ရွှေအသစ်

မြောင်းထဲက တိမ်တစ်စ

မေအဲလေး ၊ဆားလင်း၊

01 January 2026
မြောင်းထဲက တိမ်တစ်စ
Share to

             သူ့ရဲ့ အလုပ်တိုက်ရှေ့က ဖြတ်အသွားမှာ သူ့ကို ဝင်တွေ့ဖို့ စိတ်ကူးမိလိုက်တာ ဘာကြောင့်ရယ်မသိ။ သူက လမ်းကြုံသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ သူ့ဆီကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တာကို သတိရနေမိလို့ပဲလား။ ကျွန်မကိုက တွေ့ချင်တာလား။

            ဘာကိုမှ မဝေခွဲမိခင်မှာ ကျွန်မရဲ့ ခြေလှမ်းတွေက သူ့ရဲ့ကိုယ်ပိုင်သီးသန့် ရုံးခန်းထဲကို ရဲတင်းစွာ ဝင်နေမိပါပြီ။ စားပွဲရဲ့နောက်ဘက်က ထိုင်ခုံမှာ ထိုင်နေတဲ့ သူ့ကို အခန်းတံခါးဝကနေ လှမ်းမြင်လိုက်မိစဉ်မှာပဲ သူက ကျွန်မကို အရင်မြင်သွားဟန် ရှိတယ်။ ကျွန်မကို ခရီးဦးကြိုပြုသံတွေ ကြားလိုက်ရတယ်။ သူ့ရဲ့ စားပွဲရှေ့က ထိုင်ခုံပေါ်မှာထိုင်ရင်း သူ့မျက်နှာကို ဖျတ်ခနဲ လှမ်းမော့ကြည့်လိုက်တော့ ကျွန်မရင်ထဲမှာ ဖိုလှိုက်သွားတယ်။ ဒါကြောင့် အသာအယာ မျက်လွှာချပြီး အသက်မှန်မှန် ရှူနိုင်ဖို့ ကြိုးစားနေလိုက်ရတယ်။

'ထမင်းစားပြီးပြီလား'

            'အပူသောက်မလား၊ အအေးသောက်မလား'

            'သူ့တပည့်လေး အလုပ်ကိစ္စနဲ့ အပြင်ကို သွားနေလို့မို့ သူကိုယ်တိုင်မှာပြီး ဧည့်ပြုပါရစေ'နဲ့ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနေပေမယ့် ကျွန်မ ပါးစပ်က ဘာဖြစ်လို့များ ဖွင့်ဟမရတာလဲလို့ နားမလည်မိပြန်ဘူး။ ညင်ညင်သာသာကလေး ခေါင်းခါရုံသာ တတ်ခဲ့တယ်။ တွေ့ပြန်တော့လည်း သူ့မျက်နှာကို မော့မကြည့်ဖြစ်ဘဲ ဘာလို့များ ခေါင်းငုံ့နေမိတာလဲ မသိဘူး။ အသက်မဲ့တဲ့ အရုပ်လေးတစ်ရုပ်လို ဖြစ်နေလိုက်တာ။ စားပွဲရဲ့ အဖျားစွန်း (ကျွန်မနဲ့ နီးကပ်တဲ့) မျက်နှာပြင်ပေါ်က ရောင်ပြန်ဟပ်နေတဲ့ အလင်းစနဲ့ ကျွန်မရဲ့ ဝိုးတဝါးပုံရိပ်ကို ပြန်ကြည့်နေမိတယ်။ ဘဝရဲ့ ထပ်တူညီမျှခြင်းတွေလားလို့ တွေးရင်း သိမ်ငယ်မိတယ်။

            သူက ထိုင်ခုံကနေ ထလာပြီး စားပွဲပေါ်ကို တင်ပါးလွှဲထိုင်လိုက်တာကို သိနေရတယ်။ ဒီတော့လည်း ကျွန်မ ရင်ခုန်သွားရပြန်တာပေါ့။ ထိတ်လန့်သွားတာပဲ ဖြစ်ချင်ဖြစ်နေမယ် ထင်ပါရဲ့။ တကယ်တော့...သူနဲ့ ကျွန်မက ချစ်သူတွေမှ မဟုတ်ကြဘဲ။ အင်မတန် ရင်းနှီးခင်မင်ကြတဲ့ ငယ်ပေါင်း ကြီးဖော်တွေလည်း မဟုတ်။ ဘာမှမဆိုင်ခဲ့တဲ့အတွက် အခုလို နှစ်ယောက်တည်း တစ်ခါမှ မဆုံတွေ့ခဲ့ဖူးလေ။ ဒါကြောင့်များ အခုလို အရမ်းရင်ခုန်နေတာများလား။

            သူ့ရဲ့ စကားသံတွေ တိတ်သွားပြန်လည်း သူ့ရဲ့ ကိုယ်ပိုင်ရုံးခန်းလေးထဲမှာ ကျွန်မရဲ့ ရင်ခုန်သံတွေကို ပြန်ကြားနေရသလိုပဲ။ မွန်းကျပ်သလို ခံစားနေရတယ်။ စိတ်ချောက်ချားမိတာလည်း

ဖြစ်ချင်ဖြစ်မှာပါပဲလေ။ ကြည့်လေ...သူ့ရဲ့ အခန်းထဲမှာ သူနဲ့ကျွန်မ နှစ်ယောက်တည်း။ တစ်ခါတစ်ရံ သူ့ရဲ့ သက်ပြင်းချလိုက်သံက ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်စေပြန်ပါရော။ အခန်းထဲမှာ စကားသံတွေ ငြိမ်သက်လို့နေပေမယ့် အမှန်တကယ် မငြိမ်မသက် လှုပ်ရှားနေတာက ကျွန်မရဲ့ ရင်ခုန်သံတွေပဲလေ။

            ကျွန်မရဲ့ နားထင်စပ်က ဝေဝဲလွင့်ပျံနေတဲ့ ဆံပင်တွေကြားကို သူ့ရဲ့ လက်ချောင်းလှလှလေး ထိုးသွင်းရင်း နားရွက်ဖျားက နားဆွဲလေးကို လက်ဖမိုးနုနုလေးနဲ့ အသာအယာ ဖိထားတယ်။ သူ့ကို အလွန်တရာ အံ့အားသင့်တဲ့ အကြည့်နဲ့ သူ့မျက်နှာကို မော့ကြည့်ရုံကလွဲပြီး ဘာစကားမှ မဆိုမိပြန်ဘူး။ ဒါဟာ... တစ်စုံတစ်ခု မရိုးသားတာပါပဲ။

            တကယ်တော့ ကျွန်မက အော်ဟစ်ပြီး ရန်တွေ့ရမှာပေါ့။ ဒေါသတကြီးနဲ့ ဝုန်းခနဲ မတ်တတ်ရပ်လိုက်ရမှာပေါ့။ ပြီးတော့ သူ့ပါးကို တအားလွဲရိုက်လိုက်ပြီး သူ့ရဲ့ အခန်းထဲကနေ ပြေးထွက် သွားရမှာပေါ့။ ဒါပေမယ့် ဒါတွေလုပ်ဖို့ သတိရနေရင်းမှာပဲ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။ သူက ကျွန်မကို ညှို့ယူဖမ်းစားထားလေသလားလို့ တွေးရင်း ကြောက်နေမိပြန်တယ်။

            သူနဲ့ ကျွန်မက သာမန်မိတ်ဆွေ အဆင့်လောက်သာ ရင်းနှီးတာ။ အဲဒါ... ဘာလို့များ သည်လိုထိ ပြုမူရတာလဲ။ ကျွန်မကရော ဘာဖြစ်လို့များ လိုက်လျောနေမိသလို ဖြစ်နေရတာလဲ။ စိတ်တွေ လှုပ်ရှားနေရင်း အံ့သြစိုးထိတ်စွာ သူ့ကို မော့ကြည့်နေပြန်တော့ သူ့လက်ကို ရုပ်သိမ်းသွားရင်း သက်ပြင်း ချသံကို ကြားလိုက်ရပြန်တယ်။

            စိတ်ကို တည်ငြိမ်ဖို့ မနည်းကြိုးစားရင်း ပြန်မှပဲလို့ သတိရနေချိန်မှာ သူ့နှုတ်က ဖွင့်ဟလာတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတော့ ပိုပြီး အံ့သြသွားရပြန်တယ်။

            'မင်းကိုချစ်တယ်' လို့ ရိုးရှင်းစွာ ပြောလိုက်တဲ့ သူ့ရဲ့ စကားမှာ တန်ဆာဆင်ယင်မှု မရှိပါဘဲနဲ့ ကျွန်မရဲ့ စိတ်ထဲမှာတော့ နားမလည်အောင် ရှုပ်ထွေးထူးဆန်းနေပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူက မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ထားတာ။ မကြာခင်မှာ လက်ထပ်တော့မှာလေ။ အဲဒီ မိန်းကလေးကလည်း တခြားသူမဟုတ်ဘူး။ ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်း။ ပြီးတော့ သူ့ကိုလည်း ကျွန်မ သူငယ်ချင်းနဲ့ ပတ်သက်လို့ သိကျွမ်းခဲ့ရတာပဲလေ။ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု။

            လူမှုကျင့်ဝတ်စည်းကမ်းကို ဖောက်ပြန်တဲ့ ကိစ္စတစ်ခု။ ကျွန်မရဲ့ စိတ်ထဲမှာ အသိတရားတွေက ငြင်းဆန်နေပေမယ့် နှုတ်ကမူ ပြောမထွက်ခဲ့။ ခေါင်းလေး တစ်ချက်သော်မှ မယိမ်းခါမိခဲ့။ အသက်ရှူနေတဲ့ ကျောက်ရုပ်တစ်ခုလို ဖြစ်နေမိတယ်။

            ခဏနေတော့ သူက လက်ဖျားကလေးနဲ့ မေးစေ့ကိုကိုင်ပြီး ကျွန်မမျက်နှာကို မော့လာစေပြန်ရော။ ပြီးတော့ နဖူးကို ညင်ညင်ဖွဖွလေးတစ်ချက် နမ်းလိုက်ပြန်တယ်။ သူ ဘာတွေလုပ်နေတာလဲ။ ကျွန်မကရော သူပြုနေသမျှကို အရုပ်လေး တစ်ရုပ်လို ငြိမ်သက်ပြီး နေနိုင်ရ တာလဲ။ ဒါ...ဘာကြောင့်လဲ။ မဖြစ်သင့်မှန်း သိပါလျက်နဲ့ လိုက်လျောနေမိတာလဲ။

            စဉ်းစားရင်း ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိပြန်တယ်။ တစ်ခုခုကို ပြန်ပြောလိုက်ပါလား။ သူ့ကို ကျွန်မ စိတ်ဆိုးလိုက်ပါလား။ ဒါဟာ ကျွန်မရဲ့ သိက္ခာကို စော်ကားတာ။ ကျွန်မကို အထင်သေးစွာ ပြုမူနေတာ။ ရိုင်းပျတာပါပဲ။ စိတ်ထဲမှာ အထပ်ထပ်အခါခါ ဒေါသစကားတွေ ပြောနေမိပေမယ့် စကား လုံးတွေက ပါးစပ်ဖျားမှာပဲ ပျောက်နေတယ်။ ရင်ထဲမှာ နွေးနွေးထွေးထွေးနဲ့ (ကျွန်မရဲ့ နဖူးကို နမ်းလိုက်စဉ်က ခံစားလိုက်ရသည့် အရှိန်က မပြေသေးပါ။) တစ်ခုခုကို ယစ်မူးနေသလို အသိတရားတွေ ပျောက်နေပြီလား။

            နောက်တော့ သူက စကားတွေ အများကြီး ပြောနေပြန်တယ်။ ကျွန်မလည်း မကြားတစ်ချက်၊ ကြားတစ်ချက်နဲ့။ ကျွန်မ အားလုံးကိုခြုံပြီး နားလည်လိုက်တာကတော့ သူ ကျွန်မကို စတွေ့ကတည်းက ချစ်နေမိကြောင်း၊ သူ့မှာ မိဘသဘောကျ စေ့စပ်လက်ထပ်ရတော့မယ့် မိန်းကလေးက ကျွန်မ သူငယ်ချင်း ဖြစ်နေတာကြောင့် မျိုသိပ်ထားခဲ့ရကြောင်း၊ အခုတော့ လက်ထပ်ဖို့ အချိန်နီးလာပြီမို့ ကျွန်မသိအောင် ရင်ဖွင့်မိရကြောင်း၊ အဲဒီလိုမှ ဖွင့်မပြောလိုက်ရရင် သည်တစ်သက် ပြောခွင့်သာတော့မှာ မဟုတ်ကြောင်း၊ နောင်တဖြစ်လို့ မဆုံး၊ သောကဖြစ်လို့မဆုံး မဖြစ်ချင်လို့ ရင်ဖွင့်ရကြောင်း ပြောနေစဉ်မှာ ကျွန်မရဲ့ အတွေးထဲမှာတော့ သူနဲ့ စတွေ့ကြတဲ့ အချိန်ကာလဆီကို ရောက်နေသလိုပါပဲ။

            အဲဒီနေ့က ကျွန်မတို့ရဲ့အိမ်မှာ လူစုံတယ်။ နယ်မှာ ရောက်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ (အလုပ်ကလည်း ဟုတ်တိပတ်တိ မရှိသေးတာကြောင့်) အခုလို စုပြီး စကားလက်ဆုံ ပြောနေကျ။ အဲဒီမှာ သူက ကျွန်မ သူငယ်ချင်းနဲ့ အတူပါလာတယ်။ သူတို့အကြောင်းကို  (မိတ်ဆက်ပေးရင်း ပြောပြလို့) သိရတယ်။ နောက်တော့ ကျွန်မတို့တစ်တွေလည်း မိန်းမပီပီ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ရယ်စရာ၊ မောစရာပြောရင်း တဝါးဝါး တဟားဟားနဲ့ ဖြစ်နေတာကို သူက ဘေးကနေ ကြည့်နေတယ်။

            စကားပြောလိုက်၊ ရယ်လိုက်၊ ငရုတ်သီးစပ်စပ်နဲ့ သုပ်ထားတဲ့ လက်ဖက်ချဉ်ကို အားပါးတရ စားလိုက်နဲ့ နေရင်းက ကျွန်မသူငယ်ချင်းတွေလည်း အိမ်ထဲကို အပြေးအလွှားပဲ ရေဝင်သောက်နေ ကြတုန်း သူက ကျွန်မကို ငေးကြည့်ရင်း ပြောလိုက်တဲ့ စကားကြောင့် အတော်ကလေး အံ့အားသင့်မိတယ်။

            'ခင်ဗျား ရယ်မောနေပေမယ့် အမှန်တကယ် မပျော်ဘူး မဟုတ်လား' တဲ့။ 'ခင်ဗျား စိတ်ညစ်နေတယ် မဟုတ်လား' တဲ့။ ကျွန်မလည်း သူ့ကို အမှန်တကယ် ငေးကြည့်နေမိပြန်တယ်။ သူ့ စကားကလည်း အံ့သြစရာလေ။ တကယ်တမ်းကြည့်ရင် ဒီလို မဟုတ်က ဟုတ်က ပေါက်တတ်ကရတွေပြောပြီး အထိန်းအသိမ်းမဲ့ ရယ်မောဟားတိုက်နေတဲ့ လူတစ်ယောက်ကို စိတ်ညစ်နေတယ်တဲ့။ မပျော်ဘူးတဲ့။ ဘယ်သူကမှလည်း ဒီလိုတွေးထင်မိမှာလဲ မဟုတ်ဘူးလေ။

            'ရှင်...ဘာကြောင့် ပြောနိုင်တာလဲ' လို့ မပွင့်တပွင့်နဲ့ မေးမိတော့ 'ခင်ဗျား မျက်လုံးတွေကိုကြည့်ပြီး ကျွန်တော် ခံစားနားလည်မိ လိုက်တာပါ' တဲ့။ သူ့ကို ဘာမှ ပြန်မပြောမိလိုက်ပေမယ့် ကျွန်မ အမှန်တကယ် စိတ်ညစ်နေမိတာ အမှန်၊ တစ်ခါတစ်ရံမှဆုံတဲ့ သူငယ် ချင်းတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အလိုက်သင့်သာ နေရတာကို ကျွန်မ သာသိတယ်။ အခုတော့ သူလည်း ရိပ်မိပြီပေါ့လေ။

            ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်မ စိတ်ညစ်နေရတယ်ဆိုတာကို သူက ဘာကြောင့်သိရတာလဲ။ သူက ကျွန်မကို ဘာကြောင့်များ နားလည်နိုင်စွမ်း ရှိရတာလဲလို့တွေးရင်း ရိုးသားစွာနဲ့ သူ့ကို စိတ်ဝင်စားနေမိတာကတော့ သေချာခဲ့တယ်လေ။

            နောက်ပိုင်းမှာတော့ ကျွန်မလည်း အဲဒီရပ်ကွက်ကနေ ပြောင်းခဲ့တယ်။ သူငယ်ချင်းတွေနဲ့လည်း အရင်တုန်းကလို မဆုံဖြစ်ကြတော့ဘူး။ တစ်ခါတစ်ရံသာ သွားရင်းဟန်လွဲ တွေ့ကြတော့တယ်။ သူ့ကိုလည်း ကျွန်မ သူငယ်ချင်းနဲ့အတူ မေးထူးခေါ်ပြောလောက်ပါပဲ။ ပြောရရင် မတွေ့ဖြစ်ကြတာက ပိုများပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါမှာတော့ ဘာကြောင့်မှန်း မသိရအောင် သူ့ကို သတိရနေတတ်တာကိုတော့ ဝန်ခံရပါလိမ့်မယ်။

            ကျွန်မလည်း ကုမ္ပဏီတစ်ခုမှာ အလုပ်ရတော့ သူ့ဆီကို ဖုန်းဆက်အကြောင်း ကြားမိတယ်။ သူ့ဖုန်းနံပါတ်ကိုလည်း သူက ပေးထားလို့ မဟုတ်ပါဘူးဆိုရင် အံ့သြစရာ ဖြစ်နေမလား။ ကျွန်မရဲ့ သူငယ်ချင်း (သူနဲ့ စေ့စပ်ထားတဲ့သူ) က ကျွန်မ ရှေ့မှာ သူ့ဆီကို ဖုန်းဆက်လို့ ဖုန်းနံပါတ်လှည့်တုန်းက အမှတ်မဲ့ မြင်လိုက်တဲ့ သူ့ဖုန်းနံပါတ်က ကျွန်မရဲ့ ဦးနှောက်ထဲမှာ အလိုလို ခိုတွယ်ကပ်ငြိနေခဲ့တာလေ။

            နောက်တော့ သူကလည်း ကျွန်မဆီကို ဖုန်းနှစ်ခါလား၊ သုံးခါလားမသိ ဆက်ပါသေးတယ်။ ရိုးသားစွာသော စကားလုံးတွေကိုသာ  ပြောဖြစ်ခဲ့တာကတော့ သေချာတယ်လေ။ ဒါပေမယ့် သူဖုန်းဆက်တိုင်း ကျွန်မကို သူ့ရဲ့ကိုယ်ပိုင်ရုံးခန်းကို အလည်လာဖို့ ဖိတ်ခေါ်တတ်တယ်။ သူ့အသံက တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေတာပါပဲလို့ ယုံကြည်မိတယ်။ ဒါပေမယ့် မသွားဖြစ်ခဲ့။

            အဲဒါကလည်း ကြာပါပြီလေ။ သူ ဖိတ်ခေါ်ခဲ့တာကိုတောင် သူကိုယ်တိုင် မေ့နေလောက်မှ ကျွန်မက သူ့ဆီကို ရောက်သွားခဲ့တာလေ။ ဒီကြားထဲမှာ သူနဲ့ကလည်း မကြုံခဲ့။

            ကျွန်မ ပြန်မယ်ဆိုတော့ အခန်းတံခါးဝအထိ သူလိုက်ပို့တယ်။ ကျွန်မရဲ့ ခေါင်းပေါ်ကို သူ့လက်နဲ့ ပုတ်တာနှစ်ခါသုံးခါပါပဲ။ ပြီးတော့ ကျွန်မရဲ့ နဖူးကို လက်သီး ဖွဖွလေးဆုပ်ပြီး လက်ဖနှောင့်လေးနဲ့ အသာအယာ ထုလိုက်သေးတယ်။ ဒါတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပြုမူနေတာလဲ။ ဘာသဘောလဲလို့ မတွေးတတ်ပေမယ့် ကျွန်မရင်ထဲမှာ စွဲငြိစေခဲ့တာကတော့ အမှန်ပါပဲ။

            ကျွန်မကို ကလေးတစ်ယောက်လို ဆက်ဆံယုယပြနေတာက အစ်ကိုတွေ၊ မောင်တွေ မရှိတဲ့ ကျွန်မရဲ့ ဘဝမှာ အလိုအပ်ဆုံး ရှားပါးပစ္စည်း တစ်ခုလိုပါပဲ။ ကျွန်မ ငယ်ငယ်က ကျောင်းမှာ ဆရာတွေ၊ ဆရာမတွေက ခေါင်းကိုပုတ်တာ ခံရဖူးပေမယ့် သူ ကျွန်မခေါင်းကို ပုတ်လိုက်တာက ရင်ထဲထိအောင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေမိပြန်သလိုပင်။ ကျွန်မ သူ့ကို မေ့လို့မရအောင်များ လုပ်ပြနေတာလား။ ယုယပြနေတာလား။ သူက ကျွန်မကို ဖမ်းစားထားလိုက်ပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကြေကွဲဝမ်း နည်းစွာ ခံစားလိုက်ရပါတော့တယ်။ အပြန်လမ်းမှာ ကျွန်မရင်ထဲကို ဒေါသတွေ၊ ခံပြင်းမှုတွေ၊ ကြည်နူးမှုတွေ၊ ကျေနပ်မှုတွေ ရောထွေးပြီး သူထည့်ပေးလိုက်တာကို သိနေတယ်လေ။

            လေးငါးရက်လောက် ကြာတော့ ကျွန်မဆီကို သူ ဖုန်းဆက်ပြန်တယ်။ ကျွန်မတို့ ကုမ္ပဏီ အလုပ်ပိတ်ရက်မှာ တွေ့ပါရစေတဲ့။ သူ့ရဲ့ အသံမှန်း သိလိုက်ကတည်းက ကျွန်မရင်တွေ ဖိုလှိုက် နေခဲ့ရတာ။ ပြောလည်း ပြောချင်တယ်။ ပြောလည်း မပြောချင်အောင် ကျွန်မရဲ့ စိတ်တွေက ဝေဝါးခဲ့မိပြန်တယ်။ သူ စိတ်ဆိုးသွားလောက်အောင် ဖုန်းမဆက်အောင် တစ်ခုခုပြောချင်မိတာကတော့ အမှန်ပင်။

            ပြောလိုက်လေ။ ပြောလိုက်ပါလားလို့ ကိုယ့်ကိုယ်ကို တိုက်တွန်းနေပေမယ့် နှုတ်က အာစေးထည့်ထားသလို  ဖြစ်နေတယ်။ သူပြောသမျှကို နားထောင်ပြီး အလိုက်သင့် ဖြေနေမိတယ်။ အဲဒီနေ့က သူချိန်းဆိုတဲ့ဆီကို လာခဲ့ပါမယ်လို့ ကတိပေးနိုင်ခဲ့ ပြန်ရောလေ။ ဒါဟာ သူနဲ့ ကျွန်မတို့ နှစ်ယောက်တည်း ဒုတိယအကြိမ် တွေ့ခဲ့မိတဲ့ မရိုးသားမှုလေလား။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မကြောင့် သူတို့ရဲ့ မင်္ဂလာပွဲ ပျက်သွားရတာမျိုးတော့ စိတ်ကူးနဲ့ တွေးပြီးတောင် ကြောက်လန့်နေမိတယ်။

            နောက်တစ်ပတ်လောက်ကြာတော့ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာတွေ့ဖို့ သူလာခေါ်ပြန်တယ်။ ဘာကြောင့်များ သူခေါ်ရာကို လိုက်သွားမိတယ်ဆိုတာ မတွေးချင်တော့ပါဘူး။ ကိုယ့်စိတ်ကိုလည်း နားမလည်ချင်တော့ပါ။ သိအောင်လည်း မကြိုးစားချင်တော့ပါဘူး။ အပြစ်ရှိမှန်း သိပေမယ့် အဲဒီ အပြစ်ကို ချေဖျက်နိုင်ဖို့ မကျူးလွန်မိစေဖို့ ထိန်းချုပ်နိုင်စွမ်း မဲ့နေသလိုပဲ။ တကယ်တော့လည်း သူက ကျွန်မကို ချစ်တယ်ပြောပြီး နဖူးကို နမ်းလိုက်တာကလွဲပြီး ကျွန်မအပေါ်မှာ အခွင့်အရေးယူဖို့ မကြိုးစားတာလည်း ကျွန်မသူ့ကို စွဲလမ်းနေစေတဲ့ အရာတစ်ခုပဲလားလို့ တွေးထင်မိနေတယ်။ ပြီးတော့ ကျွန်မ သူငယ်ချင်းအကြောင်းကို သူ ဘာမှမပြောခဲ့ဘူး၊ ဆိုးတယ်ကောင်းတယ် မဝေဖန်ခဲ့ဘူး။ တစ်ခုတော့ သူပြောခဲ့သေးတယ်။ ကျွန်မနဲ့ မတွေ့ခင် မသိခင်ကတည်းက သူနဲ့ ကျွန်မ သူငယ်ချင်းကို လက်ထပ်ပေးဖို့ လူကြီးတွေက စီစဉ်ပြီးသား ဖြစ်နေသတဲ့လေ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူပြောသမျှကို ခေါင်းညိတ်နားထောင်ရုံပဲ  ကျွန်မက တတ်ထားသလို ဖြစ်နေတာပေါ့။ ဒါပေမယ့် တချို့ စကားလုံးတွေကို ဖွင့်ဟ ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ အထူးသဖြင့်ကတော့ သူစိတ်ညစ်မယ့် စကားတွေကို မပြောဖြစ်အောင် ကြိုးစားပြီး ရှောင်နေလိုက်တယ်။

            'လူတစ်ယောက်ကို ချစ်မိရင် အဲဒီလို ချစ်မိတဲ့လူက အရှုံးလို့ ကိုယ်ထင်ခဲ့တာ။ အရှုံးအမြတ်တွယ်မက်စရာ မလိုဘဲနဲ့ ကိုယ်ကချည်း ပေးဆပ်နေချင်တဲ့ သဘောကို ပိုပြီး နားလည်သွားပါပြီ'တဲ့။

            ဒါ သူပြောခဲ့တဲ့ စကားပါပဲ။ ကျွန်မအတွက် သူက ဘာတွေများ ပေးဆပ်သွားပါသလဲ။ ကျွန်မကလည်း သူ့ဆီက ဘာတွေကို လက်ခံရယူနိုင်လိုက်ပါသလဲ။ သူက ပေးဆပ်သူလား၊ ကျွန်မက ပေးဆပ်သူလား။ ကျွန်မမှာတော့ သေသေချာချာ နားမလည်နိုင်ခဲ့ပါ။ အဲဒီနေ့က သူနဲ့ ကျွန်မ လက်ဖက်ရည်ဆိုင်မှာ စကားတွေ အကြာကြီး ပြောဖြစ်ခဲ့ကြတယ်။ တစ်ခါတစ်ခါတော့လည်း စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိ ကြပါတယ်။ ကျွန်မကပဲ မျက်လွှာချခဲ့မိတာပါပဲ။ သူကတော့ ကျွန်မကိုသာ ငေးစိုက်ကြည့်နေတယ်ဆိုတာ ကိုတော့ သိနေတယ်လေ။ ဘာပဲဖြစ်ဖြစ် သူ့ရှေ့မှာ အနေကျုံ့ပေမယ့် ကြည်နူးနေမိတာကိုတော့ ဝန်ခံချင်ပါ သေးတယ်။

            ဘယ်အရာကမှ ရင်ခုန်အောင် လုပ်မပေးနိုင်သော်လည်း ကျွန်မအတွက်တော့  သူ့အကြည့်တွေကြောင့် ရင်ခုန်မိပါတယ်။ သူနဲ့ လမ်းခွဲပြီး အိမ်ကိုပြန်ခဲ့တော့ မျက်ရည်စလေးတွေက အထိန်းအသိမ်းမဲ့ ပြိုဆင်းလာတာကို အံ့သြမိပြန်တယ်။ ကျွန်မရဲ့ တိတ်ဆိတ်စွာ ပြန်ခဲ့တဲ့ အပြန်ခရီးမှာ ကြေကွဲရိပ်တွေကို သယ်ဆောင်လာနေမိတာကိုတော့ ကျွန်မသာ အသိဆုံးဖြစ်သလို ကျွန်မကိုယ်တိုင် လည်း နားမလည်နိုင်ခဲ့ပြန်ပါဘူး။ သူကလည်း ကျွန်မကို အခုလို ခေါ်တွေ့ပြီး ဘယ်လောက်ကြာကြာ နှိပ်စက်နေဦးမှာလဲ။ ကျွန်မကလည်း ဘယ်လောက်ကြာကြာ မျိုသိပ်ဟန်ဆောင်နေရဦးမှာလဲလို့တွေးပြီး ရင်ထဲမှာ နင့်နေအောင် ခံစားရပြန်တယ်။ ကျွန်မနဲ့ သူနဲ့ အကြောင်းကို ကျွန်မသူငယ်ချင်းများ သိသွားခဲ့ရင်၊ ကြားသွားခဲ့ရင်ဆိုတဲ့ အတွေးက ကျွန်မကို အမြဲတမ်း အိပ်မက်တစ္ဆေလို ခြောက်လှန့်နေတယ်။

            မကြာခင်မှာပဲ သူတို့ လက်ထပ်လိုက်ကြပြီဆိုတာကို သတင်းစာထဲမှာ တွေ့လိုက်ရတယ်။

            ကျွန်မ ဖတ်ဖူးခဲ့တဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်သတိရမိတယ်။ တစ်ခါက ဂရိပညာရှင် သေလိဆိုတဲ့ သင်္ချာနဲ့ နက္ခတ္တဗေဒ ပညာရှင်ကြီး တစ်ဦးရှိတယ်။ အဲဒီ သေလိဆိုတဲ့ ပညာရှင်ကြီးဟာ တစ်ညမှာတော့ ကောင်းကင်က ကြယ်တာရာတွေကို မော့ကြည့်ရင်းနဲ့ ရေမြောင်းထဲကို ပြုတ်ကျ သွားခဲ့တယ်။ သူ့ရဲ့ အိမ်ဖော်မိန်းမကြီးက သေလိကိုတွေ့တော့...'သင်က ကိုယ်သွားနေတဲ့ လမ်းကြောင်းမှ မမြင်ဘဲနဲ့ ကောင်းကင်ပေါ်က ကြယ်တာရာတွေရဲ့ သွားရာလမ်းကြောင်းကို ဘယ်မြင် မလဲ' တဲ့။ ကျွန်မ ဖတ်ခဲ့ဖူးတယ်လေ။ သိပ်ကို တန်ဖိုးရှိတဲ့ အိမ်ဖော်အမျိုးသမီးကြီးရဲ့ စကားပါပဲ။

            ကျွန်မလည်း မြောင်းထဲကို ပြုတ်ကျသွားပြီ ထင်တယ်။ မြောင်းထဲကနေ ပြန်တက်ပြီး ကြယ်တာရာတွေ အကြောင်းကို ပြောနိုင်ဖို့ ကြိုး စားရပါဦးမယ်။

မေအဲလေး ၊ဆားလင်း၊

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...