အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း(၁၀)

ဝင်းငြိမ်း

01 January 2026
မင်းမှုထမ်း အပိုင်း(၁၀)
Share to

အခန်း (၄) အပိုင်း (၂)

ဘုရင်မကြီးနှင့် ကျွန်တော်

            နိုင်ငံခြားခေါင်းဆောင်များ လာရောက်လည်ပတ်ရင် ဘုရင်မကြီးရဲ့ ဘာကင်ဟမ် နန်းတော်မှာ ဧည့်ခံတဲ့ပုံစံက ကျွန်တော်တို့ ချက်ပဲလ်လမ်းက အိမ်မှာ ဧည့်ခံတာနဲ့ မခြားလှပါဘူး။ ကျွန်တော်တို့အိမ်ကို ဧည့်ကောင်းစောင်ကောင်း လာတယ်ဆိုရင် အိမ်မှာရှိသမျှ အကောင်းဆုံး ကြွေထည်ပစ္စည်းတွေနဲ့ ချပြီး ကျွေးမွေးသလို ဘာကင်ဟမ် နန်းတော်မှာလည်း ရှိသမျှ ငွေထည်များကို ထုတ်သုံးလေ့ရှိပါတယ်။ ငွေမီးဆိုင်းများ အပါအဝင် ဆားနဲ့ငရုတ်ကောင်း ထည့်တဲ့ဘူးများကအစ ငွေထည် ပစ္စည်းများချည်းပါပဲ။ တချို့ပစ္စည်းများဆိုရင် လူနှစ်ယောက်လောက် မ,ရတဲ့ အသုံးအဆောင်တွေလည်း ပါပါတယ်။ တချို့ပစ္စည်းတွေကတော့ ရွှေသားအစစ်နဲ့ လုပ်ထားပြီး တတိယမြောက် ဂျော့ဘုရင်လက်ထက်ကတည်းက သုံးစွဲခဲ့တဲ့ ရွှေထည်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဘာကင်ဟမ်နန်းတော်ရဲ့ ကပွဲခန်းမဆောင်မှာရှိတဲ့ မြင်းခွာပုံသဏ္ဌာန် စားပွဲကြီးက ဧည့်သည် ၁၆ဝ ကို တစ်ပြိုင်တည်း ဧည့်ခံနိုင်ပါတယ်။ ဒီစားပွဲကြီးက ပေ ၁၂ဝ ရှည်ပြီး ဗျက် ၁ဝ ပေ အကျယ်ရှိတဲ့အတွက် ဝင်ဆာနန်းတော်မှာရှိတဲ့ စားပွဲထက် အများကြီး ကြီးပါတယ်။ ဒီစားပွဲကြီးကို အရောင်တင်တော့မယ် ဆိုရင် ဝန်ထမ်းများအနေနဲ့ ခြေထောက်မှာ အဝတ်သန့်သန့်များ စည်းနှောင်ပြီးမှ စားပွဲပေါ်ကို တက်ပြီး အရောင်တင်ရတာပါ။ အရောင်တင်ပြီးလို့ စားပွဲပေါ်မှာတင်မယ့် ဖယောင်းတိုင်စိုက် ငွေထည်ပစ္စည်းများနဲ့ ပန်းအလှဆင်အိုးများ နေရာချထားမယ်ဆိုရင်လည်း အဲဒီလိုပဲ ခြေထောက်မှာ အဝတ်များ စည်းပြီးမှသာ တက်ကြရပါတယ်။ ဧည့်သည်တော်များကို ဧည့်ခံဖို့ စားပွဲ ပြင်ဆင်ရတယ်ဆိုတာကလည်း မလွယ်လှတဲ့အလုပ်ပါ။ အစစအရာရာမှာ တိကျဖို့ လိုပါတယ်။ ပေတံနဲ့တိုင်းပြီး လုပ်ဆောင်ကြရပါတယ်။ ကုလားထိုင်များကိုလည်း စနစ်တကျ တစ်လုံးနဲ့တစ်လုံး အကွာအဝေးတူညီစွာ ချထားကြရပါတယ်။ အားလုံး လုပ်ဆောင်ပြီးလို့ရှိရင် အိမ်တော်ဝန်က လာရောက် စစ်ဆေးသေးတာပါ။

            ညစာ တည်ခင်းဧည့်ခံတယ်ဆိုတာက လာရောက်လည်ပတ်တဲ့ နိုင်ငံ့ခေါင်းဆောင်များကို အထင်တကြီးဖြစ်သွားအောင် လုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ စားပွဲထိုးများဟာ လမ်းပေါ်က မော်တော်ယာဉ်များလို မီးအရောင်နဲ့ အချက်ပြတာကို ကြည့်ပြီး လုပ်ဆောင် လှုပ်ရှားကြရပါတယ်။ အိမ်တော်အမှုထမ်းတစ်ဦးက ဧည့်ခံပွဲတစ်ခုလုံးကို စီးမြင်နိုင်မယ့်နေရာက နေပြီးတော့ နောက်ကွယ်မှာရှိတဲ့ မီးဖိုဆောင်ကို မီးအရောင်နဲ့ အချက်ပေး ခိုင်းစေတာပါ။ ဒါကြောင့် မီးဖိုဆောင်အတွင်းမှာရှိကြတဲ့ ဝန်ထမ်းများက သူ အချက်ပြမယ့် မီးကို စောင့်ဆိုင်းပြီး အဆင်သင့်ရှိကြရပါတယ်။ ပယင်းရောင်မီးအချက်ပြထားရင် 'အဆင်သင့်'လို့ ဆိုလိုတာဖြစ်ပြီး မီးစိမ်းပြရင်တော့ 'ထွက်'လို့ အဓိပ္ပာယ်ရပါတယ်။ မီးစိမ်းပြလိုက်တာနဲ့ တစ်ပြိုင်နက် စားပွဲထိုးများက ဧည့်ခန်းဆောင်အတွင်းကို ထောင့်အသီးသီးကနေ တန်းစီထွက်လာ တာကိုက ညီညာဖျဖျ ရှိကြတဲ့အတွက် ယိမ်းကနေသလိုပါပဲ။ ရှေ့မှာ အဲဒီလို မြင်ကွင်းလှနေပေမယ့် နောက်ကွယ်မှာတော့ နောက်ထပ် ဟင်းလျာတစ်မျိုး ချနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင် ကြရသူတွေက ချွေးတလုံးလုံးနဲ့ပါပဲ။

            ငယ်ဘဝတုန်းက ကျွန်တော့်မိခင် ဖြစ်သူက ထမင်းစားပွဲမှာ ထိုင်နေသူ အားလုံးအတွက် စားသောက်ဖို့ အဆင်သင့် မဖြစ်မချင်း ကိုယ်ကစပြီး မစားရဘူးလို့ သွန်သင်ဆုံးမခဲ့ဖူးပါတယ်။ ဒါပေမယ့် တော်ဝင်အသိုင်းအဝိုင်းမှာတော့ ဒီယဉ်ကျေးမှုဟာ ဆန့်ကျင်ဘက်ပါပဲ။ ဘုရင်မကြီး စားဖို့အဆင်သင့် ဖြစ်တာနဲ့ တစ်ပြိုင်နက် သူက စစားတော့တာပဲ။ တခြားလူတွေအတွက် အဆင်သင့်ဖြစ်တာမဖြစ်တာ ပြဿနာ မဟုတ်ပါဘူး။ သူတို့အယူအဆမှာတော့ ထမင်းဟင်း ပူပူနွေးနွေးအချိန်မှာ မစားဘဲ နေရင် ရိုင်းရာရောက်ပါသတဲ့။ ဝိတိုရိယ ဘုရင်မကြီးလက်ထက်တုန်းကဆိုရင် ဘုရင်မကြီး စားသောက်ပြီး တာနဲ့ တစ်ပြိုင်နက် သူစားပြီးသား ပန်းကန်ကို စားပွဲထိုးများက ကောက်သိမ်းရပါတယ်။ သူ့ပန်းကန်ကို သိမ်းသလို တခြားသူများရဲ့ ပန်းကန်များကိုလည်း တစ်ပြိုင်တည်း သိမ်းရပါတယ်။ တခြားသူတွေ စားပြီးခြင်း မပြီးခြင်းက စဉ်းစားစရာမလိုတဲ့ အချက်တစ်ခုပါတဲ့။ ဒီနေ့ခေတ်မှာတော့ စားပြီး သူများက ဇွန်းနဲ့ခက်ရင်းကို ပန်းကန်ပေါ်မှာ တင်လိုက်ခြင်းအားဖြင့် စားပြီးပြီလို့ အဓိပ္ပာယ်သက်ရောက်တဲ့အတွက် အဲဒီတော့မှသာ သိမ်းဆည်းကြပါတယ်။

            တစ်ခါတုန်းကတော့ ညစာစားပွဲတစ်ခုမှာ မြေတွေပြိုကွဲပြီး ကျွန်တော့်ကို မျိုသွားပါစေတော့ရယ်လို့ ဆုတောင်းမိတဲ့အထိ ဖြစ်ခဲ့ရတဲ့ အဖြစ်တစ်ခု ကျွန်တော် ကြုံခဲ့ရဖူးပါတယ်။ ဘုရင်မကြီး ပြည်ပခရီးထွက်မယ်ဆိုရင် အစစအရာရာ ပြည့်စုံအောင် ဖန်တီးကြရပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဘုရင်မကြီး ပင်လယ်ကွေ့ဒေသသို့ ခရီးထွက်ရာမှာ ကျွန်တော်လည်း ပထမဆုံးအကြိမ်အဖြစ် လိုက်ပါအမှုထမ်းခွင့် ရခဲ့ပါတယ်။ ထွက်ခွာမယ့်နေ့ မနက်မှာ သူနဲ့အတူ လိုက်ပါရမယ့် မင်းမှုထမ်းများကို လမ်းခရီး သာယာချောမွေ့စေကြောင်း ဆုတောင်းတဲ့အနေနဲ့ ရှန်ပိန်အရက် တိုက်လေ့ရှိပါတယ်။ ဒီတာဝန်ကို သူယုံကြည်စိတ်ချရသူ မာဂရက်မက်ဒေါနယ်လ်ဆိုတဲ့ အမျိုးသမီးကြီးက တာဝန်ယူလုပ်ဆောင်ပေးတာပါ။ ဒီအမျိုးသမီးကြီးက စည်းကမ်းကြီးတဲ့နေရာမှာ နာမည်ကြီးလှပါတယ်။ ပိန်ပိန်သွယ်သွယ်နဲ့ မျက်မှန်အဝိုင်း ဝတ်ဆင်ထားပြီး ကုလားထိုင်ပေါ်မှာ ထိုင်တာကအစ စနစ်တကျ ရှိတာပါ။ ဝတ်ထားတဲ့အဝတ်ကလည်း ဘုရင်မကြီးရဲ့ ဝတ်လဲတော်များကို ဒီဇိုင်းထုတ်ပေးတဲ့ ဆာနော်မန်ဟတ်နဲလ် ကိုယ်တိုင် သူ့အတွက် ပုံစံထုတ်ပေးထားတာဖြစ်ပြီး လည်ပင်းမှာလည်း ဘုရင်မကြီး ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်ထားတဲ့ ပုလဲသုံးဆင့် လည်ဆွဲ ဝတ်ဆင်ထားတဲ့အပြင် ပုလဲရင်ထိုးကိုလည်း ဂုဏ်ယူစွာ ဝတ်ဆင်ထားပါတယ်။ မာဂရက်ဟာ အမျိုးသမီး မင်းမှုထမ်းများထဲမှာ ချမ်းသာကြွယ်ဝသူတစ်ဦးပါ။ သူ့ကို ဘုရင်မကြီးနဲ့ ညီမတော် မာဂရက်မင်းသမီးတို့က ချစ်မြတ်နိုးစွာနဲ့ 'ဘိုဘို'လို့ ခေါ်လေ့ရှိပါတယ်။ မာဂရက် ငယ်စဉ်ကတည်းက နန်းတွင်းကို ရောက်ရှိပြီး အပျိုတော်အဖြစ် ခစားခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် အိမ်တော်ဝန်ထမ်းများအတွက် မာဂရက်ဟာ ဘုရင်မကြီးနဲ့မခြား ကြောက်ရွံ့ရိုသေရသူ တစ်ဦးဖြစ်ပြီး သူစိတ်ငြိုငြင်အောင် ဘယ်သူမှ မလုပ်ရဲကြပါဘူး။

            ဘာကင်ဟမ်နန်းတော်ကနေ ထွက်ကြတော့မယ်ဆိုတော့ မာဂရက်က သယ်ဆောင်ရမယ့် ပစ္စည်းတွေကို သူ့ထုံးစံအတိုင်း နောက်တစ်ကြိမ် ထပ်ပြီးစစ်ဆေးပါတယ်။ ဝတ်ဆင်မယ့် ဝတ်လဲတော်တွေ၊ ရတနာတွေ ပါမပါ စစ်ဆေးခြင်းပါပဲ။ ကျွန်တော်က ဘုရင်မကြီးရဲ့ ဝတ်လဲတော်များ ထည့်မယ့် သားရေသေတ္တာများကို အညိုရောင်ပြောင်လက်လာအောင် အရောင်တင်ပေးရပါတယ်။ ကြေးပြားတံဆိပ်များကိုလည်း ရွှေရောင်တလက်လက် တောက်ပလာအောင် ကြေးချွတ်ဆေးနဲ့ တိုက်ချွတ်ရပါတယ်။ သေတ္တာအားလုံးကို လိမ္မော်ရောင်တံဆိပ်များ ကပ်ရပြန်ပါတယ်။ အဲဒီတံဆိပ်များကတော့ 'ဘုရင်မကြီး' ဆိုတဲ့ အမှတ်အသားများပါပဲ။ မာဂရက်က ကျွန်တော် သားရေသေတ္တာများကို တိုက်ချွတ်တာနဲ့ ပတ်သက်ပြီး တော်တယ်လို့ ချီးမွမ်းခဲ့ဖူးပြီး ဘုရင်မကြီးရဲ့ စီးတော်ဖိနပ်များကိုလည်း တိုက်ချွတ်စေခဲ့ပါတယ်။ မာဂရက်က ကျွန်တော်တို့ မင်းမှုထမ်းများအပေါ်မှာ တင်းမာပေမယ့် သူ့ဘဝကိုတော့ သူ ဘယ်တော့မှ မမေ့ပါဘူး။ သူက စကော့တလန်ကနေ ရောက်ရှိလာတာဖြစ်ပြီး နန်းတွင်းကို ရောက်ခါစမှာ အိမ်ကို လွမ်းတဲ့အတွက် နေ့စဉ်ရက်ဆက် ငိုနေခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။

            ပင်လယ်ကွေ့ဒေသသို့ ခရီးထွက်ခါနီးမှာ သူ့ထုံးစံအတိုင်း မာဂရက်ကစစ်ဆေးနေချိန်မှာ ကျွန်တော်တို့ကတော့ ပြည်ပခရီး ထွက်ရတော့မှာမို့ အပျော်ကြီး ပျော်နေကြပါပြီ။ သောက်ထားတဲ့ ရှန်ပိန်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဟီးသရိုး လေဆိပ်ကို မော်တော်ယာဉ်တန်းကြီးနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘုရင်မကြီးရဲ့ ဝတ်လဲတော်များကို တာဝန်ယူရတဲ့ လက်ထောက်ဝန်ထမ်း ပက်ဂီက သူ့သူငယ်ချင်း မေပရန်းတစ်ဘက်ကို လှည့်ပြီး အလန့်တကြား ပြောလိုက်ပါတယ်။ 'ဘုရင်မကြီးရဲ့ ဝတ်လဲတော်တစ်စုံ ကျန်ရစ်ခဲ့ပြီ'တဲ့။

            သူပြောလိုက်ချိန်မှာ ကျွန်တော်က ကားရှေ့ ယာဉ်မောင်းနံဘေးမှာ ထိုင်ရင်းက ကြားလိုက်တာဖြစ်လို့ နောက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်ပါတယ်။ အမျိုးသမီးနှစ်ယောက်စလုံးရဲ့ မျက်နှာများမှာ သွေးမရှိတော့ပါဘူး။ နောက် မိနစ်သုံးဆယ်အတွင်း ဘုရင်မကြီး ကွန်းကော့ဒ် လေယာဉ်ကြီးပေါ်ကို တက်တော့မယ်ဆိုတာလည်း ကျွန်တော်တို့အားလုံး သိထားကြတဲ့အတွက် ကျန်ရစ်တဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ မတွေးဝံ့အောင် ဖြစ်သွားကြပါတယ်။ အဲဒီနေ့က ချမ်းအေးနေဆဲ ဖေဖော်ဝါရီလရဲ့ နံနက်ခင်းဖြစ်တာကြောင့် ဘုရင်မကြီးက ဘာကင်ဟမ်နန်းတော်ကအထွက်မှာ သားမွေးဝတ်စုံများနဲ့ ကုတ်ထူထူကြီးကို ဝတ်ဆင်လာခဲ့ပါတယ်။ ကျန်ရစ်တဲ့ဝတ်စုံဆိုတာက အာရေးဗျစတိုင်လ် အထူးချုပ်ထားတဲ့ ဝတ်စုံဖြစ်ပြီး ကူဝိတ်နိုင်ငံကို ရောက်ချိန်မှာ ဝတ်ဆင်ဖို့အတွက် အထူးတလည် ဒီဇိုင်းထုတ် ချုပ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးယောက်ရဲ့ အပူမီးကို ယာဉ်မောင်းသမားများကလည်း မျှဝေခံစားပေးပါတယ်။ နံဘေးမှာပါလာတဲ့ ဆိုက်ကယ်စီး ရဲတစ်ဦးကို သူက ဆက်သွယ်လိုက်ပြီး ဘာကင်ဟမ်နန်းတော်က နောက်ဆုံးထွက်လာမယ့် မော်တော်ယာဉ်နဲ့ ကျန်ရစ်ခဲ့တဲ့ ဝတ်စုံကို သယ်ဆောင်လာပေးဖို့ အကူအညီ တောင်းခံပေးခဲ့ပါတယ်။ အဲဒီကားကလည်း ရဲအစောင့်အရှောက်နဲ့ လာရမှာပါ။

            ဟီးသရိုးလေဆိပ်ကို ရောက်ချိန်မှာ အထူးဧည့်သည်တော်များ နားနေဆောင်မှာ ဘုရင်မကြီးကို သာမန်အချိန်ထက် ပိုပြီး နားနေအောင် ဖန်တီးကြရပါတယ်။ ကွန်းကော့ဒ်လေယာဉ်ကြီးလည်း သူ့မူလ ထွက်ခွာရမယ့်အချိန်ကို ကျော်လွန်သွားပြီပေါ့။ ဒီခရီးက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ပြည်ပခရီးဖြစ်တာကြောင့် အစစအရာရာ ချောမွေ့စေချင်ပါတယ် ဆိုကာမှ အထစ်အငေါ့ ဖြစ်နေရလို့ ကျွန်တော့်မှာ စိတ်ထင့်ရပါသေးတယ်။ ဝတ်စုံရောက် မလာမချင်း ဘုရင်မကြီးကို ဧည့်ခန်းဆောင်မှာပဲ ထွေရာလေးပါး ပြောကြရင်း အချိန်ဆွဲကြရတာပေါ့။ နောက်ဆုံး လေယာဉ်ပေါ် တက်တော့မယ့်အချိန် ထုံးတမ်းစဉ်လာအတိုင်း လော့ဒ်ချိန်ဘာလိန်က လေယာဉ်ပေါ်အထိ လိုက်ပို့ချိန်မှာတော့ ဘုရင်မကြီးက ကျွန်တော်တို့ ဘာဖြစ်သွားတယ်ဆိုတာ သိသွားပုံနဲ့ ပြုံးနေခဲ့ပါတယ်။ လော့ဒ်ချိန်ဘာလိန်က ဘုရင်မကြီး ပြည်ပခရီးသွားရင် နောက်ဆုံး ပို့ဆောင်နှုတ်ဆက်သူ ဖြစ်သလို ပြည်ပခရီးက ပြန်လာရင်လည်း အရင်ဆုံး ဆီးကြိုနှုတ်ဆက်ရသူ ဖြစ်ပါတယ်။

            ဒီတစ်ကြိမ်ဟာ ကွန်းကော့ဒ် လေယာဉ်ကြီးကို ဘုရင်မကြီး ပထမဆုံးအကြိမ် စီးနင်းလိုက်ပါတာဖြစ်သလို ကျွန်တော့်အတွက်လည်း ပြည်ပခရီးသွားရတာ အပျော်ဆုံးခရီး ဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ကျွန်တော်က အီဒင်ဘာ မြို့စားကြီးရဲ့ မင်းမှုထမ်း တစ်ဦးဖြစ်တဲ့ ဘယ်ရီလပ်ဗဲလ်နှင့်အတူ ထိုင်ပြီး လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော်တို့ စီးနင်းလိုက်ပါလာတဲ့ ကွန်းကော့ဒ်လေယာဉ်ကြီးဟာ ဘုရင်မ လေယာဉ်တစ်စီးတည်းသာ ပျံသန်းခွင့်ရှိတဲ့ ခရမ်းရောင်လွင်ပြင် လေပိုင်နက်မှာ ပျံသန်းလာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဘုရင်မကြီးရဲ့ ခရီးစဉ်များမှာ သုံးတဲ့လေယာဉ်များက ဗြိတိသျှလေကြောင်းမှ ပိုင်ဆိုင်တဲ့ Tri Star လေယာဉ်များဖြစ်ပြီး ဘုရင်မ ခရီးသွားမယ်ဆိုရင် လေယာဉ်ရဲ့ပထမတန်းနေရာကို ပြန်လည်ပြင်ဆင် မွမ်းမံကြရပါတယ်။ ကော်ဇောအသစ်ခင်းခြင်း၊ ထမင်းစား စားပွဲ၊ ဆိုဖာ၊ ကုလားထိုင်နှင့် အိပ်ရာများ ထည့်သွင်းပေးခြင်းတို့ကို လုပ်ဆောင်ကြရပါတယ်။ သာမန် ခရီးသည်များ လိုက်ပါလေ့ရှိတဲ့ နေရာမှာ ဝန်ထမ်းများအတွက် ထိုင်ခုံအချို့ကို ဖြုတ်ပြီး ကျယ်ကျယ်လွင့်လွင့်ရှိအောင် ဖန်တီးပေးတတ်ပါတယ်။

            ကူဝိတ်နိုင်ငံကို ရောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံနှုတ် ဆက်ပြီးတဲ့နောက် ဘုရင်မကြီးက အဲဒီနိုင်ငံ ကမ်းခြေမှာ ဆိုက်ကပ်ထားတဲ့ သူပိုင် ဘရစ်တားနီးယား ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကူဝိတ်အာဏာပိုင်များကို ဧည့်ခံပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လက်ဆောင် ပဏ္ဍာများပေးကြရမှာ ပါရှန်းကော်ဇောတွေ၊ နီလာ၊ စိန်များနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ ရွှေသားနဲ့ ပြုလုပ်ထားတဲ့ လင်းယုန်ငှက်ပုံ ရေခရားတွေလည်း ပါဝင်ပါတယ်။

            နောက်ပိုင်းနှစ်တွေမှာတော့ ဘုရင်မနဲ့အတူ ပါလာတဲ့ ဝန်ထမ်းတွေကိုလည်း နိုင်ငံအကြီးအကဲများက လက်ဆောင်တွေ ပေးကြပါတယ်။ ဂျော်ဒန်နိုင်ငံကို ဘုရင်မကြီးနဲ့အတူ ကျွန်တော်လိုက်ပါသွားရစဉ်က ရွှေသားနဲ့ ပြုလုပ်ထားတဲ့ အိုမီဂါနာရီ ကျွန်တော် လက်ဆောင်ရခဲ့ပါတယ်။ နာရီရဲ့အဖုံးမှာ ဘုရင်ကိုယ်တိုင် တံဆိပ်ခတ်နှိပ်ပေးထားပါတယ်။ မာလာဝီနိုင်ငံမှာတော့ သူကောင်းပြုတဲ့အနေနဲ့ ခြင်္သေ့တံဆိပ် ဆုချီးမြှင့်ခြင်း ခံခဲ့ရပြီး ဆွီဒင်နိုင်ငံ ဘုရင်မင်းမြတ်ကတော့ ငွေထည်ပစ္စည်းတစ်ခု ဆုချခဲ့ပါတယ်။

            ကူဝိတ်နိုင်ငံ ရောက်တော့မှပဲ ကျွန်တော်လည်း ဘရစ်တားနီးယား သင်္ဘောပေါ်ကို ရောက်ခဲ့ဖူးတာပါ။ ဒီသင်္ဘောကြီးဟာ ရေထဲမှာ ချထားတဲ့ ဘုရင်မရဲ့ နန်းတော်လိုပါပဲ။ အဆောင်ဆောင် အခန်းခန်းနဲ့ ခမ်းနားထည်ဝါ ပါတယ်။ သင်္ဘောရဲ့ဦးပိုင်းမှာ အလံတိုင် ငါးခုစိုက်ထူထားပြီး နိုင်ငံတော်အလံများ တလွင့်လွင့် ရှိနေပုံမှာလည်း ဂုဏ်ယူဝင့်ကြွားစရာပါ။ ဒီသင်္ဘောပေါ်ကို ဘယ်နှကြိမ်ပဲ ရောက်ရောက် ကျွန်တော့်စိတ်ထဲမှာ ဘာကင်ဟမ်နန်းတော်ထဲ ရောက်နေသလို ထင်မိတဲ့အတွက် သင်္ဘောပေါ်မှာ ဖြစ်တယ်ဆိုတာကို တော်တော် သတိထားရပါတယ်။ ဒီသင်္ဘောကြီးနဲ့ ဘုရင်မကြီးအပါအဝင် ကျွန်တော်တို့အားလုံး ဘာရိန်းနိုင်ငံကို ထွက်ခွာခဲ့ကြတဲ့အတွက် သင်္ဘောကုန်းပတ်ပေါ်မှာ ကျွန်တော်တို့ တစ်တွေ နေစာလှုံခွင့် ရခဲ့ကြပါတယ်။

            လှိုင်းလုံးကြီးတွေကို ထိုးဖြတ်ခွဲထွက်သွားတဲ့ ဘရစ်တားနီးယားသင်္ဘောကြီးပေါ်မှာ ရှိစဉ်ကာလအတွင်း ဘုရင်မကြီးဟာ တော်တော်ကို စိတ်အေးချမ်းသာ ရှိနေပုံရပါတယ်။ ဘာရိန်းနိုင်ငံကမ်းကို ကပ်ထားပြီး ရှိစဉ်တစ်နေ့မှာတော့ ကျွန်တော့်အတွက် တစ်သက်နဲ့တစ်ကိုယ် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်ရပ် တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအဖြစ်ကတော့ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ ကားဆီကို ဘရစ်တားနီးယား သင်္ဘောကနေ ဆင်းလာတဲ့ ဘုရင်မကြီး ခြေချော်လက်ချော် ဖြစ်သွားခြင်းပါပဲ။

            စိမ်းပြာရောင် ညနေခင်းဝတ်စုံ ဝတ်ဆင်ပြီး ကုန်းပတ်ကနေ ဘုရင်မကြီး ဆင်းလာတော့ ကျွန်တော်က သူ့ကားနားမှာ အဆင်သင့်ရပ်ပြီး စောင့်နေပါတယ်။ ကျွန်တော်ကြည့်နေတုန်းမှာပဲ သူ့ဖိနပ်နဲ့ ခင်းထားတဲ့ ကော်ဇောနီတို့ညိပြီး ဟန်ချက်ပျက်သွားပါလေရော။ ကျွန်တော့်စိတ်ထဲမှာတော့ ဘုရင်မကြီး ဗိုင်းခနဲပစ်လဲတော့မှာပဲလို့ အောက်မေ့လိုက်မိပါတယ်။ ဒါပေမယ့် အချိန်မီပဲ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်ပြီး ဘေးမှာရှိတဲ့ လက်ရမ်းများကို ဆွဲကိုင်နိုင်လိုက်ပါတယ်။ ဒါကြောင့် လဲကျမသွားခဲ့ပါဘူး။ သူ့ပါးစပ်ကတော့ 'ကယ်ကြပါဦး'လို့ အသံ တော်တော်ကျယ်ကျယ် ထွက်သွားခဲ့ပါတယ်။ ဆွတ်ဆွတ်ဖြူတဲ့ သူ့လက်အိတ်များတော့ ပေကျံသွားတဲ့အတွက် ကားပေါ်ရောက်ချိန်မှာ အဆင်သင့်ပါလာတဲ့ သူ့လက်ဆွဲအိတ်ထဲက လက်အိတ်တစ်စုံကို ထုတ်ပြီး ပြန်လဲလိုက်ပါတယ်။

            ဟန်ချက်ပျက်သွားချိန်မှာ ပြန်ထိန်းနိုင်တာကတော့ ဘုရင်မကြီးက ကျွန်တော့်ထက် သာတယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် ပထမဆုံးအကြိမ် ခွေးကလေးများနဲ့ ဘာကင်ဟမ်နန်းတော်ရဲ့ လှေကားထစ်များကနေ ဒလိမ့်ခေါက်ကွေး ကျသွားခဲ့ဖူးသလို ကန်တာကီမှာလည်း တစ်ကြိမ် လဲကျခဲ့ဖူးပါတယ်။ အဲဒီအကြိမ်တုန်းကလည်း ဘုရင်မကြီးက ပထမအကြိမ်တုန်းကလိုပဲ 'နေသာရဲ့လား ပေါလ်' လို့ မေးတော်မူခဲ့တာပါပဲ။

            ဘုရင်မကြီးက မြင်းမွေးမြူရတာကို ဝါသနာပါပါတယ်။ ဒါကြောင့် သူ့မြင်းများကို တာဝန်ယူမွေးမြူပေးထားတဲ့ ဝီလ်ဖားရစ်ရှ်ရဲ့ခြံကို တစ်ကြိမ်မှာ ကျွန်တော်တို့ ရောက်ခဲ့ကြပါတယ်။ (ဝီလ်က နောင်မှာ အမေရိကန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ရတဲ့ အင်္ဂလိပ်သံအမတ်ကြီး ဖြစ်လာခဲ့ပါတယ်။) သူ့ခြံက လယ်ဇင်တန်မြို့ပြင်မှာ ရှိပါတယ်။ ကျွန်တော့်ခါးက ဆာဒရင်ဟမ်မှာ လဲကျပြီးကတည်းက ကောင်းကောင်း မကောင်းတော့ပါဘူး။ ကုသမှု အမြဲတမ်း ခံယူနေရတာပါ။ ကင်တာကီကို ရောက်ပြီးတဲ့နောက်မှာ ခါးက ပြန်နာလာတယ်။ နောက်ခြောက်ရက်လုံးလုံး ခါးဆက်တိုက်နာလာခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ ဖိနပ်ချွတ်ပေးဖို့ ခါးကုန်းရင်တောင် မခံနိုင်လောက်အောင် နာလာတာပါ။ ဒါပေမယ့် မကြာခင် အိမ်ပြန်ကြရတော့မှာဖြစ်လို့ ကျွန်တော် ကျိတ်မှိတ်ခံနေခဲ့ပါသေးတယ်။ အဲဒီမှာ ပြဿနာတက်တော့တာပါပဲ။

            အဲဒီနေ့ ညနေက ဘုရင်မကြီး ညစာစားတော့မယ့်အချိန်ပါ။ ကျွန်တော်က ညစာစားမယ့်အခန်းကို အပေါ်ထပ် လှေကားကနေ ဆင်းလာခဲ့ပါတယ်။ ရုတ်တရက် ကျွန်တော့်ဘယ်ဘက် ခြေထောက်ကနေ ထိုးပြီးနာကျင်မှု ဝေဒနာခံစားလိုက်ရာက အောက်မှာရှိတဲ့ လှေကား ၁၂ ထစ်ကို မနင်းနိုင်တော့ဘဲ တောက်လျှောက် လိမ့်ကျသွားပါလေရော။ ငယ်သံပါအောင် အော်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော့်အောက်ပိုင်း တစ်ပိုင်းလုံး လှုပ်လို့မရဘူးဆိုတာ သိလိုက်ချိန်မှာတော့ ကျွန်တော် အသံမထွက်နိုင်တော့ပါဘူး။ ဘုရင်မကြီးနဲ့အတူ ဧည့်သည်တွေအားလုံး ပြေးလာကြပြီး ကျွန်တော့်ကို ကြည့်ကြပါတယ်။ သူတို့အားလုံးလည်း ဘာလုပ်ပေးရမှန်း မသိကြပါဘူး။ နောက်မှ တစ်စုံတစ်ယောက်က သတိရပြီး ၉၁၁ ကို တယ်လီဖုန်းဆက်ကာ အရေးပေါ် ခေါ်လိုက်ကြပါတယ်။ ဝီလ်ရဲ့ မိသားစု ဆရာဝန်လည်း ရောက်လာခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ ဝတ်လဲတော် တာဝန်ယူရတဲ့ ပက်ဂီက ကျွန်တော့်နံဘေးမှာ ဒူးထောက်ထိုင်လိုက်ပြီး သက်သာရဲ့လားလို့ မေးလာချိန်မှာ ကျွန်တော်က 'ပက်ဂီ၊ ငါ့အောက်ပိုင်းတစ်ပိုင်းလုံး လှုပ်လို့မရတော့ဘူး'လို့ ပြော မိပါတယ်။

            ဘယ်သူမှ ကျွန်တော့်ကို မရွှေ့ရဲကြဘဲ သူနာပြုတင်ယာဉ် ရောက်လာတော့မှ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ကြပါတယ်။ ကျွန်တော့်ကို လူနာတင်ကတ်ပေါ်တင်ပြီး မလှုပ်အောင် ပတ်တီးများနဲ့စည်းနှောင်ထားကြပြီးမှ ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ကျန်တဲ့လူအားလုံးလည်း ကျွန်တော့်အတွက် စိုးရိမ်ပူပန်စွာနဲ့ ပြောဆိုဝေဖန်ပြီး ကျန်ရစ်ခဲ့ကြပါတော့တယ်။ လက်ဇင်တန်က ဆေးရုံတစ်ခုကို ကျွန်တော် ရောက်သွားခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ခံရပါတယ်။ ဒီဆေးရုံက တော်ဝင်မိသားစုများ ခရီးထွက်ချိန်မှာ အရေးပေါ် ကုသဖို့လိုအပ်ရင် ကုသမှုပေးဖို့ ဖွင့်ထားတဲ့ ဆေးရုံဖြစ်တဲ့အပြင် ကျွန်တော့်ကို ထားတဲ့အခန်းကလည်း တော်ဝင်မိသားစုများအတွက် သီးသန့်ထားတဲ့ အခန်းမှာပါ။

            ခွဲစိတ်ခန်းက ထွက်လာပြီး လက်တွန်းလှည်းပေါ်ကနေ မျက်နှာကျက်မှ မီးများကို ကြည့်ရင်း ကျွန်တော် လိုက်ပါလာစဉ်မှာ ဘုရင်မကြီးရဲ့ မြင်းပွဲမန်နေဂျာ လော့ဒ်ပေါ်ချက်စတာက ကျွန်တော့်ကို ငုံ့ကြည့်ရင်း 'မင်း ကံကောင်းပါတယ်။ ဘုရင်မကြီးနဲ့အဖွဲ့ကတော့ မင်းမပါဘဲ မူလခရီးစဉ်အတိုင်း ဆက်ပြီး ထွက်ခွာသွားကြလိမ့်မယ်။ ကုန်ကျစရိတ်အားလုံးကိုလည်း ဘုရင်မကြီးကပဲ ကျခံပေးလိမ့်မယ်' လို့ ဆိုပါတယ်။ အဲဒီနေ့က ချက်ချင်းခွဲစိတ်ကုသမှု မလုပ်ရင် ကျွန်တော်ဘယ်တော့မှ လမ်းလျှောက်နိုင်မှာ မဟုတ်တော့ဘူးလို့လည်း နောင်မှာ သိခွင့်ရခဲ့ပါတယ်။ သူနာပြု ဆရာမကြီးကတစ်ဆင့် ကျွန်တော်ခွဲစိတ်ကုသမှု အောင်မြင်တဲ့အတွက် လမ်းပြန်လျှောက်နိုင်လိမ့်မယ်လို့လည်း သိခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ကို ထားတဲ့အခန်းထဲမှာတော့ ပန်းစည်းတွေ၊ သစ်သီးတွေ ပြည့်လျှံလို့ပါပဲ။ ဘုရင်မကြီးနဲ့အတူ ညစာစားပွဲ တက်ရောက်ကြတဲ့ ဧည့်သည်များက ကျွန်တော့်အတွက် ပို့ပေးခဲ့ကြတာပါ။ အခန်းထဲက ရုပ်မြင်သံကြားစက်ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ ဘုရင်မကြီးရဲ့ လေယာဉ်ဟာ လယ်ဇင်တန်ကနေ ထွက်ခွာသွားပြီ ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။

            ခွဲစိတ်ကုသမှု ခံယူပြီး သုံးရက်ကြာတော့ ကျွန်တော် အခန်းထဲမှာ ဟိုဟိုဒီဒီ သွားနေပါပြီ။ နောက်နှစ်ပတ်အကြာမှာတော့ လေးချောင်းထောက် ကိရိယာ အကူအညီနဲ့ အပြင်ထွက်ခွင့် ရခဲ့ပါတယ်။ အခန်းထဲမှာချည်း အောင်းနေရတာ ပျင်းတာကြောင့် ဘေးခန်းကို ကူးခဲ့ပြီး မိတ်ဆက်ကြည့်ပါတယ်။ ဘေးခန်းကလူက ရွန်ရိုက်နဲ့ သူ့ဇနီး ဂျူလီတို့ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ရှိ သူတို့သမီးကလေး ဘက်သ်ကို ပြုစုစောင့်ရှောက်နေကြတာလို့ သိရပါတယ်။

            ဘက်သ်ကလေးက မကြာသေးခင်ကမှ ဦးနှောက်ထဲက အကျိတ်ခွဲထုတ် ခံထားရတာဖြစ်ပြီး လှုပ်ရှားမှု မပြုနိုင်သေးပါဘူး။ သူ့ဝေဒနာနဲ့ယှဉ်လိုက်ရင် ကျွန်တော့်ဝေဒနာက မပြောပလောက် တော့ပါဘူး။ သူကလေးက အသက် ၈ နှစ်အရွယ်ကတည်းက ဒီဝေဒနာကို စတင်ခံစားနေရတာဖြစ်ပြီး အခုမှ ကုသခွင့်ရခဲ့ခြင်းပါ။ မိခင်ဖြစ်တဲ့ ဂျူလီက ဘက်သ်ကို အားလူးပြုတ်ကျွေးတာ ပြီးသွားပြီးတဲ့နောက် ကျွန်တော့်ဘက်လှည့်ပြီး 'ဘက်သ်က အင်္ဂလိပ်စစ်စစ် တစ်ယောက်ရဲ့ စကားသံကို တစ်ခါမှ မကြားဖူးဘူး။ ဖြစ်နိုင်မယ်ဆိုရင် သမီးနဲ့ ခဏလောက် စကားပြောပေးပါလား' လို့ ဆိုလာပါတယ်။

            နောက်ထပ် ၁၁ ရက်လုံးလုံး ကျွန်တော် ဘက်သ်နားမှာထိုင်ပြီး စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ သူ ဘာမှ ပြန်မပြောနိုင်ပေမယ့် ကျွန်တော်ပြောသမျှကို နားထောင်နေတယ်ဆိုတာကိုတော့ သူ့မျက်ဝန်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ သူ့မိခင်က ဆိုပါတယ်။ ကျွန်တော် အိမ်ပြန်ရမယ့် အချိန်ရောက်တော့ ဘက်သ်ကို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီကစပြီး ရွန်တို့ လင်မယားနဲ့ ကျွန်တော် အဆက်အသွယ် မပြတ်ခဲ့တော့ပါဘူး။ ကျွန်တော်တို့ လမ်းခွဲခဲ့ကြပြီး သုံးနှစ်ခွဲအကြာမှာတော့ ဘက်သ်ကလေး လူ့လောကကနေ ထွက်ခွာသွားရရှာတယ်လို့ စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။

            ဘုရင်မကြီးက ကျွန်တော့်ဆေး ကုသမှုနဲ့ပတ်သက်ပြီး စရိတ်အားလုံး သူတာဝန်ယူတယ်လို့ ကတိပေးထားတဲ့အတိုင်း ကျွန်တော် တစ်ပြားတစ်ချပ်မှ မကုန်ခဲ့ပါဘူး။ လယ်ဇင်တန်ကနေ အိမ်ပြန်တဲ့ခရီးမှာလည်း ဂျက်လေယာဉ် အသစ်ကြီးစီးပြီး ပြန်ခဲ့ရတာပါ။ အဲဒီတုန်းက ဒီဂျက်လေယာဉ်ကြီးက ဘုရင်မအမှုတော် မထမ်းရသေးတဲ့အတွက် ဘုရင်မကြီးပင်လျှင် မစီးဖူးသေးတဲ့ လေယာဉ်ကြီးပါ။ ကံကောင်းထောက်မစွာ ကျွန်တော်က သူ့ထက်အရင် စီးခွင့်ရခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဝင်းငြိမ်း

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။