ရွှေအသစ်

ဖူးစာရေစက်

သိန်းဇံဝင်း၊ဒီပဲယင်း၊

26 August 2024
ဖူးစာရေစက်
Share to

            ရှေးရေစက်ဆိုတာ ကိုလှမော် ဒီအမျိုးသမီးနဲ့တွေ့ မှပဲ ကောင်းကောင်း သဘောပေါက်မိတော့တယ်။ ဒီအမျိုးသမီးကို မြင်ရကြည့်ရတာ မျက်စိစပါးမွေး စူးတယ်ပြောရမလား။ သူ့အသံကြားရတာလည်း နားနား ခြင်ဝဲနေ သလို။ ရေစက်မနီးဘူးဆိုတာ ဒါပဲ ထင်ရဲ့လို့ တွေးမိတယ်။ ဒီအမျိုးသမီး ဒီအိမ်ရောက်ကတည်းက ကိုလှမော် အလိုလို အကုသိုလ်ပွားရတယ်။ အိမ်နားနီးချင်း လာဖြစ်နေရတာကိုက ကံမကောင်းလေစွတကား။

            ကိုလှမော်တို့ အိမ်ခြံဝင်း နဲ့ ကပ်လျက်က ဒီအိမ်ဝင်းနဲ့ အိမ်ကို ပိုင်ရှင်တွေက မန္တလေး  အပြီးပြောင်းသွားလို့ ရောင်းထားခဲ့တာ။ ကိုလှမော်တို့နေတဲ့မြို့နဲ့ သိပ်မဝေးလှတဲ့ရွာက ပိုက်ဆံရှိတစ်ယောက်က ဒီအိမ်ကွင်းနဲ့ အိမ်ကို ဝယ်လိုက်တယ်။ ဝယ်တဲ့သူက မြိုးမြိုး မြက်မြက် အမြတ်ရရင် ပြန်ရောင်းချင်ရောင်းမယ်၊ ဒါမှမဟုတ် သူ့သားသမီးတွေ အတွက် ရည်ရွယ်ပြီး ဝယ်ထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီအိမ်ကို ဒီအမျိုးသမီးက အိမ်ငှား လာနေတာ။ ရုံး တစ်ရုံးမှာ စာရေးကြီးဆိုလားပဲ။

            ကိုလှမော်က အမေတစ်ခု သားတစ်ခုရယ်ပါ။ ကိုလှမော် နှစ်နှစ်သားလောက်မှာ အဖေဆုံးသွားတယ်။ မုံရွာမှာ လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်ထားတဲ့ အဖေ့ညီအရင်းဖြစ်သူ ဦးလေးက ကိုလှမော် ဆယ်တန်းအောင်ပြီး အဝေးသင် တက်နေတဲ့ကာလမှာ သူ့ဆီခေါပြီး တီဗွီပြင်ပညာသင်ပေးခဲ့လို့ အခု အိမ်မှာပဲ တီဗွီ  ဆားဗစ်ဆိုင်ဖွင့်ပြီး အမေကို လုပ်ကျွေးနေတာ။

            အခု ဒီအမျိုးသမီး ဒီအိမ်ရောက်လာတာ တစ်နှစ်နီးနီး ရှိရောပေါ့။ အိမ်ကွင်း နှစ်ကွင်းကြားမှာ ကွန်ကရစ် တိုင်စိုက်ပြီး သွပ်နန်းဆန်ခါ အကျဲ ကာထားတဲ့ ခြံစည်းရိုး နဲ့ ခြားထားတယ်။ အိမ်က မျက်နှာချင်းဆိုင်ဆိုတော့ တစ်အိမ်အိမ်က ဘာလုပ်လုပ် ဘာပြောပြော မြင်နေကြားနေရတာ။ ဒီအမျိုးသမီးအသံကို ကြားရတာ နားထဲ ငှက်ဆိုးထိုးနေသလိုပဲ။ ကိုလှမော် ဒီအမျိုးသမီးနဲ့ ဘယ်တုန်းကမှလည်း ပြဿနာဖြစ်ခဲ့ဖူးတာ မရှိဘူး။ မေးထူးခေါ်ပြောတောင် မလုပ်ဖြစ်ဘူး။ အရပ်ထဲက လူတွေကို လူမှုရေးအရ ဘယ်သူ့ကိုမဆို မေးထူးခေါ် ပြော လုပ်နိုင်တယ်။ ကိုလှမော်အနေနဲ့ ရပ်ကွက်ထဲက လူတွေကို မခင်နိုင် မခေါ်နိုင်တဲ့သူဆိုတာ မရှိခဲ့ဘူး။ ဒီအမျိုးသမီးကိုတော့ ဘာကြောင့်ရယ် မပြောတတ်၊ မေးထူးခေါ်ပြောကို မလုပ်ချင်တာ။

            အမျိုးသမီးအသက်က ကိုလှမော်နဲ့ မတိမ်းမယိမ်းပဲ ရှိမယ်။ သူ့ကို ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာနဲ့ တူတယ်ပြောကြလို့လား မသိဘူး၊ စိုးမြတ်သူဇာ ဂိုက်ဖမ်းဖမ်းနေတယ်လို့ ထင်တယ်။ ခန္ဓာကိုယ်က လုံးကြီးပေါက်လှ၊ ဒေါင်ကောင်းကောင်း၊ အသားလတ်လတ်၊ မျက်ခုံးမွေးထူထူ၊ ဆံပင်က ခိုတောင်ဝဲ အမြဲထားတယ်။ အိမ်နေရင် ဘီးဆံပတ်ဆံထုံးနဲ့။

            ဒီအမျိုးသမီးက မြီးကောင်ပေါက်မလေး တစ်ယောက်နဲ့ အတူနေတယ်။ ဆွေမျိုးမကင်းထဲက နေမှာပေါ့။ အဖော်ခေါ်ထားပုံရတယ်။ အပျိုကြီးမို့လား မသိဘူး စကားပြောရင် သြဇာသံ အပြည့်။ ဘယ်သူရေ ဘာလုပ်လိုက်စမ်း၊ ဘယ်ဝါက ဘာကို ဘယ်လိုလုပ်လိုက်၊ ငါ အခုမအားသေးလို့ မလာနဲ့ဦး စတဲ့ လေသံတွေ။ သူနဲ့ နီးစပ်သူတွေက အစ်မ၊ မမ၊ စာရေးမကြီး၊ အပျိုကြီးလို့သာ ခေါ်ကြတာဆိုတော့ ကိုလှမော် သူ့နာမည်ကို အခုအချိန်ထိ မသိဘူး။

            အပြင်ထွက်ပြီဆိုရင် ဒီ အမျိုးသမီးက ရှိုးအပြည့်။ မင်းသမီး ရှုံးလောက်တယ်။ လက်သည်းဆိုးဆေး၊ မိတ်ကပ် ကာလာပေါင်းစုံ မခြယ်ဘဲ မထွက်ဘူး။ ဒီလောက် အိမ်ချင်းကပ်နေတာ မမြင်ချင်လည်း မြင်မိတာပေါ့။ သူ့ကိုင်တဲ့ဖုန်းကိုလည်း တစ်တိုင်းပြည်လုံးမှာ သူတစ်ယောက်တည်း ကိုင်နိုင်သလိုလို လေမျိုးနဲ့ လူလာတိုင်း အကြွားထူ ပြောနေသံတွေကို နားကလောလှတယ်။ ဖုန်းကောင်းကြီးကိုင်ပြီး ဖေ့စ်ဘွတ်ခ်တောင် ကိုင်တတ်မယ့်ပုံ မပေါက်ဘူး။ ဒီအမျိုးသမီးလည်း မြန်မြန် ရာထူးတက်ပြီး နယ်ပြောင်းသွားမှ၊ ဒါမှမဟုတ်ရင် ငါလည်း သိန်းတစ်သောင်းထီကြီး ပေါက်ပြီး မန္တလေးလို၊ ရန်ကုန်လို မြို့ ကြီးမျိုး ပြောင်းသွားမှ ဒီ အမျိုးသမီးကို မမြင်ရမှာလို့ တွေးမိသေးတော့။ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဟာ ဒုက္ခမဟုတ်လား။ အံမယ် တစ်ခါတလေ မျက်လုံးချင်း ဆုံဆုံသွားသေး။ အဲဒီလို ဆုံရင် သူက မထီတရီ ဂရုမစိုက်တဲ့ပုံ၊ ထည့်မတွက်တဲ့ သဘော။ ဘဝင်ကြီး တစ်ခွဲသားနဲ့။ ကိုလှမော်ကလည်း အံမာ ငါကလည်း သူ့ကို ဘာထည့်ဂရုစိုက်နေရမှာလဲ ကိုယ့်ထမင်းကိုယ်စားတာများ။ သူ့ဒီစိတ်ဓာတ်တွေကြောင့် အခုထိ ယောကျ်ားမရတာဖြစ်မယ် ဟု စိတ်ထဲက ပြောမိသေးတယ်။ မေတ္တာရေစက်ဆိုတာ အလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ်ဆိုတာ ဟုတ်လိုက်လေဗျာလို့ မှတ်ချက် ချမိတယ်။

            ဟောကြည့်၊ ခုဖုန်းထဲက တွေ့ထားတဲ့ 'နွဲ့'နဲ့များ ကွာပါ့။ ဆီနဲ့ရေ၊ မိုးနဲ့မြေ၊ နံ့သာဆီနဲ့ အီး ဆိုတာလို။ ဖုန်းထဲက နွဲ့က အပြောချိုတယ်၊ ယဉ်ကျေးတယ်။ ယဉ်ကျေးတယ်ဆိုတာ အသံမကြားပေမဲ့ ပို့လိုက်တဲ့ မက်ဆေ့ချ် စာလုံးလေးတွေကြည့် သိတယ်။ စကားလုံးလေးတွေက ပျော့ပျောင်းနူးညံ့တယ်။ 'ကိုရေ နေကောင်းလား၊ စားပြီးပြီလား ကို၊ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ကို၊ ကို အိပ်တော့လေ၊ အိပ်ရေးတွေ ပျက်နေဦးမယ်'စတဲ့ မက်ဆေ့ချ်စကားလုံးတွေက ကိုလှမော်ရဲ့ ရင်ကို အေးမြစေတယ်။ ကြည်နူးစေတယ်။ ချမ်းမြေ့စေတယ်။ ကြည့်လေ အစ်ကိုတောင် အစ်ကိုလို့ မခေါ်ဘူး။ 'ကို'တဲ့။ နွဲ့နဲ့ လိုင်းပေါ်တွေ့ခဲ့တဲ့ တစ်နှစ်နီးပါးအတွင်း နေ့စဉ်နီးပါး မက်ဆေ့ချ်အဆက်အသွယ် မပြတ်ခဲ့ဘူး။ တစ်ရက်တလေ မက်ဆင်ဂျာမှာ မတွေ့ရဘူးဆိုရင် ကိုလှမော် ရင်ထဲမှာ ဟာတာတာ။

            'သားလည်း ငယ်တဲ့အရွယ် မဟုတ်တော့ဘူး။ အိမ်ထောင်ရက်သားပြုပြီး မိသားစု သိုက်သိုက်ဝန်းဝန်းလေးနဲ့ မြင်ချင်ပြီ။ တင်တင်မြင့်ဆိုရင် သားကို အင်မတန်မှ အနွံတာခံရှာတယ်။ သားကို မျှော်နေလို့ အခုချိန်ထိ အိမ်ထောင်မပြုတာလို့ အမေ ထင်တယ်သား။ တင်တင်မြင့် နဲ့ သားကို နေရာကျစေချင်တယ်'တဲ့။ အမေက ပြောလာတယ်။

            တင်တင်မြင့်ဆိုတာ ကိုလှမော်တို့နဲ့ တစ်အိမ်ကျော်အိမ်က။ ငယ်တုန်းက ကျောင်းသွားဖော်။ ကိုလှမော်က မမမြင့်လို့ ခေါ်တယ်၊ အသက်က ကိုလှမော်ထက် နှစ်နှစ် သုံးနှစ်လောက်တော့ ကြီးမယ်။ မမမြင့်က သုံးတန်းဆို ကိုလှမော်က တစ်တန်းပေါ့။ မမမြင့်ကို ခင်လည်း ခင်တယ်။ သံယောဇဉ်လည်း ရှိတယ်။ မမမြင့် ညအိပ်နေ့နေ ခရီးသွားတဲ့ အခါ မမမြင့်ဘယ်သွားလဲ၊ ဘယ်တော့ ပြန်လာမလဲဆိုတာ မမမြင့်အိမ်ကို ပြေးပြီး မမေးဘဲ မနေနိုင်။ တစ်ခါက မမမြင့် ခြေချော်လဲလို့ ဆေးရုံ အရေးပေါ်  ပို့လိုက်ကြတုန်းကဆိုရင် ဒီနေ့လာယူဖို့ ချိန်းထားတဲ့ ပြင်လက်စ တီဗွီကို ပစ်ထားခဲ့ပြီး ဆေးရုံကို အပြေးလိုက်သွားတယ်။ တီဗွီပိုင်ရှင်က အတော်လေး မကျေမနပ် ဖြစ်လို့ မနည်း တောင်းပန်ယူခဲ့ရတယ်။

            'သား မမမြင့်ကို ချစ်တာမချစ်တာ သားစိတ်မှာ ဝေခွဲလို့မရဘူး အမေ'လို့ စိတ်ထဲမှာသာ ပြောလိုက်ပြီး နှုတ်က 'သား ဖုန်းထဲမှာ ချစ်သူတွေ့ထားတယ် အမေ'လို့ ပြောလိုက်တော့ အမေက

            'ကြည့်လုပ်ပါကွယ်၊ မင်းတို့ခေတ် ဖုန်းထဲတွေ့တာ တွေက ဓာတ်မသိ ဘာမသိ'

            'ဓာတ်သိအောင် ကြိုးစားနေပါတယ် အမေ။ သူ့ကို  မမြင်ဖူးပေမဲ့ ပို့လိုက်တဲ့ စကားလုံးတွေ အကဲခတ် ကြည့်တော့ မဆိုးလှဘူး။ မကြာခင် လူချင်းတွေ့ပြီးရင် သူ့အကြောင်း ဂဃနဏ သိအောင် လေ့လာမှာပါ အမေ'

            'မင်္ဂလာပါ ကို'

            နွဲ့ဆီက မက်ဆေ့ချ် ဝင်လာတယ်။

            'မင်္ဂလာပါဗျာ'

            ကိုလှမော် မက်ဆေ့ချ် ပြန်ပို့လိုက်တယ်။

            'မနက်ဖြန်မနက် တစ်နေရာမှာ ဆုံကြရအောင် ကို'

            မမျှော်လင့်တဲ့ ဒီစကားကြားတော့ ကိုယ့်မျက်စိကိုယ် မယုံလို့ နောက်တစ်ခေါက် ပြန်ဖတ်တယ်။ ဟုတ်တယ် သေချာတယ်။ ဒီနေ့ဒီရက်ကို စောင့်နေတာ အခုတော့ ရောက်ပြီ။ ဝမ်းသာလိုက်ပုံ။ ကိုလှမော်တို့ ဒီပဲယင်းမြို့နဲ့ နှစ်မိုင်လောက်ဝေးမယ့် မဲသည်ရွာကားဆိပ် ရွှေမင်းသား လက်ဖက်ရည်ဆိုင်ကို နက်ဖြန်မနက် ရှစ်နာရီခွဲကနေ ကိုးနာရီခွဲအတွင်း ဘယ်သူက အရင်ရောက်ရောက် စောင့်နေပြီး ဆုံကြဖို့ ချိန်းလိုက်ကြတယ်။ အဲဒီအချိန်အတွင်းမှ မလာရင် မလာသူ သစ္စာဖောက်လို့ သတ်မှတ်မယ်။ ကိုလှမော်က သေချာပေါက် လာမည့်အကြောင်း ကျိန်ပြောတော့ နွဲ့ကလည်း ကျိန်ပြတယ်။ ကိုယ်ဝတ်လာကြမယ့် အဝတ်အစားအရောင်များကို မက်ဆေ့ချ်ပို့ပြောကြတယ်။ ချိန်းလိုက်တဲ့ လက်ဖက်ရည် ဆိုင်ရောက်ဖို့ နွဲ့က သူနေတဲ့ဆီကနေ ဆယ်မိနစ်  ပိုပိုလောက်တော့ ဆိုင်ကယ် စီးလာရမယ်လို့ ပြောတယ်။ ဒါဆို နွဲ့ဟာ သိပ်မဝေးလှတဲ့ မလှမ်းမကမ်း ရွာတစ်ရွာကပဲလို့ ကိုလှမော် ယူဆလိုက်တယ်။

            နွဲ့ကို တွေ့ဖူးချင်လှပြီ။ အပြောလေးချိုသလို မျက်နှာလေးကလည်း ချိုနေမှာပဲ။ အမူအရာကလည်း ယဉ်စစပဲ ဖြစ်မှာပါဆိုတာ စိတ်ပန်းချီ ရေးဆွဲနေမိတယ်။ နွဲ့က ကိုယ့်ကို အကဲခတ်တော့မယ်။ ဟုတ်တယ်၊ မိန်းမသားပေပဲ အကဲခတ်ရမှာပေါ့။ ကိုယ်ကလည်း သူ့ကို အကဲခတ်ပေါ့။ ကြွက်မူးတူးအရွယ်တွေ မဟုတ်လို့ နှလုံးသားကို ဦးနှောက်နဲ့ ချိန်ညှိနိုင်ဖို့ ကြိုးစားရမှာပေါ့။

            ကိုလှမော်တွေးရင်း အရင်ရည်းစား နှစ်ယောက်တုန်းကလောက် ရင်ခုန်နှုန်း မပြင်းထန်ပေမဲ့ သာမန်ထက်တော့ ပိုမြန်နေတာကို ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ရင်ခုန်နှုန်း မြန်တာ မမြန်တာထက် ဒီအရွယ်ဆိုတာ ဦးနှောက်ကိုသာ ဦးစားပေသင့်တာမဟုတ်လား။

            နှစ်ယောက်စလုံးက တစ်ယောက်ဓာတ်ပုံကို တစ်ယောက်က မတောင်း၊ ဖုန်းနံပါတ်မတောင်း၊ ဇာတိဇာစ် မြစ်လည်း မစုံစမ်းခဲ့ကြပါဘူး။ အဲ ကိုယ့်အသက်ကိုယ် ဘယ်လောက်ရှိပြီ ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက် အသိပေးထားကြလို့  နွဲ့က တစ်နှစ်ပိုကြီးတယ်ဆိုတာ သိထားတယ်။ အသက်သုံးဆယ်ပိုပို အရွယ်ကျမှ ငယ်ရွယ်သူတွေလို အချစ်ကို လက်တည့်စမ်းတာမျိုး မလုပ်ချင်ဘူး။ ဣန္ဒြေသိက္ခာရှိရှိ တွေ့ဆုံပြီးမှ တစ်ယောက် အကြောင်းတစ်ယောက် သိရတာ ကောင်းတယ်လို့ ကိုလှမော်က သဘောပေါက် နားလည်ထားတယ်။ ဖုန်းပေါ်မှာ တီတီတာတာ ပလီပလာတွေလည်း မပြောချင်၊ ချွဲချွဲနွဲ့နွဲ့ တွေ ပြောဆို ကလူကျီစယ်တာတွေကိုလည်း မလုပ်ချင်။ နွဲ့ကလည်း ဒီလိုပဲ သဘောထားပုံရတယ်။ နွဲ့က မက်ဆေ့ချ်ပို့ရင် နွဲ့ကလေ၊ နွဲ့ပြောမယ်နော်၊ နွဲ့အိပ်တော့မယ် စသဖြင့် ပြောလို့သာ 'နွဲ့'လို့ပဲ မှတ်ထားလိုက်တာ။ နာမည် အပြည့်စုံကို မသိဘူး။ မကြာလှတဲ့ တစ်နေ့မှာ လူချင်းဆုံဖြစ်အောင် ဆုံကြမယ်လို့တော့ အခိုင်အမာ ကတိထားခဲ့ကြတယ်။ ငွေကြေးချမ်းသာတာ မချမ်းသာတာထက် တစ်ဦးသဘောတစ်ဦး နားလည်ခွင့်လွှတ် ပေါင်းဖော်ကြဖို့သာ အဓိက ဆိုတာတွေလည်း နှစ်ဦးစလုံးက နားလည်ထား ကြပြီးသား။

            တကယ်တော့ အခုလိုင်းပေါ်မှာ တွေ့တဲ့ နွဲ့ဟာ တတိယမြောက် ချစ်သူပါ။ အရင်က ကိုလှမော်မှာ ချစ်သူ ရည်းစား နှစ်ယောက် ရှိခဲ့ဖူးပါတယ်။ ချစ်ကံ မကောင်းခဲ့ပါဘူး။ အဲဒီအချိန်က အသက်ဆယ့်ကိုး နှစ်ဆယ် အရွယ်မို့ အချစ်ကို ဣန္ဒြေဒမရ ကိုးကွယ်ခဲ့ဖူးတယ်။ အချစ်တွေနဲ့ ယစ်မူးခဲ့ဖူးတယ်။ အချစ်နှလုံးသားများ ငွားငွား စွင့်စွင့် ဖူးပွင့်ခဲ့ဖူးတယ်။ အချစ်နှလုံးသားများ သွက်လက်ပေါ့ပါး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ဖူးတယ်။ ချစ်ခဲ့ရတဲ့ ပထမဆုံး ချစ်သူဟာ ကြွေရုပ်ကလေးအတိုင်း အင်မတန် ချစ်စဖွယ်ကောင်းတဲ့ သက်တူရွယ်တူ မိန်းကလေး တစ်ယောက်ပါ။ တီဗွီပြင် သင်နေတဲ့အချိန် မုံရွာမှာ တွေ့ ခဲ့သူလေးပေါ့။

            တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက်  ကြွေရုပ်ကလေးကို ချစ်ခဲ့တယ်။ ကြွေရုပ်ကလေးက လွဲလို့ တခြားမိန်းကလေးတွေကို ဖွဲဆန်ကွဲပေါ့။ ကြွေရုပ်ကလေးဟာ ချစ်ဦးသူဖြစ်သလို ကြွေရုပ်ကလေး ကလည်း ကိုလှမော်ဟာ ချစ်ဦးသူ။ ဒါပေမဲ့ ပြည်ပန်း ညိုချိုပါလျက် ဆားကဖျက် ခဲ့ပြီ။ တူနှစ်ကိုယ် ကြည်ဖြူ ကြပါလျက် ဂုဏ်ဓနကိုသာ အာသာငမ်းငမ်း ရှိခဲ့ကြတဲ့ ကြွေရုပ်လေးရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းက စိန်ကိုရွှေနဲ့ ကွပ်မှ တင့်တယ်တယ်ဆိုတဲ့ အယူအဆ၊ ရွှေကိုရွှေချင်းထပ် မှ မြတ်တယ်ဆိုတဲ့ အယူဝါဒကို စွဲကိုင်ထားကြလို့ ကြွေရုပ်ကလေးကို ဂုဏ်ဒြပ်ကြီးမားသူ အသိုင်းအဝိုင်းထဲက ကြွေရုပ်ထက် အသက်ဆယ်နှစ်လောက်ကြီးတဲ့ တရုတ်ကပြား အမျိုးသားကြီးတစ်ဦးနဲ့  ဇွတ်တရွတ် လက်ဆက်ပေးခဲ့ကြတယ်။ ကိုလှမော်တစ်ယောက် အလွမ်းသမား အဆိုတော် မင်းအောင်ရဲ့ ငါ့ရည်းစား သူများနဲ့ညား  သီချင်းကို ရင်ထဲက အကြိမ်ကြိမ် ရွတ်ဆို လွမ်းမောလို့သာ ကျန်ခဲ့ရတယ်။

            အချစ်ရဲ့ဒဏ်ကို အလူးအလဲ ခံလိုက်ရလို့ အရက်နဲ့ ဖြေသိမ့်ရတဲ့ လပေါင်းမနည်းခဲ့ဘူး။ အချစ်မေတ္တာကို အနုကြမ်းစီး ဖြိုခွဲအနိုင်ယူတတ်တဲ့၊ ဓနဂုဏ်ဒြပ်ကို ကိုးကွယ်တတ်တဲ့ လူ့အသိုင်းအဝိုင်းတွေကို ခပ်ဝေးဝေးကပဲ ရှောင်ခဲ့တော့တယ်။ အဲဒီ နောက်မှတော့ အနေအထိုင် ဗိုင်းကောင်းကျောက်ဖိ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ အသားညိုစိမ့်စိမ့်နဲ့ ညိုချော ချောတဲ့ ကိုယ်လိုသူလို အဆင့်တန်းတူ တစ်မြို့တည်းနေတဲ့ မိန်းကလေးတစ်ယောက် နဲ့ မေတ္တာကြိုး သွယ်မိကြပြန်တယ်။ ဒါပေမဲ့ ဒီညိုချောလေးကျပြန်တော့ အဆိုတော် မင်းယျာရဲ့ မင်းအုတ်ဂူ ဖြူဖြူလေးနဲ့ မောင်စကားပြောရင်း ငိုရတာလည်း မောနိုင်ပါဘူး အချစ်ရယ်ဆိုတဲ့ စာသားပါတဲ့ ဗျတ္တလို ပန်းဆက်သမား သီချင်းကို အကြိမ်ကြိမ် စိတ်မှာရွတ်ရင်း အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရပြန်တယ်။ ညိုချောတို့အိမ်က ကုန်ခြောက်ဆိုင်လေး ဖွင့်ထားတာမို့ မုံရွာကုန်ဝယ်အသွား ကားအက်ဆီးဒင့်ဖြစ်ပြီး ညိုချောခမျာ အသက်ပျောက်ခဲ့ရတယ်။

            ကိုလှမော် အချစ်အတွက်နဲ့ မချိမဆံ့ ခံစားနေရတိုင်း ဖြေသိမ့်အားပေးသူက မမမြင့်ပါ။ ဝေဒနာကို မျှဝေ ခံစားပေးတာ မမမြင့်ပါ။ မင်းစိတ်မချမ်းသာတာ မမမြင့် စိတ်မချမ်းသာတာနဲ့ အတူတူပဲလို့ မမမြင့်က တဖွဖွပြော သေးတယ်။

            ချစ်ကံခေလှတဲ့ ကိုလှမော်တစ်ယောက် ညိုချောနောက်မှာ ဖြူချော၊ နွဲ့ချော၊ လှချော၊ ခံ့ချော ဘယ်အချော တွေပဲတွေ့တွေ့ မချစ်ဖြစ်အောင် လှုပ်ရှားတတ်ပြီး ချစ်တတ်တဲ့ နှလုံးသားကို မြင်းဇက်သတ်ပြီး ရပ်ထားသလို နေလာခဲ့ရာက မိခင်ဖြစ်သူကလည်း အခြေတကျ မိသားစုလေးနဲ့ မြင်ချင်ပြီမို့ အိမ်ထောင်ပြုဖို့ မကြာခဏ တိုက်တွန်း နေချိန် ဖြစ်နေတာရယ်၊ မမျှော်လင့်ဘဲ အွန်လိုင်းမှာ တွေ့ လိုက်ရတဲ့ နွဲ့ရယ်ကြောင့် နှလုံးသားအချစ်ဖူးက မိုးရည်စက် အဖျန်းခံလိုက်ရတဲ့ ပန်းငုံပမာ တစ်ဖန် ပြန်လည်ပွင့်အာလန်းဆန်း လာရပြန်တယ်။

            ဒီနေ့ ဟိုဘက်ရပ်ကွက် အသိတစ်ယောက်က အိမ်တက်မင်္ဂလာဆွမ်းကျွေး ဖိတ်ထားလို့ ကိုလှမော် သွားရဦးမယ်။ နောက်ပြီး ဒီနေ့မနက် နွဲ့နဲ့ တွေ့ရတော့မှာ ဖြစ်လို့ ခါတိုင်းထက် အိပ်ရာကစောပြီး ထ,လိုက်တယ်။ နွဲ့နဲ့ မက်ဆေ့ချ်မှာ ချိန်းဆိုတုန်းက ပြောထားတဲ့ အဝတ်အစားတွေကို ဝတ်လိုက်တယ်။ ကိုလှမော် အိမ်ကထွက်တော့ မျက်နှာ ချင်းဆိုင်အိမ်က စာရေးမတို့ တောင် အိပ်ရာက မထ,ကြသေး။ ဒီနေ့တော့ နွဲ့ကိုလည်း မြင်ဖူး၊ နွဲ့အကြောင်းတွေလည်း သိရတော့မှာမို့ ကိုလှမော် ရင်တော့ခုန်မိသား။

            အိမ်တက်ဆွမ်းကျွေး မဏ္ဍပ်မှာ မိတ်ဆွေသူငယ်ချင်းတချို့နဲ့ စကားစမြည် ပြောဖြစ်ကြတယ်။ အလှူရှင် ဧည့်ခံတဲ့ မနက်စာထမင်းကို မိတ်ဆွေသူငယ်ချင်းများနဲ့ လက်ဆုံစားအပြီး ကိုလှမော်  အိမ်မပြန်တော့ဘဲ နွဲ့နဲ့ ချိန်းဆိုရာ မဲသည်ရွာကားဆိပ် လက်ဖက်ရည်ဆိုင်ကို ဆိုင်ကယ်စီး ထွက်ခဲ့တယ်။ ဆိုင်ကိုရောက်တော့ နွဲ့ ဒီအချိန် မရောက်နိုင်လောက်သေးတာကို သိပေမဲ့ ရောက်လိုရောက်ငြား ဆိုင်ထဲကို မျက်လုံးဝှေ့ကြည့်လိုက်တယ်။ ဆိုင်ထဲက စားပွဲတချို့ မှာ လက်ဖက်ရည်သောက် ဧည့်သည် ခုနစ်ယောက်၊ ရှစ်ယောက်လောက်တော့ ရှိမယ်။ ထင်တဲ့အတိုင်းပါပဲ နွဲ့ မရောက်သေးဘူး။

            လက်ဖက်ရည်ဆိုင်က ပျဉ်ထောင်နှစ်ထပ်အိမ်မြင့် ကျယ်ကြီးရဲ့ အောက်ထပ် တစ်ခုလုံးကို ဖွင့်ထားတဲ့ဆိုင်။ ရှေ့မျက်နှာစာတစ်ဖက်ကို ဖွင့်ထားပြီး ကျန်သုံးဖက်က ပျဉ်နံရံထောင်။ ကိုလှမော် ဆိုင်ရဲ့ အတွင်းအကျဆုံး လွတ်နေတဲ့ စားပွဲမှာ ထိုင်လိုက်တယ်။ ထိုင်တဲ့စားပွဲက ဆိုင်နောက်ဖေး အဝင်အထွက် တံခါးပေါက် ဘေးကပ်လျက်။

            ဆိုင်နံရံမှာ ချိတ်ထားတဲ့ ကြည့်မှန်ရှေ့သွားပြီး မှန်ကြည့်ရင်း မျက်နှာကို ပါလာတဲ့ စနိုးတာဝါနဲ့ ပွတ်သပ်သန့် စင်တယ်။ ပြီးတော့ မှန်တင်ခုံပေါ်မှာ အသင့်ရှိတဲ့ ဘီးနဲ့ ခေါင်းဖြီးဖို့ ဦးထုပ်ကို ချွတ်လိုက်တယ်။ ခေါင်းဖြီးအပြီး ဦးထုပ်ကို ပြန်မဆောင်းဘဲ လက်ကပဲ ကိုင်ထားတယ်။ စားပွဲကို ပြန်ထိုင် ရေနွေး ကြမ်းငှဲ့ဖို့ ဦးထုပ်ကို စားပွဲပေါ် တင်မယ်အလုပ်မှာ ဦးထုပ်ချွတ်လို့ မဖြစ်တာကို သတိရသွားတယ်။ နွဲ့နဲ့ ချိန်းဆိုတုန်းက လျှာထိုးဦးထုပ် အပြာရောင် ဆောင်းခဲ့မယ်လို့ ပြောထားတာကိုး။ ဦးထုပ်ကို ကျကျနန ပြန်ဆောင်းပြီး ရေနွေးကြမ်းငှဲ့ရင်း ပေါ့ဆိမ့် လက်ဖက်ရည်တစ်ခွက် မှာလိုက်တယ်။ ရောက်လာတဲ့ လက်ဖက်ရည်ကို တစ်ငုံတစ်ငုံသောက်ရင်း လမ်းဘက်ကို မျှော်ကြည့်မိတယ်။

            နွဲ့က အစိမ်းရောင် ပွင့်ရိုက် ပါတိတ်ဝမ်းဆက် ဝတ်လာမယ်ပြောတယ်။ အပြာရင့်ရင့် စလင်းဘက်အိတ်ကို လည်း လွယ်ထားမယ်။ ခေါင်းက ဆံပင်ကိုလည်း နောက်မှာထုံးပြီး နှင်းဆီနီ တစ်ပွင့် ပန်ခဲ့မယ်ပေါ့။ အခုဖြင့် မမြင်သေး၊ မလာသေး။ လက်ကနာရီကို ကြည့်တော့ ရှစ်နာရီခွဲလုနီးနေပြီ။ အပျင်းပြေဝါးဖို့ လမ်းက ဝယ်လာတဲ့ ကွမ်းထုပ်ထဲက ကွမ်းတစ်ယာကို ပါးစပ်ထဲ ထည့်လိုက်တယ်။

            တဖြည်းဖြည်းနဲ့  နွဲ့လာချိန်နီးလာပြီ။ လာချိန်နီးမှ ကိုလှမော် ဗိုက်ကရစ်တစ်တစ် ဖြစ်လာတယ်။ ဟုတ်ပေသားပဲ။ မနက်တိုင်း အိပ်ရာက နိုးနိုးချင်း ရေအိမ်သွားနေကျ။ ဒီနေ့သွားလိုစိတ် မပေါ်တာနဲ့ မသွားခဲ့ရဘူး။ အိမ်က ထွက်လာချိန်ထိ ရေအိမ်သွားဖို့ သတိမရတော့ဘူး။ အခုထိုင်နေတဲ့ နေရာကနေ ဆိုင်နောက်ဖေး ရေအိမ်ကို လှမ်းမြင်နေရတယ်။ ဗိုက်က အတော်လေး ဆန္ဒပြလာပြီဖြစ်လို့ ရေအိမ်ဆီ ပြေးရတော့တယ်။

            ရေအိမ်ကအဆင်း ကိုလှမော်ထိုင်ခဲ့တဲ့ နောက်ဖေးတံခါးပေါက် ကပ်လျက် စားပွဲမှာ အမျိုးသမီးတစ်ယောက် လမ်းဘက်လှည့် ထိုင်နေတာကို လှမ်းမြင်လိုက်ရတယ်။ အစိမ်းရောင်ပါတိတ် ဝမ်းဆက်၊ ခေါင်းက ဆံထုံးမှာ နှင်းဆီပွင့်အနီ။ ကိုလှမော် ရင်မှာထိတ်ခနဲ။ သေချာတယ် နွဲ့ ရောက်နေပြီ။ တထိတ်ထိတ် ခုန်နေတဲ့ ရင်ခုန်သံကို ကြားနေရင်း ဆိုင်နောက်ဖေး တံခါးပေါက်ဆီကိုအရောက် ဝင်ဖို့ခြေအလှမ်း 'ဟာ သူ သူ' ကိုလှမော် နှုတ်က အသံထွက်သွားတယ်။ လှမ်းမယ့်ခြေလှမ်း နောက်ပြန်ရုပ်လိုက်တယ်။ ထွက်သွားတဲ့အသံ သူမကြားလို့ တော်ပါသေး။ ချက်ချင်းပဲ ဆိုင်နောက်ဖေးနံရံဆီ ပြေးကပ်ကွယ်လိုက်တယ်။ မျက်နှာချင်းဆိုင်အိမ်က စာရေးမ။ ဟုတ်လား။ သေချာအောင် ကိုယ်ကို နံရံနဲ့ကွယ်ပြီး တံခါးပေါက်ကနေ ပြန်ချောင်းကြည့်တယ်။ အား ဟုတ်သမှ အစစ်။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဘယ်လိုမှ သူဆိုရင်တော့ မဖြစ်ဘူး။ သူ့ကို ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရဘူး။ ရင်ထဲ သံစည်ပိုင်းကြီး လှိမ့်သွားသလား မှတ်ရလောက်အောင် ရင်ခုန်သံတွေကြား နေရတယ်လို့ ထင်မိတယ်။ စောစောက ခုန်တဲ့ ရင်ခုန်တာ မျိုးတော့ မဟုတ်။ ဒီစာရေးမ ငါ့ကို သိသွားမှဖြင့်ဆိုတဲ့ စိုးရိမ်တဲ့ ရင်ခုန်တာမျိုး။

            'ဟူး' ကိုလှမော် သက်ပြင်းကို အလီလီမှုတ်ထုတ်ရင်း နံရံကို မှီရပ်နေတာ အတော်ကြာသွားပြီ။ ကိုးနာရီ မခွဲမချင်း သူ ဒီဆိုင်က ထ, မှာ မဟုတ်ဘူးဆိုတာ တွေးမိပြီး တံခါးပေါက်ကနေ ချောင်းကြည့်ပြန်တယ်။ ဟုတ်တယ်၊ ထိုင်နေတုန်းပဲ။ စာရေးမ လမ်းဘက် လည်ဆန့်မျှော် ကြည့်နေတယ်။ ဆိုင်ရှေ့လမ်းဆီ ထွက်ဖို့ တခြားလမ်းကလည်း မရှိ။ ခုချိန်ထွက်ရင် သူထိုင်နေတဲ့ စားပွဲဘေးကပဲ ဖြတ်သွားရမယ်။ ဒီအဝတ် အစား၊ ဒီဦးထုပ်တွေနဲ့ ငါ့ကို သူမြင်သွားရင်ဖြင့်လို့ တွေးမိတော့ ကြက်သီးမွေးညင်းတွေ ဖြန်းခနဲ ထ,လာတယ်။ ဒီစာရေးမ ကိုးနာရီခွဲထက် ကျော်ပြီး စောင့်ချင်လည်း စောင့်နေမှာ မပြောနိုင်ဘူး။ တခြားတစ်ယောက်ယောက် က ရေအိမ်တက်ထွက်လာလို့ ဒီလိုမှီရပ်နေတာကို မြင်သွားရင် တစ်မျိုးတစ်မည် ထင်သွားမှာလည်း စိုးရိမ်ရပြန်တယ်။ ဘယ်လိုလုပ်မလဲ။ ဇောချွေးများတောင် ပြန်လာပြီ။ အခုကို ကိုးနာရီခွဲလုနေပြီ။ ပင့်သက်ကို အခါခါ ချရင်းက ကိုလှမော် အကြံရ သွားတယ်။

            အိမ်ရောက်မှ ကိုလှမော် သက်ပြင်းချနိုင်တော့တယ်။ ဦးထုပ်နဲ့ အင်္ကျီကို ထည့်ထုပ်လာတဲ့ ပုဆိုးထုပ်ကို ခုတင်ပေါ် ပစ်ချလိုက်တယ်။ ပြီး အဝတ်တန်းပေါ်က အင်္ကျီနဲ့ ပုဆိုးကို ယူဝတ်ပြီး ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။

            စွန့်စားပြီး လွတ်အောင် ပြေးလာရတာ နောက်ကကျားလိုက်လို့ ပြေးရတာလောက် ရင်ခုန်ကြောက်ဒူး တုန်လိမ့်မယ်လို့ ထင်တယ်။ အတွင်းခံအသားကပ်ဘောင်းဘီ၊ စွပ်ကျယ်ချိုင်းပြတ်နဲ့ ဆိုင်ကယ် ခပ်မြန်မြန် စီးလာတဲ့ ကိုလှမော်ကို လမ်းသွားလမ်းလာတွေက ကွက်ကြည့် ကွက်ကြည့်နဲ့။ တချို့ လူရင်း မိတ်ဆွေတွေ တွေ့တော့ လှမော်ကြီး ဘယ်လိုဖြစ်လာတာတုံးလို့ မေးတာကိုတောင် ခွန်းတုံ့ပြန်ပြောမနေနိုင်။ ရှက် လည်းရှက်ပါရဲ့၊ ရှက်လည်း မရှက်တော့ပါဘူး ဆိုတာလို သူနဲ့လွတ်ပြီး ရောဆိုပြီး ပြေးခဲ့ရတာ။

            ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်းက စောစောက ကိုယ့်အဖြစ်ကို ပြန်မြင်ယောင်လာသေးတယ်။ လက်ဖက် ရည်ဆိုင်ရဲ့ နောက်ဖေးကနေ ပုဆိုးကို လက်ကဆွဲပြီး ဆိုင်ထဲက ဖြတ်လာတဲ့အချိန်မှာ စာရေးမဘက်ကို မကြည့်တော့ဘူး ဆုံးဖြတ်ထားပေမဲ့ ဘယ်လိုကဘယ်လို ကြည့်မိသွားတယ်မသိ မျက်လုံးချင်းက ဆုံသွားတယ်။ မျက်လုံးချင်းအဆုံ စာရေးမက နှာခေါင်းတွန့်ပြီး မဲ့လိုက်သေးတယ်။ ကြည့်တဲ့ မျက်လုံးကလည်း ငကြောင်ဆိုတဲ့သဘော။ တခြားစားပွဲမှာရှိတဲ့ လူတွေကလည်း ကိုယ့်ကိုကြည့်ပြီး ဘာလဲဟ လူပုံကဆိုတဲ့ အဓိပ္ပာယ်နဲ့ ကြည့်တဲ့ မျက်လုံးတွေ။ ရှက်လိုက်ပုံများ။ ဆိုင်ရှေ့မှာ ရပ်ထားခဲ့တဲ့ ဆိုင်ကယ်ကို အမြန်နှိုးပြီး ခပ်သုတ်သုတ် အိမ်ပြန်စီးခဲ့တော့တယ်။

            ကုလားထိုင်မှာ ထိုင်ရင်းနဲ့ တစ်ဆက်တည်းမှာပဲ မမမြင့်မျက်နှာက မျက်စိထဲ ပေါ်လာပြန်သေးတော့။ ကိုယ့်ကို ရွှန်းရွှန်းစားစားကြီး နဲ့ ကြည့်တတ်တဲ့ မမမြင့် မျက်လုံး။ နောက်ပြီး ကိုယ့်အတွက်နဲ့ဆိုရင် အမြဲခံစား နားလည်ပေးတတ်သူ။ အမေ ပြောသလို အခုချိန်ထိ အိမ်ထောင်မပြုတာ ကိုယ့်အချစ်မေတ္တာကို စောင့်မျှော် နေတာများလားဆိုတာ ခုမှ ကိုလှမော် သေသေချာချာ တွေးကြည့်မိတယ်။

            ငယ်ဘဝ ကျောင်းအတူတူ တက်ခဲ့တဲ့အချိန်မှာ ကျောင်းသားကြီးတွေက ကိုယ့်ကို အနိုင်ကျင့်ရင် မမမြင့်က ကြားဝင်ကာကွယ်တယ်။ ကျောင်းမှာ ကိုယ့်ကိုအနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို မမမြင့်က နပန်းလုံးဝံ့တယ်။ ဖိုက်တင်ချရဲတယ်။ နောက်တော့ မမမြင့်ကို လန့်ပြီး ဘယ်ကျောင်းသားကမှ အနိုင်မကျင့်ရဲတော့ဘူး။ မမမြင့်က သူ့ပါလာတဲ့ သရေစာကိုလည်း အမြဲတစ်ဝက် ခွဲကျွေးတယ်။ ပေးတာကို မစားရင် သူလည်း မစားဘဲ အကုန်လွှင့်ပစ်တာ နှစ်ခါသုံးခါ မကဘူး။ အဲဒီနောက် မမမြင့်ကျွေးရင် ကျေနပ်အောင် စားပြရတယ်။ စားနေတာကို ကြည့်ပြီး မိန့်မိန့်ပြုံးပြုံးကြီး ကြည့်နေတတ်သူ မမမြင့်။ ဒါတွေကို ရုပ်ရှင်ဇာတ်ကား ကြည့်ခဲ့တာတွေ မျက်စိထဲ ပြန်ပေါ်လာသလို အခုချိန်မှာ ပြန်မြင်လာနေတုန်းမှာ မီးဖိုဆောင်က ထွက်လာတဲ့ အမေက 'သားတောင် ပြန်ရောက် နေပြီကိုး'တဲ့။

            'ဟုတ်ကဲ့အမေ'

            အခု ကိုလှမော်တို့အိမ်မှာ အိမ့်ဆည်းလည်းသံလေးကလည်း တချွင်ချွင်နဲ့ မြည်နေပါပြီ။ မိခင်ဖြစ်သူမှာလည်း နှစ်ခါလည်သားရှိပြီ ဖြစ်တဲ့ အိမ့်ဆည်းလည်းလေးကို လက်က မချတာကြည့်ပြီး ကျေနပ်ဝမ်းသာရတာ ကိုလှမော်ပါ။ အဘွားက မြှူလိုက်၊ မြေးက တခစ်ခစ်ရယ်လိုက်။ ကိုလှမော်က ဇနီးဖြစ်သူ မမမြင့်ကို ကြည့်ပြီး ကြည်နူးနေကြတဲ့ မြေးအဘွား နှစ်ယောက်ကို ပြုံးပြီး မေးငေါ့ ပြလိုက်တယ်။ မမမြင့်ကလည်း ကိုလှမော်ကို ပြန်ပြုံး ပြပြီး ခေါင်းညိတ်လိုက်တယ်။ မိမိကို မွေးဖွားသန့်စင် ပေးလိုက်တဲ့ မိခင်၊ မိမိ ရင်ကဖြစ်တဲ့ သားလေး၊ ဖူးစာရေစက်ကြောင့် ဆုံစည်းခဲ့ရတဲ့ ဇနီးတို့နဲ့အတူ တစ်သိုက်တစ်မြုံတည်း ဥမကွဲ သိုက်မပျက် နေနေရလို့ ရင်ထဲမှာ ပီတိလှိုင်းတံပိုးတွေ ခုန်နေပြီး ကိုယ့်ဘဝကိုယ် ကျေနပ်နေသူက ကိုလှမော်ရယ်ပါ။    

သိန်းဇံဝင်း၊ဒီပဲယင်း၊

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...