ဆိုဝ်ငြယ်
ခေတ်တစ်ခုဟု ဆိုရာတွင် ထိုခေတ် ထိုကာလတွင် ပေါ်ပေါက်ခဲ့သည့် ဦးဆောင်သူ၊ သို့မဟုတ် ထင်ရှားသူတို့ကို ရည်ညွှန်းရမြဲပင် ဖြစ်မည်။ သမိုင်းကို သင်ခြင်းသည် အနာဂတ်ကို တည်ဆောက်ရန်ဖြစ်သည်။ လူသားတို့၏ သမိုင်းခေတ်၏ သမိုင်းတို့တွင် ထင်ရှားသူတို့ ရှိမြဲ ဖြစ်သည်။
ယနေ့ခေတ်ကာလတွင်လည်း နိုင်ငံကို ဦးဆောင်သူများ
ကမ္ဘာ့အရေးတွင် ဩဇာကြီးသူများသည် ယနေ့ခေတ် သမိုင်းကို ရေးထိုးနေကြသူတွေ ဖြစ်သည်။
ယနေ့ခေတ်၏ သစ်လွင်ဆုံးသော အားပြိုင်မှုထဲတွင် ဒီမိုကရေစီစနစ်နှင့်
ကွန်မြူနစ်စနစ်တို့ကို အခြေခံထားကြသော နိုင်ငံကြီးများ၏ ဩဇာလွှမ်းမိုး
သက်ရောက်မှုများကို မေ့ထား၍ မရ။ ဒီမိုကရေစီစနစ်၏ အခြေခံကို လေ့လာရာတွင်
အမေရိကန်နိုင်ငံ၏ နိုင်ငံရေးသမိုင်းနှင့် အမေရိကန်ကို ဦးဆောင်သူတို့သမိုင်းကို
ခြေရာကောက်ရပေလိမ့်မည်။ ထို့အတူ ကွန်မြူနစ်တို့၏ သမိုင်းကို လေ့လာလျှင်
ကွန်မြူနစ်စနစ်ဖြင့် အင်အားကြီးမားနေသည့် တရုတ်နိုင်ငံသမိုင်းကို
လေ့လာရပေလိမ့်မည်။
ကမ္ဘာပေါ်တွင် နယ်မြေဧရိယာကျယ်ဝန်းလှသော၊
ယဉ်ကျေးမှု အစဉ်အလာကြီးမားပြီး အမျိုးဂုဏ် ဇာတိဂုဏ်ကို ကိုးကွယ်လွန်းကြသော
တရုတ်ပြည်၏ ကွန်မြူနစ်သမိုင်းကို လေ့လာကြည့်လျှင် မဖြစ်မနေ လေ့လာရမည့်
သမိုင်းရေးထိုးသူတစ်ဦးကာ မော်စီတုံး အကြောင်းပင် ဖြစ်ပေလိမ့်မည်။
ဥက္ကဋ္ဌကြီးမော်ဟု တရုတ်တို့၏
နိုင်ငံရေးဖြစ်စဉ်အပေါ် ဩဇာကြီးမား သက်ရောက်ခဲ့သူ၊ ယနေ့ခေတ်အထိ သူ၏
အယူအဆများစွာကို လွှမ်းမိုးထားနိုင်စွမ်းရှိသူတစ်ယောက်၏
နိုင်ငံရေးကြိုးပမ်းချက်များသည် ယနေ့ လူငယ်တိုင်း လေ့လာသင့်သည့် မှတ်တမ်းများပင်
ဖြစ်နေသည်။
ကြီးမားကျယ်ပြန့်ပြီး လူဦးရေထူထပ်ကာ
လူမျိုးစုံလှသော တရုတ်ပြည်အား စုစည်းကာ ယနေ့ တရုတ်ပြည်အတွက် အုတ်မြစ်ချခဲ့သည့်
မော်။ တရုတ်ပြည်၏ နိုင်ငံရေးအပြောင်းအလဲတွေအား သမိုင်းအပြောင်းအလဲအဖြစ်ပါ
ဖော်ဆောင်နိုင်ခဲ့သော မော်၏ လုပ်ရပ်များ၊ ကြိုးပမ်းမှုများ၊ အယူအဆများ
သူ၏အတွေးအခေါ်များ ခံယူချက်များကို ဤစာအုပ်ထဲတွင် တွေ့နိုင်လေသည်။
ဆင်းရဲလှသည့် လယ်သမားတစ်ယောက်၏သားအဖြစ်
မွေးဖွားလာခဲ့သည့် တရုတ်နိုင်ငံ လူငယ်လေးတစ်ယောက်သည် တရုတ်နိုင်ငံ၏ ကြီးမားသည့်
နိုင်ငံရေးအပြောင်းအလဲ၊ သမိုင်းတစ်ဆစ်ချိုးအပြောင်းအလဲကို ယူဆောင်လာခဲ့လိမ့်မည်ဟု
မည်သူကမျှ ထင်ခဲ့မည် မဟုတ်။ ထင်စရာမရှိလောက်အောင် ဆင်းရဲနုံချာလှသည့် တောရွာလေးမှ
ကောင်လေးတစ်ယောက်သည် စိတ်ဓာတ်အင်အား ပြင်းပြစွာဖြင့် ကြီးပြင်းလာခဲ့လေသည်။
မိဘဘိုးဘွားတို့၏ ထုံးတမ်းဓလေ့ဖြင့်
ဖိနှိပ်၍မရသော၊ ယဉ်ကျေးမှု အစဉ်အလာတို့အောက်တွင် ပိပြားမနေသော လူငယ်လေးတစ်ယောက်၏
သစ်လွင်သော အတွေးအခေါ် အယူအဆများကို တိုက်ချွတ်ပစ်လိုက်သည့်စိတ်တို့အား
စာဖတ်ခြင်းမှ ရခဲ့သည်။ ထို့နောက် ဘဝအတွက် ရုန်းကန်ရခြင်းတစ်ဖက် အတွေးအခေါ်သစ်တို့အား
ရှာဖွေခြင်းနှင့် ဖြန့်ဖြူးခြင်းကတစ်ဖက်ဖြင့် သူ မအားလပ်အောင် ရှိခဲ့သည်။
ထိုသို့ဖြစ်စေသည့် တွန်းအားတို့၏
အစကားကားလ်မတ်ဝါဒနှင့် လီနင်ဝါတို့၏ လွှမ်းမိုးမှုမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။
လူငယ်ဘဝတစ်လျှောက် လယ်လုပ်၊ ကျောင်းဆရာ၊ ကူလီ၊
စာကြည့်တိုက်စောင့်၊ အဝတ်လျှော် စသဖြင့် ဘဝမျိုးစုံကို ကျင်လည်ခဲ့ဖူးသည့်
လူငယ်တစ်ယောက်သည် အစားအသောက်တို့ ငတ်တစ်လှည့် ပြတ်တစ်လှည့်ကြားမှ
အတွေးအခေါ်အသစ်တို့ဖြင့်ကား သစ်လွင်ခဲ့သူ ဖြစ်လေသည်။
သူ၏ နိုင်ငံလှုပ်ရှားမှုတိုင်းသည်
ချောမွေ့လွယ်ကူလွန်းခဲ့သည်ချည်း မဟုတ်ခဲ့။ အတိုက်အခံတို့ များစွာရှိသည်။
သစ္စာဖောက်သွားသူတို့ မရေမတွက်နိုင်အောင် များပြားလှသည်။ သပ်လျှိုသွေးခွဲသူတို့
သူ့အနား ဝေ့သီနေကြသည်။ သူ၏ လည်ပင်းဖက် ပေါင်းသင်းရသူများ သွေးချောင်းစီးသွားကြသည်။
ဖမ်းဝရမ်းထုတ်ခံရပေါင်း မနည်း။ အသက်ဘေးအန္တရာယ်ခြိမ်းခြောက်ခံရမှုတို့
မရေမတွက်နိုင်အောင် ကြုံခဲ့ရသည်။
နောက်ဆုံး ဇနီးသည်နှင့် သားဖြစ်သူတို့
သေဆုံးကြသည်အထိ ပေးဆပ်ကြရသည်။သို့သော် သူ မရပ်တန့်ခဲ့။ သူ၏ ခရီးကြမ်းက
ရှည်လျားသည်ကို သူတွေးခဲ့ပြီးသား။
မတူညီသည့် အယူအဆများနှင့် အနောက်အုပ်စု၊
ဂျပန်ဩဇာခံ၊ ပြည်တွင်း မျိုးချစ်အင်အားစုများ၊ ဆွန်ယက်ဆင်အုပ်စု၊
ချူအင်လိုင်းအုပ်စု မြောက်မြားစွာကြားထဲတွင် မော်လှုပ်ရှားတည်ဆောက်
အုတ်မြစ်ချခဲ့သည်မှ ယနေ့ တရုတ်ပြည် ဖြစ်လာခဲ့သည်။
မြောက်မြားစွာသော ပြုပြင်ပြောင်းလဲမှုများနှင့်
ကြီးမားလှသော ဘေးထွက်ဆိုးကျိုးများကို သူဖန်တီးခဲ့သည်။ သူ့အား ဘုရားသခင်ကဲ့သို့ ကိုးကွယ်သူရှိသလို
စေတန်ကဲ့သို့ မုန်းတီးသူတွေ ဒုနှင့်ဒေး...။
သို့သော် တရုတ်၏ သမိုင်းကြောင်းကြားတွင်
မော်စီတုံးကာ မားမားမတ်မတ်တည်ရှိဆဲ။ မေ့ဖျောက်ပစ်ရန် မျက်ကွယ်ပြုထားရန်
မဖြစ်နိုင်သော ခေါင်းဆောင်တစ်ယောက်အဖြစ် တရုတ်ပြည်ရှိသရွေ့ တည်ရှိနေမယ့်သူ။
မော်၏ ဘဝဖြတ်သန်းမှုနှင့် သူ၏ လက်သုံးစကားများ၊
ပြည်သူတို့၏ ခွန်အားအပေါ် သူ၏ ယုံကြည်မှု၊ သူ့ဘဝတစ်လျှောက်လုံး နိုင်ငံရေး
လှုပ်ရှားမှု ကြိုးပမ်းမှုတို့ကို တွေ့ရမည့် စာအုပ်ဖြစ်သည်။
ပြည်သူတို့၏ ခွန်အားသည် ဒီရေကဲ့သို့
မြှင့်တက်လာကြရမည့်အကြောင်းကို သူပြောခဲ့သည်။ သူ၏ တွေးခေါ်ချက် ယူဆချက်တွေက
တိကျပြတ်သားနေကြသည်။ စာကို အရူးအမူးဖတ်ခဲ့သော၊ ကဗျာတွေကို ချစ်တတ်သော
ခေါင်းဆောင်တစ်ယောက်၏ နိုင်ငံရေး သွားလမ်းတစ်လျှောက်ကို ခြေရာကောက်ထားသည်ဟု
ဆိုရမည့် ဒီရေမြင့်သစ်။
အတ္ထုပ္ပတ္တိစာပေဟု ဆိုနိုင်သော်လည်း နိုင်ငံရေး
ကျမ်းတစ်စောင်ကဲ့သို့ အတုယူစရာ လေ့လာစရာတွေ များပြားလှသည့် ဤစာအုပ်ကို
ဆရာမြသန်းတင့်က စာပေတံတားထိုးကာ ဘာသာပြန်ပေးသွားခဲ့သည်။
သမိုင်းကို လေ့လာကြသည်မှာ အနာဂတ်ကို
တည်ဆောက်ဖို့ဟု ဆိုလျှင် ဤစာအုပ်သည် လူတိုင်း လေ့လာသင့်သည့် သမိုင်းတစ်စဖြစ်မည်။
စဉ်းစားဆင်ခြင်စရာ အတုယူလေးစားစရာတို့ဖြင့် ပြည့်နေသော စာအုပ်တစ်အုပ်
သမိုင်းတစ်စအဖြစ် တစ်ကြိမ်မျှ ဖတ်ကြည့်လျှင်ပင် အကျိုးမယုတ်စေနိုင်သော
စာအုပ်တစ်အုပ်ပင် ဖြစ်သည်။
▀
ဆိုဝ်ငြယ်
#ဒီရေမြင့်သစ် သို့မဟုတ်
မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး
#ဘာသာပြန်သူ- မြသန်းတင့်
#မူရင်း- The Morning
Deluge. MAO TSETUNG and The Chinese Revolution
#မူရင်း ရေးသားသူ - HAN
SUYIN
#စာမျက်နှာ-၅၇၆ မျက်နှာ
#တိုက်ထုတ်ရောင်းဈေး- ၁၅၀၀၀ ကျပ်
#မျက်နှာဖုံးပန်းချီ-တင်ထွဏ်း
#ဒုတိယအကြိမ်၊၂၀၂၃ခုနှစ်၊ဇွန်လ
#ဘဝတက္ကသိုလ်စာပေ
တကယ်တော့ ဗင်းဆင့်ဟာ ဒီကမ္ဘာမြေအတွက် အရောင်တွေနဲ့ စကားပြောတတ်ဖို့၊ ချစ်ခြင်းမေတ္တာတွေကို အလေးထားတတ်ဖို့နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာတတ်ကြဖို့ ရောက်လာခဲ့သူ တစ်ယောက်လို့သာ ဆိုချင်ပါတယ်။
သတင်းသမားတွေဟာ မှန်ကန်တဲ့ သတင်းကျင့်ဝတ်တွေအစား ပေါက်ပန်းစျေးစကားတွေပြောတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ချင်တာတွေကို ပြောတယ်။ ပြည်သူတွေကို အယုံသွင်းကြတယ်။ ကိုယ်နဲ့မတည့်တဲ့အဖွဲ့ကို လက်ညှိုး...
လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်အဖြစ် မွေးဖွားလာကြတာ မဟုတ်သလို လူဆိုးတစ်ယောက်အဖြစ် မွေးဖွားလာကြတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီလူအပေါ် လွှမ်းမိုးနေတဲ့ သူ့နေ့စဉ်နေထိုင်မှုဘဝနဲ့...