလေး ပြောပါရစေဦး။

            'ဒါ ဘယ်လောက်တန်လဲ'

            'ငါးဆယ်တန်'

            နှစ်ဆယ်တန်ကို ငါးဆယ်တန် ပြောနေတာပါ။ ကျွန်မက ဆယ်တန်တစ်ချပ် ကိုင်ပြတော့လည်း ငါးဆယ်ပဲ ပြောပြန်တယ်။ ငါးကျပ်တန်ကိုတော့ ငါးကျပ်လို့ မှန်အောင် ဖြေတတ်ပြန်ရော။ တစ်ရာတန်ကိုတော့ တစ်ဆယ်တဲ့။ ငါးရာတန်ကိုပြတော့ ငါးရာလို့ အသိသား။ တစ်ထောင်တန်ကျတော့ သူ မသိဘူးတဲ့။ နှစ်ခါ သုံးခါလောက် ထပ်ထပ်မေးကြည့်တော့မှ ကျွန်မ သူ့ကို သဘောပေါက်လာရတယ်။ သူက ငါးကျပ်၊ ငါးဆယ်နဲ့ ငါးရာသည်သုံးမျိုးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် သိသားပါလား။ ငါးရာတန် ပြစမ်းဆိုတော့ ငါးရာတန်ကို လွယ်လွယ်ကူကူ ရွေးပြီး ကောက်ပြတတ်တယ်။ ငါးဆယ်တန်၊ ငါးကျပ်တန်များကျတော့လည်း သူ အရွေးမမှားပြန်ဘူး။ ထူးတော့ ထူးဆန်းသလိုလိုပါပဲ။

            တစ်ခါတလေ ကျွန်မ မအားလို့ သူ့ကို မနီးမဝေးက ဈေးကလေးဆီ ဈေးဝယ် လွှတ်ရတဲ့အခါမျိုးတွေ ရှိတယ်။ မိုးဝေခိုင်ကို ဈေးလွှတ်ရင် ဘာပဲဝယ်ချင်ဝယ်ချင် ငါးဆယ်ဖိုးနဲ့ ငါးရာဖိုး  နှစ်မျိုးပဲ မှာလို့ရတယ်။ တစ်ရာဖိုးလိုချင်ရင် ငါးဆယ်ဖိုးနှစ်ခါလို့ မှာရတယ်။ ပါးစပ်က မှာလို့ကတော့ လေး၊ ငါး မယ်လောက်ဆိုရင် သူဘယ်မှာ မှတ်မိပါ့မလဲ။ ကျွန်မက ပြက္ခဒိန် ရွက်ဆုတ်လို စာရွက် ပိုင်းကလေးတစ်ပိုင်းပေါ်မှာ မှာချင်တဲ့ ပစ္စည်းကို ရုပ်ပုံတွေ ဆွဲပေးရတာပေါ့။ ငါး၊ ငါးရာဖိုးဆိုရင် ငါးတစ် ကောင်ပုံဆွဲပြီး ဘေးက ငါးရာဖိုးလို့ ရေးပေးရတယ်။ ဆိတ်သား ငါးရာဖိုးဆိုရင် ဆိတ်သားတုံးပုံ ဆွဲပေးရတာပါ။ ဒါက စာရွက် တစ်ရွက်။

            တခြား ဟင်းသီးဟင်းရွက်စာရင်းကိုတော့ စာရွက်တစ်ရွက်တည်းပေါ် တန်းစီပြီး ဆွဲပေးလိုက်လို့ ရတယ်။ ချဉ်ပေါင်ရွက်ဆို ချဉ်ပေါင်ရွက်ပုံ၊ ခရမ်းသီးဆို ခရမ်းသီးပုံ။ အဲသလို ဆွဲပေးပြီး ငါးဆယ်ဖိုးလို့ ရေးပေးရတာပါ။ ကျွန်မမှာ ငါးဆယ်ဖိုးထက် လျှော့မှာချင်လို့လည်း မရဘူး။ ပိုမှာချင်ရင်တော့ ငါးဆယ်ဖိုး နှစ်ခါ၊ ရုပ်ပုံကလည်း နှစ်ပုံပေါ့။ ဘဲဥနဲ့ ကြက်ဥဆိုလည်း သည်အသက်အရွယ်အထိ သူမကွဲ ဘူး။ ကျွန်မက ဘဲဥ လိုချင်ရင် ဘဲဥပုံ ဆွဲ၊ စာရေးစားပွဲပေါ် ထွန်းထားတဲ့ မီးချောင်းကိုပြပြီး သည်လို အရောင်နော်ဆိုတော့ သူက ခပ်ပြုံးပြုံးနဲ့ သိပါတယ် ဆရာမရဲ့၊ ကြက်ဥအဖြူ မဟုတ်လားတဲ့။ ကြက်ဥလိုချင်ရင်တော့ ပေါလစ်သုတ်ထားတဲ့ ဆက်တီခုံကို ထိုးပြပြီး သည်လို အရောင်ကြက်ဥ သိလားဆိုတော့ 'သိတယ် ကြက်ဥ အနီ' တဲ့။ သည်တော့မှ မိုးဝေခိုင်ကို ဘယ်လိုမှာရမယ်ဆိုတာ ကျွန်မ သဘောပေါက်ရတော့တာကလား။ ဆယ်လုံးမှာချင်ရင် ငါးလုံး နှစ်ခါနော်လို့ ပါးစပ်ကလည်း မှာလိုက်ရသေးတယ်။

            တစ်ခါတစ်လေ ကျွန်မ အိမ်သားက မိုးဝေခိုင် ဈေးသွားခါနီး ဆီးပြီး ကျွန်မတို့ ဈေးစာရင်းစာရွက်ကို တောင်းကြည့်ပြီး မိုးဝေခိုင်ကို စချင်လို့ ပြန်မေးတတ်တယ်။

            'ဒါက ဘာလဲ မိုင်ခိုး'

            ကျွန်မ အိမ်သားက ခရမ်းချဉ်သီးပုံကို လက်နဲ့ထောက်ပြီး မေးတော့ မိုးဝေခိုင်က တစ်ချက်ငုံ့ကြည့်တဲ့ပြီး ဖြေတယ်။ သူက စာရင်း ကို သေသေချာချာကြည့် လိုက်သေးတာပါ။

            'အဲဒါ ကျန်းညင်သီး ငါးဆယ်ဘိုး နှစ်ခါ'

            'ဟ... ဟုတ်လားချည်လားဟ...ဒါကရော'

            စာရင်းစာရွက်ပေါ်မှာ လေးထောင့်ဘောင်ခတ်ထားတဲ့ အကွက်ထဲမှာ မိန်းကလေးပုံ ဆွဲထားတာကို မေးတာပါ။ သစ်သီးသစ်နှံပုံ မဟုတ်တော့ နားလည်ပါ့မလားဆိုပြီး မေးတာပါ။ ကျွန်မနဲ့ မိုးဝေခိုင်ကတော့ နှစ်ဦးနှစ်ဝ နားလည်ပြီးသား။ တစ်ထုပ်ချင်းသုံးထူးရှယ် မဆလာထုပ်ပေါ့။

            'အဲဒါက ထက်ထက်မိုးဦး မဆလာ'

            ကျွန်မအိမ်သားက သဘောတွေကျလွန်းလို့ ရယ်လိုက်တာမှ။

            'ဒါက ဘာသီးတုံး... ကိုင်း'

            'ကျင်းငှားသီး'

            'ဘယ်လို'

            'ကျင်းငှားသီးလေ ဆရာကြီး မသိဘူးလား ခါးတယ်'

            ကြက်ဟင်းခါးသီးပုံက ကျွန်မဆွဲတာ သိပ်မတူလေတော့ ကျွန်မအိမ်သားက နားမလည်ဘူး ဖြစ်နေတယ်။ မိုးဝေခိုင်က ခါးတယ်ဆိုမှ သူလည်း သဘောပေါက်သွားတော့တာပါ။

            'အင်း...တို့အိမ်က ကျောင်းဆရာမလည်း မိုင်ခိုးနဲ့ကျမှ ပန်းချီဆရာမ ဖြစ်မှန်းမသိ ဖြစ်နေပါရောလား... မင်းဆွဲတဲ့ abstract ပုံတွေကို မိုင်ခိုး နားလည်တယ်ဆိုမှတော့ အောင်မြင်ပြီပေါ့ကွာ။ စာရေးမစားပါနဲ့တော့ဟာ ပန်းချီသာ ဆွဲပါတော့'

            ကျွန်မကို စိတ္တဇပန်းချီ ပုံဆွဲဆရာမလို့ လှမ်းနောက်လိုက်သေးတာပါ။ ဈေးစာရင်း စာရွက်ရယ်၊ ပိုက်ဆံရယ်ကို ကြွပ်ကြွပ်အိတ်ကလေး ထုပ်ပြီး လက်ကကျစ်ကျစ်ပါအောင် ဆုပ်သွားဖို့ မှာရတာလည်း အမော။ ဈေးလက်ဆွဲခြင်းတစ်ဖက်၊ ကြွပ်ကြွပ်အိတ်ထုပ်ကလေး တစ်ဖက်နဲ့ တိုက်ပေါ်က ဆင်းသွားတတ်တဲ့ မိုးဝေခိုင်ကတော့ ပွဲသွားကြော့ကြော့ ဆိုတဲ့အထဲကပါ။ ဈေးသွားရမယ့်နေ့ဆိုရင် ပျော်နေတာပဲ။ တန်းမသွားသေးဘူး။ အောက်ထပ်က သူ့အခန်းကိုဆင်းပြီး အလှပြင်သေးတာပါ။ ဈေးပြန်လာရင်တော့ ချွေးတွေသံတွေရော၊ ပါလာတဲ့ ပစ္စည်းမကိုက်မှာ စိတ်ပူပန်လာရတာရော၊ လေးထပ်တိုက်ကြီးပေါ် တက်လာခဲ့ရတာရော၊ သူ့မှာ ထဘီစွန်တောင် ဆွဲခဲ့ရတော့တာပဲ။

            မိုးဝေခိုင် ဈေးပြန်လာရင် ကျွန်မက ပါလာတဲ့ပစ္စည်းနဲ့ ငွေစာရင်းတွက်ရင်းနဲ့ သူ့ကို သင်ရတယ်။ ခရမ်းချဉ်သီးဆို မာမာပြောင်ပြောင် ကလေးတွေဝယ်၊ မန်ကျည်းရွက်ဆို အညွန့်ကလေးတွေ ကော့နေတာကို ဝယ်စသဖြင့်ပေါ့။ သည်ရပ်ကွက်ဈေးကလေးထဲက ဈေးသည်တွေကတော့ ကလေးလာဝယ်တာရယ်လို့ စီးပိုးလွှတ်လိုက်တာ၊ ညစ်လွှတ်လိုက်တာမျိုး မရှိကြပါဘူး။ အထူးသဖြင့် မိုးဝေခိုင်ကို သိနေကြလေတော့ သူ့ဆိုရင် ဈေးသည်တွေက ကျွန်မ ရေးပေးလိုက်တဲ့ ပုံစာစာရင်းစာရွက် ကလေး ယူကြည့်ပြီး အားသူက ဝယ်ခြမ်းပေးလိုက်ကြတာလည်း ရှိတယ်။ မိုးဝေခိုင်ရဲ့ ဈေးခြင်းကလေးထဲမှာ တစ်ခါတလေ ကျွန်မမှာ တာထက် ပိုပါလာတာမျိုး ရှိသလို တစ်ခါတစ်လေတော့ လိုချင်တဲ့ပစ္စည်း ပါမလာတဲ့အပြင် ပေးလိုက်တဲ့ငွေပါ ကွာနေတော့တာကလား။ သည်လို တစ်စုံတစ်ရာ လွဲနေတာမျိုးရှိရင် ကျွန်မက သူ ဈေးဝယ်တာကို စစ်စစ်ပေါက်ပေါက် မေးရင်း အဖြေရှာယူရတာပါ။ သူ မရိုးမသားမရှိမှန်း ကျွန်မ သိပြီးသားပါ။ မှားပုံမှားနည်းကိုသာ သိချင်တာပါ။ နောက်တစ်ခါ မှန်အောင် တည့်ပေးချင်လို့ စစ်ဆေးရတယ်။

            ဒါပေမယ့် မိုးဝေခိုင်က သူ့အတွက်ပေးလိုက်တဲ့ ပိုက်ဆံတော့ ဘာတစ်ခုမှ မလွဲ ကွက်တိဖြစ်နေတတ်ပြန်ရော။ ကျွန်မက ဆယ်ခါရံ တစ်ခါဆိုသလို မိုးဝေခိုင်အတွက် ကလစ်ကလေး၊ သနပ်ခါးဘူးကလေး၊ နှုတ်ခမ်းနီဘူးကလေး ဝယ်ဖို့ ငွေနှစ်ရာမျိုး သုံးရာမျိုး ထည့်ပေးလိုက်တဲ့နေ့ဆိုရင် ဒါက သပ်သပ်ဝယ်၊ ဈေးစာရင်းနဲ့ မရောလိုက်နဲ့လို့ မှာရတယ်။ ဒါမျိုးဆိုရင် မှားလာတယ်လို့  ဘယ်တုန်းကမှ မရှိဘူး။ သူက အလှအပ မက်ရှာတာကိုး။ ဈေးစာရင်းသာ မှားဖို့ရှိတယ်။ အလှအပပစ္စည်းတော့ မမှားဘူး။ သူ့စာရင်း မေးရင်တော့ သွက်သွက်လက်လက်နဲ့ ချက်ချက်ချာချာ ဖြေနိုင်ရဲ့။

            'သနပ်ခါးဘူးက တစ်ရာ၊ နှုတ်ခမ်းနီဘူးက ငါးဆယ်၊ ကျန်တာက ခေါင်းညှပ်ကလစ် နှစ်ချောင်း ဝယ်ခဲ့တယ်'

            ခေါင်းမှာလည်း ကော်ရုပ်ကပ်ထားတဲ့ ကလစ်ကြီးတွေက တစ်ဖက်တစ်ချက် တိုးလိုးတွဲလောင်း ညှပ်လာလိုက်သေး။ ဈေးက ဝယ်လာကတည်းက တပ်လာတာလေ။ အဲသလိုနေ့များဆိုရင် ကျွန်မ ဈေးစာရင်းများတော့ ဘာတစ်ခုမှ မမေးနဲ့တော့၊ ဘာမှကို မေးလို့မရတာ။ သူ့အလှကုန်တွေကတော့ သူ ဝယ်နေကျကိုး။ တစ်ခါကလည်း မှာလိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ အတော်များများ ပါမလာလို့ ဈေးကို တစ်ခေါက် ပြန်လွှတ်လိုက်တော့ ကြွပ်ကြွပ်အိတ်ကြီး တစ်လုံးအပြည့် မေ့ကျန်ခဲ့တာတွေ ဆွဲပြန်လာတယ်။ မေ့ကျန်တာက သုံးလေးမျိုးပေမယ့် တစ်ခေါက်ပြန်ယူရင် ငါးမျိုးခြောက်မျိုးလောက် ပါချင်ပါလာတတ်ပြန်ရော။ ဘယ်လိုက ဘယ်လို ဖြစ်သလဲတော့ ကျွန်မလည်း ဉာဏ်မမီတော့ပါဘူး။

            အစကတော့ မိုးဝေခိုင်ကို လက်လေးလက်ပေါ့လောက်သာ ဈေးအသွားခိုင်းတာပေမယ့် (မရိုသေ့စကား) ကျွန်မမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ဖြစ်လာတော့ မိုးဝေခိုင်က ကျွန်မတို့အိမ်အတွက် ပင်တိုင်အဝယ်တော် ဖြစ်လာတော့တာပါပဲ။ သူ ဝယ်ပြုပေးသမျှ လွဲသည်ဖြစ်စေ၊ ချော်သည်ဖြစ်စေ အကောင်းလုပ်စားကြရတယ်။ သူ့ အကြောင်း သိနေတော့ လွဲနေလည်း မငေါက်ရက်ပါဘူး။ မှန်လာရင် ကျွန်မတို့က လက်ခုပ်လက်ဝါးတီးပြီး 'မိုင်ခိုး... မိုင်ခိုး'လို့ အော်ကြရင် ပြုံးနေလိုက်တာ အောက်ပြန် ဆင်းသွားတဲ့အထိပဲ။ သီချင်း တအေးအေးနဲ့။ သီချင်းတွေလည်း ရလိုက်တာမှ စုံနေတာပဲ။ ဘယ်လိုဘယ်လို ရနေသလဲတော့ မပြောတတ်ဘူး။

ဆက်လက်ဖော်ပြပါမည်

ခင်ခင်ထူး

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။