မောင်ဆွေသက်
ကျွန်တော်တို့ မြန်မာလူမျိုးများသည် ကံ၊ ကံ၏ အကျိုးပေးကို ယုံကြည်ကြသူများ ဖြစ်သည်။
အထူးသဖြင့် လင်ကံကောင်းသူ၊
မယားကံကောင်းသူ၊ သားသမီးကံကောင်းသူဟု ပြောစမှတ်ရှိကြပါသည်။
'မိဘဟူသည် မည်သို့သော
သားသမီးကိုမဆို အစွမ်းကုန်ပြုစုပျိုးထောင် ကြရသည်' ဆင်းရဲချမ်းသာမရွေး
ကိုယ့်အင်ကိုယ့်အားနှင့် ကြိုးစားပြုစုကျွေးမွေး ကြသည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း
အထူးအထွေပြုကာ မိဘကံကောင်းသည် ဟူ၍ ပြောလေ့ပြောထ မရှိခဲ့ကြဟု ထင်ပါသည်။
လင့်ဝတ္တရားကျေပွန်သူ၊ ဇနီးမယားပေါ်
ကြင်နာသူ၊ အသောက်အစားနှင့် ရမ်းကားနှိပ်စက်မှုကင်းသူနှင့် ဆုံတွေ့လျှင်
လင်ကံကောင်းသည်ဟု ဆိုကြသည်။
အိမ်တွင်းမှုလုပ် သိမ်းချုပ်သေချာ
လိမ္မာတတ်သော၊ နှစ်ဖက်မိဘဆွေမျိုးကို သိတတ်သော၊ ကိုယ့်ဝင်ငွေနှင့်
ကိုယ့်အိမ်ဂေဟာကို မျှတညီညွတ်စွာ ထိန်းသိမ်း၍ အဖော်မွန်ပီသသော ဇနီးမယား ရလျှင်
မယားကံကောင်းသည်ဟုလည်း ဆိုကြမြဲ ဖြစ်သည်။
ထို့အတူ
တေပေဆိုးသွမ်းဟော့ရမ်းမှုကင်းသော၊ မိဘမျိုးရိုးဂုဏ် ထိန်းသိမ်းတတ်သော၊
သင်ပေးသမျှပညာကို လိုလားစွာသင်ကြားတတ်သော၊ မိဘဆွေမျိုး မျက်နှာပျက်ဖွယ်တို့ကို
ဆင်ခြင်ရှောင်ကြဉ်သော သားသမီးမွေးရသည်ကို သားသမီးကံကောင်းသူဟု ပြောစမှတ်
ရှိကြကြောင်း လူတိုင်းအသိ ဖြစ်ပေသည်။
လင်ကံ မယားကံကောင်းသူ၊
သားသမီးကံကောင်းသူတို့သည် ရတောင့်ရခဲစွာသော လူ့ဘဝမှာ သာယာအေးချမ်းမှုဟူသော
စိတ်ချမ်းသာမှု ရရှိကြသလို လင်ကံ၊ မယားကံ မကောင်းသူများ၊ သားသမီးကံ
မကောင်းသူများလည်း ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် တွေ့ခဲ့ကြုံခဲ့ရဖူးသလို
စာဖတ်သူများလည်း ကြုံဖူးတွေ့ဖူးကြပါလိမ့်မည်။
ထို့အတူ ယနေ့ခေတ်ကာလသည်
ပညာခေတ်ဖြစ်သလို စီးပွားရှာသောခေတ်လည်း ဖြစ်သည်။ လင်ရောမယားပါ အလုပ်လုပ်ကြရသူတွေ
များလာသည်။
ကျောင်းမှာ သင်ကြားသောစာပေ၊
အသိပညာတို့ အားပြု၍ လင်ရော၊ မယားပါ ရုံးဌာနများတွင် အလုပ်လုပ်ကြရသည်များ ရှိသလို
ကျွမ်းကျင်ရာ အတတ်ပညာကို အခြေခံလျက် ကျယ်ပြန့်လှစွာသော စီးပွားရေးနယ်ပယ်မျိုးစုံတွင်
လင်စုံမယားဘက် လက်တွဲညီညီ အလုပ်လုပ်ကြရသည်များလည်း ရှိကြပေသည်။
ထို့ကြောင့်လည်း သည်ခေတ်သည်အခါတွင်
အထူးသဖြင့် မြို့နေပတ်ဝန်းကျင်၌ အိမ်မှုကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးရသော
သူများသည် အိမ်ဖော်ဟူသော အမည်နာမဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြရပေသည်။
ကျွန်တော်နှင့် နီးစပ်သော
ပတ်ဝန်းကျင်ဝယ် အိမ်ဖော်ကံမကောင်းဘူးဗျာဟု ညည်းညူသူတွေ အများအပြား တွေ့ရတတ်ပါသည်။
ပွဲစားမှတစ်ဆင့် ရှာရသော
အိမ်ဖော်များမှာ ပွဲစားက ပွဲခတစ်လစာ ယူသွားပြီး သုံးလခန့်အကြာတွင် မိဘမမာလို့၊
ဆွေမျိုးသေလို့ ဘာလို့ညာလို့ ဟူသော သီချင်းဟောင်းဆိုလျက် ထိုပွဲစားကပင်
ပြန်လည်ခေါ်ယူသွားတတ်ကြသည်။
သူငယ်ချင်းတစ်ယောက်အိမ်မှာ
လင်ကိုယ်မယား နှစ်ယောက်တည်း နေကြသည်။ အသိမှတစ်ဆင့် ရွာမှ တိုက်ရိုက်ခေါ်ထားသော
အိမ်ဖော်တစ်ယောက်ရ၍ စိတ်ချမ်းသာနေကြသည်။
သန့်ပြန့်ရှင်းလင်းနေသော အိမ်မှာ
ချက်ရပြုတ်ရ လျှော်ရဖွပ်ရသည်က လူနည်းစာဆိုတော့ အားလပ်ချိန်များစွာ ရှိသည်။
မကြာပါချေ၊ ငှားထားသော
ယာဉ်မောင်းနှင့် ပြဿနာဖြစ်လာသည်။ အားလုံးကို လက်လွှတ်လိုက်ရတော့သည်။
ရင်းနှီးသော မုဆိုးဖိုသားအဖ
နှစ်ယောက်တည်းနေရသော အိမ်လည်း ရှိသေးသည်။ အိမ်ကိစ္စဝိစ္စ အားလုံး စိတ်ချရသော၊
လွှဲအပ်ရသော အိမ်ဖော်စုံတွဲတစ်တွဲ ရသည်။
လင်စုံမယားဘက်ဆိုတော့ အိမ်မှာ
အမြဲနေလိမ့်မည်ဟု ထင်ရသည်။ သို့ပေမယ့် မြို့ကိုလာရင်း ဝင်လာတာပါဟူသော ဆွေမျိုးတွေက
အိမ်ဖော် လင်မယားကိုထားသော နောက်ဖေးကားရုံ အပေါ်ထပ်မှာ ပြတ်သည်ဟူ၍ မရှိကြ။
သည်တော့လည်း သားအဖနှစ်ယောက်တည်းနေသော
အိမ်မှာ လူဆယ်ယောက်စာလောက် ဈေးဝယ် ချက် ပြုတ်ရသည်က တစ်ပတ်မှာ
ငါးရက်မျှဖြစ်လာသည်မို့ ကန်တော့ ဆွမ်းလိုက်ရပြန်သည်။
သည့်နောက် ရွာမှ တိုက်ရိုက်လာသည်ဟူသော
လူလွတ်ယောကျ်ားလေး တစ်ယောက်ရသည်။ ချက်ရေးပြုတ်ရေးလည်း ဝါသနာပါ။ ခြံရှင်းပန်းပင်
စိုက်လည်း အားကိုးရသည်။ တို့သားအဖတွေ တစ်သက်လုံး အတူနေကြတာပေါ့ဟု ပြော၍မှ
မဆုံးသေး။
သုံးကျပ်သား ရွှေလက်ပတ်ကြိုးနှင့်
အကောင်းစားနာရီ ပျောက်တော့မှ ဟိုရှာသည်ရှာနှင့် ရှာရသည်။ အထားများ မှားသလား၊
အိပ်ခန်း၊ ဧည့်ခန်း၊ ဘုရားခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း စုံအောင်ရှာသည် မတွေ့။
သည်တော့ အိမ်ဖော်လေးကလည်း
အပျောက်အရှရှိသော အိမ်မှာနေရတာ မျက်နှာပူလှချည်ရဲ့ဟုဆိုကာ ထိုင်ကန်တော့ပြီး
ထွက်သွားတော့သည်။
သံယောဇဉ်ကြီးတတ်သော ထိုအိမ်ရှင်၏
ဆုပေးသံတွေ၊ မေတ္တာပို့သံတွေ လေထဲမှာ ဝေ့ပျံနေဆဲ သားလုပ်သူက လာပြောသည်။ သူ့အခန်းက
အဖိုးတန် ဘောင်းဘီအင်္ကျီတွေ ဘီဒိုတစ်ဝက်ခန့် မရှိတော့ဟု ဆိုသည်။ အဖေရဲ့အခန်းကို
ပြေးကြည့်ကြလေရာ နေ့စဉ်ဝတ်ဘီဒိုက လက်ရာမပျက်ပေမယ့် ဝတ်ကောင်းစားလှ ဘီဒိုထဲမှ
ပိုးလုံချည် အထည်နှစ်ဆယ်ကျော် လျော့နေပြီ။ ရုတ်တရက်တော့ မပျောက်နိုင်၊ အကွက်စေ့စေ့
ပြင်ဆင်စီမံသွားပုံရသည်။
အဘိုးကြီး ဖြစ်ပါလျက် ဝါသနာအရ
ဝတ်လေ့ရှိသော ရွှေဟန်းချိန်းနှင့်အတူ ဓာတ်လုံးလော့ကတ်သီး တပ်ထားသော
ရွှေဆွဲကြိုးနှစ်ကျပ်သားပါ ရှာမတွေ့ဖြစ် ရပြီ။ ကျောချမှ ဓားပြမှန်း
သိရသည့်အဖြစ်မျိုး။
အမှုဖွင့်သည်။
ခြေရာခံမရ၊ သဲလွန်စ ရှာမတွေ့သေး။
မြို့တော်ရန်ကုန်မှာ
အိမ်ဖော်လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခု ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပေပြီ။
ရန်ကုန်ဘူတာကြီးသို့ သွားကြည့်လျှင်
နယ်မှရထားဖြင့် ယခုမှ ရောက်လာသူလေးများဟူ၍ ညှိုးငယ်သော မျက်နှာဖြင့် တွေ့ရမည်။
အိမ်ဖော်ပွဲစားများထံမှ စနစ်တကျ ဆက်သွယ်ငှားရမ်းနိုင်သည်။
သို့သော်လည်း ပွဲစားခတစ်လခ ရပြီးသော
ပွဲစားများကပင် အကြောင်းပြ၍ ပြန်ခေါ်လေ့ရှိသည်။ ထို့နောက် မီးရထားပေါ် ပြန်တင်၍
ဘူတာကြီးသို့ တစ်ကျော့ဝင်လာကြပြန်သည်။ သည်သံသရာက လည်ပတ်နေဆဲ ဖြစ်သည်။
အိမ်ဖော်လိုသော အိမ်ဆယ်အိမ်မှာ
ရှစ်အိမ်ခန့်က အိမ်ဖော်ကံဆိုးလိုက်တာဟု ညည်းညူသံများသာ လွှမ်းနေတတ်သည်။
အချို့အိမ်ရှင်များကျတော့လည်း ကိုယ်ချင်းစာစိတ်မရှိကြ၊ မဝရေစာကျွေး၊ အစုတ်ကလေးဆင်၊
ချက်ပြုတ်ဆေးကြော လျှော်ဖွပ်ပြီးသည်နှင့် တစ်နေကုန် ကြမ်းတိုက်ခိုင်းခြင်းဆိုတာ
မဆုံးနိုင်သော အလုပ်ဖြစ်သည်။ တစ်အိမ်လုံး လက်လက်ထအောင် အကွက်စေ့စေ့ ခိုင်းလွန်းသော
အိမ်များမှာလည်း အိမ်ဖော်မမြဲတတ်ကြပေ။ တစ်ခါတစ်ရံ ထိုသို့သော
အိမ်ကြီးရှင်များကလည်း အိမ်ဖော်ကံဆိုးပါတယ်ရှင့်ဟု ပြောလေ့ရှိကြသေး။
သို့သော် လောကနိယာမအတိုင်း
ဆိုးသူရှိသလို ကောင်းသူလည်း ရှိစမြဲ ဖြစ်လေသည်။ သည်လို သည်လို
အိမ်ဖော်ကံဆိုးကြသူတွေ ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ အကျိုးပေးက ထူးလှပေသည်။
အိမ်ဖော် ကံကောင်းခဲ့သည်ချည်းသာ
ဖြစ်သည်။ ပြဿနာပေးတတ်သော အိမ်ဖော်မျိုးနှင့် မကြုံဖူးသလောက်ပင် ဖြစ်သည်။
မှတ်မှတ်ရရ။
အိမ်ထောင်ကျပြီး အိမ်ခွဲတော့
သားကြီးနှစ်နှစ်သားလောက်မှာ အိမ်ဖော်လေးတွေ စ ထားရသည်။ ထိုစဉ်က (လွန်ခဲ့သော
နှစ်လေးဆယ်ကျော်) လခ နှစ်ဆယ့်ငါးကျပ်ပေးရသည်။ မစ ဟူသော ကောင်မလေးက တစ်နှစ်နေသည်။
သည့်နောက် သန်းညွှန့်ဆိုသော ကလေးမက နှစ်နှစ်နီးပါး ကြာသည်။
နို့ဘူးဖျော်တာ ချက်ချင်းမရလျှင်
သားကြီးက အန်းညွန့်၊ အန်းညွန့်ဟု ခေါ်တတ်သည်။ စကားမပီ၍ အန်းညွန့်ခေါ်သည်ကိုပင်
သည်ကောင်မလေးက သဘောတကျကျနှင့် သားကြီးကိုဇော်ကို အမြဲစလေ့ရှိသည်။
သားကြီးအသက် သုံးနှစ်ခွဲ လေးနှစ်မှာ
မလှခင်ဟူသော ကရင်မ တစ်ယောက် ငှားရပြန်သည်။ ဝဝတုတ်တုတ်နှင့် ကျန်းမာရေး ကောင်းသည်။
ကျွန်တော်က ရုံးသွား၊ ဇနီး မသက်ဆွေက သားကို ကျောင်းပို့ပြီး ရန်ကုန် တက္ကသိုလ်သို့
ဆက်တက်လေ့ရှိရာ တစ်နေကုန် အိမ်ဖော်မလေးတစ်ယောက် တည်း အိမ်မှာထားခဲ့ရသည်။ ဘာမှ
ပြဿနာမရှိခဲ့။ ညနေ သားကြီး ကျောင်းကားနှင့် ပြန်လာလျှင် အဝတ်လဲပေး၊ မုန့်တွေ
ဘာတွေကျွေးပြီး နှစ်ဆယ်ကျော် အစိတ်ရွယ်ကြီးတန်မဲ့ သားကြီးနှင့် ဘောလုံးကန်တော့သည်။
ကျွန်တော့်ဇနီး ကျောင်းမှပြန်လာတော့
အိမ်ဖော်ရော ကလေးပါချွေးတွေ ရွှဲနေကြပြီ။ သားကြီးကလည်း မောနေပြီ။ သည်လိုနှင့် သားကြီးလည်း
ကျန်းမာနေခြင်းပေလားဟု အကောင်းကို တွေးကြရသေးသည်။ သည်ကလေးမ ရွာသို့
တစ်လပြန်သွားတော့ နွေကျောင်းပိတ်ရက်မို့ အိမ်ဖော်မရှိဘဲ မသက်ဆွေ တစ်ယောက်တည်း
အိမ်ထောင်ထိန်းသိမ်းရသည်။ အခက်အခဲ မရှိခဲ့။
တစ်လဟု ပြောသွားသော အိမ်ဖော်က
ပြန်မလာသေးမီ ရန်ကုန် တက္ကသိုလ်ကလည်း ပြန်ဖွင့်တော့မည်။ အိမ်မှာ အိမ်ဖော်မရှိလို့
မဖြစ်သည်မို့ လူစားရှာရသည်။
မရင်ဟူသော ကရင်မလေး တစ်ယောက်။
သူကျတော့ အေးဆေးတည်ငြိမ်သည်။
မလှခင်လို ကလေးနှင့် ဘောလုံးကန်ခြင်းမျိုး မရှိ။ အလိုက်သိတတ်သည်။ အလုပ်ရှိသမျှ
ပြောစရာ မလို၊ သူ့ဟာသူ ရှာလုပ်သည်။ သားကြီးကိုလည်း သွေးသားရင်းချာလို
ဂရုစိုက်ကြောင်း တွေ့ရလို့ စိတ်ချမ်းသာကြရသည်။ သူ ရောက်လာပြီး တစ်လကျော်မှ ယခင်
အိမ်ဖော်မလေး မလှခင် ပြန်ရောက်လာသည်။ ရွာမှာ အမေအသည်းအသန် ဖြစ်နေလို့ ချက်ချင်း
ပြန်မလာနိုင်ကြောင်း ပြောပြီး သူ့ကို ပြန်လက်ခံဖို့ ပြောရင်း ငိုသည်။
သူ့ကိုပဲ ကိုယ်က ပြန်လည်
ချော့မော့ပြီး ညီမဝမ်းကွဲတစ်ယောက် အိမ်သို့ ပို့ပေးလိုက်ရသည်။ သားကြီး
ကိုဇော်နှင့် အတူမနေရလို့ သူ့ခမျာ ရှိုက်ကြီးတငင် ငိုနေပြန်သေးသည်။
မရင်ဆိုသော အိမ်ဖော်လေးက
အသက်အရွယ်လည်း ရသူဖြစ်၍ အိမ်မှာ အစစအရာရာ စိတ်ချရသည်။
ကျွန်တော့်ဇနီး ဒုတိယသား ကိုနိုင်လေး
ကိုယ်ဝန်ရှိစမှာ မရင် အိပ်မက်မက်သည်ဟု ဆိုသည်။ ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်
သားကလေးတစ် ယောက်က သူနဲ့အတူနေဖို့ ရောက်လာသတဲ့။ သူကိုယ်တိုင်က သူများအိမ်မှာ
နေရတာမို့ ကလေးတစ်ယောက် ခေါ်ထားရန် အခက်ကြုံနေဆဲမှာ သူ့အစ်ကိုက မွေးမည်ဟု
တောင်းသတဲ့။ ယောက်မဖြစ်သူကလည်း ကိုယ်ဝန်ရင့်မာကြီးနှင့်မို့ တောင်းသည်ကို
မပေးလိုက်ဘဲ အိပ်မက်ထဲက ကလေးလေးကို သူနှင့်အတူနေရအောင် ကျွန်တော့် ဇနီးကိုသာ
ပေးလိုက်သတဲ့။
ထိုသို့ အိပ်မက်မက်ပြီးကတည်းက
အိပ်မက်အကြောင်းသာ တဖွဖွ ပြောနေတော့သည်။ ဖြူဖြူဝဝလေး မွေးပေးနော် အစ်မဟု
မကြာခဏပြောသည်။ သည်လိုနှင့် ကျွန်တော့်ဇနီး မသက်ဆွေ သားငယ်ကို မွေးချိန်မှာတော့
ထိုအိမ်ဖော်မကလေးက သူ အိပ်မက်မက်ခဲ့ရသော ကလေးလေးပါဟု အခိုင်အမာ ဆိုလေတော့သည်။
ရှစ်ပေါင်ခွဲလေးသော သားငယ်က ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်သည်။ ဆံပင်များက
ရွှေရောင် ငွေရောင် လက်နေသည်။ နေရောင်မှာ ကြည့်မှ ဆံပင်များကို မြင်ရသည်။
အိမ်မှုကိစ္စဟူသမျှ လုံးဝလှည့်
မကြည့်ရအောင် ဆောင်ရွက်တတ်သလို ကလေးနှစ်ယောက် တာဝန်အားလုံး တစ်ယောက်တည်း
ကျုံးလုပ်တတ်သည်။
နံနက်စောစော သားငယ်အိပ်ရာမှ နိုး၍
အဲ့ဟူသော အသံထွက်သည်နှင့် ငိုသံကြားရသည်အထိ သူ မစောင့်နိုင်ဘဲ
ကျွန်တော်တို့အိပ်ခန်းထဲ ဝင်လာပြီး ကလေးကို ခေါ်သွားတတ်သည်။ မသက်ဆွေ
ပြထားသည့်အတိုင်း ဂွမ်းစလေးကို ရေနွေးပျော့ပျော့နှင့်စိမ်၍ သေချာညှစ်ပြီး ကလေးကို
မျက်နှာသစ် ပေးသည်။ ပြီးနောက် တင်ပျဉ်ခွေထိုင်၍ ကလေးကို ပေါင်ပေါ်တင်လျက်
နို့ဘူးတိုက်ရင်း မျက်နှာလေးကို ငုံ့ကြည့်နေတတ်သည်ကို မကြာမကြာ ကျွန်တော်တို့က ချောင်းကြည့်ရသေးသည်။
တော်ရုံ မိခင်အရင်းပင် သူ့လောက် ဂရုစိုက်နိုင်မည် မထင်။
ရွာတွင် ကျင်းပလေ့ရှိသော
တစ်နှစ်တစ်ကြိမ် နတ်စားပွဲသို့ မှန်မှန်ပြန်တတ်သော မရင်က သားငယ်ခြောက်လလောက်မှာ
ပုံမှန်အတိုင်း ပြန်ရသည်။
ပြန်ခါနီးမှာ ကလေးအတွက် နို့ဘူးကို
ဘယ်လိုဆေး၊ ဆေးပြီးနေရောင်မှာ ထောင်ကြည့်လျက် နို့ဘူးဆေးတာ စင်မစင် စစ်ဆေးဖို့အထိ
တဖွဖွမှာနေသော အိမ်ဖော်ကို အိမ်ရှင်မကြီးဖြစ်သော မသက်ဆွေက စိတ်မရှည်နိုင်
ဖြစ်ရသည်။
'ဟဲ့...မရင်ရဲ့၊ ဒါ ငါ့သားပါ။
ငါလည်း ဂရုစိုက်မှာပေါ့' ဟု ပြောမှ ရယ်ကျဲကျဲလုပ်ရင်း
ရွာပြန်သွားတော့သည်။
နှစ်စဉ်နှစ်တိုင်း ပြန်လျှင် နှစ်ပတ်
သုံးပတ်ခန့် နေလေ့ရှိသော်လည်း ထိုနှစ်မှာ ခုနစ်ရက် မပြည့်မီ ပြန်ရောက်လာသည်။
ရောက်လာသည်နှင့် သားသားကို လွမ်းလို့ဟု ပြောရင်း အလုအယက် ပွေ့လိုက်ဖက်လိုက်
လုပ်နေသည်ကို ကြည့်ရင်း ကျွန်တော်တို့မှာ ပီတိတွေ ဖြစ်ခဲ့ရသေးသည်။
ထိုနှစ် ထိုအခေါက်က ရွာကို
ပြန်သွားခဲ့ပြီး နောက်နှစ်တွေမှာ ရိုးရာပွဲ တက်ဖို့ပင် မပြန်တော့ဘဲ
ကလေးနှစ်ယောက်နှင့် အိမ်မှုကိစ္စတွေသာ သူ့ အာရုံ ဖြစ်ခဲ့ရပေသည်။
ဒီလိုစိတ်ချရသော အိမ်ဖော်ရထားသည်မို့
တက္ကသိုလ်မှ ဘွဲ့ရပြီး ဇနီးသည်က ကျောင်းဆရာမ ဝင်လုပ်သည်။ မင်္ဂလာဒုံမှ
ဗန်းမော်သို့၊ ဗန်းမော်မှ ပြင်ဦးလွင်သို့၊ ပြင်ဦးလွင်မှ ပုသိမ်ကြီးသို့၊
ပုသိမ်ကြီးမှ မှော်ဘီသို့ အဆင့်ဆင့် ပြောရလေတိုင်း မရင်တစ်ယောက် အမြဲပါလာသည်။
သားငယ် မောင်နိုင်ဦး ကိုယ်ဝန်မရှိမီက
အိမ်ကို ရောက်လာခဲ့သော အိမ်ဖော်မလေး မရင်သည် သားငယ် အသက်ဆယ့်သုံးနှစ်သား အရွယ်အထိ
အတူနေသွားခဲ့ပါသည်။
ကျွန်တော့်ယာဉ်မောင်း
ရဲဘော်စောမြမိုးနှင့် အိမ်ထောင်ချပေးပြီး ၅ နှစ်ခန့် အိမ်မှာ အတူနေသေးသည်။
သူကိုယ်တိုင် သားဦးယောကျ်ားလေးနှင့် သမီးတစ်ယောက် မွေးခဲ့သည်။
'အစ်မရယ်၊ ကိုနိုင်လောက်
ငါ့သားကို ချစ်လို့မရဘူးဟယ်'လို့လည်း မကြာခဏ ပြောတတ်သေးသည်။ အားကိုးရသော
အိမ်ဖော်ရထားပေမယ့် အိမ်ရှင်မကလည်း လုံးဝလွှဲမထားနိုင် သူမို့ မနက်ဆို
လိုအပ်သည်တို့ စီမံပြင်ဆင်ပြီး အချိန်နီးမှ ကရိုက်ကတိုက် ရေချိုးအဝတ်လဲ
ကျောင်းသွားရသည်မှာ အပြေးအလွှားနိုင်လှသည်။
ညနေအိမ်ပြန်ရောက်သည်နှင့် မရင်က
ပြုံးစစ စပ်ဖြဲဖြဲနှင့် 'အစ်မ၊ ငါ ဒါလေး ကောက်ရထားတယ်။ နင် ပစ်ပစ်ထားခဲ့တာ။ နောက်ဆို ငါ ပြန်မပေးဘဲ
ဝှက်ထားမှာနော်'ဟု ပြောရင်း ရေချိုးခန်းထဲမှာ သို့မဟုတ်
မှန်တင်ခုံမှာ ကျန်ခဲ့လေ့ရှိသော လက်စွပ်လေး တစ်ကွင်း၊ လက်ကောက်လေးတစ်ဖက်
စသည်တို့ကို မြှောက်ပြနေတတ်သည်။ နောက်သုံးလေးလကြာတော့လည်း သည်လိုတစ်ခါထပ်ပြောရင်း
တစ်ခါပြန်ပေးတတ်ပြန်သည်။
သည်မျှ စိတ်ချရသော အိမ်ဖော်မလေး။
ကျွန်တော်တို့မှာလည်း ဘဝဇာတ်ဆရာစေသမျှ
ရွှေ့ရပြောင်းရနှင့် ခြေထောက်မှာ ဗွေပေါက်လာသော မိသားစုသဖွယ် ဟိုနယ်ဒီနယ်
ရောက်ခဲ့ရသည်။ အိမ်ဖော်တစ်ယောက်လျှင် အနည်းဆုံး သုံးလေးငါးနှစ် နေခဲ့ကြသည်။
ဆွေရေးမျိုးရေးကိစ္စကြောင့် ပြန်ရလေတိုင်း သူတို့မှာ မျက်ရည်နှင့် မျက်ခွက်ချည်း
ဖြစ်သည်။ ကျွန်တော့် ဇနီးနှင့်သားတွေကို ဖက်ငိုလေ့ရှိကြသည်။
သည်လို အိမ်ဖော်ကံကောင်းခဲ့သော
ကျွန်တော်တို့အိမ်မှာ ယခုဆိုလျှင် နော်အားဆေးဟူသော ကလေးမလေးက အတူနေတာ ကြာလှပြီ။
အိမ်ထောင်ခွဲစမှာ ငှားရမ်းရသော
အိမ်ဖော်လေးတွေက အစ်ကိုအစ်မဟု ခေါ်ခဲ့ကြသလို ယခုလက်ရှိ နော်အားဆေးက အဘိုးအဘွားဟု
ခေါ်ရပြီ။ သူ့ကိုလည်း မြေးမလေးဟုပြောမှ ကြိုက်သည်။
အိမ်ကို ရောက်လာစက အသက်ဆယ်နှစ်
မပြည့်သေးသော သည်ကလေးမလေး သည်အိမ်တွင် နေလာသည်မှာ ရှစ်နှစ်ထဲ ရောက်ပြီ။
တစ်အိမ်လုံး သူ့လက်သူ့ခြေ လွှဲထားလို့
ရသည်။ သူ့ကို တာတပေါ ဟင်းချက်ခိုင်း၍မရ၊ မချက်တတ်။ ဇနီးသည် မသက်ဆွေတို့ရဲ့
သရက်ဒေသက ချက်လေ့ရှိသော ကြက်သားငါးပိချက်၊ အမဲသားငါးပိချက်၊ ခရမ်းချဉ်သီး
ငါးပိချက်တို့ဆိုလျှင် ကျွမ်းကျင်နိုင်နင်းစွာ ချက်တတ်နေပြီ။
မီးဖိုချောင်ကိစ္စအဝဝမှစ၍ ဘုရားခန်း
သန့်ရှင်းရေး၊ ဘုရားပန်းလဲခြင်း၊ ဆွမ်းတော်တင်ခြင်းတို့အထိ စိတ်ပါဝင်စားသူ
ဖြစ်သည်။
အိမ်ကို ရောက်လာစက
ကျွန်တော့်ဇနီးနှင့် ချွေးမလေးတို့က အနီးကပ် သင်ပေးပြပေးကြရသည်။ ငွေရတု ကာလမျှ
အတူနေခဲ့ရသော ချွေးမလေးကလည်း ချွေးမကြီး ဖြစ်လို့နေပြီ။ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာသည်
ပြောရလည်း ခက်သား။ ဝသထက် ဝလာသည်။ ခေါင်းမူးခေါင်းနောက်ခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်တွေ အမြစ်တွေ ယောင်ခြင်း စသည့် ရောဂါပေါင်းစုံကြောင့်
သူ့ကို အငြိမ်းစားအဖြစ်ထား၍ တစ်အိမ်လုံး အိမ်ဖော်မလေး နော်အားဆေးကိုသာ
အားကိုးရတော့သည်။
တစ်ခုတော့ ရှိသည်။ သူ့ကို ကူညီဖို့
ခပ်ငယ်ငယ် ကလေးမလေးတစ်ယောက်တော့ ငှားပေးထားရသည်။ သူ့ထက်ကြီးသူကို ငှား၍မဖြစ်။
ငယ်သူ ခေါ်ထားမှ သူက ဆရာမကြီးအဖြစ် ရပ်တည်နိုင်မည်။ သူ့ကို သြဇာပေးမည့် သူ
ခေါ်ထား၍ မရ။
ကျွန်တော်တို့အတွက် ညစာကို
ခုနစ်နာရီမထိုး အဆင်သင့်ခူးပြီး ဖြစ်သည်။
မြန်မာ့အသံနှင့် မြဝတီတို့မှ နေ့စဉ်
လာနေကျဖြစ်သော ကိုးရီးယားကား၊ တရုတ်ကားတို့ကို မလွတ်တမ်း ကြည့်တတ်သည်။
ဒီအခွင့်အရေးတော့ အထူးပေးထားရပါသည်။
မြေးလေး မောင်ဆွေဟိန်းက ရပ်ဝေးမှာ
ပညာသွားသင်နေ၍ မြေးမလေး ချမ်းငြိမ်းဇော်က အိမ်မှာ ရှိသည်။ ဘွဲ့ရပြီးသည်အထိ
ကျောင်းစာကိုသာ ကြိုးစားဖို့ ဖိအားပေးထားကြသော ကျွန်တော်တို့အပြစ်ဟု ဆိုရမည်လား
မသိ။ ယခုထိ ကြက်ဥကြော်တစ်မျိုးက လွဲ၍ ဘာမှမချက်တတ်သေး။ လိုချင်တာ
စားချင်တာရှိလျှင် 'အားဆေးရေ' ဟုသာ ခေါ်တတ်သူဖြစ်သည်။
သည်လိုသည်လိုတွေကြောင့်လည်း
အိမ်ဖော်မလေး နော်အားဆေးကို အားကိုးနေကြရသည်။ ဆွေမျိုးရင်းခြာလို အိမ်မှာ
ခြေသည်းလက်သည်း ဖြစ်လာရသည်။ မသက်ဆွေ အလှူမင်္ဂလာဆောင်မှ ပြန်အလာ ပဝါမှ ဖြုတ်ပြီး
မေ့တင်ထားမိသော ရင်ထိုးလေးများကို အိပ်ခန်းထဲ အိပ်ရာခင်းရင်းဖြင့်လည်း ကောင်း၊
ထမင်းစားပွဲဘေးမှ လက်ဆေးဇလုံမှာ ချွတ်တင်ထားမိသော လက်စွပ်လေးများကို လည်းကောင်း
မကြာခဏ ဆိုသလို နော်အားဆေးက ကောက်ယူ၍ လာရောက်ပေးအပ်တတ် စမြဲ။
သူကလည်း တစ်ချိန်က အိမ်ဖော်မလေး
မရင်နှင့်မခြား 'အဘွား ဘာပျောက်လဲ'ဟု ရယ်ကျဲကျဲမေး၍ လာပေးတတ်သည်။
တစ်ခုတော့ ရှိပါသည်။
သူချက်သမျှ စားပြီးနောက် မသက်ဆွေက
မကြာခဏ ပြောလေ့ရှိသည်။
'သာဓုပါ သမီးရယ် သာဓုပါ။
ငါးပိချက်လေး ကောင်းလိုက်တာ။ ခရမ်းသီးနှပ်လေး ကောင်းလိုက်တာ' ဆိုတာမျိုး။
'ဒီနေ့ ဝက်သားနှပ်လေး
အိနေတာပဲ အားဆေးရေ။ နင့်အဘိုးက စားလိုက်တာ လွန်ရော' ဆိုတာမျိုးလေးတွေ
ထုတ်ဖော်ပြောလိုက်လေတိုင်း အိမ်ဖော်မလေး နော်အားဆေးက စာဖွဲ့ခြင်းငှာ ခက်လှပါသော
ပီတိအပြုံးနှင့် ကျေနပ်နေလေ့ ရှိပေသည်။
သူတို့ရဲ့စိတ်ထားနှင့် လုပ်အားက
စိတ်ချလောက်သည်မို့ ကျွန်တော်တို့ကလည်း ယုံကြည်မိကြသည်။
သည်လို ယုံကြည်ခြင်းခံရသည်ကိုလည်း
သူတို့က ဂုဏ်ယူတတ်ကြသည်ဟူသော အညမည ဆက်ဆံရေးကြောင့် ကျွန်တော်တို့အိမ်မှာ
အိမ်ဖော်မြဲခြင်း ဖြစ်သည်ဟု ထင်သည်။
အစ်ကို၊ အစ်မဟု ခေါ်ခဲ့သော မလှခင်လို၊
မရင်လို အိမ်ဖော်မှစ၍ ယနေ့ယခု အဘိုးအဘွား ခေါ်ကြသော နော်အားဆေး၊ နော်ဟက်ပီးဟူသော
အိမ်ဖော်မြေးမလေးများထိ နှစ်ပေါင်း လေးဆယ်ကျော် အိမ်ဖော်ကံ ကောင်းခဲ့သော
ကျွန်တော်တို့လို အိမ်မှာနေရသော သူတို့အတွက်လည်း အိမ်ရှင်ကံဆိုးခြင်းနှင့်
ကင်းဝေးခဲ့ကြသည်ဟု ပြောရမည် ထင်သည်။
မေတ္တာဟူသည် အလျားအနံ မသိပေမယ့်
အသွားအပြန် ရှိသည်ဆိုလျှင် စေတနာဟူသည်မှာလည်း အသွားအပြန် ရှိရလေမည်ပေါ့။ စေတနာ၏
အကျိုး၊ မေတ္တာ၏တန်ခိုးကို ယုံကြည်မိ ကြသော 'ကျွန်တော်တို့အိမ်မှာ
အိမ်ဖော်ကံ ဆိုးလှပါရဲ့' ဟူ၍ တစ်ကြိမ် တစ်ခါမှ
မပြောခဲ့ကြရဖူးသည်ကိုသာ ကျေနပ်နေမိရပါတော့သည်။
အိမ်တိုင်းအိမ်တိုင်း
အိမ်ဖော်ကံကောင်းကြပါစေ။
မောင်ဆွေသက်
(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။