ရွှေသုတ‌

ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ အပိုင်း (၁)

ညီပုလေး

01 January 2026
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ အပိုင်း (၁)
Share to

         မြစိမ်းတောင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ တောင်ကြီးမြို့ကို မှိုင်းပျပျ မြင်နေရတယ်။ ဧပြီလ တတိယပတ် ရာသီဥတုက တောင်ကြီးရဲ့ နွေလို့ အပြောခက်လှတယ်။ နေက ပွင့်ပွင့်လင်းလင်း မရှိသလို မြူတွေက မြင်ကွင်းကို ကာဆီးနေကြတယ်။ တောင်ကြီးမြို့ကတော့ ထိတ်လန့်တကြား ကြီးထွားနေတယ်။ ဒီမြို့ကို မရောက်တာ ဆယ့်ခုနစ်နှစ်လောက်အတွင်းမှာ ဘာဆေးတွေ စားပြီး ဒီလောက် ကြီးထွားနေတာပါလိမ့်။ မြို့ထဲမှာ ဝှီးခနဲ ဝှီးခနဲ မောင်းနေကြတဲ့ မော်တော်ဆိုင်ကယ်တွေကလည်း မြစိမ်းတောင်ပေါ်က ကြည့်တဲ့အခါ အရှိန်တွေ နှေးနေကြသလိုပဲ။ အဆောက်အအုံ နီညိုရောင်၊ အစိမ်းပုပ်ရောင်၊ သံချေးရောင် ခေါင်မိုးတွေက ဟိုနားဒီနား တစ်မြို့လုံးမှာ ပြည့်ကျပ်နေတယ်။ တောင်အောက်က မြင်ကွင်းထဲမှာ အဆောက်အအုံတွေ အများစုက သစ်ပင်စုစု သစ်ပင်အုပ်အုပ်က ကျဲပါးနေပြီ။ တောင်ကြီးသူ တောင်ကြီးသားတွေအတွက် ယတြာအဖြစ် ချယ်ရီပင်၊ ထင်းရှူးပင်၊ ယူကလစ်ပင်တွေစိုက်ဖို့ အခါပေးတဲ့ ဗေဒင်ဆရာတွေ လိုအပ်နေရော့သလား။

            ကျွန်တော်ကတော့ တည်းခိုနေတဲ့ ကိုတင်ကြည်လှိုင်နဲ့ ဒေါက်တာ နန်းစံပယ်မြင့်ကြူတို့ အိမ်ကို မြစိမ်းတောင်ပေါ်ကနေ ရှာကြည့်နေမိတယ်။ ရေအေးကွင်းရပ်ထဲမှာရှိတဲ့ သူတို့ တစ်ထပ်တိုက်ကို ရှာလို့မတွေ့မိဘူး။ ဦးလေးထွန်းဖေ (သူရရှမ်းပြည်) နဲ့ ဒေါ်ဒေါ်စု တို့ရဲ့ တိုက်အိမ်လေးကို မှန်းဆကြည့် မိတယ်။ ဦးလေးခွန်ထီး-ဒေါ်မမကြီးတို့ ခြံဝင်းကရော ဘယ်မှာလဲ။ မိတ်ဆွေ ဗိုလ်မှူးဉာဏ်ထွန်း-စာရေးဆရာမ မခင်လေးတို့ခြံ။ နဂိုက ရင်းနှီးခဲ့ပေမယ့် တစ်သွေးတစ်မွေးဖြစ်နေတဲ့ တောင်ကြီးမြို့ကို မကျွမ်းဝင်တော့ ဘယ်နားဆီ ရှာရမယ်မသိဘူး။ တန်ဆောင်မုန်း နှင်းငွေ့တွေနဲ့ ထွေးလုံးရစ်ပတ်ခဲ့တဲ့ တောင်ချွန်းတောင်ခြေက ကောလိပ်ကျောင်းသားတွေရဲ့ အဆောင်လေးကတော့ တောင်ခြေမှာမို့ ဘယ်လိုမှ မမြင်နိုင်ဘူး။

            ဧပြီလ ၁၉ ရက်က တောင်ကြီးကို ခရီးထွက်ခဲ့ကြတယ်။ အိမ်ထောင်ကျပြီး မိသားစုနဲ့အတူ စုံစုံညီညီ သိုက်သိုက်ဝန်းဝန်း ခရီးထွက်တာ အခုတောင်ကြီးခရီးစဉ်ဟာ ပထမဆုံးခရီးပဲ။ အကြီးဆုံးသမီး လင်းလင်းမွန် ၂၄ နှစ် သမီးဖြစ်တော့မှ ထွက်ဖြစ်ကြတာလေ။ ကလေးတွေက ငယ်ကြသေးတာကြောင့်၊ ကျောင်းနေကြပြန်တော့လည်း စာမေးပွဲတွေ ရှိကြပြီး ကျောင်းရက်ပျက်မှာစိုးလို့၊ နောက်တစ်ခါ ကျွန်တော်က သူတို့အားလုံးကို ချန်ထားခဲ့ပြီး သူတို့မပါဘဲ ခရီးဝေးကို နှစ်အတော် ကြာသွားနေရတာနဲ့။ အခုတော့ သားနဲ့သမီးတို့လည်း ကြီးလာကြပြီး ကျောင်းနားရက်မှာ စုံစုံညီညီရှိတုန်း တောင်ကြီးကို ထွက်လာခဲ့ကြတယ်။ သမီးအငယ်ဆုံး ရွှေပြည်စိုးခမျာ ကားမူးဝေတတ်တော့ ခရီးဝေးသွားတဲ့ အတွေ့အကြုံ မရှိရှာဘူး။ တောင်ကြီးကိုသွားဖို့ သူရွေးချယ်ခဲ့တယ်။ ဒီခရီးဟာ ရွှေပြည်စိုးအတွက် ကားမူးဒဏ် ခံနိုင်ရည်စမ်းသပ်မယ့် ခရီးလည်း ဖြစ်တယ်။ ကျွန်တော့်အတွက်လည်း စမ်းသပ်ချက်တွေပါတဲ့ ခရီးဆိုရင်လည်း မမှားဘူး။            အောက်တိုဘာလထဲတုန်းက ရန်ကုန်ကို ရောက်ခဲ့တယ်။ ဘတ်စ်ကားစီးရင်း ခေါင်းပေါ်က လက်ကိုင်တန်းကို မြဲမြဲဆုပ်ကိုင်ထားပါလျက်နဲ့ ကားက အရှိန်နဲ့ သွားရင်း ဘရိတ်အရေးပေါ်အုပ်လို့ ခရီးသည်တွေနဲ့ ပိမိပြီး ညာဘက်လက်မောင်းအိုး နာလာခဲ့တယ်။ ဒီညာဘက်လက်ကို ဟုတ်တိပတ်တိ အနားမပေးမိဘူး။ အင်္ကျီကောက်လျှိုတဲ့အခါ နာ၊ ကျောကို ဆပ်ပြာတိုက်တဲ့အခါ နာ၊ ဆံပင်ဖြီးသင်တဲ့အခါနာနဲ့ လိမ်းဆေးလိမ်းပေမယ့်လည်း နာမြဲနာ နေတဲ့ ညာလက်ကို စမ်းသပ်ရလိမ့်မယ်။ ဆိုင်ကယ် အမ,အရွှေ့မှာလည်း နာ၊ လက်ကိုင်ကို ကြာကြာကိုင်ရင်လည်း နာနေတဲ့ ဒီလက်ဟာ သက်သာသယောင်နဲ့ တစ်ခါတလေ အခန့်မသင့်ရင် ပြန်နာချင်နေတယ်။ အခု ဒီလက်နဲ့ပဲ ကားလက် ကိုင်ခွေကို စမ်းကိုင်ကြည့်မယ်လို့။ မိသားစုကိုတော့ လက်နာနေတဲ့အကြောင်း မပြောတော့ဘူး။ သူတို့ စိတ်ပူနေကြလိမ့်မယ်။ ကြိတ်မှိတ်မောင်း ကြည့်မယ်လို့။

            ကျွန်တော်တို့ တောင်ကြီးတက်မယ်ဆိုတော့ မိတ်ဆွေတွေက စေတနာ ရှေ့ထားပြီး အကြံဉာဏ်ပေးကြတယ်။ ဟန်မြင်းမိုရ်၊ ရွာငံ၊ မြို့ကြီး၊ ပင်းတယလမ်းက တက်ပါလား။ အဲဒီဘက်က တက်ရင် မိုင် ၄ဝ လောက် ခရီးတိုသတဲ့။ တချို့ မိတ်ဆွေတွေကတော့ ဟန်မြင်းမိုရ်၊ ရွာငံမြို့ကြီးဘက်က မသွားနဲ့။ အဲဒီဘက်က ရွာစဉ်ပြတ်တယ်။ ပြီးတော့ တောက်လျှောက် အတက်ချည်းပဲ။ သာစည်ဘက်ကသာ သွား၊ လမ်းတော့ နည်းနည်းဆိုးတယ်။ ဒါပေမယ့် တစ်ခုခုဖြစ်ရင် အကူအညီတောင်းလို့ လွယ်သတဲ့။

            ဒီဇယ်ဆို တစ်ဂါလန် ၂၆ဝဝ ကျပ် ဖြစ်နေချိန်မှာ မိုင် ၄ဝ သက်သာတယ်ဆိုတဲ့လမ်းက သွားချင့်စဖွယ်ပါပဲ။ ဒါပေမယ့် ကျွန်တော်နဲ့ ဒီဇယ်အင်ဂျင်နဲ့က အလှမ်းဝေးလှတယ်။ ဓာတ်ဆီအင်ဂျင်ကိုမှ ဆီပျောက်မီးပျောက်ကလေး စမ်းတဝါးဝါး လုပ်ခဲ့ဖူးသေးတယ်။ ဒီဇယ်အင်ဂျင်ကိုတော့ ဘယ်ဟာက ဘာပစ္စည်းလို့ ခေါ်မှန်း သိတာမဟုတ်ဘူး။ ဒါကြောင့် ရွာစဉ်ပြတ်တယ်ဆိုတဲ့ ရွာငံလမ်းကို နည်းနည်းစိုးရွံ့နေမိတယ်။

            ဟန်မြင်းမိုရ်၊ ရွာငံလမ်းကိုတော့ ၂ဝဝ၃ ခု မေလက ပင်းတယကနေ မှန်လုံ မီနီဘတ်စ်ကားလေးနဲ့ ဆင်းခဲ့ဖူးတယ်။ ဦးလေး ဒဂုန်တာရာရဲ့ ၈၄ နှစ် မွေးနေ့ အပြန်ခရီးမှာပါ။ တောင်ပေါ်က ခရီးမှာ ကားမမူးတတ်တဲ့ ကျွန်တော်လည်း အဲဒီညကတော့ စာမေးပွဲကျခဲ့တယ်။ ကားရဲ့ နောက်ဆုံးခုံတန်း ညာအစွန်မှာ နေရာယူမိတဲ့ ကျွန်တော်ဟာ ကားဝှေ့ယမ်းတိုင်း လိုက်ဝှေ့ယမ်းရင်း ကားပြတင်းပေါက်မှာ ခေါင်းထွက်ပြီး အန်ချခဲ့ရတယ်။ ကိုယ်ခန္ဓာပေါ်မှာ အန်ဖတ်တွေ ဖိတ်လို့ စဉ်လို့။ လူလည်း အတော်အီစလန်ဝေသွားတယ်။

            တကယ်တော့ လွန်ခဲ့တဲ့ ၁၇ နှစ် ကျော်ကာလတွေက တောင်ကြီးကို ကျွန်တော် ခဏခဏ ရောက်ခဲ့ဖူးတယ်။ ကိုယ်ပိုင် တက္ကစီလိုက်နေတုန်းကပေါ့။ အဲဒီတုန်းက သာစည်ဘက်ကလည်း အတက်အဆင်း လုပ်ခဲ့တယ်။ ရွာငံ ရေဦးလမ်းက အခုလို အသွားအလာ မများသေးဘူး။ စာရေးဆရာ ကြည်လင်အေး ဖြစ်လာမယ့် ကျောင်းဆရာနဲ့ စာအုပ်ဆိုင်ရှင် ကိုကျော်စိုးဝင်းရဲ့ ရွက်သစ်ရိပ် စာအုပ်ဆိုင်မှာ အခြေချခဲ့ကြတယ်။ တောင်ကြီးကောလိပ်ကျောင်းသားတွေ စုပေါင်း ငှားနေထိုင်ကြတဲ့ တောင်ချွန်းတောင်ခြေက အဆောင်လေးမှာ ညသွားအိပ်ခဲ့တယ်။ ဝါးကြမ်းကြားက တန်ဆောင်တိုင်လေအေးတွေ တိုက်တဲ့ည၊ ထရံကြားက တောင်ကြီး ဆောင်းလေအေးတွေ တိုးတဲ့ညတွေပေါ့။ အဆောင်နေ ရှမ်းကျောင်းသားတွေက သူတို့ဆရာရဲ့ မိတ်ဆွေကို သူတို့ အနွေးထည်တွေ ခြုံစောင်တွေ မျှဝေသုံးစွဲကြလို့ သူတို့ရဲ့ အနွေးထည်၊ စောင်တွေထက် သူတို့ရဲ့ နွေးထွေးမှုကြောင့် ကျွန်တော် ဝါးကြမ်းခင်းပေါ်မှာ ကောင်းကောင်းအိပ်ပျော်ခဲ့တယ်။ တောင်ချွန်းတောင်ခြေမှာ အိပ်ရတာနဲ့ မတူတော့ဘဲ မန်းတောင်ရိပ် ခိုသလို ခံစားခဲ့ရတဲ့ညတွေပေါ့။

            သစ်တောရပ်ကွက်မှာရှိတဲ့ စာရေးဆရာမ မခင်လေးရဲ့အိမ်ကို ကိုကျော်စိုးဝင်းနဲ့ နှစ်ယောက်သား သွားလည်ကြတယ်။ ခွေးတွေ မွေးထားတဲ့ ဆရာမတို့အိမ်မှာ ခွေးကြည့်ဖို့ အရင်အော်ရတယ်။ ဆရာမရဲ့မိခင်ကြီးက ကျွန်တော်တို့ကို သားအရင်းတွေလို ကျွေးမွေးဧည့်ခံခဲ့တယ်။ အမေမှာ သားတစ်ယောက်မှ မရှိဘူး။ ဒီသမီးလေး တစ်ယောက်တည်း မွေးထားတာ။ အိုးကင်းမှာ လှော်ထားတဲ့ လက်ဖက်ခြောက် မွှေးမွှေးမှာ ဆားလေးခတ်ပြီး ရေနွေးပူပူနဲ့ ပဲပုပ်စေ့လှော်၊ တို့ဟူးကြော်တွေ မြည်းကြရင်း စံပယ်ဖြူ၊ ပေဖူးလွှာ၊ မဟေသီ စတဲ့ မဂ္ဂဇင်းတွေအကြောင်း ကိုယ်ဉာဏ်မီ သလို ဝေဖန်လေကန်ခဲ့ကြတယ်။

            ဧပြီ ၁၉ ရက်ဆိုတာ မန္တလေးမှာ အပူချိန် ၁ဝဝ ကို တော်တော်ကျော်နေတဲ့ရက်တွေပဲပေါ့။ နေပူဒဏ်သက်သာအောင် မန္တလေးက စောစောထွက်ခဲ့ကြတယ်။ မနက် ၅ နာရီခွဲမှာ ကျွန်တော်တို့ မန္တလေး-ရန်ကုန် အဝေးပြေး လမ်းမပေါ် ရောက်နေကြပြီ။ မြို့အဝင် ကားဘီးအခွန် လမ်းအသုံးပြုခငွေတွေ ပေးဆောင်ဖို့ ဇနီးသည် တင်တင်ဝင်းက ငွေစက္ကူ အသေးတွေ လဲလာခဲ့တယ်။ ငွေစက္ကူ တစ်ဆယ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန်က ခက်ခက်ခဲခဲလဲထားရတာတွေ။ ကျွန်တော့် စိတ်အထင်မှာ ငွေစက္ကူတွေ လဲလာတာ များလိုက်တာလို့ ထင်ခဲ့ပေမယ့် တကယ်လက်တွေ့ ခရီးသွားကြတော့ အောင်ပန်းမရောက်ခင်မှာ သူလဲလာတဲ့ ငွေစက္ကူတွေ ကုန်သွားပြီ။

            မန္တလေး-မိတ္ထီလာ ကားလမ်းက တော်တော်ဖြောင့်ဖြူးတယ်။ မြစ်ငယ်နား ရောက်တော့ ရန်ကုန်ဘက်က မနေ့ ညနေက ရန်ကုန်ဘက်က ထွက်လာတဲ့ လေအေးစက်တပ် မှန်လုံဘတ်စ်ကားတွေနဲ့ ဆုံကြတယ်။ မန္တလေးမြို့ကို ချောချောမောမော ဆိုက်ရောက်တော့မယ့် ကားပေါ်ပါ ခရီးသည်တွေရဲ့ ခံစားမှုကို စဉ်းစားလာမိတယ်။ ဒီခရီးသည်တွေထဲမှာ မန္တလေးကို ပထမဆုံး အကြိမ် လာရောက်ကြတဲ့သူတွေဘယ်နှယောက်ပါမှာပါလိမ့်။ ကားမူးလာသူတွေ ပါသေးသလား။ မန္တလေး မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးမယ့်သူတွေလိုပဲ သမီးထွေးရွှေပြည်စိုးလည်း သူများပြောတာ ကြားဖူးထားတဲ့ ရှမ်းပြည်နယ်၊ မြင်ဖူးဖတ်ဖူးတဲ့ ကလော၊ အင်းလေး၊ တောင်ကြီးတို့ကို စိတ်ကူးနဲ့ ရုပ်လုံးဖော်နေရှာမယ် ထင်တယ်။ လမ်းမှာ ကားမူးမှာလား သောက ဖြစ်နေရှာလိမ့်မယ်။

            ဒီခရီးလမ်းကို အရင် ခဏခဏ ရောက်ဖူးတော့ သာစည်ကနေ ကလောကိုလည်း ဝေးတယ်လို့ မထင်မိဘူး။ မသွားတာကြာတော့ ကလောဟာ ဝေးနေတယ်။ အခုတော့ သမီးကလေး ကားမူးမှာစိုးလို့ ကားကို ဖြည်းဖြည်းမှန်မှန် မောင်းလာခဲ့တယ်။ ကျွဲတပ်ဆုံ ရွာကို ဖြတ်ခဲ့တော့ တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ်က  ဘူမိဗေဒကျောင်းသား ကျောင်းသူတွေ ဘူမိဗေဒ လက်တွေ့ ကွင်းဆင်းနေကြတုန်း ကျွန် တော်တို့ သူတို့အနားက ဖြတ်သွားဖူးတာကို သတိရမိတယ်။ နန်းပန်တက် မရောက်ခင် ကားလမ်းနံဘေးမှာ ချောင်းလေးတစ်ချောင်း ကားလမ်းနဲ့အတူယှဉ်ပြီး စီးဆင်းနေမှာ၊ အခုအခါ ချောင်းထဲမှာ ရေမရှိတော့ဘူး။ ၁၉၈၁ ခု ဧပြီလ ကလောကို မင်္ဂလာဦး ခရီးသွားတုန်းက ဒီချောင်းထဲဆင်းပြီး မျက်နှာသစ်ခဲ့ဖူးတယ်။

            နန်းပန်တက်နဲ့ ဝက်ဖြူရေကြားက ကားတွေနားကြတဲ့ ကြားစခန်းမှာ ကျွန်တော်တို့ကားကို အမောဖြေ၊ လူတွေလည်း အညောင်းဆန့်ဖို့ ခဏနားကြတယ်။ ထမင်းဆီဆမ်းနဲ့ ဆိတ်သားမျှင်၊ လက်ဖက်သုပ် မှာစားကြတယ်။ မနက်ကမှ ဝယ်ထားတဲ့ တောဆိတ်သားတွဲ တစ်တွဲကို တိုင်မှာချိတ်ထားတယ်။ တစ်ပိသာ ၃၅ဝဝ ကျပ်တဲ့။ လမ်းမှာ လူတွေ ဝတ်ကောင်းစားလှတွေနဲ့ တွေ့ခဲ့သား။ လုံမပျိုတွေက ပဝါနှစ်စ အသာချလို့၊ သူတို့လက်ထဲမှာ ပန်းစည်းတွေလည်း ပါတယ်။ စားစရာ သောက်စရာတွေလည်း ပါတယ်။ နောက်မှသိရတာ ကျွန်တော်တို့ နားနေကြတဲ့ဆိုင်လေးရဲ့ အထက် တောင်ကုန်းလေးပေါ်မှာရှိတဲ့ 'မင်းမဟော်တောင်ကျောင်း' ဘုန်းကြီးကျောင်းကို သွားနေကြတာလေ။

            ထင်းရှူးပင်ပေါက်တွေ လှမ်းမြင်လိုက်ရတာ ကလောမြို့နဲ့ နီးလာပြီဆိုတဲ့ သင်္ကေကတပဲပေါ့။ ကလောမြို့က မိတ်ဆွေတွေဖြစ်တဲ့ မမအေးကြည်နဲ့ မသင်းစိန်တို့ကို ဝင်နှုတ်ဆက်ဖို့ ကလော-တောင်ကြီး လမ်းနံဘေးက မသင်းစိန်တို့ အိမ်ရှေ့မှာ ကားရပ်တယ်။ အိမ်က တံခါးစေ့ထားတာမို့ အိမ်ရှင်တွေကို အော်ခေါ်ရတယ်။ နှစ်ခွန်းလောက် ခေါ်ခါရှိသေးတယ်။ အိမ်ထဲက ထူးသံနဲ့အတူ မသင်းစိန်ရဲ့သမီး ထွက်လာတယ်။ အိမ်လေးက ဘာမှ မပြောင်းလဲဘူး။ ဟိုလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်ကအတိုင်းပဲ သန့်ရှင်းမြဲ၊ သပ်ရပ်မြဲ။ နည်းနည်းတော့ ဟောင်းသွားတာပေါ့။ မသင်းစိန်က အိမ်မှာ မရှိဘူး။ အောင်စာရင်းထုတ်ပြန်ဖို့ ကျောင်းကို သွားနေတယ်တဲ့။

            အမေ မရှိခိုက် သမီးဖြစ်သူက အိမ်မှာရှိတာတွေ ချကျွေးဧည့်ခံပါလေရော။ ကော်ဖီမစ်၊ တို့ဟူးခြောက်ကြော်၊ ပြောင်းဖူးပေါက်ပေါက်ပွင့်ကြော်တွေနဲ့ ဧည့်ခံနှင့်ပြီး သူ့မောင်လေးကို သူတို့ အမေရှိရာ ကျောင်းကိုစက်ဘီးနဲ့ အခေါ်လွှတ်လိုက်တယ်။ ကျွန်တော်ကတော့ အရင်ကျွန်တော်တို့ မိသားစု ငယ်ငယ်က လာလည်ကြတုန်းကနဲ့ ဘာမှမပြောင်းလဲတဲ့ မသင်းစိန်တို့ အိမ်ရှေ့ခန်းကို လှည့်ပတ် ငေးနေမိတယ်။ ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ အပြင်မှာတော့ ငယ်ငယ်က ပြေးလွှားဆော့ကစားခဲ့တဲ့ တောင်ကုန်းလေးနဲ့ ထင်းရှူးပင်ပေါက်လေးတွေ ကျဲကျဲပါးပါးကို လှမ်းမြင်နေရတယ်။ အရင်ကတော့ ဒီတောင်ကုန်းတွေပေါ်မှာ ထင်းရှူးပင်ကြီးတွေ  ရှိခဲ့တယ်။ ဈေးကောင်းရတာနဲ့ ဂျပန်ပြည်ကို ရောင်းခဲ့ရလို့ နောက်မှစိုက်ထားတဲ့ ထင်းရှူးပင်ပျိုလေးတွေကို အခုမှ မြင်နေရတာလေ။

            မမအေးကြည်တို့ မသင်းစိန်တို့ ညီအစ်မဟာ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတစ်တွေနဲ့ ငယ်စဉ်တောင်ကျေးကတည်းက ခင်မင်ခဲ့ကြတာ။ မိဘချင်းကခင်ကြတာကိုး။ ဦးလေး ဦးသန်းမောင်၊ ဒေါ်ဒေါ်ညိုတို့အိမ်မှာ တစ်ခုသော နွေရာသီ အမေ လာအနားယူဖူးတယ်။ သတင်းစာအလုပ်တွေနဲ့ ပိပြီး နေမကောင်းနေတဲ့ အမေ့ကို ဒေါက်တာမိုဟန်းက အလုပ်ခွင့်ကနေ အနားယူဖို့ ညွှန်ကြားတဲ့အခါ အမေက သူ့ရဲ့မိတ်ဆွေ ဦးသန်းမောင်၊ ဒေါ်ညိုတို့ရှိရာ ကလောမြို့ဆီ လာခဲ့တယ်။

            ကျွန်တော်ကတော့ ပြောင်းဖူးပေါက်ပေါက်ပွင့်တွေရဲ့ အနံ့အရသာကို တဖြည်းဖြည်း ခံစားရင်း နံရံပေါ်က ဌာနဆိုင်ရာတစ်ခုရဲ့ ၂ဝဝ၅ ခု ပြက္ခဒိန်ပေါ်က သရုပ်ဆောင် အမျိုးသမီးတစ်ယောက်နဲ့ စီးပွားရေးကြော်ငြာတွေ တွဲလျက်ပါနေတဲ့ ရက်စွဲတွေ၊ ဦးလေး ဦးသန်းမောင်တို့၊ ဒေါ်ဒေါ်ညိုတို့ အရွယ်ကောင်းတုန်းက ရိုက်ထားတဲ့ စီပီယာရောင်ဓာတ်ပုံနဲ့ မမအေးကြည်တို့ မသင်းစိန်တို့ ငယ်ငယ်က ဓာတ်ပုံလေးတွေကို ငေးနေမိတယ်။

            ကျောင်းကနေ တကူးတက ပြန်လာတဲ့ ဆရာမ မသင်းစိန်ဟာ ငယ်ရုပ် မပျောက်သေးဘူး။ နည်းနည်းတော့ ပိုဝနေတယ်။ မမျှော်လင့်ဘဲ ရောက်လာကြတဲ့ ကျွန်တော်တို့ မိသားစုကို ကြည့်ပြီး အံ့သြဝမ်းသာနေကြောင်း ဖောင်းမို့နေတဲ့ ပါးပြင်တွေ၊ မှေးစင်းတဲ့ သူ့မျက်လုံး အိမ်တွေမှာ အထင်းသား မြင်နေရတယ်။ အမေနဲ့ အစ်မတွေရဲ့ ကျန်းမာရေးကို မသင်းစိန်က အရင်မေးတယ်။ ပြီးတော့မှ သူ့မိသားစု၊ ကိုယ့်မိသားစုအကြောင်း ပြောကြတယ်။ ငယ်ငယ်က ကစားခဲ့ကြပုံကို ပြန်ပြောပြနေတဲ့ သူ့စကားသံမှာလည်း ပြန်လည်သတိရ ကြည်နူးသံစွက်လို့ပေါ့။

            မသင်းစိန်က ကျွန်တော်တို့ ကလောလာလည်ပြီး တောင်ကုန်းတွေအပေါ် ပြေးလွှားကစားတဲ့အကြောင်း၊ ကလောမှာ သင်္ကြန်ကျကြတဲ့အကြောင်း ပြောတဲ့အခါ လင်းလင်းမွန်တို့ အောင်ဘာလေတို့ မောင်နှမနဲ့ မသင်းစိန်ရဲ့သမီးနဲ့သားတို့က ငေးမောနားထောင်နေကြတယ်။ ကျွန်တော်က လူကြီးမိဘတွေချင်း ခင်မင်ရင်းနှီးကြသလို ကလေးတွေချင်းလည်း ခင်မင်ရင်းနှီးစေချင်တာ။ အခုတော့ သူတို့တစ်တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးမြင်ဖူးကြရုံပဲ ရှိတယ်။ နောင်အရှည်သဖြင့် ခင်မင်မိတ်ဆွေ ဖြစ်သွားကြစေချင်တာ။ ဒါကြောင့် မသင်းစိန်တို့ကို မန္တလေးတစ်လှည့် လာလည်ကြဖို့ ဖိတ်ရတယ်။

မသင်းစိန်တို့ မိသားစုနဲ့အတူ

 

            မမအေးကြည်ရဲ့ အိမ်ကိုတော့ အချိန်မရလို့ မဝင်တော့ဘဲ မမအေးကြည် မိသားစုအတွက် မန္တလေးလက်ဆောင်တွေကိုလည်း ညီမဖြစ်သူ မသင်းစိန်ကိုပဲ ပေးခဲ့ကြတယ်။

            အောင်ပန်းမြို့ကို ရောက်တဲ့အခါ ဦးလေး ဒဂုန်တာရာဆီ မရောက်ရောက်အောင် သွားခဲ့တယ်။ ကျွန်တော်တို့ ရောက်သွားချိန်မှာ ဆရာမ သင်းမြစန္ဒီက ဆေးခန်းထဲက ထွက်ပြီးကြိုတယ်။ ဦးလေး ဒဂုန်တာရာက ထမင်းစားခန်းထဲမှာ နေ့လယ်စာ တစ်ယောက်တည်း စားနေတယ်။ အနားမှာ မြေးမလေး ဒေဝီက ဦးလေးအတွက် လိုအပ်တဲ့ ဟင်းနဲ့ ထမင်းကို ဖြည့်ပေးနေတယ်။ ဦးလေးအိပ်တဲ့ အိပ်ခန်းရဲ့ အရှေ့ဘက်က ဧည့်ခန်းလေးထဲမှာ ကျွန်တော်တို့ကို ဧည့်ခံတယ်။ အောင်ဘာလေတို့ မောင်နှမတစ်တွေ ဦးလေးရေးထားတဲ့ ပန်းချီကားတွေကြည့်၊ ဦးလေး စာအုပ်စင်ကို ငေးနေကြ၊ သွားရည်ယိုနေကြတယ်။ ကားနည်းနည်ပဲမူးတဲ့ ရွှေပြည်စိုးတောင်မှ ဦးလေးတို့အိမ်ရောက်မှ လန်းလန်းဆန်းဆန်းရှိနေတာ အံ့စရာပဲ။

            ၂ဝဝ၃ ခု၊ မေလဆန်းက ဦးလေး ဒဂုန်တာရာရဲ့ မွေးနေ့ပွဲကို ဆရာ ညီစေမင်း၊ ကြည်မောင်ခင်၊ ကိုအောင်ကျော်ဆန်း၊ မနှင်းနှင်းအေးတို့နဲ့ သွားခဲ့ဖူးတယ်။ မုံရွာက ဆရာအံ့မောင်နဲ့ မင်းဆွေနှစ် (မုံရွာ) တို့လည်း လာကြတယ်။ အခု ၂ဝဝ၅ ခုနှစ်မှာ တစ်ခေါက်ရောက်ပြန်ပြီ။ ထမင်းစားပြီးတော့ ဦးလေးက ကျွန်တော်တို့ဆီ စကားပြောတယ်။ ဇနီးသည် ဝင်းဝင်း အပါအဝင် ကလေးတွေအားလုံးနဲ့ မိတ်ဆက်ပေးတယ်။ လင်းလင်းမွန်၊ အောင်ဘာလေ၊ ရွှေပြည်စိုးတို့ရဲ့ နာမည်တွေကို ဦးလေး ဒဂုန်တာရာက ခံစားရင်း မှတ်ဖို့ ကြိုးစားနေပုံပဲ။ ရွှေပြည်စိုး နာမည်ကိုတော့ ဝတ္ထုနာမည်ပဲလို့ မှတ်ချက်ချတယ်။ မန္တလေးက ဦးလေးရဲ့ မိတ်ဆွေတွေရဲ့ ကျန်းမာရေးကို တစ်ဦးချင်း မေးနေတယ်။ ဆရာတော် ဦးပညာ (အမရပူရ)၊ အမေ လူထုဒေါ်အမာ၊ ဒေါ်မေရှင်၊ ဒေါက်တာအောင်ကြီးနဲ့ ဒေါ်ဂျူးလီ၊ ဘိုဘိုလန်းစင်တို့ကို ဦးလေးဒဂုန်တာရာက မှတ်မိသတိရနေတယ်။

            ဦးလေးက သူမကြာခင်က လူ အများကြားရအောင် ပြောခဲ့တဲ့ စကားတွေကို ကျွန်တော်ကြားရဲ့လား စူးစမ်းပြီး သူ့ရဲ့ ပြောကြားမှုဟာ ကျွန်တော့်သဘောထားကို မေးနေတယ်။ ကျွန်တော်ကလည်း ကျွန်တော်နားလည် ခံစားသလို ပြန်ပြောရတယ်။ အဲဒီနေ့က အောင်ပန်းဈေးနေ့လေ။ ရှမ်းအမျိုးသားတွေ၊ ပအိုဝ်း အမျိုးသားတွေ ဈေးထဲမှာ အများအပြား တွေ့နေရတယ်။

 

ဦးလေး ဒဂုန်တာရာ ဆရာမ သင်းမြစန္ဒီတို့နဲ့ ဆရာမ သင်းမြစန္ဒီ တည်ခင်းတဲ့ ဟင်းထုပ်နဲ့ အကြော်တွေမှာ သားအမိ သားအဖတစ်တွေ လက်ချင်းဆုံလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြရသေးတယ်။ ဦးလေး ဒဂုန်တာရာရဲ့ 'နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ရတာဗျ' ဆိုတဲ့ စကားတွေ ပြန်ကြားယောင်ရင်း ဟင်းထုပ်ကို တစ်ကိုက်ကိုက်လိုက်တယ်။ ၁၉၁၉ ခု၊ မေလ ၁ဝ ရက်နေ့မှာ ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်းရွာမှာ မွေးဖွားခဲ့တဲ့ ဦးလေးဒဂုန်တာရာဟာ မကြာခင်မှာ ၈၆ နှစ်ပြည့်တော့မယ်။ ဒီနှစ်လည်း ဦးလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ဧပြီ ၂ဝ ရက်နဲ့ မေ ၁ဝ ရက်ဆိုတာ ဘာမှဝေးတာမှ မဟုတ်ဘဲလေ။ 'ရန်သူ မရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ' ဆိုတဲ့ ဦးလေး ဒဂုန်တာရာကို မွေးနေ့ ဆုမွန်တောင်းကြတဲ့ သူတွေထဲမှာ ၂ဝဝ၅ ခုနှစ်အတွက်တော့ ကျွန်တော်တို့ မိသားစုက အစောဆုံးပဲ ဖြစ်မယ်။

            အောင်ပန်းမှာရှိကြတဲ့ မိတ်ဆွေ ကိုဇော်မင်းခိုင်နဲ့ ဦးခင်မောင်အေးတို့ကိုတော့ အပြန်ခရီးကျတော့မှ ဝင်ပြီးနှုတ်ဆက်မယ်လို့။ ကျွန်တော်တို့ တောင်ကြီးကို စောစောရောက်ချင်နေကြပြီ။ တောင်ကြီးမြို့ကို အဆင်းတစ်လမ်း အတက်တစ်လမ်း ဖောက်ထားပြီးမှ ကျွန်တော် ပထမဆုံး တက်လာခဲ့တာပါပဲ။ အတက်လမ်း အကွေ့အကောက်တွေဟာ ကျွန်တော့်အတွက် စွန့်စားခန်းပဲ။ ရှေ့မှာ ဘယ်လိုအကွေ့လဲ၊ လမ်းက ဘယ်နေရာ မတ်စောက်သွားမလဲ၊ တစ်ဖက်က ဘာကားမှ လာစရာ မရှိဘူးဆိုတာ သိပေမယ့် စိတ်ထဲက မယုံရဲဘူး။ ပြီးတော့ အခုလို တက်နေရင်းနဲ့ ဒီထက် မတ်စောက်တဲ့လမ်းနဲ့ ကြုံရမှာလေလား။ အကွေ့တွေ ဒီလောက်များနေရင် ကလေးတွေ ကားမူးကြမှာလေလား။ သာစည်လွန်ကတည်းက နည်းနည်းပြန်ကိုက်လာ၊ အောင့်လာခဲ့တဲ့ ညာလက်မောင်းကလည်း အောင်ပန်းမှာ နားခဲ့ပေမယ့် သိပ်မသက်သာလှဘူး။ အခု တောင်ကြီးအတက်မှာ လက်မောင်းက ပြန်နာလာပြန်ပြီလေ။

            တောင်ကြီးအဝင်မှာ အဝိုင်းတစ်ခုနဲ့ ကြုံတွေ့ရတယ်။ ကျွန်တော် ဘယ်ဘက်ကို လိုက်ရမှန်း မသိဘူး။ အရင်က ဒီအဝိုင်း မရှိဘူး။ ဆောက်လုပ်ပြီးခါစ အဝိုင်း။ အတက်လမ်းဘက်က တစ်ခါမှ မတက်ဖူးတော့ လမ်းမှားခဲ့တယ်။ ဆက်မောင်းရင်းနဲ့ ဘယ်လိုမှ မမှတ်မိတော့ တယ်လီဖုန်း အနီးအဝေး ပြောလို့ရတဲ့ ဆိုင်ကလေး တစ်ဆိုင်ကနေ ကိုတင်ကြည်လှိုင်၊ ဒေါက်တာ နန်းစံပယ်မြင့်ကြူတို့အိမ်ကို ဖုန်းဆက်ရရော။ အောင်ဘာလေဆင်းပြီး ဆက်တာ။ ဆက်တာ နှစ်နေရာကို ဆက်ရတာ။ နောက်တစ်နေရာက သူ့အဘွားဆီကို ဆက်လိုက်တာ။ သူ့အဘွားမာက တောင်ကြီးကို ရောက်ရင် ဖုန်းဆက်ဦးလို့ မှာလိုက်တယ်လေ။ ကျွန်တော်တို့ အနောက်မြို့ပတ်လမ်းကို ရောက်နေတာတဲ့။

            ကိုတင်ကြည်လှိုင်တို့က မြင်းရုပ်ကို လာခဲ့ဖို့ ချိန်းဆိုလို့ မြင်းရုပ်ရှိရာကို မေးမြန်းပြီး မောင်းလာခဲ့တယ်။ မြင်းရုပ်မှာ ဆုံတွေ့ကြပြီးတော့ ရေအေးကွင်း ရပ်ထဲက ကိုတင်ကြည်လှိုင်တို့ ဒေါက်တာ နန်းစံပယ်မြင့်ကြူတို့အိမ်ကို ရောက်တော့တယ်။

            ဒေါက်တာ နန်းစံပယ်မြင့်ကြူဆိုတာ ဦးလေးဦးထွန်းမြင့်၊ ဒေါ်ဒေါ် စဝ်အုန်းကြူတို့ရဲ့ တစ်ဦးတည်းသော သမီးအထွေးဆုံး။ သူက ကျွန်တော့်ထက် အသက်ငယ်တယ်လေ။ သူ့အစ်ကို စိုင်းလိတ်ခ်နဲ့မှ ကျွန်တော်က အသက်အရွယ် မတိမ်းမယိမ်း။ ကျွန်တော်က နည်းနည်းငယ်တယ်။ စိုင်းအောင်သူရိန်၊ စိုင်းလိတ်ခ်၊ နန်းစံပယ်မြင့်ကြူတို့ မောင်နှမတစ်တွေနဲ့က ဟိုးငယ်ငယ်ကတည်းက ခင်မင်ရင်းနှီး ခဲ့ကြသူတွေ။ ဆွေမျိုးထက် ရင်းနှီးကြတယ်ဆိုရင် ပိုမှန်မယ်။ ဦးလေး ဦးထွန်းမြင့် ဆိုတာ ရှမ်းအမျိုးသားတွေကြားမှာ ထင်ရှားတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးပေါ့။ ဦးလေးက ၁၉၉ရ မေ ၁၇ ရက်က ကွယ်လွန်ပြီး ဒေါ်ဒေါ်စဝ်အုန်းကြူကတော့ ၁၉၈၉ ဇွန် ၃ ရက်က ကွယ်လွန်ရှာတယ်။ မကြာခင် ဦးလေး ဦးထွန်းမြင့် အနိစ္စ ရောက်တာ ၈ နှစ်ပြည့်တော့မှာပါလား။

            ဒေါ်ဒေါ် စဝ်အုန်းကြူ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ ဝင်ပြီး အမှုထမ်းရတာလည်း မှတ်မိနေတယ်။ နှစ်အတော်ကြာမှ ဦးလေးက အိမ်ကို ပြန်ရောက်လာတယ်။ ညီညီ (စိုင်းလိတ်ခ်) ကျွန်တော့်ဆီ စာရေးတဲ့အခါ ဦးလေးရဲ့စာရေးပက်နဲ့ ရေးတာမို့ ဦးထွန်းမြင့်ဆိုတဲ့ နာမည်ရဲ့ဘေးမှာ လက်သည်းကွင်း အပိတ်အဖွင့်နဲ့ ကန်ထရိုက်တာလို့ မင်အပြာရောင်နဲ့ ပုံနှိပ်ထားတာ မှတ်မိတယ်။ ကန်ထရိုက်တာ လုပ်ခဲ့ဖူးတဲ့ ဦးလေးလည်း ခရီးဝေးကြီးကနေ အိမ်ပြန်ရောက်တော့ လေးဘီး တက္ကစီဆရာဘဝကို ခံယူပြီး မိသားစုကို ထိန်းကျောင်းခဲ့တယ်။ ဦးလေးက မဂ္ဂဇင်းတွေမှာ ဆောင်းပါးရေးဖူးတယ်။ စန္ဒာမဂ္ဂဇင်းလို့ ထင်တယ်။

            ဒေါ်ဒေါ်စဝ်အုန်းကြူက နှစ်စဉ် စက်တင်ဘာ ၃ဝ ရောက်ရင် တောင်ကြီးကနေ သဇင်ပန်းတွေ ပို့ပေးတယ်။ နှစ်စဉ်မှ တစ်နှစ် မပျက်ဘူး။ ဒေါ်ဒေါ် ဆုံးပါးသွားတော့ ဒီအမွေကို သမီးဖြစ်သူ ဒေါက်တာ နန်းစံပယ်မြင့်ကြူက ဆက်ခံတယ်။ ကျွန်တော်တို့ကမှ အဲဒီနေ့ကို မေ့နေတတ်သေးတယ်။ သူတို့မိသားစုကတော့ မမေ့ကြဘူး။ ဒီသဇင်ပန်းတွေဟာ မိသားစုနှစ်စုတို့ရဲ့ သံယောဇဉ်ကြိုးကို ပိုပြီး ခိုင်မာစေခဲ့တယ်။ စိုင်းအောင်သူရိန်၊ စိုင်းလိတ်ခ်၊ နန်းစံပယ်မြင့်ကြူတို့ဆိုတဲ့ နာမည်က စာထဲမှာ ရေးလို့ သုံးနှုန်းလိုက်ရတဲ့ နာမည်တွေလေ။ တကယ်တမ်း ကျွန်တော်တို့ချင်း ခေါ်ပြောဆက်ဆံတော့ ကိုတူး၊ ညီညီ၊ မီးမီးရယ်လို့ သူတို့မိဘတွေ ခေါ်ဝေါ်သလို ခေါ်ဝေါ်သုံးနှုန်းခဲ့ကြတာပါ။ အဲဒီလို ခေါ်ဝေါ်ရတာ ပိုပြီး အရသာရှိတယ်။ ပိုပြီးရင်းနှီးတယ်။ ကိုတူးက သူတို့မိသားစုနဲ့အတူ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ မန္တလေးလာနေကျပေါ့။ ကျွန်တော်တို့ အိမ်မှာပဲ တိုးဝှေ့ အိပ်သွားကြတာလေ။

            ကျွန်တော်တို့ သားသမီးတွေနဲ့ မီးမီးတို့ ကလေးတွေနဲ့ အသက်အရွယ်တွေက မတိမ်းမယိမ်းတွေ။ ကလေးတွေချင်းလည်း ရင်းနှီးခင်မင်ကြတယ်။ သူတို့ တစ်တွေလည်း မန္တလေး လာလည်တတ်သလို လင်းလင်းမွန်နဲ့ အောင်ဘာလေတို့လည်း တောင်ကြီးကို ငယ်ငယ်က ခဏခဏ ရောက်ဖူးကြတယ်။ မန္တလေးသား အောင်ဘာလေက တောင်ကြီးမှာ စက်ဘီးအစီး သင်ခဲ့ဖူးသတဲ့။ သမီးကြီး တင်းတင်းရဲ့ နာမည်က ရတနာလှိုင်တဲ့။ သူက လင်းလင်းမွန်နဲ့ အသက်အရွယ် မတိမ်းမယိမ်း။ သားကြီး တီးတီးနာမည်က တင်စိုးလှိုင်တဲ့။ သူက အောင်ဘာလေနဲ့ ရွယ်တူ။ အသက်အငယ်ဆုံးသား ရှောက်တီတီးနာမည်က တင်မြင့်လှိုင်တဲ့။ သူက ရွှေပြည်စိုးထက် တစ်နှစ်ငယ်တယ်။

            တောင်ကြီးရောက်ခိုက် ကျွန်တော်တို့ မိသားစုအဖို့ ကိုတင်ကြည်လှိုင်တို့၊ ဒေါက်တာ နန်းစံပယ်မြင့်ကြူတို့အိမ်မှာ မတည်းခိုလို့ ဒိပြင်ဒိထက် ကိုယ့်အိမ်နဲ့ တူတဲ့အိမ် တောင်ကြီးမှာ မရှိတော့ဘူး။

            တောင်ကြီးမှာ ဦးဘမြင့်၊ ဒေါ်ဝင်းမြ မိသားစုရှိတယ်။ ကျွန်တော်တို့ ရောက်တဲ့နေညမှာကိုပဲ ကိုဘမြင့်-မမဝင်းမြတို့ကို သွားပြီး နှုတ်ဆက်ကြတယ်။ မမဝင်းမြက ကျွန်တော်တို့ အဖေရဲ့ တူမတော်စပ်တဲ့ အစ်မ။ မမပဲလို့လည်း ခေါ်တယ်။ သူတို့အိမ်နဲ့ နန်းစံပယ်မြင့်ကြူတို့အိမ်က သိပ်မဝေးဘူး။ ကျွန်တော်တို့ သွားနှုတ်ဆက်ကြတဲ့အချိန်မှာ ကိုကိုဘမြင့်တို့ မိသားစုဝင်အားလုံး စုံစုံညီညီ ရှိနေကြတယ်။ သားကြီး အောင်အောင်(အောင်သူမြင့်)ရော မီးငယ်လေး (နုယဉ်မြင့်) ပါ အိမ်မှာ ရှိနေကြတယ်။ ကိုကိုဘမြင့်က ဥပဒေရေးရာဘက်က ပြည်နယ်ဦးစီးမှူး အဆင့် အငြိမ်းစားအရာရှိတစ်ဦး။ အောင်အောင်က အိမ်မှာ စီးပွားရေးကို ဦးဆောင်နေသူ။ မီးငယ်လေးက မန္တလေးမှာ ကွန်ပျူတာတက္ကသိုလ်ကို ဂုဏ်ထူးတန်း တက်နေတဲ့ ကျောင်းသူ။

            မမပဲတို့ အောင်အောင်တို့ မိသားစုက မုန့်တွေ ကော်ဖီတွေနဲ့ ဧည့်ခံပေမယ့် သားနဲ့ သမီးတို့ကတော့ 'နီမို' ဆိုတဲ့ ခွေးပုလေးကို စိတ်ဝင်စားနေကြတယ်။ သူတို့အိမ်ဟာ နန်းစံပယ်မြင့်ကြူတို့အိမ်လိုပဲ ခွေးတွေအများကြီး မွေးထားတဲ့အိမ်။ အောင်အောင်တို့မွေးထားတဲ့ ခွေးတွေအားလုံး အိမ်အပြင်မှာ နေကြရတယ်။ 'နီမို' ဆိုတဲ့ ခွေးပုလေးပဲ တစ်အိမ်လုံးရဲ့ အချစ်တော်အဖြစ် အိမ်ထဲမှာပဲ နေရတယ်။

            အမှန်တော့ နီမိုဟာ အောင်အောင်တို့အိမ်ရဲ့ ငယ်မွေးခြံပေါက် မဟုတ်ဘူး။ သူတို့သားချင်းတစ်ယောက်ရဲ့ခွေး။ ပြောင်းသွားတော့ မသယ်နိုင်လို့ ထားခဲ့ရတဲ့ အစွန့်ပစ်ခံ ခွေးကလေးတစ်ကောင်ပေါ့။ ဒီပြင်ခွေးတွေလည်း တပည့်တွေ သူငယ်ချင်းတွေ ပြောင်းသွားတဲ့အခါ ထားပစ် စွန့်ပစ်ခဲ့တဲ့ ခွေးတွေပေါ့။ အောင်အောင်တို့ အိမ်ရောက်တော့မှ မှိုင်တွေကျနေရှာတာပေါ့။ နှစ်ရက်သုံးရက်လောက်ပဲ သူခံနိုင်ရည်ရှိတယ်။ နောက်တော့လည်း အောင်အောင်တို့အိမ်မှာရှိတဲ့ ဒီပြင်ခွေးတွေနဲ့ တန်းတူ စားနိုင်သောက်နိုင်သွားသတဲ့။ လူနဲ့ အနေများတော့ ဒီခွေးလေးက လူ စကားကို တော်တော် နားလည်နေတယ်။

            ဒီကောင်က တစ်ရှူးဘူးတောင်မှ ကြမ်းပေါ်ချပြီး တစ်ရွက်စီထုတ် စုတ်ဖြဲတတ်ပေမယ့် သူ့ရဲ့ကစားဖော် ဝက်ဝံရုပ်ကလေးကိုတော့ ကစားရုံပဲ ကစားတယ်။ စုတ်ပြဲအောင် မကစားဘူး။ ပြီးတော့ 'ဟေ့ကောင် အိမ်ထဲမှာ သေးပေါက်တဲ့ အကောင်၊ ချေးပါတဲ့ အကောင်နော်' လို့ သူ့ကိုကြည့်ပြီး ငေါက်ဆတ်ဆတ် ပြောလိုက်ရင် သူက နီးစပ်ရာစားပွဲ၊ ကုလားထိုင်အောက်ဝင်ပြီး ဝပ်ပုန်းနေ တတ်တယ်။ ကြောက်ဟန်ဆောင်နေတာလေ။ အဲဒါကို သားနဲ့သမီးတို့က သဘောကျနေကြတာ။ အောင်အောင်တို့ မီးငယ်တို့ရဲ့အသံမှ မဟုတ်ဘူး။ အောင်ဘာလေတို့ ရွှေပြည်စိုးတို့ကပါ အိမ်ထဲမှာ သေးပေါက်တဲ့ အကောင်၊ ချေးပါတဲ့အကောင်လို့ ဆိုလိုက်ရင် နီမို ခမျာ ပုန်းနေရှာတယ်။

            ကျွန်တော်တို့ ရောက်ကြတဲ့ ၁၉ ဧပြီ ၂ဝဝ၅ ညနေမှာ တောင်ကြီးမှာ မိုးတွေရွာတယ်။ တောင်ကြီးမှာ နွေဥတု ရှာမတွေ့ခဲ့ဘူး။ ကဗျာဆရာတွေကတော့ နွေဥတု မိုးခေါင်နေတယ်လို့ ဆိုကြလေမလား။ နွေရာသီဟာ တောင်ကြီးပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ကို ဆင်းသွားပြီလို့ စာဖွဲ့ကြလေမှာလား။  မိုးကျတာ စောလို့ ဖွားဖက်တော်ပန်းတွေ အပွင့်နည်းခဲ့တယ်လို့ ကိုတင်ကြည်လှိုင်က ပြောတယ်။ အအေးဓာတ်ကို သဘောကျတဲ့ ကျွန်တော်ကတော့ မန္တလေး လာကတည်းက အနွေးထည် မယူခဲ့ဘူး။ တောင်ကြီးတက္ကသိုလ်နဲ့ စူဠာမဏိဘုရားကို အောင်အောင် လိုက်ပို့ချိန်မှာ အအေးဓာတ်က တော်တော် အားကောင်းနေပြီ။ မီးမှိန်မှိန်အောက်က တက္ကသိုလ်ကျောင်းဝင်းနဲ့ ဘော်ဒါဆောင်တွေရှိတဲ့ အနောက်မြို့ပတ်လမ်းဆုံကနေ ကွေ့ပြီး ဘုရားရင်ပြင်ဆီကို အောင်အောင်က မောင်းပို့တယ်။ ဘုရားရင်ပြင်က ကြွေပြားတွေပေါ်မှာ မိုးရေတွေ စိုစွတ်နေတယ်။ ဘုရားကုန်းမြင့်ကနေ တောင်ကြီးမြို့ တစ်စိတ်တစ်ဒေသကို ပြိုးပြိုးပြက်ပြက် မီးရောင်တွေကြားမှာ လှမ်းမြင်နေတယ်။ အေးမြတဲ့လေကတော့ ကျွန်တော်တို့အနား ဆော့ကစားနေတယ်။ ဝင်းဝင်းက ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ တောင်ချွန်းတို့၊ ရပ်တော်မူတို့၊ လွမ်းစေတီတို့ကို ဘယ်နားဆီမှာ ရှိသလဲလို့ အောင်အောင့်ကို မေးနေတယ်။

            အဲဒီညက ဂွမ်းစောင်ခြုံပြီး အိပ်ရတဲ့ည။ အိပ်ရာအပြောင်းအလဲကြောင့် အိပ်မပျော်ဘူးရယ်လို့ ဘယ်တော့မှ မရှိတဲ့ ကျွန်တော့်ဆီက ဟောက်သံ အရင်ဆုံးထွက်တာတဲ့။

            ညက စောစောအိပ်ရာဝင်ခဲ့လေ တော့ ၂ဝ ရက်မနက် ၆ နာရီမှာ ကျွန်တော်အိပ်ရေးဝနေပြီ။ ဝင်းဝင်းကိုနှိုးပြီး တောင်ကြီးမြို့ရဲ့ မနက်စောစောမှာ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ ညတုန်းက မိုးသည်းသည်းရွာထားတာကြောင့် လမ်းမှာ စိန်ပန်းပြာပွင့်တွေ ကြွေနေတယ်။ အပြာရောင် စိန်ပန်းပွင့် ကော်ဇောပေါ်မှာ ခြေချရမှာ အားနာနေမိတယ်။ အအေးဓာတ်က အပြည့်။မန္တလေးနဲ့ တောင်ကြီးဟာ ရာသီဥတု အတော်ကွာခြားလှပါကလား။ ဒေါက်တာနန်းစံပယ်မြင့်ကြူတို့ အိမ်ကနေ တောင်ဘက်ကို လမ်းလျှောက် ထွက်လာခဲ့တယ်။ ရေအေးကွင်း ရပ်ကွက်၊ သစ်တောရပ်ကွက်တို့က စောင်ခြုံထဲမှာ ကွေးနေကြတုန်းထင်ပါရဲ့။ လမ်းပေါ်မှာ လူသူရှင်းနေတယ်။ ဟင်းသီးဟင်းရွက်ဈေးက ဈေးဝယ်ပြန် လာကြသူတချို့ရဲ့ မော်တော်ဆိုင်ကယ် တချို့တော့ အရှိန်ပြင်းပြင်းနဲ့ စီးသွားနေတယ်။

            တောင်ကြီးမြို့မှာ မော်တော်ဆိုင်ကယ်တွေ ဥဒဟို စီးနေကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ဆိုင်ကယ်စီး ခမောက်ဆောင်းတဲ့လူက နည်းနေတယ်။ လှချင်ပချင်လို့ ဆိုင်ကယ်စီး ခမောက်ကို မဆောင်းချင်ကြတာလား။ ကျွန်တော့်ရဲ့ ဦးခေါင်းကို ဆိုင်ကယ်စီး ခမောက်က ကယ်တင်ထားဖူးတော့ ကျွန်တော်က ခမောက်ကို မမေ့လျော့ဘူး။ ပြီးတော့ ဆိုင်ကယ်စီး ခမောက် မဆောင်းလို့ ရိုက်မယ့်ဒဏ်လည်း မပေးဆောင်ချင်ဘူး။ ဒီတော့ ဘယ်အချိန်ဖြစ်ဖြစ် ဆိုင်ကယ်ပေါ်မှာ ကားယားခွမိရင် ခမောက်ပါစမြဲ။ တောင်ကြီးမှာတော့ ယာဉ်ထိန်းက စစ်ဆေးတတ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာပဲ ဆိုင်ကယ် ခမောက်ကို သတိထားဆောင်းကြတယ်တဲ့။ ရှောင်တခင် ရုတ်တရက် စစ်ဆေးတာကို Surprise Check ဆာပရိုက်စ်ချက်လို့ ခေါ်ကြရာက အခုတော့ ဆပ္ပလိုင်းချက်လို့ အလွယ်ခေါ်နေကြတယ်။

            တောင်ကြီးဧပြီဟာ မန္တလေး ဆောင်းမနက်နဲ့ ဆင်ဆင်တူတယ်။ ကျွန်တော်တို့ ရေဒီယိုကို ဖွင့်နားထောင်ရင်း လျှောက်လာလိုက်ကြတာ စာရေးဆရာမ မခင်လေးတို့ အိမ်ရှေ့ရောက်တော့ လှမ်းကြည့်တဲ့အခါ အခုလက်ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အိပ်ရာက နိုးကြသေးဟန် မတူဘူး။ ညတုန်းကတည်းက ထွန်းထားတဲ့ လျှပ်စစ်မီးတွေ မမှိတ်ရသေးဘူး။ ၁၉၅ဝ ခုနှစ်ဆီက ခေတ်စားခဲ့တဲ့ စတူဒီဘေကာလို အပြာရောင် ကားဟောင်းကြီးတစ်စင်း ခြံထဲမှာ ရပ်ထားတာ လှမ်းမြင်ခဲ့ရတယ်။ ဒေါ်ဒေါ်စဝ်အုန်းကြူ တရားသွားအားထုတ်လေ့ရှိတဲ့ မိုးကုတ်ဝိပဿနာရိပ်သာနား ရောက်တော့ ကျွန်တော်တို့ လှည့်ပြီး ပြန်ခဲ့ကြတယ်။

            ဒီနေ့ အစီအစဉ်က မွေတော်ကက္ကူဘုရားကို သွားဖူးကြမယ်လို့ အောင်အောင်က တောင်ကြီးကနေ ၂၆ မိုင်ဝေးတဲ့ မွေတော်ကက္ကူဘုရားကို သူ့ဗင်ကား အဖြူလေးနဲ့ လိုက်ပို့တယ်။ မနေ့ညက ရောက်ခဲ့တဲ့ အနောက်မြို့ ပတ်လမ်းကနေ သွားကြရတာပါ။ တက္ကသိုလ် အဆောင်တို့ရဲ့ ထုံးစံအတိုင်း နာမည်လှလှလေးတွေ မှည့်ခေါ်ထားတဲ့ အဆောင်လေးတွေကို ကျော်ဖြတ်ခဲ့တော့ ပွဲရုံအသစ်တွေကို တွေ့ခဲ့ရပါတယ်။ အရင်ကထက် မြေနေရာတွေ တန်ဖိုးခုန်မြင့်တက်လာတဲ့ ပွဲရုံကွက် သစ်ကို အောင်အောင်က ညွှန်ပြတယ်။ ပွဲရုံကွက်သစ်လေးရဲ့ မူလနာမည်က 'ဂနိုင်ရွေး'ရွာလို့ ခေါ်တယ်။ အခုအခါမှာတော့ ဂနိုင်ရွာလေးဟာ တောင်ကြီး စည်ပင်သာယာနယ်နိမိတ်ထဲမှာ ပါဝင်သွားပြီ။ ဂနိုင်ရွေးရွာနဲ့ တောင်ကြီးမြို့စပ်မှာ အကောက်တဲလေးတစ်လုံးရှိတယ်။ သီနှံတွေ တင်လာတဲ့ကားတွေ၊ ထော်လာဂျီတွေကို စည်းကြပ်တဲ့ တဲကလေးပေါ့။ တချို့ကလည်း မပီမသနဲ့ ဆီးကြပ်တဲလို့ ခေါ်ကြတယ်။ အဲဒီ တဲလေးရဲ့အလွန်မို့ တစ်ဖက်မှာ ပွဲရုံလုပ်ငန်း ထွန်းကားလာတာ သဘာဝကျပါတယ်။

            မြို့ပြင်ရောက်တော့ လမ်းက သိပ်မကျယ်တော့ဘူး။ ကားနှစ်စင်း ရှောင်ရင် ညာဘက်ဘီးတွေ ကတ္တရာလမ်း နံဘေးချပြီး ရှောင်ပေးကြရတယ်။ လမ်းကတော့ ဖြောင့်တာနည်းနည်း ကွေ့ကွေ့ကွေးကွေးတွေ များတယ်။ လမ်းနံဘေးမှာရှိကြတဲ့ အိမ်တွေ တိုက်တွေက သပ်သပ်ရပ်ရပ် ရှိလှတယ်။ တိုက်၊ တိုက်ခံအိမ်လေး တွေလည်း ရှိတယ်။ ဖြုန်းကျောက်ကို လက်ရိုက်အုတ် လုပ်ထားတဲ့ တိုက်တွေပေါ့။ တချို့တိုက်တွေက မှန်ပြတင်းတွေ တပ်ထားတယ်။

            တောင်ကြီးဘက်ကို လာနေကြတဲ့ကားတွေကတော့ ဟိုင်းလတ်ကားတွေများတယ်။ အဖြူရောင်တွေက အများစု။ ထော်လာဂျီတွေကိုလည်း ရှောင်ရတယ်။ နောက် အတွေ့ရများတာတော့ လိုက်ထရပ်လို့ ခေါ်ကြတဲ့ ကုန်တင်ယာဉ် အငယ်စားတွေနဲ့ ဆုံရတတ်တယ်။ ကားလမ်းနံဘေးကို ချလို့ ကောင်းမယ့်နေရာ ရောက်နှင့်တဲ့ကားက ကားဘီးကိုချပြီး တစ်ဖက်ကားကို ဦးစားပေးတတ်ကြတယ်။ တစ်ဖက်က လာတဲ့ကားတွေမှာ ခရီးသည်တွေ၊ ကုန်တွေ ပါတာချည်းပဲ။ ကြက်သွန်ဖြူပေါ်တဲ့ ရာသီမို့ ရွာထဲက အိမ်ရှေ့တလင်းမှာရော၊ ကားတွေပေါ်မှာပါ ကြက်သွန်ဖြူတွေချည်းပဲ။

            လမ်းတစ်နေရာမှာတော့ ဟိုင်းလပ် ဖိုးဘိုင်ဖိုးတစ်စင်း ရှေ့မီးတွေ ထွန်းမောင်းလာလို့ အောင်အောင်က သူ့ဗင်ကားလေးကို လမ်းနံဘေး အသာချရပ် ပေးလိုက်တယ်။ သနပ်ဖက်တွေကို အိမ်ဝင်းထဲမှာ စိုက်သူက စိုက်ထားတယ်။ ရွာတွေမှာ အိမ်ခြံဝိုင်းတွေက ကျယ်ကျယ် အဆောက်အအုံက သစ်သစ်လွင်လွင်တွေ များတယ်။ ကြက်သွန်ဖြူ ရွေးသူရွေး၊ တချို့ကလည်း ကြက်သွန်ဖြူ အစည်းတွေ စည်းနေကြတယ်။ စိန်နားပန်းခြုံတွေပေါ်မှာ စိန်နားပန်းပွင့် နီတာရဲလေးတွေက လေတိုက်တိုင်း တငြိမ့်ငြိမ့် လှုပ်နေကြတယ်။

            လမ်းမှာ ရှောင်ရတိမ်းရတဲ့အထဲမှာ မော်တော်ဆိုင်ကယ်တွေ၊ ထွန်စက်တွေလည်း ပါတယ်။ မော်တော်ဆိုင်ကယ်စီးကြသူ အများစုက ဆိုင်ကယ်စီး ခမောက်ဆောင်းမထားကြဘူး။ ကက္ကူရွာမှာ ဘူတာရုံကလေးတစ်ခု တွေ့ရတယ်။ ကက္ကူဘူတာပေါ့။ တစ်နေ့ကို အသွားတစ်စင်း အပြန်တစ်စင်းရပ်တဲ့ ဘူတာရုံကလေး။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်ဟာ ရထားဆိုက်ချိန်နဲ့ ဝေးနေတဲ့အချိန် ထင်ပါရဲ့၊ ဘူတာရုံမှာ လူရှင်းနေတယ်။

            အောင်ပန်း၊ ကလော၊ တောင်ကြီးဒေသကို ရောက်ခဲ့ဖူးပေမယ့် မွေတော်ကက္ကူကို အခုမှပဲ ရောက်ဖူးတယ်။ ဘုရားဝင်းက အကျယ်ကြီး၊ ဒါကိုပဲ ဂေါပကအဖွဲ့က သန့်ရှင်းသပ်ရပ်အောင် စီစဉ်ထားလို့ မြင်ကွင်းမှာ ထူးခြားနေတယ်။ ဘုရားပတ်ဝန်းကျင် ညောင်ပင်ကြီးတွေ ရှိတယ်။ ဘုရားဖူးတွေအတွက် ဈေးဆိုင်တန်းလေးရှိတယ်။ ဒေသဖြစ် ဖယောင်းတိုင်မီး ပူဇော်စရာနဲ့ ရွှေဆိုင်းရွှေပြား ရောင်းတဲ့ဆိုင်တွေ တန်းစီနေကြတယ်။ ခပ်လှမ်းလှမ်းမှာ တစ်ယောက်ကို ၂ဝ ကျပ်စီပေးရတဲ့ ကိုယ်လက်သုတ်သင်ခန်းတွေ တန်းစီထားတယ်။ စားသောက်ဆိုင်တွေကလည်း တဲတန်းရှည်ကြီးအဖြစ်နဲ့ တည်ရှိတယ်။ ကြက်သွန်ဖြူ၊ ပဲပုပ်၊ လက်ဖက်ခြောက်၊ မှိုစတဲ့ ဒေသထွက်ကုန် ရာသီကုန်ရောင်းကြတဲ့ ဈေးသည်လေးတွေကတော့ အရိပ်ကောင်းတဲ့ ညောင်ပင်ကြီးတွေအောက်မှာ ဆာလာအိတ် လေးတွေခင်း၊ ပလိုင်းတွေချပြီး ပအိုဝ်းသံဝဲဝဲနဲ့ ဈေးရောင်းနေကြတယ်။ ကွမ်းတွေ စားထားတဲ့ သူတို့သွားတွေပေါ်အောင် ပြုံးနေကြတယ်။ ခဏနေတော့ မှန်လုံ ဘတ်စ်ကားကြီးတစ်စင်း ထိုးဆိုက်လာတယ်။ မှန်လုံဘတ်စ်ကို ခပ်လှမ်းလှမ်းမှာ မြင်ကတည်းက မဝယ်ဘဲနဲ့ ဈေးလျှောက်စုံစမ်းနေတဲ့ ဈေးဝယ်တချို့ကို မပစ်ပယ်ဘဲ ဈေးတည့်အောင် ရောင်းနေကြတယ်လေ။

            ဘုရားထဲကို ဝင်ရတဲ့ စင်္ကြံလမ်းလေးက သန့်ရှင်းနေတယ်။ ဘုရားအို ဘုရားဟောင်းကို ပြုပြင်ကြတဲ့ ဘုရားဒကာ ဒကာမအသစ်တို့ရဲ့ နာမည်တွေကို စကျင်ကျောက်ဖြူပြားပေါ်မှာ သစ်သစ်လွင်လွင် တွေ့နေရတယ်။ တောင်ကြီးတစ်ဝိုက်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်ကြတယ်။ စင်ကာပူ ဆရာတော်နဲ့ တပည့်သာဝကတွေရဲ့ ကုသိုလ်တွေလည်း တွေ့နေရတယ်။

            ကျွန်တော်တို့ထက် အရင်ရောက်နှင့်နေတဲ့ ပအိုဝ်းတိုင်းရင်းသူတွေကတော့ ဘုရားမှာ ရိုးရာနဲ့အညီ သစ်သီးဆွမ်းတော် ကပ်နေကြတယ်။ ဖရဲသီး၊ သခွားသီး၊ ငှက်ပျောသီး၊ နိုင်လွန်ဝေ ဖာရောင်စုံစတဲ့ စားစရာများ ပန်းကန်ပြားတစ်ချပ်မှာ ကြည်ညိုဖွယ် တင်လှူပြီး ဘုရားရှိခိုး ဆုတောင်းနေကြတယ်။ သောက်တော် ရေလည်း ပါတယ်။ ပလိုင်းထဲမှာတော့ ဒိပြင်မုခ်ပေါက်မှာရှိတဲ့ ဘုရားအဆူဆူအတွက် ဖရဲသီး၊ သခွားသီး၊ ငှက်ပျောသီးတွေ ကျန်သေးတယ်။

            အပေါ်က ယူနီဖောင်းဝတ်ထားပြီး လက်မောင်းမှာ ပီအင်အိုတံဆိပ်တပ်ထားတဲ့ ပအိုဝ်းရဲဘော်လေးတွေက အောက်မှာတော့ ပုဆိုးတွေစည်းလို့ ဒီဘုရားကို စောင့်ရှောက်နေကြတယ်။

            ကျွန်တော်နဲ့ သက်တူရွယ်တူ လောက်ရှိတဲ့ ပအိုဝ်းအမျိုးသမီးတစ်ယောက်ကို မိတ်ဆွေဖွဲ့ စကားပြော ကြည့်တယ်။ သူ့နာမည်ကို မေးတော့ ဒေါ်နန်းပိုအော့။ အမှန်တော့ နာမည်ရင်းက 'ဒေါ်နန်းပို'ပါ။ 'အော့'က 'ဟုတ်ကဲ့' 'ရှင့်' လို့ ပြောလိုက်တာပါ။ ကျွန်တော် နာမည် အပြည့်အစုံက 'ဒေါ်နန်းပိုအော့' လို့ ထင်နေတာ။ ကျွန်တော် အမှတ်မှားမှာစိုးလို့ အောင်အောင်က ဝင်ပြီး ရှင်းပြတယ်။ အဲဒီအခါ နေလောင်ထားလို့ ကြေးနီရောင်ဖြစ်နေတဲ့ ဒေါ်နန်းပိုက သူ့ရဲ့သွားဖြူဖြူတွေပေါ်အောင် ပြုံးရင်း ဟုတ်တယ်လို့ တစ်ခွန်း ဝင်ပြောတယ်။ နောင်ခါးရွာသူတဲ့။ တောင်သူလည်း လုပ်တယ်။ စက်ချုပ်လုပ်ငန်းလည်း လုပ်သတဲ့။ ကြက်သွန်ဖြူ၊ မြေပဲ၊ ပဲစင်းငုံ၊ ပဲပုပ်တွေ စိုက်သတဲ့။ ဂျုံက ဒီဘက်ဒေသမှာ နည်းနည်းပဲ စိုက်တာတဲ့လေ။ အင်္ကျီချုပ်ခတွေကတော့ ချုပ်ချင်တဲ့ပုံစံပေါ်မှာ လိုက်ပြီး နှုန်းတွေ အမျိုးမျိုးပဲတဲ့။ တစ်ထည် ၁ဝဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ကနေ ၅ဝဝဝ ကျပ်အထိ ယူသတဲ့။ သူ့ခါးမှာ ဝတ်ထားတဲ့ ပအိုဝ်းဝတ်စုံဆိုရင် ချုပ်ခ ၂၁ဝဝ ကျပ်ပေးမှ ချုပ်ပေး နိုင်မယ်တဲ့။

ဆက်လက်ဖော်ပြပါမည်

ညီပုလေး

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။