ရွှေဝတ္ထု

အပေါင်ပွဲစား

မင်းတင်ထွဏ်း

01 January 2026
အပေါင်ပွဲစား
Share to

'တုံ...တုံ...တုံ... တုံ'

အရှေ့ဘက် ရွာတွေဆီက အုန်းမောင်းခေါက်သံကြားလျှင် ကျွန်မ အိပ်ရာက နိုးနေပါပြီ။

မြို့အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်လေးမို့ ရွာရနံ့က သိပ်မပျောက်သေးပေ။ ကျွန်မတို့ မင်္ဂလာရပ်ကွက်လေးကို ပြောင်းလာသည်မှာ တစ်လပင် မပြည့်သေးပါ။ ကျွန်မခင်ပွန်းက နယ်မြို့လေးကနေ မန္တလေး ရွှေမြို့တော်ကြီးကို ရာထူးတိုးပြီး ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းအိမ်ရာမရတော့ သင့်တော်ရာ ဆင်ခြေဖုံးရပ်ကွက်လေးမှာပဲ အိမ်ငှားနေရသည်။

အိမ်လေးက သီးခြားအိမ်လေးပါ။ ၃ ပင် ၂ ခန်း ကပ်မိုးထရံကာ အိမ်လေးဖြစ်သည်။ နောက်အဖီ မီးဖိုခန်းလေးပါသည်။ ဒီလို အိမ်ပုံစံတူလေးတွေက ဝင်းထဲမှာ လေးအိမ်ရှိသည်။ အားလုံး အိမ်ငှား ချည်းဖြစ်သည်။ အိမ်ရှင်ကတော့ ဒီရပ်ကွက်ထဲမှာပဲ သီးခြားအိမ်နဲ့ နေသည်။

            ကျွန်မတို့နဲ့ ဘေးချင်းကပ်လျက် အနောက်ဘက်အိမ်က ဦးဘမော်၊ ဒေါ်တင်နွဲ့တို့ အိမ်ဖြစ်သည်။ ဦးဘမော်က ပင်စင်စားဖြစ်သည်။ သားသမီးများက အိမ်ထောင်များဖြင့် အဝေးမှာနေသည်။ ဦးဘမော်က ပျော်ပျော်နေတတ်သူ ဖြစ်ပြီး ဒေါ်တင်နွဲ့က ပုတီးသမား၊ တရားသမား ဖြစ်သည်။

            ကျွန်မတို့အိမ် နောက်ကျောက အိမ်ကတော့ ကိုကျားမောင်၊ မတူးတို့အိမ် ဖြစ်သည်။ ကလေးက ၅ ယောက်လောက် ရှိသည်။ ကိုကျားမောင်က လက်သမား။ ဒါပေမယ့် အမြဲမူးနေသည်။ ရတဲ့ငွေကို သောက်စားပစ်သည်။ အလုပ်မရှိလျှင် အရက်ဖိုးကို မတူးဆီ တောင်းသည်။ မတူးကလည်း ရှိလျှင် ပေးလိုက်သည်။ မရှိလျှင် မပေးနိုင်။ ဒီတော့ ကိုကျားမောင်က အော်ဟစ်ဆဲဆို ရိုက်ပုတ်တော့သည်။ မတူးခမျာ အမြဲငိုနေရသည်။ ကိုကျားမောင် လက်ပါလျှင် အိမ်က ထွက်ပြေးရသည်။ လူကြီးဆီ ခဏခဏ ရောက်ပြီး ရှင်းကြရသည်။ ည ကွာမယ်လုပ်၊ မနက်ပြန်ပေါင်းထုပ်သော လင်မယား ဖြစ်သည်။

            မတူးတို့အိမ် အနောက်ဘက် ဒေါ်တင်နွဲ့တို့အိမ်ကျောဘက် အိမ်ကတော့ ကိုအေးနဲ့ မဌေးရီတို့ အိမ်ဖြစ်သည်။ လေးနှစ်ရွယ် သားတစ်ယောက်ပဲ ရှိသည်။ ကိုအေးက ဆိုက်ကားထွက်သည်။ ည ၉ နာရီလောက်မှ ပြန်လာသည်။ ရသမျှငွေ မဌေးရီ အပ်သည်။ မဌေးရီက ဂဏန်းတွက်ပစ်သည်။ ကိုအေးက နာမည်နဲ့လိုက်အောင် အေးသည်။ စကားနည်းသည်။ မဌေးရီက စာအုပ်တစ်အုပ်၊ ဘောလ်ပင် တစ်ချောင်းနဲ့ တစ်နေကုန် ဂဏန်းတွက်နေသူ ဖြစ်သည်။ တစ်ခါတစ်ရံ လက်ထဲငွေမရှိလျှင် ရှုံးမဲမဲကာ ယောကျ်ားကို အော်ဟစ်အပြစ်တင်တတ်သူ ဖြစ်သည်။

            အုန်းမောင်း ခေါက်သံကြားလျှင် ကျွန်မက ထပြီး ထမင်းဟင်းချက်သည်။ မတူးက ပဲပြုတ် ပြုတ်သည်။ ကိုအေးက တဂျောင်းဂျောင်းနဲ့ ဆိုက်ကားထွက်သည်။

            'အစ်မ၊ အစောချည်းပါလား'

            ရပ်ကွက်ကို စရောက်စဉ်က မနက်စောစော အိမ်ရှေ့မှာ တံမြက်စည်းလှည်းနေလျှင် လမ်းပေါ်ကနေပြီး ကျွန်မကို နှုတ်ဆက်သလို ပြောသလိုနဲ့ အမျိုးသမီး တစ်ယောက်က ပြောပြောသွား တတ်သည်။

            သူတစ်ယောက်တည်းတော့ မဟုတ်။ အမျိုးသားတစ်ယောက်နဲ့ ကလေးငါးယောက်။ ကြီးစဉ်ငယ် လိုက်ပါသည်။ မိသားစု ဖြစ်ပုံရသည်။

            စရောက်စမို့ မည်သူမှန်း မသိ။ မနက်စောစောဆိုလျှင် ထိုမိသားစု ဖြတ်ဖြတ်သွားတတ်သည်။

နောက်တော့ ဝင်းထဲက မတူးနဲ့မဌေးရီတို့အိမ်ကို အမြဲဝင်ထွက်နေလို့ မျက်မှန်းတန်း မိရုံမက နာမည်ကိုပါ သိလာရသည်။

            မတောတဲ့။

            မတောဆိုတာက ဒီရပ်ကွက်မှာ နာမည်ကြီးပဲ။ လူ မမြင်ဖူးခင်ကတည်းက နာမည်ကို သိခဲ့သည်။ အိမ်ငှားစာချုပ်တော့ အိမ်ရှင် အမျိုးသမီးကြီးက...

            'သမီးကို ကြိုမှာထားရဦးမယ်'

            'ဘာလဲ အဒေါ်'

            'ဒီရပ်ကွက်မှာ မတော ဆိုတာရှိတယ်။ သူက အပေါင်အနှံ၊ အချေးအငှားတွေ လုပ်ပေးတတ်တယ်။ ဒါပေမယ့် ဘယ်တော့မှ မှန်မှန်ကန်ကန် မလုပ်ဘူး။ တစ်ရာနဲ့ ပေါင်ခိုင်းရင် တစ်ရာ့ငါးဆယ်နဲ့ ပေါင်တယ်။ ပြန်ရွေးခိုင်းရင် ပြဿနာက ဖြစ်ပြီ။ တစ်ခါ တစ်ရံ ပေါင်ခိုင်းတာကို အပြတ်ရောင်းခဲ့တာမျိုးလည်း ရှိတယ်။ ဒါကြောင့် လူကြီးတွေဆီ ခဏခဏရောက်ရတယ်။ ကြာတော့ လူကြီးတွေကလည်း ဒါမျိုးကိစ္စကို သိပ်ရှင်းမပေးချင်ဘူး။ နောက်တော့ မတောကိစ္စ လာတိုင်ရင် ဟေ့... မတောကိစ္စဆို လာမတိုင်နဲ့။ နင်တို့ ဘာသာရှင်း။ ရှင်းမရရင် ရဲတိုင်။ မတောအကြောင်း သိရဲ့သားနဲ့ မတောပဲ ခိုင်းနေတာ။ မတောအပြစ်မဟုတ်ဘူး။ ခိုင်းတဲ့လူ အ,လွန်းလို့။ လူကြီးတွေကတောင် ပြောရတာ သမီးရဲ့။ ဒါကြောင့် မတောနဲ့ မပတ်သက်နဲ့ ကြားလား'

            'ဟုတ်ကဲ့ပါ အဒေါ်'

            သတိပေးခဲ့ဖူးသည်။

            ဒါကြောင့် ကျွန်မသည် မတော ဝင်းထဲလာပေမယ့် ရင်းရင်းနှီးနှီး မဆက်ဆံပါ။ ခင်မင်မှု မပြပါ။

မေးပြော၊ ခေါ်ထူး ဝတ်ကျေတန်းကျေသာ ဆက်ဆံပါသည်။ သူနဲ့ကျွန်မက ဘာမှပတ်သက်စရာ မရှိပါ။

            ကျွန်မလိုပဲ ဒေါ်တင်နွဲ့လည်း မတောကို ခပ်တန်းတန်း ဆက်ဆံသည်ကို တွေ့ရသည်။

            မတောနဲ့ ပတ်သက်ပြီး မဌေးရီက...

            'မတောက တောမှာ မွေးလို့သာပေါ့။ မြို့မှာ မွေးခဲ့ရင် ကျွန်မတို့ တစ်ရပ်ကွက်လုံး ချိန်ခွင်ထဲ ထည့်ပြီး ရောင်းစားလောက်ပြီ' လို့ ပြောသည်။

            'ဘာလဲ မဌေးရီလည်း မတောလိမ်တာ ဘယ်နှကြိမ် ခံရပြီလဲ'

            'ခဏခဏပါ မဆွေရယ်။ ပစ္စည်းပေါင်ခိုင်းရင် ပိုပိုပေါင်တာ'

            'ဒါဆို သူ့ကို မခိုင်းနဲ့ပေါ့။ တခြားသူခိုင်းလေ'

            'ကျွန်မတို့ ရပ်ကွက်မှာက မြေပွဲစား၊ အိမ်ငှားပွဲစား၊ ဆိုင်ကယ်ပွဲစားတွေပဲ ပေါတာ။ အပေါင်ပွဲစားက မတောတစ်ယောက်ပဲ ရှိတာလေ။ မတောက အပေါင်မှာတော့ ဝိဇ္ဇာ၊ ထဘီစုတ်၊ ဒန် အိုးပေါက်တောင်မှ ရအောင်ပေါင်နိုင်တာ။ ဒါကြောင့် မခိုင်းလည်းခက်၊ ခိုင်းလည်း ပြဿနာ တက်နေရတာပေါ့ မဆွေရဲ့' လို့ ပြောသည်။

            မတူးကတော့ 'မတောက တော်တော်လည်တာ မဆွေရဲ့။ ဒါကြောင့်လည်း သူ့ယောကျ်ားက ဘာမှမလုပ်ဘဲ နေနိုင်တာပေါ့။ ဒါ့ပြင် မနက်တိုင်းသူများတွေ ထမင်းနဲ့ ပဲပြုတ်စားနေတဲ့ အချိန်မှာ သူတို့မိသားစုက ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ပဲအီကြာတို့၊ လက်ဖက်ရည်တို့ သောက်နေ နိုင်တာပေါ့'လို့ ပြောသည်။

            'မတူးလည်း မနက်ဈေး၊ ညဈေး ရောင်းနေတာပဲ။ ပေါင်နှံဖို့ လိုသေးလား'

            မတူးက မနက်ပဲပြုတ်ရောင်းပြီး ညနေ အကြော်ရောင်းသည်။

            'ဈေးသည်ဆိုတာက သူ့ကြွေးကိုယ့်ကြွေးရှိတာလေ။ ဒါကြောင့် တစ်ခါတစ်ရံတော့ ငွေလိုရင် ပေါင်ရတာပေါ့'

            'ဒီတော့ ပိုပေါင်တာပဲလား'

            'ကျုပ်ခိုင်းရင်တော့ တစ်ခါတစ်ရံမှ ပိုပေါင်တာပါ။ ကိုကျားမောင် ခိုင်းရင်တော့ ပိုပေါင်ရုံမကဘူး။ အပြတ်ကိုရောင်းတာ လေး ငါးခါ ရှိပြီ'

            မတူး စကားကြောင့် ကျွန်မ မျက်လုံးပြူးသွားရသည်။

            'ဒီလိုဆိုရင် ဝင်းထဲမှာ မတော မလိမ်တာဆိုလို့ ကျွန်မနဲ့ အန်တီဒေါ်တင်နွဲ့ပဲ ရှိတာပေါ့'

            ကျွန်မက ရယ်စရာစကားလို ပြောလိုက်သည်။

            'မဆွေက အရေးမကြုံသေးလို့ပါ။ အန်တီနွဲ့တို့က လင်ကိုယ်မယားပဲ နေတယ်။ ဒါကြောင့် သူတို့အိမ်က တီဗီကို မတော အပေါင်ခိုင်းထားရတယ်'

            'ဟုတ်လား၊ ဒါဆို မတောက ပိုပဲပေါင်လိုက်သလား၊ အပြတ်ပဲ ရောင်းလိုက်ပြီလား'

            'သတင်းနှစ်ခုစလုံး ကြားနေရတော့ မရွေးနိုင်ခင် မတောကို မြင်တိုင်း အန်တီနွဲ့ စိတ်ညစ်နေရတာပေါ့'

            ကြားရတဲ့ သတင်းတွေကြောင့် မတောကိုပို၍ပင် ကြောက်လာမိသည်။

            ကျွန်မသည် မတောနဲ့ ဘယ်တော့မှ ပတ်သက်စရာ မရှိဘူးဟု ထင်ခဲ့သည်။

            ကျွန်မ ခင်ပွန်းကလည်း အသောက်အစား၊ အပျော်အပါးနဲ့ လောင်းကစား ကင်းသည်။ ရသမျှလစာ အကုန်အပ်သည်။ ကျွန်မကလည်း အိမ်မှာ အလကားမနေ။ အင်္ကျီဈေးချုပ်များကို ယူချုပ် သည်။ သားသမီးကလည်း ၁ဝ နှစ်သားနဲ့ ၇ နှစ် သမီးသာ ရှိသည်။

            ဒါကြောင့် ကျပ်ကျပ်တည်းတည်း တစ်ခါမှ မဖြစ်ဘူးချေ။

            သို့သော် မထင်မှတ်ဘဲ သမီးက သွေးလွန်တုပ်ကွေး ဖြစ်သည်။ ဆေးခန်းပြတော့ ဆေးရုံ ချက်ချင်းတက်ရမည် ပြောသည်။

            လက်ထဲတွင် ငွေက သိပ်မရှိ။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရွှေဘိုက ကျွန်မရဲ့မောင်လေး လာသည်။ အမေ နေမကောင်းဘူးဆို၍ ဆေးဝါးကုသရန် လက်ထဲရှိသမျှ ငွေပေးလိုက်သည်။ မိုးတွင်းမို့ ဈေးချုပ်က သိပ်အလုပ် မဖြစ်ပေ။

            ဆေးရုံတက်ရမှာ ဆိုတော့ ငွေက လိုမည်။ ခင်ပွန်းသည်က ရုံးသွားနေသည်။ ဆေးခန်းက ဆရာဝန်က ဆေးရုံ မြန်မြန်ရောက်လေ ကလေးအတွက် စိတ်ချရလေလို့ ပြောထားသည်။

            ဒီအနီးအနားမှာလည်း ငွေချေးစရာ မမြင်။ ကိုယ့်ထက် ညည်းတဲ့သူတွေ များသည်။

            ဒါကြောင့် တစ်ခုခုပေါင်မှ ဖြစ်မည်။

            မတူးက ဈေးရောင်း သွားနေသည်။ မဌေးရီက နေ့လယ်ဆို အိမ်မှာမရှိ။ အန်တီဒေါ်တင်နွဲ့ကလည်း လင်မယား ရန်ဖြစ်ပြီး သားသမီးဆီ လိုက်သွားသည်။

            စိတ်ထဲမှာ ငိုချင်စိတ်ပင် ပေါ်လာသည်။

            ထိုအချိန်တွင် လမ်းပေါ် မှာ မတောကို လှမ်းမြင်လိုက်သည်။ ဗြုန်းခနဲ ဝမ်းသာသွားသည်။ နောက် မတော အကြောင်း သတိရပြီး စိတ်အိုက်သွားရပြန်သည်။

            မတောကတော့ ထုံးစံအတိုင်း အိမ်ဘက်လှည့်ပြီး 'အစ်မ၊ ဘာတွေစဉ်းစားနေတာလဲ'လို့မေးပြီး ရှေ့ကို ခပ်သုတ်သုတ် ဆက်လျှောက်သွားသည်။

            မတောကို လှမ်းကြည့်ပြီး စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေ၏။

            နောက်တော့ အလိမ်ခံရတာ ရှက်စရာပေမယ့် သမီး အသက်ထက် အရေးမကြီးပါဘူးလို့ ဆုံးဖြတ်လိုက်သည်။

            လမ်းပေါ် ပြေးထွက်ပြီး 'မတော... မတော' လို့ လှမ်းခေါ်လိုက်သည်။

            မတောက နောက်လှည့်ကြည့်ပြီး 'ကျွန်မကို ခေါ်တာလား အစ်မ'လို့ သူ့ကိုယ်သူ လက်ညှိုးထိုးပြီး မေးသည်။

            'ဟုတ်ပါတယ်၊ ခဏ'

            ကျွန်မအဖြေကြောင့် မတော ပြန်လာသည်။

            ကျွန်မက မတောကို အိမ်ထဲခေါ်ပြီး နားက နားဋောင်းကို ချွတ်ပြီး ပေါင်ခိုင်းသည်။

            'မတော၊ ကျွန်မကို ဒါလေး ငါးထောင်နဲ့ ပေါင်ပေးပါ။ ကလေးဆေးရုံတက်ရမှာမို့ ချက်ချင်းငွေလိုလို့ပါ။ လကုန်ရင် ချက်ချင်းပြန်ရွေးမှာပါ' လို့ ပြောပြီး ပေးလိုက်သည်။

            မတောက နားဋောင်းကို ယူပြီး ကလေးကို ကြည့်ကာ...

            'ကလေးက တော်တော် ဖြစ်နေတာပဲ။ အခုတလော ခေတ်စားနေတဲ့ သွေးလွန်တုပ်ကွေး ထင်တယ်' လို့ ပြောသည်။

            'ဟုတ်တယ်၊ ဒါကြောင့် ငွေလိုလို့ပါ'

            'စိတ်ချပါ၊ ကျွန်မ လုပ်ပေးပါ့မယ်'

            မတောက နားဋောင်းယူပြီး ထွက်သွားသည်။

            ကျွန်မက အထုပ်အပိုးပြင်ပြီး ကလေးတစ်ယောက်ကို ဆိုက်ကား အခေါ်ခိုင်းလိုက်သည်။

            ခဏနေတော့ မတော ပြန်ရောက်လာသည်။

            'ရော့အစ်မ၊ ငွေ ငါးထောင်'

            မတောက ငွေလှမ်းပေးသည်။ ကျွန်မက ယူပြီး ငွေကို ရေလိုက်သည်။ ပြည့်သည်။ ပိုပေါင်လာလျှင်လည်း မတတ်နိုင်။ ရောင်းလာလျှင်လည်း နောက်မှ ရှင်းရတော့မည်။

            'ရော့... မတောမုန့်ဖိုး'

            ကျွန်မက ငါးရာတန် တစ်ရွက်ကို ပေးလိုက်သည်။

            'ကလေး နေမကောင်းနေတာ မယူပါဘူး အစ်မရယ်'

            မတောက ငြင်းသည်။

            'ယူပါ မတောရယ်။ အကျိုးဆောင်ခဆိုတာ ရှိရမှာပေါ့'

            'ဒီလိုဆို နှစ်ရာပဲ ပေးပါ။ ကျန်တဲ့ငွေက ကလေးဆေးဖိုးပေါ့'

            ကျွန်မ ငွေနှစ်ရာ ပေးလိုက်သည်။

            ဆိုက်ကား ရောက်လာသည်မို့ မတောက အထုပ်အပိုးတွေ ဆိုက်ကားနောက် တင်ပေးသည်။ ကျွန်မက ကလေးပွေ့ပြီး ရှေ့က တက်လိုက်သည်။

            'အစ်မ၊ ကျွန်မ ဆေးရုံ လိုက်ခဲ့ရမလား'

            'မလိုပါဘူး။ မတူးနဲ့ မဌေးရီလာရင်သာ ပြောလိုက်ပါ'

            'ဟုတ်ကဲ့'

            ဆိုက်ကား ဆရာလေးက အလိုက်သိစွာ ဆေးရုံကို မြန်မြန်နင်းပါသည်။

            ဆေးရုံ ၅ ရက်ပဲ တက်ရသည်။ သက်သာလို့ ဆေးရုံက ဆင်းခွင့်ရသည်။

            ကလေးကျောင်းတက်နိုင်တော့ စိတ်ထဲအေးသလို ဖြစ်သွားသည်။ ဒါပေမယ့် နားဋောင်းကိစ္စ သတိရတော့ ရင်က ပူလာသည်။

            မတောကို တွေ့တိုင်း..

            'မတော လကုန်ရွေးမှာနော်'လို့ သတိပေးသလို ခဏခဏ ပြောမိသည်။

            မတောကလည်း ရယ်ပြီး 'ဟုတ်ကဲ့ပါ အစ်မရဲ့' လို့ပဲ ပြောသည်။

            သူက အေးအေးဆေးဆေး ပြောသွားပေမယ့် ကျွန်မကတော့ အမျိုးမျိုးတွေးကာ စိတ်ပူနေရသည်။

            လကုန်တော့ စားဖို့ နောက်ထား နားဋောင်းရွေးဖို့ အရင်လုပ်ရသည်။ မတောကို ခေါ်ပြီး အရင်းရော၊ အတိုးရော ပေးကာ အရွေးခိုင်းလိုက်သည်။

            အရွေးခိုင်းလိုက်ပြီး အလာကို လည်တဆန့်ဆန့်နဲ့ မျှော်ရသည်။ 'ဘာပြဿနာ ဖြစ်မှာလဲ' ဆိုပြီး စိတ်ကလည်း ပူနေရသည်။

            မကြာမီ မတော ရောက်လာသည်။

            ရင်မှာ တထိတ်ထိတ် ဖြစ်နေသည်။

            'ရော့အစ်မ' မတောက နားဋောင်းကို ပေးသည်။ အမြန် ယူကြည့်လိုက်သည်။ ကိုယ့်ပစ္စည်း သေချာမှ ဟင်း ချနိုင်သည်။

            မတောက ကျွန်မကို ကြည့်ပြီး 'အစ်မ၊ စိတ်ပူနေတယ် ထင်တယ်'လို့ ရယ်ပြီး မေးသည်။

            'အမှန်ပြောရရင် မတော သတင်းတွေ ကြားထားတော့ စိတ်ပူတာပေါ့'

            ကျွန်မကလည်း စိတ်ထဲရှိတာ ပြောလိုက်သည်။

            'စိတ်ချပါ အစ်မရယ်။ ကျွန်မက လူကြည့်လုပ်တာပါ'

            'ဘယ်လို လူကြည့်လုပ်တာလဲ'

            'အစ်မကလည်း အစ်မတို့လို တကယ်ပြန်ရွေးမယ့်သူကျ မလုပ်ပါဘူး။ လောင်းကစားသမားတွေ၊ ဈေးရောင်းတဲ့သူတွေကျ ဆယ်ခါရံ တစ်ခါသာ ရွေးနိုင်တာ။ ဒါမျိုးကျ ပိုပေါင်သင့်ရင် ပေါင်ရတာပေါ့။ အရက်သမားတို့၊ အလုပ်မရှိတဲ့သူ တွေကျတော့ ဘယ်တော့မှ ပြန်မရွေးနိုင်ဘူး။ ဒါမျိုးကျ အပြတ်ရောင်းလိုက်တာပေါ့ အစ်မရဲ့။ ပြန်မရွေးနိုင်မယ့် အတူတူ သူဌေးကြေး မပံ့နိုင်ပါဘူး။ မဟုတ်ဘူးလား အစ်မ'

            မတောကတော့ သူ့ ဒဿနနဲ့သူ ဟုတ်လို့။ ဒီစကားကို ရပ်ကွက်ထဲက ခံရတဲ့သူများ ကြားရင်...။

မေတ္တာရည်၍

မင်းတင်ထွဏ်း

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်