ရွှေဝတ္ထု

ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏ အို...မိခင်...

မဝင့် ၊မြစ်ငယ်၊

01 February 2026
ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏ အို...မိခင်...
Share to

ကျွန်မသည် လွန်ခဲ့သော ဆယ်နှစ်က ရွှေအမြုတေမဂ္ဂဇင်းတွင် 'အမေ ခါလာဘူဘူး' ဟူသော ဝတ္ထုတိုတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ မိခင်မေတ္တာညွှန်းသော ဝတ္ထုဖြစ်ပါသည်။ ထိုဝတ္ထုတွင် စာမတတ်၊ ပေမတတ်သော သော်လ်ဆယ် မုန့်သည် မြန်မာမွတ်စလင် အမျိုးသမီးကြီးနှင့် ဗုဒ္ဓဘာသာ ကလေးမလေးတစ်ဦးတို့၏ မထင်မှတ်ဘဲ ဖြစ်ပေါ်ခဲ့သော သားအမိ ချစ်ခြင်းမေတ္တာကို ဖွဲ့ပါသည်။

ကျွန်မသည် ငယ်စဉ်က မြစ်ငယ်မြို့၏ မွတ်စလင်ဘာသာဝင် အများစုနေထိုင်ရာ ရပ်ကွက်ကလေးတွင် ကြီးပြင်းခဲ့ရသူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတွင် မွတ်စလင်ဘာသာဝင် သူငယ်ချင်းများ၊ အမေအရွယ်၊ အဒေါ်အရွယ် လူကြီးသူမများနှင့် ရင်းနှီးခဲ့ရသည်။ ဗလီကျောင်းဝင်းကျယ်ကြီးသည်လည်း ကျွန်မအတွက် သူငယ်ချင်းများနှင့် ဆော့ကစားရာ ပျော်ရွှင်ဖွယ် ကွန်းထောက်တစ်ခုပင်။ ထို့ကြောင့်လည်း ထိုဝတ္ထုမျိုးကို ရေးဖွဲ့နိုင်ခဲ့ခြင်းပါ။ ထိုဝတ္ထုကို ဖတ်မိသော ကျွန်မ၏ မိတ်ဆွေတချို့က 'အဲဒါ တကယ့်အဖြစ်အပျက်လား'ဟု မေးကြသည်။ ကျွန်မက ဟုတ်တယ်၊ မဟုတ်ဘူး မဖြေဘဲ အသာလေး ငြိမ်နေလိုက်သည်။ ပြီးမှ 'မြန်မာပြည်မှာ ဒီလိုအဖြစ်မျိုးက အဆန်းမဟုတ်ပါဘူး'လို့ ဖြေသည်။ မေးသူတွေ ခပ်ငေးငေး ဖြစ်ကုန်၏။

စင်စစ် ကျွန်မတို့သည် 'ခလုတ်ထိ အမိတ' ဆိုသကဲ့သို့ ဘဝအမောလေး နည်းနည်းတွေ့ရုံနှင့် အမေ့ကို ပြေးကပ်ချင်တတ်ကြသည်။ မိခင်မေတ္တာကို မွတ်သိပ်စွာ တောင့်တတတ်ကြသည်။ အသေအချာ စဉ်းစားကြည့်သောအခါ ကျွန်မတို့၏ ဝန်းကျင်တွင် မိခင်မေတ္တာကို ရက်ရက်ရောရော ပေးတတ်ကြသော အမေနှင့်တူသူတွေ ရှိနိုင်သည်ကော။ မိမိက သတိမထားမိ၍သော်လည်းကောင်း၊ တန်ဖိုးမထားတတ်၍ သော်လည်းကောင်း ဖြစ်ပါလိမ့်မည်။ သဘာဝတရားအရ မသတ္တဝါများသည် မိခင်စိတ်ကို ပိုင်ဆိုင်ထားကြ၏။ သတ္တဝါများစွာအနက်မှ အသိဉာဏ်ထူးများ ပိုင်ဆိုင်သူ 'လူ' 'အမျိုးသမီး' များသည် မိခင်စိတ် ပိုကြီးမားပါသည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးများစွာအနက်မှ ကျွန်မတို့ အာရှတိုက်သူများသည် ယဉ်ကျေးမှုနှင့် ဘာသာကိုးကွယ်မှု အခြေခံအင်အားများကြောင့် မိခင်ပီသမှု ပေါ်လွင်တတ်ကြသည်။ ထိုထိုသော အာရှသူတွေထဲကမှ ကျွန်မတို့ မြန်မာအမျိုးသမီးများသည် မိခင်စိတ်တွေ ဝေဝေဆာဆာ ရှိလှပေသည်။

အိမ်ထောင်မရှိ၊ သားသမီး မမွေးသောသူများပင် ကောက်ယူမွေးစားထားသောတူ၊ တူမများအား သားသမီးခေါ်ကာ အမေ့နေရာကို ကျက်သရေရှိရှိ ခံယူနေထိုင်ကြသည်။ကျွန်မတို့ မြန်မာပြည်နေရာအနှံ့ ရပ်ကွက်များစွာတွင် သွေးသား မတော်စပ်ပါဘဲလျက် မိခင်မေတ္တာ ဖြန့်ကြက်ကာ စောင့်ရှောက်ပေးလေ့ရှိသော မြန်မာအမျိုးသမီးများကို တွေ့မြင်နိုင်ပေသည်။ ကုန်ကုန်ပြောပါစို့ရဲ့။ ခရီးတစ်ခုသွားရာ လမ်းမှာပင် မိခင်သဖွယ် စောင့်ရှောက်သော အမေနှင့်တူသူတွေကို ကြုံဖူးကြပါလိမ့်မည်။

ထိုသူများသည် ဘာသာတူချင်မှ တူမည်။ လူမျိုးကွဲလည်း ဖြစ်ချင်ဖြစ်မည်။ ငွေနှင့်ဂုဏ် ရှိချင်မှရှိမည်။ ပညာတတ်ချင်မှ တတ်မည်။ မည်သို့ဖြစ်ပါစေ၊ သူ၏ မိခင်မေတ္တာကြောင့် ခံစားရသူ ငြိမ်းချမ်းရသည်သာ။ ထို့ကြောင့်လည်း ကျွန်မ၏ 'အမေ ခါလာဘူဘူး' ဝတ္ထုတွင် အမေကို ဤသို့ဖွဲ့ပြီး ဝတ္ထုစပါသည်။

            ကျွန်မဟာ ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်နေတဲ့အခါ အဲသည် ကမ္ဘာမြေကြီးဟာ အမေပါ။

            ဦးခေါင်းကို မော့ကြည့်လိုက်တိုင်း မိုးကောင်းကင်ကြီး ရှိနေတဲ့အခါ အဲသည် မိုးကောင်းကင်ဟာ အမေပါ။

            အသက်ရှူသွင်းလိုက်တဲ့ လေပြည်နုလေးဟာ ကျွန်မနှလုံးသားထဲကို စီးဆင်းသွားတဲ့အခါ အဲသည် လေပြည်လေးဟာ အမေပါ။

            တကယ်တော့ အမေဆိုတာ ကျွန်မအတွက် မရှိမဖြစ်ပါ။

            အမေနဲ့ ကျွန်မကြားမှာ လူမျိုးအသားအရောင် ခွဲခြားမှုဆိုတာ မရှိပါဘူး။ ကိုးကွယ်တဲ့ဘာသာ မတူတာ ပြဿနာ မဟုတ်ပါဘူး။ ဆင်းရဲချမ်းသာ၊ အခြွေအရံ ဂုဏ်သိမ်တာ ဘာမှခွဲခြား ဖုထစ် မပြေပြစ်စရာ မရှိပါဘူး။

            အမေ့စကားလေးတွေက စံပယ်ပွင့်လေးရဲ့ ရနံ့လို အမြဲတမ်း မှန်းဆပြီး ခံစားလို့ ရသလိုမျိုးပေါ့။

            ရင်ထဲမှာ စံပယ်ပွင့်လေးတစ်ပွင့် ဖန်ဆင်းကြည့်လိုက်စမ်းပါ။ ပြီးတော့ အဲသည် စံပယ်ပွင့်ကလေးကို ကျွန်မနဲ့အတူ နမ်းရှိုက်ကြမယ်လေ။

            စာရေးဆရာများသည် 'အမေဘွဲ့' ကို ရေးဖြစ်လေ့ ရှိကြသည်။ ဘာကြောင့်ဆိုလျှင် အမေသည် လူတိုင်းအတွက် အရင်းနှီး၊ အနွေးထွေးဆုံး လူသားများ ဖြစ်ကြသောကြောင့်ပင်။

            ကျွန်မသည် ကျွန်မ၏ မွေးမိခင် ဒေါ်မြရှင်၏ အကြောင်းကို ကျွန်မရေးမိသော ဝတ္ထုများတွင် တိုက်ရိုက်ဖြစ်စေ၊ အရိပ်အယောင်ကလေးမျှဖြစ်စေ ထည့်၍ ဖွဲ့မိတတ်သည်။

            စာရေးဆရာ ဖြစ်လာခဲ့သော ကျွန်မအတွက် ကျွန်မ၏ မိခင်တွင်ရှိသော ချစ်စရာ စရိုက်ကလေးကို မြတ်နိုးသောကြောင့် ဖြစ်သည်။ ကျွန်မ၏ မိခင်နှင့် ဖခင်တွင် မိခင်သည် ဖခင်လောက် ဉာဏ်မကောင်းလှပေ။ သိပ်ပြီးတော့လည်း မထက်မြက်ရှာပါ။ သို့ရာတွင် ထိုမိခင်တွင် လေးစားလောက်သော ရိုးသားမှုနှင့် ကိုယ်ကျင့်သီလက သားသမီးများအတွက် တန်ဖိုးကြီးလှပေသည်။ 'အမေ့သမီး ဖြစ်ရတာ သမီးတော့ ဂုဏ်ယူတယ်'ဟု ရင်ကော့ ခေါင်းမော့ရလောက်သော မိခင်ဖြစ်ပါ သည်။

            ကျွန်မ၏ မိခင်ကြီးသည် လွန်ခဲ့သော တစ်ဆယ့်ခုနစ်နှစ်ကပင် သေဆုံးခဲ့ရှာပေပြီ။

            မွေးမိခင်ကြီးအား သုသာန်တွင် အုတ်ဂူသွင်း သင်္ဂြိုဟ်နေစဉ်မှာပင် မလှမပ မနူးညံ့သော လက်ချောင်းအိုကြီး တစ်စုံက ကျွန်မ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ 'သမီးမှာ အမေရှိပါသေးတယ်' ဟု ချော့မော့ဖျောင်းဖျခံခဲ့ရခြင်းက ကျွန်မ ကံကောင်းသည်ဟု ဆိုရပါမည်။ ထိုမလှပ မနူးညံ့သော လက်များပိုင်ရှင် အမေအိုသည် ယနေ့ထက်တိုင် ကျွန်မ၏ရှေ့တွင် မားမားရပ်ပြနေသော တောင်တန်းကြီးပမာ အင်အားကြီးမားလှပါတော့သည်။

            အနုပညာသမားများတွင် လည်းကောင်း၊ မှန်တယ်ထင်လျှင် ခေါင်းမာမာနှင့် လုပ်ဆောင်တတ်သော သူများတွင်လည်းကောင်း မိခင်မေတ္တာကို အခြားသူများထက် ပို၍ လိုအပ်သည် ထင်ပါသည်။ ကျွန်မကိုယ်တိုင်က စာပေအနုပညာ သမားတစ်ယောက် ဖြစ်ခြင်းကြောင့် ဤသို့ ယူဆမိခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

            သင့်ဘဝတွင် မျှော်လင့်ချက်တွေ၊ ဘဝအပေါ် ယုံကြည်မှုတွေကို ဆုတ်ဖြဲပစ်ခြင်းခံရသလို နာကျင်ခံစားခဲ့ဖူးပါသလား။ ကျွန်မတွင် ထိုအဖြစ်ဆိုး ကြုံခဲ့ရဖူးပါသည်။ ထိုအချိန်မှာပင် ကျွန်မ၏ မိခင်က ဆုံးပါးခဲ့ရ ပြန်ပါသည်။ ကျွန်မ၏ မွေးရပ်မြေ စက်ရုံမြို့ကလေးမှ ဧရာဝတီမြစ်ကြီးခြားရာ နေရာသို့ ပြောင်းရွှေ့ခဲ့ရပြန်ပါသည်။ အထီးကျန်စွာ ဆွေးနင့်ခဲ့ရပြန်ပါသည်။

            ကျွန်မ၏ လေလွင့်အုံကြွနေသော စိတ်တေလေကို မန္တလေးကနေပြီး လှမ်း၍ ထိန်းကျောင်းတည့်မတ်ပေးခဲ့သော ထိုအမေအိုကြောင့်သာ တည်ငြိမ်သောဘဝကို ပြန်လည်ရရှိခြင်းပါ။ မိမိယုံကြည်ထားသော အတွေးအခေါ်များကို ဖြောင့်ဖြောင့်ခိုင်ခိုင် ရပ်တည်နေထိုင်နိုင်ခဲ့ခြင်းပါ။ အပေါစား လူရာဝင်မှု၊ ကြက်ဆူတောမှာ နေရာလုယက်ကြမှုများတွင် မပါဝင်ခဲ့ခြင်းပါ။

            ထိုအမေအိုသည် ကျွန်မအား ကြီးကျယ်သော စကားများနှင့်လည်း မဆုံးမခဲ့ရပါ။ ခေတ်ပေါ်နှင့် နိုင်ငံတကာ ဆိုသောအရာများလည်း ပြောရန် သိပ်မရှိလှပါ။ ဇာတ်နိပါတ်ပုံပြင်နှင့် ခမ်းနားသော ဂန္ထဝင်လည်း မလိုအပ်ခဲ့ပါ။

            လက်တွေ့ဘဝမှာ လက်တွေ့ဆန်စွာ တစ်သက်မှတ်လောက်အောင် တစ်ခွန်းဆို တစ်ခွန်း ပြောဆိုတတ်သူ ဖြစ်ပါသည်။

            သို့ရာတွင် အမေအိုသည် ခေတ်ပေါ်နှင့် နိုင်ငံတကာကိုလည်း သိသည်။ ဇာတ်နိပါတ်ပုံပြင်နှင့် ခမ်းနားသော ဂန္ထဝင်လည်း နှံ့စပ်သည်။ ထိုမိခင်အိုသည် ကြီးမြတ်သော ဂုဏ်သတင်း သင်းပျံ့သောသူ ဖြစ်ပါသည်။

            မိခင်မေတ္တာ ဖြန့်ကြက်ထားသူတွင် ထိုကြီးမြတ်သောအရာသည် ထည့်ပြောဖွယ် မလိုအပ်ပေတကား။ စင်စစ် အမေသည် အမေသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အမေသည် ထိုကြီးမြတ်သော အရာအားလုံးကို အစိုးရသူ ဖြစ်ပါသည်။

            ထိုအမေအိုသည် အလုပ်တာဝန်တွေ များပြားလှသည့်ကြားက အိမ်နောက်ဖေး မီးဖိုချောင်ကိစ္စတွင်လည်း လစ်ဟင်းသူ မဟုတ်ချေ။ ကျန်းမာရေးအတွက် နံနက်တိုင်း လမ်းလျှောက်ထွက်ရင်းက မိသားစုဟင်းလျာအတွက် ခြင်းတောင်းအပြည့် ဈေးဝယ်လာတတ်သူ ဖြစ်ပါသည်။

            ဆေးစက်ကျရာ အရုပ်ထင်သူတစ်ယောက်မို့ ဈေးဝယ်ရင်း ဟင်းရွက်သီးနှံဈေးသည်များနှင့် ခင်မင်ကာ ဘဝစာမျက်နှာတစ်ခု ဖွင့်ထားနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း ထိုစာပေ အမေအိုသည် အောက်ခြေလူတန်းစားများနှင့်လည်း တစ်သားတည်းဖြစ်ကာ လူထုနှင့် မကင်းကွာသောသူ ဖြစ်နေပါသည်။

            ကျွန်မ၏ မွေးမိခင် နာရေးတွင် အမေအို လာရောက်စဉ်က အသုဘ ပို့ဆောင်ရန် လာကြသော ကျွန်မတို့ နယ်ဘက်က ကုန်စိမ်းသည် မိန်းမများနှင့် စကားလက်ဆုံကျနေသော အမေအိုကို အံ့သြစွာ တွေ့မြင်ဖူးပါသည်။ အဲသည်တုန်းက ကုန်စိမ်းသည် ဒေါ်ကုလားမကို အမေအိုနှင့် ဘယ်သို့သိကျွမ်းခဲ့သလဲ မေးကြည့်ရာ 'အန်တီကြီးနဲ့ ကျုပ်တို့နဲ့ ခင်လာတာ နှစ်ပေါင်း သုံးဆယ်လောက် ရှိပေါ့တော်။ သူ ဘာအလုပ်လုပ်မှန်းတော့ မသိဘူး။ ဈေးအများကြီးဝယ်တဲ့ အန်တီကြီးပဲလေ'ဟု ဖြေပါသည်။

            အမေအိုသည် မန္တလေးမြို့၏ အချက်အချာကျသော နေရာတွင် နေထိုင်သူဖြစ်လျက် သူ နှစ်သက်စွဲလမ်းစွာ စားလေ့ရှိသော အစာမှာ မြန်မာ့အစားအစာများသာ ဖြစ်၏။ တိတိကျကျ ပြောရလျှင် တောကျပါပေ့ဆိုသော အစားအစာများကို ပိုပြီး ကြိုက်သည်။

            ကျွန်မသည် အမေအိုထံ အလည်အပတ်ရောက်တိုင်း မုန့်ဖက်ထုပ်၊ မုန့်ပေါက်ကြော်၊ မုန့်ကြက်ဥ စသော အစားအစာများကို တစ်မျိုးပြီးတစ်မျိုး ကျွေးခံရလေ့ရှိသည်။ အမေအိုကိုယ်တိုင် လက်နှင့်ယူပေးကာ 'ရော့...စား''ရော့...  ဒါလေးစားလိုက်ဦး'ဟု ဆက်တိုက် မနားတမ်း ကျွေးတတ်ပေရာ ကျွန်မမှာ ဗိုက်ဝနေပြီ ဖြစ်သဖြင့် ငြင်းဆန်လျက်က အမေ့မေတ္တာကို ကြည်နူးစွာခံယူရင်း ဇွတ်အတင်း မျိုချရခဲ့ရသော အကြိမ်ပေါင်းလည်း မနည်းပါ။

            ကျွန်မ ရန်ကုန်မှာ နေထိုင်စဉ် သားကလေးကို မွေးဖွားပြီး ငါးလအရွယ် ရောက်သောအခါ မန္တလေးက အမေအိုထံ သွားရောက်ပြသခဲ့ပါသည်။ ထိုအချိန်က နွေရာသီဖြစ်ပြီး အညာဖုန်ထူထူတွင် ဘတ်စ်ကား စီးလာခဲ့ရသောကြောင့် သားကလေး၏ လည်ပင်းတွင် ဖုန်နှင့်ချွေးရောကာ ချေးမည်းမည်းလေးတွေ ဖြစ်နေ၏။

            သားကလေးကို ချီပွေ့ကြည့်ရှုနေသော အမေအိုသည် သားလည်ပင်းက ချေးညှော်များကို မြင်တွေ့သွားပြီး ကျွန်မအား ကျေနပ်ပုံ မရတော့ပေ။ ထိုအချိန်မှာပင် သားကလည်း နို့ဆာသဖြင့် ငိုလိုက်ရာ ကျွန်မသည် လူသူရှေ့မှာ နို့တိုက်ရမည်ကို ဝန်လေးသောကြောင့် အသင့်ယူဆောင်လာသော နို့ဘူးကို ထုတ်လိုက်သည်။

            အမေအိုသည် ကျွန်မအား တစ်သက်စာ ဆူပါတော့သည်။

            'ငါ့သမီးက မိန်းမပျင်းလား။ ငါ့မြေးလေးလည်ပင်းမှာ ချေးကြောင်းကလေးကို ဆွဲကြိုး ဆွဲပေးထားရဲ့။ ကြည့်ပါဦး၊ နို့ဘူးဖျော် တိုက်သတဲ့။ အမေငယ်ငယ်တုန်းက သမီးလို ဝဝဖြိုးဖြိုးတောင် မဟုတ်ဘူး။ ကလေး ငါးယောက်လုံးကို အရိုးကြားက နို့တိုက်မွေးခဲ့တာ။ အလုပ်များလို့ အစားမစား ရသေးရင်တောင် ရေသောက်ပြီး တိုက်ခဲ့တာ။ နို့ဘူး မကူဘူး'

            အမေအို၏ စကားက ကျွန်မအား တစ်သက်စာ အသိတရား ရစေသည်။ သားကို မွေးမြူရာတွင် ပေါ့ပေါ့တန်တန် သဘောမထားတော့ပေ။ ယခုဆိုလျှင် သားကလေး ရှစ်နှစ်အရွယ် ရောက်ခဲ့ပါပြီ။ ကျွန်မတို့ မိသားစုလည်း ပလိပ်မြို့ရှိ သတင်းစာ စက္ကူစက်ရုံတွင် ခင်ပွန်းသည်၏ အင်ဂျင်နီယာ အလုပ်ကြောင့် ပြောင်းရွှေ့ နေထိုင်လျက် ရှိပါပြီ။

            ပလိပ်မြို့ကလေးသည် စက်မှု (၁) ဝန်ထမ်းများစွာ နေထိုင်ရာ မြို့ကလေးဆိုလျှင် မမှားပေ။ သက်တမ်းကြာ မျောလှပြီဖြစ်သော ချည်ထည်စက်ရုံကြီးနှင့် ကျွန်မတို့ နေထိုင်သော စက္ကူစက်ရုံက လုပ်သားများစွာ၏ ဘဝသည် ကျွန်မ၏ ဝန်းကျင်တွင် ရှိနေ၏။ သူတို့ကို ကြည့်ကာ၊ မိမိ ရင်ဆိုင်ရသောဘဝကို ကြည့်ကာ ဘဝသရုပ်ဖော်ဝတ္ထုတွေ အများကြီးရရှိသော နေရာ ဖြစ်ပါသည်။

            သို့ငြား... ကျွန်မသည် ရောက်ရှိသော ထိုနှစ်မှာပင် ကျန်းမာရေး ချို့ယွင်းခဲ့သဖြင့် စာပေရေးသားခြင်း ကျဲပါးခဲ့ရသည်။ ကျန်းမာလာသော အခါမှာလည်း အိမ်ထောင်မှုကိစ္စ၊ အိမ်ဘေးမြေကွက်လေးမှာ စိုက်ပျိုးထားသော သစ်ပင်လေးများ ပြုစုရသော အလုပ်နှင့်မို့ စာရေးကျဲခဲ့ရ ပြန်သည်။

            လူသည် ပျင်းစရာရှိလျှင် ပျင်းချင်သည်။ ညံ့စရာရှိလျှင် ညံ့ရမှာ မရှက်တတ်ကြ။ ဖျင်းပြီ၊ ညံ့ပြီဆိုမှတော့ မှားမှန်းသိလျက်နှင့် ခေါင်းညိတ်ထောက်ခံရမှာ ဝန်မလေးတတ်ကြသည်မှာ ဓမ္မတာ ဖြစ်ပါသည်။ ညံ့ဖျင်းမှုသည် ရဲရင့်သော လုံ့လဝီရိယ၏ ရန်သူ မဟုတ်လား။

            ကျွန်မသည်လည်း အနှီသို့ 'အီပေါသော' တစ်ယောက်ကဲ့သို့ နေထိုင်လျက်ရှိရာ အမေ့ထံ ရောက်သောအခါ တစ်ခွန်းတည်းနှင့် မှတ်လောက်သားလောက် ပြောခဲ့ပြန်ပါသည်။

            'ငါ့သမီးလည်း ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ အငြိမ်းစားရနေလို့နဲ့ တူပါရဲ့။ ဖြူပြီး ဝနေလိုက်တာ သူဌေးမကြီး ကျနေတာပဲ'

            စာရေးစားပွဲတွင် အရေးမပျက်သော အမေအို၏ စကားကြောင့် ရှက်ရှက်နှင့် ရယ်ရင်း အမေအို၏ ဝီရကျက်သရေကို ကြက်သီးထလောက်အောင် လေးစားငေးမောခဲ့ရပြန်ပါသည်။

            ကျွန်မအဖို့တော့ အမေအို၏ အဆူခံရသည်ကို ပျော်ရွှင်စွာ လက်ခံလိုက်နာပြီး ဂုဏ်ယူစရာပင် ဖြစ်နေပါသည်။ တစ်ကြိမ်ကတော့ ဆူပူခြင်း မပြုဘဲ အားပေးနှစ်သိမ့်ခဲ့သည်ကို ကျွန်မ မမေ့နိုင်ပါ။ ထူးခြားသော ပုဂ္ဂိုလ်တို့တွင် အများနှင့် မတူသော အတွေးအခေါ်နှင့် လုပ်ရပ် ရှိနေသည်ကော။

            အမှန်စင်စစ် ကျွန်မ၏ လုပ်ရပ်သည် မိဘမောင်ဖား ဆူပူကြိမ်းမောင်းစရာ ဖြစ်ပါသည်။ ကျွန်မချစ်သူနှင့် နှစ်ဦးသဘောတူ အိမ်ထောင်ထူထောင်လိုက်ခြင်းသည် ဓလေ့ထုံးတမ်းများ၊ လူမှုရေး ကန့်သတ်ချက်များကို စိန်ခေါ်လိုက်သလိုပါပဲ။

            ကျွန်မ၏ သတင်းကို ကြားသောအခါ အမေအိုသည် ကျွန်မအား ခေါ်တွေ့သည်။ ကျွန်မ၏ သူငယ်ချင်း စာရေးဆရာက 'အဆူခံ ဖို့သာပြင်' ဆိုသော ပုံစံမျိုးဖြင့် အာဏာပါးကွက်သားက ရာဇဝတ်သားကို ခေါ်လာသည့်ပမာ အတူလိုက်လာသည်။ ကျွန်မသည် စာရေးစားပွဲတွင် ထိုင်လျက်ရှိသော အမေအိုကို တွေ့ရသောအခါ အားငယ်ထွေပြား စိတ်လှုပ်ရှားမှုများဖြင့် ပါးစပ်က အလိုလိုနေရင်း ပြောထွက်သွားသော 'သမီးတော့ ကံဆိုးပြီ ထင်ပါရဲ့ အမေရယ်' စကားနှင့်အတူ အမေအိုအား ဖက်ပြီး ငိုချလိုက်မိပါတော့သည်။

            သည်တစ်ကြိမ်တွင်လည်း အမေအိုသည် သူ၏ မလှပ မနူးညံ့သော လက်ချောင်းများဖြင့် ကျွန်မလက်အစုံကို ဆုပ်ကိုင်ရင်း အားပေးနှစ်သိမ့်ပြန်သည်ကော။

            'အိမ်ထောင်ပြုလိုက်တာနဲ့ ကံဆိုးရမယ်လို့ ငါ့သမီးနှယ်။ ကိုယ်တည်ဆောက်တဲ့ဘဝ ကိုယ်ခိုင်မြဲ အောင် လုပ်နိုင်တဲ့အစွမ်းတော့ ငါ့သမီးမှာ ရှိပါတယ်'

            အမေအိုသည် သူ၏ ကြိမ်ခြင်းတောင်းငယ်လေးထဲက လက်ကိုင်ပဝါ ထုတ်ပေးရှာ၏။ ကျွန်မ၏ မျက်ရည်တွေ သုတ်ဖို့ ဖြစ်ပါသည်။

            'အမေက သမီးကို ခေါ်လိုက်တာက သမီးတို့ လက်ထပ်စာချုပ် လုပ်ထားစေချင်လို့ပါ။ သမီးရဲ့ခင်ပွန်းကိုလည်း အမေ့ဆီခေါ်ခဲ့ဦး'

            ကျွန်မသည် အမေအိုပေးသော လက်ကိုင်ပဝါလေးကို တစ်သက် အမှတ်တရ သိမ်းထားရန် ယူလာခဲ့တော့သည်။ ကျွန်မက မျက်ရည်လွယ်သူမို့လေ။ ထိုသို့ ငိုလျက်က မိမိ ဦးတည်ချက်ကို သွေဖည်မသွားအောင် ကြံ့ကြံ့ခံလုပ်တတ်ရန်သာ အရေးကြီးပါသည်။ ကျွန်မ အဖို့တော့ ငိုကြွေးခြင်းသည် စိတ်အမှိုက်များကို ရှင်းလင်းဖယ်ထုတ်ပစ်ခြင်းမျှသာ။

            အခန်းအပြင်ဘက်တွင် ထိုင်စောင့်နေသော သူငယ်ချင်း စာရေးဆရာက ကျွန်မအား မျက်နှာငယ်ကလေးနှင့် ပြန်ထွက်လာမည် ထင်ပုံရ၏။ ပျော်ပျော်ရွှင်ရွှင်လန်းလန်းဆန်းဆန်း ထွက်လာ သော ကျွန်မအား အံ့အားသင့်စွာ ပြူးကြည့်နေရှာသည်။

            'အမေက စာအုပ်လက်ဆောင် ပေးလိုက်သေးရဲ့'

            ကျွန်မကကြွားလိုက်သည်။ အမေ ဆောင်ရွက်ခိုင်းသော လက်ထပ်စာချုပ်ကိုလည်း သူငယ်ချင်းက ဝိုင်းဝန်းကူညီမှုဖြင့် ပြုလုပ်ခဲ့သည်။ ထိုစာချုပ်ကြီးသည်လည်း ထိုနေ့ကပင် ဘယ်သူ့ ဆီမှာ၊ ဘယ်မှာထားမိမှန်း မသိတော့ပါ။ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းခြင်းမှာ ဈေးရောင်း၊ ဈေးဝယ် မဟုတ်သော အိမ်ထောင်ရေး ဖြစ်သဖြင့် စက္ကူပေါ်မှာထက် နှလုံးသားနှင့် ဦးနှောက်က ပိုပြီး အရေးကြီးသည် ထင်ပါသည်။

            သို့ငြား... ကာလယန္တရားသည် ဆယ်စုနှစ်သို့ တိုင်လာသောအခါ အမေအို၏ စကားက ကျွန်မအား ဆူလိုက်ငေါက်လိုက်သည် ထက်၊ တုတ်နှင့်ရိုက်လိုက်သည်ထက် တုပ်နှောင်ခိုင်ခံ့အောင် ထိန်းကျောင်းပေးလိုက်သလို ဖြစ်နေပါတော့သည်။

            အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ခြင်းသည် အခက်အခဲပေါင်းများစွာကို ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်ပေသည်။ ကျွန်မအတွက် ပိုပြီးဆိုးသည်က စကတည်းက မကြည်ဖြူသော အသိုင်းအဝိုင်း၊ မညီမျှသော အသက်အရွယ် စသည်များက အခြားသူများထက် အကျဉ်းအကျပ် ဖြစ်စေခဲ့ပါသည်။

            ထို့ကြောင့် တပ်ခေါက်ပြီး နောက်ပြန်လှည့်မည် ကြံလိုက်တိုင်း အမေအို၏ 'ကိုယ်တည်ဆောက်တဲ့ဘဝ ခိုင်မြဲအောင် လုပ်နိုင်တဲ့အစွမ်း ငါ့သမီးမှာ ရှိပါတယ်' ဆိုသော စကားက ဝင်လာတတ်သည်။ မသေမချင်း နောက်မဆုတ်နဲ့တော့ဟု ဒဏ်ခတ်လိုက်သလိုများလား မသိတော့ပါ။ အောင်မြင်သော အိမ်ထောင်တစ်ခုဖြစ်အောင် ဆက်ပြီးရုန်းဖို့ပဲ ရှိပါတော့သည်။

            လမ်းမှန်ရောက်အောင် ဆုံးမပဲ့ပြင်မှုတစ်ခုသည် အပြစ်တင်ဆူငေါက်ခြင်း၊ ရိုက်နှက်နာကျင်စေခြင်း၊ လှည့်မကြည့်တော့ဘဲ ပစ်ထားခြင်း မဟုတ်ပေ။ မေတ္တာဖြင့် ယှဉ်သောစိတ်ဖြင့် ခွင့်လွှတ်ထိန်းကျောင်းပေးခြင်း ဖြစ်ပါသည်။

            ကျွန်မကိုယ်တိုင် သား၏မိခင် ဖြစ်လာသောအခါ ထိုသဘောတရားကို အသေအချာ နားလည်မှုရှိဖို့ လိုအပ်လာပါတော့သည်။ စစ်မှန်သော မိခင်မေတ္တာတိုင်းတွင် ခွင့်လွှတ်ခြင်းက ထိပ်ဆုံးက ဝင်လာပါသည်။ ကျွန်မသည်လည်း သား၏ အမှားများကို ပထမဆုံး ခွင့်လွှတ်ပေးရပါမည်။ ပြီးမှ အမှန်သို့ ရောက်အောင် သွန်သင်ရပါလိမ့်မည်။

            တစ်ခုတော့ ရှိပါသည်။ ကျွန်မ၏ သားကလေးသည် အမေဆုံးမသော စကားကို နားလည်လက်ခံတတ်သော လူလိမ္မာလေးဖြစ်ဖို့ ဦးစွာ လေ့ကျင့်ပေး ရပါလိမ့်ဦးမည်။

            ကျွန်မတို့ငယ်ငယ်က ကျောက်ဆည်မြို့တွင် သီတင်းသုံးသော ဝေဘူဆရာတော်ကြီးထံ နှစ်စဉ် သွားရောက် ဆွမ်းကပ်လေ့ရှိပါသည်။ ဝေဘူဆရာတော်ကြီးသည် ကလေးငယ်များကို အလေးထား အရေးတယူ ဆက်ဆံလေ့ ရှိပါသည်။ ကလေးများ ကန်တော့ခြင်းကို အသေအချာ ခံယူလေ့ရှိပါသည်။ ဆုပေးသောအခါတွင်လည်း 'ဆိုဆုံးမလွယ်ကူသော၊ 'သောဝစဿဏ' ဂုဏ်နှင့် ပြည့်စုံသော လူလိမ္မာ လေးများ ဖြစ်ကြစေဗျား'ဟု ပေးလေ့ရှိပါသည်။ သားသမီးများအား ဆိုဆုံးမလွယ်ကူစေဖို့ဆိုလျှင် မိဘကိုယ်တိုင်က စိတ်ကောင်းရှိဖို့ အရေးကြီးပြန်ပါသည်။ သားသမီးအား စိတ်နှလုံးကောင်းရှိဖို့ လမ်းညွှန်ရမည့်သူများ မဟုတ်ပါလား။

            ကျွန်မသည် ထိုသဘောတရားများကို အမေအိုနှင့် ကာလကြာရှည်စွာ ထိတွေ့ခွင့် ရလာသောအခါ ပို၍ နားလည်ခဲ့ခြင်း ဖြစ်ပါသည်။

            ယခုဆိုလျှင် အမေအိုသည် အသက်ကိုးဆယ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ အသက်အရွယ် ကြီးရင့်လာသဖြင့် အမေအိုတွင် မေ့လျော့တတ်လာသည်။ လူကို သိနေသော်လည်း နာမည်ခေါ်ဖို့ မေ့နေ တတ်ခြင်းမျိုးက မကြာခဏ ဖြစ်လာတတ်သည်။

            လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်မတို့ မိသားစု အမေအိုထံ ရောက်သောအခါ ကျွန်မအား နာမည်ခေါ်ဖို့ မေ့နေရှာသည်။ သည်တစ်ခေါက် မတိုင်မီ လွန်ခဲ့သော သုံးလလောက်က တစ်ခါ ရောက်ခဲ့သေးသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အခက်အခဲတွေ အမေအိုအား ရင်ဖွင့်ခဲ့သေး သည်။ ယခု တစ်ခေါက်တော့ ကျွန်မနာမည် မေ့နေ၏။ ထို့ကြောင့် ကျွန်မက 'ဟောဗျာ၊ အမေကလည်း သမီး မဝင့်လေ' ဟု မကျေလည်သော နွဲ့ဆိုးသံနှင့် ပြောလိုက်သောအခါ...

            'အေး... ဟုတ်ပါရဲ့။ အမေ့မှတ်ဉာဏ်တွေ မကောင်းတော့လို့ သမီးရယ်။ ဒါနဲ့ သမီးတို့ အောက်ပြည်အောက်ရွာ ပြောင်းရမယ် ဆိုတာရော အခြေအနေ ဘယ်လိုလဲ။ အမေ စိတ်ပူနေတာ' ဟူ၍ ဖြစ်ပါသည်။

            'သြော်... အမေရယ်'

            ကျွန်မ၏ နှလုံးသားထဲတွင် ကျင်ခနဲ တုန်သွား၏။ ကျွန်မ၏ နာမပညတ်ကို ခေါ်ဖို့ မေ့နေသော်လည်း ကျွန်မ၏ ဘဝပြဿနာတွေကို အမေ မမေ့နိုင်ရှာပါလား။ ကျွန်မ၏ သောကသည် အမေ့သောကပါပဲ။ ဒါသည်ပင် မိခင်မေတ္တာပါ။

            'အဲဒီစာရင်းထဲမှာ သမီးတို့ မပါဘူးအမေ'

            အမေ စိတ်ချမ်းသာစွာ ခေါင်းညိတ်ရှာပါသည်။ ဤသို့သော မဟာကရုဏာကြီးမားစွာသော မိခင်မျိုး ရရှိခဲ့သော ကျွန်မသည် ကံကောင်းသူတစ်ယောက် မဟုတ်ပါလား။ 

မဝင့် ၊မြစ်ငယ်၊

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်