လဲ့ဝင်းကြည်၊ချို၊
'သူများ အခစားလုပ်ပြီးမှ ရတဲ့ဝင်ငွေထက် ကိုယ့်အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ အလုပ်ကို ဖန်တီးပြီး စေတနာပါပါနဲ့ လုပ်လို့ရတဲ့ ဝင်ငွေက ပိုတန်ဖိုးရှိ ဂုဏ်မြင့်ပါတယ် သမီး' ဟု ဆိုကာ ဘဝတူ လူသားများဖြင့် ယှဉ်ပြိုင်ပြီး အလုပ်တစ်နေရာ ရရေးအတွက် ကြိုးစားရှာဖွေနေသည့် သူမကို ဖေဖေက 'ရောင်ခြည်နုနု မူကြို' ဆိုင်းဘုတ်လေး ပေးအပ်ခဲ့သည်။
ပေါင်မုန့်ရောင်းသည့် အလုပ်တစ်ခု
ရဖို့အတွက်ပင် တတ်ထားအောင်ထားသင့်သည့် လက်မှတ်တွေက လက်သုံးချောင်းလောက် အသာလေး
ရှိနေရမည့်ခေတ်တွင် သူမကလည်း အနိမ့်ဆုံးဝင်ငွေ တစ်နှစ်စာဖြင့် ထပ်တူကျနေသည့်
သင်တန်းကြေးကို မီနိုင်ရန် တုံးခု တံချူကိုင်လည်း မနိုင်သေး၍...။
သာမန်
လက်လုပ်လက်စား ရပ်ကွက်လေးတွင်းမှ သုံးပင်အိမ်လေးရှေ့မှာ 'ရောင်ခြည်နုနု
မူကြို' ဆိုင်းဘုတ်လေး စတင်ချိတ်သည့်နေ့က
ပြုံးမြမြလှောင်ထေ့ထေ့ အမူအရာများဖြင့် စောင်းငဲ့ငဲ့ကြည့်ကြသည့် အိမ်နီးချင်းတို့၏
မျက်ဝန်းကြောင့် တင်ထားသည့် ဆိုင်းဘုတ်လေးကို ရဲရဲပင် မကြည့်ဝံ့ခဲ့။
ဆိုင်းဘုတ်တင်ပြီး
လေးငါးရက် ကျော်သည်အထိ မူကြိုဆိုင်းဘုတ်လေးက အိပ်မောကျဆဲ။ သူမကလည်း
ထမင်းချိုင့်လေးဆွဲပြီး အလုပ်ချိန် အမီဝင်ရသည့် အလုပ်တစ်ခုရရန် မျှော်လင့်မြဲ။
ရောင်ခြည်နုနု မူကြိုလေးကတော့ သူမ စိတ်အာရုံမှာ ဝိုးတဝါး ပုံပြင်တစ်ပုဒ်ပင်။
'ဆရာမ...
ဆရာမ ရှိလား' အသံနှင့် အိမ်ရှေ့ ခြံဝင်းလေးထဲသို့ ဝင်လာသည့်
ခြေသံတို့ကြောင့် သူမရင်တွေ တအားအခုန်မြန်သွား၏။ ဘယ်လို စကားစရမှန်း မသိ၍
ခန်းဆီးနောက်ကွယ်မှ မထွက်ရဲဘဲ ရပ်နေမိသည်။
'ဆရာမ
ရှိတယ်။ လာ လာ အိမ်ပေါ်တက်၊ သမီးရေ ဧည့်သည်' ဧည့်ဝတ်ပြုရင်း
သူမကိုပါ လှမ်းခေါ်လိုက်သည့် ဖေဖေ့အသံကြောင့် ခုန်နေသောရင်တုန်သွားပြန်၏။
သို့ပေမယ့် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းရင်း အိမ်ရှေ့ခန်းသို့ လှမ်းခဲ့ရသည်။
အသားညိုညို၊ မျက်နှာဝိုင်းဝိုင်း၊ မျက်ဝန်းတောက်တောက်နှင့် လေးနှစ်ရွယ် ယောက်ျားကလေးကို
အသက်သုံးဆယ်ခန့် အမျိုးသမီးတစ်ယောက်နှင့် နှစ်လိုဖွယ် တွေ့ရသည်။
'ဆရာမလေးလား၊ အစ်မသားလေး
မူကြိုထားချင်လို့'
ကလေးအမေ၏ 'ဆရာမလေးလား'အမေးကို သူမ ဘယ်လိုပြန်ဖြေရမှန်း မသိခင်မှာ 'အစ်မသားလေး
မူကြိုထားချင်လို့' ဆက်ပြောပြီး 'ကလေးအတွက်
အစ်မ ဘာတွေ ပြင်ဆင်ပေးလိုက်ရမလဲ။ မူကြိုလခ...' စသည်ဖြင့်
သူသိချင်သည်တို့ကို ဆက်တိုက်မေးသည်။
'လစာက တစ်လ တစ်ထောင့်ငါးရာ၊
ထမင်းဘူး ထည့်ပေးရမယ်။ ပြီးတော့ ဖျာသေးသေးလေး တစ်ချပ်နဲ့ ခေါင်းအုံးလေး တစ်လုံးပါ
ယူလာခဲ့နော်။ မူကြိုက ပြန်ထွက်သွားရင် ပြန်ပေးမယ်။ အချိန်က ကိုးနာရီက သုံးနာရီခွဲ'
ရပြီးသား စာများကို ဆရာမရှေ့
ရွတ်ပြနေသည့် ကျောင်းသူတစ်ဦးနှယ် သူမ မနားတမ်း ပြောချလိုက် သည်။ ကလေးအမေက
နားလည်သော အပြုံးဖြင့် သူမကို စိုက်ကြည့် နားထောင်ပြီး 'သားနာမည်လေး
ဆရာမကို ပြောပြလိုက်ဦးလေ'ဟု ကလေးဘက် လှည့်ပြော၏။
'သားအတွက် အဖော်တွေ ရလာမှာပါ'
ကလေးကို လှည့်ပြောသလိုနှင့် သူမကိုပါ
တစ်ချိန်တည်း အားပေးစကား ပြောသည့်အတွက် ကျေးဇူးတင် ပြုံးပြုံးပြလိုက်သည်။ 'နက်ဖြန်
ကျောင်းစတက်ရမယ်နော် သား' ဆိုရင်း နှုတ်ဆက် ပြန်သွားသည့်
သားအမိနှစ်ဦး ကျောပြင်ကို ကြည့်၍ သူမနဖူးမှာ ချွေးတွေစို့ထွက်ကျန်ရစ်သည်။
လမ်းကြောင်း ချခင်းပေးထားသူ ဖေဖေကတော့
သူမပုံဟန်ကို သတင်းစာဖတ်ရင်း အကဲခတ်နေမှာ သေချာလှ၏။ 'မောင်ထွန်းပိုင်စံ'
မပီကလာ ပီကလာပြောသွားသော ကလေးနာမည်ကို စိတ်ထဲမှာ ရွတ်ရင်း
နက်ဖြန်အတွက် ကြိုတင်ပြင်ဆင် ရင်ခုန်နေမိ၏။
ကျောင်းပို့၍ ပြန်သွားသော အမေကို
ကြည့်ကာ 'ဝါး'ခနဲ အော်ငိုချလိုက်သည့် ကလေးကို ချော့မြူ၍
နားထောင်စိတ်ဝင်စားမည့် ပုံပြင်သီချင်း ကဗျာလေးများ ဆိုပြသိမ်းသွင်းရင်း သူမ၏
မူကြို ဆရာမလေးဘဝကို ထွန်းပိုင်စံ ဆိုသည့် ကလေးနှင့် အစပျိုး၍ ရောင်ခြည်နုနု
မူကြိုဆိုင်းဘုတ်လေးကို အသက်သွင်းနိုင်ခဲ့သည်။
သတ်မှတ် ဝတ်စုံလေးများထားဖို့
မဆိုထားနှင့်။ ညအိပ်ရာဝင်ထားသည့် ဝတ်စုံနှင့်ပင် ကျောင်းချိန်မကျခင် လာပို့သွားသော
ကလေး၊ ထမင်းဘူး အချိန်မမီ၍ ဂျုံကြမ်းကြမ်း ပေါင်မုန့်လုံး လေးကိုင်လာသော ကလေး၊
ဈေးသိမ်း နောက်ကျ၍ 'ကြည့်ပေးထားပါဦးနော်' တစ်မျိုးဖြင့် ညစ်ထေးထေး အင်္ကျီလေးများနှင့်
ကလေးတို့ကို ပြုစုထိန်းကျောင်းရ၏။ မူကြိုလစာတစ်လတစ်ထောင့် ငါးရာကျပ်ကို
လကုန်ရက်တွင် အပြည့်ပေးနိုင်သူ အတော်လေးရှားပြီး အရစ်ခွဲပေးသူ၊
လကျော်သွားသူများဖြင့် ရောင်ခြည်နုနု မူကြိုလေးခမျာ ပတ်ဝန်းကျင်ဖြင့် လိုက်လျောသဘာဝကျစွာ
လင်းလက်နေရရှာသည်။
ကလေးတစ်ယောက်ကို နေကုန်အောင်
ထိန်းကျောင်းပြုစု၍ စာ၊ ကဗျာလေးများ ရေးတတ်၊ ဆိုတတ်လာအောင် ပျိုးထောင်ပေးသည့်
ဝင်ငွေမှာ တစ်လတစ်ထောင့်ငါးရာဟု ဆိုလိုက်လျှင်ပင် အချို့အချို့သော သူများအတွက်
ရယ်စရာ ပြက်လုံးကောင်းတစ်ချက် ဖြစ်နိုင်သော်လည်း စက်ရုံ ဖယ်ရီကားပေါ်မှ အပြေးဆင်း
လာကြိုရသော မိဘ၊ ဘိလပ်မြေနှင့် ထုံးပေလက်၊ ဈေးတောင်း ခါးစောင်းတင်ပုံ သွင်းမူမဲ့
ဆံရစ်ခွေတို့၏ တစ်နေ့စာ ရှင်းလာသော လုပ်ခကို ဆန်ဆီ အပြေးဝယ်ရင်း
နက်ဖြန်ရှင်းပေးမည့် ငွေထဲမှ ကြိုတင်အတွေးဖြင့် ကြွေးပေးနုတ်ယူ နေရသူတို့ အတွက်
မူကြိုလခ တစ်လစာ ပေးပုံလေးက ဆန်းသစ်မှုတစ်မျိုးဖြင့် အဆင်ပြေသလို လည်ပတ်နေရသည်။
'ဆရာမလေးရယ်၊ အိမ်က အကြီးမလေ
ခုနစ်တန်း ရောက်နေပြီ။ စာမလိုက်နိုင်လို့ ကူညီပြီး စာပြပေးပါဦး ဆရာမရယ်။
ကျွန်မတို့ကလည်း ဘာမျှတတ်တာ မဟုတ်ဘူးဆိုတော့'
'ကျွန်မသား အလတ်ကောင်လည်း
ဘာထူးလို့လဲ။ ခု ငါးတန်းတက်ပြီ အဲဒါ...'
'ဆရာမဆီမှာ မူကြိုတက်သွားတဲ့
ကလေးလေ။ ခု သုံးတန်းရောက်နေပြီ။ စာ မလိုက်နိုင်လို့'
'ကျွန်တော့်သမီး သူ့
အစ်မပေါ့။ စာမရလို့...'
'သူနဲ့ ညီအစ်မဝမ်းကွဲ လေ။ စာက
မရတော့...'
'ညနေ ဆရာမဆီ
လွှတ်လိုက်မယ်နော်။ ဆရာမ ကူညီပါ။ ကျေးဇူးမမေ့တတ် ပါဘူး'
'အငယ်မနဲ့ အလတ် ကောင်
နှစ်ယောက်စလုံး လွှတ်လိုက်မှာနော်။ ဆရာမ ကြိုက်သလောက် ရိုက်၊ စိတ် မဆိုးဘူး'
'နှစ်တန်း၊ လေးတန်း၊ ရှစ်တန်း
.....'
'.........'
မူကြို ကလေးငယ်များ လာကြို လာပို့ရင်း
အကူအညီ တောင်းသွားတတ်သည့် မိဘများ၏ စကားသံတို့ကလည်း သူမ၏ ရှိရင်းစွဲစိတ်ကို
အားဖြည့် ညှို့ငင်လိုက်ပြန်သဖြင့် ရောင်ခြည်နုနု မူကြိုဆရာမ လေးဘဝမှ စေတနာ
စာသင်ဝိုင်းအဖြစ် အသွင်ကူးရင်း အင်္ဂလိပ်စာ၊ သင်္ချာဘာသာ ရပ်သာမက 'ကျေးညီနောင်'
ဖတ်စာတို့ကိုလည်း အာရုံ ရအောင် သင်ပေးရပြန်၏။
သူမ သင်ပေးရသည့် ကလေးအများစုမှာ ဆရာ၊
ဆရာမ လက်ဆွဲခြင်းကို အိမ်အရောက် သယ်ယူဆောင်နိုင်ကြသူများ မဟုတ်ကြသလို မိဘအခြေအနေ
ပတ်ဝန်းကျင် အသိုက်အမြုံကလည်း ကလေး၏ ဉာဏ်ကို အားတစ်မျိုး တိုးဖွယ်ရာ မရှိ၍
သူမ၏ ညနေပိုင်း စာသင်ဝိုင်း တပည့်များသည် စာနှင့် ဉာဏ်ယှဉ်၍
မပြေးနိုင်ကြ။
လစာရရက်နှင့် ကုန်သည့်ရက် ထပ်တူကျဖြစ်
ထွန်းနေတတ်သည့် သူတို့ သူတို့၏ မိဘများကလည်း ပေးရန်ရှိစာရင်းတွင်သာ သူမ နာမည်ကို
တေးမှတ်ထားရင်း ပျက်ပျက်သွားသည့် လအရေအတွက်က နှစ်ဝက် ကျော်ချင်ချင်။
ညနေပိုင်း ဈေးဝိုင်းကူရသူ၊
ဈေးဗန်းပြင်နေရသူ၊ စားသောက်ဆိုင်မှာ အကူလုပ် ဆောင်ပေးနေရသူတို့ဖြင့် သူမ၏
စာသင်ဝိုင်း စားပွဲလေး ဟာ ဟာ သွားရသည့် နေ့ရက်များလည်း လက်ချိုးရေတွက် မမှတ်နိုင်။
အကျိုးနှင့်အကြောင်း ခိုင်လုံစွာ
ဖြစ်တည်နေရသည့် ဖြစ်စဉ်အတွင်းမှာ အပြစ်ဆိုရမည့် သူကို သူမ ရှာမတွေ့တော့။ ဘဝကို
ဈေးခေါ်မရ၍ တံဆိပ်ကပ်ပေးထားသည့်အတိုင်း ဈေးခင်းပုံဖော်ထား ရသူများအတွက် အပြစ်သည်
အပြစ်အတိုင်းပင် နေနေကြရ၏။ သဘာဝတရားကလည်း သဘာဝကျလွန်းလှ၍ တစ်ရံတစ်ခါ
အခံရခက်လွန်းလှစွာနှင့် သဘာဝတရားအောက်မှာ ဝပ်တွား ရှိုက်ညည်းနေရလေသည်။
သံပရာသီး ရောင်းရသည့် တပည့်က 'ဆရာမဖို့'
ဟု သံပရာသီးနွမ်းနွမ်းလေး ကိုင်လာတတ်သလို'ဆရာမ၊
အမေ ပေးခိုင်းလိုက်တာ' အပွင့်အကိုင်းလှီလှီ ပန်းလေးတစ်စည်းတို့က
မေတ္တာကို ဆေးကူဆွဲစရာ မလိုအောင် သက်ဝင်နွေးထွေး ထင်ရှားစေသည်မို့ သူမနှင့်
စာသင်ဝိုင်းလေးသည် အရောင်မပါသည့် အဖြူထည်ပန်းချီကား တစ်ချပ်ပင် ဖြစ်သည်။
'မနက်က ကျောင်းကို
ထမင်းချိုင့် ထည့်မသွားရဘူး ဆရာမရဲ့။ ချိုင့်ကို အမေ ခဏအပေါင်ထားထားလို့'
'အမေက မွေးတော့မှာ။ ပိုက်ဆံ
မစုရသေးလို့ အမေ စိတ်ညစ်နေတယ်'
'မိုးရွာတော့ အဖေတို့
ဈေးရောင်းမထွက်နိုင်ဘူး'
'ဆရာမက ရပါတယ် ဆိုပေမယ့် အဖေက
အားနာလို့ ဒီလတော့ ဆရာမကို လခ ပေးဖြစ်အောင် ပေးမယ်လို့ ပြောနေတယ်'
'သူ့အဖေက နယ်စပ်မှာလား
မသိဘူး။ သားတို့အိမ်နားကို ပြောင်းလာတာ။ တက်ချင်လို့တဲ့။ ခေါ်ခဲ့ရမလား ဆရာမ။
သူ့အမေကလည်း ပြောခိုင်းတယ်'
'အဆင်မပြေပါဘူး ဆရာမရယ်။
အိမ်မှာက...'
'တစ်ခါတစ်ခါ သမီးလည်း
စိတ်ညစ်တယ် သိလား ဆရာမ'
'.......'
'.......'
စာသင်သားနှင့် မဆိုင်သည့် လူမှုဘဝ၏
ကြုံတွေ့မှု အဝဝကို အမြဲလိုလို ကြားသိနေရခြင်းကလည်း သူမ စာသင်ဝိုင်းလေး၏ ထူးခြားချက်
တစ်ရပ်ပင်။
အရွယ်မညီ လက်ချောင်းတွေကြားထဲမှ သိပ်သည်းဆ
မတူသည့် အရာဝတ္ထုတို့၏ တည်ရှိမှုက အသွင်အဆင်အလိုက် ခြားနားနေ၍ 'ဘာပဲဖြစ်ဖြစ်
စာတတ်အောင်သင်၊ စာကြိုးစား' စကားလုံးကိုသာ နာနာဖိပြောရင်း
သူမကိုယ်တိုင်ပင် အသက်ရှူ မဝချင်။ 'သစ်ပင်ကြောင့် မိုးရွာ၍
မိုးကြောင့် သစ်ပင်ပေါက်ရသည်' ဟု ဆိုလျှင် ပြုစုပျိုးထောင်
ပေါင်းသင်းမြေဆွခွင့် ရနေကြသည့် ပျိုးပင်ငယ်များနှင့် သူမ၏
စာသင်ဝိုင်းမှကလေးများသည် သဟဇာတမဲ့စွာ ကွဲလွဲနေကြသည်။ ကုဋေရှစ်ဆယ် သူဌေးသားပုံပြင်
ကွယ်ပျောက်နေသည့်လွယ်အိတ် အချို့အချို့များနှင့် ခန့်ထည်ထည် ဖယ်ရီကားကြီးပေါ်က
ကျောပိုးအိတ် လှလှလေးများတို့က မသိကိန်းထား၍ ရာခိုင်နှုန်းဖြင့်
အချိုးချတွက်ကြည့်ချင်စရာ ပုစ္ဆာမဟုတ်တော့။ သူ့အဖြေနှင့်သူ ရှိပြီးသား ပုံသေနည်း
တစ်ရပ်ပင် ဖြစ်နေပြီ။
'ဖြူမတို့ အမေလေ။
ဆရာမကိုကျတော့ မူကြိုလခ မပေးဘဲ ဆံပင်ညှပ်ဆိုင်မှာ သူ ခေါင်းသွားလျှော်တယ် သိလားဆရာမ။
ငါးရာ ပေးရတယ်'
နံနက်ပိုင်း ကလေးလာပို့ရင်း
တိုင်သလိုလိုနှင့် အတင်းဆိုသွားသည့် ကလေးအမေစကားကြောင့် ဖြူမအမေကို စိတ်တိုမိ၏။
သို့ပေမယ့် နေ့မကူး။
'ဆရာမလေးရယ်၊ ကျွန်မ
ဆံပင်ညှပ်ဆိုင်မှာ ငါးရာပေးပြီး ခေါင်းသွားလျှော်တာကို နွယ်ချို့အမေက
အတင်းလျှောက်ပြောနေတယ်။ ကျွန်မလည်း ဘယ်လျှော်ချင်ပါ့မလဲ။ နှမြောတာပေါ့။
ကျွန်မလက်တွေကို ကြည့်၊ နေ့တိုင်း နေကုန် ငါးဒိုင်မှာ ရေတွေနဲ့ ငါးရွေး၊
ငါးရောင်းလုပ်နေရတော့ လက်က ရေနူးပြီး ထုံနေလို့ ခေါင်းမပြောနဲ့။ အဝတ်ပါးတောင်
မလျှော်နိုင်တာ ကြာပြီ။ အဲဒါကြောင့်ပါ ဆရာမလေးရယ်။ ဒါတောင် မနေနိုင်အောင် ယားနံလာမှပါ။
နှစ်လ တစ်ခါတောင် မမှန်ချင်ပါဘူး'
ကလေးကို လာကြိုရင်း
ခေါင်းလျှော်ရသည့်အကြောင်းရင်းကို မမေးရဘဲ ပြောပြောဆိုဆိုနှင့် ဖြန့်ပြသွားသည့်
ကလေးအမေ၏ လက်ဖဝါး ပြင်နှစ်ဖက်မှ လက္ခဏာရေးကြောင်းများ ရေနစ်မွန်းနေသည်ကို
မြင်တွေ့ခဲ့ရ၍လည်း တစ်ခါတလေ ဘဝနှင့် မနီးစပ်သည့်အရာကို ဘဝကြောင့်ပင်
လုပ်ကိုင်နေရသည်များ ရှိကြသည့်အဖြစ်ကို အမြင်တစ်မျိုးဖြင့် နားလည်လာရပြန်သည်။
ပသို့ပင် ဖြစ်စေ၊ သူ့ အထားအသိုနှင့်သူ
နေသားတကျ ဖြစ်နေကြရသည့် ကံကြမ္မာထဲမှာ သူမနှင့် သူမ၏ ရောင်ခြည်နုနု
မူကြိုကျောင်းလေးတို့ ပတ်သက်ဆက်နွယ်နေသည့် အဝန်းအဝိုင်းလေးကလည်း ကိုယ့်ဖူးတံဖြင့်ကိုယ်
'ပန်းကလေးများ ပွင့်တော့မည်' ကဗျာလေးကို သံစဉ်ညီညီ
စည်းချက်မိမိဖြင့် တေးသီဖွဲ့ဆိုနိုင်၏။
လဲ့ဝင်းကြည်၊ချို၊
(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်