ခင်ခင်ထူး
သည်ကောင်မလေး ကျွန်မတို့အိမ်ရောက်လာတော့ ကြက်တောင်စည်းကလေးနဲ့။ ထိပ်မှာလည်း အပွင့်ရော်ရော် ဂန္ဓာမာပန်း ဝါဝါကြီးတစ်ပွင့် ပြူးနေအောင် ပန်ထားလိုက်လို့။ မျက်နှာကလေး မချွန်မသွယ်မှာတော့ ပေါင်ဒါတွေ ရိုက်ထားလိုက်တာ ဖွေးလို့။ နားရွက်နဲ့ လည်ပင်းမှာတော့ ဘာမှမရှိပြန်ဘူး။ မျက်နှာကလေးချည်း ပေါင်ဒါတွေ ကွက်လိမ်းလာတော့ ကျွန်မတို့ အညာမှာ လယ်နတ်တင်တဲ့ ပုန်းမကြည်အိုး မုန့်နှစ်တို့ထားသလို ဖြစ်နေတော့ ပါးတခြား သနပ်ခါးတခြား ဆိုသလိုပါပဲ။ တကယ့်ကို ပဲကြီးဟင်းအိုးထဲ မျက်နှာ မှောက်ကျလာတဲ့အတိုင်း။ ဝတ်လာတဲ့ တရုတ် စီဝိုင်စီ အပွင့်ရိုက် ဂါဝန်ရှည်ကြီးကလည်း သတို့သမီးဝတ်စုံလို သမံတလင်းကို တရွတ်တိုက်လို့။ ဖရိုဖရဲ ယိုတိယိုရွဲနဲ့။ အသားကလေးကတော့ ဖြူရှာပါရဲ့။
နှာခေါင်းပေါက်မှာက
နှပ်ချေးဖတ်မည်းမည်းတွေက အတိုင်းသား မြင်နေရတယ်။ တံခါးဝမှာ မျက်တောင်စင်းကြီးနဲ့
လာရပ်တော့ ကျွန်မမှာ ဖျပ်ခဲ လန့်တောင်လန့်သွားမိသေးရဲ့။
“ဆရာမ...
အဖေက လွှတ်လိုက်လို့”
“ဘယ်သူက”
“အဖေလေ...
ဦးမောင်သန်း”
“သြော်...ဦးမောင်သန်း
သမီးလား”
ဦးမောင်သန်းဆိုတာ
ကျွန်မအိမ်သား မြို့တွင်းသွားရင် စီးနေကျ ဆိုက်ကားဆရာပါ။ ကျွန်မတို့နေတဲ့
မန္တလေးကန်တော်ကြီး အနောက်ခြမ်း တိုက်တန်းတွေကနေ မြို့ထဲကို သွားချင်ရင်
လိုင်းကားတွေ ရှိပေမယ့် ကျွန်မတို့မှာ ကိုယ်ကြီးလက်ကြီးတွေနဲ့ဆိုတော့ ဖျိုးခနဲ
ဖျတ်ခနဲ သွားချင်လို့ အဆင်မပြေလှဘူး။ လိုင်းကားတွေ စောင့်ရတာနဲ့
ခရီးစဉ်တစ်လျှောက်လုံး ဝင်္ကပါထဲ ပတ်ရသလို တစ်ပတ်ကြီး ပတ်ရတာနဲ့။ သည်ကြားထဲ
ထိုင်စရာနေရာမရရင် တစ်နာရီလောက် ကားပေါ် မတ်တတ်ကြီး သွေးတောင့်အောင်
ရပ်ရသေးတာကလား။ သည်တော့မြို့ထဲသွားချင်ရင် စျေးကြီးပေမယ့် ဆိုက္ကား အသွားအပြန်
ငှားစီးရတာပေါ့။ ဆိုက္ကားနဲ့ဆိုတော့ ကြိုကြိုကြားကြား လိုရာခရီး ပေါက်တာလည်းပါသလို
ကိုယ်သွားချင် ပြန်ချင်တဲ့ အချိန်သွားလို့ ပြန်လို့ရတာလည်း ပါပါတယ်။ ကျွန်မကတော့
အကြောင်းမကြီးရင် အပြင်ရယ် ဘာရယ် သိပ်ထွက်လေ့မရှိသူဆိုတော့ နေသာပေမယ့်
ကျွန်မအိမ်သားကတော့ ဆိုက္ကားတစ်စီး ပုံသေဖောက်သည်ထား။ သူ့အား ကိုယ့်အားညှိပြီး
သွားလာနေရတာပါ။
ကျွန်မတို့
ဇနီးခင်ပွန်း နှစ်ယောက်စလုံးက စာလေးပေလေး ရေးကြသူတွေဆိုတော့ အိမ်မှုကိစ္စ
ဗာဟီရတွေဘက် သိပ်မလှည့်နိုင်ကြပါဘူး။ မနက်မိုးလင်းရင် နှစ်ယောက်တည်းသာရှိတဲ့
အိမ်ထောင်ပေမယ့် အလုပ်တွေက များသားမဟုတ်လား။ တိုက်ခန်းက နှစ်ခန်းတွဲဆိုတော့
ကျယ်ကျယ်ဝန်းဝန်းတော့ ရှိပါရဲ့။ ဒါပေမယ့် စာအုပ်ဗီရိုကြီးတွေ၊ မဂ္ဂဇင်းတွေ၊
ဂျာနယ်တွေနဲ့ အခန်း တစ်ဝက်စာလောက် ပြည့်နေတော့ လူတောင် ထမင်းအိုးလေး ထားပါရစေဦး
ဆိုသလို နေရတာမျိုးပါ။
မနက်အိပ်ရာထ
ကော်ဖီကလေး တစ်ခွက်စီလောက် သောက်ပြီးရင် သူက တစ်ခန်းလုံး တံမြက်စည်းလှည်း၊ ကျွန်မက
သူလှည်းကျင်းပြီးရင် ဖုန်ခါ၊ အိမ်သန့်ရှင်းရေး လုပ်တာနဲ့တင်ပဲ ချွေးကလေး စို့လာကြပြီ။
ပြီးရင် သူက ရေမိုးချိုး၊ စာရေးစားပွဲ တန်းထိုင်နိုင်ပေမယ့် ကျွန်မက မနက်စာအတွက်
မီးဖိုချောင် ဝင်ရပါပြီ။ လျှော်စရာဖွပ်စရာကလေး လျှော်ရဖွပ်ရနဲ့ ဘာမှသာ မဟုတ်တယ်၊
နေ့တစ်ဝက်ကျိုးချင်ပါကရော။ နေ့ခင်းစာ စားပြီး တစ်အောင့်တစ်ဖြုတ် နားလိုက်တာနဲ့တင်
နေ့လယ် ဆယ့်နှစ်နာရီ ဒင်ဒင်မြည်တော့တာပဲ။ သည်ကြားထဲ ဈေးသွားရတာမျိုး၊ သတင်းစာ
ဂျာနယ်တွေ တွဲရတာမျိုး၊ စာအုပ်စင်ရှင်း ရတာမျိုးရှိရင်၊ လူမှုရေးအရ မဖြစ်မနေ
သွားရတာမျိုးနဲ့ဆိုရင် တစ်နေ့သာကုန်ရော၊ ကျွန်မမှာ စာတစ်လုံးမှ ရေးလိုက်ရတယ်
မရှိဘူး။
သည်လိုတော့
မဖြစ်ချေသေးဘူးဆိုပြီး ကျွန်မအတွက် ကူဖော်လောင်ဖက်ကလေးရအောင် ကလေးမကလေး တစ်ယောက်
လိုချင်တယ်ပြောလို့ ဦးမောင်သန်းက သူ့ သမီးကလေးကို လွှတ်လိုက်တာ ထင်ပါရဲ့။
ကောင်မလေးက ဖြူဖြူနွဲ့နွဲ့ကလေးပါ။ အသက်က ဆယ့်သုံးလေးနှစ် လောက်တော့ ရှိရော့ပေါ့။
လက်တိုလက်တောင်းလောက်တော့ အားကိုးရမယ့်ပုံတော့ ပေါ်ပါရဲ့။
'သမီး
နာမည် ဘယ်လိုခေါ်လဲ'
ချက်ချင်း
မဖြေသေးဘူး။ ခေါင်းကိုလက်နဲ့ဖွပြီးမှ 'မိုးဝေခိုင်' လို့ ဆဆလေးလေးကြီးနဲ့ ဖြေတယ်။
'အလိုတော်...
တယ်လှတဲ့ နာမည်ပါလား၊ မိုးတွေဝေပြီး ခိုင်နေတာပေါ့၊ ဟုတ်လား'
'ဟီး...ဟီး...'
ကျွန်မက
ကျွန်မကို ရွံ့မနေအောင် မြှောက်ပင့်ပြောလိုက်တော့ မျက်လုံးတွေ မှေးနေအောင်
တဟီးဟီးနဲ့ ရယ်လိုက်သေးတာ။ ကလေးမပုံ အကဲကြည့်ရတာ တစ်မျိုးတော့ တစ်မျိုးပဲလို့တော့
တွက်မိတယ်။ မျက်နှာကလည်း ရှုံ့ချည်ပွချည်နဲ့။
ကျွန်မနဲ့
မိုးဝေခိုင် အမေးအဖြေလုပ်နေတုန်း သူ့အမေ အခန်းပေါက်ဝ ရောက်လာတယ်။ သူတို့က
ကျွန်မတို့နဲ့ တစ်တိုက်တည်း နေကြသူတွေပါ။ တဲပေါ်က တိုက်ပေါ်သို့ စီမံကိန်းနဲ့
အော်တို မစ်တစ် တိုက်ခန်းတစ်ခန်း ရထားကြတဲ့ သူတွေပေါ့။ သည်တိုက်တန်းတွေက တစ်ထပ်ကို
ဆယ်ခန်းနဲ့ လေးထပ်ဆိုတော့ အခန်းလေးဆယ်ရှိတယ်။ အောက်ဆုံး မြေညီထပ်ကို အေ၊ နောက်
ပထမထပ်ကို ဘီ၊ နောက် ဒုတိယထပ်ကို စီ၊ အပေါ်ဆုံး ကျွန်မနေတဲ့ အထပ်ကတော့ ဒီပေါ့။
မန္တလေးက တိုက်ခန်း အခေါ်အဝေါ်တွေက
ရန်ကုန်လို မဟုတ်ဘူး။ တိုက်တွေကို အဆောင်တစ်၊ အဆောင်နှစ် စသဖြင့် ခေါ်တယ်။
အထပ်တွေကိုကျတော့ ပထမထပ်၊ ဒုတိယထပ် အဲသလို မခေါ်ဘူး။ အေထပ်တဲ့၊ ဘီထပ်တဲ့၊ စီထပ်
စသဖြင့် ခေါ်လိုက်ကြတာ များတယ်။
ကျွန်မတို့က အပေါ်ဆုံး ဒီ ထပ်မှာ အခန်း ၆ နဲ့ ၇ ကို အလယ်ဖွင့်ထားတော့ နှစ်ခန်းတွဲကြီး ဆိုပါတော့။
မိုးဝေခိုင်တို့က ဘီထပ် အခန်းနံပါတ် ၇ ဆိုတော့ စီတစ်ထပ်ခြား အပေါ်အောက်
တစ်တန်းတည်းပေါ့။ ကျွန်မတို့နဲ့ တစ်တိုက်တည်း၊ အပေါ်အောက် တစ်တန်းတည်း ဆိုပေမယ့်
တစ်ခန်းနဲ့ တစ်ခန်း အရောက်အပေါက် မရှိကြသလောက် နည်းကြတယ်။
'ကျွန်မက
လိုက်အပ်မလို့ ဆရာမရေ... သူ့ အဖေက ပြောကာရှိသေး၊ ကျွန်မကို မစောင့်ဘူး၊ အပေါ်ထပ်
အတင်းပြေးတက်သွားတာလေ'
တစ်ကိုယ်လုံး
မီးသွေးမှုန့် အလိမ်းလိမ်းနဲ့ မတင်နွဲ့က သူ့ကိုယ်လုံးမည်းမည်း ဖိုင့်ဖိုင့်ကြီးကို
အပေါ်ထပ် ရောက်အောင် မနည်းသယ်လာခဲ့ပုံရတယ်။ မောနေတဲ့ အသံနဲ့ ဗလုံးဗထွေးပြောတယ်။
သူတို့
မိသားစု အကြောင်းကလည်း ကျွန်မတို့ သိထားသလောက် စိတ်ဝင်စားစရာတော့ အကောင်းသား။
ဦးမောင်သန်းက ဂေါဝိန်ဘက်မှာ ဆိုက္ကားဂိတ်ထိုးရင်း ဖောက်သည်လည်း ရှာနင်း၊
မီးသွေးအိတ်တွေလည်း တိုက်တယ်။ မတင်နွဲ့က မီးသွေးအိတ်တွေ ဂေါဝိန် ဆိပ်ကမ်းကဝယ်ပြီး
အခန်းမှာ ရွေးချယ်သန့်စင်ပြီး အိတ်လိုက်ရော၊ လက်လီပါ ပြန်ရောင်းတယ်။ သားသမီးက
မိုးဝေခိုင် အပါအဝင် ငါးယောက်။ မတင်နွဲ့ရဲ့ အမေ ဒေါ်လှစိန်က ကြီးလှပါပြီ။
သို့ပေမယ့် ဂေါဝိန်ဘက်မှာ အဝတ်ကလေး ဘာလေး အငှားလျှော်ဖွပ်ပြီး ဂေါဝိန်မှာပဲ
နေလိုက်တာ များသတဲ့။ လေးငါးရက် တစ်ခါ ဆိုသလိုတော့ အခန်းကို ပြန်လာတတ်တယ်။
မြေးတွေကို လွမ်းလို့တဲ့။ မတင်နွဲ့ သားအကြီးဆုံးက သံရည်ကျို အလုပ်ရုံတစ်ခုမှာ
အလုပ်သင် သဘောအပ်ထားသတဲ့။ မိုးဝေခိုင်က ဒုတိယ သမီး။ မိုးဝေခိုင်အောက် နို့ညှာ
နှစ်ယောက်က ဘုန်းကြီးကျောင်းမှာ ကျောင်းတက်၊ အငယ်ကောင်ကလေးကို မိုးဝေခိုင် ကထိန်း။
(မရိုသေ့စကား) မတင်နွဲ့မှာလည်း ဗိုက်ကလေးနဲ့။
မတင်နွဲ့က
လူပုံ ပုံ့ပုံ့ဖီးဖီးကြီးနဲ့ပေမယ့် စကားပြောတော့ သွက်ရဲ့။ မိုးဝေခိုင်
အကြောင်းတွေလည်း ပြောလိုက်တာ စုံလို့။ သူ့အခန်း ဆင်းကြည့်စေချင်ကြောင်း၊
တံမြက်စည်းလှည်း အဝတ်လျှော်၊ ကောင်းကောင်းတတ်တဲ့အကြောင်း၊ ထမင်းဟင်း
ချက်တတ်တဲ့အကြောင်း။
'ဒါပေမယ့်
ဆရာမရေ... သည်ကလေးမက...'
မတင်နွဲ့က
မိုးဝေခိုင် မမြင်အောင် သူ့နားထင်ကို လက်နဲ့ထောက်ပြပြီး လက်ခါပြတယ်။ ဦးနှောက်တော့
သိပ်မပြည့်ရှာဘူးဆိုတဲ့ သဘောလောက်ပေါ့။ စာလည်း ဟုတ်တိပတ်တိ မတတ်ဘူးဆိုရဲ့။
မိုးဝေခိုင် စာမဖတ်တတ်ဘူးဆိုလို့ ကျွန်မကတော့ ကျောင်းဆရာမပီပီ စာသင်ပေးရဦးမယ်လို့
စိတ်ထဲတေးထားလိုက်မိတယ်။ မတင်နွဲ့ကတော့ သူ့ သမီးကို လခရယ်၊ ဘာရယ် မဟုတ်ပါဘူး။
ဟိုအခန်းလိုလို၊ သည်အခန်းလိုလို ကူးနေတာထက်စာရင် ကျွန်မတို့ဆီ ထားတော့
ဝတ်ရစားရတာပေါ့လို့ ဆိုတယ်။ ကျွန်မကလည်း ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့လေ။ ကျွန်မ
အတွက် ကူဖော်လောင်ဖက်ကလေး ရပါပကောရယ်လို့ ဝမ်းသာနေမိတာ အမှန်ပါ။
အဲသည်နေ့ကစပြီး
မိုးဝေခိုင်တစ်ယောက် ကျွန်မတို့ အခန်းကို မနက်လင်းတာနဲ့ ခေါင်းစုတ်ဖွား၊ မျက်နှာ
အဆီပြောင်၊ ထဘီ ဒယဥ့်တိုက်နဲ့ ပေါက်ချလာတော့တာပါပဲ။
□
မနက်
ခုနစ်နာရီလောက်ဆိုရင် မိုးဝေခိုင်တစ်ယောက် ကျွန်မတို့ အခန်းကို ရောက်လာပြီ။
ရောက်လာပုံကိုလည်း ကြည့်ပါဦး။ ခေါင်းက ဆံပင်တွေက ရှုပ်တိရှုပ်ထွေး
ကြက်တောင်ပျံထလို့။ မျက်နှာမှာ မျက်ချေးက မပြောင်ချင်ဘူး၊ အဆီတွေ ပြန်လို့။
အဝတ်အစားကလည်း မသေမသပ် ဖရိုဖရဲ။ လာလာချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ မိုးဝေခိုင်ကို
ဘာမှ မခိုင်းရသေးဘူး။ ရေချိုးခန်းထဲဝင်ပြီး မျက်နှာပြန်သစ် ခိုင်းရတယ်။ မျက်နှာနဲ့
လက်တွေကို ဆပ်ပြာနဲ့ ဆေးခိုင်းရတယ်။ ဆားနဲ့ သွားတိုက် ခိုင်းရတယ်။
နောက်နေ့တွေကျရင် မျက်နှာကို ပြောင်အောင်သစ်ပြီး သနပ်ခါးလူးခဲ့ဖို့ မှာရတယ်။
ခေါင်းကိုလည်း ဆီလူးပြီး သပ်သပ်ရပ်ရပ်ဖြီးခဲ့ စည်းခဲ့ဖို့ပြောတော့ ခေါင်းညိတ်တယ်။
'မိုးဝေခိုင်အိမ်မှာ
တံမြက်စည်းလှည်းတာ သိပ်ကောင်းဆို... လှည်းတတ်တယ်ပေါ့'
'တတ်တယ်'
သူဖြေတတ်သလို
ဖြေပြီး တံမြက်စည်း ကောက်ကိုင်တော့တာပါ။ တိုက်ခန်းပေါ် နေကြသူတွေဆိုတော့
တံမြက်စည်း အနုတော့ သူ ကိုင်တတ် လှည်းတတ်ရှာပါရဲ့။ ဒါပေမယ့် သူ တံမြက်စည်း
လှည်းပုံက ဆန်စေ့ပုရွက်ဆိတ် ချီသလိုမျိုး။ ကျွန်မတောင် မျက်စိလည်တယ်။
နောက်ဖေးမီးဖိုချောင် ကစပြီး ရှေ့တံခါးပေါက်အထိ တစ်ခေါက်သပ်သပ် တောက်လျှောက်
လှည်းချသွားတယ်။ တစ်ခါ ဘုရားခန်းနဲ့ အလယ်ခန်း စာအုပ်ဗီရိုတွေနားလှည်းပြီး
ရှေ့တံခါးပေါက် တစ်ခေါက်သွားပို့ပြန်တယ်။ ပြီးမှ ရှေ့ခန်း ဧည့်စားပွဲနေရာကို
လှည်းတယ်။ သည်တော့ အမှိုက်တွေက လှည်းပြီးသားနေရာ ပြန်ပြန်ရောက်နေတော့တာပါ။
တံခါးပေါက်နားက တံမြက်စည်းလှည်းလိုက် ပြောင်သွားလိုက် နောက်ထပ်
အမှိုက်ရောက်လာလိုက် ပြန်လှည်းလိုက်နဲ့ သုံးလေးခေါက် ထပ်ကျော့နေတာဆိုတော့ ကျွန်မက
အမှိုက်ကို တစ်ခါတည်းနဲ့ တံခါးပေါက်အရောက် လှည်းပို့တဲ့နည်းကို သင်ပေးတယ်။
'သည်လို
လှည်းရတယ် မိုးဝေခိုင်ရဲ့... နောက်ကနေ ရှေ့ကို နည်းနည်းစီ ငန်းတိုက်ပြီး
သိမ်းသိမ်း သွားရတယ်။ တံခါးပေါက်အရောက် အားလုံး သိမ်းကျုံး စုသွားရတော့ ညည်းလည်း
မပင်ပန်းတော့ဘူး။ အချိန်လည်း မကုန်တော့ဘူး။ သည်မယ် ဆရာမ တစ်ခေါက် လှည်းပြမယ် ကြည့်'
သူကလည်း
ကျွန်မ နောက်တကောက်ကောက် လိုက်ကြည့်တယ်။ ပြုံးတယ်။ ခေါင်းညိတ်တယ်။ သြော်...
သည်လိုလား ဆိုတဲ့ပုံ။
ဒါပေမယ့်
နောက်ရက်တွေမှာလည်း သည်လိုပဲ သူ့ ထုံးစံလှည်းနေကျ သုံးခေါက်လေးခေါက် ကျော့တာပါပဲ။
ကျွန်မကလည်း မဟုတ်သေးဘူးလေဆိုပြီး ထပ်ပြတယ်။ မရပါဘူး။ သုံးခေါက် ကျော့မြဲ
ကျော့တာပါပဲ။ တစ်ခါတလေ လေးငါးခေါက်တောင် ပြန်နေသေးတယ်။ ထူးဆန်းတာက သူ တံမြက်
စည်းသိမ်းပြီဆိုတော့လည်း ပြောင်လို့ သန့်လို့။ အရေးကြီးတာက ပြောင်ဖို့ပါပဲလေလို့
သဘောထားလိုက်ရတော့တယ်။
အမှိုက်လှည်းပြီး
ဖုန်ခါတော့ စားပွဲကုလားထိုင်ထက် စာအုပ်တွေ ပိုများတဲ့ ကျွန်မတို့ အိမ်မှာ
စာအုပ်စင်ကို မနက်တိုင်း ဖုန်ခါရတာ တစ်လုပ်ပါ။ တာပေါင်ရိုးကြီးပေါ်က
ခေါင်းထောင်ထလာသမျှ ဖုန်တွေ သဲတွေဆိုတာ တိုက်ခန်းတွေထဲ လုံးဝင်လာပြီး ရှိသမျှ
စာအုပ်တွေထဲ ဝင်အောင်းနေကျပါ။ ဒါကိုလည်း လက်စနဲ့ နေ့စဉ် သန့်ရှင်းကြရတယ်။ ကျွန်မက
စာအုပ် လေးငါးအုပ်ကို စီနိုင်သလောက် ဖယ်ဖယ်ပြီး စင်ရော စာအုပ်ပါ အဝတ်နဲ့ ရိုက်ခါ၊ ပြီးရင်
ပြန်ထည့်၊ ပြီးရင် လေးငါးအုပ်ယူ စသဖြင့် သင်ပေးတယ်။ ကျွန်မပြတော့လည်း ဟုတ်လို့။
သူ့ ချည်းလုပ်ခိုင်းတော့ ကယောင်ကယင်နဲ့ မစီတတ် ပြန်ဘူး။ ကျွန်မက ထပ်စီပြတယ်။ သည်လိုနဲ့ပဲ
စာအုပ်ဖုန်ခါခြင်း အလုပ်ကို အစအဆုံး ကျွန်မ လုပ်ပြရတယ်။
နောက်တစ်နေ့
ကျွန်မ မပါတဲ့အခါမှာတော့ ထုံးစံအတိုင်း လွဲနေတော့တာပါပဲ။
'မိုးဝေခိုင်ရဲ့...
ဒါက စာအုပ်ရဲ့ အနှောင့်ခေါ်တယ်။ ဒါက စာအုပ်အပေါ်ပိုင်း၊ အပေါ်ပိုင်းကို
အပေါ်ထားရတယ်။ အနှောင့်က ကိုယ့်ဘက်ကို ထားရတယ်။ ဒါမှ ဆရာမတို့ ရွေးလို့ရမှာပေါ့'
ဒါပေမယ့်
မရပါဘူး။ မနက်မနက် စာအုပ်စင် ဖုန်ခါ ပြီးပြီဆိုလို့ ကျွန်မ သွားကြည့်လိုက်ရင်
စာအုပ်တွေက ကပြောင်းတိ ကပြောင်းပြန်။ စာအုပ်အနှောင့်တွေကတော့ ဘေးတိုက်ဖြစ်တာဖြစ်၊
မဖြစ် တာက မဖြစ်။ စာမဖတ်တတ်ရှာလို့ ရည်ညွှန်းစာတွေ အတည့်နဲ့ ပြောင်းပြန် မသိတာထား။
မဂ္ဂဇင်း မျက်နှာဖုံး ပုံတွေကိုတော့ သူသိရမှာပေါ့။ ကျွန်မက မဂ္ဂဇင်း အဖုံးပေါ်က
ရုပ်ပုံတွေကိုကြည့်ပြီး အတည့်စီဖို့ သင်ရပြန်တယ်။
'သည်မှာကြည့်၊
တွေ့လား ရုပ်ပုံပါတယ်။ ညည်း ရပ်နေသလိုပေါ့၊ ခေါင်းက အပေါ်ထားရတယ်၊
ကိုင်းထောင်ကြည့်စမ်းပါဦး'
ကျွန်မက
မဂ္ဂဇင်း တစ်အုပ်ပေးလိုက်တော့ သူက ဖျတ်ခနဲ လှမ်းယူတဲ့ပြီး
မျက်နှာဖုံးပုံကိုကြည့်ရင်း ပြုံးပြုံးကြီး လုပ်နေသေးတော့တာပါ။
'အလိုတော်...
ညည်းက သိလို့လား'
'သိတယ်...
ထက်ထက်မိုးဦး'
သည်လိုတော့လည်း
သိသားပါလား။
'ကိုင်း...အဲသည်
ထက်ထက်မိုးဦးကို စာအုပ်စင်ပေါ် တည့်တည့်ထောင် ကြည့်ပါဦး... ဆရာမ ကြည့်နေမယ်'
ကျွန်မက
ပြောတော့ မိုးဝေခိုင်က မဂ္ဂဇင်းစာအုပ်ကြီးကိုကိုင်ပြီး စာအုပ်စင်ပေါ်
သွားထောင်တယ်။ ဇောက်ထိုးကြီး။
'ဟော်တော့်...
အဲသလိုဆို ထက်ထက်မိုးဦးခေါင်းကြီးက အောက်ရောက်နေပြီပေါ့၊ အပေါ်ထားလေ'
အပေါ်ထားဆိုတော့
စာအုပ်ကို အပြားလိုက်ကြီး စာအုပ်စင်ပေါ် တင်ပြန်ပါလေရော။
'မဟုတ်သေးဘူးလေ
ဟဲ့၊ ငါ့နှယ်နော်... ဘေးတိုက်ထောင်ပြီး တင်ရမှာ၊ ပြန်တင်ဦး'
စာအုပ်ကို
ဆတ်ခနဲ ကောက်တည့်ပြီး ပထမတော့ ကြောင်နေသေးတယ်။ ပြီးတော့မှ ဘေးတိုက် အပြားလိုက်ကြီး
တင်ချလိုက်တယ်။ စင်ကိုမီပြီး ထောင်ရမှာလေ ဆိုတော့ ပထမပုံစံအတိုင်း ဇောက်ထိုးကြီး
တင်ပြန်တယ်။ သည်တစ်ခါ ခေါင်းကုတ်ရတာက ကျွန်မပါ။ ဘယ်လိုပြောရမှန်း မသိတာ နဲ့
ကိုယ်တိုင်ထပြီး စာအုပ်ကို တည့်တည့် တင်ပြလိုက်တယ်။
'အဲ...ဆရာမထားတာလည်း
ပြောင်းပြန်ကြီးပဲ'
တဲ့။
သူကတောင် ကျွန်မကို အပြစ်တင်လိုက်သေးပါကော။ သည်တော့မှ မိုးဝေခိုင်ကို ကျွန်မ
ဘယ်လို သင်ရမယ်ဆိုတာ ခေါင်းထဲ ဖျတ်ခနဲ ဝင်လာတယ်။
'ဟုတ်သားပဲ၊
ဆရာမတောင် ကြောင်သွားတယ်၊ အဲသလို ပြောင်းပြန်တင်မှ အဝေးကကြည့်ရင် တည့်တာ
နော...ဟုတ်လား... ကိုင်းပါအေ... သည်တစ်ခါ တင်ကြည့်စမ်း'
ကျွန်မက
ပြောင်းပြန်တင်ကြည့်စမ်းဆိုတော့မှ မိုးဝေခိုင်က တည့်သွားလေရဲ့။ ကျွန်မက
လက်ခုပ်တီးပြီး အားပေးလိုက်တော့ နောက်ကို လေး၊ ငါးလှမ်းဆုတ်တဲ့ပြီး သူတင်ထားတဲ့
စာအုပ်ကို ဟန်ပါပါ ကြည့်နေသေးတာပါ။ ကျွန်မကိုလည်း ငါ လုပ်တာ
ဟုတ်ရဲ့သားနဲ့ဆိုတဲ့ပုံနဲ့ပါ။ သည်ကတည်းက မိုးဝေခိုင်ကို စာအုပ်စီခိုင်ရင်း၊
ဖုန်တွေ သန့်ရှင်းခိုင်းရင် ပြောင်းပြန်စီခိုင်းရတယ်။ သည်လိုဆိုတော့လည်း တည့်လို့။
မှားရင် နည်းနည်းပါးပါးပဲ။
ကျောဘက်မှာ
ထောက်ပါတဲ့ စားပွဲတင် ဓာတ်ပုံတွေကိုလည်း ဖုန်ခါပြီးတိုင်း ထောက်ကို
ကျောပေးထောင်ထောင်သွားလို့ ကျွန်မမှာ လိုက်တည့်ရတာ ခဏခဏပါ။ ပြီးတော့ ကျွန်မ စာရေး
စားပွဲပေါ်က စာအုပ်တွေ၊ ရေးလက်စ စာမူတွေ၊ စာရွက်တွေကို မှောက်လျက် ထပ်သွားလို့
ပြန်လှန် ပြန်တည့်၊ စာမျက်နှာပြန်စီရတာမျိုးလည်း ရှိတယ်။ တစ်ခါကလည်း စားပွဲပေါ်
အလှတင်ထားတဲ့ ပန်းစိုက်အိုးထဲက ပလတ်စတစ်ရိုးတံနဲ့ ပိုးစပန်းပွင့်ကလေးတွေကို ရေဆေး၊
ပန်းအိုးထဲ ရေထည့်ပြီး ကျွန်မကို ရေလဲထားတယ် ဆရာမလို့ မျက်နှာလုပ်ပြီး လာပြတယ်။
'ဟဲ့...
ဒါက ရေမဆေးရဘူး၊ ရေလည်း မထည့်ရဘူး၊ ညည်း တော်တော်ရှည်ပါလား'
လို့
ငေါက်တော့ မျက်စိမျက်နှာများ ပျက်လို့။ ပန်းတွေလည်း ကော်တွေကွာပြီး
ပစ်ရတော့တာပါပဲ။ တံမြက်စည်းလှည်းတဲ့အလုပ်နဲ့ ဖုန်ခါရတဲ့ အလုပ်ကလေး သက်သာသွားပေမယ့်
မိုးဝေခိုင်နောက်တကောက်ကောက်လိုက်ရင်း ရွဲ့သမျှ စောင်းသမျှ လွဲသမျှ ချော်သမျှ
လိုက်တဲ့ရတဲ့အလုပ် ကျွန်မမှာ ပိုလာတော့တာပါပဲ။
တံမြက်စည်းလှည်း
ဖုန်ခါပြီးပြီဆိုတာနဲ့ မိုးဝေခိုင်က ကျွန်မ မီးဖိုချောင်ကလေးထဲကို ရောက်လာပြီး
ကျွန်မကို ကူပေးတယ်။ အိုးခွက်ပန်းကန်တွေဆေးတာတော့ အဟုတ်ပဲ။ ဒါပေမယ့် ကျွန်မက
ပန်းကန်ဆေး ဆပ်ပြာဆီ သုံးတာဆိုတော့ သူ့မှာ အသစ်အဆန်း ဖြစ်နေတယ်။ ကျွန်မက
ညည်းတို့အိမ်မှာ ဘာနဲ့တိုက်တာလဲဆိုတော့ ဆပ်ပြာမှုန့်ရေဖျော်ပြီး သပွတ်အူနဲ့
တိုက်တာတဲ့။ ကျွန်မက ဆပ်ပြာဆီကို ပလတ်စတစ် Sponge ထဲ
နည်းနည်းညှစ်ထည့်ပြီး ရေနဲ့ဖွပြလိုက်တယ်။ အမြှုပ်တွေ များလာတော့မှ
သည်လိုတိုက်ရတယ်။ သည်လို တစ်ခါထည့်ထားရင် ပန်းကန်လေး ငါးချပ်တိုက်လို့ရတယ်လို့
ပြောပြရတယ်။
'သည်ဘူးထဲက
အရည်က ဆပ်ပြာမှုန့်ပေါ့ သည်ရေမြှုပ်က သပွတ်အူပေါ့...အတူတူပဲ သိလား'
သူ့ကို
နမူနာလုပ်ခိုင်းတော့လည်း ဖြောင့်လို့။ ဆပ်ပြာဆီ ညှစ်ချ၊ ရေနဲ့ဖွ၊ အမြှုပ်ထ၊
တိုက်တော့။ ဒါကို မိုးဝေခိုင်က သိပ်သဘောကျတယ်။ သူမတွေ့ဖူးပဲကိုး။ဒါပေမယ့်
နောက်ရက်တွေမှာတော့ မထင်တဲ့ထောင့်က ပြဿနာ စပါလေရော။ တစ်လလောက်သုံးရတဲ့
ဆပ်ပြာဆီတစ်ဘူးစာဟာ နှစ်ရက်နဲ့ ကုန်သွားလို့ မေးတော့ ဘူးမှောက်ကျလို့တဲ့။
သေသေချာချာစစ်တော့မှ တစ်ခါညှစ်ရင် လက်တစ်ခုပ်စာ ညှစ်ညှစ်ချနေတာကိုး။ သည်တော့
ပန်းကန်ဆေးတော့မယ်ဆိုတော့လည်း အကြည့် မလွတ်ရပြန်ပါဘူး။
မီးသွေးမီးဖိုနဲ့
ချက်ရရင် ကျွန်မမှာ ကရိကထတွေက များလေတော့ မီးဖို ဘေးထိုင်မိရင် ကုန်းလိုက် ကွလိုက်လိုတိုင်း
မထနိုင်လေတော့ဘူး။ သည်တော့ ယောက်မကလေး ဇွန်းကလေးကအစ လိုအပ်တာ မိုးဝေခိုင်ကို
လှမ်းအယူခိုင်းရတယ်။ သူက ခါးကြီးထောက်လိုက်လို့။
'မိုးဝေခိုင်ရေ... စလောင်းဖုံးကလေး ပေးစမ်းပါကွယ်'
ပန်းကန်စင်ပေါ်က
စလောင်းဖုံးကို လက်ညှိုးထိုးပြီး ကျွန်မက တောင်းတော့ သူက ဘယ်လိုကြားလို့
ဘယ်လိုနားလည်တယ် မပြောတတ်ဘူး။ ဘေးမှာရှိတဲ့ ရေဇလုံကြီး မလာတယ်။ အဲဒါမဟုတ်ဘူးလေ၊ စလောင်းဖုံးကို ပြောတာဆိုတော့
သူက ရေဇလုံကြီး ပြန်ချပြီး ပြူးပြူးပျာပျာနဲ့ ဒယ်အိုးကြီး ယူလာတယ်။ ရော…
ခက်လိုက်တဲ့ ကလေးမ။ လွယ်တာကို ခက်နေပြန်ပါပြီ။ နားများလေးနေရော့သလား။ ကျွန်မလည်း
စိတ်တိုလာတာနဲ့ အော်လိုက်မိတော့တာပါပဲ။
'ဟဲ့
စလောင်းဖုံးလေ… စလောင်းဖုံး စလုံးဖောင်း... သိပြီလား'
'သြော်…စလုံးဖောင်းလား
ဆရာမ သိတယ် သိတယ်'
အဲသည်ကျတော့မှ
စလောင်းဖုံးကို စုတ်ခနဲ ယူလာတော့တာပါ။ ပါးစပ်ကလည်း စလောင်းဖုံး စလုံးဖောင်းနဲ့
သူ့ဟာသူလည်း ရွတ်နေသေးရဲ့။ သည်အကြောင်းကို ကျွန်မအိမ်သားကို ပြောပြတော့ သူ့မှာလည်း
မိုးဝေခိုင် ပြဿနာ ရှိနေတယ်။
'မနက်တုန်းက
တီဗီကို ဖုန်တွေသုတ်မလို့ မိုးဝေခိုင် စုတ်တံရှာခဲ့စမ်းဆိုတာကို
ရီမုတ်ကွန်ထရိုးတွေ ယူလာလို့... အဲဒါမဟုတ်ဘူး စုတ်တံ စုတ်တံ စံတုတ်ကို
ပြောတာဆိုတော့မှ သူက သြော်... စံတုတ်လားဆိုပြီး စုတ်တံကြီး ယူလာတာ... တစ်မျိုးတော့
တစ်မျိုးပဲ'
သည်လိုဆိုလို့
ဘယ်ဟာကိုမဆို ပြောင်းပြန်မှ ရတယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။
သူတည့်ချင်တဲ့နေ့တည့်နေတာပါပဲ။ မတည့်ချင်တဲ့ နေ့များတော့ ပြောင်းပြန်ပြောမှ
တည့်တာများတယ်။ ဘယ်လို သဘောလဲဆိုတာတော့ ကျွန်မတို့လည်း နားမလည်ဘူး။
မိုးဝေခိုင်
ပြန်သွားရင် ကျွန်မတို့နှစ်ယောက်မှာ သည်ကလေးမအကြောင်း ပြောပြောပြီး ရယ်ကြသလို
စိတ်မကောင်းလည်း ဖြစ်ကြရတယ်။ မိုးဝေခိုင်ဟာ အလုပ်လုပ်ရမှာ ဘယ်တော့မှ မပျင်းဘူး။
လက်ဆော့ ခြေဆော့လည်း မရှိဘူး။ မရိုးမသားလည်း မရှိရှာဘူး။ ဘာပဲခိုင်းခိုင်း
မခိုမကပ် လုပ်ရှာတာပါပဲ။ ဒါပေမယ့် သူ့ကိုခိုင်းလိုက်တိုင်း တလွဲတွေ
ဖြစ်တတ်လွန်းလို့ ကျွန်မမှာ မပြောရ မဆိုရတဲ့နေ့ကို မရှိသလောက်ပါဘဲ။ အထူးသဖြင့်
သူလုပ်ပုံ ကိုင်ပုံတွေ ပြောင်းပြန်ဇောက်ထိုး
ဖြစ်နေတတ်တာက ထူးဆန်းနေသလိုပဲ။ တစ်ခါတလေ သူ့ကို စချင်လို့ ကျွန်မတို့က
ပြောင်းပြန်တွေ မေးကြည့်တယ်။
'ခရီးသမ်း'
'ခရမ်းသီး'
'နင်နင်ပန်'
'နံနံပင်'
'ကိုင်း...ဘုအဲ'
ခေါင်းတွေတွင်တွင်
ကုတ်ပြီးမှ 'ကြက်ဥ အဖြူ' တဲ့လေ။
ကျွန်မတို့တောင်
မျက်စိလည်သွားရဲ့။ သူမို့ ကြံကြံဖန်ဖန်။ သူ့ကို ကျွန်မတို့က မိုးခိုင်လို့
ခေါ်ကြတော့ မိဆွေကို မေဆွိခေါ်ကြသလိုပဲ မိုးခိုင်ကို မိုင်ခိုးလို့ပဲ
ခေါ်ကြတော့တယ်။ သည်တော့လည်း သူက ပြုံးနေတာပါပဲ။ သဘောများကျလို့။
'မိုင်ခိုးဆိုတာ
ဘာလဲ'
'သမီးနာမည်'
'ဟုတ်ပြီ…မိုင်ခိုးဆိုတော့
ဘာဖြစ်မလဲ'
'မိုးဝေခိုင်'
ကျွန်မတို့လည်း
သူ့ကို မီးစင်ကြည့်ကရတာကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ခိုင်းလို့ ရသလောက်ခိုင်း၊
တည့်လို့ရသလောက် တည့်ရုံကလွဲလို့ ဘာလုပ်ပေးရမှန်းလည်း မသိပါဘူး။ ကျွန်မ တို့မှာ
သည်ကလေးမ ကြီးလာရင် ဘယ်လိုနေရှာပါ့မလဲဆိုတာကို ပူပန်မိကြရတယ်။ သည်လို
စံလွဲနေခြင်းသည်ပင် သူ့မှာ တစ်စုံတစ်ရာ စဉ်းစားတွေးခေါ်ပုံ
ယိုယွင်းနေရှာတယ်ဆိုတာလောက်တော့ နားလည်ထားကြလေတော့ သူကလေးရဲ့ အနာဂတ်
ကြီးပြင်းမှုမှာ ဘာတွေဖြစ်လာနိုင် သလဲဆိုတာလည်း တစ်ဖက်က တွေးကြရတယ်။
□
ကျွန်မတို့အိမ်မှာ
စာအုပ်တွေများလွန်းတော့ စာအုပ်ဗီရိုကြီးနှစ်လုံးအပြင် လောလောလတ်လတ်
မဂ္ဂဇင်းတွေတင်ဖို့ သစ်သားစင်ကလေး သပ်သပ်လုပ်ထားရတယ်။ တိုက်ခန်းနံရံကို ကပ်ထားတဲ့
ခုံတန်းရှည်ကလေးပေါ့။ မဟေသီ၊ ရွှေအမြုတေ၊ ရနံ့သစ်၊ စတိုင်သစ်၊ နွယ်နီ၊ မိုး၊ Beauty, Idea စသည်ဖြင့် မဂ္ဂဇင်းတွေကို သူ့အမျိုးအစားနဲ့သူ အပုံလိုက် ထပ်ထားရတယ်။
တစ်ခါတလေ ဖတ်ချင်တာ ရှိလို့ စာအုပ်တွေ ရှာရင်းဖွေရင်းနဲ့ သောကောရောကော
ဖြစ်သွားတတ်တော့ မကြာခဏဆိုသလို ပြန်ရှင်းရပြန်ရော။ နေ့လယ်နေခင်း ဘက်ကလေး အားနေလို့
မဂ္ဂဇင်းတွေ စင်တန်းရှည်ပေါ်က ပြန်ချပြီး စီတဲ့အခါ မိုးဝေခိုင်က ကျွန်မကို
ကူလေ့ရှိတယ်။ ဒါပေမယ့် မဂ္ဂဇင်းအမည်တွေ သူမဖတ်တတ် လေတော့ ကျွန်မပဲ
ပင်ပန်းတော့တာပါ။ သည်တော့ စာလုံးဒီဇိုင်းကလေးတွေ ပြရတယ်။ တူရာတူရာ ထပ်ခိုင်းရတယ်။
မိုးဝေခိုင်က သည်တာဝန်ကို ပေါ့ပေါ့ပါးပါးပဲ ယူတယ်။ တကယ်လုပ်တဲ့ အခါကျတော့ တူတာက
တူပေမယ့် မဂ္ဂဇင်းတွေကများတော့ ရောကုန်တာပါပဲ။
ဒါနဲ့
ကျွန်မက သည်ဘက်ကနေ ငုတ်တုတ်ထိုင် စီရင်းနဲ့ ဟိုအပုံထပ်၊ သည်အပုံထပ် သူ့ကို
လှမ်းပြရတယ်။ မဂ္ဂဇင်းလိုဂို (Logo) နဲ့ စာလုံးသာ မသိတယ်။
မျက်နှာဖုံးမှာပါတဲ့ မင်းသား၊ မင်းသမီး တော်တော်များများတော့ သူက သိတယ်။ သိဆို
သူတို့အခန်းဘေးက ဒေါ်လှတို့အခန်းကို ညတိုင်း ခုနစ်နာရီကား သွားသွားကြည့်တတ်သတဲ့။
ခိုင်သင်းကြည်လည်း သိတယ်။ နန္ဒာလှိုင်လည်း သိတာပဲ။ ကျွန်မ မသိတဲ့ သရုပ်ဆောင်အသစ်ကလေးတွေတောင်
သူက သိနေလိုက်သေးရဲ့။ မဂ္ဂဇင်း အမည်မသိတဲ့ မိုးဝေခိုင်ကို ကျွန်မက မင်းသမီးနာမည်
ပြောပြီး စာအုပ်စီခိုင်းရတယ်။
'စိုးမြတ်နန္ဒာပုံနဲ့
စာအုပ်ကို သည်အပုံပေါ်တင်၊ အိန္ဒြာကျော်ဇင်ပုံနဲ့ စာအုပ် ဟိုအပုံပေါ်ထပ်... ဟိုအင်္ကျီအနီနဲ့ဟာက
ဆရာမဆီ ယူခဲ့'
ကျွန်မ မသိတဲ့
မင်းသမီးပုံကျတော့ အင်္ကျီအရောင် ပြောရတာပေါ့။
'ချောရတနာလား
ဆရာမ'
'အဲဒါ
ချောရတနာတဲ့လား...အေးအေး ဒီယူခဲ့... ပါတိတ်ဝမ်းဆက်နဲ့ စာအုပ်ကို ညည်းထမင်းစားတဲ့
လက်နားက အပုံပေါ်ထပ်လိုက်'
သရုပ်ဆောင်
နာမည် မသိတဲ့ မဂ္ဂဇင်းမျက်နှာဖုံးပုံကို အရောင်နဲ့ ပြောတာပေမယ့် သူက အရောင်တွေ
မသိတာလည်း ပြဿနာပါ။ အဖြူအနီ အနက်လောက်ပဲ သိပုံရတယ်။ ဒါလည်း မသေချာရှာပါဘူး။
သည်တော့ ကျွန်မမှာ မြင်ရာတွေ့ရာ ပြောရတော့ လိုက်လို့မမီ ပြေးပြန်ပြီ ဖြစ်ရတာပါပဲ။
'ဟို
ခေါင်းစုတ်ဖွားနဲ့ ပုံသည်မှာထပ်... ဆံထုံးနဲ့ ပုံယူခဲ့...ဘောင်းဘီရှည်
ဟိုဘက်ထား... စကတ်ကွဲ ချထားဦး'
ကျွန်မတို့မို့
စာအုပ်စီရင် အော်ရဟစ်ရလွန်းလို့ အသံတွေများ ဆူညံလို့။ ကျွန်မနဲ့ မိုးဝေခိုင်က
စာအုပ်စီပြီးရင်း ကော်ဖီတစ်ခွက်စီ ဖျော်သောက်ရင်း နားတဲ့အခါ သူခွဲတမ်းရတဲ့
မုန့်ကို မစားဘဲ ဟိုတင်သည်တင် တင်ထားတတ်တယ်။ သူ မစားရက်ဘူး။ သူ့မောင်လေးဖို့
ချန်ထားရှာတာပါ။ ကျွန်မက ဒါကိုစား၊ အိမ်လည်း ပေးလိုက်မယ်ဆိုတော့မှ စားရှာတယ်။
သူ့မောင်လေးကို သူ တော်တော်ချစ်ရှာတယ်။ ကျွန်မတို့က သူစားစေချင်လို့
ပေးတိုင်းကျွေးတိုင်း သူ့ မျက်လုံးတွေက အိမ်ကို ယူပါရစေလို့ တောင်းပန်နေသလိုပဲ။
သနားစရာပါ။
စာအုပ်စီတဲ့
အလုပ်က တော်သေးတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေတွဲတဲ့ နေ့ဆိုရင် ကျွန်မမှာ ဘယ်လိုမှ
စိတ်မရှည်နိုင်တော့ပါဘူး။ ဘီလူး နဂါးထွက်ရတော့တာပါ။ ကျွန်မတို့အိမ်မှာ
ကြေးမုံသတင်းစာရယ်၊ အားကစား ဂျာနယ်တွေရယ်၊ တခြားဂျာနယ် တော်တော်များများရယ်က
နေ့စဉ်လိုလို ရောက်လာတတ်တော့ တစ်ပတ်တစ်ခါ စုတွဲရတာ မသက်သာလှပါဘူး။ သတင်းစာဆိုရင်
နိုင်ငံတကာ သတင်းတွေကို သပ်သပ်ခွဲ တွဲတာဆိုတော့ နိုင်ငံတကာ သတင်းပါတဲ့
စာမျက်နှာကို ဖြတ်ရသေးတာပါ။ မိုးဝေခိုင်က
နိုင်ငံတကာသတင်းရယ် ဘာရယ်လို့ မသိလေတော့ ကျွန်မက သတင်းစာ တစ်စောင်ချင်းမှာ
ဖြတ်ရမယ့် စာမျက်နှာခေါက်ပေး၊ သူက ဓားပါးကလေးနဲ့ သတင်းစာ အလယ်ကနေ ထိုးဖြတ်။
ပြီးရင် ရက်စွဲ စဉ်ပေးရပြန်တယ်။ ဒါတွေပြီးမှ နိုင်ငံတကာသတင်းတွေ သတ်သတ်ဖောက်စက်နဲ့
ဖောက်ဖိုင်မှာတွဲ။ ကျန်တဲ့ သတင်းစာကိုမှ သပ်သပ်ဖောက်ပြီး ဖိုင်မှာတွဲ။ အဆင့်တွေက
သုံးလေးဆင့်ကိုး။ ကြားထဲမှာ ကျွန်မများ အလုပ်တစ်ခုခုပေါ်လို့ ထသွားလိုက်မိရင်
အားလုံး ချည်လုံးခွေးဆွဲ ဖြစ်ကုန်တော့တာပါပဲ။ ဖြတ်ထားတဲ့ နိုင်ငံတကာ
သတင်းစာရွက်ကို အုပ်ထဲ ပြန်ထိုး၊ ကျန်တဲ့ အပိုင်းတွေချည်း စုပုံထားလို့ ကျွန်မမှာ
တစ်စောင်ချင်း ရက်စွဲနဲ့ ပြန်လိုက်ရတာမျိုး ရှိသလို တစ်ခါတလေ ရှေ့တင်ပဲ ဘယ်လိုမှ
အစရှာမရတော့တဲ့ အခါမျိုးလည်း ရှိရဲ့။ သတင်းစာကို မှောက်ရက်ကြီး တွဲထားလို့ လေး၊
ငါးခြောက်စောင်လောက် ပြန်ဖြုတ်ပြီး ပြန်တွဲရတာမျိုးကလည်း ခဏ ခဏ။
သတင်းစာတွဲပြီးရင်
ဂျာနယ်တွေကို အားကစားဂျာနယ်နဲ့ တခြားဂျာနယ်တွေ သူ့ကို ခွဲပြီး အထပ်ခိုင်းရတယ်။
ဒါတော့ အဟုတ်။ ဘောလုံးသမားပုံတွေနဲ့ အားကစားဂျာနယ်တော့ သူက ကောင်းကောင်းသိတယ်။
အားကစားဂျာနယ်တွေကျတော့ အားလုံး စုတွဲတာဆိုတော့ စာစောင်နာမည် ရွေးရတဲ့ ပြဿနာ
မရှိဘူး။
'ဆရာမ...ဘောလုံးကန်တဲ့
သတင်းစာတွေ တွဲလိုက်ရတော့မလား'
ကျွန်မတောင်
ကြောင်သွားမိတယ်။ သူခွဲပြီး ပုံထားတဲ့ ဂျာနယ်တွေကို ကျွန်မက ဖောက်စက်နဲ့ ဖောက်ပေး၊
သူကတွဲ။ ကျွန်မကြည့်နေတဲ့ကြားက ဂျာနယ်တွေ ဇောက်ထိုး တွဲချင်တွဲလိုက်သေးတာပါ။
'ဟဲ့...မိုင်ခိုးရဲ့
ပြောင်းပြန်တွဲ ပြောင်းပြန်တွဲ'
လို့
ကျွန်မက ပြောတော့မှ အလိုက်သင့် ပြန်လှန်တာ။ တစ်ခါတစ်လေ ကျွန်မတောင်
ကိုယ့်စကားနဲ့ကိုယ် ဂျာနယ်တွေ ပြောင်းပြန်တွဲမိတဲ့အခါတောင် ရှိလာတယ်။ မိုင်ခိုးနားနီး
မိုင်ခိုးထင်ပါရဲ့။ ပုံမှန်ဆိုရင်တော့ မိုးဝေခိုင်က မနက်ခင်းဖိုသီဖတ်သီ တက်လာပြီး
တစ်ခန်းလုံးကို တံမြက်စည်းလှည်း၊ ဖုန်ခါ၊ကျွန်မနဲ့အတူ မီးဖိုချောင်ထဲမှာ
နည်းနည်းပါးပါး အလှီးအချွတ်ကူပြီးရင် အောက်ထပ်က သူ့အခန်းပြန်ဆင်းသွားတာပါပဲ။
တစ်ခါတလေ ကျွန်မမှာ အဝတ်တွေ လျှော်စရာများရင်တော့ သူ့ကို ပြန်မလွှတ်သေးဘဲ
အကူခိုင်းရတာမျိုးလည်း ရှိရဲ့။ ဒါမျိုး များကျတော့လည်း မညည်းမညူရှာပါဘူး။
သူနိုင်သမျှ ကူလျှော်ပေးတယ်။ လှန်းပေးတယ်။ တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး
အဝတ်ကလေးတွေ ပေပြုနေရင် သူ့ဘာသာသူ လျှော်သွားတတ်တယ်။ အဲသည်အခါမျိုးမှာ ရေချိုးခန်း
တစ်ခန်းလုံး ဆပ်ပြာမြှုပ်တွေကို ဖွေးလို့။ အဝတ်တွေ ဆပ်ပြာစင်တယ် မထင်တော့ ကျွန်မ
ကိုယ်တိုင်ဝင်လျှော်ရပြန်တယ်။
ကျွန်မတို့
တိုက်တန်းတွေက အနောက်ဘက် မျက်နှာပြုထားတာဆိုတော့ တိုက်ဝရန်တာ သံတန်းတွေကို
အဝတ်လှန်းချိတ်နဲ့ ချိန်ပြီး လှန်းရတာမျိုးပါ။ အဝတ် ရေမစင်ရင် အောက်ဘက်ကို
တစက်စက်ကျနေတတ်တော့ အောက်ထပ်တွေကို အားနာရတာပေါ့။ သည်တော့ အဝတ်လှန်းရင်
ကျွန်မကိုယ်တိုင်ပဲ တစ်ထည်ချင်း ရေစင်အောင် ညှစ်ပေး၊ အဝတ်ကို ချိတ်မှာ မြဲအောင်ချိတ်ပြီး ကိုယ်တိုင် လှန်းရတယ်။
အဝတ်ဇလုံကြီး ဝရန်တာမှာထားပြီး ကျွန်မ အဝတ်လှန်းဖို့ မိုးဝေခိုင်က
အဝတ်လှန်းချိတ်တွေ၊ ညှပ်တွေ ယူလာရင် လျှော်ပြီးသား အဝတ်နဲ့ အင်္ကျီချိတ်က
ဘယ်တော့မဆို ကွတ်တိ ဖြစ်နေတာ ကျွန်မ အံ့သြနေမိတယ်။ တစ်၊နှစ်၊သုံး၊လေးရယ်၊ ခုရယ်
ဆယ်ရယ်လို့ ဟုတ်တိပတ်တိ မသိသူက အဝတ်အရေအတွက်နဲ့ ကွတ်တိကျအောင် ချိတ်တွေ
ယူလာနိုင်တာမို့ပါ။ ကျွန်မက သူ့ကို မသိမသာ မေးကြည့်တယ်။
'အဲ...ဆရာကြီး
အင်္ကျီ အကွက်ရယ်၊ စွတ်ကျယ်ရယ်၊ ဆရာမ အင်္ကျီအပွင့်ရယ်၊ လက်တိုရယ်၊ ပြီးတော့ အဲ
အနွေးအင်္ကျီရယ်...'
သူက
ကျွန်မတို့ အင်္ကျီတွေကို မှတ်ပြီးယူလာတာကိုး။ သည်လိုတော့လည်း သူ မှတ်တတ်သားပဲ။
ဒါဖြင့်ရင် လျှော်တာများတဲ့နေ့ကျတော့ ကောလို့ မေးစရာရှိတယ်။ များတော့လည်း ချိတ်တွေ
ကိုက်နေတတ်တာပါပဲ။ သူ ဘယ်လို စဉ်းစားသလဲတော့ ကျွန်မလည်း မပြောတတ်ဘူး။ တစ်ခါတလေ
ကျွန်မ မအားလို့ သံတန်းမှာ အဝတ်လှန်းမပေးနိုင်ရင် အင်္ကျီတွေက အောက်ဖက်ကို ရေတစ်
စက်စက်ကျလို့။ လှန်းပုံကလည်း ကြည့်ဦး။ လျှော်ပြီး သားတွေအားလုံးကို အုတ်ဝရန်တာဘက်
မျက်နှာပေးပြီး မှောက်လျက် လှန်းထားတာပါ။ အင်္ကျီရှေ့ပိုင်းတွေက အတွင်းဘက်၊ အင်္ကျီနောက်
ကျောတွေကို အပြင်ဘက် မျက်နှာပေးလှန်းထားတာလေ။ လုပ်သမျှ ကိုင်သမျှ
ဇောက်ထိုးမိုးမျှော်ချည်းဆိုတော့ ကျွန်မက နောက်ကထပ်လိုက်ရတာပေါ့။
လက်လွှတ်ရတယ်လို့ကို မရှိဘူး။
နေ့လယ်နေ့ခင်း
ကျွန်မမှာ အလုပ်ရှိတဲ့ရက်ဆိုရင် သူ့ကို နေ့လယ်ကျရင် အပေါ် တက်ခဲ့ဦးနော်လို့
မှာလိုက်ရတယ်။ နေ့လယ်ပိုင်း တက်လာရင်တော့ မိုးဝေခိုင်က ကြော့လို့မော့လို့ပါ။
ရေမိုးချိုး သနပ်ခါးတွေ ခြေဆုံးခေါင်းဆုံး ပိန်းနေအောင် လိမ်းလာလိုက်တာများ
သူငယ်တော်ရုပ်ကျလို့။ သူ့ ဆံပင်ဝဲကလေးကိုလည်း ခေါင်းလျှော်ဆီလူးပြီး
ခေါင်းဖြီးလာလိုက်တာ ဘီးကြောင်းရာ အစင်းအစင်းတောင် မပျက်ရဘူး။ တစ်ခါတလေတော့လည်း
ဘာစိတ်ကူးရတယ် မသိဘူး။ ဈေးထဲ ပေါပေါလောလောရောင်းတဲ့ မိတ်ကပ်ဘူးတွေဝယ်ပြီး
မိတ်ကပ်တွေကို တစ်မျက်နှာလုံး ပြာဟောက်နေအောင် လိမ်းလာတတ်တယ်။ မျက်ခွံပေါ်မှာလည်း
စိမ်းစိမ်းပြာပြာ အရောင်တွေ ခြယ်လာလိုက်တာ ပြေပြေပြစ်ပြစ်မဟုတ်ဘူး။ နှုတ်ခမ်းနီ
ဆိုးတာများ ကျွန်မ မမြင်ဖူးတဲ့ အရောင်တွေ။ သူကြည့်ရတဲ့ ဗီဒီယိုကားတွေ၊ မဂ္ဂဇင်းထဲက
သရုပ်ဆောင်တွေကို အတုခိုးပြီး သူလုပ်တတ်သလို လုပ်လာတာဆိုတော့ တစ်မျိုးပြီး
တစ်မျိုး မရိုးနိုင်ပေါင်ဆိုတဲ့ အထဲကပါ။ မရမ်းပြာကြီး ဆိုးလာလိုက်၊
ညိုညိုနက်နက်ကြီး ဆိုးလာလိုက်၊ တစ်ခါတလေ လူမမာ နှုတ်ခမ်းလို ဖြူဖပ်၊
ဖြူရော်ကြီးတောင် ဆိုးလာလိုက်သေး။ မျက်လုံးအတွင်းအရစ်ထဲ အမည်းအနက်တွေ
ဆိုးလာတာများလည်း ရှိရဲ့။ နဂို မျက်ခုံးမွေးပါးပါးပေါ်မှာ လခြမ်းလို
ကုံးကုံးကွေးကွေးကြီး နှစ်ခုကလည်း တစ်ဖက်နဲ့ တစ်ဖက် မညီဘူး။
ကျွန်မက
သည်အလှပြင်ပစ္စည်းတွေ ညည်း ဘယ်ကရသလဲလို့မေးတော့
သမီးဘာသာ ဝယ်တာတဲ့။ ကျွန်မက သူဆိုးလာတဲ့ နှုတ်ခမ်းနီ အရောင်တွေကို
ဘာရောင်လဲလို့ ဆီးမေးရင် သက်မွန်မြင့် အရောင်တဲ့။ ပပဝင်းခင် အရောင်တဲ့။
ကိုရီးယားမင်းသမီး အရောင်တဲ့။ သူက ဟုတ်ဟုတ်သေးတော့။ တကယ်တော့ အရောင်တွေကို
သူမသိဘူး။ အပြာရယ်၊ အဝါရယ်လည်း မပြောတတ်ရှာပါဘူး။ ကျွန်မက မိတ်ကပ်တွေ၊
နှုတ်ခမ်းနီတွေ နေ့တိုင်း မလိမ်းရဘူး၊ သွားတော့လာတော့မှ လိမ်းရတယ်၊ အိမ်နေရင်
သနပ်ခါးကလေး ညီညီလူးပေါ့လို့ပြောတော့ သူက လက်ခံချင်ပုံ မပေါ်ဘူး။
'သနပ်ခါးလိမ်းတာ
မလှဘူး ဆရာမရဲ့...မိတ်ကပ်လူးမှ လှတာ' တဲ့။
တစ်ခါတလေ
စိတ်ကူးစိတ်ရ လိမ်းခြယ်လာတဲ့ နေ့များဆိုရင် သူ့မျက်နှာကို ကျွန်မ ရဲရဲ
မကြည့်ဝံ့ဘူး။ မိန်းကလေးသဘာဝ လှချင်ပချင်စိတ်ကလေးရှိတာကို ကျွန်မ မပြောသာပြန်ပါဘူး။
သူ့ မိဘများခမျာလည်း စိတ်မှချမ်းသာပါစေတော့ရယ်လို့ ညည်းသဘော လုပ်ထားကြပုံ
ပေါ်ပါတယ်။ ချစ် စရာလည်းကောင်း၊ သနားစရာလည်းကောင်းပေါ့လေ။
▀
ဆက်လက်ဖော်ပြပါမည်
ခင်ခင်ထူး
(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။