သုမောင်
''အေး
မင်းလိမ္မာသလောက် မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ အဲဒါဘာဖြစ်လို့လဲ သိသလား မင်းအမေဟာ
စာမတတ်ဘူးကွ ဒါကြောင့် ဒီလောက် ဆိုးနေတာ''
''မေမေဟာ
စာမတတ်လို့ ဆိုးတာ မိုက်တာ ဆိုတော့ ဒေါသကြီးတာလည်း စာမတတ်လို့ပေါ့နော်''
''အေးပေါ့ကွ''
''ဒါဖြင့် မေမေက ကျွန်တော့်ကို မချစ်တာကော စာမတတ်လို့ဘဲလားဟင်''
ဤစာစုကို ဖတ်မိသောအခါ
ပြုံးချင်ချင်တော့ ဖြစ်ကောင်းဖြစ်သွားပေမည်။ ဖခင်၏ ဝတ္ထုကို သားက ညွှန်းသောကြောင့်
ဖြစ်သည်။ သို့သော် ရိုးရိုးကြီးပြောရလျှင် 'ဆရာကြီး သာဓု'၏ အကောင်းဆုံး လက်ရာဝတ္ထုရှည်ကြီးကို စာရေးဆရာ သုမောင်က ညွှန်းခြင်းမျှသာ
ဖြစ်သည် ဆိုရပါမည်။ သည့်ထက်ပို ပြောရပါလျှင် ဆရာကြီး သာဓုနှင့်
အနီးကပ်ဆုံးနေခဲ့ဖူးသော သုမောင်သည် ဆရာကြီး၏ အတွင်းစိတ်ကိုပါ သိနေသဖြင့်
စာအုပ်ကိုသာမက စာရေးသူ၏ သဘောထားကိုပါ ညွှန်းဆိုနိုင်လိမ့်မည်ဟု ယူဆပါသည်။
သာဓု၏ 'အတာ' ပထမတွဲနှင့် ဒုတိယတွဲ (နှစ်တွဲပေါင်း) 'စိတ်ကူးချိုချို' စာအုပ်တိုက်မှ ၂ဝဝ၆ ခုနှစ်
ဖေဖော်ဝါရီလတွင် ထုတ်ဝေသည်။ ပထမအကြိမ် (၁၉၅၅) ခုနှစ်က 'စာသဘင်'
စာအုပ်တိုက် ပထမတွဲ၊ ဒုတိယတွဲ ဟူ၍ နှစ်တွဲခွဲ၍ ထုတ်ဝေခဲ့သည်။ (ဆရာ
သာဓုကိုယ်တိုင် ထုတ်ဝေခြင်း ဖြစ်သည်။) (၁၉၇ဝ) သြဂုတ်လတွင် ပထမတွဲ-ဒုတိယတွဲခွဲ၍
ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါသည်။ (စာသဘင်စာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး
သုမောင်ကိုယ်ပိုင် ထုတ်ဝေခြင်း ဖြစ်သည်။) (၁၉၇၈- ဖေဖော်ဝါရီလတွင် သုမောင်ကပင်
နှစ်တွဲပေါင်း (ပထမအကြိမ်) အဖြစ် ထုတ်ဝေခဲ့ပြန်ပါသည်။ ထို့ကြောင့် ယခု
စိတ်ကူးချိုချိုမှ ထုတ်ဝေခြင်းသည် စတုတ္ထအကြိမ် နှစ်တွဲပေါင်း ထုတ်ဝေခြင်း
ဖြစ်သည်။
'အတာ'ဝတ္ထုသည် မိဘမေတ္တာ ဖော်ညွှန်းသောဝတ္ထု မဟုတ်သည့်ပြင် မိခင်ရင်းက
သားအရင်းအပေါ် မေတ္တာမထားနိုင်။ ထိုတရားသဘောနှင့် ယှဉ်၍ ပြသည်။ ထို့အပြင်
မေတ္တာမဲ့သော မိခင်ကို သားငယ်ကလေးက ချစ်ခင်ပုံ၊ မိဘကျေးဇူးကို သိတတ်ပုံ၊
အရွယ်နှင့် မမျှအောင် အလိုက်ကမ်းဆိုး သိတတ်ပုံတို့ကို ရေးဖွဲ့ထားသည်မှာ
ထူးဆန်းပါသည်။ (ယုတ္တိမတန်သော ဝတ္ထုဟူ ၍ပင် မြန်မာဆန်လွန်းသော အသိုင်းအဝိုင်းမှ
အချို့က ဝေဖန်သည်ကိုပင် ခံခဲ့ရသည်) အချင်းသိ မဟုတ်ပါမူ တကယ်ပင် ယုတ္တိမတန်ဟု
ထင်ရလောက်အောင် ဖွဲ့နွဲ့ထားသည်။ ဥပမာ- အတာကလေးအား သူ၏မိခင် ဒေါ်သိန်းမေက
ထမင်းနပ်မှန်မကျွေးဘဲ ညမနက် ဆန်ပြုတ်သာ တိုက်ကျွေးသည်။ ငွေမရှိ၍ မဟုတ်။
သူ့ဝမ်းကိုကား ကောင်းစွာဖြည့်သည့်ပြင် သူ့အသိုင်းအဝိုင်း (ပျံကျဈေးသည်)ကိုပင်
တကူးတက ကျွေးမွေးခဲ့သည်။ အဘယ်ကြောင့် သားအရင်းကိုတော့ ဆန်ပြုတ်သာ ကျွေးသနည်း။
ဒါသည်ပင် ဝေဖန်သူတို့ ထောက်ပြစရာ ဖြစ်ခဲ့သည်။ (တကယ်တော့သည့်ထက်ဆိုးသည့်
အကြောင်းအရာများ 'ဆရာသာဓု'က
ကွယ်လွန်ခါနီးတွင် 'သုမောင်' အား
ပြန်ပြောပြပါသည်။)
'အတာ' အား
ပျံကျဈေးသည် ဒေါ်သိန်းမေက ကျောင်းထားမပေးပေ။ ဉာဏ်ရည်ကောင်းပြီး ဖင်ပေါ့သော၊
လိမ္မာလွန်းသော ကလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုသည်။ ငွေကြေးတင့်တယ်သော အပျိုကြီး
ညီအစ်မက 'အတာ'အား ကျောင်းထားပေးသည်။
ထိုအကြောင်းကို သိသွားသော ဒေါ်သိန်းမေသည် အတာ၏ ကျောင်းလခသွင်းရမည့်နေ့တွင်
လမ်းမှစောင့်ပြီး ထိုငွေကို အတင်းတောင်းယူသည်။ ပြီးတော့ မြင်းလောင်းပစ်သည်။
မြင်းပွဲရှုံးလျှင် အတာ ထမင်းငတ်ရသည်။ မြင်းပွဲနိုင်လျှင်တော့
တစ်ရပ်ကွက်လုံးခေါ်ပြီး ကြက်သားပလာတာ စသဖြင့် ကျွေးသည်။ အတာ့ခမျာတော့
အရိုးအရင်းနှင့် ဖြစ်သလို စားရသည်။ စွပ်ကျယ်အင်္ကျီကလေး တစ်ထည်ဝယ်နိုင်ဖို့
လမ်းထဲရှိ ကုန်သည်များ ခိုင်းဖတ်လုပ်ပြီး မုန့်ဖိုးပေးသည်ကို စုဆောင်းရသည်။
ထိုအခါမျိုးကျပြန်တော့လည်း သူ့သိက္ခာကျသည်ဟု ဒေါ်သိန်းမေ က 'အတာ'ကို နင်ပဲ ငဆ ရိုက်နှက်ဆဲရေးပြန်သည်။
ဒါတွေသည် 'အတာ့'ဘဝ ဥပမာ အသေးကလေးများသာ ဖြစ်သည်။
သို့သော် 'အတာ'
သည် မိဘ မေတ္တာကို အလွန်မြတ်နိုးသူ ဖြစ်နေသည်။
သူတတ်နိုင်သမျှကလေးဖြင့် ကျေးဇူးဆပ်သည်။ မိခင်၏ အဆိုးကို ဘယ်တော့မျှ မပြောပေ။
ထိုကြားထဲက ပညာကို မရမနေ သင်ခဲ့သည်။
ပညာသင်ကောင်းဆဲ (ကိုးတန်း)မှာပင်
အင်္ဂလိပ်ခေတ် 'ကျွန်ပညာ အလိုမရှိ' ဟူသော ကြွေးကြော်သံများကို
နားယောင်ပြီး 'သခင်ပညာ' သင်မည်ဟု
ကျောင်းမှထွက်ဖြစ်သည်။
တကယ်တမ်းတော့ 'အတာ'သည် မူလဘဝထဲမှာသာ မိခင်၏ အရိပ်၌ နေခဲ့ပါက အဖတ်ဆယ်မရနိုင်အောင် ပျက်စီးပြီး
ဂျပိုးတေလေ၊ သူခိုး၊ ဘိန်းစားကလေး ဖြစ်သွားနိုင်သည်။ သို့သော် ထိုဘဝမှ
ရုန်းထွက်နိုင်ခဲ့သည်မှာလည်း ယနေ့လူငယ်များ အတုယူစရာ ဖြစ်ပါသည်။
ငယ်စဉ်က 'အတာ'
ဝတ္ထု ဖတ်ရင်း မျက်ရည်ကျရပါသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ ဆရာ သာဓုအား
မေးမြန်းစူးစမ်းလေမှ 'အတာ'သည် ဆရာသာဓု
ကိုယ်တိုင် ဖြစ်နေမှန်း သိရလေသည်။
သို့သော် ဆရာသာဓုသည်
ထိုအကြောင်းခြင်းရာကို စာဖတ်ပရိသတ်အား အမြွက်မျှပင် ထုတ်ဖော်ခြင်း မရှိခဲ့ပေ။
သူ့မိခင်အပေါ် ပရိသတ်ငြိုငြင်မှာစိုးသောကြောင့် ဖြစ်သည်။ ဆရာ သာဓု (ဖခင်ကြီး) သူ့
မိခင်အပေါ် မေတ္တာတွေ ပြန်ပေးပုံ၊ ကျေးဇူးဆပ်ပုံတို့ကို 'အတာ'
ဝတ္ထုတွင် အတာနှင့် ဒေါ်သိန်းမေ ဆက်ဆံရေးများကို ရေးပြခဲ့သည်။
ကျွန်တော့်ကိုယ်တွေ့တွင်မူ အဖေသည် အကယ်ဒမီ နှစ်ဆုရှင်၊ စာပေဗိမ္မာန် စာပေဆုရှင်
(ပေါင်ဒါလုပ်ငန်းရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ) စသဖြင့် အောင်မြင် ကျော်ကြား ကြီးပွားချမ်းသာသော ဘဝသို့
ရောက်သည့်တိုင် မိခင်ကြီးအား အလိုလိုက်ခဲ့ပုံများကို မှတ်မိနေပါသည်။ အဘွားကို
ကျွန်တော်ကောင်းစွာ မီလိုက်ပါသည်။ တစ်နေ့တွင် အဘွားသည် ငယ်မူပြန်ပြီး
ဈေးဗန်းခေါင်းရွက်၍ လှည့်လည်ရောင်းချချင်သည်ဟု ပူဆာလေရာ ဖခင်ဆရာ သာဓုသည် (ထိုခေတ်က
အကောင်းဆုံး) မော်တော်ကားကြီးဖြင့် အဘွားကို ခေါ်တင်သွားပြီး ဈေးမှာ
ထိုင်စောင့်ခဲ့သည်။ အဘွားသည် 'ဟော့ဒီက ပုစွန်ဆိတ်တွေရမယ်'
စသဖြင့် မော်တော်ကားကို ပတ်ပြီး ဈေးလည်ရောင်းပါသည်။ ထိုစဉ်က
ကျွန်တော်ကားပေါ်မှာ ပါသွားခဲ့ပါသည်။ (ထိုအကြောင်း ရွှေအမြုတေတွင် 'အဖေ၏ အမေ' ဟူသော ခေါင်းစဉ်ဖြင့် စာစုတစ်စုရေးရာ ၁၉၉၈
ခုနှစ်အတွက် မန္တလေး စာပေဆု ကျွန်တော်ရခဲ့သည်။)
□
အဖေကမူ 'နောင်ဘဝမှာ
အဖေက အမေပြန်ဖြစ်ပြီး သားဘွားဘွားက အဖေ့သား ပြန်ဖြစ်မှာ အဖေ အလွန်စိုးရိမ်တယ်'
ဟု ပြောပြပုံမှာ မှတ်သားလောက်စရာ ကောင်းလှပါသည်။ သူ့အမေ
ဝဋ်လည်မှာကို အလွန်ကြောက်ရှာသည်။
'အတာ' ဝတ္ထုသည်
သူ၏ ဘဝတစ်စိတ်တစ်ပိုင်းဟူ၍ ဆရာသာဓုသည် ပရိသတ်အား လုံးဝဖွင့်မပြောဘဲ နေခဲ့ရာ နောင်
(၁၉၈၄ ခုနှစ် ဒီဇင်ဘာ/ ၁၉၈၅ ဇန်နဝါရီ) ကျမှ ပေဖူးလွှာ မဂ္ဂဇင်း ဆရာဝင်းငြိမ်း
အင်တာဗျူးတွင် အောက်ပါအတိုင်း ဝန်ခံခဲ့လေသည်။
ဟုတ်ပါတယ်။ အတာဝတ္ထုက ဆရာ့အကြောင်း ၉ဝ
ရာခိုင်နှုန်းလောက်ပါတယ်။ တစ်ခုတော့ ရှိတယ်။ အတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာ
ရှိတယ်။ အမေအရင်းက သားအရင်းပေါ်မှာ
ဒီလောက်တောင်မှ စိတ်သဘောထား၊ စေတနာ၊ မေတ္တာမဲ့ရသလား၊ ဒီလောက်တောင်
မေတ္တာမဲ့နိုင်ပါ့မလား။ ဆိုးနိုင်ပါ့မလားလို့ ဝေဖန်ကြတယ်။ ဆရာ့ကိုလည်း မေးကြတယ်။
ဆရာက တစ်ခွန်းတည်း ပြန်ဖြေလိုက်တယ်။ 'ဒီထက် ဆိုးတာတွေတောင်
ရှိသေးတယ်။ ရေးမကောင်းလို့၊ ရေးမဖြစ်လို့ မရေးတာ' လို့။
တစ်ခုတော့ ရှိတယ်။ အမေအရင်းက သားသမီး အရင်းအပေါ်မှာ ဒီလောက်တောင် ဆိုးရသလားဆိုတာက
အဲဒီ သားသမီးရဲ့ အကုသိုလ်က ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ။ ဝဋ်ခံရတာပါလို့။
သဘောကတော့ အဲဒါပါပဲ။
ဖခင်ကြီးရဲ့ သားတစ်ယောက် အနေနှင့်ရော၊
စာရေးဆရာကြီး သာဓု၏ မျိုးဆက်သစ် စာရေးဆရာ သုမောင်အနေနှင့်ရော ပြောချင်တာကတော့
ယနေ့လူငယ်များ 'အတာ' ကို ငှားလို့ ပဲဖြစ်ဖြစ် ဖတ်ကြစေချင်ပါသည်။
▀
သုမောင်
၁၉.၂.၂ဝဝ၆
(သမီးကြီး
စိုးအိမ်သူ ၂၆ နှစ်မွေးနေ့)
(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။