ရွှေအသစ်

အဝါရောင် ရင်ကွဲ

မင်းဝေဟင်

01 January 2026
အဝါရောင် ရင်ကွဲ
Share to

        ပထမအကြိမ် နီမကြီး အသက်ဘေးက လွတ်သွားတော့ သာထူးဖြင့် ပျော်လိုက်ရတာ။ နီမကြီးကို ဖက်လို့ ကွင်းပြင် အနှံ့လျှောက်ပြေးလိုက်တာ သာထူးရော နီမကြီးပါ ဖက်ဖက်ကိုမောပဲ။ သာထူးရဲ့ အပျော်တွေကို နီမကြီးက မသိတော့ အိမ်ရောက်ရောက်ချင်း မောမောနဲ့ အိပ်ပျော်သွားလိုက်တာ ရှူးရှူးကို မြည်လို့။ သာထူးကတော့ အဲဒီညက တော်တော်နဲ့ အိပ်မပျော်ဘဲ ချွတ်ချွတ် သံကြားတိုင်း နီမကြီးကို ထထကြည့်ရတာလည်း အမော။ မှတ်မှတ်ရရ အိပ်မက်ထဲမှာတောင် နီမကြီးက ပါလိုက်သေး။ ထုံးစံအတိုင်း ဖိုးမောင်ရဲ့ခွေးတွေက နီမကြီးကိုဝိုင်းကိုက်ကြလို့ နီမကြီးက မပြေးနိုင် ပြေးနိုင် ထော့နဲ့ ထော့နဲ့ ဖြစ်လို့။ သာထူးကလည်း ဘာပြောကောင်းမလဲ။ လက်ဖြောင့်သမားပဲဟာ ဖိုးမောင်ရဲ့ ခွေးတွေကို လောက်လေးခွနဲ့ လိုက်ဆော်လိုက်တာ ခွေးတွေဖြင့် ဂိန်ဂိန်ကို မြည်နေတာပဲ။ ပြီးတော့ဖိုးမောင်ကိုလည်း နင့်နင့်နဲနဲ ပြောပစ်ခဲ့သေးတယ်။ မင်းခွေးတွေက စည်းကမ်းမရှိဘူး။ ဘာညာပေါ့။ ဆဲတာတွေ ဘာတွေတော့ သာထူး မတတ်ပါဘူး။ နင့်နင့်နဲနဲ ပြောတာတောင် အိပ်မက်ထဲမို့ ပြောထွက်တာ။ ပြီးတော့ သာထူးပါးစပ်ကလည်း မကျေနပ်တဲ့အသံတွေ အဆက်မပြတ် ထွက်နေသေးတယ် ထင်ပါ့။

            'ဟဲ့ ကောင်လေး၊ ဘာဖြစ်နေတာလဲ။ နေဖင်ထိုးနေပြီ။ အခုမှ အိပ်ကောင်း ယောင်ကောင်းနေတုန်း' ဆိုတဲ့ အမေ့အသံကြားမှ သာထူးလည်း အိပ်ရာထဲက ဝုန်းဒိုင်းထပြီး ပထမဆုံး လုပ်ရတဲ့အလုပ်က နီမကြီးကို ပြေးကြည့်ခြင်းပေါ့။ နီမကြီး အေးအေးဆေးဆေး နှပ်နေတာမြင်မှ သာထူးလည်း အမေရှိတဲ့ မီးဖိုချောင်ဘက်ကို ဝင်လာခဲ့ဖြစ်တော့တယ်။

            အမေကတော့ ထုံးစံအတိုင်း ရုံကရောက်လာတဲ့ အသားတွေကို လှီးတန်လှီး၊ ဖယ်တန်ဖယ်၊ ဆေးကြော သုတ်သင်နေလေရဲ့။ ပြီးရင် သာထူးတို့နေရာနဲ့ အတန်ငယ် လှမ်းတဲ့ မြို့ကလေးရဲ့ဈေးမှာ သွားရောင်းမပေါ့။ နေ့တိုင်း မြင်နေကျမို့ ရိုးနေပြီလို့ ပြောစရာရှိပေမယ့် သာထူးအတွက်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ မြင်ကွင်းများပါပဲ။ 'ဒီအသားတွေ ဘယ်ကရလဲ'ဆိုတာ မေးစရာ မလိုတဲ့မေးခွန်းတစ်ခုမို့ မေးမနေတော့ဘဲ အသားတွေကို ကျော်လွှားလို့ မျက်နှာသစ်၊ သွားတိုက်ဖို့ ဆားအိုးထဲက ဆားတချို့ကို သာထူးလှမ်းနှိုက်လိုက်တယ်။ မျက်နှာသစ်ရင်း 'အဖေကတော့ အခုအချိန်လောက်ဆို မနက်ခင်းသဘင် ကျင်းပနေလောက်ပြီ'ဟု တွေးမိတော့ အဖေတို့ ရုံကို ပြေးရဦးမှာပါလားလို့ စဉ်းစားလိုက်မိတယ်။ မျက်နှာ ကမန်းကတမ်းသစ်ပြီး အိမ်ရှေ့ကြိုးတန်းမှာ လှမ်းထားတဲ့ တွေ့ရာပုဆိုးတစ်ထည်နဲ့ မျက်နှာသုတ်နေစဉ်မှာပဲ...

            'ဟဲ့ သာထူး၊ မြန်မြန်လုပ်လေ၊ ပြီးရင် နင့်အဖေဆီ ဒီအမဲကြော် သွားပို့ရဦးမှာ။ အခုလောက်ဆို နင့်ကို မျှော်နေလောက်ပြီ။ နောက်ကျနေလို့ အဆူအဆဲ ခံနေရဦးမယ်။ နင့်အဖေ ငမူးအကြောင်းလည်း သိသားနဲ့' ဆိုတဲ့အသံကို ပြောပြောဆိုဆိုပြုပြီး အသားဇလုံရွက်လို့ အမေကတော့ ဈေးကို မပြေးရုံတစ်မယ် နှင်ပြီ။

            အမေထွက်သွားတော့ ဟူးခနဲတောင် သက်ပြင်းချ ချိန်မရဘဲ တစ်ခေါ်လောက်မှာရှိတဲ့ မြို့အစွန်က အဖေနဲ့သူ့အဖွဲ့နေတဲ့ ရုံကို အသားကြော်သွားပို့ဖို့ သာထူး ပြေးရပြီ။ ဒါတောင် မပြေးခင်

နီမကြီးကို စိတ်မချလို့ တစ်ချက် ပြေးကြည့်ခဲ့ရသေးတယ်။ 'အဖေတို့ရုံ'ဟု ခေါ်ခြင်းရဲ့ အဓိပ္ပာယ်ကို သာထူး မရှင်းတတ်။ ရှင်းလည်း မရှင်းရဲ။ သာထူးနဲ့ရွယ်တူ ဖိုးမောင်တို့လို အခြားကလေးတွေကတော့ အဖေတို့ရုံကို 'သားသတ်ရုံ'တဲ့။ ဒါတင်မက အဖေ့ကိုတောင် 'သားသတ်သမား'တဲ့။ အဲဒီစကားတွေ မှန်မမှန်ကို သာထူး မစဉ်းစား။ ဘယ်လိုပဲ မစဉ်းစားပေမယ့် 'မဟုတ်ဘူး'လို့ ပြန်ပြောဖို့ အတွက်လည်း သာထူး မငြင်းနိုင်ပြန်။ လူတချို့ကတော့ အဲဒီရုံနားကတောင် ဖြတ်မသွား။ သာထူးတို့လို မြို့စွန်က မြေကွက်လေးတွေမှာ တဲထိုးနေတဲ့သူတွေက မြို့ကလေးထဲကို ဝင်ရင် အဲဒီအဖေတို့ရုံဘေးကပဲ ပတ်ပြီးဝင်ရတာ။ ဒါပေမယ့် တော်တော်များများကတော့ ရုံကို ခပ်လှမ်းလှမ်းကပတ်ပြီး မြို့ထဲကို ဝင်ကြရော။

            ဘာပဲပြောပြော အများနည်းတူ သာထူးလည်း အဖေတို့ ရုံကို ကြောက်သည်။ နီမကြီးတို့လို သတ္တဝါတွေ အဖေတို့ရုံထဲမှာ တစ်နေ့တစ်ကောင်ထက် မနည်းရှိနေတတ်ပြီး မနက်မိုးလင်းလျှင် အမေ့ဈေးဗန်းပေါ်ကို ရောက်လို့။ ပြန်လာခြင်း ကင်းမဲ့စွာ မြို့ကလေးရဲ့ ဈေးထဲကို ဝင်သွားကြတာ နေ့တိုင်းဖြစ်ပျက်နေတဲ့ ကိစ္စ။ အဲဒီတော့ လူတချို့က အဖေတို့ ရုံကိုကွေ့ပတ်သွားတာ မဆန်း။ တကယ်လို့ သာထူးလည်း မြို့ထဲကို သွားရမယ်ဆိုရင်တော့ ရုံကို ကွေ့ပတ်သွားချင် သွားဖြစ်မှာပေါ့။ အခုဟာက သာထူးသွားရမှာ မြို့ထဲမှ မဟုတ်ဘဲ။ အဲဒီရုံဆိုတာကြီးကိုပဲ ဥစ္စာ။

            'ဒီကနေ့တော့ ကိစ္စပြီးပြီ။ မနက်ဖြန်တော့ နီမကြီး အလှည့်ပဲဟေ့။ ပြောသာပြောရတာ အိမ်က ငါ့သားက အဲဒီ နီမကြီးကို တော်တော် သံယောဇဉ်ကြီးတာကွ'

            ရုံကလေးထဲသို့ မဝင်ခင် အထဲက အာလေးလျှာလေးနဲ့ အဖေ့အသံကြောင့် သာထူးခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတယ်။ 'ဘုရား'လို့ စိတ်က တလိုက်မိပေမယ့် လက်ထဲက ပန်းကန်ပြုတ်ကျလု ဖြစ်သွားတာကိုတော့ ထိန်းလိုက်နိုင်ခဲ့တယ်။

            'ဟကောင်ရ၊ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တာကွ။ မင်းလုပ်နေတဲ့ အလုပ်ကိုလည်း စမ်းစစ်ကြည့်ဦး။ ပြီးရင် သံယောဇဉ်ဆိုတဲ့စကား သုံးသင့်၊ မသုံးသင့် ချိန်ဆ... အေ့'

            ဒီအသံကတော့ အဖေနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အသံ။ အသံမှန်းဆကြည့်ရတာတော့ မျက်လုံးဖွင့်နိုင်ဖို့ စွမ်းနိုင်တော့မှာ မဟုတ်ဟုသာထူး ထင်၏။

            'ပြီးတော့ ဒီနီမကြီးက မင်းအပိုင်လည်း မဟုတ်။ ရုံပိုင်ပဲကွ။ တစ်နေ့ ဒီလိုလုပ်ရမှာပဲ။ ဒါနဲ့ ဒီနီမကြီး မင်းအိမ်မှာထားလိုက်ရတာ ဘယ်လောက်ကြာသွားလဲကွ'

            အဖေ့ဘေးက လူရဲ့စကားကို သာထူး နားမလည်။ နီမကြီးကို သာထူးတို့ ပိုင်ခြင်း၊ မပိုင်ခြင်းကို သာထူး မသိ။ အဲဒီလူပြောသလို နီမကြီး သာထူးတို့ဆီရောက်တာ ဘယ်လောက်ကြာပြီကိုလည်း သာထူး မသိ။ သာထူးသိသည်ကတော့ နီမကြီးရောက်ပြီးခါစ အဖေက 'သာထူး၊ ဒီနွားနီမကြီးက အဖေတို့ရုံအတွက်ပဲ ရောက်လာတာ။ ဒါပေမယ့် ရောက်လာမှ နောက်ခြေတစ်ဖက် ကျိုးသွားလို့ မသုံးဖြစ်သေးဘူး။ ဒီနွားနီမကြီး ကောင်းလာတဲ့အထိတော့ အိမ်မှာထားမှာမို့ မင်းပဲစောင့် ရှောက်ရလိမ့်မယ်' လို့ ပြောတာကို သာထူး မှတ်မိနေတယ်။ 'နွားက ပေါင်ကျိုးနေတော့ အသားချိန်ကျသွားလို့။ ပေါင်ပြန်ကောင်း အသားတက်အောင်စောင့် မှာ'လို့ အဲဒီအချိန်တုန်းက အမေပြောခဲ့တာကို သတိမထားမိလောက်အောင် သာထူးက နီမကြီးကို မြင်မြင်ချင်း သံယောဇဉ်ဖြစ်သွား ခဲ့တာ။

            သံယောဇဉ် ဖြစ်ဆိုလည်း ကြည့်ဦးလေ။ နီမကြီးရဲ့ ကိစ္စအဝဝကို သာထူးကပဲ လုပ်ရတဲ့ ဥစ္စာ။ မြက်ရိပ်၊ ကောက်ရိုးစဉ်းကအစ နောက်ဆုံး နွားချေးကျုံးရတဲ့ အဆင့်ထိပဲ။ နီမကြီးကလည်း မကြာခင် ရက်အတွင်းမှာ သာထူးဆို သိမှသိ။ လူစိမ်းတစ်ယောက် အနားကပ်ရင် ရှူးရှူးမြည်နေတဲ့ နီမကြီးက သာထူးမို့ အနားရောက်ပြီဆို နားရွက်ကလေးတွေကို စွင့်လို့။ သာထူးကလည်း ကျောသပ်ရင်သပ်ပေါ့။ သာထူးမို့ အနားမလာတာ ကြာပြီဆိုရင် တဘောဘောနဲ့ အော်နေတာ အမေကတောင် တုတ်နဲ့သွား ရိုက်ရတဲ့ အဆင့်ထိ။

            နီမကြီးကို ထိန်းကျောင်းတော့လည်း တောင်ကမူလေးတွေ ရှိတဲ့ဘက်မှာ သာထူးက သွားကျောင်းတာ။ အဲဒီမှာက မြက်စိမ်းစိမ်းလေးတွေ ပေါက်တာများတော့ နီမကြီးကို ထိန်းရင်း သာထူးလည်း ဆော့လို့ရတာပေါ့။ နီမကြီးကလည်း မြက်စိမ်းစိမ်းတွေများဆို ကြိုက်မှကြိုက်။ သာထူးက ရှေ့ကနေ မြက်တွေနှုတ်လို့ ပုံပေးလိုက်၊ နီမကြီးက နောက်ကနေ ထော့နဲ့ထော့နဲ့ လိုက်စားလိုက် နဲ့ဆိုတာ နေ့တိုင်းပဲ ဥစ္စာ။ နီမကြီးကို ထိန်းတဲ့ရက် ဘယ်လောက် ကြာသွားပြီဆိုတာ သာထူးမသိပေမယ့် ထိန်းထားတဲ့ ရက်အတွင်းမှာ သာထူး ကျိတ်ပြီး ဆုတောင်းနေတာ တစ်ခုတော့ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ နီမကြီးရဲ့ခြေထောက် ပြန်မကောင်းပါစေနဲ့ ဆိုတဲ့ ဆုတောင်းပဲ။ ဆုတောင်းသင့် မတောင်းသင့်ကို သာထူး နားမလည်။ နီမကြီး ခြေထောက်ပြန်ကောင်းသွားရင်...။ အဲဒီလိုအတွေး မျိုးကို ဆုံးအောင် သာထူး ဘယ်တော့မှ ဆက်မတွေးဘူး။ ဆက်တွေးရင်လည်း နီမကြီးရဲ့မျက်နှာက သာထူး အာရုံမှာ မြင်လာပြီး သာထူး မျက်ရည်ဝိုင်းရတဲ့ အဆင့်အထိပဲ။ ဒါကြောင့် နီမကြီးနဲ့ ပတ်သက်တဲ့ သတင်းဆိုတာ ကိုသာထူး ဘယ်တော့မှ နားမထောင်တတ်တော့ဘဲ။ အဲလိုမျိုးကိစ္စတွေ အဖေတို့ ပြောလာရင် နီမကြီးကို ဆွဲလို့ အမြဲတမ်းဝေးရာကို သာထူး ထွက်သွားနေကျပဲ။ တစ်ခါတလေတော့လည်း ဖိုးမောင်တို့ ပြောတဲ့ မျောက်တန်ခိုးရှင် ဇာတ်ကားထဲက မျောက်ဝူခုန်းလိုသာ သာထူး တန်ခိုးရှိမယ်ဆိုရင် နီမကြီးကို အဖေတို့ မမြင်အောင် ကိုယ်ယောင်ဖျောက်ထားဖြစ်မှာပဲ။

            'တကယ်ဆို မနေ့က နီမကြီးပါတော့မယ့်အလှည့်ကွ။ ဒါပေမယ့် သားကောင် အသစ်ရောက်လာတော့ နီမကြီးကို ချန်ထားခဲ့တာ။ ငါ့ သားကလည်း...'

            အဖေက သူ့စကားကို ဆက်မပြောဘဲ မက်ခွက်ထဲက အရက်ကို ခွပ်ခနဲ မော့ချတယ်။ 'အမဲကြော်လာပို့မယ့် ငါ့သားကလည်း ဒီနေ့ကြာလိုက်တာကွာ' ဆိုတဲ့စကားကိုလည်း အဖေက ဆက်ပြောနေသေးရဲ့။ အဖေ့စကားကြောင့် သာထူး ကိုင်လာတဲ့ပန်းကန်ထဲကို တစ်ချက် ငုံ့ကြည့်လိုက်တယ်။ ပန်းကန်ထဲမှာ သာထူးမြင်တာက အသားကြော်တုံးများ မဟုတ်တော့ဘဲ နီမကြီးရဲ့ မျက်နှာဖြစ်နေပြီ။ မနက်ဖြန် ဒီအချိန်ဆို ဒီနေရာမှာ။ သာထူး အတွေးက ဖျတ်ခနဲရောက်တော့ မျက်ရည်က အိခနဲ ဝိုင်းတယ်။ မျက်ဝန်းအိမ်ထဲ ပြည့်လာတဲ့ မျက်ရည်တို့ကြောင့် ခလုတ်တိုက်မိတယ် ဆိုရင်ပဲ။ ပန်းကန်ထဲက အသားကြော် တချို့လည်း အပြင်ကို ရောက်ကုန်တယ်။ အဲဒီအသံတွေ ကြောင့်ပဲ အထဲက အဖေက 'ဘယ်သူလဲကွ' ဆိုတဲ့အသံကို ပြုတယ်။ သာထူးမှန်းလည်း သိရော အဖေက 'ငါ့သားက ငါပြောတာကြားသွားလို့ စိတ်မကောင်းဖြစ်သွားတာကွ' လို့ ဘေးကလူကို ပြောရင်း 'ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ငါ့သားရာ။ မနက်ဖြန်ဆို မင်းလိုချင်တဲ့ ဖိုးမောင်တို့ဆီက ဘောလုံးမျိုး အဖေဝယ်ပေးမယ် ကြားလား။ ပြန်တော့၊ နေမြင့်လာပြီ' လို့ သာထူးကို ဆက်ပြောတယ်။

            ဘောလုံးလိုချင်တဲ့စိတ်ကိုလည်း သာထူး ရင်မှာမထားနိုင်တော့။ နီမကြီးနဲ့ လဲမှရမယ့် ဘောလုံးကိုလည်း သာထူးမလိုချင်တော့ပါ။ အရာအားလုံးကို နားလည်နေပါသော်လည်း ဖြစ်နိုင်ရင် တော့ ဒီအချိန်မှာ နီမကြီးနဲ့ ပတ်သက်လို့ သာထူး တစ်ခုတောင်းဆိုချင်သည်။ နောက်ထပ် တစ်ကြိမ်တွေဆိုတာ သာထူး မသိပါ။ နီမကြီးအတွက် ဒုတိယအကြိမ်ဆို တာလေးလောက်ရှိရင် သာထူး ကျေနပ်ပါပြီ။ အဖေ့ကို တစ်ခုခုပြောကြည့်ဖို့ သာထူး ကြိုးစားလိုက်တယ်။ ဒါပေမယ့် သာထူးအသံတွေ က ထွက်မလာဘူး။ အဖေ့ရှေ့မှာ သာထူး စုံရပ်လိုက်တယ်။ မျက်ရည်တွေက စကားပြောတတ်ရင် 'နီမကြီးကို မသတ်ပါနဲ့'လို့ သာထူး အစားကူပြောနေမလားဘဲ။ ပြီးတော့ ဘာမှမပြောဘဲ အဖေ့ရှေ့ကနေ သာထူး ပြေးထွက်ခဲ့တယ်။

            အလာတုန်းကနဲ့ မတူတဲ့ သာထူးရင်ထဲ ဝုန်းဒိုင်းကြနေရဲ့။ အပြေးတစ်ပိုင်းနဲ့ အိမ်ပြန် ရောက်တော့ သာထူးရဲ့ ခြေလှမ်းတွေဟာ နီမကြီးဆီကိုပါပဲ။ နီမကြီးက သာထူးကို မြင်တော့ နားရွက်ကလေးတွေလှုပ်လို့ ကုန်းထတယ်။ သာထူးလည်း ဘာမှမပြောဘဲ နီမကြီးရဲ့ခေါင်းကို ကိုင်ပြီး ငိုင်နေလိုက်တာ အကြာကြီးပဲ။ ပြီးတော့ နီမကြီးကို တစ်လုံးချင်း ပြောတယ်။ 'နီမကြီးရယ်၊ ငါက ဒီကိစ္စ တွေကို ဘာမှမသိချင်ယောင် ဆောင်ထားတဲ့သူ။ နင်ကျ ဘာမှမသိတဲ့သူ။ ဒါပေမယ့် ငါ...ငါ မတတ်နိုင်တော့ဘူး'

            ပြောပြီး အဖေ့ရှေ့မှာ အသံထွက်ပြီး မငိုခဲ့သမျှ နီမကြီးနားမှာ သာထူးအော်ပြီး ငိုပစ်လိုက်တယ်။ အကြာကြီး ငိုပြီးတော့ နီမကြီးကို ချည်ထားတဲ့ ကြိုးကို ဖြုတ်မိမယ့်လက်တွေ ရုပ်သိမ်းနိုင်ဖို့ အပြင်ကို သာထူးပြေးထွက်တယ်။ 'ဒီလိုနည်းနဲ့ ဖြေရှင်းလို့ မရမယ့်ကိစ္စကြီးမှာ ငါ့ကို ခွင့်လွှတ်ပါတော့ နီမကြီး ရယ်'လို့လည်း ပါးစပ်က အော်ပြောမိနေသေးရဲ့။ အားကုန်ပြေးတော့ ကုန်းမြင့်လေးတွေဆီ ရောက်လာတယ်။ ကုန်းမြင့်တွေကို တစ်ခုပြီးတစ်ခု ကျော်တက်ပြေးတော့ ဖုန်မှုန့်တွေရောတော့ မျက်နှာ ပြင်တစ်ခုလုံးလည်း ဗွက်ပေါက်နေပြီ။ အပြင်က အမောတွေကပ်တော့ ရင်ထဲက အမောတွေ ပြေမယ်ထင်တာ။ အခုတော့ အမောနှစ်ခုပေါင်းလို့ သာထူး ဟပ်ထိုးနေပြီ။ ရင်ထဲက အပူတွေ အလိပ်လိုက် တက်နေလိုက်တာမှ မီးခဲကြီး ရင်ထဲရောက် နေသလိုပါပဲ။ ဒီအပူတွေ ပြေချင်လှပါပြီ။ ဖြစ်နိုင်ရင် နီမကြီးကို မထိခိုက်ဘဲနဲ့ ဒီအပူတွေ ပြေစေချင်တာ။ သေချာတွေးကြည့်လေ ရင်ထဲမော လေပါပဲ။ သာထူးအိမ်ကို ပြန်ပြေးတော့ ရင်ထဲက အပူ၊ အပြင်က အပူနဲ့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက်နေပြီ ထင်ပါရဲ့။

            အိမ်ပြန်ရောက်တော့ နီမကြီးကို သာထူး မကြည့်ရဲတော့ဘူး။ အိမ်ရှေ့ကွပ်ပျစ်မှာ ဝုန်းခနဲ အိပ်လိုက်တော့ နီမကြီးက နွားတင်းကုပ်ထဲကနေ တဘောဘောနဲ့ အသံပြုတယ်။ သာထူးကို မမြင်ပေမယ့် သာထူးရဲ့ ကိုယ်ရနံ့နဲ့ သာထူး ရောက်နေပြီဆိုတာ နီမကြီး သိနေပြီ ထင်ပါ့။ ဟိုတုန်းက အဖေပြောဖူးတယ်။ သတ္တဝါတွေက သခင်တွေရဲ့အနံ့ကို သိတယ်ဆိုတာ။ အခုလည်း ဒီလိုပဲ ထင်ပါရဲ့။ သာထူး ဘာမှမသိချင်တော့ဘူး။ ရင်ထဲက အပူတွေ ပျောက်သွားစေချင်တာက လွဲလို့ သာထူး ဘာမှမသိတော့ဘူး။ ရေအပြည့်ထည့်ထားတဲ့ သံစည်ပိုင်းပြတ်ဆီ သာထူး ပြေးတယ်။ ပြီးတော့ ခေါင်းပေါ်ကနေ ရေလေးငါးခွက် ဆက်တိုက်လောင်းချတယ်။ 'ရင်ထဲက အပူတွေပြေစမ်းကွာ'လို့လည်း ပါးစပ်က အဆက်မပြတ် အော်နေလိုက်သေးတယ်လေ။

            ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သာထူး ဘာမှမသိတော့ဘူး။ ရင်ထဲမှာ ပူနေတာက လွဲလို့ပေါ့။ 'ဒါအပူရှပ်တာကွ။ ကလေးတော့ ရေတိမ်နစ်ပြီ' ဆိုတဲ့အသံကို မသဲမကွဲ ကြားရတယ်။ ဒါပေမယ့် ဘယ်သူပြောနေမှန်း မသိဘူး။ အမေ့ရဲ့ ငိုသံလိုလို ကြားရပေမယ့် တိုးလိုက် ကျယ်လိုက်ပါပဲ။ ဟောဟော အသံတစ်သံ ကြားရပြီ။ ဒါဒါဟာ နီမကြီးရဲ့ အသံပဲ။ နီမကြီး အစာတောင်းနေပြီ ထင်တယ်။ သာထူး အားယူပြီး မျက်လုံးတွေ ဖွင့်ဖို့ကြိုးစားနေစဉ်မှာပဲ 'နီမကြီးကို အဖေ မသတ်တော့ပါဘူး။ ပြီးတော့ ဒီအလုပ်တွေလည်း အဖေ မလုပ်တော့ပါဘူး' ဆိုတဲ့ အဖေ့အသံကို သာထူးကြားရတယ်။ ဒါဟာ အဟုတ်လား၊ စိတ်ထင်တာလား သာထူး ဝေကွဲမရ ဖြစ်နေတဲ့အချိန်မှာ အမေ့ရဲ့ အော်ငိုလိုက်သံကို ကြားရတယ်။ 'နီမကြီးကို မသတ်ပါနဲ့' လို့ သာထူးကတော့ ထပ်တလဲလဲ အော်ပြောနေတုန်းပဲ။

မင်းဝေဟင်

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...