ရွှေသုတ‌

ရောဘတ်ဖရော့(စ)ရဲ့ ဘာသာစကား

မြင့်သန်း

01 February 2026
ရောဘတ်ဖရော့(စ)ရဲ့ ဘာသာစကား
Share to

      တောထဲတောင်ထဲမှာနေတော့ ဖရော့(စ) Robert Frost (၁၈၇၄-၁၉၆၃)ရဲ့ ကဗျာတွေကို ကျွန်တော်က သဘောကျနေမိတယ်။ နှင်းကျလာတိုင်း သစ်ရွက်တွေ အရောင်ပြောင်းတိုင်း သူ့ကဗျာတစ်ပုဒ်ပုဒ် ခေါင်းထဲ ပြန်ရောက်လာတတ်တယ်။ ဖရော့(စ)က သဘာဝတရားအပေါ်မှာ သာယာတတ်တဲ့၊ ခံစားနိုင်စွမ်းရှိတဲ့ ကဗျာဆရာမျိုး။ သူ့ကဗျာတွေထဲမှာ သဘာဝတရားရဲ့ ဖြစ်ပျက်သဘောတွေလောက်သာ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်မှာ တကယ်ဖြစ် ရှိနေတဲ့ သဘာဝတရား ကို အခြေခံပြီး ပြညွှန်းနေတာတွေပါ ပါတယ်။ ဖရော့(စ) အကြောင်းရေးနေတုန်း ချင်းတွင်းမဂ္ဂဇင်း ထွက်လာတော့ ကိုတာရေးတဲ့ ကဗျာအကြောင်း ဖတ်ရပါတယ်။ အဲဒီမှာ သူက ဖရော့(စ)ကို ကိုးထားတယ်။ ကျွန်တော် ကြိုက်တဲ့ ဖရော့(စ)ရဲ့ ကဗျာတစ်ပုဒ်ပဲ။ မြန်မာပြန်က မောင်သာနိုးရဲ့ ဘာသာပြန်ကို ကိုးထားတယ်။

            ဒီနေရာမှာ ကြားဖြတ်ပြီး တင်ပြချင်တာ ရှိပါတယ်။ အခု ကျွန်တော် ရေးနေတာဟာ ဖရော့(စ)အကြောင်းပါ။ ကိုတာ့ အကြောင်း။ မောင်သာနိုးအကြောင်း။ ကောင်း၊ ဆိုး။ မှား၊ မှန် စတာတွေကို အကဲဖြတ်ဖို့ မဟုတ်ပါဘူး။ ကိုတာရော မောင်သာနိုးပါ လူတော်တွေဆိုတာ သံသယမရှိပါဘူး။ ကိုတာကတော့ အကြောင်းသမို့ ပြောရဲတာပဲ။ သူက ကဗျာကို အရသာရှိအောင် ဖတ်ကြည့်တတ်တဲ့လူမျိုး။ မောင်သာနိုးကိုတော့ မမြင်ဖူး၊ မသိဖူးဘူး။ ဒါပေတဲ့ သူရဲ့ အားထုတ်မှုဖြစ်တဲ့  ထင်းရှူးပင်ရိပ် တစ်အုပ်တည်းနဲ့ပဲ အသိအမှတ် မပြုလို့ မဖြစ်နိုင်ဘူး။ ဟိုစဉ်က (ပညာတတ်) လူကြီးပိုင်းတချို့က ထင်းရှူးပင်ရိပ်ကို ကြိတ်ပြီးဝေဖန်တာ ကြားရဖူးတယ်။ ကျွန်တော် ဉာဏ်မီသလောက်ကတော့ Semiotic structure အရ မမှားဘူး။ ဘာသာစကား အသုံးအနှုန်းကို အနက်ယူတဲ့ အပိုင်းမှာ သက်ဆိုင်ရာလူမျိုးစု 'အတွင်းမှာ' ဒါမှမဟုတ်ရင် 'နေ့စဉ်ဘဝအကြောင်းမှာ' (Language user of certain socialcultural community ကို ဆိုလိုတာပါ) ထဲထဲဝင်ဝင် သိမှသာ ပိုမိုသဘောပေါက်နိုင်ပြီး သာမန်အနေအထားတစ်ခု အတွင်းက အနက်ဖော်ရင် ရည်ညွှန်းအနက် မပေါ်လို့ မှားတာမျိုး ရှိ(နိုင်)တယ်။ ဒါက မိဘအစဉ်အလာသုံး ဘာသာစကား မဟုတ်ရင် ဘယ်လိုလူမျိုးမဆို မှားနိုင်တယ်။ မှားတတ်တယ်။ မသိလို့ မှားတာဟာ သိသလိုလိုနဲ့ဖြီးပြီး မှားတာမျိုးလို မဟုတ်လို့ လက်မခံစရာ မရှိဘူး။ ဖြီးပြီး မှားတာမျိုးက ဥပမာ-ဂျောန်ဒရိုင်ဒင် မရေးခဲ့တာတွေကို မှန်းချပြီး ဖြီးရေးတာမျိုး။ ဒီကောန်စထရပ်ရှင်းဆိုတာက ဖြိုဖျက်လေ့လာနည်းပညာလို့ စာပေပညာဟာ ဖျာဝင်ခင်းစရာလို့မြင်ပြီး ဖျာဝင်ခင်းတာမျိုး။ ကျုပ်ကတော့ ပြင်သစ်ဘာသာ ဒစ်ပလိုမာရလို့ ခင်ဗျားတို့ရေးတဲ့ မြန်မာစာမချောဘူးလို့ အသံမြည်ရုံ သံဇလုံထဲ ခဲလုံးထည့် ခေါက်ပြတာမျိုးတွေ။

            ဖရော့(စ) အကြောင်းဆီပြန်ရရင် ဖရော့(စ)ဟာ ဆန်ဖရန်စစ်ကိုက ဆိုပေတဲ့၊ နျူးဟဲ(မ)ရှိုင်းက ယာမှာနေထိုင်ခဲ့တာ များတယ်။ တောဘက်နယ်ဘက်မှာ သာယာတတ်တဲ့လူ။ သူ့ကဗျာတွေထဲမှာ စမ်းချောင်း၊ သစ်တော၊ ယာခင်း၊ ကျောက်တုံး၊ ကြယ်စတဲ့ သဘာဝတရားအခြေခံနဲ့ သူ့ဘာသာ ဖြစ်-တည်-ရှိနေကြတဲ့ဟာတွေကို တင်စားဖော်ထုတ်ပြလေ့ ရှိတယ်။ ရိုးရိုးအကြောင်းရပ်တွေကို အခြေခံပြီး နက်နက်နဲနဲတွေကို ကဗျာဖွဲ့တတ်တဲ့ ကဗျာဆရာ။ ကျွန်တော် တင်ပြချင်တာ၊ ကိုတာကိုးတဲ့ ဖရော့(စ)ရဲ့ကဗျာကိုပဲ။ Stopping by Woods on A Snowy Evening ပဲ။ ကိုတာ ရေးသလို 'သော့ ချက်စကားလုံး'ဆိုတဲ့အထိတော့ ကျွန်တော် ဉာဏ်မမီလို့ နားမလည်ဘူး။ ကျွန်တော် နားလည်တဲ့ ဘာသာစကားရဲ့ အကြောင်းကလေးလောက်ပဲ တင်ပြချင်ပါတယ်။ ဖရော့(စ) ရဲ့ ဒီကဗျာကို ရွေးရတာက အရေးရိုးပြီး အတွေးနက်တယ်လို့ ပညာရှင်တွေက ဆိုကြလို့ပါ။ ကျွန်တော်ကတော့ ဒီလို ဘာသာပြန်ပါတယ်...

နှင်းကျတဲ့ တစ်ညနေခင်းက

သစ်တောနားမှာ ခဏရပ်နေမိတယ်

ဘယ်သူ့သစ်တောဆိုတာ ငါသိတယ်လို့ ငါထင်တယ်၊

သူနေတဲ့အိမ်ကတော့ဖြင့် ရွာထဲမှာ။

သူ့သစ်တောတစ်ခုလုံး နှင်းဖုံးနေတာကို ဒီမှာ

ငါရပ်ပြီးကြည့်နေတာကိုဖြင့် သူမြင်မှာမဟုတ်ဘူး။

 

ငါ့မြင်းကလေးကတော့ သွေးရိုးသားရိုး မဟုတ်ဘူးလို့ ထင်မှာ၊

ယာတဲတစ်တဲနဲ့မှ မနီးတဲ့နေရာ

သစ်တောနဲ့ ခဲနေတဲ့ရေကန်အကြား

တစ်နှစ်လုံးနက်မှောင်ဆုံးအချိန်မျိုးမှာ ခုလိုရပ်တာ။

 

သူ့ရဲ့ခေါင်းလောင်းကို လှုပ်လိုက်တာက

ဘာများမှားသွားသလဲလို့ မေးလိုက်ပုံပဲ။

တခြားအသံဆိုလို့ကတော့ ဝှေ့လာတဲ့

လေနုကလေးနဲ့ လွင့်ကျလာတဲ့ နှင်းပွင့်ရဲ့အသံလောက်ပဲ။

 

တောအုပ်ဟာ နက်မှောင်၊ နက်ရှိုင်းနေလို့ လှပါပေ့။

ဒါပေတဲ့၊ ကတိကဝတ်ပြုထားတာက ရှိသေးတယ်။

မအိပ်စက်ခင်တော့ ခရီးဆက်ရမှာက ရှိနေသေးတယ်။

မအိပ်စက်ခင်တော့ ခရီးဆက်စရာက ရှိနေသေးတယ်။  ။

(မူရင်းကို စာအဆုံးမှာ ကြည့်ပါ)

 

            ဒီကဗျာဟာ အတွေးနက်တဲ့ကဗျာရယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဖရော့(စ)ကိုယ်တိုင် ပြောဖူးတာ တစ်ခုက 'ကျုပ်ကတော့ Synecdochist ပဲ'တဲ့ (Synecdoche ဆိုတာကို နားလည်လွယ်အောင် ဆိုရရင် အရိပ်လောက်ပဲ ပြထားပေးတဲ့ မြင်စေချင်တဲ့ အကောင်က အကြီးကြီး။ သီးခြား အကြောင်းကလေးတစ်ခုကို ဖော်ပြပေးတဲ့ ဆိုလိုရင်းက ကြီးမားတဲ့၊ ယေဘုယျကျတဲ့ အကြောင်းတစ်ရပ်ပဲ)။ ဒီတော့ ဒီကဗျာရဲ့ ဖော်ထုတ်လိုတဲ့အကြောင်းဟာ နှင်းကျတဲ့ ညနေခင်းမှာ ခပ်ပျင်းပျင်းနဲ့ လမ်းနံဘေးရပ်ပြီး သစ်တောကို ကြည့်တာမျိုး မဟုတ်တော့ဘူး။ ဒီကဗျာမျိုးကို 'ကဗျာကလေးကတော့ အကောင်းသား'ရယ်လို့ ကောက်ချက်ပေးဖို့ မသင့်ဘူး။ ပေးရင် စော်ကားသလိုပဲတောင်နေမယ်။ ဖရော့(စ)ဟာ ကဗျာကို ဖော်ထုတ်တင်ပြတဲ့ ဘာသာစကားအပေါ်မှာ အစဉ်အလာ သမားတွေနဲ့ ကွဲခဲ့တာတွေ ရှိတယ်။ ကဗျာကို ဖော်ထုတ်တင်ပြသူရဲ့အသံဟာ အရေးကြီးတယ်ဆိုတာကို မငြင်းခဲ့ဘူး။ ဒါပေတဲ့၊ ကဗျာရဲ့ဘာသာစကားကို နည်းပညာဆန်ဆန် အနေအထားနဲ့ လက်ခံထားကြရာက ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနေအထားကို ပြောင်းပြီး သူက လက်ခံလာခဲ့တယ်။ ဆိုလိုတာက ကဗျာရဲ့ဘာသာစကားမှာ Tone တို့၊ ကာရန်တို့ အရေးကြီးတယ်လို့ အစဉ်အလာ လက်ခံပုံကနေ သက်ဝင်ယုံကြည်မှု၊ သတ္တိရှိမှု၊ ပြတ်သားမှုစတာတွေ က အရေးကြီးတယ်လို့ လက်ခံလာတယ်။ ဒိပြင်၊ ဘာသာဗေဒ Linguistic အရ အရေးပါတဲ့ အနက်အဓိပ္ပာယ်၊ တင်စားမှု စတာတွေရဲ့ အရေးပါပုံကို ထည့်စဉ်းစားလာခဲ့တဲ့ ကဗျာဆရာ၊ တစ်နည်းဆိုရရင်တော့ ကဗျာကို (ကဗျာရဲ့စွမ်းဆောင်မှုကို) ကျယ်ကျယ်ပြန့်ပြန့် လက်ခံတဲ့အမြင်ရှိတဲ့သူလို့ ဆိုရမယ်။

            'နှင်းကျတဲ့ တစ်ညနေခင်းက သစ်တောအနားမှာ ခဏရပ်နေမိတယ်'ကဗျာအကြောင်း မဆွေးနွေးခင် ဖရော့(စ) အကြောင်း (ဖရော့(စ)ရဲ့ ကဗျာပေါ်မှာ ထားရှိတဲ့အမြင်လို့ ဆိုချင်ဆိုပါ) နည်းနည်းတင်ပြချင်ပါတယ်။

            ဖရော့(စ)က ကဗျာနဲ့ တေးဂီတကို တစ်မျိုး(တစ်စား) တည်းလို့ ဆိုတာကို လက်မခံဘူး။ ယိတ်(စ) W.B.Yeats မှာလည်း ဒီအမြင်မျိုးရှိလို့ သူက သဘောကျတယ်။ Edwin Arlington Robinson ရဲ့ 'စကားပြောလေ' Speaking tone ကိုလည်း ဖရော့(စ)က သဘောကျတယ်။ 'ဘယ်တေးဂီမှ ကဗျာနဲ့မတူဘူး'လို့ ဟောပြောပွဲတစ်ခုမှ ဖရော့(စ)က အခိုင်အမာပြောခဲ့ဖူးတယ်။ ကဗျာနဲ့ ဂီတကို တစ်သားတည်း လက်မခံပေးတဲ့သူ အသံသမား။ ကဗျာမှာ အသံဟာ အရေးပါတယ်ဆိုတာကို လက်ခံတယ် (ဒီမှာ အသံဆိုတာက Sound ကို ဆိုလိုတာ)။ Sound is an element of poetry လို့ ဆိုခဲ့ဖူးတယ်။ သတင်းစာ တစ်စောင်မှာ အမေးအဖြေလုပ်တော့ ဖရော့(စ)က ပြောတယ်။

ကဗျာတစ်ပုဒ်ဟာ သုံးနေရာမှာ သွားငြိဖို့ လိုတယ်။ မျက်လုံး၊ နားနဲ့ နှလုံးသားခေါ်ခေါ်၊ စိတ်မှာ ခေါ်ခေါ်။ အဲဒီ သုံးနေရာမှာ ငြိရမယ်။ အရေး အကြီးဆုံးကတော့ ဖတ်တဲ့သူရဲ့ နှလုံးသားကို ထိရမှာပဲ။ နှလုံးသားဆီကို ရောက်ဖို့ နားလိုတယ်။ ပုံဖော်နိုင်ဖို့ ပုံရိပ်တွေလိုတယ်။ ဒါပေတဲ့ စာလုံးစီပုံက ပိုလိုသေးတယ်။ ဒါမှ ဖတ်တဲ့သူရဲ့ တက်သံ ကျသံ၊ ဖြတ်သံနားသံတွေကို ထိန်းကျောင်းနိုင်မယ်...

            ဖရော့(စ)ရဲ့ ကဗျာမှာ အရေးကြီးပုံကို ကြည့်ရင်ဖတ်တဲ့ လူရဲ့အသံ။ တက်သံကျသံ၊ ဖြတ်သံနားသံတွေဆိုတာက စကားပြောသလိုမျိုးကို ဆိုလိုတာပဲ။ အစဉ်အလာကဗျာမှာလို သီချင်းဆိုသလို ကာရန်နဘေကိုက်မျိုး မဟုတ်ဘူး။ အင်္ဂလိပ်ကဗျာတွေမှာ ပြောဆိုနေကြတဲ့ ကာရန်တို့၊ ရစ်သမ်တို့ ဆိုတာတွေက ကဗျာကို အတင်းနယ်ချုံ့နေတာပဲလို့တောင် သူက မြင်တယ်။ ကဗျာမှာ ရစ်သမ်ရှိတယ် (ရှိရမယ်)ဆိုရင် ပုံမှန်စကားပြောရစ်သမ် Natural talking rhythm ပဲ။ ဒီတော့လည်း လွတ်လပ်တဲ့ရစ်သစ်အကြောင်းကို ဖရော့(စ)က တင်ပြလာတယ် (ဒီနေရာမှာ Free rhythm ကို ဆိုလိုတာပါ။ ရစ်သမ်က 'လွတ်လပ်ရမယ်'လို့ ဆိုလိုတာ မဟုတ်ပါဘူး)။ 'လွတ်လပ်တဲ့ရစ်သမ်ဆိုတာ သဘာဝတရားလိုပဲ။ ထိန်းကွပ်မထားဘူး။ ကဗျာကို တိုင်းတာတဲ့ မီတာဆိုတာကတော့ လူ့ဘဝလိုပဲ။ အထိန်းအကွပ်ရှိတယ်'လို့ သူက ပြောခဲ့ဖူးတယ်။ ဒီလိုပြောတော့ ဖရော့(စ)ဟာ ကဗျာစနစ်တွေကို ငြင်းဆိုနေ တာပဲလို့ ထင်စရာရှိလာတယ်။ တကယ်တော့ ဖရော့(စ)ဟာ ကဗျာစနစ်ကို မငြင်းပယ်ခဲ့ဘူး။ ကဗျာဆိုတာ ကဗျာနဲ့တော့ တူရမယ်ဆိုတဲ့ အမြင်ကို လက်ခံခဲ့လို့ ဖရော့(စ)ဟာ ပုံစံ Form ကို လက်ခံခဲ့တဲ့လူလို့ ဆိုနိုင်တယ်။

            ပုံစံမလိုဘဲ လွတ်လွတ်လပ်လပ်ကြီး ကဗျာဖွဲ့လို့ ဖြစ်တယ်ဆိုတဲ့လူတွေကို တုံ့ပြန်တုန်းက (ခပ်လွယ်လွယ်၊ ဖရော့(စ) လေနဲ့ပြောရရင် 'သယ်'တုန်းက) သူပေးတဲ့ နမူနာတစ်ခု ရှိတယ်။ 'တင်းနစ်ရိုက်တဲ့အခါ အလယ်က ပိုက်ကို ဖြုတ်ထားသလိုပဲနေမှာပဲ။ အားစိုက်စရာလည်း မလိုတော့ဘူး။ ပျော်စရာလည်း မရှိဘူး။ ဘယ်လိုမှလည်း အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး'တဲ့။ ပုံစံကို အဓိကထားတယ် ဆိုပေတဲ့လည်း တစ်ပုဒ်ရဲ့ပုံစံဆိုတာက ဘာပုံစံမှ မရှိဘူးရယ်လို့ ခြောက်လှန့်ခံရတဲ့အခါမျိုးနဲ့ တိုးတဲ့အခါ ပေါ်လာတဲ့ ဥစ္စာပဲ'လို့ ဆိုဖူးတယ်။ ဆိုလိုတာကတော့ ကဗျာဆိုတာ ပုံစံတစ်ခုခုတော့ရှိတယ်။ ဘာမျှ မရှိဘူးဆိုရင် ကဗျာဆိုတာ ဘာလဲလို့မေးစရာဖြစ်လာမယ်။ ဒီတော့ ကဗျာရယ်လို့ ပြောဖို့ ပုံစံရှိရမှာပဲ။ ကဗျာစပ်တယ်ဆိုတာကိုက ကဗျာပဲလို့ ဆိုရမယ့်သဘော ဖြစ်သွားတယ်။ ပုံစံဟာ ကန့်သတ်တဲ့ သဘောမျိုး မဟုတ်ဘူး။ လွတ်လပ်တဲ့သဘောပဲလို့ သူက မြင်တယ်။ ဒီတော့လည်း သူ လက်ခံထားတဲ့ပုံစံဆိုတာ အစဉ်အလာအတိုင်း အနက်ဖွင့်ထားတဲ့ ပုံစံမဟုတ်ဘူးလို့ပဲ ဆိုရလိမ့်မယ်။ ရှင်းရှင်းဆိုရရင် ကဗျာဆိုတာ ဘယ်လိုပဲဆိုတဲ့ (Form)ကို လက်ခံတော့ စီစဉ်ထုတ်လုပ်တဲ့ (Design) သဘောဟာ သူ့အတွက် တန်ဖိုးထားစရာအကြောင်းတစ်ခု ဖြစ်လာတယ် (သူက Design လို့ နာမည်ပေးထားတဲ့ကဗျာတစ်ပုဒ်လည်း ရေးသေးတယ်)။

            ဖရော့(စ)အကြောင်းကို အကြမ်းဖျင်း သိလောက်ပြီ ထင်ပါတယ်။ 'နှင်းကျတဲ့တစ်ညနေခင်းက သစ်တော အနားမှာ ခဏရပ်နေမိတယ်'ကဗျာအကြောင်း တင်ပြပါရစေ။ ဘာသာပြန်ထားပုံ တစ်ခုနှစ်ခုလောက် အရင်ရှင်းပြပါရစေ။ ဖရော့(စ)က အရပ်သုံးလေ Conversational tone ကြိုက်တဲ့သူမို့ ကဗျာရဲ့နာမည်ကို နေ့စဉ်သုံးစကားသံနဲ့ပဲ ပြန်လိုက်ပါတယ်။ ကဗျာဆန်ဆန်ကာရန်လိုက် မပြန်တော့ဘူး။ ကဗျာရဲ့နာမည်ဘာသာပြန်မှာ 'ခဏ'ဆိုတာထည့်ထားတော့ ဘာသာပြန်ရင်း တစ်လုံးချင်း ဘာသာပြန်ရမကွယ့်လို့ မှတ်ထားတဲ့လူတွေအနေနဲ့ အပိုလို့ မြင်ကောင်းမြင်မယ်။ ဖြည့်ထားတဲ့စာလုံးဆိုတာအမှန်ပဲ။ ဖြည့်ထားတယ်ဆိုပေတဲ့ အပို သဘောမျိုးမဟုတ်ပါဘူး။ မူရင်းရဲ့ဆိုလိုရင်း (ဒီနေရာမှာ Meaning ထက် Sense ကို ဆိုလိုပါတယ်) ပေါ်အောင်လို့ပါ။ Stopping by ဆိုတာက ခဏရပ်တာမျိုး။ ရေရာမှု မရှိတဲ့အသံနဲ့ ရေးထားတာ။ ရပ်ရုံရပ်တာ။ ရည်ရွယ်ရင်း အကြောင်းတရား တစ်စုံတစ်ရာ မပါဘူး (ဥပမာ-ရှူရှူပေါက်ချင်လို့ လမ်းနံဘေးရပ်တာမျိုးတောင် မဟုတ်ဘူး)။ ရည်ရွယ်မထားဘဲနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ပေါ်ထွက်လာတာကတော့ အတွေးတွေပဲ။ အတွေးဆိုပေတဲ့ ဆင်ခြင်ကြည့်တဲ့သဘော။ Woods ကို သစ်တောလို့ပဲ ပြန်လိုက်ပါတယ်။ နျူးအင်္ဂလန်ဒေသရဲ့ အတိုင်းအတာနဲ့ဆိုရင် သစ်တောလို့ပဲ ကျွန်တော် မြင်တယ်။ ဖရော့(စ)ကိုယ်တိုင်ကလည်း Forest လို့ မသုံးခဲ့ဘူး။ သူတို့ရဲ့ Woods ကို ရှမ်းပြည်နယ်ဘက်မှာ ကျွန်တော် မြင်ခဲ့ဖူးတဲ့သစ်တောဆိုတာနဲ့ ချိန်ထိုးကြည့်ပြီး သစ်တောလို့ပဲ ဘာသာပြန်လိုက်တာ။

            ကဗျာကို ဖော်ထုတ်တင်ပြနေသူရဲ့ အသံထဲမှာ မရေရာမှုကို ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ ဒီအချက်ကို အထောက်အကူပြုဖို့ ပထမဆုံးစာကြောင်းမှာ '...ထင်တယ်' ဆိုတာကို ကဗျာဆရာက အားဖြည့်ပြီး ထည့်ထားတယ်။ ဒုတိယစာကြောင်းက House ကို 'နေတဲ့အိမ်'လို့ ပြန်ပါတယ်။ အမှန်မတော့ 'နေတာက'လို့ ဆိုလို့ဖြစ်တယ်။ သူ့ဆိုလိုရင်းက အဲဒါပဲ။ ဒုတိယစာကြောင်းက though က အားကောင်းတယ်။ ကျွန်တော့အနေနဲ့တော့ '...က တော့ဖြင့်' ဆိုတာ လောက်ပဲ။ မြန်မာဘာသာစကားနဲ့ ဖလှယ်နိုင်တယ်။ လူမှုဝန်းကျင် စာကြောင်းနှစ်ကြောင်းက Miles ဆိုတာကို မိုင်လို့ မပြန်တော့ဘူး။ ဒီနေရာမှာ Miles ဟာ ကဗျာကို ဖော်ထုတ် တင်ပြနေသူရဲ့ ပြချင်တဲ့ဆင်ခြေထဲက အတိုင်းအတာတစ်ခုပဲ။ သူ ခရီးဆက်ရဦးမယ်လို့ ဆိုလိုတာဖြစ်လို့ အဲဒီအတိုင်းသာ ပြန်ဆိုလိုက်ပါတယ်။ ဒီနေရာမှာ Miles ဟာ ခရီးမိုင် အတိုင်းအတာဖြစ်ခြင်းကို မညွှန်းလိုပါ။ ကျွန်တော် နားလည်သရွေ့ကတော့ ကဗျာကို ဘာသာပြန်ရာမှာ တျူရှင်ဆရာက စာသင်သလို တစ်လုံးချင်း အဘိဓာန်လာ အနက်ဖွင့်ပြီး စာပြန်စီသလို လုပ်လို့ မရဘူး။ ဒီမှာ ဆက်စပ်နေလို့ တင်ပြချင်တာကလေးတစ်ခု ရှိပါတယ်။ မူရင်းကဗျာရဲ့ စာကြောင်းရေ ၁၃ မှာ ဖရော့(စ)က The woods are lovely, dark and deep လို့ ရေးခဲ့ပါတယ်။ သူ့ကဗျာတွေကို သူ့ဘာသာ တည်းဖြတ်တဲ့မူတွေအားလုံးမှာ ... lovely, dark and deep, လို့ပဲ ဖော်ပြခဲ့ပါတယ်။ သူ တည်ဆောက်ပြထားတာက .... lovely, (that is) dark and deep လို့ ဆိုလိုချင်တာပဲ။ လှပနေတာ၊ နှစ်လိုစရာ ဖြစ်နေတာဟာ နက်မှောင်နေလို့၊ နက်ရှိုင်းနေလို့ ပဲဆိုတဲ့သဘောပဲ။ လှပတာ၊ နက်မှောင်နေတာ၊ နက်ရှိုင်းနေတာတွေဟာ သစ်တောရဲ့ ဂုဏ်ရည်အသီးသီးပဲလို့ ဆိုလိုတာ မဟုတ်ပါဘူး။

            'နှင်းကျတဲ့ တစ်ညနေခင်းက သစ်တောအနားမှာ ခဏရပ်နေမိတယ်'ကဗျာကို ပညာရှင်တွေ ရှင်းလင်းအနက်ဖွင့်ကြပုံအကြောင်းတွေ တင်ပြပါရစေ။ ဒီကဗျာရဲ့ တည်ဆောက်ပုံက interior monologue လို့ခေါ်ကြတဲ့ တစ်ကိုယ်တည်း၊ ကိုယ့်ဘာသာပြော(နေ)တဲ့ ကဗျာမျိုးပဲ။ ကဗျာကို ဖော်ထုတ် တင်ပြနေသူရဲ့အသံကို စဦးကတည်းက ကြားရတယ်။ အင်္ဂလိပ်လို Tone လို့ ခေါ်တဲ့ဟာပဲ။ သူ့ရှေ့မှာ မြင်နေရတာကို သူ့ဘာသာပြောနေတာ။ ရှေ့မှာရေးခဲ့သလို၊ မရေရာသံ ပါနေတယ်။ '...ငါသိတယ်လို့ ငါထင်တယ်'လို့ ပထမဦးဆုံး စာကြောင်းမှာတင် ဖော်ထုတ်တင်ပြထားခဲ့တယ်။ သိမှု အပိုင်းမှာ မရေရာဘူး။ 'သိတယ်'ဆိုတာကို 'ထင်တယ်'ဆိုတာက ဆန့်ကျင်ထားလိုက်တဲ့သဘောပဲ။ ဒီနေရာမှာ မရေရာမှုရဲ့အသံဟာ သူတို့ဘာသာစကားမှာ ပိုပြီးပေါ်လွင်နေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် အပြောစကားမှာ ... I think I know နဲ့ ... I think I know ရဲ့ အကြားမှာတောင် အသံကိုလိုက်လို့ အနက်ကွဲသွားနိုင်သေးတယ်။ ကဗျာကို ဖော်ထုတ်ပြထားတာ ဘယ်တုန်းအခါမှာလဲလို့ မေးစရာရှိတယ်။ ကဗျာရဲ့ ဒုတိယအပိုဒ်ထဲမှာ ဖော်ထုတ်ပြထားတယ်။ 'တစ်နှစ်လုံးရဲ့ နက်မှောင်ဆုံးအချိန်မှာ'လို့ ဆိုတယ်။ ဖရော့(စ)ရဲ့ ကဗျာကို လေ့လာတဲ့၊ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာရှင်တွေကတော့ ဖရော့(စ) ရဲ့ ဆိုလိုရင်းဟာ နှင်းကျတဲ့တစ်ညနေခင်းရဲ့အကြောင်းကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ နက်မှောင်နေတဲ့အတွက် သိမှုအပိုင်းမှာ မရေရာတော့ဘူး။ နိုးတာနဲ့အိပ်တာ။ သိစိတ်ရှိနေတာနဲ့ မရှိတော့တာ။ ဘဝရဲ့အိပ်မက် မကွဲတော့တာကို ဖော်ချင်တဲ့ဦးတည်ချက်နဲ့ အနက်မှောင်ဆုံးကာလ တစ်ခုရယ်လို့ ကန့်သတ်ပြတာလို့ ဆိုကြပါတယ်။

            တစ်ကိုယ်တည်း ကိုယ့်ဘာသာပြောနေပုံမျိုး ဆိုပေတဲ့လည်း ကဗျာကို တင်ပြနေသူရဲ့အသံထဲမှာ နှစ်သံလို ဖြစ်နေတယ်။ တစ်ခုက ကပ်ငြိနေမိတဲ့အသံပဲ။ ကဗျာကို ဖော်ထုတ်ပြနေသူက အတွင်းဘက်ကို လှည့်မကြည့်ဘူး။ သူ့ပတ်ဝန်းကျင်အကြောင်းပဲ သက်သေထူနေတယ်။ အတွင်းထဲက သေခြင်းတရားပေါ်မှာ ကပ်ငြိနေတဲ့အသံက နောက်ဆုံးအပိုဒ်မှကြားရတာ။ ကြားရတာဆိုပေတဲ့လည်း သိုကာသီကာလာက်ပဲ ဖွင့်ပြောတာ။ 'မအိပ်စက်ခင်တော့ ခရီးဆက်ရမှာက ရှိနေသေး တယ်။...'ဆိုတာက နေဝင်မိုးချုပ်လို့ အိပ်ပုံမျိုးတစ်ခုတည်းကို ရည်ရွယ်တာမဟုတ်ဘူးလို့ ပညာရှင်တွေက အနက်ဖွင့်ကြတယ်။ သေခြင်းတရားကိုလည်း ဆိုလိုတာပဲ။ အရပ်စကားနဲ့ ပြောရရင်တော့ 'မသေခင်လုပ်စရာကလေးတွေရှိသေးတယ်' ဆိုတဲ့သဘောမျိုးပဲ။ ကျွန်တော် မြင်တာကတော့။ ဒီကဗျာမှာ ကဗျာကို တင်ပြနေသူရဲ့ အားပြိုင်နေမှုပဲ။ တကယ့်ဘဝနဲ့ အသိထဲကဘဝ။ နည်းနည်းကြီးကြီးကျယ်ကျယ်ဆိုရရင်တော့ ပုဂ္ဂလဓိဋ္ဌာန်လောကနဲ့ ဓမ္မဓိဋ္ဌာန်ကျကျရှိနေတဲ့ လောကနှစ်ခုရဲ့ အားပြိုင်နေပုံပဲ။ အားပြိုင်နေမှုမှာ ကဗျာကို ဖော်ထုတ်တင်ပြနေသူက ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် သစ်တောကတော့ သူနဲ့ ပါသွားတော့မှာပဲ။ သူ့ရဲ့အတွင်းမှာ သစ်တောဟာ လှပခြင်း တစ်ခုအဖြစ် သတ်မှတ်လက်ခံထားခဲ့ပြီ။

            ဒီကဗျာကို ဖရော့(စ)က ပစ္စုပ္ပန်မှာ ရပ်ပြီးရေးထားတဲ့ ပုံစံမျိုးနဲ့ ရေးခဲ့တယ်။ ကဗျာရဲ့အဆုံးမှာတောင်၊ ထွက်လာ/ သွားခဲ့ပြီးရယ်လို့ ယတိပြတ်မဆိုခဲ့ဘူး။ သစ်တောနံဘေးမှာ ရပ်နေတဲ့ ကဗျာကို ဖော်ထုတ်နေသူဟာ 'ခရီးဆက်စရာ ရှိသေးတယ်'လို့ပဲ ဆိုတယ်။ ကဗျာပြီးဆုံးသွားတဲ့အထိ ခရီးမဆက်ရသေးဘူး။ ပထမအပိုဒ်မှာ ခရီးသွားက သစ်တော အနားမှာ ရပ်ပြီး သစ်တောအကြောင်း ပြောတယ်။ သူက ဒီသစ်တော (အရပ်၊ဒေသ)နဲ့ ရင်းနှီးပြီးသား။ မရောက်ဖူးတဲ့ ခရီးတစ်ခုကို ထွက်လာခဲ့သူ၊ သူစိမ်းတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် ဒီသစ်တောကို ဘယ်သူပိုင်တယ်ဆိုတာတောင် ခပ်ရေးရေး သိထားသလိုပဲ။ ဒုတိယအပိုဒ်မှာတော့ သူ့မြင်း ကလေးဘက် စဉ်းစားကြည့်တယ်။ စဉ်းစားကြည့်ရင်း သူ ရောက်ရှိနေတဲ့နေရာရဲ့အနေအထား (ကာလ-ဒေသ)ကို ပြတယ်။ တတိယအပိုဒ်ကလည်း အဲဒီလိုပဲ။ မြင်းကလေးဘက်က အတွေးနဲ့ ပတ်ဝန်းကျင်ရဲ့အနေအထားပဲ။ ဒီနှစ်ပိုဒ်ဟာ ကဗျာကို ဖော်ထုတ်တင်ပြနေတဲ့ ခရီးသည်ရဲ့ ရောက်ရှိ နေတဲ့ အနေအထားအတွင်းက အတွေးစတွေပဲ။ စိတ်ကူးနဲ့ တကယ့်ဘဝ ထွေးလုံးနေပုံပဲ။ နောက်ဆုံးအပိုဒ်မှာတော့ ခရီးသည်ဟာ တကယ့်ဘဝထဲကို ပြန်ရောက်လာတယ်။ ပတ်ဝန်းကျင်ကို သာယာနေမိရာက တကယ့်ဘဝထဲ ပြန်ရောက်လာပြီ။ တကယ့်ဘဝထဲက နေ့စဉ်ဘဝအတွေး ပြန်ရလာတယ်။ သူ လုပ်စရာရှိတာကလေးတော့ လုပ်လိုက်ဦးမယ်လို့ တွေးလိုက်မိတာပဲ။ တချို့ပညာရှင်တွေကတော့ ဒီနေရာမှာ ဖရော့(စ)က သေခြင်းတရားကို ရည်ညွှန်းတယ်လို့ မြင်ကြတယ်။ နေမလား-သေမလား ဆိုတဲ့ ပြဿနာမှာ မသေခင်တော့ လုပ်စရာရှိတာကလေးတွေလုပ်ပြီး နေရဦးမှာပဲဆိုတဲ့ သဘောလို့ ဆိုကြတယ်။

            ဖရော့(စ)ဟာ သဘာဝတရား အခြေခံအတွေးအမြင်တွေမှာ အားသန်တယ်။ သူ့ပတ်ဝန်းကျင်ကို အခြေခံပြီး လူ့ဘဝကို ရှုမြင်တတ်တယ်။ ရှင်းအောင် နမူနာပြရရင် မြန်မာလူမှုယဉ်ကျေးမှုဝန်းကျင် အတိုင်းအတာထဲမှာ ရံဖန်ရံခါ ဖတ်ရတတ်တဲ့ နီရိုးဘုရင်တို့၊ ကမ္ဘာရွာတို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့၊ ချိုးဖြူငှက်တို့၊ ....စတဲ့၊ မစားရဝခမန်းတွေနဲ့ တန်ဆာဆင်ပြီး ကဗျာဖွဲ့တာမျိုးမဟုတ်ဘူး။ တစ်ခါက မအိရေးခဲ့ဖူးသလို...

            ...ထွန်းညှိနေသွားရတော့မယ့်ဘဝပဲလေ

            ရိုးမကတော့ အနေအထားတစ်ခုမှာ

            သူ့ဒဏ်ရာဒဏ်ချက်အနာဟောင်းတွေ

            ကောင်းကောင်းအသားမာတက်

            ရှင်းရှင်းပျောက်သည်ထိ ...

ဆိုသလိုမျိုး ရေးတာ။ ပတ်ဝန်းကျင်စေ့ဆော်မှုအခြေခံ၊ အတွေး၊ သိမှု၊ ဝေဒနာတွေကို ဖွင့်လှစ်ပြတာမျိုး။ ရှိရင်းစွဲပတ်ဝန်းကျင်မှာ တည်ပြီး ဝေဒနာတစ်စုံတစ်ခုကို တည်ဆောက်ပြတာပဲ။ ဖရော့(စ)အဖို့မှာက သူ့ပတ်ဝန်းကျင်ဟာ သူ့ကဗျာပဲ။ ပတ်ဝန်းကျင်က ဖြစ်ပေါ်စေခဲ့တဲ့ တစ်စုံတစ်ရာကို ကြားခံ ပစ္စည်းတစ်ခုအဖြစ်သုံးပြီး 'ပုံရုပ်'ဖော်ကြည့်ဖို့ 'ပုံရိပ်'ပြတာ မဟုတ်ဘူး။ သူက မြင်စေ/သိစေချင်တာတွေကို မြင်ဖို့/ သိကြဖို့ သူ့ပတ်ဝန်းကျင်မှာ ဖြစ်-ရှိနေတာတွေနဲ့ပြတာ (ဒါ့ကြောင့်လည်း သူက "I started calling myself a Synecdochist when others called themselves Imagisis or Vorticists." လို့ ပြောတာပဲ)။ ဖရော့(စ) နေထိုင်ကျင်လည်ခဲ့တဲ့ နျူးအင်္ဂလန်ဒေသက သစ်တောတွေဟာ သူ့ကို အတော်ပဲ လွှမ်းမိုးခဲ့တယ်။ ဒီတော့လည်း သူပြုချင်တာ၊ သူပြောချင်တာတွေကို ဒီသစ်တောတွေ (သူ့ပတ်ဝန်းကျင်မှာ ရှိနေတာတွေ)နဲ့ သူက ပြောင်းလဲပြီး ဖော်ထုတ်ပြတာပဲ (မက်တာ Metaphor အဖြစ် သုံးတာပဲ)။ ဖရော့(စ)က မက်တာဖော်ကိုလည်း ကြိုက်တဲ့လူ။ "Poetry is simply made of metaphor" လို့ ပြောခဲ့တာသာကြည့်ပါ။ ရှင်းအောင်ဆိုရရင်တော့ “saying one thing and meaning another, saying one thing in terms of another, the pleasure of ulteriority” ပဲ။ ဒီတော့လည်း သူ့ရဲ့ 'သစ်တော' ဆိုတာတွေဟာ သစ်တောမည်ကာ မတ္တပဲလို့ ဆိုဖို့ မလွယ်တော့ဘူး။

            ဖရော့(စ)ဟာ တစ်ချိန်က အင်္ဂလန်ဆီမှာ ထင်ရှားခဲ့တဲ့ ရိုမန်တစ်ကဗျာဆရာတွေနဲ့တောင် တချို့နေရာတွေမှာ တူတယ်လို့ မြင်ကြတယ် (စပ်လျဉ်းလို့ ကျွန်တော့်အမြင်တစ်ခု တင်ပြရရင် ဖရော့(စ)အရေးအသားတချို့ဟာ ဂျာမန်ရိုမန် တစ်ကာလက ရှိခဲ့ဖူးတဲ့ Waldinsamkiet ဆိုတာနဲ့တောင် ဆင်တယ် ထင်တယ်။ ဒါကလည်း ကျွန်တော့်အထင် သက်သက်ပဲ။ မှန်ချင်မှ မှန်မယ်။ နိုဗလစ် Novalis တို့၊ Tieck ခု တို့ရေးခဲ့ကြဖူးတာမျိုး) အဓိကဆိုလိုတဲ့အချက်ကတော့ သဘာဝတရားကို ရှုမြင်ပြီး ကဗျာထဲမှာ (ကဗျာအရ) ပြန်လည် ဖော်ထုတ်ပုံပဲ။ 'သစ်တော'နဲ့ 'နက်မှောင်မှု'တို့ကို သူ့ကဗျာ အရေးအသားမှာ အတော်ကလေးထည့်ပြီး သုံးခဲ့တယ်။ အဲဒီလိုပဲ 'နေ့ကာလ' 'အလင်းရောင်' 'ကျေးငှက်တိရစ္ဆာန် စတာတွေ'စတာတွေကိုလည်း သူ့ကဗျာအဖွဲ့တွေမှာ ထည့်သွင်း အသုံးပြုခဲ့တယ်။ 'ဝင်ခဲ့လေ' Come In ကဗျာမှာလည်း 'သစ်တော' 'နက်မှောင်မှု'စတာတွေနဲ့ စခဲ့တယ်။ အစ နှစ်ပိုဒ်က ဒီလိုပါ...

            သစ်တောအစပ်ဆီ ငါရောက်တာနဲ့

            မြေလူးငှက်ရဲ့တေးသံကို...ကြားလိုက်ရတယ်

            အခု၊ အပြင်ဘက်မှာ မှောင်ရီပျိုးပြီဆိုရင်ဖြင့်

            အထဲမှာတော့ နက်မှောင်နေမှာပဲ။

 

            ငှက်တစ်ကောင် အတောင်ပံဖြန့်စရာ

            သစ်တောဟာ မှောင်လွန်းလှတယ်။

            ညမို့၊ သစ်ကိုင်းအပေါ်မှာ နားနေတာ ပိုကောင်းမယ်

            သီချင်းတော့ ဆိုနိုင်လိမ့်ဦးမယ်။...

            ဒီမှာလည်း ဖရော့(စ)က ဘဝရဲ့နောက်ဆုံးကာလတွေအကြောင်း ဖော်ချင်တာပဲလို့ ပညာရှင်တွေက ဆိုတယ်။ တောစပ်ကို ရောက်နေပြီဆိုတဲ့ အနေအထားကတော့ မြန်မာ တို့ရဲ့ဘာသာစကားဘောင်ထဲမှာ ဘဝရဲ့နေဝင်ချိန်လို့ ဆိုကြတာမျိုးကို ဖော်ချင်တာပဲ။ ဖြစ်-ရှိနေရတဲ့အနေအထားဟာ သစ်တောထဲက ငှက်ပဲ။ မှောင်လွန်းလို့ မပျံနိုင်တော့ပေတဲ့၊ သီချင်းကလေးတော့ဖြင့် ဆိုနိုင်သေးတယ်လို့ ဖော်ထားတယ်။ ကျွန်တော့်အနေနဲ့ အဓိကထားပြီး တင်ပြချင်တာ ဖရော့(စ)ရဲ့ ဘာသာစကားအထဲမှာ အမြဲလိုပေါ်နေတဲ့ သူ့ပတ်ဝန်းကျင်ပဲ။ တစ်ချိန်တည်းမှာပဲ သူ့ပတ်ဝန်းကျင်မှာ ရှိရှိသမျှ သဘာဝအခြေခံဖြစ်ရှိနေမှုတွေကို သုံးစွဲပြီး ကဗျာတည်ဆောက်ထားတာ မှန်ပေတဲ့၊ သူ့ရဲ့ဆိုလိုရင်းတွေဟာ ပြထားတဲ့ပုံရိပ်ရဲ့ ဘောင်အထဲမှာလောက်ပဲ ရပ်တန့်မနေဘူးဆိုတာပဲ (သူက Synecdochist လို့ သူ့ကိုယ်သူဆိုတာ အဲဒီအကြောင်းကြောင့်ပဲ)။

            အကြောင်းသင့်နေလို့ တင်ပြရရင် အင်မတန် ပြောစမှတ် ဖြစ်စရာ၊ ကိုးစရာဖြစ်ခဲ့တဲ့ ဖရော့(စ)ရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ မြန်မာလိုဆိုရရင်တော့ 'မရွေးခဲ့မိတဲ့လမ်း' The Road not Taken ဆိုတဲ့ကဗျာပဲ။ ဒီကဗျာလည်း သစ်တောထဲမှာ အခြေခံခဲ့တာပဲ။ အဆုံးသတ် သုံးကြောင်းက ဒီလိုပါ...

            သစ်တောထဲမှာလမ်းက နှစ်ခုကွဲသွားတယ်။ ငါက-

            ငါကတော့ သွားသူနည်းတဲ့လမ်းကို ရွေးခဲ့တယ်။

            ဒီတော့၊ အရာရာတိုင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့ ရတော့တာပဲ။

            ဒီကဗျာဟာ သူ့မိတ်ဆွေတစ်ယောက်ကို ကြည့်ပြီး ရေးမိခဲ့တာပဲလို့ ၁၉၅၃ ခုနှစ်က Bread Loaf Writers' Conference မှာ ပြောခဲ့တယ်။ 'ဘယ်လမ်းကိုရွေးရွေး တခြားလမ်းကို မရွေးမိတဲ့အတွက် နောင်တတော့ ရရမှာပဲ'လို့ ဆိုချင်တာလို့ သူက ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သစ်တောဟာ ဖရော့(စ)ရဲ့ ကဗျာဘာသာစကားထဲက အရေးပါတဲ့ ရပ်ဝန်းတစ်ခုပဲ။ ဒါကြောင့် ကဗျာဆရာရဲ့ ဘာသာစကားကို သိရင် ကဗျာဖတ်လို့ ပိုကောင်းတယ်။ မူရင်းကဗျာကို ရေးသားဖော်ထုတ်ထားတဲ့ လူမှုယဉ်ကျေးမှု ပတ်ဝန်းကျင်အကြောင်းကို တီးခေါက်မိရင် ပိုတောင်ကောင်းသေးတယ်။ ကွန်တက်ကျူ အယ်လစ်တွေပြောတဲ့ ကဗျာသည်ပင် ကွန်တက်(စ)ဖြစ်တယ်ဆိုတာ ဒီလိုအနေအထားမှာပဲ။ ဒီတော့ ဖရော့(စ)လို ကဗျာဆရာရဲ့ ကဗျာတွေကို ဖတ်ရင် သူ့ရဲ့ ဘာသာစကား (ဆိုလိုတာက ကဗျာဆရာရဲ့ ဘာသာစကား။ အင်္ဂလိပ်ဘာသာစကားကို ဆိုလိုတာ မဟုတ်ဘူး)နဲ့ ရင်းနှီးရင် ပိုကောင်းတယ်လို့ ကျွန်တော် မြင်တယ်။ ဒါမှ ကဗျာဖတ်သူဘက်က ပိုပြီး ဝေမျှခံစားနိုင်မယ်။ အဘိဓာန်ထဲမှာ စာလုံးတွေ အနက်ပေးထားတာကို လုံးချင်းအနက်ယူပြီး ကဗျာဖတ်တာက ဓာတ်ပုံထဲက မုန့်ဟင်းခါးတစ်ပွဲလိုပဲ နေမယ်လို့ ကျွန်တော် မြင်တယ်။ အရသာရှိမယ့်ပုံပဲလို့ ပြောနိုင်ပေတဲ့ စားကြည့်လို့မရဘူး။ မုန့်ဟင်းခါးဆိုတော့ ငါးနဲ့ ဆန်လှော်မှုန့်တော့ပါမှာပဲလို့ သိပေတဲ့၊ ငါးကောင်းကြောင်း၊ ငံပြာရည်ကောင်းကြောင်း မပြောနိုင်ဘူး။ နံနံပင်အနံ့ မရဘူး။ ယုတ်စွဦး ငှက်ပျောအူနဲ့လား၊ ငှက်ပျောခေါင်းနဲ့ ချက်တာလားတောင် မသိရဘူး။ မသိရတာက သိရတာထက် များနေတယ်။ တကယ့် အနှစ်သာရ(တွေ) ပျောက်ဆုံးနေမှာပဲ။

            ဖရော့(စ)လို ကဗျာဆရာရဲ့ ဘာသာစကားနဲ့ မရင်းနှီးရင်၊ မသိရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။ ဖြစ်ပါသော်ကောလို့ပဲ ဖြေရမှာပဲ။ အဲဒီအခါကျတော့ သစ်တောဟာ သစ်တောပဲပေါ့။ 

မြင့်သန်း

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

Stopping By Woods On A Snowy Evening

 

Whose woods these are I think I know.

His house is in the village though;

He will not see me stopping here

To watch his woods fill up with snow.

 

My little horse must think it queer

To stop without a farmhouse near

Between the woods and frozen lake

The darkest evening of the year.

 

He gives his harness bells a shake

To ask if there is some mistake.

The only other sound’s the sweep

Of easy wind and downy flake.

 

The woods are lovely, dark and deep,

But I have promises to keep,

And miles to go before I sleep,

And miles to go before I sleep.


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။