ရွှေဝတ္ထု

အနေတတ်သူ

သင်းစုစုညိမ်း

01 February 2026
အနေတတ်သူ
Share to

            ကျွန်မ ဒေါ်ကြီးကို နှုတ်ဆက်ပြီး ပြန်ထွက်လာတော့ ခြံစည်းရိုးပင်များကြားမှာဒေါ်ပန်းလှကို ရိပ်ခနဲ မြင်လိုက်ရသည်။ ခြံစည်းရိုးပင်ကြားက မြင်ရတာဖြစ်ပေမယ့် သူမှန်း ကျွန်မ ကောင်းကောင်းသိသည်။ ဖွာဆန်ကြဲနေသည့် ဆံပင်များကို ပုဆိုးပိုင်းတစ်ပိုင်းနှင့် ပေါင်းထားပုံ၊ ပလုံးသာသာ တောင်းစုတ်ကလေးကို ခါးစောင်းတင်ထားပုံကအဝေးကပင် ဒေါ်ပန်းလှမှန်း သိသာသည်။ ကျွန်မ လှမ်းကြည့်လိုက်စဉ်မှာပဲ အရပ်ပုပြတ်ပြတ် အသားမည်းခြောက်ခြောက် ခါးတစ်ဖက် ခပ်စောင်းစောင်းနှင့် ပုံသဏ္ဌာန်သည် လမ်းထောင့်ချိုးမှာ ပျောက်ကွယ်သွားတော့သည်။

            ကျွန်မကိုတောင် နှုတ်မဆက်နိုင်ဘဲ မပြေးရုံတမယ် ပြေးထွက်သွားသော ဒေါ်ပန်းလှကို ပြုံးမိရသည်။ သူ ဒေါ်ကြီးကို တော်တော်ကြောက်ပုံရသည်။ တတ်နိုင်သလောက် ဒေါ်ကြီးရဲ့အိမ်ကို သူ ရှောင်ကွင်းသွားလေ့ရှိသည်။

            ကျွန်မတို့ ရွာမှာအလှူတစ်ခုခုများ ရှိနေသလား။ ဒါမှမဟုတ် ကျွန်မတို့အိမ်ကိုများ သွားသလား ဟု တွေးမိသည်။

            ကျွန်မတို့ရွာမှာ အလှူအတန်းများရှိလျှင် ဒေါ်ပန်းလှ ဘယ်တော့မှ လက်မလွတ်။ ကျွန်မတို့သာ အနီးပတ်ဝန်းကျင်မှာ အလှူရှိတာ အမှတ်တမဲ့ပေမယ့် ရွာနှစ်ရွာ သုံးရွာခြားကနေ ကူးတို့ တစ်တန်၊ ခြေလျင်တစ်တန် လာရသည့် ဒေါ်ပန်းလှက အသေအချာသိသည်။ သူ့ရွာ မဟုတ်ပေမယ့် ဒီအနီးတစ် ဝိုက်မှာ သူ့ကို မသိသူ မရှိ။ ညစ်ပတ်ပေရေတဲ့ တဲစုတ်ကလေးထဲမှာ ရေမချိုး ခေါင်းမဖြီးအားဘဲ သုံးလေးရက်လောက် ငိုက်မျဉ်းရာကနေ ဖုန်ထူထူကွင်းပြင်က တံလျှပ်တွေကို မျက်လုံးမပွင့်တပွင့်နှင့် ကြည့်ပြီး ဆာလောင်တဲ့ဝမ်းကို ပွတ်လျက်ထလာတဲ့အခိုက် ပြောင်သလင်းခါနေတဲ့ အိုးခွက်တွေက ဒေါ်ပန်းလှကို မျက်စပစ်ပြလျှင်တော့ 'ငါ ရှာလိုက် ဖွေလိုက်ဦးမယ်'ဟု သူ့အိမ်သားတွေကို ပြောကာ ထွက်လာလျှင် ကျွန်မတို့ရွာသို့သာ လာတတ်သည်။ ကျွန်မတို့ရွာက မြို့နှင့်နီးကာ အချက်အချာကျသည့် ရွာကြီးဖြစ်သဖြင့် သူ လုပ်ငန်းလုပ်ရတာ အဆင်ပြေပုံပေါ်သည်။

            ညနေ သူ့အိမ်အပြန်တွင် သူ့တောင်းလေးထဲမှာ အိမ်တကာလှည့်ကာ နေကုန်နေခန်း တောင်းရမ်းထားသော တိုလီမုတ်စ ပစ္စည်းတွေအပြည့်။ ပြီးလျှင် လေးငါးရက်၊ တစ်ပတ် ပျောက်နေ တတ်ပြန်သည်။ သူလာတိုင်း ကျွန်မတို့အိမ်ကို အရင်ဆုံး ဝင်လာတတ်သည်။ ကျွန်မတို့အိမ်မှာတော့ ကျွန်မနှင့် ဒေါ်ဒေါ်ပဲရှိရာ ထမင်း နှစ်ယောက်စာချက်တိုင်း ဟင်းချက်လောဘကြီးသည့် ဒေါ်ဒေါ်ကြောင့် ထမင်းဟင်း စားသောက်ဖွယ်ရာက အမြဲ ပိုလျှံနေတတ်သည်။ သူ အမောပြေ ရေသောက်ပြီးနောက် အရိပ်ကောင်းသည့် ဒေါ်ဒေါ်ရဲ့ဈေးဆိုင်လေးမှာ ထိုင်တတ်သည်။

            ပန်းကန်မှာ ထမင်းဟင်းပုံပေးလိုက်လျှင် ကြမ်းပြင်ပေါ်မှာ ထိုင်၍ အားရပါးရ ပလုတ်ပလောင်း စားတတ်သည်။ သူ့လက်ချောင်း မည်းမည်းကြားက ထမင်းလုတ်က သူ့ပါးစပ်ပေါက်ထက် ကြီးသည်။ ဆာလောင်သော မျက်လုံးများက အငမ်းမရ ပြူးကျယ်လျက်။ ပြီးလျှင်တော့ အပူအပင် မရှိ။ လှေကားရင်းမှာ ငိုက်မျဉ်းနေတတ်သည်။ ကျွန်မ ငယ်ငယ် သူ့ကို မှတ်မိစအရွယ်ကတည်းက သူဟာ ထိုပုံစံအတိုင်းပဲ ဖြစ်သည်။ သူသည် သေးသေးကျစ်ကျစ်ရှိကာ အပေါ်အရေတင်းတင်းပေါ်တွင် အရေးကြောင်းနက်နက်နှင့် ထွင်းထုထားသော အမည်းရောင် ရုပ်တုတစ်ရုပ်လို။

            ထမင်းစားပြီးပေမယ့် တစ်ခုခု မရမချင်း သူ မပြန်။ ဒေါ်ဒေါ့်ဈေးဆိုင်မှာ အာလူးကြက်သွန်စတဲ့ ဟင်းချက်စရာလေးများ သူ ရနိုင်သေးတယ်လို့ သူ မျှော်လင့်နိုင်သေးသည် မဟုတ်လား။

            ဒေါ်ဒေါ်နှင့် ကျွန်မကလည်း နေနိုင်သူများမဟုတ်။ ဒေါ်ဒေါ်ကတော့ သူ့ကို ဟိုတုန်းကတည်းက သိကျွမ်းပြီး သံယောဇဉ်လည်း ရှိပုံပေါ်သည်။ ဆိုင်က အလေအလွင့်လေးများကိုတောင် ပန်းလှအတွက်ဆိုကာ လွှင့်ပစ်ရက်သူ မဟုတ်။

            တစ်ခါတစ်ရံ ဒေါ်ပန်းလှက ထမင်းစားသောက်ပြီး တစ်မှေးလောက် မှေးနေချိန်မှာ ဆိုင်မှာ  ဝယ်သူကျလျှင် ဒေါ်ဒေါ့်မှာ ထမင်းမစားရသေး။ ဒေါ်ဒေါ်က သူကျွေးမွေးပေးကမ်းရသည်ဟုလည်း အိမ်ဗာဟီရအလုပ်တွေ ဒေါ်ပန်းလှကို ခိုင်းချင်စိတ်မရှိ။ ဒေါ်ပန်းလှကလည်း ဘာလေးညာလေး ကူလုပ်ရမည်ဟု မသိ။ တချို့ခိုင်းမိတဲ့ အိမ်တွေမှာ 'လူကို သူ့ကျွန်များ မှတ်နေလား'ဟု ကြိမ်းဝါးသွားတတ်သည်တဲ့။

            'မမလှ၊ အဝတ်ဟောင်းလေး ဘာလေးပေးပါဦးလား'

            ပါးစပ်မှာ ကိုက်ထားသော ဆေးပြင်းလိပ်တိုကိုဖယ်ကာ သွားမည်းမည်းများပေါ်အောင် မျက်နှာချိုသွေးရင်း တောင်းတတ်သည်။

            'ပန်းလှရယ်၊ နင့်ကို ငါတို့ ပေးပေါင်းလည်းများပြီ။ ငါတို့ပေးတာ ဝတ်တာလည်းတစ်ခါမှ မတွေ့ဘူး။ နင့်ကြည့်လိုက်ရင် အမြဲစုတ်ပြတ်နေတာပဲ။ လူတောသူတောထဲလာရင် လူနဲ့သူနဲ့တူအောင် လာပေါ့'

            ဒေါ်ဒေါ်က စိတ်တိုသလို အကဲစမ်းသလို သူ့ကို ပြောလျှင်...

            'ရှိတယ် ရှိတယ်။ သိမ်းထားရတယ်။ နောက်တစ်ပတ် ရေချိုးပြီးမှ ဝတ်ဖို့လို့' ဟု ပြောတတ်သည်။

            သူပြောပုံကို ကြည့်ပြီး ကျွန်မ ပြုံးမိရသည်။

            တကယ်တော့ ကျွန်မတို့ သူ့ကို ဝတ်စေချင်လို့ ပေးလိုက်တဲ့ အဝတ်အစားတွေက သူ့ယောကျ်ား အရက်နှင့် လဲသောက်တာက များသည်။ ဒေါ်ဒေါ်ပေးတာလည်း မနည်းတော့။ ဒေါ်ဒေါ့်ဆီက မရလျှင် ကျွန်မဘက်လှည့်ကာ တိုးတိုးကျိတ်တောင်းပြန်သည်။

            'ဟဲ့ကလေး၊ အင်္ကျီ၊ ထဘီဟောင်းလေးတွေ ပေးဦးလေ။ ငါ့သမီးလည်း အပျိုဖြစ်တော့မယ်'

            ကျွန်မကတော့ ကျွေးတာပေးတာနှင့် ဘယ်တော့မှ မကျေနပ်သည့် ဒေါ်ပန်းလှကို တစ်ခါတစ်ခါ စေတနာပျက်မိသည်။ ကျွန်မ သူ့ကို အော်ငေါက်မိလျှင် ဒေါ်ဒေါ်က မကြိုက်။ သူ့ကိုမှမဟုတ်။ တခြား ဘယ်သူ့ကိုမှ စကားကြမ်းကြမ်းပြောတာ ဒေါ်ဒေါ်မကြိုက်။

            'ဒေါ်ပန်းလှ တောင်းတိုင်းပေးဖို့ ဘယ်မှာရှိမှာလဲ။ ကျွန်မတို့တောင် တစ်နှစ်နေလို့ အဝတ်အစားသစ် ဝတ်ရတာ မဟုတ်ဘူး'

            ကျွန်မနှင့် ဒေါ်ဒေါ်မှာ တစ်ယောက်ကို တစ်ယောက် အမှီပြုကာ နေကြရသူများ။ ကျွန်မရဲ့ဝန်ထမ်းလစာ၊ အားလပ်ချိန်မှာ ကလေးတွေကို ကျူရှင်ပြလို့ရတဲ့ ဝင်ငွေ၊ ဒေါ်ဒေါ်ရဲ့ ကုန်စုံဆိုင်လေးတို့မှ ဝင်ငွေနှင့် တူဝရီးနှစ်ယောက် မကြောင့်မကြတော့ နေနိုင်ပါသည်။ ဒေါ်ဒေါ်တို့ ငယ်ငယ်က နေခဲ့ရသည့် ဘဝမျိုးတော့ မဟုတ်တော့။

            ရံဖန်ရံခါ ဒေါ်ဒေါ်က 'ပန်းလှတို့များ ကုသိုလ်ကံတယ်ကောင်း။ ငါတို့မှာတော့ အလုပ်လုပ်မှ ထမင်းစားရတယ်ဟေ့' နောက်သလို ပြောင်သလို ပြောလျှင် ချွဲမရှင်းသည့် ရယ်သံနှင့် သဘောတကျကျ ရှိနေတတ်သည်။

            'ဒေါ်ပန်းလှ ယောကျ်ား အလုပ်မလုပ်ဘူးလား'

            'လုပ်တယ်'ဟု ခပ်ပြတ်ပြတ် ဖြေသည်။

            'ဘာလုပ်လဲ' ဆက် မေးလျှင်...

            'ဒီလိုပဲ။ အလုပ်ကြမ်းလေး ဘာလေးရရရင် လိုက်တာပေါ့'

            'ဒေါ်ပန်းလှမှာ သားလည်း ရှိတယ်ဆို။ သားအဖတွေ အလုပ်လုပ်ခိုင်းပေါ့'

            'ဘာများ လုပ်စရာရှိလို့လဲဟယ်'

            တစ်ခါတစ်ခါ သူ့ ယောကျ်ား အရက်သောက်တာ၊ သူ့သား ခိုးဆိုးသောင်းကျန်းတာကို ပြောတတ် သည်။ ဒါသည် သူ့အဖို့ လူတစ်ယောက် အသက်ရှူနေတာလိုပင် သူ အမှုထားစရာမလို။ ခပ်အေးအေးပဲ ဆေးလိပ်သောက်မပျက် ပြောတတ်သည်။ သူ့မှာ ဘာမှပူပင်စရာ မရှိ။ သူလိုလာလျှင် အိမ်တကာလည် တောင်းမည့်စိတ်ကူးသာ ရှိသည်။

            တောင်းမရလျှင် သူက စိတ်ဆိုးသေးသည်။ သူ့မှာ အပြစ်မရှိ။ သူတောင်းလို့ မပေးသူမှာသာ အပြစ်ရှိသည်။ သူ တောင်းရမ်းလို့ မရတိုင်း လူတွေလည်း အကျင့်ပျက်လာပြီ၊ ဘာပြီနှင့် သူ့တရားကို ကျွန်မတို့ နာကြားရသည်။

            တစ်ခါတလေ ကျွန်မတို့ အိမ်ပေါ်ကတောင် ခြေဆောင့်၍ ပါးစပ်မှ ပွစိပွစိနှင့် ဆင်းသွားဖူးသည်။ ကျွန်မတို့ကသာ သူ့အကြောင်းသိနေ၍ ရယ်ကာမောကာ ခွင့်လွှတ်စကားဆိုနိုင်သည်။ သူကလည်း အချိန်ကျလျှင် သွားမည်းမည်းတွေ ဖော်ကာ လက်နှီးစုတ်လောက်မှ မပြောင်သည့် ခေါင်းပေါင်းနှင့် တောင်းစုတ်ကလေး တစ်လုံးနှင့် ရောက်လာစမြဲပင်။

            'ပန်းလှ၊ ပန်းလှ သူသာ ကောင်းကောင်းမွန်မွန် နေတတ်ထိုင်တတ်ရင် ဒီလို ဘဝရောက်မှာ မဟုတ်ဘူး။ အင်း... သူကလည်း ဒီလိုဘဝမှာ ပျော်တာကိုး။ ကုသိုလ်ကံနည်းပါးရတဲ့အထဲ စိတ်ကလည်း ရူးပေါပေါရယ်။ နင့်ဒေါ်ကြီးအိမ်မှာသာ သူဆက်နေနိုင်ရင် အခုလောက်ဆို ကောင်းစားနေပြီ'

            ဒေါ်ပန်းလှ ငယ်ငယ်က ဒေါ်ဒေါ့်အစ်မဖြစ်သူ ဒေါ်ကြီးရဲ့အိမ်မှာနေခဲ့တာ ကျွန်မ ငယ်ငယ်ကပဲ ကြားဖူးသည်။ ဒါပေမယ့် ဒေါ်ကြီးတို့က သိပ်မပြောသဖြင့် ကျွန်မ သေသေချာချာမသိ။ ကျွန်မတို့ သိထားသမျှနှင့်ပင် ဒေါ်ကြီးရှေ့မှာ ကျွန်မရော၊ ဒေါ်ဒေါ်ရော ဒေါ်ပန်းလှ နာမည်ကို ထည့်မပြောရဲ။ ဒေါ်ကြီးက ယခုအချိန်ထိ ဒေါ်ပန်းလှကို အိမ်ရိပ်မနင်းစေရ။ ဒေါ်ပန်းလှကလည်း ဒေါ်ကြီးကို တုန်နေအောင် ကြောက်သည်။ ဒေါ်ကြီးလာလျှင် နောက်ဖေးပေါက်ကနေ ဆင်းပြေးသွားတတ်သည်။ ကျွန်မမှာ ဒေါ်ဒေါ့်ကိုသာ ကျိတ်မေးရသည်။

            'သူ့အပြစ်နဲ့သူ ကြောက်ပြီး မမကြီးကို မတွေ့ရဲတာ။ မမကြီး ခွင့်မလွှတ်နိုင်စရာတွေ လုပ်ထား တယ်လေ'

            ဒေါ်ကြီးက ဒေါ်ပန်းလှ ကျွန်မတို့အိမ် ဝင်ထွက်နေတာကိုပင် မရှုစိမ့်။

            'နင်တို့ အကျင့်လုပ်ပေးနေတာ။ စည်းနဲ့ကမ်းနဲ့ပေးပေါ့။ နောက်ဆို ကမ်းတက်လာလိမ့်မယ်'ဟု ဒေါ်ဒေါ်နှင့် ကျွန်မကို ဆူတတ်သည်။

            'ကိုယ့်မှာလည်း ဆင်းရဲသွားတာ မဟုတ်ပါဘူးလေ။ ငတ်ကြတော့မယ်ဆိုတော့လည်း မပေးဘဲ မနေနိုင်ဘူး' ကြင်နာတတ်တဲ့ ဒေါ်ဒေါ်က ထိုသို့တွေးမြဲ။

            ဒေါ်ဒေါ်က စိတ်ကြီးသည့် သူ့အစ်မကို ဘာမှတော့ ပြန်မပြော။ ဒေါ်ကြီးက ဆွေမျိုးတွေထဲမှာ အင်မတန်မှ စီးပွားအရှာကောင်းသည်။ စုတတ်ဆောင်းတတ်သည်။ ဒေါ်ဒေါ်နှင့် ကျွန်မလို လက်မဖွာ၊ သားသမီးကံလည်း ကောင်းသဖြင့် ယခုဆို ကျွန်မတို့ ဆွေမျိုးတစ်စုထဲမှာ အချမ်းသာဆုံးပင်။ ဒေါ်ဒေါ်က အပျိုကြီးဆိုတော့ မိဘနှင့် အတူနေကာ မိဘများကို ပြုစု စောင့်ရှောက်၍ နေခဲ့သည်။ တစ်ချိန်ကတော့ မြို့မျက်နှာဖုံးဖြစ်သည့် မိဘများရဲ့ ဂုဏ်အရှိန်အဝါ၊ ကျောင်းအုပ်ဆရာမကြီးဆိုတဲ့ ဂုဏ်ရှိန်လေးနှင့် တင့်တောင့်တင့်တယ် နေနိုင်ခဲ့သည်။ မိဘများလည်း သေဆုံးပြီး အခြေအနေတွေက ယခင်ကနှင့် မတူ၊ ပိုင်ဆိုင်မှုတွေလည်း ဆုတ်ယုတ်လာချိန်မှာ ကျွန်မကိုလည်း ပညာသင်ရတော့ ဒေါ်ဒေါ့်မှာ အတော်ပင်ပင် ပန်းပန်း ရုန်းကန်ခဲ့ရသည်။ ယခုလို အိမ်ဆိုင်လေးနှင့်ဈေးရောင်းစားရတော့လည်း ဒေါ်ဒေါ်က မညည်းမညူ။

            ဒေါ်ကြီးကတော့ အိမ်ထောင်ရေးလည်း ကံကောင်းသည်။ အိမ်ထောင်ကျပြီးတာနှင့် စီးပွားတက်လာသည်။ ဒေါ်ကြီးက ဒေါ်ဒေါ့်လို ကိုယ့်ထက် နိမ့်သမျှကို အလကား ထိုင်သနားနေခြင်းမျိုး မရှိ။ 'လူတွေ ကိုယ့်အကြောင်းနဲ့ ကိုယ်ဖြစ်လာတာ။ ကိုယ်လုပ်မှ ကိုယ်ရမယ်။ ကိုယ်လိုချင်ရင် ကြိုးစားပေါ့။ ရှာဖွေပေါ့' ဆိုကာ ဘယ်ဆွေမျိုးကိုမှ ပြန်ကြည့်ခဲ့သူ မဟုတ်။ သူ့စိတ်နှင့် မကိုက်လျှင် အားလုံးနှင့် ခပ်ပြတ်ပြတ် ဆက်ဆံတတ်သည်။ သူတောင်းစားဆိုလည်း ဒေါ်ကြီး ကြည့်မရ။ ဒေါ်ပန်းလှလို လူမျိုးဆိုရင် ပြောမနေနှင့်တော့။

            ဒေါ်ဒေါ်က ကျွန်မနှင့် နှစ်ယောက်တည်း စိတ်လိုလက်ရရှိလျှင် ပြောပြတတ်သည်။

            'ပန်းလှကလည်း ပန်းလှကိုး။ နင့်အဒေါ်ကြီးမှာ သားဦးလေးမွေးတော့ အိမ်မှာအလုပ်တွေ မနိုင်လို့ လူလိုတယ်ဆိုပြီး ပန်းလှကို ကလေးထိန်းဖို့ခေါ်တာ။ ပန်းလှက နင့်ဦးကြီး သက်ဖေ တာဝန်ကျတဲ့ရွာက တံငါအဘိုးကြီးရဲ့ သမီး။ ဆင်းဆင်းရဲရဲ နေရတယ်။ ပန်းလှကလည်း ကြီးကောင်ဝင်စ။ အမေလည်းမရှိတော့ ဆရာကတော် အလိုရှိရင်ခိုင်းဖို့ ခေါ်သွားပါဆိုလို့ ကိုသက်ဖေ ခေါ်လာတာ။ ပန်းလှကို အိမ်ဖော်လို ထားတာမဟုတ်ဘူး။ သူတို့သမီးလို၊ ညီမလို ထားတာ။ ဝိုင်းလုပ်ဝိုင်းစား ဆိုပေမယ့် ပန်းလှတာဝန်က ကလေးထိန်းရုံပဲ။ တောမှာလို သူ မပင်ပန်းဘူး။ သနပ်ခါး အဖွေးသားနဲ့ ကြော့လို့နေရတာ။ မိန်းမက အလှကလည်း ကြိုက်၊ နဂိုရုပ်ကလေးကလည်း ရှိဆိုတော့ တောမှာနဲ့ တခြားစီ တစ်သွေးတစ်မွေး ဖြစ်လာတာ။

            'သူလိမ္မာရင် သူ ကောင်းစားဖို့ချည်းပဲ။ နင့် အဒေါ်ကြီးက စာသင်ပေးတယ်။ အချုပ်အလုပ်သင်ပေးတယ်။ ဒါပေမယ့် အဲဒီကတည်းက သူ့စိတ်က ခပ်ပေါ့ပေါ့ထင်ရဲ့။ အတွေးက တိမ်တိမ်။ သူ့အဖေကတော့ သူ့ သမီးကောင်းစားလို့ ပျော်လို့ပေါ့။ နောက်တော့ မိပန်းလှ ဖောက်လာပါလေရော။ ဆိပ်ကမ်းမှာ ကူလီထမ်းတဲ့ကောင်နဲ့ ကြိုက်တယ်။ မလုပ်သင့်တာတွေ လုပ်တယ်။ နင့်အဒေါ်ကြီး လက်ဝတ်လက်စားတွေ ခိုးပေးတယ်။ အိမ်က မသိသေးဘူး။ နောက်မှ အပေါင်ခံထားတဲ့ ရွှေတွေပါ ပါကုန်တော့မှ သိတာ။ နင့်ဒေါ်ကြီးက စိတ်ဆိုးပြီး အဲဒီကတည်းက အိမ်ပေါ်က နှင်ချလိုက်တာ။ သူ မယူဘူးဆိုပြီး ဗြောင်ငြင်းသေးတယ်။ နောက်တော့ သူ့အဖေကြီး လာတောင်းပန်တယ်။ ခွင့်လွှတ်ပေးပါပေါ့။ သူ့မှာလည်း သူ့သမီးကို ဘယ်လိုမှ မကျွေးနိုင်တော့လို့ ပြန်ခေါ်ထားဖို့ ပြောတယ်။ နင့်ဒေါ်ကြီးစိတ်လည်း သိတယ်မဟုတ်လား။ ဒါမျိုးဆို နည်းနည်းမှ ခွင့်မလွှတ်နိုင်ဘူး။ မိပန်းလှကလည်း အကြံနဲ့လေ။ အိမ်က အဝတ်အစားတွေ၊ ပိုက်ဆံတွေ သူတိုလို့ ရသမျှတိုပြီး သူ့ရည်းစားနဲ့ ထွက်ပြေးဖို့ လုပ်ထားတာ။ နောက်မှ ပေါ်တယ်။ တိုင်လား၊ တောလားလုပ်ရင်လည်း ဒီထက်ပိုပြီး ဒုက္ခရောက်မှာ မြင်တာကြောင့် ဘာမှမလုပ်လိုက်တာ။ ဒါပေမယ့် နင့်ဒေါ်ကြီးကတော့ ပန်းလှကို သူ့အိမ်ရိပ်မနင်းရတော့ဘူး။ မိပန်းလှကလည်း နင့်ဒေါ်ကြီးဆို အသေကြောက်။ အဲဒီကတည်းက ဆင်းဆင်းရဲရဲ နေလာရတာ အခုထိပဲ'

            သူတို့ တစ်အိမ်လုံး ဆာလောင်နေတဲ့ ဝမ်းကို ဖြည့်တင်းဖို့သာ ကြံဆောင်နေကြရသည်။ တစ်နေ့တာအဖို့ စားစရာမရှိတဲ့ အိုးခွက်ဗလာတွေကိုကြည့်ပြီး ဒေါ်ပန်းလှက ညည်းညူပြောဆိုလျှင် သူ့ယောကျ်ားက မူးမူးနှင့်ထလာကာ အိုးခွက်ပန်းကန်တွေ ထုထောင်းရိုက်ခွဲသည်။ အိမ်မှာရှိတာကို ယူပြီး အရက်နှင့် လဲသောက်ပစ်သည်။ သားသမီးတွေက ငိုယို၊ ထွက်ပြေးသူက ထွက်ပြေး၊ ကိုယ်ရ တတ်သလို ရှာစားကြရသည်။ ဒေါ်ပန်းလှက တဲပြင်ထွက်ပြီး သစ်ငုတ်တိုပေါ်မှာ ထိုင်ကာ သူ့ရှေ့က မြင်ကွင်းတွေကို ခပ်အေးအေးပဲ ကြည့်နေတတ်သည်။ တံတွေး တဗျစ်ဗျစ်ထွေးကာ ဆေးငုံမပျက်။ သူ့ဗိုက်ထဲက တဂွီဂွီ အသံပေးကာ ဆာလောင်လာတော့မှ ဘေးဘီကြည့်ကာ ထမင်းတစ်နပ်စားဖို့ အကြံထုတ်တတ်သည်။

            ဒေါ်ပန်းလှ သားမှာလည်း ကြီးကောင်မဝင်သေး။ အဖေ့ခြေရာနင်းကာ ရပ်ကွက်ထဲမှာ သူခိုးစာရင်း ဝင်နေပြီ။ ဒါနှင့်ပတ်သက်ပြီး ဒေါ်ပန်းလှက...

            'ခိုးပစေပေါ့။ အငတ်မှ မခံနိုင်ဘဲ'ဟု ပြောသည်။

            'ဒါဖြင့် ရဲ ဖမ်းသွားရင်ကော' ဆိုတော့...

            'သူလုပ် သူခံပေါ့'တဲ့။ ခပ်အေးအေးပဲ။

            'နင် ဒီလိုတောင်းရမ်း နေရတာ မရှက်ဘူးလားဟယ်။ တစ်သက်လုံး ဒီလိုပဲ နေတော့မှာလား' ဒေါ်ဒေါ်ကပြောသည်။

            'မရှိတာ့လည်း တောင်းရမှာပေါ့ မမလှရယ်။ ဘယ်သူက အောက်ကျခံပြီး တောင်းချင်ပါ့မလား'

            'တောမှာ တောင်မှာဆိုတာ ထမင်းတစ်လုပ်စားရဖို့ မခက်ပါဘူး။ အလုပ်လေး ဘာလေး လုပ်ကိုင်စားသောက်ကြစမ်းပါ။ ချောင်းတွေ၊ မြောင်းတွေ၊ မြေလွတ်မြေရိုင်းတွေ အမှီပြုပြီး လုပ်ကိုင်ရင် ရတာပဲ'

            'အမလေး၊ အဲဒီအလုပ်တွေ ကျွန်မ ငယ်ငယ်က လုပ်ဖူးတယ်။ ပင်ပန်းလွန်းလို့။ အခု ဒီအသက်အရွယ်ရောက်မှတော့ မလုပ်နိုင်ပါဘူး'

            ဒေါ်ပန်းလှ ဆင်ခြေဆင်လက်တွေက မထပ်ရ။

            'မမလှတို့လို အရင်းအနှီးလေး ဘာလေးရှိရင်တော့ လုပ်ကိုင်စားတာပေါ့'

            ဒေါ်ဒေါ်သည် ပြောမရနိုင်ဘဲ ဒေါသထွက်လာကာ ပြောမိတဲ့ သူ့ကိုယ်သူသာ အပြစ်တင်လျှင် ကျွန်မမှာ အသံတိတ် ကျိတ်ရယ်နေရသည်။

            'ထမင်းစားရရင် တော်ပြီ။ လောဘမကြီးဘူး'ဟုလည်း လာသေးသည်။

            'မမလှမှာ ဘာအလုပ် လုပ်စရာလိုလို့လဲ။ တူတွေ၊ တူမတွေ ရှိနေတာပဲ'

            ဒေါ်ဒေါ်ကပဲ လောဘတကြီး စီးပွားရှာသလို သူ ပြောတတ်သေးသည်။ ဒေါ်ဒေါ် ရှူးရှူးရှားရှား ဖြစ်ကာ...

            'ဟဲ့... ပန်းလှရဲ့။ လူဆိုတာ အလုပ်လုပ်ရမှာပေါ့။ ကိုယ့်အတွက်နဲ့ တစ်ဖက်သားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တာဟာ သူများကိုလည်း စောင့်ရှောက်ပြီးသား ဖြစ်တယ်။ အသက်ရှင်နေသရွေ့ ကိုယ်တတ်နိုင်သလောက် လုပ်ရမှာပဲ။ နင့်မှာ ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်ယူချင်စိတ်မရှိဘူး။ ထမင်းစားနေလည်း အလကားပဲ'

            ဒေါ်ပန်းလှ နားလည်မလည်မသိ။ သူ့ကိုပြောတာ မဟုတ်သလိုပင် နေသေးသည်။ ဒေါ်ဒေါ် သူ့ကို အရေးမစိုက်ဘဲနေတော့မှ အိမ်ပေါ်က ခပ်ကုပ်ကုပ်ဆင်းသွားသည်။ ပြီးတော့ ရက်အတန်ကြာ ပျောက်နေပြန်သည်။ သူ့သားနှင့် သူ့ ယောကျ်ားတစ်ယောက်ယောက် ခွင်တည့်နေပုံ ရသည်။

            နောက်တစ်ခေါက် သူလာတော့ ဒေါ်ဒေါ်က 'လာပြန်ပလား' ဟု ခပ်တင်းတင်း မေးသည်။

            သူက သွားအကျဲသားနှင့် ခပ်ရို့ရို့ဝင်ထိုင်သည်။ ပြန်ခါနီးမှ 'ထမင်းကျန်သေးလား မမလှ'ဟု မေးသည်။ ဒေါ်ဒေါ်က ထုံးစံအတိုင်း မနေနိုင်တော့ဘဲ ထမင်းကျွေးရပြန်သည်။ ထိုနေ့က ဘာမှ တောင်းဆိုမသွား။ သို့သော် နောက်ဖေးမှာ လှမ်းထားသော ကျွန်မ လုံချည်တစ်ထည် မပျောက်စဖူး ပျောက်သည်။ ကျွန်မ ဒေါသထွက်မဆုံး။ သူလာလျှင် ပြောပစ်မည်ဟု တေးထားသည်။ တကယ်တွေ့တော့လည်း ပြောရက်သည် မဟုတ်။ ပြောပြီးလျှင်လည်း လုံချည်စုတ်တစ်ထည်နှင့် ကိုယ်ပဲ စိတ်မကောင်းဖြစ်ရမည်။ သူကတော့ အစားအသောက်ပေါသည့် ကျွန်မတို့အိမ်ကို မဝင်မဖြစ် ဝင်မြဲ။

            'ဒေါ်ဒေါ်ရေ... မဖြစ်တော့ဘူး။ ဒေါ်ပန်းလှကိုတော့ ကောင်းကောင်းဆုံးမရတော့မယ်'

            'လောကမှာ လူသုံးမျိုးရှိတယ် မှတ်ထား။ တစ်မျိုးက ဘာမဆို မပြောဘဲနဲ့ သိတယ်။ တချို့ကတော့ ပြောမှသိတယ်။ တချို့ကတော့ ဘယ်လောက်ပြောပြော မသိတဲ့လူမျိုး။ ပန်းလှ ဘယ်အထဲမှာပါလဲ စဉ်းစားကြည့်ပေါ့။ ငါ့လောက်ပြောတာ ရှိပါ့မလား။ ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသထွက်ရတယ်'

            ကျွန်မက မလျှော့သေးဘဲ အခွင့်သာလျှင် ဒေါ်ပန်းလှကို ပြောဦးမည်ဟု စိတ်ထဲမှာ တေးထားသည်။

            တစ်ရက် ကျွန်မတို့အိမ်ရိပ်ထဲ ဝင်လာပြီး ရေတောင်းသောက်သည်။

            'မောလိုက်တာ'ဟု ညည်းသည်။

            'ဘယ်က ပြန်လာတာလဲ'

            'ဟိုဘက်ရွာမှာ ဆန်လေးဘာလေး ရမလားလို့ သွားတောင်းတာ မရခဲ့ပါဘူး' သူက ဒေါသထွက်ချင်သေးသည်။

            'ဒေါ်ပန်းလှက တောင်းရမ်းဖို့တော့ သွားနိုင်တယ်။ အလုပ်သာ မလုပ်နိုင်တာနော်'

            ကျွန်မ ခပ်ငေါ့ငေါ့လေးလေး ပြောပြီး သူ့ရဲ့ ထုံပေပေ မျက်နှာကို တစ်ချက် အကဲခတ်လိုက်သည်။

            ထိုနေ့က အိမ်တကာလည်ကာ ပင်ပင်ပန်းပန်း လိုက်တောင်းစားနေသည့် ဒေါ်ပန်းလှအတွက် လုပ်စရာ အလုပ်တစ်ခု ကျွန်မ ပြောလိုက်သည်။ အရင်းအနှီးလည်း မလိုဘူးမဟုတ်လား။ သူ ဆင်ခြေတက်စရာ မရှိတော့ဘူး ထင်ပါ့။ ဒေါ်မြကြည်တစ်ယောက် ကျွန်မတို့ အိမ်ရှေ့က ဖြတ်သွားသည့် အခိုက်နှင့်လည်း ကြုံသည်။

            'ဟိုမှာကြည့် ဒေါ်ပန်းလှ၊ အဲဒီအဒေါ်က ဒေါ်မြကြည်တဲ့။ ဒေါ်ပန်းလှနဲ့ သက်တူရွယ်တူလောက်ပဲ။ ကျွန်မတို့ရွာမှာ ဒေါ်မြကြည်ရေလို့ မခေါ်ရတဲ့အိမ်ဟာ ခပ်ရှားရှားပဲ'

            ဒေါ်မြကြည်က ကျွန်မတို့နှင့် တစ်လမ်းကျော်မှာ နေသည်။ သူ့အိမ်မှာ အမေအိုကြီးနှင့် နာမကျန်းသည့် အဒေါ်တစ်ယောက်ရှိသည်။ မနက်မိုးမလင်းခင်ကတည်းက ဒေါ်မြကြည် အလုပ်ဆင်း သည်။ ရေအငှားခပ်သည်။ အဝတ်လျှော်သည်။ သူ ငယ်စဉ်ကတည်းက စာသင်လို့ မရ။ အသက်သာကြီးလာသည်။ စိတ်က မကြီး၊ ကလေးကြီးလို ဖြစ်နေသည်။ သို့သော် ပိုက်ဆံကိုတော့ ဘယ်လောက် ဘယ်လောက် တွက်ချက်တတ်သည်။ နားလေးသည်။ ယောင်လည်း ယောင်တတ်သဖြင့် ကျွန်မတို့ ငယ်ငယ်ကဆို သူ့ကို စစရာလို သဘောထားသည်။ သူယောင်တာကိုကြည့်ပြီး ရယ်ကြသည်။ တစ်ယောက်ယောက်က သူ့ကို ဒိုင်းဆိုပြီး သေနတ်ပစ်သလိုလုပ်ကာ လန့်အောင်စလျှင် သူက ယောင်ပြီး သူ့မျက်စိရှေ့မှာ တွေ့တဲ့လူတိုင်းကို 'ဒိုင်း... ဒိုင်း'ဆိုပြီး သေနတ်ပစ်သလို လိုက်လုပ်နေတာ မဆုံးတော့။ သူ့ကို တခြားတစ်ယောက်က သတိပေးကာ လှမ်းမဆွဲသရွေ့ သူလုပ်နေတော့သည်။ ဒါကို သဘောကျပြီး ရယ်ကြသည်။ သူ ဒေါသထွက်လျှင် အသံကျယ်ကြီးနှင့် ရန်တွေ့တတ်သည်။ အော်ဆဲတတ်သည်။ သို့သော် အင်မတန် ရိုးသည်။ သူ့မိခင်အိုကြီးကို လုပ်ကျွေးနေသည်။

            ကျွန်မတို့ရွာမှာ ရေထမ်းရောင်းစားသူတွေ သုံးလေးယောက်လောက် ရှိပေမယ့် နောက်ဆုံးမှာ အားလုံးလိုလိုက ဒေါ်မြကြည်ကိုသာ လက်စွဲထားကြသည်။ မတတ်သာတော့မှ တခြားတစ်ယောက်ကို ခေါ်သည်။

            'သူ့ကို နွေမိုးဆောင်း သုံးရာသီလုံး ရွာလမ်းတကာ မှာတွေ့ရတယ်။ ဒေါ်မြကြည် ပင်ပန်းလို့ အလုပ်မဆင်းဘူးဆိုတာ ကျွန်မတို့ မကြားဖူးဘူး။ သူ့ကို အလိုရှိလို့ ခေါ်လိုက်ရင် အချိန်မရွေး ရောက်လာတာပဲ။ သူက သူ့အမေကို ဒီအလုပ်နဲ့ပဲ လုပ်ကျွေးနေတာ။ သူစုထားဆောင်းထားတာလေးနဲ့ လှူနိုင်တန်းနိုင်သေးတယ်။ အလှူပွဲတွေမှာဆို ရေအလကားခပ်ပေးတယ်။ သူတတ်နိုင်သလို ကုသိုလ်ယူတယ်။ ဒေါ်ပန်းလှကတော့ စားဖို့ပဲလာတယ်။ အလုပ်နဲ့ပတ်သက်ရင်လည်း မခိုကပ်ဘူး။ စေတနာကောင်းတော့ သူ့ကို ခေါ်ခိုင်းမယ့်သူတွေ တစ်ပုံကြီး။ ကျွန်မတို့ရွာမှာ ရေတွင်းတွေ ပေါပေမယ့် ရေရှားတဲ့ နွေရာသီဆိုရင် ရေခပ်လို့ရတာ နှစ်တွင်း၊ သုံးတွင်းပဲ ရှိတာ။ အထူးသဖြင့် သောက်ရေပေါ့။ သောက်ရေတွင်းက တစ်တွင်းပဲ ရှိတာ။ ရေခန်းသွားရင် စောင့်ပြီး ရေစစ်ကြရတယ် မဟုတ်လား။ တချို့လည်း နီးစပ်ရာ ရေတွင်းက ခပ်သောက်ကြရတာပဲ။ ဒေါ်မြကြည်ကို ခပ်ခိုင်းရင်တော့ ဘယ်လောက်ဝေးတဲ့ အိမ်အတွက်ပဲဖြစ်ဖြစ် သောက်ရေတွင်းက ရေကိုမှ စောင့်ခပ်ပေးတယ်။ တချို့ရေသည်တွေက လွယ်တဲ့နေရာက ခပ်ပြီး သောက်ရေဆိုပြီး ရောင်းတယ်။ ဒေါ်မြကြည်က အဲဒီလို ဘယ်တော့မှ မလုပ်ဘူး။ မှန်တယ်။ အလုပ်လုပ်ရင် စေတနာပါတယ်။ သမာအာ ဇီဝအလုပ်ကို စေတနာ ကောင်းကောင်းနဲ့ လုပ်ကိုင်စားတော့ စေတနာက အကျိုးပေးတာပေါ့။ ဘယ်လောက်ပဲ အောက်ခြေအလုပ်ကို ပင်ပင်ပန်းပန်း လုပ်စားလုပ်စား ဒေါ်မြကြည်ဟာ ကျွန်မတို့ ငယ်ငယ်ကထက် ပိုပြီးပြောင်ပြောင်ယောင်ယောင် ဖြစ်လာတယ်။ လူရာသူရာဝင်တယ်။ သူ့မှာ ဆွေမရှိမျိုးမရှိပေမယ့် သူ့ကို ကြည့်မယ့်သူ မရှားဘူး။ စောင့်ရှောက်မယ့်သူ မရှားဘူး။

            'သူ့မှာလည်း ဘာအရင်းအနှီးမှ မလိုဘူး။ ဒေါ်ပန်းလှ မလုပ်ချင်ဘူးလား။ အခုလို တောင်းရမ်း စားနေမယ့်အစားလေ။ ဒီမှာ ဒေါ်မြကြည် တစ်ယောက်တည်း လက်လည်တာ မဟုတ်ဘူး။ ကျွန်မတို့ရွာမှာ လာလုပ်ကြည့်စမ်းပါ'

            ကျွန်မပြောတာ ကြားမကြားတော့မသိ။ သူတွေဝေနေ၏။ ပြီးတော့ တောင်းထဲထည့်ထားသည့် ဆေးပြင်းလိပ်ကို ငုံသည်။ သွားရန်ပြင်သည်။ ဘာမှမတောင်း။ သူ စကားပြန်မပြောတော့ ကျွန်မကို စိတ်ခုသွားသလား အောက်မေ့မိသည်။ ကျွန်မက ဒေါ်ဒေါ်မရှိတုန်း ပြောလိုက်ရလို့ ကျေနပ်နေသည်။

            'အမလေး၊ တစ်နေကုန် ရေခပ်ရမယ်။ ပင်ပင်ပန်းပန်းလုပ်ရမယ်။ ထမင်းလေး တစ်လုပ်စားရဖို့များ နဖူးကချွေး ခြေမကျအောင် လုပ်စားရတယ်လို့ အံ့ပါရဲ့။ ငါတို့တော့ မလုပ်နိုင်ပေါင်'

            ဒေါ်ပန်းလှက မကြားတကြား ညည်းတွားကာ အိမ်ပေါ်မှ တောက်ဆတ်တောက်ဆတ်နှင့် ဆင်းသွားသည်။ သူက သူ့တရားနှင့် သူနေမည်သာ။

            ကျွန်မ ဝရန်တာကနေ လှမ်းကြည့်လိုက်တော့ ပင်ပန်းလို့ အလုပ်ကြမ်း လုပ်မစားနိုင်တဲ့ ဒေါ်ပန်းလှတစ်ယောက် တောင်းစုတ်ကလေး ခေါင်းပေါ်တင်ကာ နေပူပူကွင်းပြင်တွေကို ကျော်ဖြတ်ပြီး တစ်ရွာဝင်တစ်ရွာထွက် တောင်းရမ်းရန် ထွက်သွားသည်ကို ကျွန်မ တွေ့လိုက်ရလေသည်။

သင်းစုစုညိမ်း

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်