ရွှေဝတ္ထု

အချိန်ပိုင်းသာ လိုတော့သည်

မေမောင်

01 January 2026
အချိန်ပိုင်းသာ လိုတော့သည်
Share to

            ခုတင်တော့ ခုတင်ပဲ။ ဒါပေမယ့် မပီပြင်ဘူး။ ခုတင်တစ်လုံးရဲ့ ကိုယ်လက်အင်္ဂါတွေ မပြည့်စုံဘူး။ ခုတင်လား မမြောက်ဘူး ဆိုပါတော့။ ဒါဖြင့်ရင် တန်းလျားလား၊ မဟုတ်သေးဘူး။ တန်းလျားလည်း လုံးဝ မဟုတ်ဘူး။ တွေ့ဖူးတယ်မို့လား။ အိမ်ရှေ့မှာ ချထားတတ်တဲ့ တန်းလျားလေးတွေကိုလည်း

လူတစ်ကိုယ်စာ အိပ်သာရုံ အလျားမှာ နောက်မှီပါတယ်။ လက်ရန်းလေးတွေ တစ်ဖက်တစ်ချက်စီမှာ ပါတယ်။ အဲဒါမျိုးကိုမှ တန်းလျားခေါ်တာ။

            ဟောဒီ လမ်းတစ်လျှောက်က အိမ်တိုင်းလိုလိုရဲ့ရှေ့မှာ တန်းလျားလေးတွေမှ တန်းစီလို့။

အထူးသဖြင့်တော့ အရှေ့ဘက် မျက်နှာလှည့်၊ အနောက်ဘက်ခြမ်းက အိမ်တွေရှေ့မှာပေါ့။

နေ့လယ် ဆယ့်နှစ်နာရီ ကျော်သွားတာနဲ့ အေးသွားတဲ့အရိပ်ထဲက တန်းလျားလေးတစ်လုံးပေါ်မှာ အေးအေးလူလူ ထွက်ထိုင်ဖို့ ဘယ်လောက်များ ကောင်းလိုက်မလဲ။ အဲဒီလို အနားယူဖို့ တန်းလျားလေးတွေဟာ တကယ်ကို လိုအပ်ပါတယ်။ တန်းလျားချထားတဲ့ ဒီလမ်းထဲက အိမ်လေးတွေကို သတိထားကြည့်လိုက်ရင် အားလုံးလိုလိုဟာ အိမ်ကြီးရခိုင်တွေ မဟုတ်ဘူး။ အကျယ်အဝန်းကလည်း အနေတော်နဲ့ အသားအိမ် ဒါမှမဟုတ် ကပ်မိုးကပ်ကာ အိမ်လေးတွေချည်းပဲ။ ဒါဟာ ဟောဒီလမ်းတစ်လျှောက်ရဲ့ ထူးခြားချက်ပဲ။ အိမ်တိုင်းအိမ်တိုင်းရှေ့မှာ ရှိနေတဲ့ တန်းလျားလေးတွေပေါ့။ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ရဲ့ တန်းလျားလေးတွေဟာ ကိုယ့်တန်းလျားပေါ် ကိုယ်ထိုင်ရင်း

ရင်းနှီးစွာ စကားစမြည်တွေ ပြောလို့ဆိုလို့။ တစ်အိမ်နဲ့တစ်အိမ် သိပ်အစေးမကပ်ကြရင်တော့လည်း ကျောပေးထိုင်နေလိုက်ကြရုံပေါ့လေ။

ခုတင် ဆိုတာကတော့ အိမ်ထဲမှာပဲ ရှိတတ်တဲ့ အရာလေး တစ်ခု။ အိပ်ဖို့ပဲ အဓိက အသုံးချရတာမို့လား။ ပြီးတော့ ခုတင်တစ်လုံးရဲ့ နေရာယူမှုကို အိမ်ရှေ့မျက်နှာစာကလည်း ခွင့်မပြုဘူး။ တစ်ယောက်အိပ် ခုတင်ဆိုရင်ကိုပဲ အရွယ်က တော်တော်ကြီးနေပြီ။

            အဲဒါကြောင့် ပြောတာပေါ့။ အခုဟာက တန်းလျား မဟုတ်ပါဘူးဆို။ ဒါဖြင့်ရင် ကွပ်ပြစ်လားဆိုတော့လည်း မဟုတ်ဘူး။ ကွပ်ပျစ်ဆိုတာက အမြင့်က နိမ့်နိမ့်လေး။ မြေပြင်နဲ့ ဒါမှမဟုတ် ကြမ်းပြင်နဲ့ လွတ်တယ်ဆိုရုံလေး။ ကွပ်ပျစ်ကို ခုတင်အနိမ့်စားလေးလို့ ပြောရင်တော့ ရမလားပဲ။

            အခုဟာက ခုတင်မှ ခုတင်။ အနံတန်းလျားနှစ်လုံး စာလောက်ပဲ ရှိတဲ့ ခုတင်လေးတစ်လုံး။ လူတစ်ကိုယ်စာ လောက်ကတော့ ချောင်ချိစွာ အိပ်လို့ရတဲ့ အနေအထား။ ဒါပေမယ့် အခု ဒီခုတင်လေးကို ကြည့်ရတာ ကမန်းကတမ်း အရေးပေါ် ရိုက်ထားရတဲ့ပုံ ပေါက်နေတယ်။ ချောမွေ့ခြင်း ကင်းတဲ့ ခုတင်ကြမ်းလေး တစ်လုံးပေါ့။ ထူးခြားတာက ခုတင်ဘောင် ပတ်ပတ်လည်မှာ သင်္ဘောဆေး အနီရောင် သုတ်လို့၊ ပိုပြီး ထူးခြားတာက အဲဒီခုတင်လေးပေါ်မှာ ခေါင်းအုံး ဖြူဖြူ ဟောင်းဟောင်းလေးတစ်လုံး ရှိနေတာပဲလေ။ ဒါဟာ အိမ်ထဲမှာ ရှိနေတဲ့ ခုတင်လေးတစ်လုံး ဆိုရင်တော့ ခုတင်ပေါ်မှာ ခေါင်းအုံးတစ်လုံးရှိနေတာဟာ ဘာမှထူးဆန်းသောကိစ္စ မဟုတ်ပါ။ သင်္ဘောဆေးအနီပဲ သုတ်ထားထား၊ အစိမ်းပဲ သုတ်ထားထားပေါ့။

            အခုဆိုရင် ကိုယ်တို့ဟာ လမ်းကြောအသစ်ကို ရှာဖွေတွေ့ရှိထားပါတယ်။ ကိုလံဗတ်စ်တို့၊ ဗတ်စ်ကိုဒဂါးမားတို့နယ်မြေသစ်ကို ရှာဖွေ တွေ့ရှိချိန်မှာ သူတို့ ဘယ်လိုခံစားခဲ့ရပါသလဲ။ ပြီးတော့ လပေါ်ကို ပထမဆုံးခြေချခဲ့တဲ့ လူဝီအမ်းမ်စထရောင်း။ သူတို့တွေ ဘယ်လောက်တောင်များ ကျေနပ်ဂုဏ်ယူ လိုက်ကြမလဲ။ ကိုယ်တို့ဟာလည်း သူတို့တွေထက် မပိုရင်သာ ရှိမယ်။ မလျော့သော ခံစားချက်တွေနဲ့လေ။ လမ်းဟောင်းက ရိုးအီနေပြီဆိုတော့ လမ်းသစ်ရဲ့လတ်ဆတ်တဲ့ အာရုံသစ်တွေနဲ့ ကိုယ်တို့...။

            Main လမ်းကြီးကို ဖြတ်၊ အနောက်ထဲကို ဆင်းလိုက်တာနှင့် နှစ်ပြစာလောက်ကျော်ရင် အင်းရေပြင်ကြီးကို ဖွေးခနဲလို့ ပြောရမလား။ စိမ်းခနဲလို့ ပြောရမလား။ သေချာတာကတော့ ဘွားခနဲ တွေ့လိုက်ရတာပဲ။

            အသစ် ဖောက်ထားတဲ့ အင်းပတ်လမ်း၊ အဲ... မဟုတ်သေးဘူး။ ကန်တော်ကြီးဆိုတော့ ကန်ပတ်လမ်းလို့ ပြောရမှာပေါ့နော်။ အဲဒီ ကန်ပတ်လမ်းကြီးဟာ ဖြူးလို့၊ ဖြောင့်လို့။ လမ်းသစ်ဆိုတော့ ယာဉ်အသွားအလာကလည်း နည်းသေးတယ်။ တစ်ခါတစ်ခါ တာရိုးဘက်မှ တအိအိနဲ့ ထွက်လာတဲ့ ကုန်ကားကြီး တစ်စီးတစ်လေကလွဲရင် စက်ဘီး၊ ဆိုင်ကယ်များလည်း သိပ်မရှုပ်သေး။ မြင်းလှည်း၊ ဆိုက်ကား၊ ထော်လာဂျီတွေလည်း ရှင်းနေသေးတယ်။ အချိန်ကလည်း မှိုးမှိုးမှောင်မှောင်ဆိုတော့ စောနေသေးတာလည်း ဖြစ်မယ်။ အဲဒီတော့ ကိုယ်တို့တွေ့ရှိထားတဲ့ လမ်းကြောအသစ်ဟာ တကယ်ကိုပဲ လမ်းလျှောက်လို့ ကောင်းနေတော့တာပေါ့။ တစ်ဖက်မှာက ကန်ရေပြင်ကျယ်ကြီး၊ တစ်ဖက်မှာ တိုက်တန်းတွေ။

            ကိုယ်တို့ ရောက်ချိန်မှာတော့ တိုက်တန်းတွေက အိပ်ကောင်းနေတုန်း။ ကန်ရေပြင်ကြီးကတော့ လမ်းလျှောက် သူများရဲ့ အသံဗလံများကြောင့်လား။ ပိုက်ကွန်ချထားတဲ့ အရိပ်ထဲက လွတ်ရာ လွတ်ကြောင်း အသည်းအသန် ခုန်ထွက်ဖို့ ကြိုးစားနေကြတဲ့ ငါးတွေကြောင့်လား။ နိုးနေလို့ သူ့ကန်ရေ အေးအေးနဲ့သူ မျက်နှာတောင်သစ်ပြီးနေလောက်ပြီ။

            ဒီအချိန်မှာပဲ လမ်းဘေးကန်ရေပြင်အစပ်မှာ ခေါင်းအုံးလေးတစ်လုံး ရှိနေတဲ့ ခုတင်လေးတစ်လုံးကို တွေ့လိုက်ရတာဟာ အံ့သြစရာကောင်းမနေဘူးလား။ ခုတင် ဘောင်ဘေး ပတ်ပတ်လည်မှာလည်း အနီရောင်သင်္ဘောဆေးလေး သုတ်လို့။

            ကိုယ်တို့ ဇဝေဇဝါနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြတယ်။ ဒါဟာ ဘာလဲ။ ဘာလုပ်ထားတာလဲ။ သူ့နေရာနဲ့သူ ရှိနေတာ မဟုတ်တဲ့ ခုတင်လေးတစ်လုံးအတွက် အံ့သြသွားရတာဟာ အမှန်ပါပဲ။

            ဖျတ်ခနဲ ဆိုသလို သတိရလိုက်တယ်။ သူတို့ရော အဲလိုပဲမို့လား။ အပြန်အလှန် ကြည့်လိုက်ကြပြန်တယ်။ ဟုတ်ပါတယ်။ သေချာနေတဲ့ ကိစ္စမို့ တစ်ယောက်နဲ့ တစ်ယောက် စကားတောင် မပြောမိကြပါ။ မသေချာတဲ့ ကိစ္စတွေမှာသာ ငြင်းရခုန်ရ ရှင်းရလင်းရတာမို့လား။

            ဒီလို အတွေ့အကြုံတွေဟာ ကိုယ်တို့အတွက်တော့ တော်တော်ကြီးကို အသားတကျနဲ့ ရိုးနေခဲ့ပါပြီ။

            မနက် မိုးမလင်းသေးဘူး။ လူတိုင်း လူတိုင်း တွေ့ကြုံချင်ကြတာဟာ မင်္ဂလာရှိသော အပြုအမူတွေကိုပဲ ဆိုတာ ဘယ်သူ့ကိုမှ လိုက်မေးကြည့်နေစရာ မလိုအောင် သေချာလှပါတယ်။ ဥပမာ- အလှူ၊ မင်္ဂလာကိစ္စတစ်ခုခုအတွက် ပြုံးပျော်မြူးတူးစွာ လှုပ်ရှားဆောင်ရွက်ချက်များ။

            မဏ္ဍပ်ကြီးထဲမှာက မီးတွေ ထိန်ထိန်လင်းလို့။ လော်စပီကာကြီးကလည်း သီချင်းတွေ အသားကုန်အော်လို့။ ရေချိုးနေတဲ့ လူနဲ့၊ မိတ်ကပ်လိမ်းနေတဲ့ လူနဲ့၊ အဝတ်အစားသစ်တွေ ဝတ်နေတဲ့လူ နဲ့။ ဒါမှမဟုတ် တစ်နေရာရာကို ကားနဲ့သွားကြမှာလား။ ဝတ်ကောင်းစားလှတွေနဲ့ လူတွေဟာ ကားပေါ်မှာ နေရာ ဦးကြရင်း၊ စကားတွေ ပြောကြရင်း၊ ဆူညံပွက်လောလန် နေကြတာဟာ ထွက်မလာသေးတဲ့ နေမင်းကြီးတောင် လန့်လောက်တယ်။

            တစ်နေရာမှာ ရဟန်း သံဃာတော်တွေကို အတန်းလိုက်ကြီး ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ လောင်းနေကြတာ တွေ့ရတာကတော့ရော ဘယ်လောက်များ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလဲ။ တချို့ကတော့ တရားခွေလေးဖွင့်ထားရင်း ဆွမ်းဟင်း၊ ကွမ်းဟင်းတွေ ချက်တုန်း၊ ပြုတ်တုန်း။

            ခက်တာက လောကကြီးရဲ့ မနက်ခင်းတိုင်းဟာ အဲဒီလို ကြည်နူးဖွယ်ရာ ကိစ္စတွေချည်း တန်းစီဖြစ်နေတာ မဟုတ်ဘူးလေ။

            အမင်္ဂလာလို့ သတ်မှတ်ထားတဲ့ သေခြင်းတရားကိုလည်း ခုလို မိုးမလင်းခင် မှောင်ရီဝိုးတဝါးမှာ တွေ့ရတတ်ပါသေးတယ်။

            အဝေးကပင် မြင်နိုင်ပါသည် ဆိုတဲ့အတိုင်း တချို့များ ဝင်းကြီးနဲ့အပြည့် ကနားဖျဉ်း ထိုးထားပြီး တိုက်ကြီးတစ်တိုက်လုံးဟာလည်း မီးတွေနဲ့ လင်းထိန်လို့။ အထဲကို လှမ်းကြည့်လိုက်ရင်တော့ ခမ်းနားလှပစွာ ပြင်ဆင်ထားတဲ့ ရုပ်ကလာပ်ဟာ ကျားလား၊ မလား၊ လူကြီးလား၊ လူငယ်လား ကွဲတော့ မကွဲပြားပါ။ ဘာပဲဖြစ်ဖြစ် သေဆုံးသူဟာ လူချမ်းသာထဲကမို့ ပြင်ဆင်ထားတာကတော့ တကယ့်ကို တခမ်းတနားပါပဲ။

            အဝေးက လုံးဝ လှမ်းမမြင်ရဘဲ အိမ်ရှေ့ရောက်ခါမှ ဘွားခနဲ တွေ့ရတတ်တာကတော့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲ မီးရောင်မှိန်မှိန် အောက်က သင်ဖြူးဖျာဟောင်းလေးတစ်ချပ်ပေါ်မှာ ဝတ်စုံနွမ်းနွမ်းလေးနဲ့ လွှမ်းထားတဲ့ ခန္ဓာတစ်ခုကိုပဲလေ။ လမ်းပေါ်မေးတင်ထားတဲ့ အိမ်မျိုးဆိုတော့ လွှမ်းထားတဲ့ အဝတ်အစားကိုတောင် မြင်နေရတာမို့ ကျားလား၊ မလား ဆိုတာကိုတောင် ခွဲခြားလို့ ရပါသေးတယ်။

            ဟောဒီလိုမျိုးကျတော့ အခုမှ ဆေးရုံ ဒါမှမဟုတ် ဆေးခန်း၊ ဒါမှမဟုတ် တစ်နေရာရာက ပြန်ရောက်လာတဲ့ပုံ။ သူ့ခမျာ ရပ်ကွက်ထဲက လက်မခံလို့ လမ်းထိပ်မှာပဲ နေရတော့တာပေါ့။ ခုတင်ဟောင်းလေး တစ်လုံးပေါ်မှာ ပက်လက်ကလေး။ ယောကျ်ား လေးငါးဆယ်ဦးလောက်က လုပ်စရာရှိတာ လုပ်ကိုင်နေကြချိန်မှာ မိန်းမ လေးငါးဦးလောက်ကတော့ အသံထွက် ငိုကြွေးခြင်းတွေနဲ့။ အသုဘလာသူတွေ ထိုင်ဖို့ ခင်းထားတဲ့ ဖျာလေးတွေဟာ ကြမ်းကြမ်းစုတ်စုတ်၊ ဟောင်းဟောင်းလေးတွေ။ အခုလို လမ်းထိပ်မှာ တွေ့ရတတ်တဲ့ နာရေးမျိုးကတော့ ဘယ်တော့မှ ချမ်းသာသော အသိုင်းအဝိုင်းထဲမှ မဟုတ်တတ်ပါ။ သူတို့ဟာ ရိုးသားတာလား၊ တကယ်ပဲ မလုပ်တတ်၊ မကိုင်တတ်ကြတာလား။ ဆေးပုလင်းတန်းလန်းနဲ့ ကိုယ့်အိမ်ထဲကို ဟန်မပျက် ပြန်ဝင်ဖို့ ဆိုတာကလည်း အဓိကကတော့ ငွေရှိမှ ဖြစ်တာမို့လား။ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လေ။

            အဲဒီလိုမျိုးတွေ စောစောစီးစီး နာရေးတွေ့ရလို့လည်း စိတ်ထဲမှာ မသိုးမသန့် စနိုးစနောင့် မဖြစ်တတ်ပါ။ သေဆုံးသူအတွက် စိတ်မကောင်းစွာနဲ့ လှမ်းကြည့်လိုက်မိတော့တာပါပဲ။ ဒီနေ့ အသုဘချမှာလား၊ မနက်ဖြန်လား၊ ဆွေမျိုးတွေရော စုံပြီလားဆိုတဲ့ နောက်ဆက်တွဲ အတွေးတွေနဲ့ပေါ့။ အဲဒီနေရာတစ်ဝိုက်မှာပဲ လေးငါးရက်နေလို့ လူစုစု စုစုနဲ့ ချက်ပြုတ်နေကြတာ တွေ့ရင် ဒါဟာ ဒီနေ့ ရက်လည် ဆွမ်းသွတ်တဲ့နေ့ဆိုတာ သေချာပါတယ်။

            ဒီလိုပါပဲ။ ကိုယ်တို့ဟာ တစ်နေ့တစ်နေ့ မင်္ဂလာရှိသော ကိစ္စတွေတွေ့လိုက်၊ အမင်္ဂလာ ကိစ္စတွေ တွေ့လိုက်နဲ့ လောကကြီး လုံးချာလိုက်နေတာနဲ့အမျှ ကိုယ်တို့ဟာလည်း ချာလပတ်ရမ်းလို့ပေါ့။

            တစ်ခါတစ်ခါ လမ်းလျှောက်ရင်း အပြန်မှာ နာရေး တစ်ခုခု မေးစရာရှိလျှင် တစ်ခါတည်း ဝင်မေးလိုက်ကြတယ်။ အလုပ်တစ်ခု ပြီးစီးသွားအောင်လို့ မနက်စော စောစီးစီး 'မင်္ဂလာမရှိ' လို့ တစ်ခါမှ မတွေးမိပါ။ လိုက်ပါ ပို့ဆောင်ခြင်းဆိုတာ နောက်ထပ်ကျန်နေတဲ့ အလုပ် တစ်ခုပဲ။ မအားအားအောင် ကြိုးစားပြီး လိုက်ပို့ဖြစ်တာ များပါတယ်။ ရက်လည် ဆွမ်းကျွေးဆိုရင်တော့ မသွားဖြစ်တော့။ သောကပရိဒေဝများဖြင့် ထုံမွမ်းထားသော ထမင်းဟင်းတို့ကို စားရတာ မျိုမကျလို့ပါ။ တချို့လူတွေလို 'မသာအိမ်က ဆိုရင် ရေကိုတောင် မသောက်'လို အယူသည်းလို့ လုံးဝမဟုတ်ပါ။ နေကြာစေ့လည်း စားလိုက်တာပဲ။ ချိုချဉ်လည်း ငုံလိုက်တာပဲ။ ထမင်းစားရမှာသာ အားနာလို့။

            သေခြင်းတရားနှင့် ပတ်သက်လျှင် တော်တော်ပဲ အဖြစ်သည်းသော လူများလည်း ရှိသေးတယ်။ နာရေးအိမ်က ပြန်လာလျှင် ရေချိုး ခေါင်းလျှော်ရတာနဲ့၊ တရော်ကင်ပွန်းရည်ဖြင့် အိမ်ကို ပက်ရတာနဲ့။

            နာရေးတစ်ခု လိုက်ပို့ရင်ရော ကားပေါ်က မဆင်းဘဲ ထိုင်နေသူကို ဇွတ်ဆင်းခိုင်းပြီး သုသာန်မြေနင်းခိုင်းတာတို့၊ လူစုံလို့ ပြန်မယ်ဆိုရင် နာရေးကားထက် အရင်မပြန်ရဘူး ဆိုတာတို့၊ ရှုပ်ယှက်ကို ခတ်နေကြတာပဲ။ အဲဒါဆိုရင် မသေကြတော့ဘူးတဲ့လား။ သေမင်းတော့ မသိ။ ကိုယ်ကတော့ ရယ်ချင်တယ်။ သေခြင်းနဲ့ပတ်သက်ပြီး ပျာနေတဲ့လူတွေကို ကြည့်ပြီးတော့လေ။

            နာရေး အိမ်တစ်အိမ်ဟာ နာရေးချပြီဆိုရင် မီးတွေ မွှေး၊ ပြီးရင် ပြန်ငြိမ်းရမယ်တဲ့။ တကယ်တမ်းက ရင်ထဲမှာ တောက်လောင်နေတဲ့ သောကပရိဒေဝမီးကို ငြိမ်းအောင် လုပ်ရမှာမဟုတ်ဘူးလား။ ဆရာတော်ဘုရားကြီးတွေက ဘယ်လိုပဲ ဆုံးမ ဆုံးမ မရပါ။ သေခြင်းတရားနဲ့ ပတ်သက်ရင် အယူသည်းကြတာတွေကို သေမင်းကတော့ တော်တော်ရူးတဲ့လူတွေဆိုပြီး ရယ်များ ရယ်နေဦးမှာလား။ အဲဒါကြောင့်လည်း ဆရာတော်ဘုရားကြီးတစ်ပါးက ဟောခဲ့တာပေါ့။

            'သေသူအိပ်တဲ့ ခုတင်တို့၊ ခေါင်းအုံးတို့၊ စောင်၊ ခြင်ထောင်တို့ကျတော့ တို့ကျောင်းတွေ လာလာလှူလိုက်ကြတာ။ အဖိုးတန် လက်ဝတ်ရတနာတွေကျတော့ လာမလှူကြဘူး။ စိတ်မသိုး မသန့်ဖြစ်ရင် လာလှူကြပါလားဗျာ။ စိန်နားကပ်တို့၊ စိန်လက်စွပ်တို့'

            ဟုတ်ပါရဲ့။ လက်ဝတ်လက်စား အဖိုးတန်ရတနာတွေကျတော့ အလုအယက် ယူချင်လိုက်ကြတာ။ အဝေမတည့်ရင် အသုဘ ဘေးထားပြီး ထသတ်ကြသေးတယ်။

            အခုရော အဖိုးတန် ပစ္စည်းတွေ ဘယ်မှာလဲ။ ဘယ်သူတွေဆီမှာလဲ။ ခုတင် လေးတစ်လုံးနဲ့ ခေါင်းအုံးဖြူဖြူ ဟောင်းဟောင်းလေး တစ်လုံးကတော့ ကန်စပ်က မြက်ခင်းပေါ်မှာ။

            ဟုတ်ကို ဟုတ်ပါတယ်။ မနေ့က ဒီနေရာနဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းတစ်ခန်းရဲ့ မြေညီထပ်တစ်ခုထဲမှာ နာရေးပြင်ဆင်ထားတာ တွေ့ခဲ့ရတယ်။ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်တစ်ပိုင်း ဓာတ်ပုံကြီးရှေ့မှာ အမွှေးတိုင်တွေ အများကြီးပဲ ထွန်းထားတာကိုတောင် မြင်ခဲ့ရသေးတယ်။ ပိတ်စအနီရောင်ပေါ်က ရွှေရောင်စာလုံးများကိုတော့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလောက်ပဲ တတ်တဲ့ ကိုယ်တို့ မဖတ်တတ်ခဲ့ကြပါ။

            ဘယ်နည်းနဲ့မဆို မနေ့က ဟောဒီခုတင်လေးပေါ်မှာ အမျိုးသမီးတစ်ဦးရဲ့ သက်မဲ့ ခန္ဓာလဲလျောင်းခဲ့တယ်ဆိုတာ သိပ်ကိုသေချာပါတယ်။ အခု ဒီကန်စပ်မှာ လာချထားတာ ဘာကြောင့်လဲ။ တစ်နေရာရာ သွားမပို့ခင် အိမ်နဲ့လွတ်ရာကျွတ်ရာ လာထားထားတာလား။ ကြည့်စမ်းပါဦး။ ဒါနဲ့များတောင် ချစ်လိုက် ခင်လိုက်ကြတာတဲ့။ သေပြီးပြီဆိုတဲ့ လူတစ်ယောက် နောက်ဆုံးအိပ်စက်ခဲ့တဲ့ ခုတင်နဲ့ ခေါင်းအုံးလေးကိုတောင် အိမ်ထဲမှာ မထားချင်တော့တဲ့လူတွေ တော်တော်ပဲ တရားကျဖို့တော့ ကောင်းပါတယ်။

            ဒါဖြင့်ရင် ကိုယ်ရော အဲလို မလုပ်ဘူးလား။ အဲ... ဘုန်းကြီးကျောင်းတော့ သွားလှူမှာပေါ့။ ကိုယ့်အလှည့် ရောက်ရင်လည်း ကျန်ရစ်သူတွေက အဲလိုလုပ်ကြမှာပဲ ဥစ္စာ။

            မဆီမဆိုင် သူငယ်ချင်းတစ်ဦးကို ဖျတ်ခနဲ သတိရလိုက်မိတယ်။ သေခြင်းတရားနဲ့ ပတ်သက်ရင် အယူသည်းသူတွေကို ရှုတ်ချ ပြစ်တင်တဲ့ ကိုယ့်ကို အပြတ်နှိပ်ကွပ်ခဲ့သူပေါ့။

            'နင့်အိမ်ရှေ့ ခေါင်း တလားကြီးတစ်လုံး လာချ ထားရင်ရော။ ကဲ... နင် ဘယ်လိုနေမလဲ'

            လုံးဝ မျှော်လင့်မထားတဲ့ မေးခွန်းကြီးပေမယ့် တစ်ချက် မျက်နှာမပျက်စေရပါ။ 'ဒါလေးများ' ဆိုတဲ့ မျက်နှာပေးနဲ့...

            'ဒီမယ် ဘယ်လိုမှ မနေဘူး။ အဲဒီလာချတဲ့ကောင်သာ အဲဒီခေါင်းထဲ ဝင်သေလိုက်'

            ကောင်စုတ်။ ဖွ... လွဲပါစေ၊ ဖယ်ပါစေ။ အဲလိုကြီးတော့ ဘယ်သူကြိုက်မှာလဲ။ ရွှေချောင်းကြီး လာချထားတယ်ဆို ဟုတ်သေး။ ကိုယ်ပြောတာက သေခြင်းတရားနဲ့ ပတ်သက်ရင် တောင်လုပ်၊ မြောက်လုပ် လျှောက်လုပ်ကြတာကို ပြောတာ။ အဲလိုတွေ လုပ်တော့ရော မသေကြတော့ဘူးတဲ့လား။ ဒါကို ပြောတာ။ သေခြင်းတရားကို မကြောက်ဘဲ နေပါ့မလား။ ကိုယ့်အိမ် ရောက်လာမှာကို ကြောက်လွန်းလို့။

            အခု လမ်းလျှောက်တယ်ဆိုတာကလည်းနေလို့ ထိုင်လို့ကောင်းရုံပါပဲ။ မသေအောင်လို့မှ မဟုတ်တာ။ သူနဲ့ မတွေ့ခင်စပ်ကြား တစ်နေ့ထက်တစ်နေ့ ယိုင်နွဲ့ခနော်နီ ခနော်နဲ့ ဖြစ်လာတဲ့ ဒီခန္ဓာ ကိုယ်ကြီးကနေ ကျားကန်ပေးတဲ့သဘောပဲ။ ကိုယ်လည်း တစ်နေ့ ဟောဒီလို ခုတင်လေးတစ်လုံးပေါ် ပက်လက် ဆန့်ဆန့်လေး နေရဦးမယ်ဆိုတာ သိပြီးသားပဲ။ ကိုယ့်ရက်စွဲနဲ့ကိုယ် ပါလာပြီးသား ကိစ္စပဲလေ။ 'ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်' တဲ့။ ကြားဖူးတယ်မို့လား။

            အိမ်အပြန်လမ်းသည် လမ်းကြောအသစ် မဟုတ်ပါ။ တစ်ကွေ့ကြီး ပတ်နေရသော လမ်းကြောအသစ်ကို အပြန်မှာ ကိုယ်တို့ အသုံးမပြုတော့ပါ။ တန်းလျားလေးတွေ စီစီရီရီ ရှိနေတဲ့ လမ်းမကြီးဟာ ကိုယ်တို့ရဲ့ အိမ်အပြန်လမ်းတစ်လျှောက်ပါပဲ။ အပြန်မှာတော့ အလာတုန်းကလို ခေါင်းမော့ရင်ကော့ကာ လက်တွေကို အားပါးတရလွှဲရင်း ခြေလှမ်းကျဲကြီးများဖြင့် ဝုန်းဝုန်း ဝုန်းဝုန်းမဟုတ်တော့။ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် စကားတပြောပြော။

            လှမ်းလက်စ ခြေလှမ်းတွေ တုံ့ခနဲဖြစ်မတတ် ကိုယ်တို့ ဖြစ်ခဲ့ရတယ်။ တကယ်ပါပဲ။ တကယ်ကို ခြေလှမ်းတွေ ပျက်မတတ် ဖြစ်သွားရတာ။

            ခုတင်လေး တစ်လုံးဟာ ကိုယ်တို့ကို အဲဒီလောက်တောင် အမူအရာ ပျက်စေရသတဲ့လား။

            ရွှေတချောင်း မြောင်းဘေးက မန်ကျည်းပင် ပုပုဝိုင်းဝိုင်းလေးတစ်ပင်ရဲ့ အရိပ်အောက်မှာ ရှိနေတဲ့ ခုတင်လေးတစ်လုံးကို မြင်လိုက်ရုံနဲ့ ကိုယ်တို့ဟာ အဲဒီလောက်တောင် ဖြစ်သွားရသတဲ့လား။

            ရှင်းပါတယ်။ သင်္ဘောဆေး အနီရောင်လေးနဲ့ ခုတင် ကြမ်းလေးတစ်လုံး ဖြစ်နေလို့ဆိုတာ ရှင်းပါတယ်နော်။ ပိုသေချာတာက ခေါင်းအုံးလေးပါ အတူရှိနေတာ။

            မှိုးမှိုးမှောင်မှောင် ခုနကမှ ဟောဟိုဘက်လမ်းမှာ တွေ့ခဲ့ရတဲ့ ခုတင်လေး။ အခု တော်တော်အလှမ်းဝေးတဲ့ ဒီဘက်လမ်းမှာ မြင်မြင်ထင်ထင် တွေ့နေရပြီ။

            ဘယ်သူများ ဒီနေရာကို ရွှေ့လာခဲ့တာလဲ။ ကာယကံရှင်တွေပဲလား။ ဒါမှမဟုတ်ရင် မနက်စောစောစီးစီး အဲဒီ ခုတင်ပေါ်မှာ ခေါင်းအုံးနဲ့ ဘာနဲ့ အကျအန အသေအချာကို အိပ်နေသူလား။

            ဘုရား... အိပ်နေတာက သူ... စိမ့်ခနဲ ချမ်းသွားတာက ကိုယ့်ကျော...။

            ဒုက္ခပါပဲ။ သေမင်းသိရင် ရယ်ဦးမယ်။ တကယ်ပါ။ သေခြင်းတရားနဲ့ ပတ်သက်ရင် အယူမသည်းပါဘူးဆိုတဲ့ ကိုယ့်ကို အဲဒီခုတင်လေးပေါ်ကိုတော့ ကျေးဇူးပြု၍ မထိုင်ခိုင်းလိုက်ပါနဲ့။ ကိုယ့်ဘာသာ ထိုင်ချင်ထိုင်လိုက်ပါ။ ကိုယ့်ကိုတော့ လုံးဝ မထိုင်ခိုင်းပါနဲ့နော်။

            ရိုးရိုးခုတင်လေးတစ်လုံး ဆိုရင်တော့လည်း အဲဒီပေါ်မှာ ဘယ်သူတွေ အိပ်အိပ်၊ ဘယ်သူတွေ ထိုင်ထိုင် ကိုယ်စိတ်ဝင်စားမှာ မဟုတ်ပါ။ ခုတော့ ဒီခုတင်လေးဟာ ဒီနေရာမှာ ဘယ်လောက်ထိများ အချိန်တွေ ကြာမြင့်စွာ ရှိနေဦးမှာလဲ။ မရိုးသားတဲ့ ခုတင်လေးတစ်လုံး ဟန်ကျပန်ကျ နေရာရနေမှုကိုပဲ ကိုယ်ကတော့ စိတ်ဝင်စားပါတယ်။ လမ်းလျှောက်ရင်း စောင့်ကြည့်ရဦးမယ်။

မေမောင်

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်