ရွှေသုတ‌

မြန်မာ့လက်ဝှေ့

မောင်ဒီ

01 February 2026
မြန်မာ့လက်ဝှေ့
Share to

            ကျွန်တော်သည် ဘောလုံးပွဲများကို အတော်အသင့် ကြည့်ဖူးသော်လည်း လက်ဝှေ့ပွဲများကို အနည်းအကျဉ်းသာလျှင် ကြည့်ဖူးသည်။ သို့ရာတွင် ကျွန်တော် စိတ်အဝင်စားဆုံးအားကစားမှာ ဘောလုံးပွဲမဟုတ်။ ထူးထူးဆန်းဆန်းပင် လက်ဝှေ့ပွဲ ဖြစ်နေလေသည်။

            နောက်ပြီးတော့ အားကစားသမားတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံများတွင်လည်း ဝိတ်တာခေါ် အလေးမသမားတို့၏ လွန်စွာထွားကျိုင်းလှသည့် ခန္ဓာကိုယ်ကြီးများကို သိပ်ပြီး စိတ်မဝင်စား။ လက်ဝှေ့သမားများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများကို ပို၍ စိတ်ဝင်စားနေမိပြန်လေသည်။ ကျွန်တော် ထင်သည်။ ခန္ဓာကိုယ် အလှသက်သက်ထက် ကိုယ်ခန္ဓာ စွမ်းအင်ကြီးမားမှုကို ပိုပြီး စိတ်ဝင်စားခြင်း ဖြစ်ပုံရပါသည်။

            ကျွန်တော် စိတ်အဝင်စားဆုံး ခန္ဓာကိုယ်ပိုင်ရှင် လက်ဝှေ့သမားများမှာလည်း သိပ်ပြီး များများစားစားကြီး မရှိ။ နှစ်ဦး၊ သုံးဦးသာလျှင် ရှိသည်။ ပထမတစ်ဦးမှာ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ကဲလ်စီးယပ်စ်ကလေး ခေါ် မိုဟာမက်အလီဖြစ်၍ ဒုတိယတစ်ဦးမှာ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်စံဖြစ်ပြီး တတိယပုဂ္ဂိုလ်မှာ မြန်မာ့လက်ဝှေ့ ချန်ပီယံ ရွှေဓူဝံတို့ ဖြစ်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံများကိုလည်း ကျွန်တော် အလွတ်ရနေ၍ မကြာမကြာလည်း သတိရ မြင်ယောင်နေမိလေသည်။

            မိုဟာမက်အလီ၏ ခန္ဓာကိုယ်မှာ အရပ်အမောင်း ကောင်းသော်လည်း သိပ်ပြီး ထူးထူး ခြားခြားကြီး မဟုတ်။ သို့ရာတွင် အချိုးအဆစ်ပြေပြစ်ကျန၍ ကျစ်လျစ်သန်မာသည်။ ပေါ့ပါးဖျတ် လတ်၍ သွက်လက်မှုရှိသည်။ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

            မိုက်တိုင်စံ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကတော့ ထူးခြားသည်။ သူ့ကိုသတိရမြင်ယောင်မိတိုင်း ပြောင်တစ်ကောင်၏ ခန္ဓာကိုယ်ကို အမြဲလိုလို သတိရသည်။ သူ၏လည်တိုင်မှာ ဦးခေါင်းနှင့် အရွယ်တူ တစ်ဆက်တည်းဖြစ်နေ၍ သူ၏ ပခုံးနှင့် ကျောပြင်တို့မှာ အရိုးကို မမြင်ရ ပြင်ညီကြီးဖြစ်နေပြီး လွန်စွာလည်း ကြီးမားလှ သည်ဖြစ်ရာ ကျွန်တော့်မှာ အမြဲလိုလို ပြောင်တစ်ကောင်၏ ကိုယ်လုံးကို သတိရမိသည်။ ၎င်းကို မည်သည့် လက်ဝှေ့သမားကမျှ အလဲထိုး အနိုင်ယူဖို့ ဆိုသည့်ကိစ္စမှာ မဖြစ်နိုင်ဟုလည်း အမြဲခံစားရသည်။

            တတိယပုဂ္ဂိုလ်မှာ မြန်မာ့လက်ဝှေ့ကျော် ရွှေဓူဝံ ဖြစ်သည်။ သူ၏ အရပ် အမောင်းမှာလည်း သိပ်ပြီး နိမ့်လှပုံတော့ မရှိ။ မြန်မာလူမျိုးတို့၏ အချိုးအဆစ်အတိုင်း မနိမ့်မမြင့်ဟု ထင်မိသည်။ သူ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာလည်း လွန်စွာပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ လွန်စွာပင် ကျန်းမာသန်စွမ်းသည့် ကျစ်လစ်သော ခန္ဓာကိုယ်အချိုးအစား ဖြစ်သည်။ လွန်စွာလည်း ဖျတ်လတ်သွက်လက်၍ လွန်စွာလည်း ပါးနပ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ခံစားရသည်။

            သို့ရာတွင် မိုဟာမက်အလီကို ရုပ်ရှင်ပိတ်ကားပေါ်၌သာ မြင်ခဲ့ဖူး၍ မိုက်တိုင်စံကို တီဗီဖန်သားပြင်ပေါ်တွင် မြင်ခဲ့ရဖူးပြီး ရွှေဓူဝံကိုမူ မဂ္ဂဇင်းစာမျက်နှာများ၌သာလျှင် မြင်တွေ့ခဲ့ရဖူးခြင်း ဖြစ်သည်။ လက်ဝှေ့ပွဲများကို မကြည့်ဖြစ်ခဲ့သည်မှာလည်း အတော်ပင် ကြာနေပြီ ဖြစ်သည်ဟု ပြောရမည်။

            သို့ရာတွင် ကျွန်တော် နောက်ဆုံး ကြည့်မြင်ခွင့်ရခဲ့သည့် မြန်မာ့လက်ဝှေ့ပွဲ တစ်ပွဲကိုတော့ ယနေ့တိုင်ပင် မြင်ယောင်မှတ်မိနေသည်။ မကြာမကြာလည်း ကျွန်တော်သည် ထိုလက်ဝှေ့ပွဲအကြောင်းကို မိတ်ဆွေများအား ပြောပြဖြစ်ခဲ့သည်။

            ထိုအချိန်က ဆရာ ကျားဘညိမ်းမှာလည်း သက်ရှိထင်ရှား ရှိနေသည့်ကာလ ဖြစ်ရာ လော်စပီကာ အသံချဲ့စက်ထဲမှတစ်ဆင့် အော်ဟစ်အားပေးနေသည့် သူ၏ စွမ်းအင်အပြည့် ပါရှိသာ 'ယောကျ်ား'ဆိုသည့် အသံကြီးနှင့် လက်ဝှေ့ဆိုင်းသံများကိုလည်း ယနေ့တိုင်ပင် ကျွန်တော် ပြန်လည်ကြားယောင်နေမိသည်။

            ဆရာကျား၏ အော်ဟစ်အားပေးသည့် အသံတို့မှာ စင်မြင့်ပေါ်မှ လက်ဝှေ့ ထိုးနေကြသူများကိုသာမက ပွဲကြည့်ပရိသတ်တို့ကိုလည်း သွေးကြွလာစေသည် ဖြစ်ရာ လက်ဝှေ့ရုံအတွင်းမှ အော်ဟစ်အားပေးနေကြသည့် အသံတို့မှာလည်း ရုံပွင့်ထွက်မတတ်ပင် ဖြစ်သည်ဟုသာ ပြောရပေမည်။

            ထိုပွဲမှာ ကျွန်တော်၏ မိတ်ဆွေ မော်ဒန်ပန်းပုဆရာ ဆန်နီညိမ်း (ဆရာ ကျားဘညိမ်း၏သား)တို့ ဦးစီးကျင်းပကြသည့် မြန်မာ့လက်ဝှေ့ပွဲကြီးဖြစ်ရာ ကျွန်တော့်မှာလည်း အထူးတန်းနေရာမှ အနီးကပ် ကြည့်ရှုခွင့်ရခဲ့သည့်ပွဲလည်း ဖြစ်သည်။

            လွန်ခဲ့သည့် နှစ် ၂၅ ကျော်ကာလလောက်က ကျိုက္ကဆံကွင်း ပွဲတော်ကြီးအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည့် ပွဲဖြစ်၍ ဤမျှအထိနှစ်တွေကြာခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော့်မှာ ယနေ့တိုင်ပင် မေ့လို့မရ။

            ထိုစဉ်က 'သထုံဘနှစ်'တို့မှာ လူကြီးတန်းများ ဖြစ်သွားကြပြီဖြစ်၍ မထိုးကြတော့။ ရှေ့ထွက်အဖြစ်နှင့် လက်ဝှေ့ရေးများလောက်ကိုသာလျှင် ပြကြတော့သည်။ ရှေ့တန်းပွဲစဉ်များအဖြစ် နှစ်တွဲလောက် ထိုးပြီးသွားကြတော့ သမိန်ဗရမ်းနှင့် အခြားလက်ဝှေ့သမားတစ်ဦးတို့ အတွဲထိုးကြသည်ကို ကျွန်တော် မှတ်မိသည်။

            သမိန်ဗရမ်းမှာ အသားဖြူသည်။ ကိုယ်ခန္ဓာ ကျစ်လျစ်သန်မာ၍ ခံနိုင်ရည် အပြည့်ရှိသည်။ တစ်ပွဲလုံးလိုလိုပင် သူကချည်း အထိုးခံနေရသူကဲ့သို့ ဖြစ်နေ၍ နှုတ်ခမ်းများမှာလည်း ကွဲနေပြီဖြစ်ရာ သွေးစို့နေသည်။ သို့ရာတွင် သူ့မှာ အသားဖြူဖြူ ပင်ကိုနှုတ်ခမ်းရဲရဲ၌ သွေးစွန်းပေနေသော်လည်း အပြုံးမပျက် ဖြစ်နေရာ ပို၍ပင် ကြည့်လို့ကောင်းနေဘိသကဲ့သို့ ဖြစ်နေသည်။

            နောက် သမိန်ဗရမ်းက မည်ကဲ့သို့ လုပ်လိုက်သည်မသိ။ တစ်ဖက်လူမှာ ဆက်လက်မထိုးနိုင်တော့ဘဲ အရှုံးပေးသွားရ၍ သမိန်ဗရမ်းကို အနိုင်ပေးလိုက်ကြတော့မှပင် ကျွန်တော့်မှာ အံ့သြသွားခဲ့ရလေသည်။

            နောက်ပွဲစဉ်မှာ သထုံတင်ဝင်းနှင့် စောရူဘီတို့ အတွဲဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ သိပ်ပြီးနာမည်ကြီး လက်ဝှေ့သမားတွေတော့ ဟုတ်ပုံမရ။ သို့ရာတွင် ၎င်းတို့နှစ်ဦး ထိုးသတ်ကြပုံများမှာ အတော်ပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေ၍ ကျွန်တော့်မှာ မေ့လို့မရ။ ယနေ့တိုင်ပင် မြင်ယောင်မှတ်မိနေဆဲ ဖြစ်သည်။

            ၎င်းတို့နှစ်ဦး ထွက်၍လာကြတော့ စောရူဘီက အရပ်ထောင်ထောင်မောင်းမောင်း၊ ခြေဆန်လက်တံတို့မှာလည်း ကောင်းနေပြီး သထုံတင်ဝင်းမှာ အရပ်က ပုပုသေးသေးကလေး ဖြစ်နေသည်။ သို့ဖြစ်ရာ အတော်ပင် အံ့သြနေမိသည်။ တစ်ဦးနှင့်တစ်ဦးမှာလည်း ဤမျှအထိ ကွာခြားနေကြသူများ ဖြစ်ကြလျက် အဘယ်ကြောင့် ၎င်းတို့နှစ်ဦးအား ထိုးသတ်ခွင့်ပြုသည်ကို ကျွန်တော့်မှာ စဉ်းစားလို့ပင် မရ။

            နောက်ပြီးတော့ စောရူဘီက အနောက်တိုင်း လက်ဝှေ့ကိုလည်း တတ်ကျွမ်းသည်။ သို့ဖြစ်ရာ သူ့မှာ အခွင့်အရေးနှစ်မျိုး ရှိသည်။ သထုံတင်ဝင်းက မြန်မာ့လက်ဝှေ့သမား စစ်စစ်သာ လျှင် ဖြစ်သည်။ ပွဲစတော့လည်း သထုံတင်ဝင်းမှာ ပုပုသေးသေးလေးသာလျှင် ဖြစ်၍ သူ၏ ခြေဆန်၊ လက်တံတို့မှာလည်း သူ၏ခန္ဓာကိုယ် အချိုးအဆစ်အတိုင်းသာလျှင် ဖြစ်ရာ စောရူဘီ၏ အနားသို့ပင် ကပ်လို့မရ။ စောရူဘီ၏ ထိုးချက်ကန်ချက်များကိုသာလျှင် လှည့်ပတ် ရှောင်တိမ်းရင်း ကာကွယ်နေရသည်။

            ဤကဲ့သို့ဖြင့် ပထမအချီ ပြီးသွားကြတော့ ကြိုးဝိုင်းထောင့်များ၌ ကိုယ်စီ အနားယူကြရသည်။ သထုံတင်ဝင်းကို သထုံဘနှစ် တစ်ဦးတည်းကသာလျှင် ပြုစုနေသည်။ ပြုစုသည်ဆိုရာ၌လည်း ဘာမျှထူးထူးခြားခြားကြီး မဟုတ်။ စကားတွေ ထိုင်ပြောနေကြသည်ကိုသာလျှင် တွေ့မြင်နေရသည်။ သထုံဘနှစ်က သထုံတင်ဝင်း၏ ဒူးဆစ်နေရာကို အနည်းငယ် နှိပ်ပေးသည်။ တစ်ခါတစ်ခါ သထုံတင်ဝင်းမှာ တွန့်၍ တွန့် ၍ သွားသည်။ ရေကိုလည်း အနည်းငယ်သာလျှင် သောက်၍ ပလုတ်ကျင်းပြီး ထွေးပစ်သည်ကိုသာ တွေ့ရသည်။

            တစ်ဖက် ကြိုးဝိုင်းထောင့်၌ စောရူဘီကို ဝိုင်းဝန်းပြုစုပေးနေကြသည့်သူများမှာ လေးငါးခြောက်ယောက်ခန့် ရှိသည်။ တစ်ဦးက မျက်နှာသုတ်ပဝါ အကြီးစားကြီးကို ဖြန့်၍ ယက်ခတ်ပေးသည်။ နောက်တစ်ဦးက စောရူဘီ၏ ပါးစပ်ပေါက်ထဲသို့ ကန်တော့ကြီး တပ်ဆင်ပေးကာ နောက်တစ်ဦးက ရေတွေလောင်းထည့်ပေးသည်။ တစ်ဦးက ထွေးခံကို ကိုင်ထားသည်။ နောက်တစ်ဦးက ချွေးတွေကို သုတ်ပေးနေသည် စသည်ဖြင့် အတော်ပင် အလုပ်ရှုပ်နေကြသည်ကို တွေ့မြင်နေရသည်။

            မိမိတို့၏ လက်ဝှေ့သမားများအား ပြုစုပေးနေကြပုံ နည်းစနစ်တို့မှာလည်း ဤမျှအထိပင် မတူ၊ ကွဲပြားခြားနားနေကြသည်။ ကျွန်တော် ထင်သည်။ စောရူဘီအား ပြုစုပေးနေကြပုံတို့မှာ လည်း အနောက်တိုင်း နည်းစနစ်များအတိုင်းသာလျှင် ပြုစုပေးနေကြခြင်း ဖြစ်ပုံရသည်။

            သထုံတင်ဝင်းကို ပြုစုပေးနေသည့်သူမှာ သထုံဘနှစ် တစ်ဦးတည်းသာလျှင် ဖြစ်သည်။ ၎င်းမှာလည်း ကိုယ်တိုင်က နာမည်ကြီး မြန်မာ့လက်ဝှေ့ကျော်ကြီး တစ်ဦးဖြစ်နေ၍ ရှေး မြန်မာတို့၏ ရိုးရာအရိုးအကြော ပြုပြင် ပေးခြင်းပညာရပ်ဆိုင်ရာ ကိစ္စများကို တကယ်ပင် နားလည်တတ်ကျွမ်းသိရှိ သူတစ်ဦး ဖြစ်ပုံရပါသည်။

            ထို့ကြောင့် သထုံတင်ဝင်းအား အကြောများကိုသာ နှိပ်နယ်ပြုပြင်ပေးနေပြီး ရေကိုလည်း သောက်ခွင့်မပြုဘဲ၊ သွေးပူနေသည့်အရှိန်ကို သွေးအေးသွားအောင် မပြုလုပ်ဘဲ တစ်ဆက်တည်း ထိန်းထားပေးလိုဟန် တူပါသည်။

            နောက်ပြီးတော့ တစ်ဖက်လူ၏ အခြေအနေ စသည်တို့ကိုလည်း ရှင်းလင်း ပြောပြ၍ မည်ကဲ့သို့ ထိုးရမည် ဆိုသည့် ထိုးကွက်၊ တိုက်ကွက် စသည် တို့ကို သွန်သင်ပြောပြပေးနေခြင်းလည်း ဖြစ်ပုံရပါသည်။

            ပွဲပြန်စတော့လည်း သထုံတင်ဝင်းမှာ စောရူဘီ၏ အနီးသို့ပင် ကပ်လို့မရ။ ထုံးစံအတိုင်းပင်။ စောရူဘီ၏ လက်သီးချက်များနှင့် ခြေကန်ချက်များကိုသာလျှင် ရှောင်တိမ်းရင်း ကာကွယ်နေရသည်ကိုသာ တွေ့မြင်နေရပြန်သည်။

            ဤကဲ့သို့ဖြင့် တတိယအချီသို့ ရောက်ရှိလာခဲ့သည်။ ပွဲမှာလည်း ယခင် အချီများအတိုင်းပင်။ တစ်ဖက်သတ် ဖြစ်၍နေသည်။ လက်ဝှေ့သမားနှစ်ဦးစလုံး တို့မှာလည်း အနည်းငယ် လက်ပန်းကျလာနေပြီ ဟူ၍တော့ ပြောရမည်။ ထိုအချိန်၌ သထုံတင်ဝင်းမှာ စောရူဘီထံ သို့ ရုတ်တရက် ဝင်၍ပူးကပ်လိုက်ကာ သူ၏ ဦးခေါင်း၊ ချိုစောင်းဖြင့် စောရူဘီ ၏ မေးရိုးကို ခတ်၍ ထွက်ခွာသွားသည်။

            သထုံတင်ဝင်း၏ လျှပ်တစ်ပြက်အတွင်း လှုပ်ရှားတိုက်ခိုက်လိုက်ခြင်းမှာ လွန်စွာပင် လျှင်မြန်လွန်းလှသည် ဖြစ်ရာ စောရူဘီ လဲကျသွားသည်ကိုသာ ပရိသတ်များ အံ့သြစွာနှင့် တွေ့မြင် လိုက်ကြရသည်။ နောက် စောရူဘီမှာလည်း လုံးဝပင် မထနိုင်ရှာတော့၍ ကတ်နှင့် သယ်ထုတ်သွားခဲ့ကြရလေသည်။

            ထိုပွဲတွင် စောရူဘီမှာ အနောက်တိုင်း လက်ဝှေ့သမားတစ်ဦးဖြစ်၍ အရှေ့တိုင်း နည်းစနစ်ဖြစ်သည့် မြန်မာ့လက်ဝှေ့ပွဲသို့ တက်ရောက်ထိုးသည် ဖြစ်ရာ ရုတ်တရက် စဉ်းစားလိုက်လျှင် လက်ဝှေ့ထိုးနည်းစနစ် နှစ်ခုစလုံးကို အသုံးချ ထိုးသတ်ခွင့်ရသည်ဖြစ်ရာ တပန်းသာနေသည်ဟု ထင်ဖွယ်ရာရှိသည်။ နောက်ပြီးတော့ ၎င်း၏ အရပ်အမောင်းနှင့် ခြေဆန်လက်တံတို့ကလည်း တပန်းသာနေသည်ဖြစ်၍ လွယ်လွယ်နှင့် အနိုင်ရရှိလိမ့်မည်ဟုလည်း ထင်ဖွယ်ရာ ရှိသည်။

            သို့ရာတွင် ၎င်း၏ မသိစိတ်၌ အနောက်တိုင်း လက်ဝှေ့ထိုးသတ်ခြင်း၏ နည်းစနစ်ဥပဒေသ စည်းမျဉ်းစည်း ကမ်းများကို အစွဲရှိနေသည်ဖြစ်ရာ အရှေ့တိုင်းလက်ဝှေ့၏ လုပ်ပိုင်ခွင့်များ၊ စည်းကမ်းများ၊ စနစ်များကို ကုန်စင်အောင် သူ သတိမထားမိ၊ စဉ်းစားမိပုံ မရ။ နောက်ပြီး စိတ်နှစ်ခွလည်း ဖြစ်နေ ပုံရသည်ဟု ထင်မိသည်။

            သထုံတင်ဝင်းမှာ မြန်မာလက်ဝှေ့ သမားစစ်စစ်ဖြစ်၍ အနောက်တိုင်း လက်ဝှေ့ဥပဒေသ စည်းကမ်းစည်းမျဉ်း စနစ်တို့ကိုလည်း မစဉ်းစား။ ၎င်းတို့ကို သိရှိပုံပင် ရချင်မှရမည်။ သို့ဖြစ်၍ စိတ် နှစ်ခွဖြစ်စရာလည်း မလို။ တိဟိတ် ပုဂ္ဂိုလ်မျိုး ဖြစ်နေ၍ အမြင်အာရုံလည်းရှင်းနေသည်။ သူ၏ အရပ်အမောင်းနှင့် ကိုက်ညီသည့် သူ၏ဦးခေါင်းမှ ချို စောင်းကို အသုံးချရန်အတွက်ကိုသာ လျှင် စောင့်ဆိုင်းထိုးသတ်ရင်း ကာ ကွယ်နေရာမှ အခွင့်အရေးရသည်နှင့် စောရူဘီ မေ့လျော့နေသည့် ကွက်လပ်အား လှလှပပ အသုံးချကာ သထုံတင်ဝင်းမှာ သူ၏ဦးခေါင်းမှ ချိုစောင်းနှင့် တိုက်ခိုက်အနိုင်ယူသွားသည်ကို တွေ့ရှိရလေသည်။

            နောက် ရွှေအနှင့် အခြားလူငယ် တစ်ဦးတို့၏ အတွဲဖြစ်သည်။ ရွှေအမှာ စကားမပြောတတ်သည့် လူငယ်လက် ဝှေ့သမားတစ်ဦး ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏အမည်ကို ရွှေအဆိုသည့်အမည် မှည့်ခေါ်ထားခြင်း ဖြစ်ပုံရပါသည်။ ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်သည့် လူငယ်၏အမည်ကိုတော့ ကျွန်တော် မမှတ်မိတော့။ ၎င်းတို့၏ အသက်အရွယ် တို့မှာလည်း ၂၅ နှစ်ခန့် အသက်အရွယ်များ ဖြစ်ကြ၍ ၎င်းတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းတို့မှာလည်း အတူတူလောက်ပင် ဖြစ်ကြသည်ဟု ထင်မိသည်။

            ထိုလူငယ်နှစ်ဦးတို့ ထိုး၍နေကြစဉ် ရွှေအမှာ အရှိုက်ကို ထိ၍သွားကာ ပုံလဲ ကျသွားသည်။ ဒူးခေါင်းနှင့် အတိုက်ခံ လိုက်ရခြင်း ဖြစ်ပုံရပါသည်။ ထိချက်မှာလည်း အတော်ပင်ပြင်းထန်၍ ရွှေအမှာ လုံးဝမလှုပ်နိုင်တော့ဘဲ သတိမေ့မျော၍ သွားသည်။ ထိုအခါတွင် ရွှေအကို အလဲထိုးလိုက်သည့်လူငယ်မှာ အတော်ပင် စိတ်မကောင်း ဖြစ်သွားသည်။ အတော်လည်း စိုးရိမ်နေပုံ ရပါသည်။ ပျာပျာသလဲဖြင့် သူ၏ ဘောင်းဘီတိုပေါ်၌ ထပ်၍ပတ်ထား သည့် သူ၏လုံချည်ကို ဖြုတ်ပြီး ရွှေအကို ယက်ခတ်ပေးနေရှာလေသည်။ ထိုကဲ့သို့ မြန်မာလက်ဝှေ့သမားတို့၏ အားကစားစိတ်ဓာတ်တို့ကိုလည်း တွေ့မြင်ခဲ့ရလေသည်။

ချစ်ခင်လေးစားစွာနှင့်

မောင်ဒီ

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။