ရွှေသုတ‌

ချက်ကော့ဗ်၏ သေနတ်ကိစ္စ

မြင့်သန်း

01 January 2026
ချက်ကော့ဗ်၏ သေနတ်ကိစ္စ
Share to

            အန်တွန်ချက်ကော့ဗ်၏ သေနတ်အကြောင်းကို ဆွေးနွေးလိုပါသည်။ မြန်မာစာပေရေးသား ဖော်ထုတ်မှုများအား ပြန်လည်လေ့လာတင်ပြကြသောအပိုင်းတွင် ကိုးကားလေ့ရှိသည်ကို တွေ့ရ တတ်ပါသည်။ များမကြာမီက အယ်ဒီတာ ဦးဝင်းငြိမ်း ဒါနပြုလိုက်သော ၂ဝဝ၆ ဇန်နဝါရီလ ထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် မာန်(တောင်လုံးပြန်)၏ 'ရွှေအသစ် ဝတ္ထုတိုဝေဖန်ဆွေးနွေးချက်' ၌ ချက်ကော့ဗ်၏ သေနတ်ကို ကိုးကားထားသည်ကို ဖတ်ရပြန်သည်။ ကျွန်တော် ဆွေးနွေးလိုသည်မှာ မာန်(တောင်လုံးပြန်) ကိုးထားသော ချက်ကော့ဗ်၏ အဆိုကိုသာမက မာန် (တောင်လုံးပြန်)၏ အဆိုနှင့်  'ဒါပေမယ့် ကျေနပ်တယ်' ဝတ္ထုတိုအပေါ် ချမှတ်ထားသော မာန်(တောင်လုံးပြန်)၏ ပုဂ္ဂလိကသိမှု အခြေခံကောက်ချက်များကိုလည်း ဆွေးနွေးလိုပါသည်။

            ရှေးဦးစွာ မာန်(တောင်လုံးပြန်)၏ ရေးသားချက်ကို လေ့လာကြည့်ကြစေလိုသည်။

            ရုရှားစာရေးဆရာကြီး ချက်ကော့ဗ်က ပြောသည်။ ဝတ္ထုအစမှာ နံရံမှာ သေနတ်တစ်လက် ချိတ်ထားတယ်လို့ ဖော်ပြထားရင် ဝတ္ထုဆုံးတာနဲ့ တစ်ပြိုင်နက်တည်း အဲဒီသေနတ်ကို ပစ်ပြီးတော့ ဆုံးရမှာတဲ့။ အဲဒီသဘောပါပဲ။ (စာ၊ ၁၁၃)

            ဤအကိုးအကားပြုမှုကို သဘောပေါက်စေရန်ရှေ့တွင် ရေးသားထားသော စာအဆက်ကို ဖတ်ကြည့်ရန် လိုအပ်နေသည်။ ၎င်းမှာ ဝတ္ထုတိုမှာ အစနဲ့အဆုံး အရေးကြီးပါတယ်။ ပြေးပွဲ ပြိုင်ပွဲတွေမှာလို တာထွက်ကောင်းဖို့ အရေးကြီးသလို ပန်းဝင်ကောင်းဖို့လည်း ပိုအရေးကြီးပါတယ်။ (စာ၊၁၁၃) ဟု ရေးသားထားခဲ့သည် ဖြစ်ရာ မာန်(တောင်လုံးပြန်)၏ ချက်ကော့ဗ်အားကိုးဖြင့်ပြဆို လိုရင်းမှာ 'ဝတ္ထုတိုမှာ အစနဲ့အဆုံး အရေးကြီးပါတယ်။ တာထွက်ကောင်းဖို့ အရေးကြီးသလို ပန်းဝင်ကောင်းဖို့လည်း ပိုအရေးကြီးပါတယ်' ဟူသော သဘောဖြစ်သည်။ သို့ဖြစ်ရကား ချက်ကော့ဗ်၏ မူရင်း အဆိုများကို ရှေ့ဦးစွာ ပြန်လည်လေ့လာကြည့်ရန် လိုအပ်နေပါသည်။

            ၁၈၈၉ ခုနှစ်တွင် ဂရုဇင်း စကီးထံပေးစာ၌ စင်တင်ပြဇာတ်၏ ပြကွက်တစ်ခုတွင် ကျည်အသင့်ထိုးပြီးသော သေနတ်တစ်လက်ကို ပြသထားခဲ့သည်ရှိသော် 'အကယ်၍ ပရိသတ်အနေဖြင့် ထိုသေနတ်ကို ပစ်လိမ့်မည်ဟု မထင်ခဲ့လေလျှင် သေနတ်ကို ပြမထားသင့်' "One must not put a loaded rifle on the stage if no one is thinking of firing it" ဟု ဆိုခဲ့သည်။ ဆိုလိုသည်မှာ ပရိသတ်အနေဖြင့် ထို(ပြသ ထားသော) သေနတ်ဖြင့် ပစ်မည် (သို့မဟုတ်၊ တစ်ခုခုလုပ်မည်)ဟု ထင်လာအောင် မပြနိုင်ဘဲလျက် သေနတ်ကို ပြသထားခြင်းမှာ အချည်းအနှီးသာ ဖြစ်သည်ဟူသောသဘော ဖြစ်သည်။ ၁၉ဝ၄ ခုနှစ်တွင် ပုံနှိပ်ဖော်ပြသော အရေးအသား (မူ)တစ်ခု (Reminiscences of Chekhov) တွင်သော် 'အကယ်၍ ပထမပြကွက်တွင် နံရံပေါ်၌ သေနတ်တစ်လက်ကို ချိတ်ဆွဲ ပြသထားခဲ့သော် နောက်ထပ်ဆက်လျက် ပြသသောပြကွက်တွင် ပစ်ရပေလိမ့်မည်။ သို့မဟုတ်ပါက (သေနတ်ကို) ပြသမထားလေနှင့်' " If in the first act you have hung a pistol on the wall, then in the following one it should be fired. Otherwise don't put it there." ဟု ဆိုခဲ့ကြောင်း တွေ့ရသည်။ ရှချူစကင်၏ ၁၉၁၁ ထုတ်မှတ်တမ်းတွင်သော် 'ပထမအခန်းတွင် နံရံပေါ်၌ သေနတ်တစ်လက်ကို ချိတ်ဆွဲပြသထားခဲ့လျှင်၊ ဒုတိယအခန်း၊ တတိယအခန်း (တစ်ခုခု)တွင် ထိုသေနတ်ကို ပစ်ရပေမည်။ ပစ်မည်ဟု လက်ခံမထားသော် ချိတ်ပြထားရန် မလို' "If you say in the first chapter that there is a rifle hanging on the wall, in the second or third chapter it absolutely must go off. If it's not going to be fired, it shouldn't be hanging there." ဟု ဆိုသည်။ ချက်ကော့ဗ်မှာ စင်တင်ပြဇာတ် ရေးသားသူလည်း ဖြစ်သဖြင့် သူ၏အဓိက ဆိုလိုရင်းမှာ ပြဇာတ်အပိုင်းတွင် ဖြစ်သည်။ သို့ရာတွင် အရေးအသား အခြေခံပြဇာတ်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်သဖြင့် သူ၏အဆိုများကို စာပေအရေးအသားတွင် ထည့်သွင်း စဉ်းစားလာခဲ့ကြခြင်း ဖြစ်သည်။

            ချက်ကော့ဗ်၏ သေနတ်ပမာပြုအဆိုကို ပြန်လည်လေ့လာကြည့်လျှင် ကြည်လင်ထင်ရှားစွာ မြင်နေရသော အချက်မှာ စာပေအရေးအသား၊ စင်တင်ဇာတ်စသည်တို့တွင် ဖန်တီး တည်ဆောက်ပြသသူ၏ ရင်းနှီးမြှုပ်နှံထားမှု Investment အကြောင်းသာ ဖြစ်သည်။ (ဆိုလိုသည်မှာ သက်ရောက်မည့် အကျိုးတရားကို ရည်၍ တစ်စုံတစ်ရာတွင် အရင်းတည်ထား ခြင်း ဖြစ်သည်)။ အစ Introduction နှင့် အဆုံးသတ် (ပိတ်) ပုံ Closure အကြောင်းမဟုတ်ပါ။ တာထွက်နှင့် ပန်းဝင်သည့် အကြောင်းမဟုတ်ပါ။ ဖော်ထုတ်ရေးသားထားသော အရေးအသား၏ တစ်ခုလုံး Wholeness ကို ရည်၍ ဆိုလိုခဲ့ခြင်းသာ ဖြစ်ပါသည်။ သေနတ်ချိတ်ထားခြင်းမှာ ဖော်ဂရောင်းဒင်း Foregrounding ၏ သဘောသာ ဖြစ်ပါသည် (ဖော်ဂရောင်းဒင်းကို အကြမ်းဖျင်း သဘောပေါက်ရန် မြန်မာသစ် အမှတ် ၂၇၅၊ ဇွန်လ ၂ဝဝ၅ တွင် ကြည့်ပါ)။ ချက်ကော့ဗ်၏ အဆိုများမှာ အနောက်တိုင်း စာပေပညာရှင်များ ဖော်ဂရောင်းဒင်း အကြောင်းများ မတင်ပြမီကတည်းက တင်ပြခဲ့သော အဆိုများ ဖြစ်ပါသည်။ စင်တင်ပြဇာတ်သဘောအရ မဟုတ်ဘဲ စာပေရေးသားဖော်ထုတ်မှုအရသော် အရေးအသား၏ ညီညွတ်မှု Textual cohesion ရရှိစေရန် သတိပေးသည့် သဘောဖြစ်သည်။ ဆိုလိုသည်မှာ ရည်ရွယ်ရင်း တစ်စုံတစ်ရာတွင် ဖော်ထုတ်နိုင်ရန် ရည် 'ပျိုး'ထားသည့် သဘောဖြစ်သည်။ လွယ်ကူသော ဥပမာတစ်ခုဖြင့် ပြဆိုရသော် ဆရာငြိမ်း၏ ရန်ကုန်သူ သီချင်းထဲတွင် 'မန္တလေးလာတဲ့ ရန်ကုန်သူရယ်...'ကို ဖော်နိုင်ရန် 'အစ်ကိုမှားပါပြီကွယ်၊ ခေါ်လာမိတယ်' ကို ကနားဦး၌ ဖော်ပြထားခြင်းကဲ့သို့ ဖြစ်သည်။ စင်တင်ပြဇာတ်တွင်သော် သေနတ်မှာ အရေးအသားမှာကဲ့သို့ချည်း မဟုတ်။ သိသာထင်ရှားသော ပြကွက်ဖြစ်နေသဖြင့် ပြဇာတ်ကြည့်သူတို့ အာရုံတွင် ထင်သာမြင်သာနှင့် သိသာသော Salient factor သဘောဆောင်နေသည်။ သာမန်အားဖြင့် ပန်းချီကားလောက်သာ ချိတ်သော နံရံတွင် သေနတ်ချိတ်ထားသည် ဆိုသည်မှာ သိသာသော ပြကွက်မျိုး ဖြစ်သည်။ သို့ဖြစ်၍ ပစ်ပြရန် မရည်ရွယ်ဘဲ သေနတ်ကို ပြကွက်တွင် ပြသမထားသင့်သည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။ 'ပစ်ရန်' ဆိုသည်တွင် တကယ့် 'ပစ်ခြင်း'ကိုပင် ဆိုလိုသည်မဟုတ်။ 'အသုံးပြုခြင်း'ကို ဆိုလိုခြင်းသာ ဖြစ်သည်။ သေနတ်ကို ထင်သာ မြင်သာအောင် ပြသထားခြင်းတွင် ရည်ရွယ်ချက်ရှိရန် ဖြစ်သည်။ ဥပမာ- ဇာတ်ကောင်ကို မုဆိုးကျော်တစ်ဦးအဖြစ် ဇာတ်၏တစ်နေရာရာတွင် ဖော်ရန် သို့မဟုတ် သေနတ်ပစ် လက်တည့်သူတစ်ယောက်အဖြစ် ဖော်ထုတ်ရန် စသည့် ရည်ရွယ်ချက်များလည်း ဖြစ်နိုင်သည်။ 'ပစ်သည်'ဟု မြန်မာတို့၏ ဘာသာစကားအရ ရေးသားပြောဆိုရသော်လည်း မူရင်းအရ Firing it, to be fired, triggering off စသည့် အသုံးအနှုန်းများကို သိမှတ်နားလည်ရာတွင် Figurative အနေအထားမှ Literal အနေအထားသို့ လျှော့ချနားလည်လက်ခံရန်လည်း မဖြစ်နိုင်ပါ။ သို့ဖြစ်၍ 'ပစ်ခြင်း'သည် 'ပစ်ခြင်း' သက်သက်ကို ဆိုလိုသည် မဟုတ်ပါ။

            သို့ဖြစ်၍ မာန်(တောင်လုံးပြန်)က ချက်ကော့ဗ်ကို အကိုးအကားပြု၍ ဒါပေမယ့် ကျေနပ်တယ် ဝတ္ထုတိုအပေါ် ပုဂ္ဂလိက သိမှုအခြေခံဖြင့် ကောက်ချက်ချထားခြင်းများမှာ တစ်လွဲ ဆံပင်ကောင်းသကဲ့သို့ ဖြစ်နေသည်ဟု မြင်မိသည်။ အကယ်၍ အစအဆုံး အရေးကြီးသည်ဟူသော အချက်ကို အခြေခံကာ ဆွေးနွေးသော် အနောက်တိုင်းပညာရှင်တို့ ဝတ္ထုတို့ကို ပညာရပ်အဖြစ် လေ့လာရာတွင် မျိုးတူစုပြုကြသော Anecdotal story ပုံစံဖြစ်သော အယ်ရစ်တော်တလ်၏ အခြေခံအမြင်များဆီသို့ ပြန်သွားရန် လိုအပ်နေပါသည်။ လွယ်လွယ်ဆိုသော် စလယ်ဆုံး သုံးပါးစလုံးဖြင့် (တစ်နည်း အစဉ်အလာ တည်ဆောက်ပုံ၊ ပုံစံ) ရေးသားထားသော အရေးအသားမျိုး ဖြစ်မဖြစ်ကို တိုင်းတာကြည့်ရန် လိုအပ်ပါလိမ့်မည်။ နမူနာအဖြစ် မြန်မာစာပေလောကမှာ ထင်ရှားသော အရေးအသားတစ်ခုကို ပြရသော် ရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထုတိုများကို ပြရပါလိမ့်မည်။ ဒါပေမယ့် ကျေနပ်တယ် ဝတ္ထုတိုမှာ ထိုသို့သော် အရေးအသား (ပုံစံ)မျိုးဖြင့် တည်ဆောက်ထားသည် မဟုတ်ပါ။ ကန့်သတ်ပြရမည်ဆိုသော် Epiphanic story မျိုး ဖြစ်ပါသည်။ ပြီးသွားသော ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။ ရပ်ထားသော အရေးအသားတစ်ခုသာ ဖြစ်ပါသည်။ ဇာတ်ကွက် (ဤတွင် Plot  ကို ဆိုလိုသည်)မှာ တစ်ဆင့်ခြင်း ပြောင်းလဲနိုင်ရန် ထောက်ကူပြုပေးသော အသွင်ကို မဆောင်ပါ။ အရေးအသားဖြင့် ဖော်ထုတ်တင်ပြနိုင်ရန်အတွက် တင်ကူး၍ ထုတ်ယူထားသော ပုံစံတစ်ခုအရ ပုံဖော်ထားသည် မဟုတ်ပါ။ ထို့ကြောင့်ပင် ဒါပေမယ့် ကျေနပ်တယ် ဝတ္ထုတိုမှာ အရေးအသား၏ အဆုံးတွင် အစဉ်အလာ တည်ဆောက်ပုံအရ နိဂုံးကမွတ် အဆုံးသတ်သည့်ပုံစံမျိုးဖြင့် အဆုံးမသတ်ဘဲ အဆုံးပိုင်းတွင် ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်ပြလာခဲ့သည်။ နောက်ဆုံးအပိုဒ် တစ်ခုလုံးသည် မည်သည်ကို စိုးစဉ်းမျှ ယတိပြတ်မဆိုခဲ့။ 'ဒီနှစ် အမိုးအတွက်တော့ ပူစရာမှ မလိုတော့တာဘဲ ဥစ္စာ' ဟူသော အဆုံးသတ်စာကြောင်းကို ဂရုပြုဖတ်ကြည့်လျှင် ဝတ္ထုရေးသူသည် စာဖတ်သူ၏ သိနိုင်သော အတိုင်းအတာဆီမှ ဝေးရာသို့ ထွက်သွားခဲ့ပြီဖြစ်ကြောင်း တွေ့ရပေမည်။ စာဖတ်သူမှာ ဝတ္ထုရေးသူ ကန့်သတ်ထားပေးခဲ့သော စည်းရိုး၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့သည်။ ချက်ကော့ဗ်ကို အားကိုး၍ ပြောမည်ဆိုသော် လျှောက်ပတ်သော အဆိုတစ်ခုရှိသည်။ ၎င်းမှာ  In a short story, it is better to say not enough than to say too much (အကျယ်ကို ချက်ကော့ဗ်၏ "On the Problems of Technique in the Short Story" တွင် ကြည့်ပါ)။

            ဒါပေမယ့် ကျေနပ်တယ် ဝတ္ထုတိုမှာ မိမိ Self နှင့် အခြားသူတို့ Others/Otherselves အကြောင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မုန်တိုင်းအကြောင်းမဟုတ်။ သို့အတွက်ကြောင့်ပင် ဝတ္ထုရေးသူက သူ့အရေးအသားကို မုန်တိုင်းဟု နာမည်မပေးခြင်း ဖြစ်ပေလိမ့်မည်။ ဝတ္ထုတွင် ယခုထက်ပို၍ မုန်တိုင်း အကြောင်းထည့်သော်၊ တင်တင်၏ ငယ်ဘဝ လောဘကြီးပုံကို ယခုထက်ပို၍ထည့်သော် 'ဝတ္ထုတစ်ခုအတွင်းမှ ဝတ္ထုများ' ပုံစံသို့ ပြောင်းသွားပေမည်။ (ချက်ကော့ဗ်စကားဖြင့် ဆိုရသော် လနှင့်ကြယ်ကလေးများလို ဖြစ်နေမည်။ အလင်းရောင် ဘယ်ကလာသည် မသိနိုင်)။ ထိုသို့ဖြစ်ခဲ့သော် ဝတ္ထု၏ ပဓာနကျသော အနေအထားမှ ဖော်ထုတ်လိုမှု ဖြစ်သည့် ခင်ခင်၏ အသံကို ပီပီပြင်ပြင် ကြားရလိမ့်မည် မဟုတ်တော့။ ခင်ခင်အသံထဲမှ ထွက်လာသည်မှာ မိမိနှင့် အခြားသူ(တို့)၏ အကြားမှ ဖြေရှင်းပြ၍ မရနိုင်သော စိန်ခေါ်မှုများကို အခြေခံသော ဖော်ထုတ်တင်ပြမှုမျိုး ဖြစ်သည်။ ခင်ခင်နှင့်တင်တင်တို့၏ အလုံးစုံမတူညီမှုများနှင့် သီးခြားမတူညီမှုများမှာ တူညီသော အရင်းခံအနေအထား တစ်ခုတည်းမှ ထွက်ပေါ်လာကြောင်း ဖော်ပြခဲ့ပြီး သူတို့၏ မတူညီမှုများကို 'မပြောဘဲ' 'ပြ'ခဲ့သည်။ အရေးအသား တည်ဆောက်ထားပုံ (အကြောင်းအရာကို လိုသည်မဟုတ်ပါ)မှာ ဆန့်ကျင်ဘက် အချင်းချင်း လိုအပ်စွာ တည်ရှိနေ''သောအကြောင်း ဖြစ်သည်။ ဆိုလိုသည်မှာ တင်တင်ကို ဖယ်ချန်ပလပ်ထားပြီး ခင်ခင်၏ ဇာတ်လမ်းကို တည်ဆောက်၍ မရနိုင်ခြင်းပင်။ ခင်ခင် ပြဆိုချင်သည်များ ပေါ်လွင်ရန် တင်တင် လိုအပ်သည်။ တင်တင်၏ ရှိနေခြင်းမှာ ခင်ခင်က ရှိနေစေချင်သောကြောင့် ဖြစ်သည်။ ဝတ္ထုရေးသူ၏ အသံမှာ ခင်ခင့်ထံမှ ထွက်လာသော်လည်း အကြောင်းမှာ တင်တင်၏ အကြောင်းသာ ဖြစ်သည်။ လူတို့၏ပင်ကို စိတ်ရင်းအရ မိမိနှင့် အခြားသူတို့၏ အပြိုင်ဇာတ်တွင် မိမိကသာ အနိုင်ရလိုသည်ချည်း ဖြစ်သည်။ ဆန့်ကျင်ဘက်တို့၏ ပြိုင်ဆိုင်မှုအကြားတွင် ဝတ္ထုရေးသူက ခင်ခင် Self ကို အနိုင်ပေးလိုက်ပုံမှာ အလွန်လှသည်ဟူ၍ပင် ပြောနိုင်သည်။ ခင်ခင်ကို ပြုံးပြုံးကြီးဖြင့် အနိုင်ယူသွားစေခဲ့ပုံမှာ ယနေ့ခေတ်ကာလ၏ ဝတ္ထုရေးသားပုံများတွင် တွေ့လာရသော ပညာရပ်တစ်မျိုး ဖြစ်သည်။ ခင်ခင်၏ ကျေနပ်မှုမှာ အရေးအသားတစ်ခုလုံး၏ အခရာပင်။ ဝတ္ထုရေးသူ၏ ပြောင်မြောက်သော ဘာသာစကား တည်ဆောက်ပုံမှာ 'ကျေနပ်တယ်' ဟူသော အချက်ကို အားထည့်ပေးသည့် သဘောမျိုး (ငြင်းဆို၍လက်ခံခြင်း)ဖြင့် 'ဒါပေမယ့်' ဟူသော စကားလုံးကို ရှေ့၌ ထည့်ထားပေးလိုက်ခြင်း ဖြစ်သည်။ ဒါပေမယ့် ကျေနပ်တယ်သည် 'ကျေနပ်တယ်' ထက် အားကောင်းပြီး ဝေဒနာတစ်စုံတစ်ရာပါသော အသုံးအနှုန်းတစ်ခု ဖြစ်လာခဲ့တော့သည်။

            နောက်ဆုံးပိုင်းအနေဖြင့် ဆွေးနွေးလိုသည်မှာ မာန် (တောင်လုံးပြန်) သုံးစွဲထားသော 'ဝေဖန်ဆွေးနွေးချက်' ဟူသော အပိုင်းမှ 'ဝေဖန်' ဟူသောအပိုင်း ဖြစ်ပါသည်။ ကျွန်တော် ဉာဏ်မမီသဖြင့် သိလိုသည်မှာ အရေးအသား တစ်ခုခုအား 'ဝေဖန်'ခြင်းမှာ ကောင်းခြင်း၊ မကောင်းခြင်း အဆုံးအဖြတ်ပေးခြင်းလော။ ပုဂ္ဂလိက အဆုံးအဖြတ်တစ်ခုခုဖြင့် ကောက်ချက်ချခြင်းလောဟူသည့် အချက်များဖြစ်ပါသည်။ ဤနေရာတွင် အယ်ဒီတာနှင့် ဝေဖန်သူတို့အကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေပါသည်။ ဆင်ခြင်မှာ အလွန်ရှင်းပါသည်။ အယ်ဒီတာမှာ အယ်ဒီတာဖြစ်ပြီး ဝေဖန်သူမှာ ဝေဖန်သူသာ ဖြစ်ပါသည်။ အယ်ဒီတာသည် သူ၏ဆန္ဒတစ်ခုတည်းဖြင့် အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဥပမာ-ရွှေအမြုတေတွင် အယ်ဒီတာ ဦးဝင်းငြိမ်းက ရွှေအသစ်များအတွက် မှတ်ချက်ပေးထား ခြင်းများကိုကြည့်သော် သူ၏ လုပ်ကိုင်ခွင့်ထဲမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ ထိုသို့ပြုနိုင်ခြင်းသည်ပင် အယ်ဒီတာတစ်ဦးက ပိုင်ဆိုင်ထားသော ဂုဏ်ရည်ဖြစ် ပါသည်။ ထို့ကြောင့်ပင် အယ်ဒီတာသည် တရားသူကြီးနှင့်တူပြီး ဝေဖန်ရေးပညာရှင်မှာ ရှေ့နေနှင့် တူသည်ဟူသော အဆိုရှိလာပါသည်။ ဝေဖန်ရေးပြုသူတွင် ဆင်ခြေများမှာ အလွန်အရေးကြီးပါသည်။ ဝေဖန်ခြင်းမှာ စည်းဝိုင်းတစ်ခုအတွင်းမှသာ ဝေဖန်နိုင်ပါသည်။ စည်းစနစ် တစ်စုံတစ်ရာ ရှိဖို့လိုပါသည်။ အသစ်ကလေးမို့ သိပ်မဆိုးပါဘူးဆိုသော ကောက်ချက်မှာ စော်ကားရုံသက်သက်သာ ဖြစ်ပါသည်။ သစ်ခြင်းဟောင်းခြင်းမှာ မကောင်းသတင်း လွှင့်ပေးစရာအကြောင်းခြင်းရာ မဟုတ်ပါ။ မာန်(တောင်လုံးပြန်)၏ ဝေဖန်သည်ဟု လက်ခံကာ လေ့လာရမည့်အချက်များတွင် မည်သို့သော ဆင်ခြေမျှမပါဘဲ ကိုယ့်အထင်သက်သက်ဖြင့် ကောက်ချက်ချထားပုံရသည်။ လမ်းပေါ်က လူတစ်ယောက်အနေဖြင့် ကျွန်တော် နားမလည်။ ဥပမာ-ဇာတ်ကောင်တွေများပေမယ့် ဇာတ်ကောင်တွေ နေရာချထားပုံ၊ စကားပြောပုံတွေဟာ နေရာမှန်တယ်ဟု ဆိုသောအချက်မျိုး။ အကြောင်းမှာ ဝတ္ထုရေးသူတစ်ဦးတွင် သူဘဝကျသော ဇာတ်ကောင်အရေအတွက် မထားနိုင်ပါပြီလော၊ သူ ဘဝင်ကျသည့်အတိုင်း နေရာမချနိုင်ပါပြီလော ဆိုသည်များမှာ စဉ်းစားစရာ ဖြစ်ပါသည်။ စကားပြောပုံမှန်တယ်၊ မှားတယ်ဆိုသည်ကို မည်သို့သောသူက၊ မည်သည် မည်သို့သော အတိုင်းအတာ၊ ဘာသာစကားဆိုင်ရာ စနစ်တစ်ခုခုဖြင့် တိုင်းတာကာ မည်သို့ ဆုံးဖြတ်ပါသနည်း။ ဥပမာ ပေးပါရစေ။ 'မြင်းရထား ရပ်ခိုင်းပြီး ဆင်းရိုက်ခဲ့တဲ့ ကြေးနန်းဟာ မှတ်တယ်' ဟူသော စကားပြောပုံကို မှန်တယ်၊ မှားတယ်ဟု မည်သို့ဆုံးဖြတ်ပါမည်လဲ။ (မဆုံးဖြတ်ပါနှင့်။ ထိုစကားပြောမှာ ရွှေဥဒေါင်း၏ ဦးစံရှား ဝတ္ထုတစ်ပုဒ်မှ ဖြစ်ပါသည်)။

            ဝတ္ထုရေးသူတွင် လွတ်လပ်ခွင့် ရှိပါသည်။ ဝေဖန်စာရေးသူထက် ပို၍ လွတ်လပ်ပါသည်။ ဝတ္ထုရေးသူက သူဘဝင်ကျသော နာမည်ပေးနိုင်ပါသည်။ ဝေဖန်စာရေးသူက ထိုနာမည် 'အတွင်း'မှသာ ဝေဖန်နိုင်ပါသည်။ ခင်နှင်းယု၏ မွှေးကို အတွတ်ဟု ပြင်ခိုင်း၍ မဖြစ်ပါ။ ခပ်သာသာဖြင့် စော်ကားသလို ဖြစ်သွားပါလိမ့်မည်။ ဝေဖန်စာရေးသူမှာ အမြင်၊ စနစ်၊ အယူအဆ၊ ဝါဒ၊ အသိပညာစသည့် ရပ်ဝန်းတစ်ခုခုအတွင်းမှသာ ဝေဖန်နိုင်ပါလိမ့်မည်။ အလျင်ရှေးက စာပေဝေဖန်ရေး သီဝရီဆိုသည်မှာ ကျောင်းတွင်သာ သင်ကြားပေးရန် ကောင်းသည်ဟု မြန်မာစာရေးဆရာကြီးအချို့က ဆိုခဲ့ကြဖူးပါသည်။ ထို့ပြင် ပြည်သူ၊ ဘာဘာညာညာ စသည်ဖြင့် သံကုန်၊ သံကောင်းဟစ်ခဲ့သော အညာဘက်ဆီမှ ဝေဖန်ရေးဆရာကြီးများ ရှိခဲ့ဖူးသည်။ ထိုစဉ်အခါကသော် ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်လိုက်ရန် ဆိုခဲ့ကြသည်ဖြစ်၍ မထောင်းမတာ ရှိလှသည်။ ယခုသော် စာပေဝေဖန်ရေးမှာ အသိပညာအခြေခံ၊ အတတ်ပညာအခြေခံ ပညာရပ်တစ်ခု ဖြစ်လာခဲ့ပါပြီ။ စာပေဝေဖန်ရေးမှာ နွားပွဲတွင် သွားဖြဲကြည့်၍ ကောင်း၊ ဆိုးဆုံးဖြတ်သည့် စနစ်မျိုး မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ကျွန်တော့်အနေအထားကို တင်ပြလိုသည်မှာ ကျွန်တော့်တွင် စာပေဝေဖန်ရေးကို ပညာရပ်တစ်ခုအနေဖြင့် ဝေဖန်နိုင်လောက်သော အရည်အချင်း မရှိပါ။ သို့သော်လည်း ကြိုးစားအားထုတ်၍ ရေးသားနေကြရသော စာပေဝါသနာရှင် ကလေးများကို 'ငါကတော့ စာပေလောကမှာ အရိုးရင့်နေလို့' 'မင်းကတော့ ချွတ်တာမို့ ချွတ်ကရားကလေးမို့'ဟူသော ပေတံမျိုးဖြင့် တိုင်းတာရင်း စော်ကားနေကြသည်ကိုလည်း မကြည့်ချင်ပါ။ စေတနာဖြင့် (ထပ်မံဆိုပါရစေ၊ 'စေတနာဖြင့်') ပညာပေးမည်ဆိုသော် ဦးဝင်းငြိမ်း ရေးသည်ကဲ့သို့ 'ရွှေဖော့လုံးဖြင့် ဆုံးမပါ' ဆိုသည်မျိုးသာ ဖြစ်သင့်သည်ဟု မြင်မိ၏။

မြင့်သန်း

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။