ရွှေသုတ‌

ဆွေမျိုးများနဲ့ ကမ္ဘောဇနွေရက်များ အပိုင်း (၂)

ညီပုလေး

01 February 2026
ဆွေမျိုးများနဲ့ ကမ္ဘောဇနွေရက်များ အပိုင်း (၂)
Share to

ဒေါ်နန်းပို

            နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပြီးလို့ နှစ်သစ်ကူးရင် ဒေါ်နန်းပိုက ကက္ကူဘုရား ဘက်ကိုတက်သတဲ့။ နှစ်စဉ် ဘုရားဖူးလာတယ်။ ဆွမ်းတော်ကပ်လှူတယ်လို့ ပြောတာပါ။ သူ့ပလိုင်းနံဘေးက ၃ဆင့် စတီးချိုင့်တွေကို ညွှန်ပြရင်း ထမင်းလား။ ဘာဟင်းတွေနဲ့လဲလို့ မေးကြည့်တော့ ဒီမှာ မိသားစုနဲ့စားဖို့ ထည့်လာတဲ့ 'ခက်စင်း'တဲ့။ ခတ်စင်းဆိုတာ ဘာကိုဆိုလိုမှန်း ကျွန်တော်မသိဘူးဆိုတာ လူကဲခတ်တော်တဲ့ ဒေါ်နန်းပိုက သိတယ်။ သူ့စကား သူကြိုးစားပြီး အဓိပ္ပာယ်ဖော်တယ်။ 'ခတ်စင်း... ဆိုတာ ပအိုဝ်းမုန့်တီ' တဲ့။ ဘာသားနဲ့ လုပ်စားတဲ့ မုန့်တီလဲဆိုတော့ ဘာအသားမှ မပါဘူး။ သက်သတ်လွတ်တဲ့။ အခါကြီးရက်ကြီးမို့ ခတ်စင်းမှာ အသားမထည့်တာလား၊ ခတ်စင်းရဲ့ ပင်ကိုသဘာဝကိုက အသားမထည့်ရတာလား ကျွန်တော် မမေးမိဘူး။ သားယောကျ်ားလေးနှစ်ယောက် သမီးမိန်းကလေးတစ်ယောက်ရဲ့ မိခင်ဒေါ်နန်းပိုကတော့ ဘုရားကို နှစ်သစ်ကူးမှာ လာရတာ ကုသိုလ်တွေ အများကြီးရတယ်လို့ ထင်ရှာမှာပဲ။ အသက် ၂၇ နှစ်ရှိတဲ့ သားကြီးမောင်းလာတဲ့ ထော်လာဂျီနဲ့ မိသားစုလိုက်လာခဲ့ကြတဲ့ ဒေါ်နန်းပိုတို့ဟာ ဘုရားဖူးလို့ရတဲ့ကုသိုလ်အပြင် အနီးအနားကို ပျော်ပွဲစားသဘောမျိုး ခရီးတိုလေးတစ်ခု ထွက်ဖြစ်တဲ့အတွက် စိတ်ခွန်အားသစ်တွေ သစ်နေကြမှာကို မြင်ယောင်နေမိတယ်။

            ယဉ်ကျေးမှုတွေကတော့ လျင်လျင်မြန်မြန် စီးဆင်းနေတယ်။ ကက္ကူဘုရား ဝန်းကျင်ရွာမှာ ပအိုဝ်းပျိုဖြူလေးတွေ ရွှေရောင်ဆံပင်ဆိုးသူ ဆိုးကုန်ကြပြီ။ ထော်လာဂျီ ယဉ်ကျေးမှုကလည်း လျင်လျင်မြန်မြန် ထွန်းကားကြတယ်။ တောင်ပေါ်ဒေသရဲ့ ဘုရားပွဲတွေမှာ နွားလှည်းဝိုင်းကြီးနဲ့ ဘုရားပွဲလာကြသူတွေကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ခဲ့တာပေါ့။  ကမ္ဘာလှည့်ခရီးသည်တွေကို လိုက်ပို့တဲ့အခါ ဘုရားပွဲ လှည်းဝိုင်းကြီးနေရာမှာ ထော်လာဂျီတွေ ရောယှက်နေလို့ ခရီးသည်တွေခမျာ တဖျစ်တောက်တောက် ဖြစ်ကြရသတဲ့။

            ကက္ကူဘုရားပွဲ ကျင်းပထားတာ ကြာသေးပုံ မပေါ်ဘူး။ ပွဲဈေးခင်းအဟောင်းရဲ့ အမိုးတွေက ဂေါ်ရခါးသီး စင်ကျယ်ကြီးလိုပဲ တစ်မျှော်တစ်ခေါ် မြင်ခဲ့ရတယ်။ ကက္ကူဘုရားပွဲက တစ်နှစ်ကို နှစ်ကြိမ် ကျင်းပတယ်လို့ ပြောပြကြတယ်။ တပေါင်းလမှာ တစ်ကြိမ်၊ သီတင်းကျွတ်လမှာ တစ်ကြိမ် ကျင်းပတာပဲ။ တပေါင်းပွဲက ပအိုဝ်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်လို့ အဲဒီပွဲကို ပအိုဝ်းအမျိုးသားတွေ အများကြီးလာကြတယ်။

            'ကပ်'မှာ ဈေး 'ကူ'မှာ ကုန်းမို့မို့ဖြစ်လို့ 'ဈေးကုန်း'လို့ အဓိပ္ပာယ်ရတဲ့ နေရာဖြစ်တယ်။ ဒေါက်တာ သန်းထွန်းက 'ကက္ကူမှာရှိတဲ့ စေတီငယ်တွေရဲ့ ပုံစံကြည့်ပြီး ဘယ်က ဆင်းသက်တဲ့ ပုံစံလဲလို့ ဆင်ခြင်ရပြန်တယ်။ မိုဟင်လျာဒရိုလား၊ အဇန္တလား၊ ဂန္ဓရလားလို့ စဉ်းစားပြန်တော့ တောင်မြို့(အမရပူရ) ခေတ်လက်ရာ ဖြစ်နေပြန်တယ်။ ခရစ်နှစ်နဲ့ပြောရင် အားလုံးလိုလို ခရစ်နှစ်  ၁၈ဝဝ ဝန်းကျင်က ဖြစ်မယ်။ သုတေသီတစ်ဦး၏ မှတ်ချက်အရပြောရရင် အစောဆုံးစေတီငယ်မှာ ၁၇၉၃ ခုနှစ်ကဖြစ်၍ နောက်အကျဆုံးမှာ ၁၉၈၃ က ဖြစ်တယ်။ ၁၈ဝဝ က စေတီတွေက ရာနဲ့ချီပြီး ရှိမယ်။ ၁၉၈၃ က တစ်ဆူတည်းဖြစ်ပါတယ်။ ပန္နက်ပုံစံမှာ အပြင်လေးထောင့်၊ အတွင်းရှစ်ထောင့်၊ အလယ်စက်ဝန်းဖြစ်တယ်။ ကက္ကူကောင်းမှု အစုစုကို ရက်စွဲခန့်မှန်းရန် ကြေးခေါင်းလောင်းစာတို့ကို အသုံးပြုရပါတယ်။

၁။        ညောင်ရွှေစော်ဘွား သွန်းလုပ်လှူဒါန်းသော ကြေးခေါင်းလောင်းတွင် ၁၁၅၅ နတ်တော်လဆန်း ၁၊ အင်္ဂါနေ့ (4 Dec 1793)

၂။         ဆရာတော်များ သွန်းလုပ်လှူဒါန်းသော ကြေးခေါင်းလောင်းတွင်၁၂၅၅ နယုန်လဆုတ် ၅၊ စနေနေ့ (3 June 1893)

၃။        နောင်ယာဆိုင် ဆရာတော် သွန်းလုပ်လှူဒါန်းသော ကြေးခေါင်းလောင်းတွင် ၁၂၆၅ တပို့တွဲလဆန်း ၅ ရက်၊ ကြာသပတေးနေ့။ (21 January 1904)

၄။        ဆရာတော်အတွက် သွန်းလှူတဲ့ ခေါင်းလောင်းစာ။ (17 February 1932)

            ဒီရက်စွဲတွေထောက်ပြီး ကက္ကူစေတီ အများစုမှာ ၁၇၉၃ က စတင်တည် ဆောက်ခဲ့၍ နောက်ဆုံး ၁၉၃၂ မှာ တစ်ဆူ ထပ်တိုးပါတယ်' လို့ ဒေါက်တာ သန်းထွန်းက ရေးထားပါတယ်။

            ကက္ကူကို သွားရာလမ်းတစ်လျှောက်က ရွာတွေမှာ အဝါရောင်အောက်ခံမှာ အနက်ရောင်စာလုံးနဲ့ ရေးထားတဲ့ဆိုင်းဘုတ်တွေကတော့ 'ရွာအဝင် ဖြည်းဖြည်း' ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကားလမ်းပေါ် လှည်းမမောင်းဖို့ တားမြစ်တဲ့ ဆိုင်းဘုတ်တွေပါပဲ။ အနက်ရောင် မျဉ်းထူထူ တားထားပြီး အနက်မျဉ်းထူထူပေါ်မှာ နွားလှည်းပုံ ရေးထားပြီး ကြက်ခြေခတ်ထားလိုက်သေးတယ်။

            ကက္ကူသွားလမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ရွာတွေမှာရှိကြတဲ့ ဘုန်းကြီးကျောင်းတွေဟာ ရွာနဲ့မမျှအောင် ကြီးမားကြတယ်။ ဘာသာရေးကို ဘယ်လောက် ကိုင်းရှိုင်းလေးစားကြတယ်ဆိုတာ ဘုန်းကြီးကျောင်းကြီးတွေ ကြည့်ရုံနဲ့ သိနိုင်တယ်။ နှစ်ဆန်း (၄) ရက်နေ့အထိ တောင်ပေါ်သားတွေ ကျောင်းတက်လို့ မပြီးကြသေးဘူး။ ကျောင်းတက်တယ်ဆိုတာ နှစ်အကူးမှာ ကိုးကွယ်ရာ ဘုန်းတော်ကြီး ကျောင်းကို လာကန်တော့ကြတာပါပဲ။ လှူဖွယ်ဝတ္ထုပစ္စည်းတွေ သယ်ဆောင်လာကြပြီး ရှိခိုးဦးခိုက်ကြတဲ့ဓလေ့ပါ။ ရွာခံလူတွေရော ရွာနီးချုပ်စပ်ကပါ လာကြတာ ဖြစ်လေတော့ ဘုန်းကြီး ကျောင်းမှာ စည်ကားနေတယ်လေ။

            ဈေးကွက်စီးပွားရေး ကာလဆိုတော့ ဘုန်းကြီးကျောင်းပေါက်ဝမှာ ဓားလှီးရေခဲချောင်း ရောင်းသူတွေ၊ ပလတ်စတစ် အရုပ်ရောင်းသူတွေ၊ မုန့်သည်တွေ ရောက်နေကြပြီပေါ့။ သူတို့လည်း ကျွန်တော်တို့ ဖြတ်ကျော်ခဲ့တဲ့ အရှည် ၅ ပေလောက် ၁ဝ ပေလောက် သစ်သားတံတားလေးတွေကို ဖြတ်ကျော်ပြီး ဈေးလာရောင်းကြတာ။ ဒေါ်နန်းပိုနေထိုင်တဲ့ နောင်ခါးရွာမှာ သေသေချာချာ ပြုပြင်နေတဲ့ ဘောလုံးကွင်းတစ်ကွင်း တွေ့ခဲ့ရတယ်။ အုတ်နဲ့ ဆောက်ထားတဲ့ ပွဲကြည့်စင်နဲ့ အကျအနဆောက်ထားတာ။ မုခ်ဦးက ဆောက်လုပ်ဆဲပဲ။  အနောက်ဘက် ပွဲကြည့်စင်ရဲ့အပေါ်မှာ 'ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ ဥက္ကဋ္ဌဖလားဒေသပေါင်းစုံ ဘောလုံးပြိုင်ပွဲကြီး၊ နောင်ခါး၊ ၂ဝဝ၄၊ ၂ဝဝ၅' ဆိုတဲ့ စာတန်းရေးဆွဲထားတယ်။

            နောင်ခါးရွာကတော့ အိမ်ခြေ ၁၉၅၊ လူဦးရေ ၉၆၈ လို့ ဆိုင်းဘုတ်မှာ ရေးထားတယ်။ ဂျပန်နိုင်ငံက အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ မူလတန်းကျောင်းတွေ တချို့ရွာတွေမှာ တွေ့ခဲ့ရသလို လေရဟတ် စမ်းသပ်အသုံးပြုနေတဲ့ ကာရာမိုစီယာ စံပြကျေးရွာမှာပဲ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုနေတာ တွေ့ခဲ့ရတယ်။ ဒီရွာမှာ စိုက်ပျိုးရေးနည်းညွှန် ဥယျာဉ်ခြံလည်း ရှိတယ်။ တစ်နေရာမှာတော့ ရေအားအသုံးပြုဆန်စက်ကို တွေ့ရတယ်။

            ရွာက အိမ်ဆိုင်၊ ကိုကောင်လောင်း ကဖေးနဲ့ အအေးဆိုင်ဆိုတာမျိုးတွေမှာ ပအိုဝ်းလူငယ်တွေ သရုပ်ဆောင်ထားကြတဲ့ ဗီဒီယိုဇာတ်လမ်းအခွေ ကြော်ငြာ ပိုစတာတွေ၊ ပအိုဝ်းလူငယ်တွေ သီဆိုထားကြတဲ့ တိပ်ခွေကြော်ငြာတွေ ကပ်ထားကြတယ်။ နားထောင်ဖူးကြတဲ့သူတွေကတော့ ဟစ်ဟော့တွေ၊ အော်လ်တာနေးတစ်တွေအထိ သီဆိုနေကြပြီလို့ ပြောပြတယ်။ ကန်ထရီးအဆိုတော် ခွန်သန်းထွန်းဟာ ဒီနေ့ ပအိုဝ်းအဆိုတော် လူငယ်တွေကို သီချင်းမျိုးစေ့ချပေးသူတွေထဲက တစ်ယောက် ပဲ။ 'အချစ်ဆုံး မုန်းသူ'သီချင်းကို သီဆိုခဲ့တဲ့ ခွန်သန်းထွန်းရဲ့ နောက်မှာ ပအိုဝ်း အမျိုးသားထဲက 'ဒိုးလုံး'က ဟုန်းခနဲ ထင်ပေါ်ကျော်ကြားလာခဲ့ဖူးတယ်။ ကျေးရွာအလိုက် သစ်ဆိမ့်ပင်စိုက်ပျိုးဖို့ လှုံ့ဆော်တဲ့ ဆိုင်းဘုတ်တွေလည်း တွေ့ခဲ့ရတယ်။ ရွာနာမည်ရယ်၊ ကြိုဆိုပါ၏ ဆိုတာရယ် ပအိုဝ်း-မြန်မာ နှစ်ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေလည်း တွေ့ခဲ့ရတယ်။

မြန်မာ-ပအိုဝ်း နှစ်ဘာသာ

            အပြန်ခရီးမှာ အသွားတုန်းက မမြင်ခဲ့ရတာတော့ ကိုးကန့်လူမျိုးတွေချည်း သီးသန့်မြှုပ်နှံဖို့ စီစဉ်ထားတဲ့ ကိုးကန့်သုသာန်ကို တောင်ကုန်းကမူလေးတစ်ခုပေါ်မှာ လှမ်းမြင်ခဲ့ရတယ်။

            မနက် ၈ နာရီက ထွက်သွားလိုက်တာ နေ့လယ် ၁၂ နာရီမှာ တည်းအိမ်ကို ပြန်ရောက်ကြတယ်။ ညနေ ၄ နာရီမှာတော့ ကျွန်တော်တို့ ဦးလေး ဦးခွန်ထီတို့အိမ်ကိုသွားပြီး ဒေါ်ဒေါ် ဒေါ်မမကြီးကို သွားနှုတ်ဆက်ကြတယ်။ ဒါလည်း မိဘချင်း အလွန်ရင်းနှီးကြတဲ့ မိသားစုပါ။ ဦးလေး ဦးခွန်ထီးက ပင်လုံစာချုပ် လက်မှတ်ထိုးရာမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလေ။ ဦးလေးခမျာ ကွယ်လွန်ရှာပြီ။ ဒေါ်ဒေါ် ဒေါ်မမကြီး အပြင်သွားနေလို့ ခဏထိုင်စောင့်ကြရာမှ ခဏနေတော့ ဒေါ်ဒေါ်ပြန်လာတယ်။ ခြေကျင်လျှောက်ပြန်လာတယ်။ ဦးလေးတို့ ဒေါ်ဒေါ်တို့ရဲ့သားကြီး စိုင်းခမ်းပန် (မြန်မာ့ကြက်တောင် လက်ရွေးစင်) က အိမ်မှာမရှိဘူး။ ပင်လုံရောက်နေတယ်။ မြေးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်က ရန်ကုန်မှာ။ ဒေါ်ဒေါ်တို့အိမ်မှာ လူနည်းနေတယ်။ ဒေါ်ဒေါ်က ကျွန်တော်တို့ မိသားစုကို သူ့အိမ်ကို ပြောင်းလာပြီး တည်းခိုဖို့ ခေါ်နေတယ်။ ကျွန်တော်တို့ ငြင်းကြတော့ ညစာလာစားဖို့ ဖိတ်ပြန်တယ်။ ညစာ စားကြဖို့လည်း ကျွန်တော်တို့ ထပ်ငြင်းရတယ်။

            ဦးလေး ဦးခွန်ထီးရဲ့ဖခင် ဦးခွန်စံက ကျွန်တော်တို့ အဘိုးအဘွား ဦးထင်၊ ဒေါ်စုတို့နဲ့ စီးပွားဖက်ပါ။ သနပ်ဖက် အရောင်းအဝယ် လုပ်ကြတာလေ။ ဦးလေး ဦးခွန်ထီးရဲ့ဖခင် ဦးခွန်စံက ပင်လုံဟိန်ပါ။ ဟိန်ဆိုတာ လူတစ်ထောင်ကို အုပ်ချုပ်ရတယ်လို့ ကြားဖူးသလို မြန်မာလိုတော့ သူကြီးလို့ ခေါ်ပါသတဲ့။ ဦးလေး ဦးခွန်ထီးရဲ့ အစ်ကို ဦးခွန်လူကို မန္တလေးမှာ ကျောင်းလာထားတော့ အဘိုးအဘွားတို့ဆီမှာ အပ်နှံထားပါသတဲ့။ ကျွန်တော်တို့ အမေတို့ ညီအစ်မတစ်တွေနဲ့ ဦးခွန်လူနဲ့ ကစားဖက်တွေတဲ့။ အမေကတစ်ဆင့် ဖောက်သည်ချလို့ နားထဲမှာ စွဲနေတဲ့ စကားတစ်ခွန်း ရှိတယ်။ အဲဒီစကား တစ်ခွန်းက ရှမ်းပြည်နယ်ရဲ့ ဓလေ့ထုံးစံနဲ့ ရှမ်းပြည်နယ်ရဲ့ ပထဝီအနေအထားကို မြင်ယောင်စေပြီး အဘိုးထင်တို့ အဘွားစုတို့နဲ့ ပင်လုံဟိန် ဦးခွန်စံတို့ ရင်းနှီးကြပုံကို မြင်ယောင်မိတယ်။

            ကျွန်တော်တို့အဘွား ရှမ်းပြည်နယ် သွားလည်တဲ့အခါ ရေချိုးချိန်တန် ရေချိုးကြဖို့ ပင်လုံဟိန် ဦးခွန်စံက စီစဉ်သတဲ့။

            'မစု ဒီချိုး၊ ဟိန်းကတော် ဟိုချိုး၊ ဖိုးဟိန် ဟိုဘက်သွားချိုးမယ်'

            အဘွားစုတို့ ရေချိုးကြမယ့် စမ်းချောင်းလေးက ကောက်ကောက်ကွေ့ကွေ့လေး ဖြစ်နေပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး မမြင်ကွယ်ရာမှာ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ရေချိုးကြဖို့ ပင်လုံဟိန်က နေရာချထားတဲ့ စကားပါ။

            ဒေါက်တာ နန်းစံပယ်မြင့်ကြူရဲ့သား တီးတီးနဲ့ ရှောက်တီတီတို့ ညီအစ်ကိုက ညနေ နေအေးတော့ မြစိမ်းတောင်၊ ရွှေဘုန်းပွင့်ဘုရားနဲ့ ပတ္တမြား လိုဏ်ဂူတွေကိုလိုက်ပို့တယ်။ အဲဒီညနေက နေရောင်က လင်းချင်သလောက် လင်းခွင့်မရဘူး။ တိမ်တွေထွန်းပြီး ခပ်မှိန်မှိန်ပဲ။ တောင်ပေါ်ကနေ တောင်ကြီးမြို့ကို အပေါ်က စီးကြည့်ရတဲ့ အရသာက မန္တလေးတောင်ပေါ်ကနေ မန္တလေးမြို့ကို လှမ်းကြည့်ရတဲ့ အရသာနဲ့ မတူဘူး။ ဒီတောင်တွေနဲ့ တောင်ကြီးမြို့နဲ့က နီးကပ်လွန်းတယ်။ ရွှေဘုန်းပွင့် ဘုရားရင်ပြင်ပေါ်မှာ မြန်မာနိုင်ငံ မြေတိုင်းဌာနခွဲက တိုင်းထွာထားတဲ့ နိမ့်မြင့်မှတ်တိုင်ရှိတယ်။ အမြင့် မီတာတော့ ရေးထွင်းမထားဘူး။ B.M အမှတ်အသားပါပြီး ၁၃.၇.၂ဝဝ၂ ရက် စွဲကို အင်္ဂလိပ်လို ရေးထွင်းထားတယ်။

            တောင်ပေါ်ကနေ အသိမိတ်ဆွေ ဆွေမျိုးတွေရဲ့ အိမ်ကို မှန်းဆကြည့်မိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက လူထုသတင်းစာနဲ့ လူထုဂျာနယ်မှာ အယ်ဒီတာ လုပ်သွားခဲ့တဲ့ ဦးထွန်းဖေ ဆိုတာရှိတယ်။ သူ့ကလောင်နာမည်က သူရ (ရှမ်းပြည်)ပါ။ ကျွန်တော်တို့နဲ့ အတူနေတာပါ။ ကျွန်တော်က သူ့ကို ထွန်းထွန်းလို့ ခေါ်တယ်။ အယ်ဒီတာလုပ်ရင်း ကျွန်တော့်ကို ထိန်းကျောင်းလာခဲ့သူပေါ့။ ကြီးလာရင် စက်မှုအင်ဂျင်နီယာ မက္ကနစ်များ ဖြစ်လာလေမလားဆိုပြီး မက္ကင်နိုလို့ခေါ်တဲ့ ကလေးကစားစရာတွေ ဆောက်လုပ်ထားတဲ့ ကစားစရာတွေ ဝယ်ပေးခဲ့သူပေါ့။ ဖော့ဦးထုပ် ဆောင်းကြတဲ့ခေတ်မို့ ထွန်းထွန်းမှာလည်း ဖော့ဦးထုပ်တစ်လုံး၊ ကျွန်တော့်အတွက်လည်း ဖော့ဦးထုပ်တစ်လုံး၊ ဈေးချိုတန်းကြီးပေါ်က တရုတ်ဆိုင်တစ်ဆိုင်က ဝယ်ပေးတာ မှတ်မိတယ်။

            နောက်တော့ ထွန်းထွန်းက မန္တလေးကနေ ဂျစ်ကားတစ်စင်းဝယ်ပြီး တောင်ကြီး ပြန်တယ်။ တောင်ကြီးမှာ ဒေါ်ဒေါ်စုနဲ့ အိမ်ထောင်ကျတယ်။ သမီးကလေး တစ်ယောက်ထွန်းကားတယ်။ ထွန်းထွန်းရဲ့သမီးလေး မိုးမိုးက မန္တလေးမှာ တက္ကသိုလ်လာတက်တယ်။ နောက် ကျောင်းဆရာမ ဖြစ်သွားတယ်။ ထွန်းထွန်းကတော့ ဆုံးရှာပြီ။ သူ့မိသားစုကတော့ ဘုရားဖြူကို ပြောင်းသွားသတဲ့။

            ထွန်းထွန်းတို့ အရင်ကနေသွားတဲ့ တိုက်ကလေးက ဘယ်နားဆီမှာပါလိမ့်။

တင်စိုးလှိုင်၊ တင်မြင့်လှိုင် ညီအစ်ကိုနဲ့ အမှတ်တရ

            ပတ္တမြားလိုဏ်ဂူ ရောက်ကြတော့ ဝင်းဝင်းနဲ့ ရွှေပြည်စိုးသားအမိက လိုဏ်ဂူရဲ့ နောက်ဆုံးတရားထိုင်ဖို့ ခင်းကျင်းပြင်ဆင်ထားတဲ့ နေရာတွေအထိ ဆင်းကြတယ်။ လျှပ်စစ်မီးတွေ ထွန်းထားလို့ လင်းလင်းချင်းချင်းလည်း ရှိတယ်။ ဒါပေမယ့် သူတို့ဂူထဲမှာ ကြာကြာမနေနိုင်ဘူး။ အေးစိမ့်နေတာနဲ့ ပြန်တက်လာတယ်။ လိုဏ်ဂူနားအထိ လမ်းဖောက်ထားတဲ့ တောင်ကမ်းပါးယံပတ် ကားလမ်းနံဘေးမှာ တောင်ကြီးမြို့ ရှုခင်းသာကို ထိုင်ကြည့်ဖို့ သစ်သားတန်းလျားလေးတွေ  ရိုက်ပေးထားတယ်။ ညနေခင်းတောင်မှ တော်တော်အေးတဲ့နေရာ၊ ညဆိုရင် တောင်ပေါ်မှာ လေအေးတွေ တသုန်သုန်နဲ့ တောင်အောက်က တောင်ကြီးမြို့ကလည်း မီးတွေတထိန်ထိန်နဲ့ သိပ်လှမှာပဲ။ ညချမ်းမှာ တစ်ခေါက်လာကြည့်ချင်စရာနေရာပဲ။

            အောင်အောင်က ကျွန်တော်တို့ကို 'ချောပို' ခေါပုတ်လုပ်ငန်းပိုင်ရှင် ကိုရဲလွင်ဆီကို လိုက်ပို့တယ်။ ကျောက်မဲသား ကိုရဲလွင်ဟာ တောင်ကြီးမှာလာပြီး ခေါပုတ်လုပ်ငန်း လာလုပ်နေတာလေ။ ကျွန်တော်နဲ့ ကိုရဲလွင်တို့ သူ ကျောက်မဲမှာ ရှိနေစဉ်ကတည်းက ခင်မင်ခဲ့ကြတာ။ စာပေအနုပညာ ဝါသနာပါတဲ့ ကိုရဲလွင်ဟာ ကျွန်တော်တို့နဲ့ ဘာသာစကား တော်တော်တူတယ်။ သူက မဟာဂီတလည်း လိုက်စားတဲ့သူ။ သူ့အခန်းမှာ သူ့ဇနီး ကျောင်းဆရာမ မသီတာဦးနဲ့ အော်ဂင်တစ်လုံး ရှိနေတယ်။ ဆိုကရေးတီး ပြိုင်ပွဲတွေအတွက် လာရောက်ဆည်းပူးနေတဲ့ တပည့်လေးတစ်ယောက်လည်း အနားမှာ ရှိနေတယ်။ ကိုရဲလွင်၊ ကိုတင်မောင်သိန်း၊ ဒေါက်တာ ခင်အောင်ချို၊ (ကို)ကျော်ရင်မြင့်၊ (ကို) ချစ်သက်ဦး၊ ကိုအောင်ဝင်းလေးတို့ဟာ တစ်ချိန်က ကျောက်မဲမြို့မှာ စာပေအနုပညာ ဝါသနာတူသူတွေပေါ့။ စာပေအနုပညာထဲမှာ သူတို့ရဲ့အချိန်တွေကို အများကြီး စုပေါင်းမြှုပ်နှံခဲ့ကြသူတွေလေ။ အခုတော့ (ကို)ကျော်ရင်မြင့်က မန္တလေး၊ ဒေါက်တာခင်အောင်ချိုက စစ်တွေ၊ (ကို)ချစ်သက်ဦးက ဗန်းမော်မြို့နဲ့ ကိုရဲလွင်က တောင်ကြီးမြို့ကို ရောက်နေကြတယ်။

            ကိုရဲလွင်အိမ်မှာ တင်ပါးပူအောင် ထိုင်ကြဖို့အချိန် မရကြဘူး။ ကျွန်တော်တို့ညစာစားဖို့ ဖိတ်ထားတဲ့ ကိုကို ဘမြင့်တို့အိမ်ကို လာခဲ့ကြတယ်။

            အဲဒီညက ညစာကို ကိုကိုဘမြင့်၊ မမဝင်းမြတို့ မိသားစုက ကျွေးတယ်။ ညနေက တောင်ပေါ်တက်ထားကြလေတော့ ညစာဟာ ထင်ထားတာထက် ပိုစားမိကြတယ်လေ။ အောင်အောင်က မိုင်ရှူခေတ်မတိုင်ခင် တောင်ကြီးမြို့နဲ့ မိုင်ရှူခေတ် ဒီဘက်ပိုင်း တောင်ကြီးမြို့အကြောင်း ပြောပြတာ စိတ်ဝင်စားစရာပဲ။ ၁၉၈၄ ခု မန္တလေးမြို့လယ်ခေါင် မီးကြီးမလောင်ခင်ကနဲ့ ဒီဘက် မန္တလေးကို သွားသတိရတယ်။ နီမိုကတော့ အစွမ်းတွေ တစ်မျိုးပြီး တစ်မျိုး ပြနေတယ်။ ဧည့်သည်တွေက သူ့အတွက် ထမင်းမကျန်အောင် စားသွားမှာ စိုးလို့ထင်ပါရဲ့။

            ၂ဝ ရက်ညက တောင်ကြီးမှာ မိုးသည်းသည်းရွာတယ်။ လျှပ်တွေလက်တယ်။ မိုးကြိုးပစ်တယ်။ ၂၁ ရက် ကြာသပတေးမှာ အင်းလေးကန်ကို သွားကြဖို့ ဒီမိုးနဲ့ဆိုရင် ဖြစ်ပါ့မလား။ စိုးရိမ်မိတယ်။

            ၂၁ ရက် မနက်ခင်းက ခါတိုင်းထက်ပိုပြီး အေးစိမ့်နေတယ်။ ကျွန်တော်တို့ကို အင်းထဲလိုက်ပို့မယ့် အောင်အောင်ကို သွားနှိုးကြမယ်လို့ ဝင်းဝင်းနဲ့ နှစ်ယောက် လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ စိန်ပန်းပြာရနံ့တစ်လှည့် အီနေအောင်မွှေးတဲ့ ယူကလစ်နံ့ တစ်လှည့် ရှူရှိုက်နေရတယ်။ ဒါ တောင်ကြီးမြို့ မနက်ခင်းရဲ့ ဧပြီလေ ရနံ့လေလား။ အောင်အောင်ကို နှိုးစရာ မလိုဘူး။ သူကလည်း အိပ်ရာခပ်စောစောထတဲ့ အကျင့်ရှိသူ။ သူနဲ့လမ်းမှာ ဆုံကြတယ်။ လူငယ်တစ်ယောက်ပေမယ့် အောင်အောင်က လူကြီးစိတ် မွေးထားတဲ့ လူငယ်လေး။

            'ဘယ့်နှယ်လဲ အောင်အောင်၊ ဒီနေ့ အင်းထဲကို သွားလို့ဖြစ်ပါ့မလား'

            အောင်အောင်က မိုးကောင်းကင်အနှံ့ကို လှည့်ပတ်ကြည့်ရင်း...

            'ဖြစ်ပါတယ်။ ခဏနေရင် နေပွင့်လာမှာပါ။ ကျွန်တော်တို့ စောစောသွား စောစောပြန်ကြမှာပဲ။ ညနေစောင်း တိမ်ညိုတွေတက်လာရင်သာ စိုးရိမ်ရတာ'

            ကျွန်တော်လည်း အင်းထဲမှာ ညနေစောင်း လေမိလို့ ကြုံရာဝင်ခိုကပ်ခဲ့ကြ ဖူးသူတွေ ပြောသံကြားဖူးတယ်။ အောင်အောင်ကတော့ ရေကူးတတ်သလား၊ မကူးတတ်သလားတော့ မသိ၊ ကျွန်တော့်မိသားစုထဲမှာတော့ ဝင်းဝင်းအပါအဝင် အမျိုးသမီးတွေက ရေမကူးတတ်ကြဘူး။

            အဲဒီနေ့က မနက်စာကို ကျိုင်းတုံ ရွှေညောင်ပင်ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ စားခဲ့ကြတယ်။ ကြက်တောင်ပံ၊ ကြက်ခြေထောက်၊ ကြက်မြစ်ကြက်သည်းကို အလည်မှာတည်ပြီး ဆီချက်၊ ရှမ်းဆန်စေး၊ ဆန်အရည်ဖျော် ကိုယ်ကြိုက်ရာ မှာစားကြတယ်။ ဒီဆိုင်နဲ့ အနီးအနားမှာ စာသင်ကျောင်း ရှိပုံပေါ်တယ်။ ကျောင်းမှာ နွေရာသီသင်တန်းတက်နေကြတဲ့ ဆရာမတွေ ဘောင်းဘီရှည်၊ ကင်းဘတ် ရှူးကိုယ်စီနဲ့ ရွှေညောင်ပင်မှာ ခေါက်ဆွဲ လာစားနေကြတယ်။

            ကျွန်တော်သာ ကားမောင်းခဲ့ရမယ်ဆိုရင် တောင်ကြီးကနေ ရွှေညောင်ဘက် မောင်းလာမယ်။ ရွှေညောင်ရောက်မှ ညောင်ရွှေသို့ဆိုပြီး လမ်းညွှန်ဆိုင်းဘုတ် ရှိရာလမ်းအတိုင်း မောင်းမိမှာပဲ။ အောင်အောင်ကတော့ အေးသာယာစက်မှုဇုန်ဘက်ကို မောင်းလာခဲ့တယ်။ အဲဒီဘက်မှာ တောင်ကြီး ဂျီတီအိုင်ပါရှိတယ်။ တောင်ကြီးကနေ တောင်အောက်ဆင်းပြီး စက်မှုဇုန်ရှိရာကို မောင်းလာခဲ့တယ်။  အေးသာယာမြို့ဟာ မြို့သစ်တစ်မြို့မှန်း သိသာနေတယ်။ တောင်ကြီးနဲ့ အေးသာယာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားဂိတ်မှာ ခရီးသည်တွေနဲ့ စည်ကားနေတယ်လေ။

            'ဟိုဟာ သံရည်ကျိုစက်ရုံကြီးပဲ' အောင်အောင်ညွှန်ပြတဲ့ အဆောက်အအုံဟာ စက်မှုဇုန်ထဲမှာ ရှိနှင့်ကြတဲ့ အဆောက်အအုံတွေထဲမှာ အကြီးဆုံး။ သူက သံရည်ကျိုစက်ရုံကြီးနဲ့ ဗျုပ္ပတ်ကို သူသိရှိထားသလို ပြောပြတယ်။

            'သူနဲ့ ညီအစ်ကိုတော်တဲ့ သံရည်ကျိုစက်ရုံတွေက မန္တလေးမှာ တစ်ရုံ၊ မုံရွာမှာ တစ်ရုံ ရှိတယ်'

            ကျွန်တော်တို့ ရှေ့မှာတော့ ကုန်ကားတစ်စင်း အိပဲ့အိပဲ့နဲ့ သွားနေတယ်။ ဒီကုန်ကားပေါ်မှာ ဆောက်လုပ်ရေး အလုပ်သမား လူငယ်လေးတွေ၊ အလုပ်သမလေးတွေ အယောက် ၂ဝ လောက် ပါလာကြတယ်။ သနပ်ခါးပါးကွက် ကြားထားတာရော၊ ဆံပင်မှာ ဆီမရှိကြတာရော၊ ရှပ်အင်္ကျီလက်ရှည် တစ်ပတ်နွမ်းကို အပေါ်က ထပ်လျှိုထားတာရော မန္တလေးဘက်က လုပ်သားတွေနဲ့ သူတို့ ဘာမှ မကွာခြားကြဘူး။ ကျွန်တော်ကတော့ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်ထက် သူတို့လက်ထဲမှာ ကိုင်ထားကြတဲ့ ထမင်းချိုင့်တွေထဲက ဟင်းတွေကို စိတ်ဝင်စားနေမိတယ်။ အညာမှာနေကြတဲ့ ပန်းရံတွေ ခဲကျွေးတွေရဲ့ ထမင်းချိုင့်ထဲက ဟင်းတွေနဲ့ တောင်ပေါ်က သူတို့ဟင်းတွေနဲ့ ဘာတွေ ကွာခြားမှာပါလိမ့်။

            ညောင်ရွှေကို သွားတဲ့လမ်းက ကက္ကူကို သွားတဲ့လမ်းနဲ့ သိပ်မကွာခြားလှဘူး။ ခပ်ဆင်ဆင်ပဲ။ လမ်းမှာ ရှောင်ရ တိမ်းရ ကျော်ရတာတော့ ကက္ကူဘက်လောက် မများလှဘူး။ ညောင်ရွှေမြို့ထဲကို ဝင်လာတဲ့အခါ ညောင်ရွှေကို ကျွန်တော် မမှတ်မိတော့ဘူး။ အရင်က ၁၉၈၇ ဆီက ကျွန်တော် ရောက်ဖူးတဲ့ ညောင်ရွှေနဲ့ တော်တော်ကွာခြားသွားတယ်။ ဟိုတယ်တွေ၊ အင်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ရှေးဟောင်း ပစ္စည်းအရောင်းဆိုင်တွေ၊ ပန်းချီပြခန်းတွေနဲ့ ပြည့်နှက်နေတယ်။ ညောင်ရွှေက သူ့ရဲ့စီးပွားရေးကို ခရီးသွားတွေအပေါ်မှာ အားကိုးအားထား ပြုနေပုံရတယ်။ ကျွန်တော်ရဲ့မိတ်ဆွေ ကိုအောင်ချိုခိုင် တစ်ချိန်က ဖွင့်လှစ်ခဲ့ဖူးတဲ့ အလှကုန်ဆိုင်နေရာလေးကို ရှာကြည့်တာလည်း မတွေ့တော့ဘူး။ ဒီလူငယ်လေးဈေးထဲမှာ အိုးတွေ ရောင်းနေတယ်တဲ့။ ကျွန်တော်တို့ နေမပူခင် ခရီးတွင်ချင်တာနဲ့ ကိုအောင်ချိုခိုင်ကို အပြန်ကျမှ ဝင်ပြီး နှုတ်ဆက်ကြတော့မယ်လေ။

            အောင်အောင်က ကားကို သူ့မိတ်ဆွေရဲ့ အိမ်ရှေ့မှာ ရပ်ထားခဲ့မယ်လို့။ ဒါပေမယ့် သူ့မိတ်ဆွေက အဲဒီနေရာမှာ မနေတော့ဘူး။ ပြောင်းသွားပြီတဲ့။ အင်းထဲကို သွားကြမယ့် မော်တော်ဆိပ်မှာတော့ မော်တော်တွေ တန်းစီနေလိုက်ကြတာ အရောင်စုံပဲ။ အရင်ကတော့ ခရီးသည်တွေက လှေဝမ်းထဲမှာ ဖျာခင်းပြီး တင်ပျဉ်ခွေလိုက်သွားလိုက်ရုံပဲ။ အခုနောက်ပိုင်းမှာတော့ တချို့မော်တော်တွေက ကုလားထိုင် ၅ လုံး တပ်ဆင်ထားတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြုပြင်ထားတာ ထင်ပါရဲ့။ အဲဒီ ကုလားထိုင်ပေါ်မှာ အသက်ကယ်အင်္ကျီ တစ်ထည်စီ တင်ထားလိုက်သေးတယ်။ ဒီလိုစက်လှေမျိုး မြန်မာခရီးသွားတွေလည်း ငှားစီးကြတာကို မကြာခင် အင်းထဲမှာ တွေ့လိုက်ရတယ်။

            အင်းထဲကို အလာကားပေါ်မှာ မိုးစက်လေးတွေ ကျသေးတယ်။ ကားရေယက် ဖွင့်ပြီး မောင်းခဲ့ရတယ်။ အခုလည်း ရာသီဥတုက အုံ့ပျပျပဲ။ နေရောင်ထွက်ပေါ်လာလည်း ခဏပဲ။ တိမ်တွေက ပြန်ကွယ်သွားတယ်။ တိမ်ပါးတဲ့နေရာမှာ ကောင်းကင်ကြီးက ဖြူဖွေးနေတယ်။ ရေမကူးတတ်သူတွေ ပါတာမို့ မိုးတွေသည်းသည်းရွာမှာလေလား၊ လေပြင်းပါ ပါလာမှာလေလား စိုးရိမ်စိတ်က ဝင်ဝင်လာ တယ်။ ဒီစိုးရိမ်စိတ်ကို မိသားစုဝင်တွေကို ထုတ်မပြောမိအောင် မျိုချပြီး ဘာမှ မစိုးရိမ်သလို အပြုံးအရယ်မပျက် လိုက်လာခဲ့တယ်။

အင်းလေးကန်သွား ရေပေါ်တက္ကစီများ

            အင်းထဲမှာ သွားသင့်ရောက်ထိုက်တဲ့နေရာတွေကို အောင်အောင်ကပဲ ခရီးစဉ် ဆွဲတယ်။ မော်တော်ငှားခ အသွားအပြန် ၈ဝဝဝ ကျပ် ပေးရမယ်တဲ့။ အရင်တုန်းကဈေး မရနိုင်မှန်းသိပေမယ့် ၈ဝဝဝ ကျပ်ဆိုတာ နည်းသလား၊ များသလား၊ တန်ရာတန်ကြေး ပေါက်ဈေးပဲလား မဝေခွဲတတ်ဘူး။ မန္တလေးကနေ တကူးတကန့် လာပြီးမှတော့ ကျပ် ၁ဝဝဝဝ ဆိုလည်း ပေးကြရတော့မှာလေ။

            'အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းတာဝန်များ' ဆိုတဲ့ အစိမ်းရောင်အောက်ခံမှာ အဖြူရောင်စာလုံးအဝိုင်းနဲ့ ဒီလိုရေးထားတယ်။

၁။        အင်းလေးကန် မတိမ်ကောစေရေးအတွက်ကန်အတွင်း စီးဝင်လာသော ချောင်းများမှ နှုန်းပို့ချမှုကို ကာကွယ်တားဆီးရန်။

၂။         အင်းလေးကန်အတွင်းမှ ဗေဒါဒိုက်နှင့် ရေမှော်များ ဖယ်ရှားပြီး သန့်ရှင်းသာယာအောင် အမြဲဆောင်ရွက်ရန်။

၃။        အင်းလေးကန်အတွင်း လူနေအိမ်ခြေ ထပ်မံတိုးချဲ့ခြင်းနှင့် ကျွန်းမျောစိုက်ခင်းများ တိုးချဲ့ခြင်းတို့ကို ထိန်းသိမ်းကန့်သတ်ရန်။

၄။        အင်းလေးကန်၏ ပတ်ဝန်းကျင် ရေဝေရေလဲဒေသများ၌ သစ်တောသစ်ပင်များ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောများ ပြန်လည်ပြုစုစိုက်ပျိုးခြင်းတို့ဖြင့် အင်းလေးကန် ပတ်ဝန်းကျင်ဒေသများ အမြဲစိမ်းလန်းစိုပြည်နေရန်။

၅။        လောပီတ ရေအားလျှပ်စစ်စက်ရုံများအတွက် လိုအပ်သော ရေအရင်းအမြစ်များကို ရေရှည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်။

၆။        အထက်ပါ လုပ်ငန်းတာဝန်များကို နိုင်ငံတော်ပြည်သူနှင့် တပ်မတော် ပူးပေါင်း၍ အကောင်အထည်ဖော်ပြီး အင်းလေးကန်၏ သဘာဝအလှနှင့် တန်ဖိုးကို ထိန်းသိမ်းစောင့်ရှောက်သွားရန်။

            မော်တော်ပေါ် ရောက်ကတည်းက ဒီဆိုင်းဘုတ်ကို ဖတ်နေတာ ဖတ်လို့ ပြီးလု ပြီးခင်မှာ မော်တော်က ထွက်ပါလေရော။ တစ်ဖက်မှာတော့ ပိုးသတ်ဆေးသုံးတဲ့ သူတွေကို ပိုးသတ်ဆေးရဲ့ အန္တရာယ်အသွယ်သွယ် ပညာပေးတဲ့ ဆိုင်းဘုတ်တစ်ချပ်လည်း ရှိသေးတယ်။ ဒီဆိုင်းဘုတ်က အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ စိမ်းလန်းစိုပြည်ရေး ဆိုင်းဘုတ်လောက်လည်း မကြီးဘူး။ စာလုံးတွေလည်း ဖတ်ရတာ မသဲကွဲဘူး။ ချုံတွေ သစ်ပင်တွေ ရှေ့က ကာဆီးနေကြတယ်လေ။

ဆက်လက်ဖော်ပြပါမည်

ညီပုလေး

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။