ရွှေဝတ္ထု

သိုက်မြုံဝေး ငှက်ကလေးရဲ့ ဒိုင်ယာရီ

မောင်လွင်မွန် ၊ကသာ၊

01 January 2026
သိုက်မြုံဝေး ငှက်ကလေးရဲ့ ဒိုင်ယာရီ
Share to

            လေဆိပ်ကအပြန်လမ်းတွင် ကျွန်တော့်မျက်လုံးထဲမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ပုံရိပ်တစ်ခုက ခပ်ပါးပါး ထင်ဟပ်နေသည်။

            'ဖေဖေ့ကို တာ့တာလုပ်လိုက်' ဆိုတော့ မျက်လုံးအဝိုင်းသားဖြင့် သိပ်နားမလည်လှဘဲ လက်ကလေးကို ဝှေ့ရမ်းပြနေသော တစ်နှစ်ရွယ် သမီးချောလေး။ ဒီသမီးလေးနှင့် သူ့မေမေကို အိမ်ထောင်ဦးကာလမှာ ကျွန်တော်အဲဒီလိုထားခဲ့ပြီး ရာထူးသစ် တစ်ခုကို လက်ခံဖို့ မြို့တော်ကြီးဆီ ထွက်ခဲ့ရသည်။ သူတို့သားအမိကျန်ရစ်ရာ ဗန်းမောက်မြို့လေးကလည်း သူ့အမေ တာဝန်ကျရာမြို့ဖြစ်ပြီး ကျွန်တော်က ဧည့်သည်သွားဧည့်သည်လာ ရောက်တတ်ရသောနေရာမို့ သမီးနှင့်ကျွန်တော်က ငယ်ငယ်ကတည်းက အတူနေရရက် နည်းလှသည် ဆိုရမည်။

            ဒါပေမယ့် ဒီတုန်းကတည်းက သမီးက အရွယ်နဲ့မလိုက်အောင် အဖေ့ကိုခင်တွယ်သည်။ အဖေကလည်း ကြံကြံဖန်ဖန် တစ်နှစ်သမီးနှင့် တူတူပုန်းတမ်းကစားတတ်သော အဖေမျိုးဖြစ်တော့ အဖေထွက်သွားပြီးတဲ့နောက် အမေလုပ်သူက 'သမီးလေး၊ ဖေဖေကော' လို့မေးလျှင် လေးဖက်တွားပြီး အဖေတူတူပုန်းတတ်ရာ တံခါးနောက်ကွယ်ကိုသွားရှာတတ်ကာ မတွေ့တော့ ခေါင်းခါပြတတ်သည်တဲ့။ ဒီ့နောက် ဖေဖေကောလို့ မေးလျှင် 'ဝူး သွား'ဟု ကား ကြီးစီးပြီးသွားပြီဆိုသော အဖြေမျိုး ပေးတတ်သည်တဲ့။ ဒီအကြောင်းတွေ သူ့အမေရဲ့ စာထဲမှာဖတ်ရတော့ ကျွန်တော် သမီးလေးကို အတော် လွမ်းခဲ့ရသည်။

            နောက်တော့ သမီးနဲ့ တစ်နှစ်ပဲ ခွဲလိုက်ရပြီး သမီး နှစ်နှစ်သမီးမှာ သမီးမေမေ ရန်ကုန်ပြောင်းခွင့် ရသဖြင့် သုံးနှစ်လောက်ကွဲကွာနေခဲ့သောမိသားစု ပြန်ဆုံစည်းရသည်။ ဒီတုန်းက နှစ်နှစ်ရွယ် နဲ့မလိုက်အောင် စကားတတ်လွန်းသောသမီးက အဖေ့တွက် ဂုဏ်ယူစရာ။ မှတ်မှတ်ရရ ဦးလေးတစ်ဦးက သမီးအမေကို 'ငါ့တူမက တစ်ယောက်တည်း ပျင်းပျင်းရှိတိုင်း ကလေးကို စကားသင်နေလားမှ မသိတာ'လို့ ပြောစရာဖြစ်ခဲ့သည်။

            သမီးလေးနှစ်ရွယ်မှာ အဖေက အနောက်ကမ္ဘာခြမ်းသို့ ပညာသင်သွားခွင့်ရသည်။ ဒီတုန်းက အဖေကိုချစ်သောသမီးက သူလည်း အဖေနဲ့ အတူလိုက်မှာဖြစ်ကြောင်း တွေ့တဲ့လူတိုင်းကို ပြောတတ်သည်။ သမီးက လေယာဉ်ပျံလက်မှတ်ရှိလို့လားလို့မေးလျှင် 'သမီးက ဖေဖေ့ ထိုင်ခုံအောက်မှာ တိတ်တိတ်ကလေး ပုန်းလိုက်သွားမှာ'ဟု ဆိုသည်။                                    အဖေပြန်လာတော့ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ခေတ်မှာ မြန်မာငွေဖြင့် တစ်ထောင်ကျော်ခန့် တန်သော ဂါဝန်နှစ်ထည် သမီးတွက် ဝယ်လာဖြစ်သည်။ တစ်နေ့ ဒီထဲက တစ်ထည်ကို ဝတ်ပြီး ဝယ်နေကျ စတိုးဆိုင်ကိုအဝင်မှာ ဆိုင်ရှင်က သမီးလေးဂါဝန်က သိပ်လှ ပါလားလို့ဆိုတော့ 'ဖေဖေ နိုင်ငံခြားက ဝယ်လာတာ အန်တီရဲ့၊ ဂါဝန်က အထပ်တွေ အများကြီး၊ ဒီမှာရော ဒီမှာရော ဒီမှာရော'ဆိုပြီး တစ်ထပ်ပြီးတစ်ထပ် အောက်ခံ ဘောင်းဘီပေါ်သည်ထိ လှန်ပြသည်ကို ဆိုင်ရှင်က သဘောကျ ချစ်ခင်ပြီး မုန့်တစ်ထုပ် စားဖို့ပေးလိုက်တာကို ပြန်သတိရမိနေသေးသည်။ တောင်စဉ်ရေမရ အမျှင်တန်းနေသော အတွေးတို့က အိမ်အရောက်မှာမှ ပြတ်တောက်သွားခဲ့သည်။ သမီးကတော့ မိသားစုကိုခွဲပြီး လေယာဉ်ဖြင့် ထွက်ခွာသွားပြီ။ အဖေအလှည့်ကျတော့ ထိုင်ခုံအောက်ပုန်းပြီး လိုက်သွားမှာလို့ ပြောခွင့် မသာပါကလား။

            သမီး မရှိတော့သော အိမ်ထဲကို မိသားစုတစ်တွေ အသံတိတ် ဝင်ရောက်ဖြစ်ခဲ့ပြီး ညကအိပ်ရာဝင် နောက်ကျခဲ့သည်မို့ ခဏလဲလျောင်းရန် အိပ်ရာထဲရောက်ရင်း အတွေးရွက်ကို ဆက်လွှင့်မိပြန်သည်။

            သမီးငါးနှစ်မပြည့်မီ မမျှော်လင့်ဘဲ အဖေအလုပ်က ထွက်ဖြစ်လိုက်တော့ သမီး ဖေဖေက မန်နေဂျာဟု ဂုဏ်ယူပြောတတ်သော သမီးလေးကို ဖေဖေ မန်နေဂျာ မဟုတ်တော့ကြောင်း ပြောပြရတဲ့အခါ မျက်လုံးအဝိုင်းသားဖြင့် ခပ်လေးလေး ခေါင်းညိတ်သည်။ ယခင်ထက် ပိုပူပုံရသော ထို နှစ်နွေမှာ အဖေ့ဇာတိမြေကို အလည်အပြန် ရထားပေါ်မှာ လေးငါးခုံကျော်က လင်မယားဆီ သူဘယ်လိုရောက် သွားသည်မသိ၊ စကားတွေ တီတီတာတာပြောရင်း တော်တော်နဲ့ပြန်မလာ။ လက်ထပ်စဖြစ်ဟန်တူသော စုံတွဲက သမီးကို ညွတ်နူးချစ်ခင်စွာ မုန့်တွေအမျိုးမျိုး ထုတ်ကျွေးပေမယ့် စားတာ မတွေ့ရဘဲ သူပြောချင်တာပြောပြီး အတော်ကြာမှ အဖေ အမေထံ ပြန်လာသည်။

            'သမီးက ဘာတွေ ပြောနေတာလဲ'လို့ မေးတော့ ဦးဦးနဲ့အန်တီကို ပုံပြောပြတာပါဟု ဆိုသည်။ ဘာပုံတွေ ပြောတာလဲဆိုတော့ 'ငပေ နဲ့ငတေရယ်၊ ယုန်လေးနဲ့ ကျားကြီးရယ်၊ ကျောက်ကျော မင်းသမီးလေးရယ်၊ အမြီးဖြူဆေးရယ်၊ ကော့ကော်ကော်ရယ်'ဟု ဆိုသည်။ ဒီပုံပြင်ထဲက အများစုမှာ အဖေကသမီးကို လက်တန်းပြောခဲ့တာတွေဖြစ်ပြီး အဖေပြောခဲ့သည့် ဒိုင်ယာလော့ခ် လေသံအနိမ့်အမြင့် အတိုင်း မရှက်မကြောက်ဟန်နဲ့ပန်နဲ့ပြောမယ့် သမီးကို သဘောကျချစ်ခင်စွာ ရယ်မောနားထောင်ကြသော ထိုစုံတွဲက သမီးဖေဖေက ဘာလုပ်သလဲလို့ မေးသေးပါသတဲ့။

            'သမီးက ဖေဖေက မန်နေဂျာလို့ ပြောဦးမလို့၊ နောက်မှ မဟုတ်သေးပါဘူး ဆိုပြီး စဉ်းစားပြီးတော့ ဖေဖေက ကဗျာဆရာလို့ ပြောလိုက်တယ်'

            သမီးစကားကြောင့် ရုတ်တရက် လန့်သွားမိပြီး လေးငါးခြောက်လမှ ကဗျာ တစ်ပုဒ်လောက်ပါသော ဘဝကို ကဗျာဆရာပါဟု ဂုဏ်ယူ မပြောခဲ့ရဲသော အဖေ့ကို ကဗျာဆရာဟု ရဲရဲဆိုခဲ့သည့် သမီးတွက် ကဗျာတွေ ကြိုးစားရေးခဲ့ရသော ကာလဖြစ်ခဲ့ရသည်။ သမီးတွက်တော့ အဖေက ကဗျာဆရာ။ အများအမြင်မှာတော့ အဖေက အလုပ်လက်မဲ့။ ဒါပေမယ့် သူငယ်ချင်းလုပ်ငန်းရှင် တချို့ထံ ထည့်ထားသော ငွေလေးအနည်းအကျဉ်းမှ ရငွေနှင့် အမေ့လစာတို့ဖြင့် ကြွေးမတင်အောင် ခြိုးခြံဖြတ်သန်းရင်း အဖေက လူမှုရေးအလုပ်တွေထဲမှာ ဘဝကို နှစ်ထားခဲ့မိသည်။

            အဖေ့အလုပ်က တစ်ခါတစ်ရံ ဝေးလံခေါင်ပါး အန္တရာယ်များသောဒေသတွေမှာ ရှိတတ်သမို့ မိသားစုက စိတ်ပူပေမယ့် အဖေကတော့ ကိုယ်ယုံကြည်ရာကို ဇွတ်ပေပြီး လုပ်ခဲ့မိတာတွေ ရှိသည်။ ဒီလိုနေထိုင်ရင်း တစ်နေ့မှာ မမျှော်လင့်ဘဲ သမီးရဲ့အဖေ ကျွန်တော့်ကို လူဆိုးတစ်စု ဖမ်းသွားတဲ့အဖြစ်ကတော့ ဝတ္ထုဆန်သည်လို့ ဆိုရမလား မသိပါ။ ထိုလူစုက ကျွန်တော့်ဆီက သူတို့အကျိုးစီးပွား တစ်စုံတစ်ရာကို မျှော်လင့်ပြီး ဖမ်းခေါ်သွားတာဖြစ်ပေမယ့် မိသားစုကို အကြောင်းကြားခြင်းမပြုခဲ့။ ဒီတော့ ဘယ်ရောက်သွားမှန်းမသိ၊ သေလားရှင်လား မသိရသော အဖေ့ကို သမီးက တသစွာ မေးလာသောအခါ သူ့အမေမှာ ဖြေဖို့ စကားမရှိခဲ့။

            နောက်တော့ ကျွန်တော်သည် သူတို့လိုချင်တာကို ပေးနိုင်လောက်အောင် ပြည့်စုံကုံလုံသူ မဟုတ်ဟု သိသွားကြသောအခါ လူအန္ဓတွေက လူမှားခေါ်လာမိတာဟုဆိုပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်ကြသည်။ သို့သော် သူတို့ခေါ်သွားကြောင်း ဘယ်သူ့ကိုမှ မပြောရဟုတော့ ပိတ်လိုက်သေးသည်။ (တကယ်တော့ နှလုံးသားမည်းညစ်သူတို့ စိုးမိုးရာနေရာမျိုး၌ တိုင်စရာ တောစရာလည်း မရှိကြောင်းသိလျက်နှင့် တမင်ခြိမ်းခြောက်တာဖြစ်ပြီး ယခုတော့လည်း သူတို့တွေ အများစုမှာ ထောင်အသီးသီးထဲမှာ မိုက်ကြွေးတွေကို ဆပ်နေကြရပြီဟု ကြားရပါသည်။)

            ကျွန်တော် ပျောက်သွားစက သမီးလေးကို ကျွန်တော့်ဇာတိ ကသာသို့ ခဏပြန်သွားတာပါဟု လိမ်ထားရတော့ ချက်ချင်းပြန်ခေါ်ပေးလို့ ပူဆာပေမယ့် နောက်ပိုင်းမှာ အိမ်ကို လာမေးသော ဧည်သည့်များရဲ့အပြောကို နားစွန်နားဖျားကြားကာ လူဆိုးတွေလက်ထဲ ကျွန်တော် ရောက်နေကြောင်း သူသိသွားပြီး အပြင်းဖျားသွားသည်ဆိုပါသည်။ ဒီနောက်မှာတော့ ဒုတိယတန်း ကျောင်းသူသမီးလေးဟာ ကျွန်တော် ကသာသွားနေတယ်ဆိုတာကို သူ ယုံသယောင် ပြန်လည်လှည့်စားပြီး 'ဖေဖေ ကသာ သွားတာ ကြာလိုက်တာနော်' ဆိုတာမျိုးကိုသာ ပြောကာ 'ဖေဖေ ပြန်လာရင် အိမ်မှာပဲ အမြဲနေဖို့နဲ့ သင်္ဘောသားပဲ လုပ်ပါလို့ မေမေ ပြောပေးနော်'လို့လည်း ပြောတတ်ပါသေးသည်တဲ့။ ကံအားလျော်စွာ ကျွန်တော် ပြန်လွတ်လာတော့ သမီးက အရမ်းပျော်ပြီး သမီး လေးတန်းလောက်မှ ဖေဖေ ပြန်လာမယ် ထင်တာဟု ပြောပါသေးသည်။

            ဒီနောက်တော့ အလွန်သွက်လက်ထက်မြက်တဲ့ ကလေးဟာ အဖေ ဘယ်တော့ ထပ်ပျောက်သွားမလဲ စိတ်ပူရင်း ဘဝဆိုတာ မမျှော်လင့်ဘဲ ကံဆိုးတတ်တယ်ဆိုတဲ့ အစွဲတစ်ခု ကပ်ငြိကာ စိတ္တဇဆန်ဆန် ဖိစီးမှုမျိုး ဖြစ်လာပါသည်။ အဖေ အခုလို အလုပ်မရှိတာ အိမ်က ပျောက်သွားတာတွေဟာ သူ အပြစ်တစ်ခုခု လုပ်မိလို့ ဖြစ်မလားဆိုပြီး နေ့စဉ်သူလုပ်သမျှအလုပ်တိုင်း အသေးအဖွဲ ခြေလှမ်းလှမ်းတာကအစ မှားမှာကြောက်ပြီး မျက်ရည်နဲ့မျက်ခွက် ဖြစ်နေပါသည်။ အဘွားလုပ်သူက ပယောဂ ဆရာမျိုးနဲ့ ကုစေချင်ပေမယ့် အဖေကသမီးကို အချိန်ယူ ဖျောင်းဖျ ပြောဆိုရရုံမက တတ်သမျှမှတ်သမျှ စိတ်ပညာဗဟုသုတဖြင့် ကလေးအိပ်ပျော် စယတိုင်း အော်တို ဆပ်ဂျက်ရှင်းနည်းဖြင့် ကလေးရဲ့စိတ်ကို လုံခြုံမှုရအောင် လုပ်ပေးပါသည်။ အမေလုပ်သူက သမီးလေးတော့ ပစ်ရပြီထင်ပါတယ်လို့ မျက်ရည်စမ်းစမ်း ဖြစ်ပေမယ့် လူကြီးလိုသိ လူကြီး လိုပူတဲ့ကလေးကို သူ့အသိစိတ်ကိုပဲသုံးပြီး ကုဖို့လုပ်တဲ့ ကျွန်တော့်ကြိုးစားမှု အောင်မြင်ပြီး တစ်နှစ်လောက်အကြာမှာ သမီးလေးပုံမှန် ပြန်ဖြစ်သွားပါသည်။

            ဒီအတောအတွင်း ပုဂ္ဂလိကလုပ်ငန်းကြီးတစ်ခုက ကျွန်တော့်ကို အလုပ်ခန့်ဖို့ ကမ်းလှမ်းလာသည်။ ဒါကို လွတ်လွတ်လပ်လပ် လုပ်ချင်ရာလုပ်ရတာ အရသာတွေ့နေသော ကျွန်တော်က ငြင်းလိုက်ပြီးမှ သမီးရဲ့ စိတ်လုံခြုံမှုကို ဖြည့်ဆည်းပေးဖို့လိုကြောင်း သိလာတော့ ပြန်လက်ခံ ဖြစ်ပါသည်။ သမီးကြောင့် လက်ခံဖြစ်တဲ့ရာထူးမှာ အဆင့်ဆင့်ရာထူးတက်မှုနဲ့အတူ ရုံးကပေးထားသော တိုက်ခန်းမှာနေ၊ ရုံးကပေးသော ဆိုင်ကယ်ကိုစီးရင်း သမီးတွက် ညီမလေး တစ်ယောက်မွေးဖြစ် စသည်ဖြင့် မိသားစုတွက် ရွှေရောင်ရက်များလို့ပင် ဆိုနိုင်ပါသည်။

            ကျောင်းလိုက်ပို့တဲ့ အဖေ့နောက်ကျောကို မှီပြီး ဆိုင်ကယ်ပေါ် မှေးငိုက်ရင်း ကျောင်းသွားတတ်တဲ့ သမီးလေးဟာ စိတ်လုံခြုံမှုအပြည့် ရလာပုံရချိန်မှာပဲ နောက်ထပ် လောကဓံမုန်တိုင်းထဲ မိသားစု ကွဲခဲ့ရပြန်တာဖြင့် ရက်ပေါင်း ခုနှစ်ရာတောင် မကခဲ့ပါ။ ဒါကို ပြန်တွေးပြီး ဘယ်သူ့မှလည်း အပြစ်မတင်လိုတော့။ ဘယ်သူမပြု မိမိမှုလို့ပဲ ကျွန်တော် သဘောထားလိုက်ချင်ပါသည်။ မိသားစုကိုခွဲပြီး အဝေးမှာ ကိုယ့်ဘဝကိုယ်ကြိုးစား ရပ်တည်ရသည့် အဖေ့ထံ... လုပ်ချင်တာလုပ်ပြီး ဖြစ်ချင်တာဖြစ်သွားတဲ့ အဖေ့ဆီ... သူ့အမေနဲ့ သမီးလေး လိုက်လိုက်လာတဲ့အခါ မျက်ရည်စတွေနဲ့ ဖြစ်ပေမယ့် အဖေ့ကို ဘယ်တော့မှ အပြစ်မတင်၊ အဖေ့တွက်ပဲ ပူပန်တတ်ပြီး မြန်မြန်ပြန်လာဖို့သာ မှာတတ်တဲ့သမီးလေး ဖြစ်ပါသည်။

            ဒုတိယအကြိမ် ရာထူးမဲ့သွားတဲ့အဖေက မိသားစုကို တာဝန်မယူတဲ့ပြင် သူ့တွက် တောင်မိသားစုက ဝန်ပိုနေရချိန် သမီးလေးဟာ အမေနဲ့ လက်တွဲဖော်သမီးကြီး၊ သူ ငယ်ငယ်ကလို အဖေကို လွမ်းကျန်ခဲ့တဲ့ ညီမလေးကို ဖေးကူချော့မော့ရတဲ့ အစ်မကြီးဖြစ်လာခဲ့ပါသည်။ ထိုသို့

မိသားစုတွက် ဖြည့်ဆည်းပေးဖို့ သူ့ဘဝကို ဖဲ့ချွေရင်းနှီးခဲ့ရတာလည်း ရှိမှာပါ။ ဒါကြောင့် အဖေနဲ့ခွဲရချိန်မှာ ဖြေခဲ့တဲ့ရှစ်တန်းစာမေးပွဲကို ဂုဏ်ထူး လေးဘာသာနဲ့ အောင်ခဲ့တဲ့သမီးဟာ ဆယ်တန်းကို နှစ်ချင်းပေါက် မအောင်နိုင်ဘဲ ဖြစ်ခဲ့ရပါသည်။ ဒုတိယနှစ်ကျမှ ဆယ်တန်းအောင်တော့ အဖေနဲ့ ဘွဲ့တူချင်လို့ဆိုပြီး စီးပွားရေးတက္ကသိုလ်ကို တက်ပါသည်။

            ထိုသို့ အဖေကို စွဲလမ်းသော သမီးခမျာ ဒီတစ်ခေါက် အဖေနဲ့ ခွဲရတာ ငါးနှစ်ကြာပေမယ့် ငယ်ငယ်ကလို လွတ်လွတ်လပ်လပ် အားငယ်ခွင့်မသာ။ ညီမလေးကို ချော့ရ၊ မေမေ့ကို ငဲ့ရဖြင့် ကြိတ်မှိတ်ခံစားရပုံပေါ်ပါသည်။ သူခံစားရသမျှ သူကြေကွဲသမျှ သူ့သောက သူ့ဒေါသတွေကို ဒိုင်ယာရီ မှတ်တမ်းတွေဖြင့် ရင်ဖွင့်ထားတာ နောက်မှမိသားစုက တွေ့ကြရပါသည်။ ဒီမှတ်တမ်းတွေကို သူ့ချစ်သူ များဖတ်လျှင် စိတ်ထိခိုက်မှာ စိုးသလို သူ့မုန်းသူများ ဖတ်လျှင်လည်း ပိုအမုန်းပွားစရာ ဖြစ်မှာမို့ သူက ဘယ်သူမှ ပြလေ့ရှိပုံမရဘဲ ကျစ်လျစ်စွာ သိမ်းတတ်တဲ့သမီး။

            ဒီသမီးနဲ့ မိသားစုထံ သူ့တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော် ပြန်လာဖြစ်ပါသည်။ ဒီတစ်ခါတော့ ကျွန်တော် သမီးငယ်ငယ်က ပြောခဲ့သော ဖေဖေက ကဗျာဆရာဆိုတာကို ပိုပီပြင်အောင် ကြိုးစားဖြစ်ပါသည်။ ကဗျာတွေ ရေးရင်း လူမှုရေးကိစ္စတွေကိုလည်း မျက်ကွယ်မပြုနိုင်သေးသော ကျွန်တော့်ကို မိသားစုက အတိုင်းအတာတစ်ခုထိ ခွင့်လွှတ်ထားကြရပုံပါ။ ဘာပဲဖြစ်ဖြစ် တစ်ဦးကိုတစ်ဦး အပြစ်တင်ခဲ၊ အပြစ်မြင်ခဲပြီး မိသားစု စုံစုံလင်လင်ရှိရုံဖြင့် တင်းတိမ်ရောင့်ရဲနိုင်သော ကျွန်တော်တို့ မိသားစုရဲ့ချစ်ခြင်းကိုတော့ ကျွန်တော် ဂုဏ်ယူချင်ပါသည်။

            ဒါပေမယ့် ဘယ်လို ရောင့်ရဲတယ်ဆိုဆို နေ့စဉ်ရပ်တည်မှု ဘဝလှိုင်းထဲ မြုပ်ချီပေါ်ချီ ရုန်းကန်နေရသော မိသားစုကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်း။ ကျွန်တော်ဟာ တာဝန်မဲ့ အဖေ တစ်ယောက်ဖြစ်နေလား။ မိမိနှင့် ပုခုံးချင်းယှဉ်ခဲ့သူ တချို့အား မော့ကြည့်ရသော အဖြစ်ကို သူတို့က ဘာမို့ ကိုယ်က ဘယ်လိုမို့လို့ဟု ဆင်ခြေပေးရုံဖြင့် လုံလောက်ပါ့မလား။

            ဒီလို အတွေးတွေ ဘောင်ဘင်ခတ်ဆဲမှာပင် ကျွန်တော်နယ်မှလာပြီး အလုပ်သစ်လာလက်ခံစဉ်က အလုပ်ဝင်ဖက်ဖြစ်ခဲ့ဖူးသူ အမျိုးသမီးမိတ်ဆွေက သူလက်ရှိအလုပ်လုပ်ရာ ပြည်ပမှ အလည်ပြန်လာချိန်မှာ ကျွန်တော်တို့မိသားစုအတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ပါသည်။

            ထိုသူငယ်ချင်း၏ ကူညီစီစဉ်မှုဖြင့် သမီးကြီးမှာ သူ့လုပ်ငန်းမှာ အလုပ်ရသွားခဲ့ပြီး ရုတ်ချည်းဆိုသလို ကျွန်တော်တို့ကို ခွဲသွားဖို့ဖြစ်လာရသည်။

            သူများတွေ ငွေကြေး အစုလိုက်အပုံလိုက် ကုန်ကျခံပြီး ပြည်ပထွက်ဖို့ ကြိုးစားကြချိန် ဒီကိစ္စကို စိတ်ဝင်စားနိုင်စွမ်းရှိသည် မထင်ခဲ့သော ကျွန်တော်တို့ကို တစ်ပြားတစ်ချပ်မှ မကုန်စေဘဲ ကူညီမယ့်သူပေါ်လာတာ ဖြစ်ပါသည်။ ရုတ်တရက် ဖြစ်လာသော အချိုးအကွေ့တွက်  အချိန်မီလုပ်သင့်သည်များကို ကြိုးစားရရင်း မိသားတစ်စုလုံး ဖတ်ဖတ်မောကာ သမီးသွားဖို့ အဆင်သင့်ဖြစ်သည့်နေ့မှ သမီးနဲ့ခွဲရမှာပါလားဟု သတိရပြီး ထိခိုက်ကြေကွဲမိသည်။

            အဖေနဲ့အမေကို ထိုင်ကန်တော့တော့ မျက်ရည်မဆည်နိုင်တဲ့ အမေ့ကို 'မငိုပါနဲ့အမေရယ်၊ သမီး အဆင်ပြေမှာပါ' ဟု မျက်ရည်အဝိုင်းသား ပြောသွားတဲ့သမီးလေး၊ ဆွေမျိုးနီးစပ် တစ်ဦးကို 'သမီးက အကြီး မဟုတ်လား၊ မိသားစုတွက် တာဝန်ရှိတယ်၊ ဒါကြောင့် သွားမယ်လို့ ဆုံးဖြတ်တာ' လို့ ပြောပြတဲ့သမီးလေး၊ သူငယ်ချင်းတစ်ဦးကို 'ငါ မချမ်းသာချင်ပါဘူးဟာ၊ ဒါပေမယ့် အဖေနဲ့အမေကို ကိုယ်ပိုင်အိမ်လေးနဲ့ ထားနိုင်ရင် တော်ပါပြီ' လို့ ရင်ဖွင့်သွားတဲ့ သမီးလေး။ ဒီသမီးလေးက တကယ်တော့ ကိုးနှစ်ကွာသော သူ့ညီမလေး၏အစ်မ သမီးကြီး ဖြစ်ပါသည်။

            ဒါပေမယ့် ကျွန်တော်တို့တွက်တော့ သမီးလေးကလည်းသမီးလေး၊ သမီးကြီးကလည်း သမီးလေးပါပဲ။ ဒီသမီးလေးကို မိဝေးဖဝေး သူစိမ်းမြေမှာ အလုပ်လုပ်ဖို့ တစ်ယောက်တည်း လွှတ်လိုက်ရမှာကို မှန်မှမှန်ရဲ့လားလို့ ကိုယ့်ဘာသာ သံသယဖြစ်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါ။                    သမီးသွားတော့ မိသားစုနှင့်အတူ သမီးကိုချစ်သော ဖေဖေ့ စာရေးဖော်နှစ်ဦး၊ သမီးသူငယ်ချင်းတစ်ဦးတို့ လိုက်ပို့ကြသည်။ လေယာဉ်ပေါ်အတက် အဝေးကနေ လှမ်းလက်ပြတဲ့ သမီးလေးကို လက်ပြန်ပြရင်း သူ့ အမေ၊ သူ့ညီမလေးနဲ့ အစ်မဝမ်းကွဲများရော သူ့သူငယ်ချင်းပါ မျက်ရည်သုတ်နေကြခိုက် ဟန်မပျက် လှမ်းငေးနေသော အဖေ့မြင်ကွင်းထဲမှာလည်း မြူတွေဆိုင်းနေခဲ့ သည်။

            အိပ်ရာပေါ်မှာ အတွေးစောင်တစ်ထည်နှင့် ရစ်ပတ်လုံးထွေးနေခိုက်မှာ ရေချိုးခန်းထဲက အသံဗလံတွေကြောင့် ထွက်ကြည့်မိတော့ အဝတ်တွေ ကျောပေးလျှော်နေသော သမီးအမေကို တွေ့ရသည်။ မေးကြည့်တော့ သမီးအခန်းကို ရှင်းပြီး ကျန်ခဲ့တဲ့အဝတ်တွေ လျှော်ပေးနေတာတဲ့။ တကယ်တော့ သူ့သောကတွေကို ရေနဲ့ဆေးချဖို့ ကြိုးစားနေတာကို ကျွန်တော် နားလည်လိုက်သည်။ သူ ကြာကြာ ဟန်မဆောင်နိုင်ပါ။ ရှိုက်ကြီး တစ်ငင်ငိုချလိုက်ပြီး သမီးကို လွမ်းလိုက်တာတဲ့။ ကျွန်တော်က သြော်-မင်းကလည်း၊ အခုမှသွားတယ်၊ ပြီးတော့ စိတ်ပူစရာမှ မရှိတာဟု နှစ်သိမ့်ရပေမယ့် စင်ကာပူမှာ လေယာဉ်ပြောင်းဖို့ သူ တစ်ယောက်တည်း အဆင်ပြေပါ့မလား ကျွန်တော်လည်း ပူပန်နေသည်။

            သူ့အမေက သမီးက သိပ်လိမ္မာတော့ ပိုလွမ်းတာ၊ မိုက်တဲ့ဟာဆိုရင်တော့ သွားပစေလို့ အောက်မေ့မှာဟု မျက်ရည်သုတ်ရင်း ပြောတာကို ကျွန်တော် ပြန်ပြောဖို့ ခက်သွားသည်။ ဟုတ်ပါရဲ့။ အလိုက်သိတတ်၊ အနစ်နာခံတတ်တဲ့သမီးလေး။ သမီးလေးရဲ့ အသံစာစာကို ကျွန်တော် ပြန်ကြားယောင်နေမိသည်။

            'မေမေကလည်း၊ သမီးလုပ်ပါမယ်ဆို၊ မေမေ သွားအိပ်လိုက်ဦး၊ ပြီးရင် သမီး နှိုးလိုက်မယ်'

            'မေမေ သမီးဖို့ နည်းနည်းပဲထား၊ သမီးက သိပ်မကြိုက်ဘူး'

            'သမီး အခု သွားပေးမယ်လေ၊ မေမေလိုချင်တာသာ မှာလိုက်'

            'ညီမလေး စားလိုက်တော့၊ မမက ဝပြီ'

            'ဖေကြီး ယူဦး၊ သမီးကုန်မှာ မဟုတ်ဘူး'

            လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရမယ်တဲ့ သမီးရေ။ နာစရာမရှိတဲ့သမီးကို လွမ်းသမျှ ဖေဖေတို့ ဘယ်လိုဖြေရမလဲ။ ပြောပါဦးကွယ်... ကျွန်တော့် အတွေးမဆုံးခင်မှာ ဗလာစာအုပ်တစ်အုပ် လက်ထဲ ကိုင်ပြီး မျက်ရည် စက်လက်ဖြင့် သမီးငယ် ရောက်လာပြန်သည်။

            'ဖေဖေ၊ ဖေဖေ မရှိတုန်းကအကြောင်းတွေ မမ ရေးထားတာ၊ ခုမှတွေ့တယ်၊ သနားစရာကောင်းလိုက်တာ ဖေဖေရယ်'

            ထပ်မကြေကွဲချင်တဲ့ စိတ်ကြောင့် သမီးငယ် လက်ထဲကစာအုပ် ကျွန်တော် ယူ မဖတ်ဖြစ်ပါ။ တစ်ဘက်မှာ ကျွန်တော့်နည်း ကျွန်တော့်ဟန်ဖြင့် အလွမ်းဖြေဖို့ စိတ်ကူးဖြင့်သာ စာရေးစားပွဲထိုင် လိုက်ပါသည်။ သမီးသွားသည့်နေ့ အမှတ်တရကဗျာ တစ်ပုဒ်ရေးမည်လို့ စိတ်ကူးဖြင့် ဖြစ်ပေမယ့် တကယ့်ရေးဖြစ်တော့ မှတ်တမ်းဝတ္ထု တစ်ပုဒ် ဖြစ်နေသည်။

            ကျွန်တော် ဖွဲ့သီကာ အန်မထုတ်ဖြစ်ဘဲ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စူးနစ်ကျန်နေသည့် ကဗျာထဲမှာတော့ သိုက်မြုံကိုခွာ၊ လေကိုဆန်ပြီး အဝေးဆီ ပျံသန်းသွားသည့် ငှက်ပျိုမလေးတစ်ကောင် ရှိနေသည်။ ဒီငှက်ပျိုမလေးသည် အတောင်စုံပြီမို့ သိုက်မြုံကို စုံကန်ပြီး ခွဲထွက် သွားခဲ့သူလေးမဟုတ်။ သူ မွေးဖွားကြီးပြင်းရာ အသိုက်အမြုံရဲ့ လောကဓံလေပြင်းထဲ ပြိုပျက်ယိုယွင်းသမျှကို ပြင်ဆင်မွမ်းမံနိုင်လိမ့်နိုးဖြင့် အစားထိုး အခက်အလက်တို့ ကိုက်ချီဖွေရှာရန် ဝေးလံ ခေါင်ဖျားရပ်ဆီ စွန့်စား ပျံသန်းသွားခဲ့သူလေးသာ ဖြစ်သည်။

            တစ်ခုတော့ ရှိပါရဲ့။ ချစ်ခင်သူများနှင့်ဝေးရသည့်အခါ သောကကို ဟန်လုပ်ဖုံးရင်း ရင်ထဲခံစားရသမျှကို မှတ်တမ်းရေးဖွဲ့တတ်သော သမီးလေးသည် ယခုအခါ သူခံစားရသမျှကို စာဖွဲ့သီ ဖြစ်မှာသေချာသည်။ သူ ဒီမှာရှိနေစဉ်က ခံစားရသမျှ ကို ဖွင့်ဟရေးမိလေသမျှ ချစ်သူတွေများ ထိခိုက် မလား၊ မုန်းသူတွေကများ ငြိုငြင်မလားလို့ ဖုံးရဖိရဝှက်ရသော ဒုက္ခမျိုးကတော့ သူ ကင်းဝေးပြီး လွတ်လပ်စွာ ဖွဲ့နိုင်ရေးနိုင်ပြီ ထင်ရဲ့။

            သမီးရဲ့ နှလုံးသားကို လွတ်လပ်ခြင်း ကောင်းကင်ပြင်ထဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပြုလိုက်စမ်းတော့ကွယ်...

            ဖြစ်နိုင်မယ် ဆိုရင်တော့ သိုက်မြုံဝေးငှက်ကလေး ရေးဖြစ်မယ့် လွမ်းတေးဖွဲ့ ဒိုင်ယာရီကို ကျွန်တော့်နှလုံးသားဖြင့် ဆက်သွယ်ခံစား ဖတ်ကြည့်ချင်စမ်းလှပါသည်။  ။

မောင်လွင်မွန် ၊ကသာ၊

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်