နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
၁။
'အလှည့်ကျတော့ မနွဲ့ရ'
ဟူသော ဆိုရိုးစကား ရှိသည်။ ခုတော့ ယခုနှစ်အတွက် ကျွန်တော့်အလှည့်
ကျသည်ဟု ဆိုလာကြသည်။ ကျွန်တော် နွဲ့၍မရတော့။ ကျလာသည့်အလှည့် (သို့မဟုတ်) တာဝန်ကို
မဖြစ်မနေ ယူကိုယူရတော့မည်။ အခြားမဟုတ်ပါ။ ရပ်ကွက်ထဲက မူလတန်းကျောင်းကလေးမှာ
နှစ်စဉ်ကျင်းပသည့် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲတွင် ကျောင်းသူကျောင်း
သားကလေးများကို နာရီဝက်မျှ ဟောပြောပေးရန် ဖြစ်သည်။ ကျွန်တော်က ထိုကျောင်းကလေး၏
ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းတွင် အသင်းဝင်အဖွဲ့ဝင်
လူကြီးတစ်ယောက်အဖြစ် ပါဝင်နေခဲ့ရသည် မဟုတ်လား။
၂။
ကျောင်းဝိုင်းထဲရှိ အင်မတန်
အရိပ်ကောင်းလှသည့် ဧရာမ ကုက္ကိုပင်ကြီးအောက်က ဟောပြောပွဲမှာ
အတော်မိသားစုဆန်လှသည်ဟု ဆိုနိုင်သည်။ မည်သည့်ပကာသနမျှ မပါ။ ကျယ်ဝန်းသော
ထိုအရိပ်မှာ နှီးချောဖျာတွေ ဆက်ခင်းထားပြီးသူငယ်တန်းမှ စတုတ္ထတန်းအထိ
တစ်ကျောင်းလုံး ရှိသမျှကလေးတွေအားလုံး တစ်စုတဝေးကြီး ထိုင်နေကြသည်။
သူတို့ရှေ့ဘက်မှာမှ စားပွဲရှည်ကြီးတစ်လုံး ချထားပြီး ဆရာမကြီးနှင့်တကွ
မိဘဆရာအသင်းဝင် လူကြီးများက ကုလားထိုင်တွေနှင့် တန်းစီထိုင်ကြသည်။ တန်းပြဆရာ၊
ဆရာမလေးတွေက ကိုယ့်တန်းခွဲမှ ကလေးတွေအနီးမှာ ဝန်းပတ်၍ ထိုင်ကြသည်။
မူလ စီစဉ်ထားသည့်အတိုင်း ကျောင်းအုပ်ဆရာကြီးနှင့်
အမှုဆောင်လူကြီးများက ဆုရ ကလေးတွေကို ဆုချီးမြှင့်သည်။ လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍
စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့သော ဒုတိယ၊ တတိယနှင့် စတုတ္ထတန်းများမှ
ဆုရကလေးတွေကို အလှည့်ကျ ဆုချီးမြှင့်ကြခြင်းဖြစ်သည်။ ပြီးနောက်
ကျောင်းအုပ်ဆရာမကြီးက လွတ်လပ်ရေးနှင့် ပတ်သက်သော အကြောင်းကို
နာရီဝက်ခန့်ဟောပြောသည်။ အသံချဲ့စက်ပါဝင်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပီပီသသ
ကြားနိုင်ကြမည် ဖြစ်သည်။
'ကဲ... ဆရာမကြီးကတော့
လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဒီလောက်ပဲ ပြောပါ့မယ်။ အခု သားတို့ သမီးတို့ကို
ဆက်ဟောပြောမှာကတော့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်လည်းဖြစ်၊ မိဘဆရာအသင်း
အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးဦးတစ်ယောက်ပါပဲ။ သူက မိဘဆရာအသင်းရဲ့ကိုယ်စား
သားတို့သမီးတို့ကို ဟောပြောမှာကြားပေးမှာ ဖြစ်တယ်။ ဒါကြောင့် ငြိမ်ငြိမ် သက်သက်နဲ့
စိတ်ဝင်တစား နားထောင်ကြပါ'
ဆရာမကြီးက သူ့ကျောင်းသား၊ ကျောင်းသူ
ပရိသတ်နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးပြီးနောက် ကျွန်တော် ဟောပြောဖို့ အလှည့်ပေး
ဖိတ်ခေါ်သည်။ ကျွန်တော် ထိုင်ခုံက မတ်တတ်ရပ်လိုက်တော့ အသံချဲ့စက်သမားလေး
မိုက်စတင်းကို ကျွန်တော့်ရှေ့သို့ နေရာရွှေ့ပေးသည်။ ကလေးတွေကို ဝေ့ကြည့်လိုက်ရင်း
ကျွန်တော် စကားစရသည်။
'မင်္ဂလာပါ သားတို့သမီးတို့။
ဦးဦးကတော့ ဒီကျောင်းမှာပဲ စာသင်ခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက်ပါ။ အခုတော့
မင်းတို့ ဆရာမကြီး ထည့်သွင်း ပြောသွားသလို ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့
မိဘဆရာအသင်းတို့မှာ အဖွဲ့ဝင် အမှုဆောင်တစ်ယောက် ဆိုပါတော့။ ဦးဦး ဟောပြောမှာကတော့
သားတို့ သမီးတို့ လိမ္မာရေးခြားရှိဖို့၊ အကျင့် စာရိတ္တကောင်းဖို့၊ ပညာကို
ကြိုးစားသင်ယူကြဖို့၊ မိဘဆရာတွေကို ရိုသေတန်ဖိုး ထားတတ်ကြဖို့ ဆိုတဲ့
အကြောင်းတွေပဲပေါ့ကွယ်။ ဘယ့်နှယ်လဲ... ကြိုက်ကြရဲ့လားဟေ့'
'ကြိုက်ပါတယ် ခင်ဗျ'
သိပ်တော့ မဆိုးလှပါ။ ကလေးတွေက
သံပြိုင်ပြန် ဖြေကြသည်။ ကလေးတွေကို ပြောရတာဆိုတော့ သူတို့ကို မေးခွန်းထုတ်လိုက်၊
ကိုယ်က ပြန်ဖြေပြသွားလိုက် ပုံစံမျိုးနှင့် စခန်းသွားမှ ခရီးရောက်မည်။ သူတို့
စိတ်ဝင်စားနိုင်မည်ဟု ကျွန်တော် ယူဆမိသည်။ ထို့ကြောင့် ထိုဟော ပြောမှုပုံစံကိုပဲ
ကျွန်တော် ရွေး ချယ်ရပါသည်။ သူတို့ကို ဆွဲဆောင်နိုင်မည့် ပုံပြင်အတို အစကလေးတွေကို
အလျဉ်းသင့်သလို ကြားညှပ်ထည့်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပေမည်။
ပထမ ရတနာသုံးပါးနှင့် မိဘဆရာတို့ကို
ရိုသေလေးစားတန်ဖိုးထားတတ်ကြဖို့၊ ဒုတိယ အရွယ်သုံးပါး အကြောင်းရှင်းပြပြီး
ပထမအရွယ်မှာ ပညာရှာကြရစဉ် ကာလအတွင်း ထူးချွန်အောင် ကြိုးစားသင်ယူကြဖို့၊ တတိယ
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး စာရိတ္တမွန် မြတ်မှန်ကန်သူတွေ ဖြစ်အောင် သတိပြု
ဆောင်တည်ကြဖို့ စသဖြင့် ဦးတည်ပြောမည့်အကြောင်းအရာ ၃ ခုကို ကျွန်တော် စိတ်ကူးကာ
သတ်မှတ်ချက်ချထားပြီး ဖြစ်သည်။ ထိုဦးတည်ချက်များအတိုင်းပင် ကျွန်တော့် ဟောပြောမှုကို
တောက်လျှောက်သွားနိုင်ဖို့ သတိပြု ကြိုးစားရပါသည်။
'အခုပြောတဲ့
အရွယ်သုံးပါးထဲမှာ သားတို့ သမီးတို့က ဘယ်အရွယ်လဲ'
'ပထမ အရွယ်ပါ ခင်ဗျ'
'ပထမအရွယ်မှာ ဘာ အဓိကလဲ'
'ပညာသင်ဖို့ပါ ခင်ဗျ'
'ဟုတ်ပြီ၊ ငယ်ရွယ်စဉ်အခါမှာ
ပညာကို ကြိုးစား သင်ယူကြရမယ်နော်။ ငယ်ရွယ်စဉ်မှာ ပညာမရှာခဲ့လို့ ကြီးလာတော့
ဆင်းရဲဒုက္ခရောက်ပြီး သေသွားရတဲ့ ကုဋေရှစ်ဆယ် သူဌေးသား အကြောင်း ကဗျာကလေးကို
သားတို့လည်း သင်ကြရတာပဲ။ 'ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်၊
သူဌေးသားသည်' ဆိုတဲ့ ကဗျာကလေးကို ရကြတယ် မဟုတ်လား'
'ရပါတယ် ခင်ဗျ'
'အေး... အဲဒီကဗျာ ကလေးထဲကလိုပေါ့'ဟု အစ ချီကာ ကဗျာရွတ်လိုက် အဓိပ္ပာယ်ရှင်းပြလိုက်နှင့် ပုံပြင်လေး
တစ်ပုဒ်သဖွယ် ပြောပြသောအခါ ကလေးတွေ စိတ်ဝင်တစား နားစွင့်ကြသည်ကို တွေ့ရသည်။
'ဒါကြောင့် ပညာကြိုးစားဖို့
ဦးဦးပြောတာ။ သားတို့ သမီးတို့ ပညာတတ်ကြီးတွေဖြစ်မှ နောင်တစ်ချိန် လူကြီးဘဝကို ရောက်လာတဲ့အခါ
မိမိမြို့ရွာ၊ မိမိတိုင်းပြည် ကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်မယ်။
ကိုယ့်ဘဝရပ်တည်နိုင်မှုအတွက်လည်း စိတ်မပူရတော့ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၊
ကိုယ့်ဘဝ ကိုယ်ထူထောင်နိုင်မယ်။ နားလည်ကြပြီနော်'
'နားလည်ပါပြီ ခင်ဗျ'
ကျွန်တော်က မေးလိုက်၊ သူတို့က သံပြိုင်ဖြေလိုက်နှင့်
ပွဲက ခဏချင်းမှာပဲ အသက် ဝင်လာပါသည်။ ကျွန်တော့်မှာလည်း ဟောရင်းပြောရင်းကပင်
လမိုင်းကပ်လာသဖြင့် အတော် အရှိန်ရလာသည်။ ပြောလို့ ကောင်းလာသည်။ မူလ
သတ်မှတ်ချက်အတိုင်းပင်။ ဒုတိယပစ်မှတ်ဖြစ်သော ပညာသင်ကြားရေးအပိုင်း ပြောပြီးတော့
တတိယလျာထားချက်ဖြစ်သည့် ကိုယ်ကျင့်တရားကောင်းမွန်မှန်ကန်ရေးကို ကျွန်တော်
ဆက်ကူးရသည်။
'အခု သားတို့ သမီးတို့ကို
ဦးဦးပြောနေတာဟာ ပညာတော်ရုံသာမက စာရိတ္တပိုင်းမှာလည်း တကယ့်စံချိန်မီ
ကောင်းမွန်တဲ့သူကလေးတွေ ဖြစ်လာစေချင်လို့ပဲကွဲ့။ ဦးဦးတို့ မြတ်စွာဘုရားက ၃၈ ဖြာ
မင်္ဂလာတရားဆိုတာကို ဟောကြားထားတော်မူခဲ့တယ်။ အဲဒီ ၃၈ ဖြာ မင်္ဂလာကဗျာကို
ဖွဲ့ဆိုထားတဲ့ သီချင်းကလေးလည်း သားတို့ သမီးတို့ ရကြတယ် မဟုတ်လား။ တီဗီကတောင်
အမြဲမကြာခဏ လာတယ်လေ။ ဘာတဲ့ကွာ။ ဆိုလိုက်ကြရအောင်။ 'လူမိုက်ကိုလေ
ရှောင်သွေလွှဲလို့... မမှီဝဲနဲ့ ကင်းအောင်နေ...ပညာရှိကို အစဉ်တွဲလို့...မှီဝဲဆည်းကပ်
နည်းယူစေ...' ဟုတ်ကဲ့လား'
ကျွန်တော်က အသံနေအသံထားဖြင့် တေးသွား
သံစဉ်ကလေးအတိုင်း ဦးဆောင် သီဆိုပြလိုက်သောအခါ အတော်များများသော ကလေးပရိသတ်က
လိုက်ရွတ်ဆိုကြသဖြင့် အတော်မြိုင် ဆိုင်သွားသည်။ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်
ဖွဲ့ဆိုခဲ့သော ၃၈ ဖြာ မင်္ဂလာကဗျာကို သံစဉ်သွင်းထားသည့်သီချင်းမှာ
တီဗီ၏ကောင်းမှုကြောင့် အလွတ်ရနေသည့် ကလေးတွေက များသဖြင့် ဟန်ကျပန်ကျ ရှိလှသည်။
ကျွန်တော်နှင့် ကလေးများ အစေးကပ်နေကြပုံကို ကြည့်ကာ ဆရာ၊ ဆရာမများနှင့် မိဘဆရာ
အသင်းလူကြီးတွေကလည်း တပြုံးပြုံးဖြင့် ကျေနပ်အားရနေကြသည်။
'ကဲ... အဲဒီတော့
ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ သားတို့ သမီးတို့ ဘယ်လို စိတ်ထားမျိုး မွေးကြ မလဲ။
လိမ်ညာမပြောဘူး။ သူများပစ္စည်းကို မခိုးဘူး မဟုတ်လား။ တစ်ပါးသူနဲ့ ရန်မဖြစ်ဘူး။
အနိုင်မကျင့်ဘူး။ ချစ်ချစ်ခင်ခင်နေမယ်။ ပျော်ပျော်ရွှင်ရွှင် အတူတူ ကစားမယ်။
ရှိတဲ့မုန့်ကို အတူတူ မျှဝေစားမယ်။ ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေကို ညှာတာထောက်ထားမယ်။
သူတို့ကို မိမိတတ်နိုင်သမျှ ကူညီမယ်။ အဲလိုဆို မကောင်းဘူးလားဟေ့'
'ကောင်းပါတယ် ခင်ဗျ'
'အေး... ဒီတော့ သားတို့
သမီးတို့ မှတ်ထားကြရမှာက ကြီးသူကို ရိုသေရမယ်။ ရွယ်တူကို လေးစားရမယ်။ ငယ်သူကို
သနားရမယ်။ ဟုတ်ပြီလား။ အဲဒါဟာ မေတ္တာစိတ်ထားပဲ။ ဒီ စိတ်ထားကို
အစဉ်မွေးမြူနိုင်ခဲ့ရင် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး ချောမွေ့ပြီး
လိမ္မာယဉ်ကျေးသူကလေးတွေ ဖြစ်လာ ကြမှာပဲ။ ဦးဦးတို့ နိုင်ငံမှာ
သိပ်လေးစားစရာကောင်းတဲ့ တေးရေးဆရာကြီး မြို့မငြိမ်းဆိုတာ ရှိခဲ့ဖူးတယ်။ ဦးဦး
သိပ်လေးစားမိတဲ့ ဆရာကြီးပဲ။ သူက သားတို့ သမီးတို့လို လူငယ်ကလေးတွေကို
လူချွန်လူကောင်းကလေးတွေ ဖြစ်လာစေချင်တဲ့ စေတနာနဲ့ လူချွန်လူကောင်းဆိုတဲ့
သီချင်းတစ်ပုဒ် ရေးခဲ့ဖူးတယ်။ သားတို့ သမီးတို့ ကြားဖူးကြမှာပေါ့နော်'
ကျွန်တော့်မှာ ဟောပြောနေရင်းက
ဆရာငြိမ်း၏ သီချင်းကို အပြေးသတိရလာမိသဖြင့် ထည့်ပြောမိသွားပြန်သည်။
အကြောင်းအရာကလည်း အလျဉ်းသင့်ကာ အံဝင်ခွင်ကျ ဖြစ်နေသည် မဟုတ်လား။ နောက် သူတို့
အရွယ်လေးတွေနှင့် လိုက်ဖက်ညီနိုင်မည့် 'ဆရာဝန် ပညာတွေကို သင်၊
ခေတ်ရော ရှေ့မီသမားတော်များပင်' အပိုဒ်တို့၊ 'ကစားခုန်စား စွမ်းအားဘက်တွင် စံချိန် ရင်ဘောင်တန်းလိုက်လို့ယှဉ်၊ ခေတ်မီမီ
ကမ္ဘာကြည့်ကြည့်မြင်၊ သန်မြန်ယောကျ်ား ဘသားလျှင်' အပိုဒ်တို့ကို
ဆိုပြလိုက် ရှင်းပြလိုက် လုပ်ပေးလိုက်မိသေးတော့သည်။
'ဆရာကြီးက ဘယ်လို
ဆက်ရေးသွားခဲ့သေးသလဲဆိုတော့ သားတို့ သမီးတို့ အရွယ်လေးတွေနဲ့ ပတ်သက်လို့ 'ကလေးလေးတွေ ပညာရရှိဖို့တော့ အဖအမိပုံသွင်... အာစရိတွေပင်... လူချွန်
လူကောင်းလေးတွေ ဖြစ်အောင်... မြေတောင်မြှောက်ကာ မြှင့်တင်...' တဲ့။ ကြားဖူးကြတယ်နော်'
'ကြားဖူးပါတယ် ခင်ဗျ'
'အေး... ဟုတ်ပြီ။
သီချင်းကလေးက ပြောထားတာနော်။ မင်းတို့လို ကလေးလေးတွေ ပညာရရှိဖို့ကတော့တဲ့။ ဆရာ၊
ဆရာမတွေကလည်း မိဘတွေနဲ့ မခြားပါဘဲတဲ့။ လူချွန်လူကောင်း ကလေးတွေ ဖြစ်အောင်
ပညာသင်ပေးကြမယ်။ မြေတောင်မြှောက်ပေးကြမယ်တဲ့။ ဒီတော့ သားတို့သမီးတို့ကလည်း ဆရာ၊
ဆရာမတွေကို မိဘနဲ့မခြား လေးစားချစ် ကြည်ကြရမယ်နော်။ ဒီလိုပဲ 'လက်ဦးဆရာ မည်ထိုက်စွာ။ ပုဗ္ဗာစရိယ မိနှင့်ဖ'တဲ့။
လက်ဦးဆရာတွေ ဖြစ်တဲ့ မင်းတို့ရဲ့ မိဘတွေရော၊ အဲဒီမိဘတွေနဲ့ တစ်ဂိုဏ်းတည်း
ထားကြရမယ့် ဆရာ၊ ဆရာမတွေကရော နှစ်ဖက်ညှပ်ပြီး ဝိုင်းဝန်းသွန်သင်ဆုံးမနေကြပြီ
ဆိုမှတော့ တကယ်ရိုသေ လိုက်နာကျင့်ကြံကြမယ်ဆိုရင် မင်းတို့ဟာ တကယ်ပဲ
လူချွန်လူကောင်းကလေးတွေ ဖြစ်လာကြမယ်ဆိုတာ ယုံကြည် ကြရဲ့လားဟေ့'
'ယုံကြည်ပါတယ် ခင်ဗျ'
'အေး...ဒါဆိုရင် အဲဒီ
ယုံကြည်မှုအတိုင်း မလွဲမသွေ လိုက်နာစောင့်ထိန်းကြရင်း ပညာကို ကြိုးစားသင်ယူကြလို့
ကိုယ့်ကိုယ်ကိုယ် လိမ္မာယဉ်ကျေးတဲ့လူချွန်လူကောင်း ကလေးတွေဖြစ်အောင်
နေထိုင်ကျင့်ကြံ့ကြပါလို့ မှာကြားရင်း နိဂုံးချုပ်ပါတယ်ကွယ်။ အားလုံးပဲ မင်္ဂလာပါ'
နိဂုံးချုပ်မှာ ကျွန်တော် နာရီကို
တစ်ချက်ကြည့်သည်။ တော်ပါသေးရဲ့။ နာရီ ဝက်သာသာကလေးနှင့် ပွဲသိမ်းနိုင်လိုက်ခဲ့ခြင်း
ဖြစ်၍ အလောတော်ပါပဲဟု အဲဒီတော့မှ သက်ပြင်းချနိုင်ခဲ့လေသည်။
□
၃။
ကျွန်တော်၏ အလှည့်ကျ ဟောပြောမှုကို
ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမများ၊ မိဘ ဆရာအသင်းဝင် လူကြီးများ၊
ကျောင်းအကျိုးဆောင်အဖွဲ့မှ အမှုဆောင်များပါ မကျန် အားလုံးကပင် ကျေနပ်အားရကြသည်ဟု
ဆိုပါသည်။ ဟောပြောပွဲအပြီးမှာ ကျောင်းက ဧည့်ခံသော လက်ဖက်ရည်ပွဲတွင်
ဝိုင်းဝန်းထောမနာ ပြုကြခြင်းဖြစ်သည်။ ကျွန်တော်လည်း 'ကိုယ့်တာဝန်
တစ်ခုတော့ ကျေသွားပြီ'ဟု အတော်စိတ်ချမ်းမြေ့စွာနှင့်ပင်
အိမ်သို့ ပြန်လာခဲ့ရသည်။
အိမ်ရောက်တော့ မိန်းမက ဆီးမေးနေသဖြင့်
စောစောက ကျွန်တော် ဟောပြောခဲ့မိသမျှကို စိတ်ရှည်လက်ရှည်ပင်
ပြန်ဖောက်သည်ချမိပေသေး၏။ ကျွန်တော့်အဖေကတော့ ဘာမျှဝင်မမေးဘဲ ကျွန်တော်
ရှင်းပြသမျှကိုသာ နံဘေးမှ ခပ်ပြုံးပြုံးနားထောင် နေခဲ့လေသည်။
'သြော်... ကလေးတွေကို
ဟောပြောပါဆိုတဲ့အထဲက ရှင်က သီချင်းပါဆိုပြခဲ့ သေးတယ်ပေါ့လေ'
'အစကတော့ မရည် ရွယ်ဘူးဟေ့။
ပြောရင်းကနေ စိတ်ထဲ သတိရလာတာနဲ့ ဆိုတဲ့အထိ ရောက်သွားတာ။ သီချင်းနဲ့
ကိုယ်ပြောမယ့်အကြောင်းအရာကလည်း လိုက်ဖက်ညီ အံဝင်ခွင်ကျ ဖြစ်နေတာကိုး။
တောက်လျှောက်ဆိုပြနေတာ မဟုတ်ပါဘူးကွာ။ သင့်တော်တဲ့ အပိုဒ်ကလေး ဆိုပြလိုက်၊
ပြန်ရှင်းပြလိုက်ပေါ့'
'ကောင်းပါလေ့တော်၊
ဆရာမကြီးတို့နဲ့ မိဘဆရာအသင်းက လူကြီးတွေလည်း ကျေနပ်ကြတယ်ဆိုရင် ပြီးတာပါပဲ။
ကိုယ့်ဝတ္တရား တစ်ခုလည်း ကျေပွန်သွားတာပေါ့'
ဇနီးသည်က ခပ်ပြုံးပြုံးပင်
မှတ်ချက်ချ၏။ အဲဒီ နောက်တော့ ကျောင်းမှာတုန်းက အနည်းငယ် စိတ်ပန်းလူပန်း
ဖြစ်ခဲ့သမျှ ပြေပျောက်ကာ လန်းဆန်းသွားရအောင် ရည်ရွယ်ကာ ကျွန်တော် ရေချိုးသည်။
ရေအေးအေးကို စိမ်ပြေနပြေ ချိုးရင်းက
ကျောင်းမှာတုန်းက ဣန္ဒြေမပျက် ချောမောစွာ ဟောပြောနိုင်ခဲ့မှုကို ပြန်စဉ်းစားကာ
ကျွန်တော် များစွာကျေနပ်ပီတိ ဖြစ်နေမိရသေး၏။ ရေမိုးချိုးပြီး အိမ်နောက်
ဖေးခန်းထဲမှာ ကျွန်တော် အဝတ်ခြောက်များ လဲလှယ်နေမိတုန်း ရှိသေး။ အိမ်ရှေ့ဘက်ဆီမှ
စီခနဲသော ဇနီးသည်၏ အသံကျယ်ကျယ်ကို ကြားရ၏။ မိန်းမ၏အသံက သာမန်မဟုတ်။ သာမန်ထက်
တော်တော်ကလေး ပိုနေသော ပူညံပူညံ အသံမျိုး ဖြစ်နေသည်။
'ဟေ့ ဘာတွေ
ပွက်လောရိုက်နေတာလဲကွ။ ဆူဆူညံညံနဲ့'
ကျွန်တော် အိမ်ရှေ့ခန်းသို့
ပြန်ထွက်လာရင်း အော်မေးလိုက်သည်။ တစ်ဆက်တည်းပင် တစ်ခုခုကြောင့် ဒေါပွနေပုံရသော
မိန်းမ၏ မျက်နှာထားကို သတိပြုလိုက်မိသည်။ မိန်းမ၏ရှေ့မှာ ရပ်လျက်ရှိသော ကျွန်တော့်
သားတော်မောင် ၄ တန်း ကျောင်းသားကတော့ ငိုမဲ့မဲ့နှင့် ကျွန်တော့်ကို
လှမ်းကြည့်လေသည်။ သူတို့သားအမိ တစ်ခုခုတော့ မကျေမလည် ဖြစ်နေကြတာပဲဟု အကြမ်းဖျင်း
ကျွန်တော် သိလိုက်သည်။
'ဘာဖြစ်ရမလဲတော့်၊ ဒီမှာ
တော့်သားတော်မောင်က ကျောင်းကအပြန်မှာ တခြားကလေးတစ်ယောက်နဲ့ ရန်ဖြစ်လာခဲ့သတဲ့လေ။
ပြီးတော့ သူက ခံလာခဲ့ရသတဲ့။ သူနဲ့အတူ ပြန်ပါလာတဲ့ ကလေးက ပြောသွားတယ်။ ဟုတ်မှာပါပဲ။
ဒီမှာလာကြည့်ပါဦး။ မျက်နှာမှာ အစင်းရာ အခြစ်ရာတွေနဲ့။ အသုံးကို မကျဘူး။
ရန်ဖြစ်လာပြီတဲ့ဆိုရင် သူက ခံလိုက်ရတာချည်းပဲ။ သူက လုပ်ခဲ့ရတယ်လို့ပဲ မရှိဘူး'
မိန်းမက မကျေမနပ် လေသံနှင့်
လှမ်းပြော၏။ ကျွန်တော့်ရင်ထဲ ထူခနဲပူခနဲ ဖြစ်သွားသည်။
'သား ဘယ်လိုဖြစ်လာတာတုံး။
အဖေ့ကို ပြောစမ်း'
သားအနားသို့ အမြန်လျှောက်သွားကာ
ထိုင်ချလိုက်ရင်း မေးလိုက်သည်။ ကြည့်လိုက်တော့ သားမျက်နှာပေါ်မှာ အညိုအမည်းစွဲ
ဒဏ်ရာတစ်ချက်နှင့် အစင်းရာ အခြစ်ရာတချို့ကို တွေ့ရသည်။ သားက ငိုမဲ့မဲ့ ဖြင့်
ပြန်ပြောသည်။
'သားတို့ အတန်းထဲက
အကောင်နဲ့ချကြတာ။ ကျောင်းက အပြန်လမ်းမှာ ရန်စလို့ ဖြစ်ရတာ။ သူက သားမျက်နှာကို
လက်သီးနဲ့ ထိုးတယ်။ လက်သည်းနဲ့လည်း ကုတ်ဆွဲတယ်'
'အဲဒီတော့ မင်းက ဘာမှ
ပြန်မလုပ်နိုင်ခဲ့ဘူးလား'
'ဘယ်လိုလုပ်
လုပ်နိုင်မှာလဲ အဖေရ။ သူက အရင်လုပ်ပြီး ထွက်ပြေးတာကိုး။ ဒါကြောင့် သား ခံလာခဲ့ရတာ'
ကျွန်တော့်ရင်ထဲ ထောင်းခနဲ
ဖြစ်သွားသည်။ တောက်တစ်ချက် ခေါက်လိုက်မိတော့ သားက လန့်ဖျပ်သွားသလို ဆတ်ခနဲ
တုန်သွားသည်။ ကျွန်တော်ပါ သူ့ အမေလို ဒေါပွသွားပြီဆိုတာ သိသွားပုံဖြင့်
ငိုမဲ့မဲ့မျက်နှာထားက ပို၍မဲ့လာသည်ကို မြင်ရ၏။ 'ဖြစ်ပြီတဲ့ဟေ့'
ဆိုလျှင် ခံလာခဲ့ရတာမျိုး ကျွန်တော် လုံးဝမကြိုက်။
'မင်းကွာ၊ ဖြစ်ပြီဆိုရင်
ကိုယ်က လက်ဦးမှု ယူရတယ်လို့ ငါ ဘယ်နှခါပြောထားခဲ့သလဲ။ ငါ သင်ပေးထားတဲ့
လက်သီးထိုးနည်းတွေက အဲဒီအချိန်မှာ ဘယ်တွေရောက်ကုန်သတုံး။ မင်းမှာ လက်မပါဘူးလား။
သူက ထွက်ပြေးတော့ကော နောက်က ပြေးလိုက်စရာ ခြေထောက်မပါဘူးလား။ လိုက်မမီတောင်
တွေ့ရာခဲလုံးကောက်ပြီး လှမ်းထုပါတော့လား။ ညံ့ကို ညံ့တယ်။ နေနှင့်ဦး။ အဲလို
ခံလာခဲ့ရတဲ့ အတွက်ကြောင့်ကို မင်းကို ငါ ထပ်ရိုက်ဦးမယ်။ ဘယ်မလဲ ဝါးခြမ်းပြား။
မင်းတော့ သေဖို့သာပြင်ပေတော့။ ဒီလောက်ပဲ ဖျင်းဖျင်းနိုင်လွန်းတဲ့ ကောင်။ ငါက
မင်းကို နေရာတကာမှာ နံပါတ်တစ်ချည်းပဲ ဖြစ်စေချင်တာ'
ပြောရင်း ပြောရင်းက ကျွန်တော့်ဒေါသ
အရှိန်မြင့်လာကာ ဟိုဟိုဒီဒီ ဝါးခြမ်းပြားရှာဖို့ နောက်ဖေးသို့ ထွက်ခဲ့သည်။
ကျွန်တော့်ရင်ထဲမှာ ဆူဝေနေသည်။ ကျွန်တော် ဝါးခြမ်းပြား ရှာနေစဉ်အတွင်းမှာပင်
အိမ်ရှေ့က စီစီညံညံ မြည်တွန်တောက်တီးသံတွေကို ကြားနေရသည်။ ဝါးခြမ်း ပြားယူပြီး
ပြန်ထွက်လာခဲ့တော့ ထင်သည့်အတိုင်းပင်။ ဇနီးသည်၏ မောင်ငယ် ကျွန်တော့်ယောက်ဖက
အပြင်မှပြန်ရောက်လာကာ ပြဿနာထဲ ဝင်ပါနေနှင့်သည်ကို တွေ့ရ၏။ သူကလည်း သူ့တူ
တော်မောင်၏ မျက်နှာပေါ်က ဒဏ်ရာတွေကိုကြည့်ကာ တရှူးရှူး ဒေါပွနေသည်။
'ပြောစမ်း၊ ငါ့တူကို
ဘယ်ကောင်က လုပ်လိုက်တာလဲ။ လာ... အခု ပြန်သွားမယ်။ ငါ့ကိုသာပြ။ ငါ့တူကို
လုပ်လိုက်တဲ့ကောင်တော့ ကိုင်ဆောင့်ပစ်လိုက်မယ်။ နောက်ကျရင် မှတ်ထား။ ကိုယ်က
အရင်ချကွ'
မအေက တစ်မျိုး၊ ဦးလေးက တစ်မျိုး
ဆူပူနေကြသည့်အထဲ ဖအေဖြစ်သူ ကျွန်တော်ကလည်း ဝါးခြမ်းပြား လက်ထဲကိုင်လာတာ မြင်တော့
သားတော်မောင်မှာ နေစရာမရှိတော့သလို ငိုမဲ့မဲ့ဖြစ်နေရာမှ ဝါးခနဲထကာ
အော်ငိုလေတော့သဖြင့် အိမ်ရှေ့ခန်းထဲမှာ ပို၍ ကျွက်ကျွက်ညံသွားသည်။ ဇနီး သည်ကလည်း
သူ့သား ခံလာရတာကို မကျေနပ်။
'ဟေ့ကောင်၊ မင်းဖယ်စမ်း။
ဒီကောင်တော့ မှတ်လောက်အောင် တွယ်လိုက်ဦးမယ်။ နောက်ဆိုရင် ခံလာခဲ့မိရင် အိမ်က
ထပ်ရိုက်တာခံရဦးမယ်ဆိုတာ သိသွားရအောင် လုပ်ပြထားမှ ဖြစ်မယ်။ သင်းကို
အဲလိုပညာပေးထားမှ'
ကျွန်တော်က ယောက်ဖကို လှမ်းပြောရင်းက
သား၏လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲယူလိုက်သည်။ ဒေါသဖြင့် ဆောင့်ဆွဲလိုက်ကာ
ဝါးခြမ်းပြားစာ ကျွေးဖို့ ဟန်ပြင်နေဆဲမှာပင် ဆူညံ ဆူညံ အသံတွေကြောင့်
အိမ်အပေါ်ထပ်မှ ဆင်းလာသော ကျွန်တော့်အဖေ၏ အသံက ဖြတ်ဝင်လာသည်။ ကျွန်တော်တို့
အားလုံးကို ခြုံငုံ၍ အမိန့်ပေးလိုက်သလို လေသံမျိုး။
'ဟိတ်... တော်ကြစမ်း၊
မင်းတို့ဟာက ကျီးကန်းတွေ ဝိုင်းအာနေကြသလိုပဲ။ ဘာမဟုတ်တဲ့ ကိစ္စလေးကို
ပုံကြီးချဲ့ပြီး ကလေးကို ဝိုင်းဆုံးမနေကြပုံက တလွဲဆံပင်ကောင်းနေကြတာမျိုးကြီးကို၊
မင်းတို့ ကိုယ့်သားသမီးကိုယ် တကယ်ကော ချစ်တတ်ကြရဲ့လား။ ကိုယ့်တူကိုယ့်သားကို
တကယ်လိမ္မာထူးချွန်စေချင်တာကော ဟုတ်ရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြ။
လာ...ငါ့မြေး။ ဘဘနဲ့ လိုက်ခဲ့'
အဖေက သူ့မြေးသူ ဝင်ဆွဲလိုက်သဖြင့်
ကျွန်တော် မရိုက်သာတော့။ မိန်းမနှင့် ယောက်ဖတို့လည်း ငြိမ်ကျသွားသည်။
ထိုအချိန်မှာပဲ အဖေက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်ရင်း ပြောသည်။
'ဒါနဲ့ မင်းပဲ အလှည့်ကျလို့
ဒီကနေ့ကျောင်းမှာ ကလေးတွေ လိမ္မာထူးချွန်ရေး ပြောဟောလာခဲ့ရသေးဆိုကွ။
စိတ်လျှော့လိုက်ပါတော့ကွာ။ မင်းတို့ကိုသာ ပြောနေရတာပါ။ အဖေ ငယ်ငယ်တုန်းကလည်း အခု
မင်းဒေါပွသလိုမျိုး ပွခဲ့ဖူးတာပါပဲ။ ဒါပေမယ့် ငါပြောမယ်။ အခုကိစ္စမှာ
မင်းတို့အားလုံး မှားနေတယ်။ ကိုယ့်ဆုံးမပဲ့ပြင်မှုကို ကိုယ်စိတ်အေးအေး
ပြန်တွေးကြည့်ကြ။ ဒါပဲ။ လာ... ငါ့မြေး။ ဘဘက မုန့်ကျွေးမယ်'
အဖေက သူ့မြေးလက်ကို ဆွဲကာ
အိမ်အပေါ်ထပ်သို့ ပြန်တက်သွားတော့သည်။ ကျွန်တော် သိနေပါသည်။ အပေါ်ထပ်
အိပ်ခန်းထဲရောက်တော့မှ သူ့မြေးသူ မုန့်ကျွေးကာ အေးအေးဆေးဆေး နူးညံ့သိမ်မွေ့သော
လေသံဖြင့် ပြောဆိုဆုံးမရော့မည်ဟု။ နောက်နောင် ရန်မဖြစ်ဖို့၊ ရန်ရှောင်ဖို့၊
ရန်ငြှိုးရန်စ မွေးမြူမထားဖို့ အားလုံးနှင့် ချစ်ချစ်ခင်ခင်
သည်းခံပေါင်းသင်းဖို့စသော သွန်သင်ချက်များကို သူ့မြေးသူ စိတ်ရှည်လက်ရှည်
တစ်လုံးချင်း ရှင်းပြပေ ရော့မည်ဟု။
အဲဒီတော့မှပင် ဗလောင်ဆူနေသော
ကျွန်တော့်စိတ်ထဲသို့ သတိကလေး ပြန်ဝင်လာသည်။ ဟုတ်ပေရဲ့။ အဖေ ပြောသွားခဲ့သလိုပါပဲ။
ညနေ မစောင်းခင်ကမှ ကျောင်းမှာကလေးတွေကို လူချွန်လူ ကောင်းကလေးတွေ ဖြစ်အောင်
ကြိုးစားကြဖို့ ကျွန်တော် ပြောဟောလာခဲ့သေးတာပဲဟာ။ ပြောဟောပြီး အိမ်ပြန်ရောက်လို့မှ
တစ်နာရီသာသာ ရှိသေး။ ကျွန်တော် ဘာကြောင့် မှားယွင်းသွားခဲ့မိရပါလိမ့်။
ဘာကြောင့်များ ဤမျှ ဣန္ဒြေမဆည်နိုင်လောက်အောင် လှုပ်ခတ်သွားခဲ့ရပါလိမ့်။
ဘာကြောင့်များ ဤမျှ ကလေးဆန်သွားခဲ့ရပါလိမ့်။
'ငါ့ဟာက မဟုတ်သေးပါဘူး'ဟု ပြန်မှတ်ချက်ချရင်း ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်ကာ အတော်ကြာသည်အထိ
စိတ်တည်ငြိမ်သွားအောင် ပြန်လျှော့ချယူနေရသေး၏။ မိန်းမနှင့် ယောက်ဖတို့ကိုလည်း
မည်သည့်စကား ဆက်ပြောရမှန်း မသိတော့။ ဖြေရှင်းစရာ စကားလုံးတွေက ကျွန်တော့်မှာ
လတ်တလောအားဖြင့် ပျောက်ရှနေသည်။
တဖြည်းဖြည်း ပြန်စိတ် အေးသွားတော့မှ
သားအပေါ် သွန်သင်ဆုံးမမှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် ကျွန်တော် ဤသို့မှားယွင်း
သွားခဲ့ရသနည်းဟု ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေး ကြည့်လိုက်မိသည်။ ကိုယ်က
မှားပြီဆိုလျှင် ထိုမှားယွင်းမှု အပြစ်မှအလွတ်ရုန်းရန် စောဒကကို ဆီလိုအပေါက်ရှာ
ရှာဖွေတတ်သော လူ့သဘာဝကြောင့်ပေပဲလားတော့ မပြောတတ်။ အကြောင်းပြ ကာကွယ်မည့်
ဆင်ခြေဆင်လက်တွေ ကျွန်တော့်ရင်ထဲမှာ ဆက်တိုက်ပင် တစ်ခုပြီးတစ်ခု
ထွက်ပေါ်လာခဲ့ကြလေသည်။
'ကျီးကန်းတွေ ဝိုင်းအာတာ
မဟုတ်ပါဘူး အဖေရာ။ ဒါက အရေးကြီးတော့ သွေးနီးတယ် ဆိုသလိုမျိုးပါ'တဲ့။
'အို... ကျွန်တော်တို့
အမျိုးကလက်သည်းဆိတ်တော့ လက်ထိပ်နာတတ်တဲ့ အမျိုးပဲဟာ' တဲ့။
ဖြေသိမ့် လျှောက်လဲစရာ ဆင်ခြေတွေ
တစ်ခုပြီးတစ်ခု ထွက်လာကြ၏။ ထိုဆင်ခြေများနှင့် ပတ်သက်၍ 'မင်းဟာ
မခိုင်လုံလှပါဘူးကွာ။ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာလို့ရရိုးလား။ ဆင်သေကို
ဆိတ်ရေနဲ့ ဖုံးသလိုကြီး'ဟုများ အဖေက ထပ်နှိပ်ကွပ်ဦးမည်လား။
ကိစ္စမရှိပါ။ ကျွန်တော်၏ မှားယွင်းမှုနှင့် ပတ်သက်၍ ဘေးဆီးရန်ကာ နောက်ဆုံးကာ
ကွယ်စရာခံတပ်တစ်ခုအဖြစ်နှင့် ကျွန်တော့်ရင်ထဲမှ အင်အားမဲ့စွာ ပျော့စိစိချည့်နဲ့နဲ့
ထွက်ပေါ်လာခဲ့သေးသော နောက်ဆုံး အကြောင်းပြချက် စောဒကလေးတစ်ခုလည်း ဝှက်ဖဲတစ်ချပ်ပမာ
ကျန်ရှိနေပါသေးသည်။
'မိဘမေတ္တာကြောင့်လည်းပဲ
ဖြစ်နိုင်ပါတယ် အဖေ'တဲ့။
(ညီငယ်တစ်ယောက်သို့
ရည်ညွှန်းပါသည်)
နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်