ရွှေအသစ်

မင်ရောင်တစ်ချက် မြတစ်ချက်

ဂျူနီယာခင်လေး

26 August 2024
မင်ရောင်တစ်ချက် မြတစ်ချက်
Share to

            'အဲဒါပဲနော် ဆရာမ၊ ကျွန်မကတော့ ဂုဏ်ထူးလေးခုမှမပါရင် အဝေးသင်ပို့မှာလို့ ပြောထားတာ။ ဆရာမကို အပ်ပါတယ် ဟင်း... ဟင်း'

            ပန်းသွေးကြွနေသည့် မျက်နှာလှလှလေးကို အပြုံးမပျက်စေရဘဲ သူမ လိုရာ ပြောနေသည့် ဒေါ်သဇင်ကို ကြည့်ရင်း သက်ပြင်းကျိတ်ရှိုက်လိုက်မိသည်။ တင်တင် စီးစီးလေးပြောတတ်ပုံရသော ဒေါ်သဇင်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

            'အို... ဒါ ပထမဆုံး အတွေ့အကြုံမှ မဟုတ်တာ မြသက်ရယ်၊ စိတ်လျှော့စမ်း' ဟု ကိုယ့်ကိုယ်ကို အားပေးရ သည်။

            'ကျွန်မကတော့ တတ်စွမ်းသမျှ ကြိုးစားပြီး သင်သွားမှာပါ အစ်မ၊ စိတ်ချပါ'

            'အဲဒါဆို ကျွန်မ အပြင် သွားလိုက်ဦးမယ်၊ ဆရာမ လာမယ့်အချိန်ကိုစောင့်နေတာ။ လိုတာရှိရင် ဒေါ်နုတို့ကို ပြောလိုက်ပါ'

            'ဟုတ်ကဲ့ရှင့်'

            မြသက် စာသင်ပေးရမည့် ကျောင်းသူလေးက ခပ်ကုပ်ကုပ်ကလေး ထိုင်နေသည်။

            'သမီး နာမည်က ပြည့်စုံလွန်းနော်'

            'ဟုတ်ကဲ့'

            'တီချယ်က ပြည့်ပြည့် လို့ပဲ ခေါ်မယ်နော်။ သမီးကို ဘာသာစုံ Guide ပြန်လုပ်ရမှာ ဆိုတော့ သမီး ဘာတွေ အားနည်းနေလဲ၊ အားသာလဲဆိုတာ ကြည့်မယ်။ သမီး အခု ကျူရှင်မှာ သင်တာ ဘယ်ဘာသာ အခက်ဆုံးလို့ ထင်လဲ'

            'မရှိပါဘူး တီချယ်'

            ဟု ပြည့်ပြည့်က တိုးတိုးကလေးဖြေသည်။ ဘယ်လိုပါလိမ့်။ မိခင် ဒေါ်သဇင် က သွက်သလောက် သမီး ဖြစ်သူ ပြည့်ပြည့်က နှုတ်ဆိတ်လွန်းသည်။ မဝံ့မရဲနိုင်သည်။ ကျူရှင်စာအုပ်၊ ကျောင်းစာအုပ်များကို ကြည့်တော့လည်း သပ်သပ်ရပ်ရပ်။ လက်ရေးလေးတွေက ဝိုင်းဝိုင်းစက်စက်။ စာလည်း တော်ပုံရသည်။

            'ပြည့်ပြည့်အတွက် ခက်ခဲတဲ့ဘာသာမရှိဘဲနဲ့ တီချယ့်ကို ဘာလို့ခေါ်ခိုင်းတာလဲ၊ ကိုယ်ပိုင်စာကြည့်ချိန် လျော့တာပေါ့'

            မြသက်ကပြောတော့ တစ်ချိန်လုံးခေါင်းငုံ့ထားသော ပြည့်ပြည့်က မော့ကြည့်သည်။ ဖြူစင်သည့်မျက်နှာ နုနုလေးပေါ်တွင် လှစ်ခနဲ တွေ့ လိုက်ရသည့် သောကအငွေ့ အသက်များကို မြသက် ဖတ်မိလိုက်သည်။

            'ပြည့်... ပြည့် အဝေးသင် မတက်ချင်ဘူး တီချယ်၊ ဂုဏ်ထူးလေးလုံးတော့ပါမှ ဖြစ်မှာမို့... မာမီ့ကို ဆရာမ ခေါ်ပေးဖို့ ပြောလိုက်တာပါ'

            'အို... သမီးရယ်'

            သည်လောက်ဆိုလျှင် ပြည့်ပြည့်ကို ဘယ်လို ကိုင်တွယ်ရမည်ကို မြသက်သဘောပေါက်လိုက်ပြီ။ ဆယ်ကျော်သက်တစ်ဦး၏ ကျောင်းစာများကို Guide လုပ်ရသည်မှာ မခက်ခဲသော်လည်း သူတို့လေးတွေ၏ စိတ်ကို Guide လုပ်ရသည်မှာ သိပ်တော့မလွယ်လှ။

            တချို့က ပုံသွင်းလွယ်သည့် ဖယောင်းလုံးလေးတွေနှင့်တူသည်။ တချို့က တုံ့ ပြန်မှုအားကောင်းသည့် ရော်ဘာတုံးလေးတွေနှင့် တူသည်။ တချို့ကတော့ သစ်ကိုင်းခြောက်ကလေးလိုပင် ကြွပ်ဆတ်သည်။ မည်သို့ဖြစ်စေ သူတို့လေးတွေအပေါ်  နွေးထွေးမှုနှင့် နားလည်မှု အရင်းခံ ဆက်ဆံခြင်းကတော့ အကောင်းဆုံး ချဉ်းကပ်နည်းပင်။

            'သမီး... ပြည့်ပြည့်၊ စိတ်ကို အတတ်နိုင်ဆုံး အေးအေးထား။ သမီး လုံးဝ အဝေးသင်မတက်ရဘူး။ အာမခံတယ်။ တီချယ်တို့ အတူကြိုးစားကြမယ်။ ဟုတ်ပြီနော်၊ ကဲ... ဒီနေ့ သင်္ချာက စ,ပြောလိုက်ရအောင်'

            သေးသွယ်ဖြူဖွေးနေသည့် လက်ကလေးကို ဆုပ်ကိုင်ပြီး အားပေးလိုက်သည်။ မြသက်လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သော လက်ကလေးမှ အားကိုးတွယ်တာ စိတ်များကို ခံစားလိုက်ရသည်။

            'ဘယ့်နှယ်လဲ သမီး၊ ဒီနှစ် စာသင်ရမယ့် ကလေးတွေက အဆင်ပြေကြရဲ့လား'

            စာသင်နှစ် အသစ်စတိုင်း အမေမေးနေကျ မေးခွန်း။ မြသက်ကလည်း ကြုံရသည့် အတွေ့အကြုံမှန်သမျှကို အမေ့ထံ ရင်ဖွင့်နေကျ။ အကြံဉာဏ် တောင်းနေကျ။

            'မိန်းကလေး တစ်ယောက်ကတော့ အဆင်ပြေမယ်ထင်ပါတယ် အမေ၊ စာတော်ပုံရတယ်။ သူ့အမေကတော့ အတော်မျှော်မှန်းထားပုံပဲ၊ ဘယ်လောက်တောင် ဖိအားပေးထားတယ် မသိဘူး။ ကလေးက စိုးရိမ်စိတ်တအား များနေတယ်'

            'မိဘဆိုတာတော့ သား သမီးကို အကောင်းဆုံးဆိုတာပဲ ဖြစ်စေချင်ကြတာပေါ့အေ။  ဖြစ်စေချင်တာတွေ များလွန်းတော့ အလိုမကျတာတွေ ဆူပူတာတွေ ဖြစ်လာတာပေါ့'

            'အင်းပါ... အမေရဲ့ သမီးနားလည်ပါတယ်။ နောက်ထပ် သင်ရမယ့် ကလေးတစ်ယောက်က ယောကျ်ားလေး၊ မနက်ဖြန်မှ တွေ့မှာ'

            'အေး... အေး၊ အဆင်ပြေပါစေ၊ ရေမိုးချိုးပြီး ထမင်းစားရအောင်လေ၊ အမေ ဟင်းနွှေးထားတယ်'

            အမှန်တော့ မြသက်က ကျောင်းဆရာမတစ်ယောက် မဟုတ်။ ယနေ့အချိန်တွင် ခေတ်စားနေသည့် Study Guide တစ်ဦးသာ ဖြစ်သည်။ စာသင်နှစ်တစ်နှစ်တွင် ကျောင်းသူကျောင်းသား သုံးယောက်ခန့်ရထားလျှင် တစ်လ ၃ သိန်း လောက်တော့ ပြေးမလွတ်။ ဒါတောင် အမေ့ထံ ပိုက်ဆံအပ်၊ ပိုသည်ကို သင်တန်းတက်၍ ခြစ်ခြုတ်သုံးလောက်ရုံသာ။

            B.E ဘွဲ့ရတစ်ယောက် ဖြစ်သော မြသက်အတွက် အလုပ်တော့ မရှားပါ။

            သို့သော် ရမည့်လခနှင့် နယ်သွားရတာနှင့် မြသက် အတွက် မလုံလောက်။ မိသားစုငါးယောက်တွင် ညီမလေးနှင့် မြသက်သာ ဝင်ငွေရှိသည်။ မောင်လေးက ကျောင်းမပြီးသေး။ အဖေ့ ပင်စင်လေးက မဖြစ်စလောက်။

            အခြား စီးပွားရေးလည်း မလုပ်တတ်သဖြင့် နောက်ဆုံးတော့ ဆယ်တန်းအောင်ကတည်းက လုပ်လာသည့် Study Guide အလုပ်ကိုသာ တုံးတုံးချလုပ်လိုက်ရတော့သည်။ မြသက် ဆယ်တန်း တုန်းကတော့ Guide ခေါ်ဖို့ မပြောနှင့်၊ ကျူရှင် လခပင် အလျဉ်မမီချင်။

            သည်အလုပ်ကလေးတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ,သည်။ ကျောင်းသားကျောင်းသူတိုင်း အပေါ် လည်း စေတနာအပြည့် ထားခဲ့သည်။ တစ်ခါတစ်ရံတော့လည်း အဆင်မပြေမှုလေးများ၊ အဖုအထစ် ကလေးများ ကြုံရသည်တော့ရှိသည်။ စာသင်သည့်သူရော၊ အသင်ခံရသည့်သူရော စိတ်ပါလက်ပါ သင်မှသာ အချိန်ကုန်ငွေကုန် ခံရကျိုး နပ်မည်ဖြစ်သောကြောင့် ကလေး၏ စိတ်အခြေအနေကိုပါ နားလည်အောင် ကြိုးစားရသည်။ မည်သို့ပင်ဖြစ်စေ မြသက် ပျော်ပါသည်။ နှစ်စဉ် အောင်စာရင်း ထွက်ချိန်တိုင်း ပီတိ ဖြာရသည့်အရသာက မဖော်ပြနိုင်အောင်ပင်။

            'ဟာ ဆရာမ လာပြီ၊ အမေကြီးရေ... မင်းသားကို အခုထိ နှိုးမရဘူးလား၊ ငါ အစောကတည်းက ပြောနေသားနဲ့၊ ကြိုပြင်ထားကြပါဆို၊ မင်းတို့ တော်တော်ခက်တယ်၊ ဆရာမ... လာပါ'

            စကတည်းက ယဉ်သကိုနှင့်တော့ ကြုံရပြီ။ မြသက်ရောက်သည့်အချိန်က နံနက်ဆယ်နာရီ။ စာသင်ရ မည့်ကလေးက အိပ်ရာက ထသေးဟန်မတူ။

            'ဆရာမ... ခဏထိုင်ပါနော်၊ အားနာပါတယ်ဗျာ။ သားအကြီးရယ်လို့ အားကိုးရ မလားမှတ်ပါတယ်၊ ဆယ်တန်းသာ ရောက်ရော ဂစ်တာ ခေါက်လိုက်၊ ဖုန်းသုံးလိုက်နဲ့ ဆရာမရေ။ ကျွန်တော်လည်း အလုပ်တစ်ဖက်နဲ့မို့ ပြန်မကြည့်နိုင်၊ အမေဖြစ်သူကလည်း သားဘက်က ကာဆီး ကာဆီးနဲ့မို့ ဆရာမနဲ့ ဆက်သွယ်လိုက်ရတာ။ ပြောမရရင် ရိုက်သာရိုက် ဆရာမ'

            ဤသည်မှာ ခန့်ညားနိုင် ဟုခေါ်သည့် ကျောင်းသားလေးနှင့် တွေ့ဆုံရသည့် ပထမနေ့ပင်ဖြစ်သည်။

            ခန့်ညား၏ ပင်ကို ဉာဏ်ရည်မှာ မဆိုးလှ။ စိတ်ဝင်တစား ကျက်လျှင် ဘိုင်အို တစ်ပုဒ်ဆိုလည်း ခဏလေး ရသည်။ ခက်သည်က စာကို စိတ်မဝင်စားချင်ပင်။ ဂစ်တာ တီးချင်သည်၊ အဆိုတော် ဖြစ်ချင်သည်ဟုသာ ခဏခဏ ပြောတတ်သည်။ ခန့်ညားက ဖခင်ကိုကြောက်သလောက် မိခင်ကိုတော့ အရုပ်လို သဘောထားသည်။ မြသက် ကိုတော့ ပြန်မပြော နားမထောင်။ မသင်ချင်တော့ပါဘူးဟု အတင်းမငြင်းသည်ကိုပင် ကျေးဇူးတင်ရသေးသည်။

            အိမ်စာတွက်ခိုင်းလျှင် အကြောင်းအမျိုးမျိုးပြသည်။ စာမေးလျှင်လည်း တလွဲတွေ ဖြေတာများသည်။ မိဖုရား ဖွားစောကို အလောင်းစည်သူ နှင့် လှမ်းပေးစားချင် ပေးစားသည်။ Faraday’s First Law နှင့် Second Law ကို ရောမွှေချင် မွှေပစ်သည်။ ရယ်လည်း ရယ်ချင်၊ ရိုက်လည်း ရိုက်ပစ်ချင်သော်လည်း မရယ်လည်း မရယ်၊ ရိုက်လည်း မရိုက်ရက်ခဲ့ပါ။

            တစ်လခန့် စာသင်ပြီးတော့ ခန့်ညားကို ချော့မော့ ဖျောင်းဖျလျှင် ပိုအဆင်ပြေကြောင်း သိလာရသည်။ ဂစ်တာမတီးပါနှင့်၊ လက်ဖက်ရည်ဆိုင် မထိုင်ပါနှင့်ဟုလည်း ဇွတ်မတားတော့။ 'စာဘယ်နှပုဒ်ရလျှင် ဂစ်တာတီးပါ၊ ပုစ္ဆာဘယ်နှပုဒ်ပြီးလျှင် လက်ဖက်ရည်ဆိုင် ထိုင်ပါ'ဟူသော အပေးအယူစနစ်ကို ပြောင်းသုံးရသည်။

            သင်ခန်းစာတစ်ခုကို တိုက်ရိုက်သင်၍ ဘယ်လိုမှ စိတ်မဝင်စားသော ခန့်ညားကို အပြင်ဗဟုသုတတွေရော၊ သီချင်းအကြောင်းတွေရော အာပေါက်အောင်ပြော၍ ဆွဲခေါ်ရသည်။

            ခန့်ညား၏ မိဘနှစ်ပါးကတော့ ခန့်ညားကို မြသက်အပေါ်သာ လုံးလုံးပုံအပ်လေသည်။

            တစ်နေ့တော့ မြသက် အိမ်မှာ ရှိနေခိုက် ဒေါ်သဇင်ထံမှ ဖုန်းဝင်လာသည်။

            'ကျွန်မ ဒေါ်သဇင်ပါ၊ ပြည့်ပြည့်အခြေအနေ ဘယ်လိုရှိလဲ ဆရာမ'

            'အမှန်အတိုင်း ပြောရရင် ပြည့်ပြည့်က စာလည်းကြိုးစားတယ်၊ တော်လည်းတော်တယ် အစ်မ၊ ဒါပေမဲ့ ကျွန်မ အားမရသေးဘူး'

            'ဘာကိုအားမရတာလဲ ဆရာမ၊ သူစာကျက်ချိန် နည်းသေးလား၊ ကျွန်မပြောမယ် သူ့ကို...'

            'မဟုတ်ဘူး အစ်မ၊ မဟုတ်ဘူး၊ စာကျက်ချိန်ကို အားမရတာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည့်ပြည့်က ဂုဏ်ထူးလေးဘာသာ မထွက်မှာ သိပ်ကြောက်နေတယ်။ အဲဒါကလည်း အနှောင့်အယှက်တစ်ခုပဲ။ နောက်ပြီး စာလုပ်တာကို တာဝန်ကြီးတစ်ခုလို ခံစားပြီး လုပ်နေတာ၊ အဲဒီဖိအားကလည်း သူရသင့်တာတွေကို ပိတ်နေသလိုပဲ'

            'ဒါဆို ကျွန်မ ဘာလုပ်သင့်သလဲ ဆရာမ၊ အကြံပေးပါဦး။ ကျွန်မမှာ ဒီသမီးတစ်ယောက်အတွက် ကြိုးစားနေတာပါ။ ဖတဆိုးလေးရယ်လို့ အနှိမ်ခံရမှာလည်း သိပ်စိုးတယ်၊ မထွန်းပေါက်မှာလည်း စိုးတယ်'

            မြသက် တကယ်ပင် စိတ်မကောင်းဖြစ်သွားသည်။ မိခင်တစ်ဦး၏ လှပသော အတ္တကိုမြင်လိုက်ရသဖြင့် ဒေါ်သဇင်ကိုလည်း အပြစ်မမြင်ရက်တော့။

            'ကျွန်မ နားလည်ပါတယ် အစ်မရယ်၊ ပြည့်ပြည့်လေးက အစ်မကို ချစ်ကြောက်ရိုသေပြီး သိတတ်တဲ့ ကလေးပါ။ သူ့စိတ်ထဲမှာ ကြောက်စိတ်က ချစ်စိတ် ထက်ပိုမသွားရင် အဆင်ပြေပါပြီ။ အခု စာသင်နှစ်တစ်ဝက် နီးပါးလည်းရှိနေပြီ။ တချို့နေရာလေးတွေမှာ အစ်မရဲ့ ဖြစ်စေချင်စိတ်ကို နည်းနည်းလေး လျှော့ပေးဖို့ပါပဲ'

            တစ်ဖက်မှ စကားသံက အတန်ကြာ တိတ်ဆိတ်နေသည်။ သက်ပြင်းချသံ မသဲမကွဲကြားရသည်။

            'ကောင်းပါပြီ ဆရာမ၊ ကျွန်မ ကြိုးစားပါ့မယ်'

            နှစ်ဝက်ခန့် စာသင်ပြီးသည့်နောက်တော့ ခန့်ညား၏ အခြေအနေ တိုးတက်လာသည်။ ပြန်မပြောနားမထောင် အဆင့်မှ ပြန်ပြောနားထောင် အဆင့်ရောက်လာသည်။ စာရှင်းပြလျှင် စိတ်ဝင်တစား နားထောင်လာသည်။ မထင်လျှင်မထင်သလို ကတ်သီး ကတ်သတ် မေးခွန်းများလည်း မေးတတ်သေးသည်။ 'မြင်စိုင်းနိုင်ငံတော်က ဘယ်ပြည်နယ်ထဲမှာ ရှိတာလဲ၊ Binary Operation က လက်တွေ့မှာ ဘာအသုံးဝင်သလဲ၊ အလင်းရဲ့ အမြန်နှုန်းနဲ့ပြေးရင် Mass က ဘာဖြစ်သွားမှာလဲ' စသည်ဖြင့်။ တချို့မေးခွန်းများမှာ ဖြေရခက်သော်လည်း မြသက် နားလည်သဘောပေါက် သလောက်တော့ ရှင်းပြသည်။ မြသက်ပင် တစ်ခါမျှမတွေးမိသော မေးခွန်းများပင် ကြုံရသည်။ မည်သို့ဆိုစေ ကျောင်းစာအပေါ်  ယခင်ကထက် ပို၍ စိတ်ဝင်စားဖော် ရသဖြင့် ဝမ်းသာမိသည်။

            'အပင်ခုတ်ပြီးမှ အမြစ် ပါတူးလို့ထုတ်xxx ချာတိတ် တွေလမ်းပေါ်ပဲ့ကြွေ xxx ဘယ်သူမှ ‌‌ေ-ာက်ဖက် မလုပ်xxx သည်းခံxxx သည်းခံ'

            မြသက် အိမ်တံခါး ခေါက်လိုက်တော့ ခန့်ညားက ကမန်းကတန်း လာဖွင့်ပေးသည်။ ဟန်ထူးလွင်၏ သည်းခံ သီချင်းကို ဖုန်းနှင့် ဖွင့်နားထောင်နေပုံရသည်။ ပေါက်ကွဲသံစဉ်ကြားရပုံ ထောက်လျှင်တော့ မောင်ခန့်ညားတစ်ယောက် တစ်ခုခု အရေးနိမ့်နေပုံရသည်။

            'ကဲ... ကိုယ်တော်လေး၊ အိမ်စာတွေပြီးပြီလား။ သီချင်းတအေးအေးနဲ့ဆိုတော့ စာတွေရနေပြီဆိုတဲ့ သဘောပေါ့'

            မြသက်က ပြုံးပြုံးလေး ပြောတော့ ခန့်ညားက နှာခေါင်းရှုံ့ပြသည်။

            'စာတွေပြီးပါပြီ တီချယ်ရ၊ Show ပွဲသွားချင်တာကို ဖားသားကြီး ပွားသွားလို့ လူကို ဂါသွားတာပဲ။ အဲ ဒါကြောင့် သီချင်းနားထောင်နေတာ'

            'ဟယ်... မင်းပြောတာတွေကလည်း ဘာ ဘာသာစကားတွေလဲ၊ Show ပွဲကိုရော ဘာသွားလုပ်မှာလဲ၊ ဆယ်တန်းကို...'

            'တီချယ်က အဘွား ကြီးကျနေတာပဲ၊ ကိုးတန်းက ကောင်မလေးတွေတောင် EDM ပွဲ သွားတယ်'

            မြသက် ခန့်ညားကို မျက်လုံးပြူး ကြည့်မိသည်။ ခန့်ညားက ခပ်တည်တည်ပင်။ ယုန်ပုံအဆွဲမပျက်။ နုနယ်သောမျက်နှာလေးနှင့် မလိုက်ဖက်အောင်ပင် အတွေ့ အကြုံစုံနေလေပြီလား။

            'မဟုတ်တာ ခန့်ညားရယ်၊ တီချယ်လည်း နားလည်ပါတယ်။ ခေတ်ရေစီးကြောင်းကို နားလည်ပါတယ်။ မင်းတို့ဟာက ခေတ်လွန်နေပြီလေကွယ်၊ အဲဒီပွဲတွေကို မင်းတို့အရွယ်လေးတွေနဲ့ သွားတော့ ဘာတွေ အကျိုးကျေးဇူးရလဲ'

            'Relax ဖြစ်တာပေါ့ တီချယ်ရ'

            'အတော်မလွယ်တဲ့ ကလေး'ဟု ကျိတ်၍ ရေ ရွတ်လိုက်သည်။

            'အမယ်လေးဟယ် Relax လုပ်တာများ အခြား နည်းတွေအများကြီးပါ။ Show ပွဲလက်မှတ်တစ်စောင် ဈေးက နည်းတာမဟုတ်ဘူး။ ကိုယ်တိုင်ငွေရှာနိုင်ချိန်ကျ သွားစမ်းပါ ခန့်ညားရယ်။ မိဘတွေမှာ ပိုက်ဆံမနည်းရှာ ရတာလေ။ တီချယ့်ကို ပေးရတာတင် တစ်သိန်း၊ အငယ်လေး မုန့်ဖိုးနဲ့ မင်းမုန့်ဖိုး၊ ကျူရှင်ဖိုးနဲ့တင် အိမ်စရိတ် မပါဘဲ နှစ်သိန်း၊ သုံးသိန်း ဖြစ်နေတာ စဉ်းစားကြည့်ပါဦး'

            'မသွားတော့ပါဘူး တီချယ်ရာ၊ အဖေဆူသွားလို့ ပါဆို၊ တီချယ်ကပါ ဆူနေတယ်'

            'မဆူပါဘူးကွာ၊ ဒီမှာ တီချယ်ပြောမယ်၊ မင်းတို့နှစ်ဝက် စာမေးပွဲ ဖြေပြီးချိန်ကျရင် ပွင့်လင်းရာသီဆိုတော့ ပွဲတွေ ပလူပျံနေမှာ။ နှစ်ဝက်စာမေးပွဲမှာ ဘာသာစုံအောင်ရင် တီချယ်ကိုယ်တိုင် Show ပွဲ လက်မှတ်ဖိုးပေးမယ်၊ ကြည့်ခွင့်ရအောင်လည်း ပြောပေးမယ်၊ ဘယ့်နှယ်လဲ'

            'ဟာ... ကြိုက်ပြီ တီချယ်၊ တကယ်နော်၊ ကတိနော် ကျွန်တော် ဒီစာလေး ပြန်နွှေးမယ်၊ ဆယ်မိနစ်ပဲနော် တီချယ်'

            မကျေမနပ်ဖြစ်နေရာမှ တက်ကြွသွားသော ခန့်ညားကို ပြုံး၍ ခေါင်းညိတ်ပြ လိုက်တော့သည်။

            'တီချယ်... တီချယ်က အင်ဂျင်နီယာကျောင်းကို တီချယ့်အမေ တက်ခိုင်းလို့ တက်ခဲ့တာလားဟင်၊ မာမီက ပြည့်ကို့ UFL တက်တဲ့။ ပြည့် က ကွန်ပျူတာနဲ့ပတ်သက်တာကို စိတ်ဝင်စားတာ'

            ပြည့်ပြည့်က ဓာတုဗေဒ ပုစ္ဆာတစ်ပုဒ် တွက်နေရင်း ဘာစိတ်ကူးပေါက်သည် မသိ၊ မမေးစဖူး မေးလာသည်။

            'ဘယ်ဟုတ်မလဲ ပြည့်ပြည့်ရဲ့၊ တီချယ်လည်း Guide ဘဝနဲ့ အရိုးထုတ်သွားမှာ မဟုတ်ဘူး။ အခု သမီးတို့ကို စာပြရင်းနဲ့ တီချယ့်စာလည်း ကျက်နေတာပဲ၊ ဂျပန်စာလည်း တက်နေတာပဲလေ။ ပန်းတိုင်တော့ ဘယ်အပျောက် ခံလို့ဖြစ်မှာလဲ။ သမီးဝါသနာပါတာက အိုင်တီပိုင်းဆိုလည်း အိုင်တီလိုင်းကို လိုက်ရမှာပေါ့'

            'ပြည့်... မေမေပြောသလို ဂုဏ်ထူးလေးခုပါရင် မာမီက ပြည့်ကြိုက်တာ တက်ခိုင်းပါ့မလား မသိဘူးနော်'

            'အမယ်လေး ဒေါ်ရွှေ ပြည့်ရဲ့ ကျွန်မက အမေပါတော်၊ သူ့ဆရာမကိုပဲ တိုင်တည်နေလိုက်တာ။ ပြည့်သာ ဖောဒီပါပါစေ၊ ကြိုက်တဲ့ လိုင်းကိုတက် ဟုတ်ပြီလား'

            ဒေါ်သဇင့်အသံကို ဗြုန်းခနဲ ကြားလိုက်ရသောကြောင့် မြသက်ရော၊ ပြည့်ပြည့်ပါ လန့်သွားသည်။ ဒေါ်သဇင်က အအေးဗန်းကိုင်ကာ အခန်းထဲဝင်လာရင်း ရယ်နေသည်။ သူ့မာမီ၏ လိုက်လျောမှုကို ထူးထူးခြားခြား ကြုံရသဖြင့် ပြည့်ပြည့် အံ့သြနေပုံပင်။ ပျော်လည်း ပျော်သွားပုံရသည်။

            မြသက်လည်း ဒေါ်သဇင်ကို ကျေးဇူးတင်မိသည်။ ဟိုတစ်နေ့က မြသက် ပြောသော စကားများကို အလေးအနက် နားထောင်ပုံရသည်။ ပြည့်ပြည့်အပေါ်  ဖိအားသိပ်မပေးဘဲ လိုက်လိုက် လျောလျောရှိလာသဖြင့် ဝမ်းသာရသည်။ သမီးဖြစ်သူအတွက် ကိုယ့်အတ္တကို ခဏ ဖယ်ထားလိုက်ပုံပင်။

            'တီချယ် ပြည့်ကို မွေးစားပါလားဟင်'

            'ဟမ်... ဘာဖြစ်လို့လဲ၊ တီချယ်က ပြည့်ကိုမွေးစားရင် ပြည့် မာမီက ဘယ်ပေးမလဲ'

            'အဲဒါဆိုလည်း ပြည့် အလုပ်တွေဘာတွေရရင် တီချယ့်ကို အစ်မအဖြစ် မွေးစားမယ်၊ တီချယ် ယောကျ်ား မယူသေးနဲ့နော်။ ပြည့်မှာ မောင်နှမလည်း မရှိဘူး၊ တီချယ့်ကိုချစ်တယ်'

            မြသက် သဘောကျစွာ ရယ်လိုက်မိသည်။ ပြည့်ပြည့် ပါးလေးကိုလည်း ချစ်စနိုးနဲ့ ဆွဲလိုက်မိသည်။ ဖြူစင်လိုက်သည့် တပည့်ငယ်လေး။

            'တီချယ့်ကိုချစ်ရင် စိုးရိမ်စိတ်တွေလျှော့ရမယ်၊ ကိုယ်မသိတဲ့ မေးခွန်းတွေတွေ့ ရင် ပျာယာမခတ်နဲ့၊ စာမေးပွဲ ဆိုတာ မသိတဲ့မေးခွန်းတစ်ခု တလေတော့ ပါကိုပါလာမှာပါ။ အဲဒါကြီးကို စိတ်ထဲမထားရဘူး။ ရတာကိုသာ အကောင်းဆုံး ရွေးဖြေလိုက်၊ သမီး ဒီလောက် ကြိုးစားထားတာပဲ၊ ဂုဏ်ထူးထွက်ကို ထွက်မှာနော်'

            ပြည့်ပြည့်က မြသက်ကို ချစ်ခင်စွာ ငေးမောနေသည်။ နားလည်မှု၊ နွေးထွေးမှုများဖြင့် ဖန်တီးထားသော ရပ်ဝန်းလေးသည် ကြည်နူးဖွယ်အတိ။

            'မြန်မာစာက မခက်ပါဘူး တီချယ်ရ၊ လွယ်ပါတယ်။ ဒီနေ့ သင်္ချာပဲတွက်လို့ မရဘူးလား'

            'မြန်မာစာက မခက်ပါဘူး၊ မှန်တယ်၊ ဒါပေမဲ့ အသံ အနိမ့်အမြင့် အရမ်းများတယ်၊ စုံတယ်။ ဒါကြောင့် မြန်မာတွေက ဘာသာစကား တော်တော်များများကို အနီးစပ်ဆုံး တူအောင်ပြောနိုင်တာ။ မြန်မာစာကိုလည်း လျှော့တွက်လို့ မရဘူးဟဲ့'

            မြသက် ခပ်ငေါက်ငေါက် ကလေးပြောတော့-

            'လျှော့မတွက်ပါဘူး' ဟု ခပ်တိုးတိုး ဖြေသည်။

            'ဒီမှာ ခန့်ညားရဲ့  ဂီတနဲ့ ဘာသာစကားက ဆက်စပ်နေတာ။ ဘာသာစကား မကျွမ်းကျင်ရင် ဂီတကို နားမလည်ဘူးလို့ ပြောလို့မရပေမဲ့ ဘာသာစကားတစ်ခုကို စိတ်ဝင်တစား လေ့လာခြင်းက ဂီတအပေါ် ခံစားဖို့ သီချင်းတွေ ဖန်တီးဖို့၊ ပိုပြီး အထောက်အပံ့ ပေးနိုင်တယ်လို့ တီချယ် ထင်တယ်'

            'တီချယ်ပြောတာ နားမလည်ဘူး'

            ထုံးစံအတိုင်း မြသက် တစ်ယောက် ခန့်ညားကို သိမ်းသွင်းနေရသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာသင်လျှင် စိတ်မဝင်စားသော မောင်ခန့် ညားကို စည်းရုံးရေး ဆင်းနေခြင်းပင်။

            'ဒီလိုကွာ တီချယ် အကြမ်းဖျင်းပဲပြောမယ်၊ အခု မင်းက အင်္ဂလိပ်စာကျွမ်းကျင်ကြည့်...ဥပမာပြောတာနော်၊  အဲဒါဆို အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဂီတသဘော တရားတွေ၊ အသံပညာ သဘောတွေပါ လေ့လာလို့ရမယ်။ မြန်မာလိုလည်းတွေး နိုင်ရေးနိုင်တယ်၊ နိုင်ငံတကာနဲ့ ယှဉ်ပြီးလည်းတွေးမယ်၊ ရေးမယ်ဆိုရင် မင်းဖန်တီး လိုက်တဲ့ သီချင်းတွေက ဘယ်လောက် ထိုးဖောက်နိုင်လိမ့်မလဲ။ ဓီရာမိုရ်ကို သိတယ်ဟုတ်'

            'ဟုတ် သိတယ်၊ အဲဘဲကြီး ဆောရီး တီချယ်၊ အဲဒီလူကြီး တကယ်မိုက်တာ၊ တီးလုံးတွေ အထာကျတယ်'

            'အေး... အဲဒီလို အထာကျဖို့ ဒီလိုပဲ တဒေါင်ဒေါင် တဒင်ဒင်နဲ့ ပြီးခဲ့တယ် မထင်နဲ့၊ သူလည်း ကြိုးစား ခဲ့ရတယ်။ ဂျပန်တို့၊ ကိုရီးယားတို့မှာ ဂီတပညာသွား လေ့ကျင့်ချင်ရင် အင်္ဂလိပ်စာတော့ ကျွမ်းကျင်ဖို့လိုတာပေါ့'

            'တီချယ်က ကျွန်တော် မေးသမျှကို စိတ်ရှည်လက်ရှည် ပြန်ဖြေတယ်နော်၊ အဖေကတော့ ဆယ်တန်းမအောင်ရင် ခွေးဖြစ်မယ် ဆိုတာချည်း ပြောတာ။ ဘာလို့ဖြစ်ရမှာလဲလို့ ပြန်မေးမိလို့ အထိုးခံရဖူးတယ်၊ ကျွန်တော့်ကို ကြည့်မရဘူးထင်တယ်၊ တစ်ခါမှလည်း မချီးကျူးဘူး'

            'အို... အဖေကို အဲလို အထင်မမှားပါနဲ့ ခန့်ညားရယ်၊ တီချယ်က မင်းမေးသမျှ ရှင်းပြတယ်ဆိုတာ တီချယ့်တာဝန်ဆိုလည်းဟုတ်၊ စေတနာဆိုလည်းဟုတ်လို့၊ နောက်ပြီး အနီးကပ်နေတဲ့ အချိန်လေးလည်းရလို့ပေါ့။ မင်းအဖေက မိသားစု စားဝတ်နေရေးအတွက် မိုးလင်း မိုးချုပ် အလုပ်လုပ်ရတယ်၊ ပြန်လာတော့ စိတ်ရောလူပါ မောလာမယ်၊ အဲဒီအချိန်ကျ သူ့ကလေးတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်း ဘယ်ကြားချင်မှာလဲ၊ စိတ်လည်း ဘယ်ရှည်နိုင်မလဲ'

            ခန့်ညားက ဘာမှပြန်မပြော။ မြသက်ကိုသာ တွေတွေလေးကြည့်နေသည်။

            'ခန့်ညားကရော အခု တီချယ်နဲ့ပြောသလို အဖေ့အပေါ် ပွင့်ပွင့်လင်းလင်း ပြောဖူးလို့လား၊ ချီးကျူးခံရ အောင်နေလို့လား။ ဂျစ်ကန်ကန် ပြောနေတာချည်းပဲ မဟုတ်လား။ ဆယ်တန်း မအောင်လည်း ဘာမှမဖြစ်ဘူး၊ မှန်တယ်။ ဆယ်တန်း အောင်တော့ ပိုအထောက် အကူမဖြစ်ဘူးလား စဉ်းစားကြည့်ပေါ့'

            'နည်းနည်း သဘောပေါက်ပြီ တီချယ်၊ ကျွန်တော် ဆယ်တန်း အောင်အောင်ဖြေပါ့မယ် တီချယ်၊ ကြိုးစားပါ့မယ်။ မီနိုင်သေးရဲ့လားဟင်'

            'မီရမှာပေါ့ ခန့်ညားရဲ့၊ ကြိုးစားရမှာပေါ့'

            'ကြိုးစားလျက်သားနဲ့ ကျသွားရင်ရော တီချယ်'

            'ကြိုးစားလျက်သားနဲ့တော့ ကျစရာအကြောင်း မရှိပါဘူးကွာ။ အကယ်၍ ကြိုးစားနေသားနဲ့ ခြေချော်လက် ချော်ကျသွားတော့ရော... ဘာဖြစ်သေးလဲ၊ လဲရင်ပြန် ထ,ရုံပေါ့။ မဟုတ်ဘူးလား'

            'ဟင့်အင်း၊ ကျွန်တော် မကျချင်တော့ဘူး။ ကျွန်တော့်ကို အဖေက စိန်ခေါ်ထားတယ်။ မင်းဂုဏ်ထူး တစ်ဘာသာပဲ ပါကြည့် ၅ သိန်းပေးမယ် ဟေ့ကောင်တဲ့။ ကျွန်တော် ကြိုးစားတော့မယ် တီချယ်၊ အဖေ ချီးကျူးတာလည်း ခံချင်တယ်'

            'ကောင်းပြီဟေ့၊ တို့တွေအတူ ကြိုးစားကြတာပေါ့၊ ကိုင်း... မေးခွန်းဟောင်းတွေ ပြန်တွက်ရအောင်'

            ယနေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထွက်မည့်နေ့။ ကာယကံရှင်များတော့ မည်သို့ရှိမည်မသိ။ မြသက်ကတော့ ရင်တွေတုန်နေသည်။ ခန့်ညားထံ စိတ်ရောက်လိုက်၊ ပြည့်ပြည့်ထံ စိတ်ရောက်လိုက်နှင့် တစ်နေကုန် စိတ်လှုပ်ရှားနေရင်း မိုးချုပ်ရတော့သည်။

            အိပ်ရာဝင်ခဲ့ရသော်လည်း နားတစွင့်စွင့် စိတ်တထင့်ထင့်ဖြစ်နေသည်။

            'တီချယ်ရေ... တီချယ် တံခါးဖွင့်ပါဦးဗျ၊ ကျွန်တော်ပါ။ တီချယ့်တပည့်ကြီး သင်္ချာဂုဏ်ထူးပါတယ် တီချယ်ရဲ့'

            မြသက် အပြေးအလွှား တံခါးထ,ဖွင့်မိသည်။ မေမေ ပါနိုးလာပြီး ထ,လာသည်။ အိမ်ရှေ့တွင် ခုန်ပေါက်နေသူမှာ ခန့်ညား။ သူ့အဖေလည်း ပါသည်။ နှစ်ဦးလုံး မိုးရေတွေ စိုနေသော်လည်း တပြုံးပြုံး ဖြစ်နေကြသည်။

            'ဟယ် ဝမ်းသာလိုက်တာ သားရယ်၊ တော်လိုက်တာ၊ ဖုန်းဆက်လိုက်တာ မဟုတ်ဘူး။ မိုးတွေရွှဲလို့ လာ... လာ အိမ်ထဲဝင်၊ ဦးအောင်နိုင် အိမ်ထဲကြွပါ ရှင့်'

            'မဝင်တော့ဘူး ဆရာမရေ၊ ဆရာမ တပည့်ကျော်က သိပ်ပျော်နေတာ၊ ဆရာမကို သွားကြွားမယ်၊ အဖေ အိမ်သိရင် လိုက်ပို့ပါဆိုလို့ ဆရာမဆီ တန်းလာကြတာ၊ အိမ်ကလူတွေတောင် မသိသေးဘူး'

            ဦးအောင်နိုင်ပြောခိုက် ခန့်ညားက မျှော်လင့်မထားသည့် အပြုအမူကို လုပ်လိုက်သည်။ ခြံရှေ့တံတားလေး ပေါ်မှာပင် ဆောင့်ကြောင့်ထိုင်၍ မြသက်ကို ကန်တော့လိုက်ခြင်းပင်။

            'အို... ဟဲ့...ဟဲ့ ထပါ၊ မြေကြီးထဲမှာ'

            'ဟင့်အင်း... တီချယ် ဆုပေးမှ ထမှာ'

            'ကဲ ဒီကလေးဟာလေ၊ တစ်ခုမဟုတ်တစ်ခု ဂျစ်တိုက်လိုက်ရမှ၊ ကိုင်း... တီချယ့် တပည့်ကြီး ဖြစ်ချင်တဲ့ အောင်မြင်တဲ့ ဂီတသမားတစ်ယောက် ဖြစ်ပါစေကွယ်'

            ဦးအောင်နိုင်ကတော့ သားဖြစ်သူကို အားပါးတရ ပြုံးကြည့်နေသည်။ ဦးအောင်နိုင်၏ မျက်ဝန်းထဲတွင် ချစ်ခင်အားကိုးမှု၊ ဂုဏ်ယူမှုများက အထင်းသား။

            'ဆရာမကို ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူးဗျာ။ ကျွန်တော် ကတော့ ဆရာမတပည့်ကို ဂစ်တာအသစ်နဲ့ ပိုက်ဆံငါးသိန်း ဆုချရဦးမယ် ဆရာမရေ၊ မလွယ်ဘူးဗျ၊ ဟား... ဟား... ဟား'

            'တီချယ် ကျွန်တော် ပြန်တော့မယ်၊ နောက်မှ ထပ်လာတော့မယ်နော်'

            'အေးပါ... အေးပါ၊ ဂရုစိုက်ပြန်ကြနော်'

            'ငါအေးချမ်းစွာ ရေအိုး လေးဖြစ်ခဲ့ပြီxxx အကုန်လုံး နားဖို့ အိုအေစစ်လေး ပိုင်ဆိုင်ထားသည်xxx အို... ကမ္ဘာ ကျော်တွေနဲ့ ငါဟာ အဝေးဆီxxx'

            ခန့်ညားက သူ့အဖေ စက်ဘီးနောက်မှ ခွထိုင်သွားရင်း သီချင်းတကြော်ကြော် အော်သွားသည်။ 'တကယ်ပဲ အိုအေစစ်လေး ဖြစ်ပါစေ ငဂျစ်တူးလေးရေ'ဟု ဆုတောင်းမိရင်း အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ အမေလည်း မြသက်၏ အပျော်များကူး စက်ပြီး တပြုံးပြုံးဖြစ်နေသည်။

            သိပ်မကြာလိုက် ဖုန်းသံ မြည်လာသည်။ မြသက် မျှော်လင့်နေသည့် ပြည့်ပြည့်။ ဖုန်းကို ရင်တထိတ်ထိတ်နှင့် ကောက်ကိုင်လိုက်သည်။

            'တီချယ်... ပြည့်... လေ.. ပြည့်... ငါးဘာသာ တောင်ပါတယ်၊ တီချယ့် ကို... တီချယ့်ကို...'

            ပြည့်ပြည့် ပြောရင်းရှိုက် သံထွက်လာသည်။ မြသက်လည်း မျက်ရည်ဝဲမိသည်။ ပန်းကလေးလို နူးညံ့သည့် တပည့်မလေး ပျော်ရွှင်လန်းဆန်း ပါစေတော့။ ယုံကြည်မှု၊ ရဲရင့်မှုတွေနဲ့ ဖြတ်သန်းနိုင်ပါစေတော့။

            'ဆရာမ ကျွန်မပါ၊ ပျော်လိုက်တာ ဆရာမရယ် ကျွန်မဖြင့် မအိပ်ကို မအိပ်နိုင်ဘူး၊ ရင်တွေတုန် နေတာလေ။ ဆရာမကို တကယ်ကျေးဇူးတင်ပါတယ်၊ ကျွန်မနဲ့ ပြည့်ပြည့် ဆရာမကို ကန်တော့ချင်လို့ မနက်ဖြန် အိမ်ကို လာခဲ့ပါဦး'

            သည်တစ်ခါတော့ ဒေါ်သဇင်၏စကားသံက လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ အသပြာကိုလည်း စားခဲ့ပြီးပြီ။ ပီတိကိုလည်း သုံးဆောင် လိုက်ရပြီ။ တခြား ဘာမျှ မလိုအပ်တော့ပါ။ စဉ်းစားခန်းဝင်နေခိုက်မှာပင် ဖုန်းသံ ထပ်ထွက်လာပြန်သည်။ သည်တစ်ခါ ခေါ်သူက မြသက်တို့ဆရာ။

            ဆရာက မြသက်တို့လို Guide သင်နေသည့် တပည့်ဟောင်းများကို ကျောင်းသား ကျောင်းသူများနှင့် ချိတ်ဆက်ပေးနေကျ။

            'မြသက်ရေ အခုလေးတင် ဆရာ့ဆီ ဖုန်းဝင်လာတာ၊ အမျိုးသမီး Guide လိုချင်လို့တဲ့။ အသည်းအသန် လာပြောလို့  ညတွင်းချင်း ဖုန်းဆက်ရတာ။ ဒီနှစ် ဆယ်တန်း ကျတာတဲ့၊ ကျောင်းသူပဲ။ သူ့ အမေပြောတာကတော့ သူ့သမီးက ဆိုးတယ်တဲ့၊ အဲဒါ နင် သင်မလား'

            ဆရာ့စကားသံကြားတော့ မြသက် အားပါးတရ ပြုံးလိုက်မိသည်။ နောက်ထပ် ကျောက်ရိုင်းလေး တစ်တုံးနှင့် ကြုံရဦးမည်ထင်သည်။

            'ဟုတ်ကဲ့ ဆရာ၊ မြသက် သင်မယ်၊ မြသက်ရဲ့ ဖုန်းနံပါတ်သာ ပေးပေးပါ ဆရာ'

            မြသက် ကျောက်ရိုင်းလေးတွေကို အကွက်လှအောင် သွေးချင်သည်။ လူငယ်သည် တိုင်းပြည်၏ အနာဂတ်ဟု ဆိုကြသည်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်သော်လည်း အုတ်တစ်ချပ်၏ တာဝန်ကို ပိုလွန်ချင်သည့် မြသက်တစ်ယောက် ကြည်နူးနှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။ နိုးထလာမည့် မနက်ဖြန်သည် မျှော်လင့် ချက်များဖြင့် လှပနေဦးတော့မည်။

ဂျူနီယာခင်လေး

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...