မေဂျိုးငယ်
၁။
'အဇီ ငါ့ကို ကူညီပါဦး။
ငါ ဒီကလေးကို မွေးလို့မရဘူး။ အမေတို့ကို ကြောက်တယ်'
အဇီ့ ရင်ခွင်ထဲ
တိုးဝင်ကာ ငိုကြွေးနေတဲ့ နှင်းရည်ကို
ပိစိမ ကြည့်မရတာအမှန်။ အစကတည်းက သူ့မိဘတွေကို ကြောက်ရင်
ဒီလိုမလုပ်ပါနဲ့လား။ တစ်ခုခု ဒုက္ခကြုံလာတိုင်း အဇီကို မျက်ရည်ခံထိုးပြီး
အကူညီတောင်းနေကျ။ ဒီကိစ္စကိုတော့ အဇီ ကူညီမှာ မဟုတ်လို့ ပိစိမ ထင်လိုက်မိတယ်။
ဒါပေမဲ့ ပိစိမ အထင် လွဲမှားသွားခဲ့တယ်။
'စိတ်ချ နှင်းရည် နင့်
ကိစ္စကို ငါတာဝန်ယူတယ်။ ဒါပေမဲ့ နင် ငါ့ကို လက်ထပ်ရမယ်'
'အို... အဇီကလည်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ငါ ကလေးကို မွေးလို့ရအောင် စောင့်ရှောက်ဖို့ နင့်ဆီက အကူအညီတောင်းတာ။ ငါ့
စိတ်ထဲမှာ နင့်ကို သူငယ်ချင်း ထက် မပိုနိုင်ဘူး။ ငါလေ ကိုသူရကိုပဲ ချစ်တယ် အဇီ။
ငါ့ဗိုက်ထဲက ကလေးကိုပဲ နင် ခဏစောင့်ရှောက်ပေးပါ။ နင် မကူညီနိုင်ရင်တော့ ငါ
ဒီကလေးကို ရှင်သန်ခွင့်ပေးမှာ မဟုတ်ဘူး'
'နင် ဘယ်လိုပြော
လိုက်တာလဲ နှင်းရည်။ နင်က မိန်းမသားတစ်ယောက်။ ပြီးတော့ မိခင်တစ်ယောက်
ဖြစ်တော့မှာလေ။ နင် အဇီ့ကို သိပ်အနိုင်ကျင့်လွန်း အားကြီးတယ်'
ပိစိမ အားမနာနိုင်တော့။
နှင်းရည်ကို ပြောလိုက်မိတယ်။ ပြီးတော့ တောင်းပန်နေတဲ့ ပုံစံနဲ့ အဇီ့ မျက်ဝန်း
တွေကို ဆက်မကြည့်နိုင်တော့တာမို့ အိမ်နောက်ဖေးဘက်ကို ထွက်ခဲ့လိုက်တယ်။ အဇီ
ကိုယ်တိုင်စိုက်ထားတဲ့ မုန်ညင်းလေးတွေကို ရေလောင်းရင်း အတိတ်က အဖြစ်အပျက်တွေကို
ပြန်ပြောင်း တွေးလိုက်မိတယ်။
တကယ်ဆို အဇီကို
သံယောဇဉ်ရှိလွန်းလို့သာ မြို့ ကိုလိုက်လာရတာ။ အဇီနဲ့ ပိစိမက ငယ်ငယ်လေး ကတည်းက
သူငယ်ချင်းတွေပါ။ ပိစိမတို့ လေးတန်း အရွယ်ရွာကို နှင်းရည့်အဖေ ကျောင်းအုပ်အဖြစ် တာဝန်ကျတော့ အသားဖြူဖြူနဲ့ မင်းသမီးလေးလိုလှတဲ့
နှင်းရည်လည်း အတူတူပါလာတာပါ။ အဲဒီအချိန်ကစပြီး
အဇီ က ပိစိမထက် နှင်းရည်ကို ပိုခင်တယ်။ ပိုဂရုစိုက်တယ်။ အရိပ်တကြည့်ကြည့်နဲ့ပေ့ါ။
ပိစိမ မှတ်မိသေးတယ်။ အလယ်တန်းကျောင်းသူ အရွယ်တုန်းကပေါ့။ နှင်းရည်တို့ ခြံထဲမှာ
စိန်ပြေးတမ်း ကစားတော့ နှင်းရည်နဲ့ ပိစိမ ခလုတ်တိုက် ချော်လဲပါလေရော။
အဇီက ပြေးပြီး နှင်းရည်ကို ပွေ့ထူခဲ့ပေမဲ့
ပိစိမကို ထူ မပေးခဲ့ပါဘူး။
'ဟဲ့ ပိစိမ၊ ကိုယ့်ဘာသာ ထ,လေ။ နင်တို့
ငါတို့ဆိုတာ ဒီတောမြေမာနဲ့ အသားကျပြီးသား။ နှင်းရည်တို့ မြို့ က မြေကြီးက
ပျော့ပျော့ လေးရယ်။ သူ့ခြေဖဝါးလေးတွေ ကြည့်ပါလား ရဲနေတာပဲ။ နင့်လို မည်းမည်းကြီး
မဟုတ်ဘူး။ ဟား...'
အဇီ
သဘောကျရယ်လိုက်မိပေမဲ့ ပိစိမ ခြေထောက်က နာကျင်မှုထက် နှလုံးသားနာကျင်မှုက
ပိုတယ်ဆိုတာ ပိစိမ တစ်ယောက်ပဲ သိပါတယ်။ အားရပါးရ ရယ်မောနေတဲ့ အဇီနဲ့ နှင်းရည်ကို
ကြည့်ရင်း ပိစိမ ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
'သြော်... အဇီရယ်
အခုတော့ ငါက နင့်အတွက် အသားမည်းမည်း သွားကျဲကျဲနဲ့ ရုပ်ဆိုးဆိုး တောသူမလေး
ဖြစ်နေပြီလားဟာ'
ဒီလိုနဲ့ ပိစီမတို့ သုံးယောက်
သံယောဇဉ် ဒီဂရီတွေတိုးလို့ ခင်မင်မှုတွေ ခိုင်မာလာခဲ့တယ်။ ဒါပေမဲ့ အဲဒီ
ခင်မင်မှုလေးကို ဖြတ်တောက်ဖို့ ကြိုးစားလာသူက အဇီပါ။
ပိစိမနဲ့ အဇီက မိသားစု
အခြေအနေကြောင့် အလယ်တန်းနဲ့ ကျောင်းထွက်ခဲ့ရတယ်။ ဒါပေမဲ့ နှင်းရည်
ကျောင်းဆင်းပြီဆိုတာနဲ့ သူ့ ခြံထဲ စားစရာသွားပို့ရင်း
ကစားနေကျ။ စားစရာဆိုတာ ထွေထွေထူးထူးတော့ မဟုတ် ပါဘူး။ ပိစိမတို့ ချောင်းထဲက
ခုံးကောင်တွေကို ဖမ်းပြီးပြုတ်။ ပြီးတော့ အခွံခွာပြီး နှင်းရည်တို့အိမ်မှာ ချက်စား
ကြတာပါ။ နှင်းရည်က ခုံးသားကို အရမ်းကြိုက်တယ်။ ဒါကြောင့် အဇီက သူ့လယ်အလုပ်တွေ
ပြီးတာနဲ့ ချောင်းထဲဆင်းပြီး ခုံးစမ်းနေကျ။ ပိစိမလည်း အဲဒီအချိန်ဆို အလုပ်တွေ
ပြီးပြီမို့ အဇီနဲ့ အတူ ငါးလေးတွေ ဆင်းဖမ်း နေကျ။ ပြီးရင် အဇီနဲ့အတူ ပိုက်ချ။
မနက်ကျတော့ လယ်ထဲမဆင်းခင် အတူတူဖော်ပြီး အိမ်စားဖို့ ခွဲဝေယူရတာ ပိစိမ အတွက်
အပျော်ဆုံးပါပဲ။ ဘာလို့လဲဆိုရင် ခွဲယူရတဲ့
ငါးသေးလေးတွေက ပိစိမတို့ အိမ်အတွက်
မိုးတွင်းစာ ငါးပိ အဖြစ် တာဝန်ယူမှာမို့လို့ပါ။ ဒါ့အပြင် အဇီနဲ့ အနီးကပ်နေရတာလဲ
ပါတာပေါ့။
□
၂။
ပိစိမတို့ ရွာလေးက အင်းလုပ်ငန်း လုပ်ကြတယ်၊ လယ်လုပ်ကြတယ်။
ပိစိမနဲ့ အဇီတို့ကတော့ ဆင်းရဲတော့ အင်းပိုင်ရှင်တွေ အင်းဖော်ချိန်ရောက်ရင်သာ ကောက်သင်းကောက်ရတာ။
ကျန်တဲ့အချိန်ဆို လယ်ထဲမှာပဲ အချိန်ကုန်ရတာ။ ပြီးတော့ ညနေစောင်းဆို ချောင်းထဲကပဲ
ငါးရှာခုံးရှာနဲ့ ဟင်းစားရှာရတာ။
ကောက်သင်းကောက်တယ်ဆိုတာ
အင်းသူကြီးတွေ စိတ်ကြိုက် အင်းဖော်ပြီး
ငါး ရှာပြီးချိန်ရောက်မှ ကျန်တဲ့ရွှံ့ နွံတွေထဲ ကပ်ကျန်ခဲ့တဲ့ ငါး တွေကို
ရှာယူရတာပါ။ ရတဲ့ ငါးတွေကို သေးရင် ဒီအတိုင်း နေလှန်း၊ ကြီးရင် ငါးခြောက်
ခွဲပြီးလှန်း။ ခြောက်ပြီဆိုရင်
မြို့တက်ပြီး ရောင်းရတယ်။ ငါးပေါပေမဲ့ ငါးကြီးငါးကောင်းဆို
စားရတာနည်းပါတယ်။ ရွာလယ်ချောင်းထဲက
ကြိုက်သလောက် ရှာခွင့်ရှိတဲ့ ငါးနဲ့ ခုံးလောက်သာ ပိစိမတို့ စားရတာပါ။
အရင်ကဆို
အင်းလုပ်ငန်းလုပ်သူတွေ အပိုင်စီးထားလို့ ရွာလေးကို ပတ်စီးနေတဲ့ ချောင်းထဲ
လူမပြောနဲ့ နွား တွေတောင် ရေဆင်းသောက် ခွင့်မရတာ။ နှင်းရည့်အဖေ
ရွာကျောင်းလေးကိုရောက်မှ သက်ဆိုင်ရာကို
အကြောင်း ကြားပြီး လုပ်ကိုင်ပေးလို့ ရွာသူရွာသားတွေ ချောင်းလေးထဲ လွတ်လပ်စွာ ရှာစားခွင့်ရခဲ့တာလေ။
ဒါကြောင့် နှင်းရည့် အဖေကို တစ်ရွာလုံးက လေးစားချစ်ခင်ကြတယ်။
နှင်းရည့်အဖေ မြို့
ကျောင်းကို ပြောင်းခွင့်ကျတော့ တစ်ရွာလုံး ငိုလိုက်ကြတာ အရမ်းပဲ။ အဲဒီထဲမှာ အဇီက
အဆိုးဆုံးပဲ။ ပိစိမ မှတ်မိသေးတယ်။ အဇီလေ သူတို့အိမ်က မြို့တက်ရောင်းမယ့်
ငါးရံ့ခြောက်တွဲကြီးကို ယူပြီး နှင်းရည်တို့ကား နောက်ပြေးလိုက်တာ။ ပြီးတော့
ကားရပ်ပြီး ဆင်းလာတဲ့ နှင်းရည့်လက်ကို အတင်းဆွဲပြီး ရည်းစားစကား သွားပြောတယ်လေ။
အဇီ့နောက်ကို ပြေးလိုက်ရင်း ကြားရတဲ့ စကားသံတွေက
ပိစိမ ရင်ကို ဓားထက်ထက်နဲ့ ထိုးခွဲလိုက်သလို နာကျင်လွန်းလှပါတယ်။
'နှင်းရည် ငါ နင့်ကို
ချစ်တယ်။ နင်နဲ့ ဝေးရတော့ မယ်ဆိုတာသိမှ ငါ့ခံစားချက်တွေကို သေချာသိလာတာပါ။ နင့်ကို
ငါမခွဲနိုင်ဘူး'
နှင်းရည်က အဇီ့ကို
မျက်တောင်မခတ် ကြည့်ရင်း ခပ်တိုးတိုးစကားဆိုကာ
ကားပေါ်ပြန်တက်သွားတယ်။
'အဇီ နင် ငါ့ကို
တကယ်ချစ်ရင် မြို့ကိုရောက်အောင် လိုက်ခဲ့ပေါ့'
နှင်းရည်ရဲ့ အဖြေစကား
ကြားတော့ အဇီရဲ့ ပြုံးနေတဲ့ မျက်နှာကြီးကလေ
အင်းထဲမှာ ဖမ်းမိတဲ့ ငါးခူ ပါးစပ်ကြီးထက်တောင် ကြီးသေးတယ်။ ပြုံးဖြဲနေတာပဲ။
အဇီ အိမ်ရောက်တော့ မြို့တက်ရောင်းမယ့် ငါးခြောက် ယူပြေးလို့ အဇီ့အမေက
ဝါးခြမ်းပြားနဲ့ ရိုက်ပေမဲ့ အဇီက အပြုံးမပျက်တဲ့အပြင် သူ့အမေကို
ပြန်ပြောလိုက်သေးတယ်။
အမေ နာနာရိုက်စမ်းပါ၊
ကျုပ် အိပ်မက်မက်နေတာလား၊ တကယ်လား မသေချာလို့တဲ့လေ။
'အဇီ ဒီကောင် ရူးသွား
ပြီလားမသိဘူး။ ပိစိမ နင့် သူငယ်ချင်းကို လာကြည့်ပါ ဦးဟဲ့။ ဟီး...'
အဇီ့အမေက
အော်ငိုနေပေမဲ့ အဇီကတော့ ခြေသလုံးမှာ အရှိုးရာအထပ်ထပ်နဲ့ အပြုံးကတော့မပျက်။ အဲဒီ
အချိန်က ပိစိမ နားလည်လိုက်မိတယ်။ အဇီ နှင်းရည့်အပေါ် ထားတဲ့ မေတ္တာတရားရဲ့ အတိမ်အနက်ကိုပေါ့။ ပိစိမလည်း အဇီကို ကြည့်ရင်း
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ်။ အဇီရယ် ပိစိမ ဆိုတဲ့ ငါရဲ့ချစ်ခြင်းတွေက
နင့်ကို ရယူဖို့ မထိုက်တန်ခဲ့ဘူးဆိုရင်
နင့်အတွက် ငါ့နှလုံးသားကို ထာဝရပေးဆပ်ဖို့ မြှုပ်နှံထားပါမယ်လို့ပေါ့။
□
၃။
'ဟဲ့ ပိစိမ ပိစိမ'
'ဟေ၊ အင်း ပြောလေ အဇီ'
'နင်ကလည်း
ငူငူငိုင်ငိုင် နဲ့ ငါခေါ်နေတာကြာပြီ။ ဘာတွေ အတွေးလွန်နေတာလဲ၊ နှင်းရည်တောင် သူ့အမေခေါ်လို့
သွားပြီ။ နင့်ကို ငါတိုင်ပင်စရာ ရှိတယ်'
အဇီကပြောလည်း ပြော၊
ပိစိမ လက်ကိုဆွဲကာ ခြံထဲက ရေတွင်းပျက်ကြီးနား ခေါ်သွားခဲ့တယ်။ ပြီးတော့ ပိစိမရဲ့
လက်ကလေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်တယ်။
ပြီးတော့ သူ့နှုတ်မှလည်း ခပ်တိုးတိုး စကားဆိုလာတယ်။
'ပိစိမရယ်
ငါတို့သုံးယောက်က သူငယ်ချင်းအရင်းကြီးတွေပါ။ အခု နှင်းရည် ဒုက္ခရောက်နေတာ နင်ကြည့်
ရက်လား။ ငါတို့ကူညီမှဖြစ်မယ်။ ဒီကိစ္စ ဆရာကြီးသာ သိရင် နှင်းရည် မလွယ်ဘူး။ ပြီးတော့
နှင်းရည်က ဒီကလေးကို ငါ မမွေးပေးရင်
မမွေးဘူးတဲ့'
'အဲဒီတော့ နင်က ငါ့ကို
ဘယ်လိုလုပ်စေချင်တာလဲ'
'နင်က ငါ့ထက်စာရင် အကြံဉာဏ်ကောင်းတွေ
ပို ထွက်တတ်လို့ပါ။ နင် စဉ်းစားကြည့်၊ ငါတို့ နှင်းရည်ကို ဘယ်လိုကူညီနိုင်မလဲလို့'
'သြော်...အဇီရယ်၊ ငါ
ရင်ဘတ်ကြီးထဲသာ နင်ဝင်ကြည့်မိရင် ဒီလိုစကားတွေ ထွက်လာမှာ မဟုတ်ပါဘူးဟာ'။ ပိစိမ ရင်ထဲမွန်းကျပ် နေမိတယ်။ အဇီကို ထုတ်ပြောခွင့်မရတဲ့ စကားလုံးတွေ
အတွက်ပေါ့။ အဇီရဲ့ ဝိုင်းဝိုင်း စက်စက် မျက်နှာလေးကို ငေးကြည့်ရင်း အတွေးထဲမှ
ပိစိမ ပြောနေမိတယ်။
ဒီလိုနဲ့ ပိစိမရဲ့ အကြံဉာဏ်ကို
အားလုံးက သဘောတူခဲ့ကြတယ်။ ဒါကြောင့် ပိစိမရဲ့အကြံအတိုင်း နှင်းရည်ကို ရွာကို ခေါ်လာခဲ့တယ်။
ပထမတော့ ဆရာကြီးက နှင်းရည်ကို မလွှတ်ချင်ဘူး။
ဆရာကြီး
ပညာတော်သင်သွားရမယ့်ကိစ္စ ကြုံလာတာက နှင်းရည်အတွက် ကံကောင်းမှုလို့ ဆိုရမလားပဲ။ အိမ်မှာ
သမီးဖြစ်သူနဲ့ ဇနီးကို နှစ်ယောက်တည်း စိတ်မချတာလည်း ပါတာပေါ့။ ဒါ့အပြင် အဇီနဲ့
ပိစိမက ရွာပြန်ဖို့ အာမခံချက်တွေပေးပြီး အတင်းတောင်းဆိုလို့သာ ခွင့်ပြုခဲ့တာ။
ဒါပေမဲ့ နှင်းရည့် အမေ ဆရာမကြီးကိုပါ အတူ လိုက်စေခဲ့တယ်။
ရွာကိုရောက်တော့ အဇီ့အိမ်မှာ နှင်းရည်တို့က တည်းတယ်။
ရွာဥက္ကဋ္ဌက သူအိမ်မှာတည်းဖို့ ခေါ်ပေမဲ့ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့
ငြင်းဆန်နေတဲ့ နှင်းရည်ကို ကြည့်ပြီး ပိစိမ တော်တော် ကြည့်မရနေတာ အမှန်။
'ရပါတယ် ဥက္ကဋ္ဌကြီး
ရယ်။ ရောက်တုန်းရောက်ခိုက် သူငယ်ချင်းတွေနဲ့ စုစုစည်းစည်းနေချင်လို့ပါ'
အမူအရာမပျက် ပြောနေတဲ့
နှင်းရည်။ အပျိုဗိုက်မို့ လို့လားမသိ သိပ်မသိသာတာ အမှန်။ နဂိုကတည်းက ပိန်တဲ့
နှင်းရည် အကျႌပွပွကြီးနဲ့ သူ့အရှက်တရားကို ဖုံးထားရှာတယ်။ ဒီကြားထဲ ပျာယာခတ်ပြီး
အစစအရာရာ ဂရုစိုက်နေတဲ့ အဇီကြောင့် နှင်းရည်တော့မသိ၊ ပိစိမတော့ လူကြီးတွေရိပ်မိမှာ
စိုးရိမ်နေမိတာအမှန်။ နှင်းရည် ရွာကို စရောက်စကတည်းက ကိုယ်ဝန်က ငါးလ။ ရွာကို
ရောက်စက တစ်ရွာလုံး ထမင်းဖိတ်ကျွေးတာ လိုက်စားရင်း စားကောင်းလို့ ဝ, လာတာဆိုပြီး
ပြောနေတဲ့ နှင်းရည်ရဲ့ မုသားတွေက ကြာရှည်မခိုင်ခံ့ခဲ့ပါဘူး။
ရွာရောက်ပြီး တစ်လအကြာ
ပထမဆုံးရိပ်မိခဲ့တာက အဇီ့အမေ။ နှင်းရည်တို့ ရေချိုးဖို့ ရေတုံကင် နှိပ်ပေး နေရင်း
ပြောင်းလဲလာတဲ့ နှင်းရည့်ပုံစံကို ကြည့်ပြီး မေးလာခဲ့တယ်။ ပိစိမနဲ့ အဇီ ကိုပေါ့။
'ဟဲ့ အဇီ၊ နင့်သူငယ်ချင်း
မြို့သူကို ကြည့်ရတာ တစ်မျိုးကြီးပဲ။ လေးတိလေးကန်နဲ့၊ မဟုတ်မှလွဲရော
ကိုယ်ဝန်တွေဘာတွေ ရှိနေပုံပဲ။ ငါ့ ကို မလိမ်စမ်းနဲ့ဟယ်။ ငါ သိချင်တာ
ငါးရံ့ဖျပ်ဖျပ်လူး ဖြစ်နေပြီ။ ဟဲ့ရယ်မနေကြနဲ့၊ ပြောစမ်းပါဟဲ့'
'အမေ ဒီကိစ္စ ဘယ်သူမှ
မပြောနဲ့နော်။ သိရင် အမေ့သား ကျွန်တော့်ကို ဆရာကြီးက အလွတ်ပေးမှာမဟုတ် ဘူး။
နှင်းရည့် ဗိုက်ထဲက ကလေးက ကျွန်တော့်ကလေးပဲ အမေ။ နှင်းရည့် အမေလည်း ဒီကိစ္စတွေ
မသိသေးဘူး။ အမေ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်'
'အမယ်လေး အဇီရယ်။ နင်က
ဒီအမေကို အထင်သေးလှချည့်လား။ စာမတတ် ပေမတတ်ဆိုပြီး ညာလို့ရမယ် ထင်နေလား။ နှင်းရည်လို
မြို့သူချောချောလေးက နင့်ကို ဘယ်လိုလုပ် ကြိုက်မှာလဲ။ ပြီးတော့ နင်တို့က မြို့မှာ
တစ်ယောက်တစ်ခန်း အိပ်ရတာဆို။ ဗိုက်ကြီးချင်ကြီး ငယ်ငယ်ကတည်းက နင်နဲ့
တပူးပူးတတွဲတွဲနေတဲ့ ပိစိမက ကြီးရမှာပေါ့ဟဲ့'
'ဟာ ဗျာ အမေကလည်း
ကျွန်တော်မှ ပိစိမကို မကြိုက်တာ။ တစ်ယောက်ကို တစ်ယောက်ချစ်နေရင် အမေ ကလည်း
ဘယ်လောက်ပဲ ခွဲထားပါစေ၊ အချိန်တန်တော့လည်း ဗိုက်ကြီးတတ်တာပဲလေ။ ရွာရှေ့ပိုင်းက
ကြီးပု ကြည့်ပါလား။ ဦးလေးမြက သူ့ကို ကောက်ရိုးပုံထဲမှာ နမ်းလိုက်တာလေ။
ကိုယ်ဝန်ရှိမှာ ကြောက်လို့ ယူလိုက်ရတာ။ ယူပြီး မကြာဘူး ကလေးမွေး တာပဲလေ'
'အေး ဟုတ်သားပဲ အဇီရယ်။
နင်တော့ ခက်တော့တာပဲ။ တစ်ရွာလုံးရဲ့ ကျေးဇူးရှင်သမီးကိုမှ ပြစ်မှားရတယ်လို့။
နင့်ကြောင့် ငါတော့ သေချင်တာပဲ'
'မသေနဲ့ဦးအမေ၊ အမေ့
မြေးကိုချီသွားပါဦး၊ ဟား...'
အဇီ့စကားသံကြောင့်
မျက်မှောင်ကျုံ့ကာ ထွက်ခွာသွားတဲ့ အဇီ့အမေရဲ့ ကျောပြင်လေးကို ပိစိမ ငေးကြည့် နေမိတယ်။
မဖြစ်နိုင်တဲ့ကိစ္စမှန်းသိပေမဲ့ အဇီ အမေကိုလည်း အပြစ်မတင်ရက်ပါဘူး။ ပိစိမတို့ ရွာက
လူကြီး တွေဆိုတာ စာတတ်သူ နည်းပါတယ်။ ဒါကြောင့် ရိုးအ, တယ်၊
ယုံလွယ်တယ်လေ။
□
၄။
ဒီလိုနဲ့ အဇီရဲ့
ဂရုစိုက်မှုတွေကြား နှင်းရည် သမီးလေးကို ချောမောစွာ မွေးဖွားနိုင်ခဲ့တယ်။ ပိစိမ
နောက်မှ သိရတာက ဒီကိစ္စတွေကို နှင်းရည့်အမေ အစကတည်းက သိနေခဲ့တယ်ဆိုတာကိုပါ။
တစ်ရွာလုံးက ရိပ်မိသလောက် ရိပ်မိပေမဲ့ ဘယ်သူမှ
နှင်းရည့်အကြောင်းကို ဖွင့်မပြောရဲကြပါဘူး။ နှင်းရည် ကလေးမွေးပြီးတာနဲ့ အဇီက
အရက်တွေမူးအောင် သောက်ပြီး တစ်ရွာလုံးပတ်ကာ လိုက်ခြိမ်းခြောက်ထားလို့ပါ။ ဒါအပြင်
ဆရာကြီးကို ချစ်ကြောက် ရိုသေတာလည်း ပါတာပေါ့။
'နှင်းရည်ကို
မကောင်းပြောတဲ့သူရှိရင် ကျွန်တော့်အကြောင်း ကောင်းကောင်းသိရမယ်။ နှင်းရည့်အဖေ
ကျေးဇူးကြောင့် တစ်ရွာလုံး ငါးရှာစားခွင့်ရနေတာ၊ ကျေးဇူးမကန်းကြနဲ့'
အဇီကို ဒေါသထွက်ကြပေမဲ့
ဆရာကြီးကို လေးစားမှုကြောင့် နှင်းရည် မြို့ကိုပြန်သွားတဲ့အချိန်ထိ ဘယ်သူမှ
လေသံပင် မဟ,ကြ။
နှင်းရည့်အမေက
ပြန်ခါနီး အဇီကို မှာသွားခဲ့တယ်။ နှင်းရည်ကလည်း ထုံးစံအတိုင်း မျက်ရည်လေး စမ်းစမ်းနဲ့ပဲလေ။
'သား အဇီရယ်၊ မင်း
ညီမရဲ့ အရှက်တရား လုံခြုံဖို့က မင်းအပေါ် မူတည်ပါတယ်။ မင်းတို့ဆရာကြီး ဒီအကြောင်းကို လုံးဝမသိပါစေနဲ့။ အချိန်တန်တော့
မြေးလေးကို အန်တီတို့ လာခေါ် ပါ့မယ်'
အဇီ့အမေကလည်း
နှင်းရည့်အမေကို စိတ်ချဖို့ တဖွဖွပြောနေရှာတယ်။
'စိတ်ချပါ ဆရာမကြီးရယ်၊
ဆရာကြီး ကျေးဇူးက ကျွန်မတို့အပေါ် နည်းတာမဟုတ်ဘူး။ ဒီကလေးကလည်း တခြားသူမှ မဟုတ်တာ၊
ကျွန်မတို့မြေးပဲလေ'
နားမလည်တဲ့
အကြည့်တွေနဲ့ နှင်းရည့်အမေက ဘာဖြေရှင်းချက်မှ ပေးမသွားခဲ့ပါဘူး။ နှင်းရည်
ပြန်သွားပေမဲ့ ဖုန်တထောင်းထောင်း ထ, နေတဲ့ ကားကြီးနောက်ကို
ဒီတစ်ခါတော့ အဇီ မလိုက်သွားခဲ့ပါဘူး။ သူ့ရင်ခွင်ထဲက နှင်းရည့်ကိုယ်ပွားလေးကို
ထွေးပွေ့ထားရင်း အဇီ ဆွံ့အ, နေခဲ့တယ်။ ဘာလို့လဲဆိုရင်
ကားမထွက်ခင် နှင်းရည်က အဇီကို
ထွေးပွေ့ထားရင်း ခပ်တိုးတိုး စကားဆိုသွားခဲ့လို့ ပါ။
'အဇီရယ် နင့်ကျေးဇူးတွေ
ငါ မမေ့ပါဘူး။ တစ်နေ့ နင့်ရင်ခွင်မှာ ငါခိုနားနိုင်အောင် ကြိုးစားပါ့မယ်။
တစ်ချိန်မှာ သမီးလေးနဲ့ နင့်ကို ငါ လာခေါ်ပါ့မယ်'
ဒီလိုနဲ့ အဇီတစ်ယောက်
နှင်းရည် စိုက်ပျိုးပေးခဲ့တဲ့ မျှော်လင့်ခြင်းတွေအောက်မှာ နှင်းပွင့်ဆိုတဲ့
သမီးလေးကို လူလားမြောက်စေခဲ့တယ်။
'ဖေဇီ...ဖေဇီ... မေ
ကျိက ဘယ်တော့ လာခေါ် မှာလဲ'
'လာခေါ်မှာပေါ့
သမီးလေးရဲ့၊ မေကြီးက သမီးလေး
နှင်းပွင့်အတွက် ခိုင်မာတဲ့ မေတ္တာအိမ်လေး
ဆောက်နေတုန်းမို့ပါ သမီးလေးရယ်'
အဇီရဲ့ ဝဲတက်လာတဲ့ မျက်ရည်ကြားက ဖြေလိုက်တဲ့ အဖြေစကားက
ပိစိမကို နာကျင်စေပါတယ်။ ရက်လ နှစ်တွေ ပြောင်းလဲသွားပေမဲ့ နှင်းရည် ပိစိမတို့ဆီ
ရောက်မလာခဲ့ပါဘူး။ အဇီ တစ်ယောက်ကတော့ အခုအချိန်ထိ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေဆဲပဲလေ။ အရက်ရဲ့
ကျေးကျွန်အဖြစ်နဲ့ပေါ့။ အဇီ အရက်ရဲ့ကျေးကျွန် ဖြစ်တာလည်း ပိစိမ
အပြစ်မပြောရက်ပါဘူး။ သူစောင့်မျှော်နေတဲ့ နှင်းရည် ရောက်မလာတဲ့အပြင် အဇီ
အခင်တွယ်ဆုံး အားကိုးစရာ အဇီ့အမေလည်း လယ်ထဲမှာ ပိုးထိလို့ဆုံးတယ်လေ။
အဇီရဲ့
နောက်ဆုံးလက်ကျန် ခင်တွယ်ရာလေးက နှင်းပွင့်လေး တစ်ဦးသာ ရှိတော့တယ်။ အဇီ ပြောနေကျ
စကားလေးကို ပိစိမ မမေ့။
'ပိစိမရယ် ငါ့ရဲ့ ဘဝ
တစ်ခုလုံးကို သမီးလေးဆီမှာ မြှုပ်နှံထားလိုက်ပြီ။ မမီတဲ့ ပန်းတစ်ပွင့်ကို ရယူဖို့မကြိုး
စားတော့ပါဘူး။ တကယ်လို့ နှင်းရည် သူ့သမီးလေးကို ပြန်လာတောင်းလည်း ငါ
မပေးတော့ဘူးဟာ။ မွေးကတည်းက ငါ စောင့်ရှောက် လာတာဆိုတော့ နှင်းရည် သူလည်း
နားလည်ပေးမှာပါ'
'အဇီ နင်ဟာလေ ငါ
မပြောလိုက်ချင်ဘူး။ နှင်းရည်ရဲ့ တုံ့ပြန်လာမယ့် မေတ္တာတွေ မျှော်လင့်ရင်း နင် ကျွန် လုံးလုံးဖြစ်နေပြီ သိရဲ့လား'
'အဲလိုတော့ မပြောပါနဲ့
ပိစိမရယ်။ နင် ပြောသလို ဖြစ်ခဲ့မယ်ဆိုရင်တော့တောင် ငါကိုယ်တိုင်က ကျေကျေနပ်
နပ်နဲ့ကို ကျွန်တစ်ယောက် ဖြစ်ချင်နေတာ။ ဒါပေမဲ့ ငါက သူတို့သားအမိအတွက်
အဖြူရောင်မေတ္တာတွေပေးပြီး သူတို့သားအမိရဲ့ မေတ္တာလှောင်အိမ်လေးထဲ အမိခံချင်နေတဲ့
မေတ္တာကျွန်တစ်ယောက်ပါ ဟာ'
ပိစိမ အဇီ့အဖြေလေး
ကြားတော့ ခပ်ငေးငေးကြည့် နေမိရုံမှတစ်ပါး မတတ်နိုင်ခဲ့ပါဘူး။
□
၅။
အဲဒီနေ့က မိုးတွေ
သဲသဲမဲမဲ ရွာနေလို့ ဘယ်သူမှ ချောင်းထဲ ငါးဆင်းမဖမ်း ကြဘူး။ ဒါပေမဲ့ အဇီကတော့
ထုံးစံအတိုင်း နေပူ မိုးရွာ မရှောင် ငါးဆင်းဖမ်းတယ်။ သူ့သမီးလေး ကျောင်းထားဖို့
အတွက်တဲ့လေ။ ဘယ်သူမှ သူ့ကိုတားလို့မရဘူး။ တိုက်ဆိုင်မှုလို့ ဆိုရမလား။ အဇီနဲ့
သမီးလေး နှင်းပွင့် ကွဲကွာချိန်တန်လို့လားမသိ။
အဇီ
အိမ်မှာမရှိတဲ့အချိန်မှာ နှင်းရည်နဲ့ သူ့အဖေ ရွာကိုရောက်လာခဲ့တယ်။ ဥက္ကဋ္ဌနဲ့ အတူ
ပိစိမ အိမ်ကို ရောက်လာခဲ့တယ်။ အိမ်ထဲမှာ ကစားနေတဲ့ နှင်းပွင့်လေးကိုဖက်ပြီး နှင်းရည့်အဖေ
ဆရာကြီး ငိုလိုက်တာအရမ်းပဲ။
'မြေးလေးရယ်
ဘယ်လောက်တောင် ဒုက္ခတွေ ခံစားခဲ့ရမလဲကွယ်၊ အဘိုး မသိခဲ့လို့ပါကွယ်'
ငိုနေတဲ့ ဆရာကြီးဘေးမှာ
ရပ်နေတဲ့ နှင်းရည်ရဲ့ မျက်နှာ အရင်ကလို့ မနူးညံ့တော့။ ဒါပေမဲ့ မျက်ရည်တွေတော့
ရစ်ဝိုင်းလျက်။ ဘာကိုမှ မသိတဲ့ သူစိမ်းတစ်ယောက်လို တွေတွေကြီး ရပ်ကြည့်နေတယ်။
အဲဒီအချိန်မှာပဲ ဘယ်သူကပြောလိုက်လဲမသိ အဇီ ပုဆိုးတိုတိုနဲ့ ခြေထောက်မှာလည်း
ဗွက်တွေပေနေပြီး လက်ထဲမှာ ငါးထိုးတဲ့မှိန်းကို ကိုင်လို့ ပြေးဝင်လာတယ်။ ပြီးတော့
ဆရာကြီးလက်ထဲက နှင်းပွင့်လေးကို သူ့ရင်ခွင်ထဲ ဆွဲယူလိုက်တယ်။
'ကျုပ်သမီး
နှင်းပွင့်လေးကို ဘယ်သူ့မှ မပေးနိုင်ဘူး။ နှင်းရည် နင် ငါတို့သား အဖကို
နှစ်တွေအကြာကြီး ပစ်ထားခဲ့ပြီးမှ အခုမှ ငါတို့ရဲ့ ဖြတ်မရတော့တဲ့ သံယောဇဉ်တွေကို
ဖျက်ဆီးဖို့ မကြိုးစားပါနဲ့တော့ဟာ။ ငါ့ဘဝမှာ သမီးလေးမရှိလို့ မဖြစ်တော့ဘူး။
သမီးလေးက ငါ့ဘဝ၊ ငါအသက်ရှင်နေရတဲ့ မျှော်လင့်ချက်ပဲ'
အဇီ နှင်းရည်ကို စေ့စေ့
ကြည့်ပြီး စကားတွေ မရပ်မနားပြောနေပေမဲ့ နှင်းရည် ပါးပြင်ပေါ်စီးဆင်းနေတဲ့
မျက်ရည်တွေမှတစ်ပါး လှုပ်ရှားမှု မရှိတော့။ ပကတိ ကျောက်ရုပ်လို ငြိမ်သက်နေတယ်။
ထူးခြားနေတဲ့ နှင်းရည်ရဲ့ အပြုအမူတွေကို ပိစိမ သံသယတွေနဲ့ အကဲခတ်နေမိတယ်။
'သား အဇီ၊ မင်းညီမ
ကိုလည်း ကြည့်ပါဦးကွာ၊ ဆရာကြီးဘက်ကိုလည်း တွေးပေးပါဦး။ ဆရာကြီး မြေးလေးရှိတာ
တကယ်မသိခဲ့တာပါ။ ဟိုတစ်နေ့က ဥက္ကဋ္ဌကြီးနဲ့ ရွာဦးစေတီလေး
ပြုပြင်ဖို့အကြောင်းပြောရင်း မြေးမလေး အကြောင်း သိခဲ့ရတာ။ ဆရာကြီးလည်း ရွာနဲ့
အဆက်အသွယ်ပြတ်နေတာ ကြာပြီလေ။ မင်း ညီမက မင်းမြင်တဲ့အတိုင်းပဲ။ လွန်ခဲ့တဲ့
လေးနှစ်က မင်းတို့ဆီက ပြန်လာတဲ့လမ်းမှာ
ကားအက်ဆီးဒင့်ဖြစ်ပြီး အာရုံကြော ချို့ယွင်းပြီး ဘာကိုမှ သတိမရတော့သလို စကားလည်း
မပြောနိုင်တော့ဘူး။ ဆရာကြီး အမျိုးသမီးကတော့ အဲဒီ မတော်တဆမှုမှာပဲ ပွဲချင်းပြီး
ဆုံးတယ်။ ဆရာကြီး မင်းညီမနဲ့ ပြန်ဆုံရတာတောင် နှစ်နှစ်ပဲ ရှိပါသေးတယ်။
စိတ်ကျန်းမာရေးဆေးရုံတစ်ခုက အသိတစ်ယောက်ဆက်သွယ်လို့ သွားကြည့်ရင်း သမီးလေးကို
တွေ့ခဲ့ရတာပဲ။ အစက ဆရာကြီး အမျိုးသမီးနဲ့ သမီးလေးဆုံးပြီဆိုတဲ့သတင်း ဆရာကြီးဆီ
ရောက်လာခဲ့တယ်။
'ဆရာကြီးလည်း
သင်တန်းတက်နေဆဲကာလ ဆိုတော့ ပြန်လို့မရခဲ့ဘူးလေ။ နာရေးကိစ္စ လိုအပ်တာတွေကို
ဆွေမျိုးသားချင်းတွေက ဝိုင်းကူခဲ့ရတာ။ အခု မြန်မာနိုင်ငံ ပြန်လာတယ်ဆိုတာလည်း
သမီးလေးရှိနေသေးတယ်လို့ မိတ်ဆွေတစ်ယောက်က အကြောင်းကြားလာလို့ပါ။ ဆရာကြီး
သမီးလေးကိုခေါ် ပြီး နိုင်ငံခြားမှာ အပြီးပြောင်းနေဖို့ စီစဉ်နေရင်း
ဥက္ကဋ္ဌကြီးနဲ့ အဆက်အသွယ်ရခဲ့တာ။ အခုတော့ သမီးလေးအပြင် သနားဖို့ကောင်းတဲ့ မြေးမလေး
သတင်းပါရခဲ့တာပဲ။ ဆရာကြီးဘက်ကိုလည်း ကြည့်ပေးပါဦး သားရယ်။ သားခံစားချက်တွေကို
ဆရာကြီး နားလည်ပါတယ်'
နှင်းရည်နဲ့ ဆရာကြီးကို
ကြည့်လိုက်၊ သမီးလေး နှင်းပွင့်ကို ကြည့်လိုက်နဲ့ အဇီ မျက်ဝန်းမှာ မျက်ရည်ဥတွေ
တွဲခိုနေတယ်။ တစ်ရွာလုံး လာကြည့်နေကြပေမဲ့ တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်က
အင်းဖော်ပြီးခါစ ရေပြင်လို့ ရေပွက်သံပင် မကြားရ။ ဆရာကြီးကို ကရုဏာသက်လို့လား၊ နှင်းပွင့်ရဲ့
ဘဝမကူးတဲ့ ဝဋ်ကြွေးတွေကို ကြောက်လန့်မိလို့လား၊ အဇီ့ဆုံးဖြတ်ချက်ကို
နားစွင့်နေတာလား။ ပိစိမ မဝေခွဲတတ်တော့။
□
၆။
မနက်ခင်းရဲ့
နေခြည်နွေးနွေးက တစ်ရွာလုံးကို စုစည်းလိုက်တယ်။ ရွာဦးကျောင်းအတွင်း လုပ်အား
ဒါနပြုနေကြတဲ့ သူတွေထဲ ပိစိမ အဇီကို လိုက်ရှာနေမိတယ်။ ဒါပေမဲ့ လူအုပ်ကြီးကြားထဲ
ဘယ်နေရာမှ မတွေ့ ရ။ အဇီ ဆရာကြီးလက်ထဲ နှင်းပွင့်လေးကို ထည့်ပေးပြီး ကတည်းက
ပျောက်နေခဲ့တာ။ တစ်ရွာလုံးက ရွာအနှံ့ လိုက်ရှာပေးကြပေမဲ့ အဇီ အရိပ်အယောင်ပင် မတွေ့ရ။ ပျောက်သောသူ
ကြာလျှင်မေ့ ဆိုပေမဲ့ မမေ့နိုင်တာက ပိစိမ အပူလို့ဆိုရင် ဆိုပါစေတော့။ မိုးလင်းက
မိုးချုပ် အဇီကို ရှာနေမိတယ်။
အခုဆို
ရွာဦးစေတီကြီးလည်း ဆရာကြီးရဲ့ မ,တည်မှု၊ တစ်ရွာလုံးရဲ့
လုပ်အားဒါနတွေကြောင့် လအနည်းငယ် အကြာမှာပဲ ပြီးဆုံးသွားခဲ့ပြီ။ သမီးလေး
နှင်းပွင့်လည်း တစ်ခါတစ်ရံ ဖေဇီဘယ်သွားလဲ မေးရုံမှတစ်ပါး ဆရာကြီးရဲ့ မေတ္တာရိပ်အောက်မှာ
ပျော်မွေ့နေခဲ့ပြီ။ ဒီနေ့ တစ်ရွာလုံး ရွာဦးကျောင်းမှာ စုစည်းနေကြတယ်။
တစ်ရွာလုံးရဲ့ လုပ် အားဒါနတွေ ပါဝင်ခဲ့တာမို့ အားလုံးမျက်နှာမှာ အပြုံး ကိုယ်စီနဲ့
လှပနေတယ်။ တစ်ရွာလုံးရဲ့ အလှူဆိုလည်း မမှားပါဘူးပေါ့။ ပိစိမလည်း အဇီကို
သတိရစိတ်ကလွဲလို့ ပျော်ရွှင်နေမိတာအမှန်။
ရွာဦးဆရာတော် ကြွလာတာကြောင့်
ပိစိမ အတွေးတွေ ရပ်တန့်သွားခဲ့တယ်။ ဒါပေမဲ့ ပိစိမ အကြည့်တွေကတော့ ဆရာတော့်နောက်
ခပ်လှမ်းလှမ်းက လိုက်ပါလာတဲ့ ဆရာလေးတစ်ပါးဆီ စူးစိုက်ကြည့်နေ မိတယ်။
မျက်လွှာလေးကိုချကာ ပကတိအေးချမ်းတဲ့ ဆရာလေးမျက်နှာလေးကို မြင်မိတော့ ပိစိမ အံ့သြနေမိ
တာအမှန်။ အဇီမှ အဇီအစစ်။ ပိစိမ မှတ်မိတာပေါ့။ ပိစိမ နေ့နေ့ညည စွဲလမ်းခဲ့တဲ့
မျက်နှာဝိုင်းဝိုင်းလေး။ တစ်ရွာလုံး ရဲ့ အံ့သြဖွယ် အကြည့်တွေအောက် တည်ငြိမ်နေတဲ့
ဆရာလေးက စန္နိမာလာခေါ် ပျောက်ဆုံးနေခဲ့တဲ့ အဇီဖြစ်ကြောင်း ဆရာတော်က မိန့် ကြားလို့
အံ့သြမှုတွေ ဖြေဖျောက်ပေးခဲ့တယ်။
အဲဒီနေ့ ဆရာတော်က 'ဆုတောင်းမှားခဲ့သူများ' ဆိုတဲ့ တရားဟောကြားခဲ့တယ်။
လူဘဝရယ်လို့ ရလာတဲ့အခါ ဆုတောင်းလေးတွေ မမှားဖို့ အမြဲသတိကပ်နေဖို့ကို
ဟောကြားခဲ့တယ်။ လူသားတိုင်းက တစ်ဦးနဲ့တစ်ဦး မေတ္တာရှိကြတဲ့အခါ လိုတာထက်ပိုတဲ့
ဆုတောင်းတွေ တောင်းမိတတ်ကြတယ်။ အဲဒီအခါမှာ ဘယ်အချိန်ရောက်တော့ မှားလဲဆိုရင်
သံသရာလည်ချိန်ရောက်တော့ မှားသွားတတ်ကြတယ်တဲ့။ နောက်သံသရာမှာ ကိုယ်ဘာဖြစ်မယ်ဆိုတာ
ဒီဘဝလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကသာ အဆုံးအဖြတ်ပေးတာမို့ ဆုတောင်းမမှားဖို့
ဆရာတော်က သတိပေးဟောကြားခဲ့တယ်။ သေအတူ ရှင်မကွာ ဆိုတော့ ခရီးသွားရင်း တစ်နယ်တစ်ကျေး
မသိကြတဲ့သူတွေ အတူသေဆုံးကြတဲ့ အဖြစ်တွေ။ ဘဝဆက်တိုင်း သူနှင့်သာ မေတ္တာမျှရပါလို့၏
ဆိုတော့ နောင်သံသရာမှာ ယောကျ်ားအချင်းချင်း မေတ္တာ မျှမိတာတွေ၊ မိန်းမသား
အချင်းချင်း မေတ္တာမျှမိတာတွေ သာဓကပြလို့ ဆရာတော်က ဟောကြားခဲ့တယ်။
ဒီလိုနဲ့ ဆရာတော်ဟော
ကြားတဲ့ တရားကိုနာယူရင်း ပိစိမ အသိတရားတွေ ပွင့်လင်းခဲ့တယ်။
ဒါကြောင့်
အလှူကြီးပြီးတဲ့ နောက်နေ့မှာ ပိစိမ သာသနာ့ဘောင်ကို အပြီးတိုင် ဝင်ရောက်ခဲ့တယ်။
သုမာလာတစ်ဖြစ်လဲ ပိစိမ၊ ဆရာလေး စန္နိမာလာကို လှမ်းဖူးမျှော်ရင်း လူ့ဘဝတုန်းက
ဆရာလေးပြောခဲ့တဲ့ မေတ္တာကျွန်ဆိုတာ ကိုယ်တိုင် ဖြစ်နေပါပေါ့လားလို့ ဆင်ခြင်
မိလိုက်တယ်။ သတိကပ် ထားတဲ့ကြားက တစ်ခါတစ်ရံ လွတ်သွားတတ်တဲ့ သတိလေးကို အကြိမ်ကြိမ်
ပြန်ဖမ်းဆုပ်ထားရင်း ဆရာလေး စန္နိမာလာအပေါ် စွဲလမ်းမိတဲ့ တဏှာစိတ်ကို အကြိမ်ကြိမ်
သတ်နေမိတယ်ဆိုတာ သုမာလာ ဘယ်သူ့ကိုမှ ပြောမပြ ဖြစ်ခဲ့တဲ့ အမှန်တရားတစ်ခု ဆိုတာ
ဝန်ခံရင်း...။
■
မေဂျိုးငယ်
(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...