ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အပိုင်း (၃)

နုနုရည်အင်းဝ

01 January 2026
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အပိုင်း (၃)
Share to

“ဒေစီဂျိန်းရှိလား၊ အပေါ်မှာလား” ဟော... ဧည့်သည်က လာပြန်ပြီ။ ခုမှ မှေးမှေး မှေးမှေး ဖြစ်မလိုရှိသေး။ ဒေစီဂျိန်းက လှဲနေရာက လူးလဲထပြီး မျက်လုံးတွေကို ပွတ်လိုက်တယ်။ စင်ပေါ်က မျက်မှန်ကောက်တပ်ပြီး ရေနွေးတစ်ခွက်နဲ့ ပလုတ်ကျင်းတယ်။ ပုဆိုးကို ထဘီလို ဖိုသီဖတ်သီဝတ်ရင်း ဝရန်တာကနေ ရေနွေးတွေ သွားထွေးတယ်။

“ဒေစီဂျိန်းရေ”

“ဟော... မခင်အေး၊ လာ...လာ၊ ဘယ်တုန်းက ရောက်လဲ။ ဘယ်မလဲ ကျုပ်ဖို့ ပုစွန်ချဉ်ထုပ်။”

“ပါပါတယ်တော်၊ မပြောနဲ့တော့။ မနေ့က ရောက်ဖို့ရာလေ၊ ရထားလက်မှတ်ကြောင့်။ ဒီနေ့ ညီလာခံတောင် မမီဘူး။ မန္တလေးမှာ ခဏနားနေရသေးတာပေါ့။ ည ကိုးနာရီ ရထားကြီးစီးလာရတာ ပင်ပန်းလိုက်တာဆိုတာ”

“အထက်တန်း မရဘူးလား”

“ရပါတယ်။ ဒါပေမယ့် အိပ်ခန်းမရဘူးလေ။”

ရွှေဘုံသာလမ်း စိန်ရွှေသူဌေးမက ညည်းညူရင်းနဲ့ ဒေစီဂျိန်းရဲ့နတ်စင်ကို ရိုရိုသေသေ ဦးသုံးကြိမ်ချတယ်။ ပြီးတော့ ရွှေရောင်အနားကွပ်နဲ့ အညိုရောင် သားရေအိတ်ကြီးထဲက ငါးကျပ်တန် ပါကင်တစ်အုပ် ထုတ်ယူလိုက်တယ်။ ရေမွှေးနဲ့ မွှေးပျံ့နေတဲ့ ငါးကျပ်တန်အုပ်သစ်ကို ဒေစီဂျိန်းဆီ လှမ်းဆက်လိုက်တယ်။ ဒေစီဂျိန်းက ငါးကျပ်တန်အုပ်ကို လက်အုပ်ချီပြီး မြှောက်ရင်း မျက်လုံးအစုံကို မှိတ်တယ်။

“မှန်လှပါဘုရား၊ တနင်္ဂနွေသမီး ရတနာသုံးပါး အမြတ်ဆုံးထားလို့ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မှန်လှပါဘုရား၊ သာသနာ ငါးထောင့် ငါးရာ သိကြားသာသနာ စောင့်ကြပ်တော်မူသော သာသနာစောင့်နတ်၊ မဟာပထဝီမြေကြီး စောင့်ထိန်းတော်မူသော မဟာဝသုန္ဒြေ ရေနတ်မင်းအမှူးထား၍ သူရဿတီ၊ ပန္ဒီပရမီ၊ ဒေဝီခုနစ်ပါး၊ ဒေဝီကိုးပါး၊ ဒေဝီဆယ်ပါး၊ ဒေဝီနှစ်ဆယ့်တစ်ပါး၊ ဝိဇ္ဇာရှစ်သောင်း၊ ဆရာ့ဆရာအပေါင်း၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ ပီယဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ထွက်ရပ်ပေါက်၊ ပေါက်ဆရာ ခြောက်ဆယ့်လေးယောက်၊ ကိုးဆယ့်ခြောက်ယောက်နှင့်တကွ၊ သုံးဆယ်ကျော် ခုနစ်မင်း၊ ထီးဆောင်းမင်း တစ်ရာ့ တစ်ဆယ့်တစ်ပါးသော ဒေဝတာနတ်မင်းများနှင့် နတ်မိဖုရား အမှူးထား၍ တနင်္ဂနွေသမီး အမိဘက်က ဆိုင်သောနတ်၊ အဖဘက်က ဆိုင်သောနတ်၊ အဘိုးဘက်က ဆိုင်သောနတ်၊ အဘွားဘက်က ဆိုင်သောနတ်၊ အမိရိုးရာ၊ အဖရိုးရာ၊ အဘိုးရိုးရာ၊ အဘွားရိုးရာ အမှူးထား၍ ယနေ့ မှန်လှပါဘုရား ယနေ့သမီးများ၊ သားများ ပန်းဖိုး၊ မုန့်ဖိုး၊ နားဋောင်းဖိုး၊ ဗောင်းတော်ဖိုး အချက်ကျ ဆက်သပါဘုရား။

'ဤအချိန် ဤအခါကစလို့ ခြေတော်ရင်း ဆံခင်းလို့ ခြေတော်စုံ ဆံပုံပါတယ် ဘုရား။ မန္တလေး ဘိုးဘိုးကြီး တောင်ပြုန်း ဘိုးဘိုးကြီး၊ ဘိုးဘိုးလေးနှင့် အိမ်တွင်းအဖေကြီး အိမ်တွင်းခုနစ်ပါး၊ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍ လည်း ကန်တော့ခံတော်မူပါ။ ဤအချိန် ဤအခါမှစ၍ ရောင်းသူ တစ်ယောက်၊ ဝယ်သူတစ်ထောင် အင်္ဂါနံ စိန်အရောင်းအဝယ်များ လုပ်ပါတယ်ဘုရား။ တနင်္ဂနွေနံ အဲ...မှန်လှပါဘုရား။ ဗုဒ္ဓဟူးနံ ရွှေအရောင်းအဝယ်၊ ကြာသပတေးနံ မြ အရောင်းအဝယ်၊ သောကြာနံ အဲ... သွားရာလမ်းခရီး အဆင်ချော အမောပြေလို့ ပယင်းဒတ္ထ၊ ကျောက်သံပတ္တမြား၊ ဘော်တွင်း၊ ရွှေတွင်း၊ ငွေတွင်း မစလို့ပိုင်ဆိုင်သလို၊ တနင်္ဂနွေ သမီးကြီး မိသားစု ဥမကွဲသိုက်မပျက်နှင့် မှန်လှကြောင်းပါဘုရား၊ မတောင့်မတ မကြောင့်မကြ၊ မရှိစကား၊ မလှစကား၊ မဝစကား နားမှလေသံမျှ မကြားရဘဲ မရှိသော ပုဂ္ဂိုလ်များလည်း ပေးနိုင်ပါရစေ၊ မဝသော ပုဂ္ဂိုလ်များလည်း ကျွေးနိုင်ပါစေ၊ မလှသော သူများလည်း ဆင်နိုင်ပါရစေ။

'လောကိကမ်းခြေမှ လောကုတ္တရာကမ်းခြေသို့ မလွတ်မြောက်မီစပ်ကြား သာသနာ့အကျိုး၊ ဘာသာ့အကျိုး၊ ဒေဝအကျိုး သယ်ပိုးဆောင်ရွက်ဖို့ သီရိဓမ္မာ သောကမင်းကြီးတို့လို ဘုန်းသမ္ဘာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကဲ့သို့ အပြင် တစ်မဂ်တစ်ဖိုလ် ရပါရစေ၊ ရောက်ပါရစေ၊ အောင်ပါရစေ၊ အေးပါရစေပါ ဘုရား'

ငါးရာတန် ဆုတောင်းရှည်က ဒေစီဂျိန်းကို အာခြောက်စေတယ်။ သြော်...ငါးရာမျက်နှာကြောင့်ချည်းလည်း မဟုတ်ပါဘူး။ စေတနာမေတ္တာလည်း ပါပါတယ်။ ဒါတွေက ကိုယ့်ဖောက်သည်တွေ၊ အဲ...ကိုယ့်လူရင်းတွေ၊ နတ်မိတ်ဆွေတွေပဲ။

ခင်လာတာပဲ ကြာလှပေါ့။ ဆက်ဆံလာတာလည်း ကြာလှပေါ့။ ကိုယ်ကလည်း ရွှေဝယ်စရာရှိ သူ့ပဲ။ သူကလည်း ကိုယ့်ပဲ။ ကိုယ်လည်း ရွှေဆိုင်မပြောင်းဘူး။ သူလည်း နတ်ကတော် မပြောင်းဘူး။ ဒေစီဂျိန်း ရေနွေးတစ်ပန်းကန် ကုန်တဲ့အထိ ဆုတောင်းကို မျက်စိမှိတ် လက်အုပ်ချီ အာရုံပြုနေတဲ့ စိန်ရွှေသူဌေးမ မျက်လုံးတွေ ပွင့်မလာသေးဘူး။ ပါးစပ်က လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဆက်ပြီး ဆုတောင်းနေတုန်း။ ဘာတွေများ ဆုတောင်းစရာ ကျန်သေးပါလိမ့်။

'ဟဲ့... အောက်မှာ ဘယ်သူရှိလဲ။ အပေါ်ကို ရေနွေးလာဖြည့်ပေးကြဦး။ လက်ဖက်ပွဲလည်း အသင့်ပြင်ခဲ့'

စိန်ရွှေသူဌေးမ မျက်လုံးတွေပွင့်လာပြီး ရိုရိုသေသေ ဦးသုံးကြိမ်ချတယ်။

'ရောင်းဝယ်ကော ကောင်းရဲ့မဟုတ်လား၊ မခင်အေး။ ဟိုတလောကတောင် စိန်နားကပ် ဝယ်ချင်တဲ့ အမျိုးတစ်ယောက် လွှတ်လိုက်သေးတယ်'

'လာပါတယ်။ ချယ်တစ်ရံ ဝယ်သွားတယ်'

'အဲဒါ၊ ကိုယ်တော်တို့ ပေးတာပေါ့'

အသံတိုးတိုးပြောတတ်တဲ့ စိန်ရွှေသူဌေးမက မပွင့်တပွင့် ပြုံးတယ်။

'ဒီထက်မက ပေးအောင် ဆုတောင်းပေးဦး'

'အမယ်လေး... သူဌေးတွေရယ် မပြောရဘူး၊ လောဘကလည်း ကြီးပါ့။ တော်တို့တစ်သက် စားမကုန်တဲ့ စည်းစိမ်ရှိပြီပဲ တော်ရောပေါ့။ ဒါလောက်ပဲ ပေးနိုင်တော့မှာပေါ့။ လောဘသိမ်း... လောဘသိမ်း၊ လောဘကို ဘုရားလည်း မကြိုက်ဘူး။ နတ်လည်း မကြိုက်ဘူး သူဌေးမရေ့'

ဂျိန်စဘွန်းမရဲ့ ပါးစပ်သေနတ်က တရစပ် ပစ်ထည့်တာကို အကြောင်းသိ သူဌေးမက မျက်စောင်းမပွင့်တပွင့် တုံ့ပြန်တယ်။

'အင်း... အဲဒီမျက်စောင်းနဲ့ လင်တစ်ယောက် ထပ်ရနေဦးမယ်။ ငယ်ငယ်ချောချောလေး'

'အို... တော်စမ်းပါ'

ထုံးစံအတိုင်း ပြောချင်ရာပြောပြီး လင်ကြောင်း သားကြောင်းဘက် ဖောက်ချင်လာတဲ့ ဒေစီဂျိန်းကို မျက်စောင်းထပ်ထိုးရင်း မုဆိုးမသူဌေးမက ထိုင်ရာက ထတယ်။

'ကဲ... သွားမယ်။ ပုစွန်ချဉ်ထုပ် လာပို့ခိုင်းလိုက်မယ်'

'ညနေ ထမင်းစားမီအောင် ပို့နော် ဒါပဲ။ နေပါဦး၊ သမီးတွေကော မပါဘူးလား'

'မပါပါဘူး။ ကျောက်ကုန်းက ဒေါ်မြမြတို့နဲ့ လာတာ။ သူတို့လည်း လာခဲ့ဦးမယ်တဲ့'

'အမယ်လေး... မပိုနဲ့၊ မလာပါဘူး။ ဒေါ်မြမြတို့ နတ်ဆရာက မော်လမြိုင် မငွေဥစ္စာ၊ အဲဒီသွားမှာပေါ့။ ကျုပ်ဆီ ဘာကိစ္စလာရမှာလဲ'

'သြော်... လာမှာပါဆိုမှ၊ ကျွန်မနဲ့ ပြောပြီးသား၊ လွှတ်လိုက်မယ်'

'အမယ်လေး... မလွှတ်နဲ့၊ မလွှတ်နဲ့။ ဒီအရွယ်ကျမှ သူများနတ်တပည့်လည်း မလုပ်ပါရစေနဲ့။ ကြော်လည်း မကြော်ချင်တော့ဘူး။ လှော်လည်း မလှော်ချင်တော့ဘူး။ ကြော်လို့လှော်လို့ရတဲ့ ပိုက်ဆံလည်း မလိုချင်တော့ဘူး'

ဒေစီဂျိန်း စွာသမျှကို စိန်ရွှေသူဌေးမက မျက်စောင်း မပွင့်တပွင့်နဲ့ပဲ တုံ့ပြန်ရင်း လှေကားက ဆင်းတယ်။ ဒေစီဂျိန်းက ပုဆိုးထဘီကို ဖိုသီဖတ်သီပြင်ဝတ်ရင်း ဘောက်ဆတ် ဘောက်ဆတ်နဲ့ နောက်က လိုက်ပို့တယ်။

'နက်ဖြန်ညနေ တက်ပွဲလာဦးမလား။ မလာနိုင်လည်း ကိစ္စမရှိဘူး။ နက်ဖြန်က အမျိုးတွေပွဲ။ သူတို့လာကြမှာ'

'ဒီနှစ် ဘယ်နှပွဲလဲ'

'လေးပွဲ၊ ငါးပွဲဖြစ်အောင် လုပ်မလို့လား။ အနန္တော အနန္တငါးပါးဖြစ်အောင်လေ'

လူက နေပေမယ့် ပညာက မနေတော့ အလိုလို ကြော်စကား၊ လှော်စကားလေးက ထွက်လာတယ်။ ငါးဆယ်၊ တစ်ရာမျိုးသာ ဒေစီဂျိန်း မကြော်မလှော်ချင်တော့တာပါ။ ထောင်ဂဏန်းမျိုးကိုတော့ လက်လွှတ်ခံလို့ ဖြစ်မလား။ ပြီးတော့ တက်ပွဲဆိုတာ များလေဂုဏ်ရှိလေ။

'တက်ပွဲဆိုတာ သူဌေးတွေမှ လုပ်နိုင်တာ ရှင်ရဲ့။ ကျွန်မတို့က...'

'အမယ်လေး သွား... သွား... မြန်မြန်သွား၊ ကျုပ် ကော်တုတ်မိတော့မယ်'

စိန်ရွှေသူဌေးမကို ဒေစီဂျိန်းက ဝင်းတံခါးပြင်ဘက် တွန်းပို့လိုက်တယ်။

ဝင်းတံခါးနဲ့ မျက်နှာချင်းဆိုင် ကျပ်ညပ်ပြွတ်သိပ်နေတဲ့ ကနားတဲတန်းလေးတွေပေါ်က နတ်ကတော် အခြောက်မလေးတွေက ဒေစီဂျိန်းကို အားကျတဲ့အကြည့်နဲ့ လှမ်းကြည့်ကြတယ်။ ကနားတဲတွေပေါ်မှာ နတ်မေးတဲ့ ပရိသတ်ကို ထိုင်ရာကနေ ယိမ်းယိုင်နတ်ပူးရင်း ကြွေခေါက်နတ်ဟောနေတဲ့ မိတ်ကပ်ထူထူ၊ နီရဲရဲ နတ်ဝတ်စုံနဲ့ မိန်းမလျာမလေးတွေဆီကို ဒေစီဂျိန်းက ပြန်ကြည့်ရင်း မျက်နှာကို ချီလိုက်တယ်။ ပြီးတော့ ဝင်းတံခါးကို ပြန်ပိတ်တယ်။

'ကြော်ကြဟဲ့၊ လှော်ကြဟဲ့၊ ဒီအရွယ်ဆိုတာ ကြော်ရလှော်ရမယ့်အရွယ်၊ ကြော်ရလှော်ရမယ့် အချိန်'

အိမ်ဘက်ကို ပြန်လာရင်း ဒေစီဂျိန်း ထုံးစံအတိုင်း သူ အော်ချင်ရာကို အော်လာတယ်။

'အဖုံကြီးရေ၊ ညနေစာ ကျက်ကုန်ပြီလားဟဲ့'

ထမင်းချက်၊ ဟင်းချက် မီးဖိုချောင် တာဝန်ခံ မိန်းမလျာ အဖုံကြီးက ဒေစီဂျိန်းကို စကားမပြန်အားသေးဘူး။

'နင့်ဥစ္စာက မလွန်လွန်းဘူးလား။ ခုမှ ငါးနာရီတောင် မထိုးသေးဘူး။ ညကလည်း နင် ဘယ်အချိန်ပြန်လာတယ်ဆိုတာ ငါသိတယ်။ ဒီမှာ လုပ်စရာကိုင်စရာတွေက ရှိသေးတယ်။ ဧည့်သည်တွေက ထမင်းကျွေးရမယ်။ ငါတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ'

အဖုံကြီးက အိမ်အောက်ထပ် အပေါက်ဝမှာ ရပ်ရင်း လက်ညှိုးတထိုးထိုးနဲ့ စိတ်တိုနေတယ်။

'ဟဲ့...အဖုံကြီး ဘာလဲ၊ ဘယ်သူလဲ၊ တင်တင်မြင့်လား။ ဘာဖြစ်နေတာတုံး'

ဒေစီဂျိန်းက အဖုံကြီးနားမှာ ရပ်လိုက်တယ်။ အိမ်အောက် ထပ်ကွပ်ပျစ်ရှည်ထောင့်မှာတော့ ပုဆိုးရင်လျားနဲ့ မှန်တစ်ချပ် ကိုင်ပြီး မိတ်ကပ်တွေ တစ်ပိုင်းတစ်စနဲ့ မိန်းမလျာမလေး တင်တင်မြင့်က နှုတ်ခမ်းကို ထော်နေအောင် စူထားတယ်။ အဖုံကြီးကလည်း မျက်နှာထားကြီး တင်လို့။

'အဲဒီမှာလေ နေတောင်မဝင်သေးဘူး။ ထွက်တော့မယ်။ ဆပ်ဆလူးထနေတာ'

အဖုံကြီးက အေးဆေးပြီး ရှက်တတ် ကြောက်တတ်တဲ့ ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းပုန်း မိန်းမလျာအပျိုကြီး၊ ဟိုကောင်မက ဆတ်ဆလူးမ၊ ဆယ့်ခြောက်နှစ်မနဲ့တော့ တွေ့ကြပြီ။

တင်တင်မြင့်က တောဘက်က မိန်းမလျာကလေး။ အဖုံကြီးကို တောက်တိုမယ်ရ ကူလုပ်ဖို့ ခေါ်လာတာ။ တောင်ပြုန်း ရောက်ရရင်ပြီးရောဆိုပြီး လိုက်လာတာ။ ကူဖော်လောင်ဖက် ခိုင်းဖို့စေဖို့ လိုက်လာတဲ့ မိန်းမလျာငယ်ငယ်လေးတွေ ထုံးစံအတိုင်း တစ်နေကုန် ခိုင်းချင်ရာခိုင်း၊ ညနေစောင်းကစပြီး ညထိကတော့ သူတို့ ထွက်ချိန်ဆိုပြီး လိုက်လာတာ။ အဲဒီအချိန်မှာ မိန်းမလိုဝတ်စား ဖြီးလိမ်းပြီး လမ်းသလားမယ်၊ သံတံခါးရိုးရာ သွားခုန်မယ်၊ ပြီးတော့ (...) ရှာမယ်ပေါ့။

'တစ်ခါတည်း ထွက်ချင်ဇောနဲ့ ငါးခြောက်တွေ ရေဆေးတာလည်း မပြောင်ဘူး။ သဲတကျကျိနဲ့'

'ဟဲ့...အဖုံကြီးရဲ့၊ ထွက်ပါစေ။ မပြောပါနဲ့၊ ငါတို့ ငယ်ငယ်ကလည်း အဲလိုပဲတဲ့။ သူတို့ထက်တောင် ဆိုးသေးတယ်။ ငါဆို ဒီအရွယ်က တစ်ညလုံးပြန်လာတာ မဟုတ်ဘူး'

တောသူမလေးဆိုပြီး ဒေစီဂျိန်းနာမည်ပေးထားတဲ့ ဖိုးခင်တစ်ဖြစ်လဲ ပန်တျာတင်တင်မြင့်က မျက်နှာလေး ကြည်သွားပြီး မိတ်ကပ်ဆက်လူးတယ်။

'ကိုဘစီကလည်း လျှောက်မြှောက်ပေးနေတာပဲ။ ကြာရင် လင်တွေပါ အိမ်ပေါ် ခေါ်တင်မယ်'

အဖုံကြီးက ငယ်ပေါင်းမို့ ဒေစီဂျိန်းကို ငယ်နာမည်ပဲ ခေါ်တတ်တယ်။ မျက်စောင်းကြီးထိုး၊ စိတ်ကောက်ပြီး တွတ်တွတ် တွတ်တွတ်လုပ်သွားတဲ့ အဖုံကြီးကို ဒေစီဂျိန်းက တဟားဟား ရယ်တယ်။

'အဖုံကြီး ညည်းကိုတော့ လင်ပေးစားမှ ဖြစ်တော့မယ်။ ဟဲ့... တင်တင်မြင့် အဖုံကြီးအတွက် တစ်ယောက်ရှာခဲ့စမ်း'

ဒေစီဂျိန်းက အိမ်ပေါ်တက်ခဲ့ရင်း လှေကားတစ်ဝက်မှာ ဗြုန်းဆိုရပ်လိုက်တယ်။

'အေး... လင်ဆိုမှဟေ့ မင်းမင်းတစ်ယောက် ပြန်မလာသေးပါလား။ ဧကန္တ မဟုတ်မှလွဲရော၊ ကောင်မတစ်ယောက်နဲ့တော့ ချိန်းတွေ့နေပြီ ထင်တယ်။ ဟဲ့... အဖုံကြီး၊ မင်းမင်း ဈေးဝယ်စရာတွေ များသလား၊ ဘာပြောသွားသေးတုံး'

'ပြောတာပဲ၊ မိုးချုပ်ရင် မနက်မှ ပြန်ခဲ့မယ်တဲ့'

အဖုံကြီးရဲ့ အေးတိအေးစက်စကားက ဒေစီဂျိန်းရင်ကို ပူခနဲဖြစ်သွားစေတယ်။ သြော်... သင်းက မန္တလေးမှာ ညအိပ်မှာပေါ့လေ။ ဘာလဲ ရည်းစားဟောင်းနဲ့ အိပ်မှာလား။ ကြည့်စမ်း... ငါ့ကိုကျ ဘာမှပြောမသွားဘူး။

ဂျိန်းစဘွန်းမစိတ် တစ်ပိုင်းကနေ ဒေါသကလည်း ကြွလာပြန်တယ်။ ဒေစီဂျိန်းကို ဘယ်လိုအစားမျိုး မှတ်လို့လဲ။ ပြန်မလာဘဲကြည့်၊ ညတွင်းချင်း မန္တလေးလိုက်မယ်ဟဲ့၊ သိလား။ နင့်ကိုခေါ်ဖို့များတော့ မမှတ်နဲ့၊ ငါဆင်ထားတဲ့ပစ္စည်းတွေ လိုက်ချွတ်ယူမှာ။

ထင်ပါတယ်။ မနက်ကတည်းက ဈေးဝယ်၊ ဈေးဝယ်နဲ့ထွက်ဖို့ စိုင်းပြင်းနေတာ။ ထွက်သွားလိုက်တာများ၊ ဇောင်းထဲက လွတ်တဲ့မြင်း၊ လှောင်အိမ်ထဲက လွှတ်လိုက်တဲ့ငှက်မှ အထွက်နှေးဦးမယ်။ သေချာပါတယ်။ သင်း... ကောင်မနဲ့ တွေ့ဖို့ပေါ့။ မိန်းမစစ်မဟုတ်တဲ့ ဒီသက်ကြီးအိုမကြီးကို ငြီးငွေ့ပြီပေါ့၊ ရွံပြီပေါ့။ မိန်းမစစ်ကို ယူချင်တော့ ဒီကောင်မကြီးကို ထားခဲ့တော့မှာပေါ့။ ဒီလိုလား။

ထားခဲ့ပေါ့၊ သွားပေါ့။ အေး... ဒီအရွယ်ကြီးကြီးကျမှ ငယ်ငယ်ကလိုတော့ လင်စိတ်ငယ်ထိပ် မတက်တော့ဘူး။ ကောင်းကောင်းမွန်မွန် ထားပါလျက်နဲ့မှ မနေချင်တာ ကိုယ် ဘာတတ်နိုင်မလဲ။ သွားဟဲ့၊ အောင်း ဒူဝေ... ဒူဝေ... သွား ဟုန်ဟုန်၊ သွားဟေဟေ... သွားဟာဟာ...။

ဒေစီဂျိန်းက ပုဆိုးထဘီကို စွန်တောင်ဆွဲရင်း အိမ်ပေါ်ထပ် အခန်းထဲကို ကမူးရှူးထိုး ဝင်သွားတယ်။ အဝတ်အစား သေတ္တာကို ဖွင့်ကြည့်မယ်လုပ်တော့ သော့က ခတ်လျက်။ လက်ဝတ်လက်စားတွေ ထည့်တဲ့သေတ္တာလေးကလည်း အဲဒီထဲမှာပဲ။ သော့တွေအားလုံးက သူ့ဆီမှာလေ။ သူပဲ သော့ကိုင်၊ သူပဲ အစစအရာရာ စီမံခန့်ခွဲတာ။ အားလုံး သူပဲ အခရာ။

အခန်းပေါက်ဝမှ ဒေစီဂျိန်းက ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့တယ်။ သူ ရက်စက်လို့ လုပ်သွားရင်လည်း လုပ်သွားပေါ့။ ကိုယ်က ပုံမိပြီကိုး။ ကိုယ်က ချစ်မိပြီကိုး။

ဟောဟိုမှာ ကြိုးတန်းပေါ်မှာကတော့ သူ့အင်္ကျီတွေပါလား၊ တောင်ပြုန်းလာခါနီးမှ ရန်ကုန်က ဝယ်လာတဲ့ သူ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ အင်္ကျီသုံးထည်။ တစ်ထည်ခြောက်ရာတောင် ပေးရတဲ့ ဖောရိန်းအင်္ကျီတွေ၊ အင်း... သင်း တစ်ခါတည်း သွားတာဆိုရင် ဒီအင်္ကျီတွေကိုတော့ ထားခဲ့မှာ မဟုတ်ဘူး။ မသွားသေးဘူးနဲ့ တူပါရဲ့။ ပြန်လာဦးမယ်နဲ့ တူပါရဲ့။ သြော်... ဒုက္ခ၊ ဒုက္ခ။ အရင်ကလည်း ဒီလိုအပူလုံးမျိုး ဒေစီဂျိန်းရင်ထဲမှာ အကြိမ်တစ်ရာထက်မနည်း ဆို့ဖူးတာပဲ။ သူ ပြန်ရောက်တော့မှ ကျခဲ့ရတဲ့အပူလုံးတွေ နည်းမှမနည်းတာပဲ။

ဆိုးလိုက်တဲ့ မိန်းမလျာဘဝ၊ အောက်ကျနောက်ကျနိုင်လိုက်တဲ့ မိန်းမလျာဘဝ။

ယောကျ်ားအချင်းချင်း၊ အတူတူကို ကိုယ်ကတစ်ဆင့် နိမ့်နေရတဲ့အဖြစ်၊ အရာရာ ကိုယ်က အလျှော့ပေး၊ အကြိုက်ပေးပြီး ပြုစုလုပ်ကျွေးနေရတဲ့အဖြစ်။ သြော်.. ဝဋ်တွေပေါ့။ ဝိပါက ဝဋ်ကြွေးတွေပေါ့။ ဟိုဘဝ သူများသားမယား စော်ကား ပြစ်မှားခဲ့မိလို့ ဒီဘဝမှာ မိန်းမလျာ လာဖြစ်ရတာ။ ခန္ဓာကိုယ်က ယောကျ်ားစစ်စစ်၊ စိတ်ကတော့ တကယ့်မိန်းမမှ မိန်းမ၊ မိန်းမစိတ်စစ်စစ်။ မိန်းမလိုပဲ ဝတ်ချင်တယ်၊ စားချင်တယ်၊ နေချင်တယ်။ မိန်းမလိုပဲ ပြောချင်တယ်၊ ဆိုချင်တယ်၊ တွေးချင်တယ်။ အေး... မိန်းမလိုပဲ ယောကျ်ားလည်း လိုချင်တယ်။ တကယ်၊ ကိုယ်ဖြစ်ဖူးမှ ကိုယ်သိတာ။ မိန်းမလျာများ ယောကျ်ားဖြစ်အောင် ပြောင်းမယ်မကြံနဲ့။ အနုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ပဲဖြစ်ဖြစ်၊ ကြိုက်သလိုလုပ် မရဘူးမှတ်။ ဘယ်လိုလုပ်လုပ် မရဘူးမှတ်။ မိန်းမလျာမှန်သမျှ မွေးကတည်းက ဒီစိတ်က ပါလာပြီးသား။ အကြောင်းအမျိုးမျိုးကြောင့်သာ ငုပ်ပြီး၊ ပုန်းပြီး နေရတာ။ ဟော... ရေမြေ၊ ရာသီဥတု သင့်တင့်မျှတဲ့အချိန်ရောက်တာနဲ့ ပွင့်တော့တာပဲ။ ငွားငွားစွင့်စွင့်ကို ပွင့်တော့တာပဲ။ ဘယ်သူမှတားလို့ မရပေါင်။

ကိုယ်တွေ့ပဲ။ ငယ်ဘဝမှာ ယောကျ်ား ဘစီဖြစ်အောင် မိန်းမလျာဘစီကို ချော့မော့ပြီး မိဘတွေ၊ ဆွေတွေမျိုးတွေက ဘောင်းဘီရှည်တို့၊ ဂျာကင်တို့၊ ကစားစရာ၊ သေနတ်တို့ ဝယ်ပေး။ ကိုယ်လိုချင်တာက ဂါဝန်တို့၊ စကပ်တို့၊ ချိန်ခွင်တို့၊ ထမင်းအိုး ဟင်းအိုးလေးတွေ လိုချင်တာ။ ချော့မရတော့ ရိုက်ဟဲ့၊ နှက်ဟဲ့၊ ပုဆိုးကို ထဘီလိုဝတ် ရိုက်၊ သနပ်ခါးလိမ်း ရိုက်၊ ချိန်ခွင်နဲ့ ကစားပြန်ပလား ရိုက်၊ နီးရာလူက အကုန်ရိုက်ကြတာပဲ။ မရပါဘူး။ ဘယ်လောက်ရိုက်ရိုက် မိန်းမလျာ ဘစီပဲ။

နောက်တစ်ခါ လူပျိုဖြစ်လာတော့လည်း မိန်းမပေးစားဖို့ စီစဉ်ကြပြန်ရော။ ဘစီက ဖြူဖြူသနားကမား၊ ရုပ်ကလေးကလည်းရှိတော့ အကြောင်းမသိတဲ့ အပျိုမတွေက မိန်းမချော ချောတာဟဲ့ဆိုပြီး ကြိုက်ကြသေးတာ။ အမယ်လေး... ပြောလို့ပြောတာ မဟုတ်ဘူး။ ခုချိန်ထိ ဘစီကို မရလို့ အထုပ်ပိုက် အပျိုကြီးလုပ်နေတဲ့တစ်ယောက် ခုထိရှိသေးတယ်။ မခက်ဘူးလား။

ဘယ်ရမှာတုံး။ မိန်းမ စိတ်မဝင်စားပါဘူးဆိုမှ ဘစီက အူဝဲဆိုတာနဲ့ ဆရာဝန် လက်လှမ်းဆွဲတယ်ဆိုတဲ့ မိန်းမလျာမျိုး။ လာမလုပ်နဲ့၊ မရဘူး။

နောက်တော့လည်း အိမ်က လက်လျှော့လိုက်ရတာပါပဲ။ ကိုယ့်ဟာကိုယ် နေချင်သလိုနေ၊ ပျော်သလို နေတော့ပဲ။

သူငယ်ချင်း မိန်းမလျာတွေနဲ့ လျှောက်သွား၊ ရန်ကုန်က မိန်းမလျာဝါရင့် သမ္ဘာရင့်ကြီးနဲ့တွေ့တော့ မိန်းမလျာလေး ဗဟုသုတတွေတိုးပြီး မိန်းမလျာဘဝမှာ ကျင်လည်ကျက်စား လိုက်တာ အသည်းတွေလည်း တဗြန်းဗြန်းကွဲ။ ဟောတစ်ယောက်၊ ဟောတစ်ယောက်။ တစ်ယောက်မကောင်း၊ တစ်ယောက်ဂျောင်း၊ အသည်းက တစ်ခါကွဲတုန်းကသာ နာတာ။ ဆယ်ခါလောက်ကွဲတော့ မနာတော့ဘူး ထုံသွားပြီ။

သားလေးတွေ၊ သမီးလေးတွေ ဒေစီဂျိန်းရဲ့ မွေးစားသားလေးတွေ တွေးလိုက်ရင် စိတ်နာဖို့တော့ အလွန်ကောင်း၊ သူတို့ကို ပေးလိုက်ရတာ၊ အမ်းလိုက်ရတာဖြင့် ကိုယ်ဝတ်ထားတဲ့ ရှပ်အင်္ကျီ လိုချင်တယ်ဆိုတောင် ရော့ဟဲ့ဆိုပြီး အမ်းခဲ့ရတာ။ သူတို့က အချိန်တန် အိမ်ပြန်ကြရော။

ငါးစိမ်းနံ့ရတာနဲ့ တူးစော်နံတဲ့ ငါးကင်မကြီးဟဲ့ဆိုပြီး ပစ်ခဲ့တော့တာပဲ။ အစကတော့ အဟုတ်၊ အနားမှာကပ်ပြီး ချွဲလိုက်၊ တာလိုက်၊ တီလိုက်၊ တွတ်လိုက်နဲ့ မိန်းမလျာ အရည်တွေကို ပျော်လို့။

အသွေးယူယူ၊ အသားယူယူ၊ ဗောင်းထဲက နတ်ပိုက်ဆံတွေပါ ယူယူ၊ အကုန်အမ်းမယ် မောင်ရေပဲ။ ဟော...တစ်လက နှစ်လ၊ အချိန်လေးမှ သိပ်မကြာချင်သေးဘူး။ ဖောက်ချင်ပြီ။ ဇာတိတွေကပြလာပြီ။ သွားအနံ့ခံပြီ။ ဒေစီဂျိန်းမှာ ဆို့ရပါပြီ အပူလုံးကြီး။ ကောင်လေးလည်း ဘာထူးလဲ။ မင်းမင်းလေ၊ သူလည်း ဘာထူးလဲ။

တော်လှ၊ တော်လှနဲ့ ခုနစ်နှစ်လည်းရှိရော ဖောက်ချင်လာတာပဲ မဟုတ်လား။ လက်ပူးလက်ကြပ် မမိသေးပေမယ့် တစ်နေကုန် ပျောက်နေတာတို့၊ ညနက်မှ ပြန်လာတာတို့၊ မိုးချုပ်ရင် အိမ်ပြန်မအိပ်တော့ဘူးဆိုတာတွေ ဖြစ်လာပြီ မဟုတ်လား။

ဒါတောင် ဒီခုနစ်နှစ်မှာ ဒေစီဂျိန်း ထိန်းနိုင်လွန်းလို့၊ စွာနိုင်လွန်းလို့ပါ။ သင်းလေးနဲ့ကိုယ်က အသက်အများကြီး ကွာတာ။ ချစ်စရာရှိ ချစ်မှာပဲ။ ဆုံးမစရာရှိ ဆုံးမမှာပဲ။ ရိုက်စရာရှိ ရိုက်မှာပဲ။

သင်းလေးကို ဂျိန်းပိုင်တယ်။

မင်းမင်းကို ဂျိန်းပိုင်တယ်။

သင်းကလေးကို သင်းမိဘတွေဆီက ငွေငါးရာပေးပြီး အပိုင်ဝယ်ခဲ့တာ။

အညာတောမြို့လေး တစ်မြို့မှာ သင်းလေးနဲ့ တွေ့တာပေါ့။

လွန်ခဲ့တဲ့ ခုနစ်နှစ်က ဆိုတော့ သူက ဆယ့်ခြောက်နှစ်၊ ကိုယ်က လေးဆယ့်ခြောက်။ လေးဆယ့်ခြောက်ဆိုတာ အလှပန်း အပွင့်ဆုံးအရွယ်လေ။

အဲဒီတော့ သူက သဘောကျသွားမှာပေါ့။

တစ်ခါတည်း ကနားပွဲထဲမှာ ကိုယ့်ကို ငေးကြည့်နေတာ။ (နောက်မှ ပြန်ပြောတာ၊ ပုပ္ပားမယ်တော် အဝတ်အစားနဲ့ လှလွန်းလို့တဲ့)။ သြော်... ကိုယ်ကတော့ မပြောနဲ့လေ။ သူ့လို ရုပ်ရည်မျိုးလေးကို မြင်တာနဲ့ကြိုက်ပေါ့။ အသားကလေးက လတ်လတ်၊ အရပ်က ထောင်ထောင်မောင်းမောင်း၊ မျက်လုံး လေးတွေက ပြူးဝိုင်းပြီး မျက်ခုံးကလေးကလည်း ထူးထူးခြားခြား ထင်းနေတာပဲ။ ဆံပင်ဖြီးထားတာလေးကလည်း သူ့မျက်နှာလေးနဲ့ လိုက်,လိုက်တာ။

တစ်ခုပဲ သူ့ခမျာ ဆင်းရဲလွန်းရှာတော့ အဝတ်အစားက ညှိုးမှိန်ရှာတယ်။ ညှိုးမှိန်တာမှ သူဆင်းရဲမှန်း သူ့အဝတ်အစားကို မြင်တာနဲ့ သိနိုင်တယ်။

သနားလိုက်တာ။

ကိုယ့်မယ် ရွှံ့ထဲက ပတ္တမြားလေးဟဲ့... ရေဆေးပြီး အရောင်တင်ပေးရလို့ကတော့ဟယ်၊ ရုပ်ရှင်မင်းသားတွေနဲ့ ယှဉ်နိုင်တယ်ဟဲ့နဲ့ နတ်ကရင်း သူ့ပဲ ကြည့်တွေးနေတော့တာပဲ။

ညနေကနားပွဲသိမ်းတော့ ကိုယ်လည်း မောမောပန်းပန်းနဲ့ အဝတ်တွေ ဘာတွေလဲ၊ ရေးမိုးချိုးမယ်ဆိုပြီး အိမ်ပေါ်ထပ်ကနေ အောက်ဆင်းလာတော့ အလို... အောက်ထပ်မှာ ကနားပွဲရှင် ခိုင်းတာတွေကို မိန်းမကြီးတစ်ယောက်ရယ်၊ ကလေးမလေး တစ်ယောက်နဲ့ လုပ်နေရှာတဲ့သူ့ကို တွေ့ရပါရော။ သနားလိုက်တာ။

ကံကောင်းချင်တော့ ကနားရှင်က ကိုယ်ရေချိုးဖို့ သူ့ကို ရေလိုက်ငင်ပေးခိုင်းတယ်။ အို... ကြာကြာ ဆိုင်းမနေပါဘူး။ ကိုယ်က ချစ်နေပြီပဲ။ ဂျိန်းစဘွန်းမစိတ်ကလည်း ခုဆိုခုမှ။ တစ်ခါတည်း ရေတွင်းနားမှာတင်...

'ဟဲ့... နင် ငါနဲ့နေမလား' ဆိုတော့ 'ဟာဗျာ...' ဆိုပြီး ရယ်တယ်လေ။

'မရယ်နဲ့ဟဲ့၊ အဟုတ်ပြောတာ။ နင် ငါနဲ့လိုက်မလား။ ငါ ကောင်းကောင်းထားမယ်။ ငါ နတ်ကတဲ့ နေရာကူညီ ဘာညာလုပ်ပေးပေါ့'

ဘာညာပေါ့နဲ့ ဂျိန်းရဲ့မူရာမာယာတွေနဲ့ နူးတော့ နှပ်တော့ ကောင်လေးက အမေ့ကို ပြောလိုက်မယ်တဲ့။

ဂျိန်းစဘွန်းမကြီးလေ ပျော်ပြီး ရင်လျားကြီးနဲ့ သူ့အမေဆီ ပြေးတာပဲ။ သူ့အမေဆိုတာ ခုနက ကနားရှင် ခိုင်းတာတွေကို သူနဲ့လုပ်နေတဲ့ မိန်းမကြီးလေ။ ကလေးမလေးက သူ့ရဲ့ မောင်နှမ တစ်လှေကြီးထဲက တစ်ယောက်ပေါ့။

မိန်းမကြီးဆီ ပြေးသွားပြီး...

'ကဲ... ဟောဒီ ရှင့်သားက ကျုပ်နဲ့လိုက်မလို့တဲ့။ ဘယ့်နှယ်လဲ' ဆိုတော့ မိန်းမကြီးက ရယ်နေတယ်။

'ရယ်မနေနဲ့၊ ကျုပ်က တကယ်ပြောနေတာ။ ရှင့်သားကို ကောင်းကောင်းကျွေးမှာ၊ ကောင်းကောင်း ဆင်မှာ။ ကဲ... ပြော၊ ကျုပ်ခေါ်သွားမယ်။ ထည့်မှာလား' ဆိုတော့မှ မိန်းမကြီးက ဇဝေဇဝါနဲ့...

'မသိဘူး၊ သူ့သဘောပဲ' တဲ့။

အဲဒီမှာ ကနားရှင်မိန်းမက...

'ဂျိန်းဂျိန်းက အပိုင်လိုချင်တာ မဟုတ်လား။ အပိုင်လိုချင် သူ့အမေဆီက ဝယ်သွားလိုက်ပေါ့လို့'

စတာလိုလို၊ အတည်လိုလိုလည်း ဝင်ပြောလိုက်ရော ဒေစီဂျိန်းပါတဲ့။

'ဝယ်မယ်၊ ဝယ်မယ် တစ်သက်လုံးစာ အပိုင်ဝယ်မယ်' ဆိုပြီး အိမ်ပေါ်ပြေးတက်၊ ပိုက်ဆံငါးရာကို ဗြတ်ဆို ဆုပ်လာခဲ့ပြီး သူ့အမေကြီးကို 'ရော့' လို့ ပေးပစ်လိုက်တယ်။ 'ခုချိန် ကစပြီး ရှင့်သားကို ကျုပ်ပိုင်သွားပြီနော် ဒါပဲ' လို့လည်း ပြောလိုက်သေးတယ်။ သူ့အမေကြီးက ခေါင်းတညိတ်ညိတ်နဲ့ ပိုက်ဆံငါးရာရလို့ မျက်နှာကို ပြုံးနေတာပဲ။

အဲဒီအချိန်ကစပြီး မင်းမင်းကို ဂျိန်း ပိုင်ခဲ့တာပေါ့။

မင်းမင်းဟာ ဂျိန်းရဲ့ တောက်တိုမယ်ရ ကူဖော်လောင်ဖက်ကလေး။ ဂျိန်းနတ်ပွဲကဖို့ ပုဆိုး၊ ထဘီ၊ အင်္ကျီပြင်ဆင် ပေးရမယ်။ ပြီးရင် စနစ်တကျ ခေါက်သိမ်းရမယ်။ ဂျိန်းဆံထုံးကို ကူဖြုတ်ပေးရမယ်။ ပန်းကို ကူဖြုတ်ပေးရမယ်။ ဂျိန်း လက်ဝတ်လက်စားတွေကို မပျောက်မရှအောင် သိမ်းရမယ်။ အရေးကြီးဆုံးအလုပ်က ဂျိန်းနတ်ဝင်နေတုန်း နတ်ကနေတုန်းမှာ ဂျိန်းမျက်နှာပေါ်က ချွေးဥလေးတွေကို တယုတယ သုတ်ပေးဖို့ပဲ။

ပြီးတော့ သူဟာ ဂျိန်းရဲ့...။

သူ့ကို သုံးနှစ်ကျော်ထိ ဂျိန်း သတိထားဆက်ဆံခဲ့တာပဲ။ ဘယ်နေရာမှ အလစ်မပေးခဲ့ဘူး။ ဘယ်နေရာမှ လျှော့မတွက်ခဲ့ဘူး။ ဒါပေမယ့် သင်းကလေး သုံးနှစ်အတွင်းမှာ သင်းရဲ့ ရိုးသားမှုတွေ၊ စေတနာမေတ္တာတွေနဲ့ ဂျိန်းတစ်ကိုယ်လုံးကို တုပ်နှောင်ပစ်နိုင်ခဲ့တယ်လေ။

ဂျိန်းရဲ့ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ လူမှုဆက်ဆံရေးတွေကအစ သူ့ကို အကုန်အားကိုးရလေတော့ သြော်... ဒေစီဂျိန်းဆိုတာ ဘာသားနဲ့ ထုထားတဲ့ မိန်းမလျာမို့လဲ။

သူ့ကို သံယောဇဉ် တွယ်မိပြီ။

သူ့ကို အကုန်ပုံပစ်လိုက်ပြီ။

အရာရာ သူ့သဘော၊ သူ စီစဉ်၊ သူ့ကို အကုန်ပုံလိုက်ပြီ။

သြော်... သူတို့တွေစိတ်များ ကြောက်စရာကောင်းပုံ ပြောပါတယ်။ သူ့သဘော၊ သူ့ခြေ သူ့လက်ဖြစ်လို့ ဘာကြာလဲ။ ကိုယ့်ကို ငေါက်ချင်ငမ်းချင်လာပြီ။ အလုပ်ကိစ္စဆိုပြီး တစ်နေကုန် ပျောက်တတ်ပြီ။ မိုးချုပ်ရင် ရောက်တဲ့နေရာမှာပဲ အိပ်တတ်ပြီ။ ဒီက ဂျိန်းစဘွန်းမကြီးမှာတော့ သူ ပြန်မလာဘူးဆိုရင် မီးတွေလောင်ပြီး စိပ်ပုတီး တချောက်ချောက်နဲ့ မအိပ်နိုင်၊ မစားနိုင် မျှော်ရတာ... မျှော်ရတာ။

'ကိုဘစီ ထမင်းပြင်လိုက်ရတော့မလား။ ပုစွန်ချဉ် သုပ်ပြီးပြီ'

အဖုံကြီးက လှေကားထက် တံခါးဝမှာ ပေါ်လာတယ်။

'မီးတွေလည်း မဖွင့်ဘူး။ မှောင်ထဲမှာ ထိုင်နေတယ်။ ထမင်းက ဘယ်စားမှာတုံး၊ ဒီပေါ် ယူခဲ့ရမှာလား'

'မယူခဲ့နဲ့၊ ငါ မစားသေးဘူး။ ပုတီးစိပ်မလို့။ ဘယ်သူမှ မလာစေနဲ့နော်... အဖုံကြီး၊ ကြားလား'

ဒေစီဂျိန်းက စိပ်ပုတီးလက်ပတ်ပြီး လမ်းမဘက်က ဝရန်တာကို ထွက်တယ်။

'ဟဲ့... မီးဖွင့်သွားဦး။ မှောင်ထဲမှာ ထိုင်နေမှာပေါ့။ မီးခလုတ်တွေမှ ငါ မသိဘဲ'

မဆီမဆိုင် အငေါက်ခံရတဲ့ အကြောင်းသိ အဖုံကြီးက ဒေစီဂျိန်းကို မျက်စောင်းထိုးရင်း မီးတွေကို ဖွင့်လိုက်တယ်။

'ဟဲ့... အဖုံကြီး၊ မင်းမင်း ဈေးဝယ်စရာတွေ တော်တော်များလား'

'များမှာပေါ့။ ကျုပ်လည်း မသိဘူး။ မနက်ဖြန် ရှင့်တက်ပွဲပန်ဖို့ သစ်ခွလည်း ရှာရဦးမယ်လို့လည်း ပြောနေတာပဲ၊ မသိဘူး'

'အမယ်လေး... ပန်းရှာတာ အကြောင်းပြပြီး ညအိပ်ဦးမယ်။ ငါ မသိတာလိုက်လို့'

'အိပ်ချင်မှ အိပ်မှာပါ။ ကားတွေက ညကိုးနာရီ၊ ဆယ်နာရီထိ ရှိတာပဲ။ ပြန်လို့ရသားပဲ'

'သြော်... ပြန်ချင်တဲ့ လူအဖို့ကတော့ ဟုတ်တာပေါ့ဟဲ့'

အဖုံကြီးက ဘာမှမပြောဘဲ အိပဲ့၊ အိပဲ့နဲ့ အောက်ပြန် ဆင်းသွားတယ်။

ဒေစီဂျိန်းတစ်ယောက်ကတော့ ဝရန်တာဘက်က သင်ဖြူးလေးပေါ်မှာ လမ်းမဘက်ကို မျှော်ကြည့်ရင်း စိပ်ပုတီးကို တချောက်ချောက် စိပ်စပြုတယ်။

'သြော်... မီးတကာ့မီး ဒီမီး အဆိုးဆုံးဟဲ့နော်။ ဆယ့်ခြောက်နှစ်လည်း လောင်တာပဲ။ ငါးဆယ်ကျော်လည်း လောင်တာပဲ။ တရားလည်း မမှတ်နိုင်တော့ပါဘူး။ ငမင်း... ငမင်း နင် ငါ့ကို အတော်ဒုက္ခပေးတာပါလား။ အေး... ပြန်မလာချင်လည်း နေ၊ နင့်ကို ငါမေတ္တာပို့ရုံပဲ။ ငါ မကျိန်ပါဘူး။ နတ်လည်း မမေးခိုင်းပါဘူး။ ကိုယ့်ကိုမှ မချစ်တော့တဲ့ တစ်နေ့ သွားပေါ့၊ ငါ ဘာတတ်နိုင်တာမှတ်လို့။

ပစ္စည်းတွေယူသွားလည်း ငါခံရုံပဲ။ ဒါရှိတယ်။ ပစ္စည်းဆိုတာ ထိုက်သူဖို့။ ငါ မမက်ပါဘူး။ ငါ့တစ်ဝမ်းတစ်ခါးကို နတ်က ကျွေးလိမ့်မယ်။ နင်သာနတ်ပေးတဲ့ပစ္စည်းတွေကို စိတ်သန့်သန့်နဲ့ သုံးရဲပါစေ၊ စွဲရဲပါစေ။ နင့်မယား၊ နင့်သားသမီး ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် စိတ်သန့်သန့်နဲ့ သုံးရဲပါစေ၊ စွဲရဲပါစေ။ မှန်လှပါ ဘုရား၊ ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့ သိတော်မူတဲ့အတိုင်းပါ ဘုရာ့။ ကျေးတော်မျိုး ကျွန်တော်မျိုး မသိုမဝှက်နဲ့ ထားခဲ့သော ပစ္စည်းဥစ္စာ ရတနာအားလုံး ဘိုးဘိုးကြီး ဘိုးဘိုးလေးတို့ အမှူးပြုတဲ့ နတ်အပေါင်းက ပေးသောပစ္စည်း၊ ပိုင်သော ပစ္စည်းများပါ ဘုရား၊ သဘောတော်ကျသာ စီမံတော်မူပါ၊ စီရင်တော်မူပါ။

လက်မှာ ပုတီးပတ်လျက်နဲ့ နန်းကြီးရှိရာကို လှမ်းပြီး ဒေစီဂျိန်း ရှိခိုးတိုင်တည်ပြန်တယ်။ ပြီးတော့ ပုတီးကို ဆက်စိပ်ပြန်တယ်။ ဘယ်နှနာရီတွေများ ထိုးကုန်ပါလိမ့်တုံး။ အချိန် မနည်းတော့ဘူး။ အင်း... သင်းပြန်လာမှာ မဟုတ်တော့ပါဘူး။ တစ်ညအိပ်ပဲလား၊ တစ်ခါတည်း သွားတာပဲလား မသိတာ။

ကဲ... ဂျိန်းစဘွန်းမကြီး စိတ်လျှော့ဟဲ့၊ စိတ်လျှော့။ သင်ဖြူးလေးခေါင်းရင်းက ကြိမ်ခေါင်းအုံးလေးပေါ်ကို ဒေစီဂျိန်း ခွေခွေကလေး လှဲချလိုက်တယ်။ ထမင်းလည်း စားချင် တော့ပါဘူး။ အရင်တုန်းကဆို 'ငါက ထမင်းလက်ဆုံစားရမှ ဟေ့နော်၊ အချိန်နဲ့ပြန်လာ' လို့ ပြောထားတဲ့စကားကို တစ်သဝေမတိမ်း ဘယ်သွားသွား၊ ဘယ်ခိုင်းလိုက် ခိုင်းလိုက် ထမင်းစားချိန်ဆို တိခနဲ ပြန်ရောက်လာတာပဲ။

ဘုရား... ဘုရား၊ ဘုရားပါ ဘုရား၊ တရားပါဘုရား၊ သံဃာပါ ဘုရား။ ဘုရားစာရွတ်ရင်း ဒေစီဂျိန်းအိပ်ဖို့ ကြိုးစားတယ်။ ခြေသလုံးတွေက ညောင်းလိုက်တာဆိုတာလည်း မပြောနဲ့။ တစ်နေ့လုံးထိုင်ပြီး ဟောပြော ကြော်လှော်နေရတာကိုး။ မွေးစားသားစာ ရှာရတာလေ။ မွေးစားသားစာ ဝဋ်ပေါ့။ ဝဋ်... ဝဋ်။

အရင်ကဆို ညောင်းတယ်ဆိုတာနဲ့ နှိပ်ပေး၊ နယ်ပေး၊ ဇက်ကြောဆွဲပေး ပျာလို့။ တော်ပါပြီ၊ သင်းအကြောင်း မတွေးတော့ပါဘူး။ တစ်ခုပဲ၊ သင်းသာ ပြန်မလာတော့ဘူးဆိုရင် သင်းလုပ်ပုံကြောင့် အရှက်ကွဲရမှာ တစ်ခုပဲ။ ဒေစီဂျိန်းတော့ ကြီးတောင့်ကြီးမားကျမှ လင်ပစ်သွားပြီ၊ ကောင်လေးက သူ့ တက်ပွဲတောင် မနေဘူး။ ပစ္စည်းတွေလည်း ပါသွားသတဲ့ဆိုပြီး မိန်းမလျာတွေကြားမှာ အတင်းချခံရမှာ။ အို... ဂျိန်းစဘွန်းမပါတဲ့။ ပြောချင်တာ ပြောကြ။ အေး...ကြားအောင်သာ မပြောနဲ့။ ဖေရောမောင်ရော စုံနေအောင် တုတ်ပစ်လိုက်မယ် မှတ်ထား။ ဘုရားစာရယ်၊ ဒေါသရယ်၊ မောဟရယ်၊ ညောင်းညာတာရယ် ပေါင်းပြီး ဒေစီဂျိန်းမျက်လုံးတွေ လေးလာပြီး မှေးခနဲဖြစ်ရုံ ရှိသေးတယ်။

မင်းမင်း... မင်းမင်းတဲ့။ ဟော... သူ၊ သူ ပြန်လာပြီလား။ ဘယ်လိုလုပ်ပြီး ဒေစီဂျိန်း လူးလဲထထိုင်လိုက်မိမှန်း မသိဘူး။ ဟင်း... သေချာပါ့တော်။ သင်းပြန်လာပြီ။ သင်း အသံသြသြကို ခွေးချီသွားတောင် မှတ်မိပါ့။

'ကိုဘစီ... ကိုဘစီ အိပ်ပျော်နေသလား။ မင်းမင်း ပြန်လာပြီ'

'အေး... သိတယ်'

အဖုံကြီးကို ပြန်ပြောတဲ့ ဒေစီဂျိန်းအသံက ဘာမှထူးထူးခြားခြား မဖြစ်တဲ့အသံ။ ဒါပေမယ့် ရင်ထဲက အပူလုံးကြီး တရွေ့ရွေ့ကျသွားတဲ့အသံကို ကိုယ့်ဘာသာကိုယ် ပြန်ကြားရပါတယ်။

မျက်လုံးတွေကို ကပျာကယာ ပွတ်သပ်ပစ်လိုက်ရင်း ဝရန်တာကနေ အိမ်ထဲကို ဒေစီဂျိန်း ဝင်လိုက်တယ်။ တံခါးပေါက်ဝမှာ ခြင်းကြီးနှစ်လုံးကို မနိုင်မနင်း ဆွဲတက်လာတဲ့ မင်းမင်းကို မြင်လိုက်ရတယ်။

'ဟဲ့... ဘယ်အချိန်ရှိနေပြီတုံး၊ နင့်ဥစ္စာက'

မင်းမင်းက မျက်နှာမကြည်မသာနဲ့ ခြင်းနှစ်လုံးကို ခပ်ဆောင့်ဆောင့်လေး ကြမ်းပေါ်ချတယ်။ စလွယ်သိုင်းလာတဲ့ သားရေအိတ်ကို ဖြုတ်တယ်။

'ခုမှ ရှစ်နာရီပဲ ရှိသေးတယ်။ ဈေးဝယ်စရာတွေကဖြင့် အများကြီး။ ခင်ဗျား သစ်ခွပန်းရှာရတာကိုက အကြာကြီးပဲ။ သေချင်စော်ကို နံရော။ အိမ်ကနေပြီး ဘာမှလည်း မသိဘဲနဲ့။ အပြစ်တင် ပြောဖို့ပဲ'

'ဟဲ့... သစ်ခွပန်းမရတော့ ဘာဖြစ်မှာမို့လဲ။ တခြားပန်း ပန်ရတာပဲ။ မလွယ်ရင် မဝယ်နဲ့လို့ နင့်ကို ငါ မမှာဘူးလား ပြော...'

'ပြောလိုက်ရင် ဒါမျိုးပဲ။ နာမည်ကြီးတစ်လုံးနဲ့ လုပ်နေပြီး ခင်ဗျားတက်ပွဲမှာ သစ်ခွပန်းလောက်မှ မပန်ရင် ကောင်းမလား။ ပုဆိုးအဝါနဲ့ပန်ဖို့က ပင့်ကူသစ်ခွ လွယ်လွယ်နဲ့ရတယ်။ ပုဆိုးခရမ်းရောင်၊ ချိတ်အနီရယ် ထွက်ရှာရတာ။ ခရမ်းသစ်ခွနဲ့ အဖြူသစ်ခွက ရှာလိုက်ရတာဆိုတာ ခြံတွေထိ ရောက်တယ်'

ဒေစီဂျိန်းတစ်ယောက် ငြိမ်သက်သွားရင်း မိန်းမ မျက်စောင်းတစ်ချက်ကိုပဲ မဲ့မဲ့ရွဲ့ရွဲ့ ထိုးနိုင်တော့တယ်။ ကျေနပ်နေတဲ့ မျက်နှာက မချိုမချဉ်၊ မပြုံးတပြုံး၊ မုန်းဖို့ကောင်းတယ်။ တစ်ခါတည်း တက်ပွဲဝတ်ဖို့ ပုဆိုးတွေ သူ့ဟာသူ စီစဉ်၊ သူ့ ဟာသူ စီမံ၊ ကိုယ်ကြိုက်တာ ကိုယ်မဝတ်ရတော့ဘူးလား ဘုရာ့။ သူ့သဘော၊ သူ့စိတ်ကြိုက်၊ သူ့အမိန့် မပြောလိုက်ချင်ဘူး။ လူကို ငေါက်ရတာနဲ့ ငမ်းရတာနဲ့ အရှင်သခင်ကြီးပေါ့လေ။ ကြည့်ပါလား၊ ပုံစံကိုက။ ဟိုတုန်းကနဲ့များ တခြားစီ... တခြားစီ။ အသွေးအမွေးချင်း ဘာမှမဆိုင်တော့ဘူး။ အိန္ဒိယ ပလေကပ်အပြာနဲ့၊ စပို့ရှပ်အပြာစင်းနဲ့၊ နာရီနဲ့၊ တစ်ကျပ်သား ဆွဲကြိုးနဲ့၊ လက်စွပ်နဲ့၊ ဟန်းချိန်းနဲ့၊ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ပါဘူး။ ချောကို ချောတယ်။

'ဟော... လုပ်ပြီ၊ ခင်ဗျားကတော့ ဗောင်းထဲက ပိုက်ဆံတွေလည်း မသိမ်းဘူး။ ဒီတိုင်းကြီးထားတယ် ဟုတ်လား။ ထား...ထား... ဒီလိုသာထား သိလား'

'ဟဲ့... ဘယ်သူမှ မယူဘူး။ အိမ်ပေါ်မှာ ငါတစ်ယောက်တည်း ရှိနေတဲ့ဟာ၊ ဘယ်သူ လာယူမှာလဲ'

'သြော်... ဟုတ်တယ်။ ခင်ဗျားရှိပေမယ့် ခင်ဗျားက ဝရန်တာထွက်အိပ်နေတဲ့ ဥစ္စာ။ ဒီနားက ပစ္စည်းတွေ အကုန်လုံး မသွားတောင် သိမှာမဟုတ်ဘူး'

ကဲ... ပြော... ပြော၊ သူပဲ အသိ၊ သူပဲ အတတ်၊ အို... ကိုဖိုးသိ၊ ကိုတတ်ပ၊ ဟင်း... လူကိုများ ဝရန်တာ ထွက်အိပ်နေသတဲ့။ ထွက်အိပ်နေတာ မဟုတ်ဘူးရှင်ရေ၊ ထွက်မျှော်နေတာ၊ ထွက်မျှော်နေတာ။ ရှင့်ကို ထွက်မျှော်နေတာ။ ဗောင်းထဲက ပိုက်ဆံတွေလည်း သိမ်းနိုင်ပေါင်ဘူး။ ယူချင်တဲ့ လူ အကုန်ယူပေါ့။

'ကားက အရေးထဲ စက်ပျက်နေသေးတယ်။ ထမင်းဆာလိုက်တာ လွန်ရော။ ခင်ဗျား စားပြီပြီလား'

ဒေစီဂျိန်းက မူနွဲ့နွဲ့ မိန်းမမျက်စောင်းတစ်ချက် လှလှပပ ထိုးပစ်လိုက်တယ်။ ရင်ထဲမှာ ဘုရားပွဲလှည့်သွားပေမယ့် ဒေစီဂျိန်းရဲ့ပါးစပ် ဝသီလေးက မနေသေးဘူး။

'နင် ဘယ်မှာမှ မစားခဲ့ဘူးပေါ့လေ ဟုတ်လား'

'သြော်... ဟုတ်တယ်၊ ကျုပ်က ဘယ်က စားခဲ့ရမှာလဲ'

'မသိဘူးလေ၊ နင့်မှာ ရှိချင်ရှိမှာပေါ့။ ဟင်း... မစားခဲ့ဘူးလို့ နင် ကျိန်ရဲလား၊ ကဲ...'

'ဟာဗျာ၊ ထမင်းဆာရတဲ့အထဲ။ မသိဘူးဗျာ၊ မကျိန်ဘူးဗျာ'

ဒါပဲ၊ သူ့ပြောလိုက်ရင် ဒါပဲ၊ စိတ်ဆိုးရတာနဲ့ စိတ်တိုရတာနဲ့။

'ဟဲ့... အဖုံကြီးရေ၊ တို့ ထမင်းစားမယ်ဟေ့။ အိမ်ပေါ်ယူခဲ့၊ ကဲ... ရေချိုးဦးမှာလား၊ သွား...'

မင်းမင်းက ဒေစီဂျိန်းကို ဘာမှမပြောတော့ဘဲ ရေချိုးဖို့ ဆင်းသွားတယ်။ မှုန်တေတေနဲ့ ရိုက်ချင်စရာ တော်တော်ကောင်းတဲ့ ကောင်လေး။

အဖုံကြီး လာချတဲ့ ပုစွန်ချဉ်သုပ်ပန်းကန်ထဲက တစ်ဇွန်းကို ဆိုးဆိုးဆတ်ဆတ် ကော်စားမိတော့မှ ဒေစီဂျိန်း ဗိုက်ထဲမှာ တအားဆာလာတယ်။

သြော်... ခုနကတော့ ရင်ပြည့်သလို ရင်ကယ်သလို ဘာမှမစားချင် မသောက်ချင်။ စိတ်... စိတ်။ ငါးဆယ်ကျော် ဂျိန်းစဘွန်းမကြီး ခံပေဦးဟဲ့... ခံပေဦး။

ဆက်လက်ဖော်ပြပါမည်။

နုနုရည်အင်းဝ

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။