ရွှေအသစ်

မြင့်မိုရ်လွမ်းချင်း

မောင်စံဝင်း ၊ဗန်းမော်၊

01 February 2026
မြင့်မိုရ်လွမ်းချင်း
Share to

             ၁။

            နွေဦးည၏ ရင်ခွင်ပေါ်သို့ အမှောင်ထုက မြန်ဆန်စွာ ရောက်ရှိလာသည်။ အမှောင်ကမ္ဘာ၏ ကောင်းကင်ယံမှာ ကြယ်တွေတစ်လုံးပြီးတစ်လုံး ခုန်ဆင်းလာ၏။ လမင်းက ကြယ်တွေကို ရေတွက်ရင်း ကောင်းကင်ယံမှာ တောင်ပံမဲ့ ပျံသန်းဆဲ။

            'အဖေ... အဖေ'

            ကြယ်ကြွေတာကို ရှာဖွေရင်း ကျွန်တော့်နှုတ်ဖျားမှ တမ်းတမ်းတတ ရေရွတ်မိသည်။ အမှောင်ထုအောက်မှာ ပုရစ်အော်သံလေးတွေက ကျွန်တော့်ရင်ကို ပိုမိုလွမ်းဆွတ်စေခဲ့ပါ၏။

            သက်မဲ့ အဖေ့ခန္ဓာသည် အပူအပင်ကြောင့်ကြမဲ့စွာ လဲလျောင်းလို့နေသည်။ အဖေ့မျက်နှာက

အနည်းငယ် ပြုံးယောင်သမ်းနေသည်။

            'လောကကြီးကို သရော်ပြုံး ပြုံးနေတာလား အဖေ'

            အဖေ့ မျက်လုံးတွေကတော့ မှေးမှိတ်ဆဲ။ မျက်စိတစ်မှိတ်၏ သည်မှာဘက်တွင် အရာရာကို

အဖေ စွန့်ထားခဲ့၏။

            ဘုရားသွား ကျောင်းတက်မှအပ အဝတ်အစား နုံချာစွာနေခဲ့သော အဖေ့ခန္ဓာသည် အခုတော့လည်း စတစ်ကော်လံ လက်ရှည်အဖြူ၊ ကချင်ပုဆိုး ကွက်ထောက်ကလေးနှင့်

သပ်ရပ်လို့ နေသည်။

            'အဖေရယ်၊ အခုလို ရုတ်တရက် ခွဲခွာသွားတာ အိပ်မက်လိုပါပဲနော်။ တကယ်တော့ ဘဝဆိုတာဟာလည်း အလွမ်းအိပ်မက်ရှည်ကြီးပဲ မဟုတ်လား အဖေ။ အဖေကတော့ အိပ်မက်ရှည်ကြီးတစ်ခုက လွတ်မြောက်သွားပြီနော်။ သားတို့မှာသာ အဲဒီအိပ်မက်ရှည်တွေထဲမှာ မျှော်လင့်ချက်တွေ ရှာဖွေရင်း ဆက်မက်နေရဦးမှာပါ အဖေ။ ဆက်မက်နေရဦးမှာပါ'

            ၂။

            သား သုံးယောက်အနက် သားကြီးကျွန်တော့်ကို အဖေ အချစ်ဆုံး။ အဖေနဲ့ ကျွန်တော့်ရုပ်ရည်ကလည်း အခွံချွတ်ထားသလို တစ်ထေရာတည်း။ သွားပုံလာပုံ၊ နေပုံ ထိုင်ပုံကို နှိုင်းမလား။ အသားအရောင်ကအစ အရပ်အမောင်းအဆုံး ကျွန်တော်နှင့် အဖေက ခွဲမရ။

            ဖအေတူ သားမို့ အနာဂတ်အတွက် အဖေသည် ကျွန်တော့်ကို အများကြီး မျှော်လင့်ထားခဲ့ဟန် တူသည်။ ကျွန်တော် မူလတန်းအောင်တော့ အထက်တန်းကျောင်းသို့ ပို့ပေးခဲ့သည်။ ကျွန်တော်တို့ ရွာသားအများစုမှာ မူလတန်းပညာလောက်ကိုပင် အနိုင်နိုင်။ လွန်ရောကျွံရော လေးတန်းလောက် ရောက်လာလျှင် ကျောင်းကနုတ်ပြီး လယ်ကွင်းထဲ ဆင်းခိုင်းလိုက်သည်သာ။ မိန်းကလေးက ကောက်စိုက်သင်။ ယောကျ်ားလေးက လယ်ထွန်လယ်ထယ်၊ ပျိုးနုတ်။

            ပညာရေးကို အလေးမထားသော အသိုင်းအဝိုင်းကြားမှာ ပညာဆက်သင်ခွင့်ရခြင်းသည် ကျွန်တော့်အတွက် ကံကောင်းခြင်းပေလား။ ကံဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ လောလောဆယ် ကျွန်တော် ရွှံ့ဗွက်ထဲဆင်းဖို့ မလိုတော့ပြီ။

            'လယ်လုပ်တယ်ဆိုတာ သိပ်ပင်ပန်းတာ ငါ့သားရဲ့။ မိုးထဲ ရေထဲမှာ တစ်နေကုန် နွားနဲ့ပြိုင်ရုန်းနေရတာကွ။ လယ်တော့ တစ်သက်လုံး မလုပ်ချင်နဲ့ကွာ။ စာရေးစာချီဖြစ်အောင်သာ ကြိုးစားစမ်း။ အရိပ်အောက်မှာ ဖောင်တိန်ကိုင်ပြီး နှပ်နေရတာ အားမကျဘူးလားကွ'

            အဖေက ကျွန်တော့်ကို ထိုသို့ တိုက်တွန်းနေကျ။ စေတနာနဲ့ အားပေးနေကျ။ မေတ္တာနဲ့ မြှင့်တင်နေကျ။ အဖေပုံသွင်းသလို ကျွန်တော့်ရုပ်လုံးပေါ်လာသောအခါ အတော်အားတက်လာ ဟန်ရှိပါသည်။ မြို့ကြီးပြကြီးက အထက်တန်းကျောင်းမှာနှစ်စဉ် အတန်းတက်တိုင်း ပထမ၊ ဒုတိယ အဆင့်များကို ကျွန်တော် ရလေတော့ အဖေ့မှာ ပျော်တပြုံးပြုံး။ အိမ်သို့ ဧည့်သည်လာတိုင်း ကျွန်တော့်အကြောင်းကို ပါးစပ်က မချတော့။ အဖေ ကြွားမယ်ဆိုလည်း ကြွားလောက်စရာ။ အဖေ့တစ်ဘဝလုံးမှာမှ ဒီသားတစ်ယောက်သာ ထင်ပေါ်သည် မဟုတ်လား။

            'ဖိုးဌေးနဲ့ ဖိုးကျော်၊ မင်းတို့အစ်ကိုကို ကြည့်စမ်း။ မြို့ထဲက ကျောင်းမှာ နှစ်တိုင်း ဆုတက်ယူနေတာ ဘယ်လောက်တော်သလဲ၊ ကဲ...'

            ကျွန်တော် ဆုတက်ယူသော ဓာတ်ပုံတွေ ယူလာတိုင်း အဖေက ကျွန်တော့်ညီ နှစ်ယောက်ကို ပြပြီး အတုယူစေချင်သည်။ ညီနှစ်ယောက်က ကျောင်းဆက်တက်ဖို့ထက် အချိန်တန်လျှင် လယ်ထဲ ဆင်းဖို့သာ စိတ်စောကြ၏။ သားငယ်နှစ်ယောက်၏ ပညာရေးကို အားကိုးအားထား မပြုနိုင်ရှာသော အဖေသည် ကျွန်တော်တစ်ယောက်တည်းကိုသာ ဖူးဖူးမှုတ်ထားခဲ့၏။

            မှတ်မှတ်ရရ ကျွန်တော် ရှစ်တန်းမှာ ဂုဏ်ထူးသုံးခုနှင့် အောင်သောနှစ်တွင် သားသည်မအေ ကျွဲမတစ်ကောင်ကို ရောင်းပြီး ကျွန်တော့်အတွက် စက်ဘီးတစ်စီး အဖေ ဝယ်ပေးခဲ့သည်။

            'ဆက်ကြိုးစားကွာ ငါ့သား။ ဟိုး ကောလိပ်၊ တက္ကသိုလ်ရောက်အောင် ကြိုးစားလိုက်စမ်း။ အဖေတို့ မရှိရင်ရှာ၊ မပါရင်ချေးပြီး မြေတောင်မြှောက်ပေးပါ့မယ်'

            အဖေ့စကားသည် ကျွန်တော့်အတွက် အားဖြစ်ခဲ့သည်။ အဖေ့ချွေးစက်တို့သည် ကျွန်တော့်အတွက် ဆေးတစ်ခွက် ဖြစ်ခဲ့သည်။

            'ငါတို့မိသားစုမှာ ထူးချွန်တာဆိုလို့ ငါ့သားပဲ ရှိတာ။ ဘာမှအားမငယ်နဲ့။ ခုဆို မင်းညီနှစ်ယောက်လည်း အဖေ့ကို ကူဖော်လောင်ဖက် ရလာပြီပဲ။ အိမ်အတွက် နောက်ဆံတင်းမနေနဲ့။ ကိုယ့်ရဲ့ ကျောင်းစာကိုသာ ကြိုးစား။ ကောင်မလေးတွေကိုလည်း သိပ်ပြီးစိတ်မဝင်စားနဲ့ကွ။ တစ်နေ့ ကိုယ်ပညာတတ်၊ အရာရှိကြီးဖြစ်လာရင် ခေါင်းခေါက်ယူလို့ရတယ်ကွ'

            လူပျိုပေါက် ဖြစ်လာခါစ ကျွန်တော့်ကို အဖေက ထိုသို့ ရိုးရိုးလေးပဲ ဆုံးမရှာသည်။ ကျွန်တော့်ကို စိတ်ဆိုးခြင်း၊ မောင်းမဲခြင်း ဘယ်တော့မှ မပြု။ တစ်ရံတစ်ခါ ကျွန်တော့်မှာ အပြစ်ရှိနေသည့်တိုင်အောင် ထိုအပြစ်ကို အဖေက ချစ်စိတ်ဖြင့် ဖုံးကွယ်ခဲ့သည်ချည်း။

            ငွေလိုအပ်၍ တောင်းလိုက်လျှင်လည်း ဟိုကျ ဈေးသည်ကလှည့်ကာ ကျွန်တာ်လိုသလောက် ပေးရှာသည်။ ငွေအခက်အခဲကြုံသည့်အခါ အဖေနှင့်အမေသည် ကျွန်တော်မသိအောင် ရွှေတိုငွေစတွေကို တိုးတိုးတိတ်တိတ်ထုခွဲပြီး ကျွန်တော် ဝတ်ဖို့၊ ကျွန်တော်စားဖို့၊ ကျွန်တော်လူနှင့် သူနှင့်တန်းတူ သွားလာနိုင်ဖို့ ထောက်မခဲ့ကြရှာ၏။

            ၃။

            အချိန်တို့သည် လျင်မြန်စွာပင် ရွေ့လျားသွားခဲ့၏။ ကျွန်တော် ဘွဲ့တစ်ခု ဆွတ်ခူးရရှိချိန်တွင် အဖေ့အိမ် ကလေးသည်လည်း ဖွတ်မတက်ဝံ့လောက်အောင် ဖြူခါ ပြာခါ ကျသွားခဲ့ရှာသည်။ ငွေကုန်လူပန်း ဖြစ်ခဲ့သည့်တိုင် အဖေသည် ကျွန်တော့် အောင်မြင်မှုအတွက် ကြည်နူးပီတိ အတော်ဖြစ်ဟန် ရှိပါသည်။ ရွာထဲမှာလည်း ဘွဲ့ရဆိုလျှင် ရွှေထက်ရှားသည်မို့ အဖေဂုဏ်ယူတာကို ကျွန်တော် စောဒက မတက်လို။

            'ကျွန်တော့်သားက ဘွဲ့ရပြီဗျ။ ကြည့်နေ၊ တော်ကြာရင် အရာရှိကြီး ဖြစ်တော့မှာ'

တောမှာ လယ်ယာလုပ်ရင်း ဘဝကို ရိုးစင်းစွာ ဖြတ်သန်းလာသော အဖေသည် မင်းခစားအလုပ်ကို 'အရှင်မွေးတော့ နေ့ချင်းကြီး'ဟု အထင်ရောက်နေဟန် တူပါသည်။ တကယ်တမ်းကျတော့ မြို့ကြီးပြကြီးမှာ ဘွဲ့ရလူတန်းစားတွေ ရိုက်သတ်လို့ မကုန်နိုင်အောင် များပြားနေတာ အဖေ မသိရှာ။ အလုပ် တစ်နေရာရဖို့အတွက် တက္ကသိုလ်က ဘွဲ့အပြင် အဖေမျှော်လင့်မထားသော အရာတွေ ထပ်မံလိုအပ်နေသေးသည်ဆိုတာ အဖေ မသိရှာ။ ကျွန်တော်ကလည်း ကိုယ့်လိုအပ်ချက်အတွက် အဖေ့ကို မပြောရက်။ ပြောမထွက်ခဲ့။ အဖေ့မှာ နုံနဲ့လှပြီ။ ပင်ပန်းလှပြီ။ ကျွန်တော့်မှာက ရယူခြင်းသာ ရှိခဲ့ပြီး မိဘအား ပေးဆပ်ခြင်းဖြင့် မတုံ့ပြန်နိုင်ခဲ့။

            တိုတိုပြောရလျှင် ကျွန်တော့်လို သာမညောင်ည ဘွဲ့ကလေးတစ်ခုနှင့် အလုပ်တစ်နေရာ ရဖို့အတွက် အဖေ့ရဲ့ ဓားမဦးချ လယ်ကလေးကို စတေးလိုက်ရသည်။ 'ကြွေးပေးလယ်ပေါ်'စနစ်ဖြင့် ပေါင်နှံထားခဲ့ရပြီ။ ကျွန်တော်တို့ ယူထားသော ငွေအလုံးအရင်းကို ပြန်ပေးနိုင်ပါမှ ဒီလယ်က ကျွန်တော်တို့လက်ထဲ ပြန်ရောက်မည်။ မပြေလည်၍ မရွေးနိုင်သေးသမျှ ငွေရှင်ကလည်း လုပ်ကိုင်စား နေမည်သာ။

            'တစ်မိုး၊ နှစ်မိုးလယ် မလုပ်စားရတာ အကြောင်းမဆန်းပါဘူး။ ငါ့သားအလုပ်ရပြီး အရာရှိကြီးဖြစ်ဖို့က အဓိကပါကွ။ မင်းအရာရှိ ကြီးဖြစ်မှပဲ အဖေလည်း လယ်ထဲက အနားရတော့မှာပဲ'

            အဖေသည် ကျွန်တော့်ကို ထိုသို့ပဲ နှစ်သိမ့်ရှာသည်။ ကျွန်တော့်ကို အားပေးစကား ပြောရင်းပင် အဖေ့အပြုံးတွေ ယဲ့ယဲ့ကလေးသာ ကျန်ရှာတော့သည်။ မည်ကာမတ္တ ရာထူးကလေးနှင့် ကျွန်တော့်ကို ကြည့်ပြီး အဖေ့ရင်ထဲမှာ ကြည်နူးခြင်းနှင့်အတူ သောကတို့ ရောစွက်နေမှာ သေချာလှပါ၏။

            ၄။

            ကျွန်တော်ရသော လစာငွေကြေးသည် အဖေ့လယ်မြေကို ရွေးထုတ်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ အဖေနှင့် ကျွန်တော့်ညီနှစ်ယောက်အစို (မိုး)ချိန်မှာ ပျိုးနုတ်၊ အခြောက်(ဆောင်း)ချိန်မှာ ကောက်လှိုင်းစည်းလက်စားလိုက်ရင်း ရလာသည့် စပါးအချို့အဝက်ကို ထုခွဲရောင်းချပြီး အဖေ့လယ်ကလေးကို လက်ထဲရောက်အောင် ပြန်လည် ကြိုးစားခဲ့ရသည်။

            အဖေ့မှာ ကျွန်တော် အရာရှိကြီး ဖြစ်လာ၍ လယ်ထဲက ထွက်နိုင်ဖို့ နေနေသာသာ ခါးတောင်းကျိုက်ဖြုတ်ဖို့ အချိန်ပင် မပေးနိုင်ခဲ့ရှာ။ အဖေ ဘယ်သို့ပင် မောပန်းနေပေမင့် ကျွန်တော့်အတွက် အပြုံးမပျက်ခဲ့ချေ။ တစ်ခါတစ်ရံ မြို့က ခဏတစ်ဖြုတ်လာသော ဝန်ထမ်းတွေနဲ့ လက်ဆုံကျတိုင်း...

            'ကျုပ်သားကလည်း (...) ရုံးမှာ မန်နေဂျာကြီးလေဗျာ'ဟု အဖေက အထုပ်ဖြေပြတတ်သည်။ ကျွန်တော်က အဖေပြောသလို မန်နေဂျာကြီးဖြစ်ဖို့ နေနေသာသာ မန်နေဂျာလေးဘဝကို ပိုင်ဆိုင်ဖို့ အများကြီးပေးဆပ်ရလေဦးမည်။ အဖေက သူမကျင်လည်ဖူးသော လောက၏ လျှို့ဝှက်ချက်တွေကို ရိုးစင်းစွာ မသိရှာ။ အဖေသိအောင်လည်း ကျွန်တော် မပြောပြလို။ အဖေ စိတ်မကောင်းဖြစ်မှာကို ကျွန်တော် မမြင်ရက်။

            ဘွဲ့ရဝန်ထမ်း တစ်ယောက်၏ ဖခင်အဖြစ်ဖြင့် ရွာထဲက အသိုင်းအဝိုင်းကြားမှာ လူတိုင်းက နေရာပေး ဆက်ဆံကြတာကို အဖေ ကျေနပ်ပီတိဖြစ်ဟန် တူပါသည်။ ဒါသည်ပင် ကျွန်တော့်ထံမှ သွယ်ဝိုက်ခြင်းအားဖြင့် အဖေပြန်လည် ရရှိသော 'မျှော်လင့်ချက်'တွေ ဖြစ်ပါသည်။ ငွေကြေး တစ်စုံတစ်ရာ ကျွန်တော် မတုံ့ ပြန်နိုင်ခဲ့။ ယုတ်စွအဆုံး ကျွန်တော့်လခကလေးဖြင့် အဖေ့အတွက် ပုဆိုးကလေး တစ်ထည်ပင် ဝယ်မပေးနိုင်ခဲ့။ ကျွန်တော်နှင့်ဆုံတိုင်း အဖေက သူခံစားရတာတွေကို ရင်ဖွင့်ရှာသည်။

            'မင်းတို့ ညီအစ်ကို သုံးယောက်မှာ မင်းတစ်ယောက်ပဲ ရာထူးရာခံနဲ့ လူတန်းစေ့နေနိုင်တာ အဖေ ကျေနပ်လို့ မဆုံးဘူးကွာ။ မင်းဆီက ဘာမှ မမျှော်ကိုးပါဘူးကွာ။ မိဘဆိုတာ ကိုယ့်သားသမီး ဆင်စီးပြီး မြင်းရံတာ မြင်နေရရင် မစားရဘဲ ဝနေတာကွ'

            ၅။

            အဖေ့ပီတိတွေကို ကျွန်တော် အရည်ဖျော်မပစ်လိုပါ။ အောက်ခြေ ဝန်ထမ်းတစ်ယောက်၏ ဝဲဂယက်ကြားမှ လူးကာလိမ့်ကာဖြင့် နှစ်အတန်ကြာအောင် ခက်ခက်ခဲခဲ ကူးခတ်ခဲ့ရပါသည်။ ဒီလိုနှင့် ဇနီးနှင့်သမီး တစ်ယောက် စုဆောင်းနိုင်ခဲ့ပြီး မျှော်လင့်ချက်အချို့ လက်လွှတ်ဆုံးရှုံးခဲ့ပါသည်။

            လူ့ဘဝ၏ သုခုမဇာတ်ခုံပေါ်က ကကြိုးကကွက် အစုံအလင်ကို ကျွန်တော် မကတတ်ခဲ့ပါ။ ဘသားယိမ်းရင်း ယောယိမ်းရင်း ဘဝကို ရေစုန်မျှောခဲ့သည်။ အဖေ့လောင်းရိပ်ကို စွန့်ခွာကာ ရေမျှောကမ်းတင်ဘဝဖြင့် တစ်အိုးတစ်အိမ်ကို ဖြစ်သလို ထူထောင်ရင်း ဒုက္ခတောမှာ နစ်မွန်းခဲ့ပါသည်။

            ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ဝန်ထုပ်ဝန်ပိုး အပြည့်နှင့် ရပ်တည်ရသော အချိန်မှာမှ ခိုင်ခိုင်မတ်မတ် တာရှည်မရပ်တည်နိုင်တာကို သတိပြုမိလာသည်။ ဘဝ၏ အနာဂတ်သည် ရေရာမှု ဘာမှမရှိ။ အစာအိမ်သုံးခု ပုံမှန်လည်ပတ်နိုင်အောင် ခြေထောက်တွေ လေးလံခဲ့၏။ ဦးနှောက်တွေ ပွန်းပဲ့ခဲ့၏။ ယုံကြည်ချက်တွေ တိုက်စား ခံခဲ့ရ၏။

            ဇနီးသည်၏ သဘောတူညီချက်ကို ရရှိသောနေ့တွင် မင်းခစားအလုပ်ကို ကျွန်တော် စွန့်လွှတ်ခဲ့ပါသည်။ လင်မယားနှစ်ယောက် ကြုံရာကျပန်းလုပ်ကိုင်ရင်း ဘဝဝမ်းရေးကို ဖြေရှင်းခဲ့ပါသည်။ အရာရှိကြီးဘဝမှ အနားယူလိုက်တာကို အဖေ မသိရှာ။ အဖေ မသိအောင်လည်း တိုးတိုးတိတ်တိတ် စီမံခဲ့ကြသည်။ ကျွန်တော် အလုပ်ထွက်တာကို အဖေသိလျှင် စိတ်ကောင်းရှာမှာ မဟုတ်။

            ၆။

            တိုက်ဆိုင်သည်ဟုပဲ ဆိုရလေမည်လား။ တမင်တကာ အချိန်းအချက်လုပ်ထားလျှင် လွဲချင် လွဲနေပေလိမ့်ဦးမည်။

            ကျွန်တော် အလုပ်ထွက်ခါစ ပူပူနွေးနွေးအချိန်မှာပင် အဖေ့ဦးနှောက်ထဲသို့ ငှက်ဖျား ပိုးဝင်ခဲ့သည်။ အဖေသည် ဆေးရုံပေါ်မှာ ရက်အတော်ကြာကြာ သတိလစ်မေ့မျောနေခဲ့၏။ အားလုံးက အဖေ့ကို ပစ်လိုက်ရပြီဟု မျှော်လင့်ထားကြသည်။ သတိပြန်လည်လာချိန်တွင် အဖေ့မှာ လူကောင်းတစ်ယောက်လို ဦးနှောက်ပုံမှန် မဟုတ်တော့ပြီ။

            ထိုအချိန်ကစပြီး အဖေ့မှာ ယဉ်ယဉ်ကလေးနှင့် ရူးသွားခဲ့သည်။ ရူးသော်ငြားလည်း အားလုံးကို အဖေ မှတ်မိနေဆဲ။ မိသားစုသာမက ရပ်ရွာထဲက ဘယ်သူ့ကိုမဆို အဖေ သတိမမေ့။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့တော့လည်း အဖေ့မှာ လူကောင်း ပကတိ။

            ထူးခြားသည်မှာ အရက်အမူးလွန်သူ တစ်ယောက်လို စကားတစ်ခွန်းကို လေးငါးမိနစ်တစ်ကြိမ် ပြန်ပြောလားပြောရဲ့။ နားထောင်နေသူက ထောင်ချင်ထောင်၊ မထောင်ချင်နေ။ အဖေက သူပြောလိုရာတွေကိုသာ ရေပက်မဝင်အောင် ပြောလေမည်။ ဟိုတုန်းက စကားတစ်ခွန်းထွက်ဖို့ အတော် လျှာလေးသော အဖေသည် အခုတော့ ကြက်တူရွေး တစ်ကောင်နှယ်။

            ဦးနှောက်ကြောင်သွားသော်ငြား အဖေသည် ကျွန်တော်နှင့် ပတ်သက်သမျှကို ခရေစေ့တွင်းကျ မှတ်မိနေဆဲ။ ကျွန်တော့်ကို အရာရှိကြီးတစ်ယောက်အဖြစ် အဖေ့ အာရုံထဲမှာ ထင်မှတ်ထားဆဲ။

            စနေနေ့လို၊ တနင်္ဂနွေနေ့လို နေ့မျိုးမှာ အဖေ့ထံ သွားလည်လျှင်...

            'ငါ့သား ဒီနေ့ရုံးပိတ်တာလား'ဟု မေးလေ့ရှိသည်။ အဖေ သည်သို့မေးလာတိုင်း ကျွန်တော့်ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းမိပါသည်။ ဝမ်းနည်းစိတ်ကို ကျိတ်မှိတ် မျိုသိပ်ရင်း ကျွန်တော့်အဖြစ်မှန်ကို အဖေမသိအောင်လည်း မုသားခံရသေးသည်။

            'ဟုတ်တယ် အဖေ၊ ရုံးပိတ်တာနဲ့ လျှောက်လည်နေတာ'

            'ရုံးမှာ လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လားကွ'

            'ပြေပါတယ် အဖေ။ ခက်ခက်ခဲခဲ သိပ်မရှိပါဘူး'

            'အဆင်ပြေတာပဲ ကြားချင်တယ်ကွာ။ ကိုယ်က လူကြီးဖြစ်လာပြီပဲ။ တပည့်သားမြေးတွေနဲ့ သင့်အောင်ပေါင်းပေါ့'

            အဖေ့ကို အတိုင်အဖောက် ညီညွတ်အောင် ပြောနေရပေမယ့် ကျွန်တော့်ရင်ထဲမှာ ငိုချင်လှပြီ။ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပြီ။ သားတစ်ယောက်၏ အဖြစ်မှန်ကို ဖုံးကွယ်ပြီး လိမ်လည်ခံနေရရှာသော အဖေ့ကိုလည်း ကျွန်တော် သနားလှပါသည်။

            တစ်ခါတစ်ခါ စောစောစီးစီး အဖေ့ထံ ကျွန်တော် ရောက်သွားလျှင်...

            'ရုံးက ဒီနေ့ အစောကြီး ဆင်းခဲ့တာလားကွ'ဟု စိတ်ထဲ ထင်သလို စပ်စုတတ်၏။ အဖေ့ကို ပြန်ပြောပြဖို့ စကားလုံးတွေက လည်ချောင်းဝမှာ ပျောက်ရှသွားခဲ့ပါ၏။ အဖေ့ကို အမှန်အတိုင်းသာ ပြောချလိုက်လျှင် ယခုထက်ပိုပြီး ရူးသွပ်သွားလေမလား။ စိတ္တဇပဲ ဖြစ်သွားလေမည်လား။

            'ကျွန်တော့်သား သုံးယောက်ထဲမှာ စံဝင်း တစ်ယောက်ပဲ မွေးရကျိုးနပ်တယ်ဗျာ။ အရာရှိကြီးတစ်ယောက် ဖြစ်လာတော့ စကားပြောတာကအစ လူပုံပန်းကအဆုံး လူကြီးလူကောင်းပုံ ပေါက်လာတာကလား'

            စသဖြင့် အဖေက လူထူထူရှိတိုင်း ကြွားနေဆဲ။ အကြောင်းသိသူ ရွာသားတွေကတော့ အဖေ့စကားကြားတိုင်း ပြုံးမိကြ၏။ အဖေ့ကို တစ်ဖက်ကလည်း ကရုဏာသက်ကြသည်။ အဖေ့ကို အလိုက်သင့်သာ ဆက်ဆံကြသည်။

            ကျောင်းသားအရွယ် တူသား နောင်မယ်လူငယ်တွေကို အဖေ ဆုံးမပုံကလည်း သင်းလှပါ၏။

            'မင်းတို့တစ်တွေ စာကြိုးစားကြ။ ဆယ်တန်းအောင် ဘွဲ့ရမှ မင်းတို့အစ်ကို စံဝင်းလို အရာရှိအရာခံဖြစ်မှာ။ ရွှံ့ထဲမှာ ရုန်းရတဲ့ဘဝကို မမက်မောပါနဲ့ကွာ'

            ရုံးသွားချိန် တန်လာလျှင် အဖေသည် တုတ်ကောက်ကလေး တစ်ချောင်းကို အားပြုပြီး ကျွန်တော့်အိမ်သို့ တရွေ့ရွေ့ လျှောက်လာလေ့ ရှိသည်။

            'ငါ့သား နေအတော်မြင့်ပြီဟ။ ရုံးသွားဖို့ ပြင်ဆင်နိုင်ပြီလေကွယ်'

            ထိုသို့ သတိလာပြီးပေးတာကိုက အဖေ၏ နိစ္စဓူဝ အလုပ်တစ်ခုနှယ်။ ကျွန်တော်နှင့် ဆုံလျှင်ဆုံ၊ ကျွန်တော့်ဇနီးနှင့် ဆုံသည်က များသည်။

            'ဟဲ့ မြနွယ်၊ စံဝင်း ဘယ်သွားနေတာလဲ။ ရုံးသွားချိန်ကျပြီကွဲ့။ မေ့များ မေ့နေလေရော့သလား။ သွားခေါ်ပါဟဲ့'

            'အခု အဖေ့အရှေ့မှာ ထွက်သွားပြီ အဖေ'

            'သြော်... ဟုတ်လား၊ ကောင်းပါပြီကွယ်'

            ချွေးမက လိမ်ညာပြောလိုက်သည်ကို အမှန်ထင်မှတ်ကာ လှည့်ပြန်သွားရှာသော အဖေ့ကို ကြည့်ရင်း ထရံနောက်ကွယ်မှာ ကျွန်တော် မျက်ရည်လည်ခဲ့ပါသည်။ ရုံးဆင်းချိန်မှာလည်း အိမ်သို့ အဖေရောက်လာတတ်သေးသည်။ အိမ်ရောက်လို့မှ ကျွန်တော့်ကို မတွေ့လျှင်...

            'မြနွယ်၊ စံဝင်း ရုံးက ပြန်မရောက်သေးဘူးလား'

            'အလုပ်ပဲ များနေတာလား။ အပေါင်းအသင်းတွေနဲ့ သောက်စားနေတာလား။ လမ်းမှာပဲ စက်ဘီးက တစ်ခုခု ချွတ်ယွင်းနေတာလား'

            စသည်ဖြင့် သူ ထင်ရာမြင်ရာတွေကို တွေးတောရင်း စိုးရိမ်နေလေ့ရှိသည်။ ကျွန်တော်နှင့် အလိုက်တသင့် တွေ့သွားခဲ့ပါလျှင်...

            'ဒီနေ့ လုပ်ငန်းကိုင်ငန်း အဆင်ပြေတယ် မဟုတ်လားကွ'

            'ပြေပါတယ် အဖေ။ အားလုံး အိုကေပါပဲ'

            'အေး...အေး၊ ကောင်းပါပြီကွယ်၊ ကောင်းပါပြီ'

            ကျွန်တော့်ထံမှ ကျေနပ်လောက်စရာ အဖြေစကား ကလေးများကြားရလျှင် တောင်ဝှေးကလေး အသာထောက်ပြီး တရွေ့ရွေ့ထွက် ခွာသွားလေ့ရှိသည်။

            အဲဒီပုံရိပ်၊ အဲဒီအဖြစ် အပျက်တွေကို ကျွန်တော့် မျက်လုံးထဲမှာ ဘယ်လိုဖျောက်ဖျက်လို့ ရနိုင်ပါ့မလဲ အဖေ။ ဘဝရဲ့မပြေလည်မှုတွေကြောင့် အဖေ့ကို အကြိမ်ကြိမ် လိမ်လည်လှည့်ဖြားခဲ့တာ ကျွန်တော် ဘယ်လို ပေးဆပ်လို့ ကျေနိုင်မှာလဲ အဖေ။

            ၇။

            အခုတော့ အဖေသည် သူ့သားအရာရှိကြီးနှင့်မိသားစု အားလုံးကို စွန့်ခွာကာ တမလွန်သို့ ထွက်ခွာသွားလေပြီ။ အဖေ ကွယ်လွန်ချိန်အထိ ကျွန်တော့်ကို အရာရှိကြီး တစ်ယောက်အဖြစ် ယုံမှတ်သွားရှာသည်ပဲ။

            ကျွန်တော့်အပေါ်မှာ ထားရှိသော ကြည်နူးပီတိစိတ်တွေကို ထွေးပွေ့သယ်ဆောင်ရင်း ဘဝအသစ်သို့ အဖေ သွားနှင့်ရှာလေပြီ။ တမလွန် တစ်နေရာမှ ကျွန်တော့်ရဲ့ အဖြစ်မှန်တွေကို အဖေ တွေ့သွားပြီး သရော်ပြုံးများ ပြုံးနေလေမလား။ ရင်ထုမနာဘဲ ဖြစ်နေလေမလား။

            ကျွန်တော့်မှာ အဖေ့ကို လိမ်လည်မိသော သောက တနင့်တပိုးတို့ဖြင့် ဝမ်းနည်း ပူဆွေးကျန်ရစ်ဆဲ။ ယူကျုံးမရသော နောင်တတို့ ကြီးထွား ရှင်သန်ဆဲ။

            နွေဦး၏ ကြေကွဲဖွယ် နေရောင်အောက်တွင် အဖေ့ကို ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုဟ်လိုက်ပါသည်။ ကျွန်တော့်အပေါ်မှာ ထားရှိခဲ့သော အဖေ၏ မျှော်လင့်ချက်တွေကိုလည်း အဖေနှင့်အတူ မြှုပ်နှံလိုက်ပါတော့သည်။

မောင်စံဝင်း ၊ဗန်းမော်၊

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...