ရွှေသုတ‌

သုခ၏ သားနဲ့လင် ဝတ္ထုတို (ဆရာသုခ၏ ဝတ္ထုတိုကို ဖတ်ရှုခံစားခြင်း)

မြေနီသစ္စာ

01 February 2026
သုခ၏ သားနဲ့လင် ဝတ္ထုတို (ဆရာသုခ၏ ဝတ္ထုတိုကို ဖတ်ရှုခံစားခြင်း)
Share to

            မိမိကြောင့်သာလျှင် ချစ်လင်အောင်မင်း အရက်သောက်နေမှန်း လှသွယ် သိသည်။

စင်စစ် လှသွယ်နှင့် အောင်မင်းတို့ အကြောင်းပါခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီ။

အတွင်းဝန် ဦးဘရွှေ၏ ကုက္ကိုင်းရိပ်သာစံအိမ်ကြီးတွင် ဖူးစာဆုံခဲ့ကြခြင်းပင်။

            သည်တုန်းကတော့ လှသွယ်က ကုက္ကိုင်းရိပ်သာစံအိမ်မှာ လက်တိုလက်တောင်း အခိုင်းအစေအိမ်ဖော်။ အောင်မင်းက အတွင်းဝန် ဦးဘရွှေ၏ ဒရိုင်ဘာ။

            အိမ်ဖော်ဆိုသော်လည်း လှသွယ်က တစ်တစ်ရစ်ရစ် ချစ်ချင့်စဖွယ်နှင့် အရွယ်ကော ရုပ်ပါ လှပပြေပြစ်သူပင်။

            လှသွယ်၏ ဆင်းပြင်မှာ အောင်မင်း တိမ်းညွတ်သည်။ ရစ်ဝဲသည်။ အောင်မင်းက သီချင်းသံပေး၍ လှသွယ်ကို စောင်းချိတ်ဆွဲငင်သည်။ စကားလုံးကလေးတွေနှင့် ရစ်ပတ်နှောင်ဖွဲ့သည်။

            သို့သော် လှသွယ်က အောင်မင်းအပေါ် မတိမ်းမညွတ် မပျောင်းမနွဲ့ပါ။ အောင်မင်းကို သူ့စာရင်းမှာပင် ထည့်မသွင်းပါ။

            ဘယ်သွင်းမှာလဲ။ လှသွယ်က သူ့မမလေးနှင့် ကိုကိုလေး၊ အတွင်းဝန် သမီး ခင်မကြီးနှင့်

သား ခင်မောင်လတ်တို့၏ အရိပ်မှာ သာယာနေသည်။ သူတို့က အရေးပေးထား၍ လှသွယ် မြောက်နေသည်။

            အောင်မင်းနှင့် လှသွယ်တို့က အတွင်းဝန်မိသားစု၏ အခိုင်းခံချင်း တူသည့်တိုင် (အိမ်တွင်းလူ) လှသွယ်နှင့် (အိမ်ပြင်လူ) အောင်မင်းတို့အနေအထားကလည်း ကွဲပြားခြားနားသေးသည်။

            ယင်းသဘောကို အောင်မင်းတွေးကြည့်မြင်သိသည်။ မိမိအား မတိမ်းညွတ်ရကောင်းလားဟု လှသွယ်အပေါ် အောင်မင်းအပြစ်မမြင်ပါ။ ချစ်သည့်စိတ်ဖြင့် လှသွယ်ကို ခွင့်လွှတ်သည်။

            ထိုအတွင်း ထမင်းချက်ဖိုးစံက အောင်မင်းကို 'မလှသွယ်နဲ့ အစ်ကိုလေး (ခင်မောင်လတ်)တို့ကို မိလို့တဲ့'ဟု ပြောလာသည်။

            အောင်မင်း ရင်ထိတ်ရသည်။ 'မိတယ်၊ ဘယ်လိုမိတာလဲ' ဟု အောင်မင်း မေးသည်။ 'မိတယ်ဆိုရင်တော့ စကားပြောတုန်း မိမှာပေါ့။ ဒါမှ မဟုတ်ရင်လည်း ဟဲ...ဟဲ...ဟဲ' ဟု ဖိုးစံအပြောမှာ အောင်မင်း ရင်မောရ ပြန်သည်။

            လှသွယ်ခမျာ မျက်နှာမကောင်းပါ။ သိမ်ငယ်ဆုတ်ယုတ်နေသည်။ မပြေးသော်လည်း 'ကန်'ရာ ရှိနေသည်။

            ယင်းနောက် အောင်မင်းနှင့် လှသွယ်တို့ မေတ္တာရှိလျှင် ပုဆိုးတန်း တင်ပေးစားမည်ဟု အတွင်းဝန်ကတော် မေမေကြီးက ကြေညာလိုက်သည်။ လှသွယ် မငြင်းသာပါ။ တိမ်းညွတ်သူ အောင်မင်းနှင့် လည်စင်းခံရသူ လှသွယ်တို့ မေမေကြီး၏ ထိမ်းမြားမှုဖြင့် ဖူးစာဆုံကြသည်။

            မေမေကြီးက ဆုလာဘ်အဖြစ် အောင်မင်းလစာ တစ်လခြောက်ဆယ်မှာ နှစ်ဆယ်တိုးပြီး ရှစ်ဆယ်ပေးသည်။ လှသွယ်အတွက်တော့ လက်ဖွဲ့အဖြစ်နှင့် ရွှေလက်ကောက်တစ်ရံနှင့် ငွေတစ်ရာ။

            ဘယ်လိုပဲဖြစ်ဖြစ် လှသွယ်ကတော့ ကုက္ကိုင်းရိပ်သာနှင့် မပတ်သက်လိုတော့ပါ။ ယင်းကြောင့် အောင်မင်းကို အလုပ်ထွက်ခိုင်းသည်။ လှသွယ်ဆန္ဒအတိုင်း အောင်မင်း လိုက်လျောခဲ့ရာက တစ်ရပ်တစ်ကျေးရောက်ကာ ကုက္ကိုင်းရိပ်သာနှင့် သူတို့ ဝေးခဲ့ကြသည်။

            လှသွယ်က မယားဝတ္တရား ကျေပွန်စွာ အောင်မင်းကို ပြုစုသည်။ သို့သော် ဇနီးမယားတို့၏ ကျေနပ်မှု အရောင်အရိပ်ကတော့ လှသွယ်မှာ ကင်းမဲ့နေဟန်ပင်။

            ရှစ်လခန့်ကြာတော့ သားကလေး မြထွေးကို မွေးသည်။ ၇ လနှင့်လည်း မွေးတတ်၍ အောင်မင်း ဘာသံသယမျှ မရှိ။

            သို့သော် ရက်လနှစ်တွေသာ ကြာလာ၏။ လှသွယ်ကတော့ အောင်မင်းအပေါ်မှာ နှစ်နှစ်ကာကာ ချစ်လာဟန်မျှပင် မပြပါ။ လင်နှင့်မယားတို့၏ သာမန်ဆက်ဆံမှု အဆင့်မှာသာ ရှိနေ၍ အောင်မင်း အားမလို အားမရဖြစ်သည်။ တစ်နေ့နေ့ တုံ့ပြန် နိုးနှင့် အောင်မင်း စောင့်လင့်၏။ အချိန်တွေသာ ကုန်သွား၏။

            ကြာတော့ အောင်မင်း အဖော်ရှာသည်။ သောက်လျှင်မူးသည့် အရက်ဆိုသော ယမကာကို သွားတွေ့သည်။ ယင်းတို့ဖြင့် အရက်သောက်ကျင့်ကို အောင်မင်း ရလာသည်။

            သူ အရက်စွဲလာသလိုပင် လှသွယ်အပေါ်မှာလည်း မပစ်နိုင်၊ မခွာနိုင်၊ မကွာနိုင်ပါ။

            ယခု သားကလေး မြသွေးက ၁၅ နှစ်အရွယ်။ လှသွယ်ပင်လျှင် အသက်သုံးဆယ်ကျော်ပြီ။

            အောင်မင်းကတော့ (လက်ရုံး) လိုင်းကား တွေမှာ ကြုံရာ နေ့စားမောင်းသည်။ မြသွေးက မော်တော်ယာဉ် ကားဝပ်ရှော့မှာ နေ့စားလပေး ပညာသင်။

            သည်ညနေမှာတော့ ခါတိုင်း နေစောင်းလျှင် ပြန်လာနေကျ သား မြသွေး ပြန်မလာသေး၍ လှသွယ် မျှော်နေမိသည်။

            မိုးရွာထား၍ ပေါက်ပြဲစိုရွှဲနေသော တဲအိမ်ကလေးထဲမှာ ရေနံဆီ မှန်အိမ်မီးရောင်က မှိုင်းမှိုင်း ပျပျ။

            ယင်းအခိုက် တပွမ်ပွမ်နှင့် ကားသံ ကြားလာရသည်။ လှသွယ်တို့ တဲအိမ်ရှေ့မှာ အဖိုးတန်ကားကြီးတစ်စီး ထိုးဆိုက်လာသည်။

            လှသွယ် ထကြည့်သည်။

            သားနားသော လူကြီးတစ်ယောက်သည် မြသွေးကို တွဲ၍ ခံ့ညားသော ကားကြီးထဲက ထွက်လာ သည်။ တစ်ခုခု ဖြစ်လာပြီကို အတပ်သိသလိုပင် လှသွယ် ထိတ်ပျာသွားသည်။

            မျက်စိအောက်မှာပင် ဧည့်သည်နှင့် သားမြသွေးတို့ အိမ်ထဲသို့ ရောက်လာကြသည်။

            မှုန်မွှားမွှား မီးရောင်အောက်မှာ အမြဲလိုလို လှသွယ် မြင်ယောင်နေမိခဲ့သည့် မျက်နှာတစ်ခု။

            ဖျတ်ခနဲမှာပင် လှသွယ်မျက်နှာပေါ်မှာ ခံစားမှု ဝေဒနာတို့ ရောင်စုံယှက်ဖြာ သွားသည်။

            အမြဲလို မြင်မက်နေသည့် ယင်းမျက်နှာနှင့် ခြေတစ်လှမ်း နောက်ဆုတ်သွားသော လှသွယ်မျက်နှာပေါ်က အကြည့်တို့သည် တစ်ခဏကလေး ဆုံတွေ့ခိုက်မှာပင် 'ဟင်... လှသွယ်၊ ဒါ နင့်သားလား' ဟူသော မေးသံပေါ်လာ၏။

            မျက်ရည်စို့လာသော လှသွယ်က ခေါင်းညိတ်ပြရုံမျှသာ အဖြေပေးနိုင်၏။ မိမိ မိခင်သည် ဤလူကြီး လူကောင်းနှင့် သိကျွမ်းနေပါကလားဟု စက္ကန့်ပိုင်းမျှကလေးမှာပင် ဂုဏ်ယူ ဝံ့ကြွားစိတ်က မြသွေးစိတ်ထဲမှာ ထုဆစ်ဖော်ပြလာသည်။

            ဖြစ်စဉ်က အလျင်အမြန်ပင်။ လူကြီးလူကောင်းသည် ရာတန်တစ်ရွက်ကို ထုတ်ပြီးတော့ မြသွေးလက်ထဲသို့ သွက်လက်စွာ ထည့်၏။ လှသွယ်ကိုတော့ တိုတောင်းစွာ နှုတ်ဆက်လျက် သွက်လက်စွာပင် ထွက်ခွာသွားသည်။

            'အမေ၊ ဒါ အတွင်းဝန် ဦးခင်မောင်လတ်လေ။ အမေနဲ့ ဘယ်တုန်းက သိတာလဲဟင်။ သားက လမ်းမှာ သူ့ကားပျက်တာတွေ့လို့ ကူပြင်ပေးရင်း ဘက်ပြန်ရိုက်ပြီး လက်မောင်းအဆစ် လွဲသွားတော့ သနားတယ်ဆိုပြီး အိမ်လိုက်ပို့တာ။ ဒီကျတော့ ငွေတစ်ရာတောင် ပေးသွားတာ။ သိပ်သဘော ကောင်းတဲ့ လူကြီးပဲနော်' ဆိုကာ မြသွေးက ကျေးဇူးအနန္တ တင်နေရှာ၏။

            လှသွယ်က သားမြသွေးကို ကြင်နာစွာ ကြည့်သည်။ တစ်ချိန်တည်းမှာပင် မသိနားမလည်ရှာသော သားကို ကရုဏာဒေါသောဖြင့် 'တစ်သက်လုံး ပစ်ထားတဲ့ မင်းအဖေကို ငွေတစ်ရာကလေး ပေးသွားတာနဲ့ ကျေးဇူးမတင်ချင်ပါနဲ့ သားရယ်' ဟု စိတ်ထဲတွင် ပြောနေမိလေသည်။

            'သားနှင့်လင်' မှာ ဝတ္ထုတိုဆရာ သုခက အသိတစ်ခု ပေးထားသည်။

            စင်စစ် လူတန်းစားခွဲခြားမှုကား ရွံရှာစက်ဆုပ်စရာဟု တည့်တိုးပြောထားခြင်းပင်။

            ဂုဏ်ဓနငွေကြေး ကြွယ်ဝချမ်းသာ သူတို့က မတူမတန်သဘောနှင့် ဆင်းရဲသား နင်းပြားတို့အပေါ် အထင်သေး၏။ အနိုင်ကျင့်၏။ ခွဲခြားဆက်ဆံ၏။ ယင်းသည် ရှင်း၏။ အကာပြဲ့ပြဲ့ အနှစ်မဲ့သူတို့၏ သဘော သဘာဝသာပင်။

            သုခ၏ 'သားနှင့်လင်' သည် ယင်းကို ပီပြင်အောင် ခြယ်ရေးဖွဲ့သီထားသည်။

            'ဝတ္ထုတိုသည် စကားပြေနှင့် ရေးထားသော ကဗျာတစ်ပုဒ်'ဟု ဝတ္ထုတို ဆရာကြီးမောင်ထင်က သုံးသပ်ထားဖူးသည်။ ယင်းသုံးသပ်ချက်သည် ဆီလျော်သည်။ ဝတ္ထုတိုဆရာသုခသည် 'သားနှင့်လင်' ကို ထိရှခံစားရသော ကဗျာတစ်ပုဒ်သဖွယ် သီကုံးထားသောကြောင့်ပင်။

            ဇာတ်အိမ် တည်ဆောက်ထားပုံမှာ ဖြစ်တတ်သည့် သဘာဝကို အခြေခံထားသည်။ ရိုးရိုးရှင်းရှင်းပင်။ သို့သော် ဇာတ်ကြောစီးမျောရာတွင် အလင်းနှင့် အမှောင်၊ ပွင့်လင်းမှုနှင့် လျှို့ဝှက်ချက် တို့ကို ထိကာတို့ကာ ဝေ့ကာဝိုက်ကာဖြင့် စာပန်းချီခြယ်ရေးထားသည်မှာ ဖတ်သူကို ပွေ့ဖက်ထွေးပိုက်၏။ မချင့်မရဲ ဖြစ်စေ၏။

            ဇာတ်ဆောင်စရိုက်တွင် လှသွယ်ကို ဖော်ပြထားပုံသည် ပီပြင်သည်။ အကြောင်းမှာ သားနှင့်လင် သည် လှသွယ်ကို ဗဟိုပြု၍ ရေးဖွဲ့ထားသည့် ဇာတ်လမ်းဖြစ်သောကြောင့်ပင်။

            လှသွယ်လင် အောင်မင်းနှင့် သားကလေး မြသွေးတို့ကိုတော့ ဝတ္ထုတို ဆရာသုခသည် လိုအပ်သလောက်သာလျှင် ဇာတ်ကြောထဲမှာ စီးမျောခွင့်ပေးသည်။ သူတို့စရိုက်အဖွဲ့တွေ သိပ်ပီပြင် သွားလျှင် လှသွယ်စရိုက်ကို လာပြိုင်ကြပေတော့မည်။ ယင်းမှာ လင်းလက်တောက်ပ၍ ပီပြင်ထိုးထွက်နေသော လှသွယ်စရိုက်အဖွဲ့ကို မှေးမှိန်သွားစေနိုင်သည်။

            အအုပ်နှင့်အခံ အပိုင်းနှစ်ပိုင်းမှာ လှသွယ်က အခံဘက်က။ အဖိနှိပ်ခံ လှသွယ်သည် သည်းခံတတ်သည်။ မျိုသိပ်ထားတတ်သည်။ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံး တတ်သည်။

            ဝတ္ထုတိုဆရာ သုခသည် ဖိနှိပ် အနိုင်ကျင့်ခံရသူ လှသွယ်စရိုက်ကို ဓမ္မနှင့် အဓမ္မ အားပြိုင်စေခြင်းဖြင့် ဖိနှိပ်သူနှင့် အဖိနှိပ်ခံတို့၏ ပဋိပက္ခကို သိမ်မွေ့ညင်သာစွာ မီးမောင်းထိုးပြသည်။ အထူးသဖြင့် လှသွယ်ရင်ထဲမှာ တငွေ့ငွေ့ လောင်မြိုက်နေပုံကို မသိမသာ 'သယ်' ပြထားသည်မှာ အကျည်းမတန်ဘဲ လှပနေသည်။ ဝတ္ထုတိုဆရာ၏ လေးစားဖွယ်ရာ တင်ပြတတ်မှုပင်။

            စာရေးဆရာသုခသည် သားနှင့်လင်ကို လွန်ခဲ့သော အနှစ်ငါးဆယ်ကျော် အသက်လေးဆယ်အရွယ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ သူ့ခေတ် သူ့အရွယ်နှင့် သူ့ပွားများခံစားမှုသည် သားနှင့်လင်တွင် အရိပ်ထင်ဟပ်လျက် ရှိသည်။

            သူ၏ သားနှင့်လင်မှာ မတရားမှုအပေါ် မခံချင်သည့် စာရေးဆရာ၏ သဘောကို ခပ်ရှင်းရှင်းပင် တွေ့မြင်ရသည်။ မဆီမလျော် ကမောက်ကမ ဖြစ်နေသော ဖြစ်စဉ်တို့အပေါ်တွင် စာရေးဆရာက လှောင်ပြသည်၊ ပြောင်ပြသည်၊ ရွဲ့ပြသည်၊ ခနဲ့ပြသည်၊ မဲ့ပြသည်။

            'မင်းကတော်ကြီး၏ အသံနှင့် မျက်နှာမှာ တကယ် အကျိုးလိုလားနေသော သူတော်ကောင်းမကြီးလို သိမ်မွေ့ယဉ်ကျေးပါဘိသည်။ အော့နှလုံးနာစရာ ကောင်းမှုအပေါ် ပြောင်လှောင်သရော် မဲ့ရွဲ့ခနဲ့၍ အငေါ်တူးထားသည်မှာ ဟားတိုက်၍ ရယ်မောပစ်လိုက်ချင်စရာပင်'

            သားနှင့်လင်၏ နောက်ဆုံးစာပိုဒ်သည်ကား သုခ၏ ဝတ္ထုတို ရေးသားမှု အတတ်ပညာကို အထွတ်အထိပ်ရောက်အောင် ပို့ဆောင်လိုက်ခြင်းပင်။

            ဤစာပိုဒ်သည် ဝတ္ထုတိုတစ်ခုလုံး၏ အနှစ်။ 'ဝတ္ထုသည် လောကအသိ၊ ဘဝအသိအတွက် ဆင်ခြင်သုံးသပ်မှုကို ပေးသောစာ'ဟု တွေးဆနိုင်သည့် စာပိုဒ်၊ သားနှင့်လင်တွင် ဖုံးထားသမျှ ဝှက်ထားသမျှကို ဖွင့်ချဖော်ထုတ်လိုက်သည့် စာပိုဒ်။

            ယင်းကဲ့သို့ ဝတ္ထုတိုရေးသားခြင်း သရဖူဆောင်းမှုကြောင့်ပင် ဝတ္ထုတိုဆရာ သုခကို ကမ္ဘာကျော် စာရေးဆရာကြီး အိုဟင်နရီနှင့် နှိုင်းယှဉ်တင်စား ဂုဏ်ပြုကြခြင်းပင်။

မြေနီသစ္စာ

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။