လင်းသော်ဝေ
လောကကြီးမှာ ကြီးကျယ်မြင့်မြတ်တဲ့ ဘုရားသခင်ကနေစပြီး သေးငယ်မွစိစိ
မည်းမည်းသေးသေး
အကောင်လေးတွေမှာတောင် အမည်နာမည် ကိုယ်စီကိုယ်ငှ ရှိကြတယ်။
လူတွေမှာလည်း ဆဲလ်ဖုန်း
မကိုင်နိုင်ရင်တောင် နာမည်တစ်ခုတော့ ပိုင်ခွင့်ရှိပါတယ်။
သူကလည်း လူတွေထဲက
လူဖြစ်လာတဲ့သူ တစ်ယောက်ပါ။ သူလည်း နာမည်တစ်လုံးကို စကြဝဠာတစ်ခွင်
ကြေးနင်းမောင်းခတ်
မကြေညာနိုင်ပေမယ့် ရခဲ့ပါတယ်။ သူ့နာမည်က ရင်ဘတ်နဲ့ကျောနဲ့ လွဲသလို နာမည်မျိုးပါ။
လူနဲ့ဘဝနဲ့ လွဲတဲ့ နာမည်ပါ။ အဲဒီနာမည်က မှတ်ပုံတင်ထဲက နာမည်လည်း ဟုတ်ဟန်မတူပါဘူး။
ဒါ့ပြင် အိမ်ထောင်စုထဲက၊ ဇာတာထဲက နာမည်လည်း မဖြစ်လောက်ပါဘူး။ ချစ်သူက
ချစ်စနိုးခေါ်ခဲ့တဲ့ နာမည်လည်း မဟုတ်တာ သေချာပါတယ်။ သူ့ရဲ့နာမည်ရင်းကို အတိအကျ
အမှန်သိတဲ့လူ ရပ်ကွက်ထဲမှာ တစ်ယောက်မှ မရှိဘူး။ သူ့ရဲ့နှုတ်ဖျားကနေ တစ်ခါမှ
မထွက်ကျဖူးဘူး။ သူ့ကို ခင်ဗျားနာမည် ဘာလဲလို့ မေးရင်တော့ ဒီလိုဖြေတတ်တယ်။
'သူဌေးမင်း'
ဒါကြောင့်
သူ့ကို အားလုံးက သူဌေးမင်းလို့ ခေါ်ကြတယ်။
ခြေထောက်တစ်ဖက်
ဆာတာတာနဲ့ ကမ္ဘာကျော် ပန်းချီဆရာ တူးလော့စ်ထရပ် မွန်ဖာမြို့စားလေး အော်နရေ မာရီရဲ့
စိတ်ကူးကမှ ရယ်စရာကောင်းပေမယ့် ဒါ သူ လူတွေကြားထဲမှာ ထင်ပေါ်ချင်လို့ ထူးခြားအောင်
လုပ်ခဲ့တာဆိုပြီး ပေါ့ပေါ့ပါးပါး အဖြေရဦးမယ်။
အော်နရေက သူဧည့်ခံတဲ့ ပါတီပွဲတစ်ခုမှာ
တက်ရောက်တဲ့ ဧည့်သည်တွေကို ရှန်ပိန်ခွက်တွေထဲမှာ အလှမွေး ငါးတစ်ကောင်စီ ထည့်
ဧည့်ခံခဲ့တာလေ။
ဒါပေမယ့် သူဌေးမင်းရဲ့
လုပ်ဆောင်ခဲ့တဲ့ ခံစားမှုကိုတော့ အနက်ဖော်ဖို့ မလွယ်ဘူး ထင်တယ်။ သူ လုပ်ခဲ့တာလည်း
နားမလည်နိုင်စရာ၊ အံ့သြစရာ ကောင်းလွန်းတယ်။ လူတော်တော်များများကလည်း သူ ဘာကြောင့်
ဒီလိုလုပ်ခဲ့တာလဲဆိုပြီး စိတ်ဝင်စားကြတယ်။ သူ့လုပ်ရပ်တွေကို အဖြေရှာ ကြည့်ကြတယ်။
သူဌေးမင်းက အခန်းထဲကို
ကြောင်သေးသေးလေး တစ်ကောင်၊ ကြောင်အကြီး တစ်ကောင် ဝင်လို့ရအောင် အပေါက်သေးသေးလေး
တစ်ပေါက်၊ အပေါက်ကြီး တစ်ပေါက် ပေါင်းနှစ်ပေါက် ဖောက်ပေးခဲ့တဲ့ ကမ္ဘာကျော်
နှစ်ဆယ်ရာစု အထူးချွန်ဆုံး လူသားလို့ သတ်မှတ်ခံရတဲ့ အိန်စတိုင်းလို မဟာသိပ္ပံ
ပညာရှင်ကြီးလည်း မဟုတ်ခဲ့ပါဘူး။ ဈေးပေါပေါ စားသောက်ဆိုင်တွေမှာ ခြေတစ်ဖက်
မြှောက်ကပြကြတဲ့ ကချေသည် အပေါစားတွေကို အရေးတယူ ပန်းချီလုပ် ရေးခဲ့တဲ့ အော်နရေလို
ကမ္ဘာကျော် ပန်းချီဆရာကြီးလည်း မဖြစ်ခဲ့ပါဘူး။ အခုချိန်ထိ ရုပ်ရှင်ရိုက်နေရတဲ့ ဟစ်တလာလို
လူအများကြီးသတ်ပြီး ကမ္ဘာကြီးကို မီးလောင်တိုက်လည်း မသွင်းဖူးဘူး။ တင်သားကို
ဒေါ်လာ ထောင်ပေါင်းများစွာ အာမခံထားတဲ့ ဂျင်နီဖာ လိုပက်ဇ်လိုလည်း လူသိမများပါဘူး။
သူဌေးမင်း အသက်ထင်ရှားရှိစဉ်က
လုပ်ခဲ့တဲ့အလုပ်က လက်ဖဝါးထဲကို ငွေစက္ကူတွေ ရောက်လာအောင် ပါးစပ်လေးနဲ့ အလုပ်လုပ်သူပါ။
ကြီးကြီးကျယ်ကျယ် မတွေးလိုက်ပါနဲ့ဦး။ သူ့ဘက်ကလည်း ဂုဏ်သရေ မလျော့အောင်
ပြောရမယ်ဆိုရင် သူက လူတွေဆီက ပိုက်ဆံတောင်းစားတဲ့ သူဖုန်းစား တစ်ယောက်ပါ။ ပြီးတော့
စိတ်ကျန်းမာရေး ချို့တဲ့သူပါ။
ဒါပေမယ့်
သူ့အကြောင်းက ၁၈၉ဝ ဇူလိုင်လ ၂၈ ရက်နေ့မှာ သေသွားတဲ့ ဆံပင်နီနီ ဖုတ်သိုက်နဲ့
ဗင်းဆင့်ဗင်ဂိုးဆိုတဲ့ ပန်းချီဆရာတစ်ယောက် နားရွက်ကို ဓားနဲ့ဖဲ့ပြီး ကြေးစားအပျက်မလေးကို
ချစ်သက်လက်ဆောင်ပေးခဲ့တဲ့ ကိစ္စလို လူပြောသူပြော များနေတုန်းပါ။
□
ကမ္ဘာမှာ အချမ်းသာဆုံး
လူသားတစ်ယောက်ဖြစ်တဲ့ ဘီလ်ဂိတ်က သူပိုင်ဆိုင်တဲ့ ပိုက်ဆံတွေ၊ ဓနဥစ္စာတွေကို
တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို တစ်ယောက်မကျန် ဆယ့်ငါးဒေါ်လာစီ ပေးဝေမယ်ဆိုရင်တောင်
သူ့လက်ထဲမှာ ဒေါ်လာသုံးထောင် ကျန်ဦးမယ်လို့ ဂျာနယ်တစ်စောင်မှာ သတင်းအဖြစ် ဖတ်ရတယ်။
(သေချာတာကတော့ ဘီလ်ဂိတ် ဒီစိတ်ကူးကို
သူ့ဘဝမှာ အကောင်ထည်ဖော်မှာ မဟုတ်ပါဘူး)
သူဌေးမင်းက ဘီလ်ဂိတ်လောက်လည်း
မချမ်းသာပါဘူး။ ဘီလ်ဂိတ်ထက် အရပ်ပုတာ သေချာသလို ကိုယ်အလေးချိန်လည်းမီမှာ
မဟုတ်ပါဘူး။
ဒါပေမယ့် အရပ် ၅ ပေ ၃ လက်မလောက်နဲ့
ကိုယ်အလေးချိန် ၁ဝဝ ပျော့ပျော့ရှိတဲ့ သူဌေးမင်းက ဘီလ်ဂိတ်နင်းတဲ့
ကမ္ဘာမြေကြီးပေါ်မှာ ထိုးထိုးထောင်ထောင်နဲ့ မတ်တတ်လမ်းပျောက်တဲ့သူပါ။ တစ်ခါတလေ
ပန်းနုရောင်ပြေးနေတတ်တဲ့ နေမင်းကြီးကို သူဌေးမင်း ခံစားခွင့် ရှိပါတယ်။
ဘာလို့လဲဆိုရင် သူဌေးမင်းကလည်း စိတ်မနှံ့ပေမယ့်
လူတွေထဲက လူတစ်ယောက်ပါ။
ငွေကြေးရှာဖွေမှုနဲ့
ပတ်သက်ရင် ဘီလ်ဂိတ်မှာ ချမှတ်ထားတဲ့ မူ၊ စည်းကမ်း ဥပဒေ ရှိမရှိ သေချာမသိရ ပေမယ့်
သူဌေးမင်းကတော့ ပိုက်ဆံတောင်းတဲ့နေရာမှာ သူ့ ဘာသာ သူထုတ်ထားတဲ့ အချက်တချို့
ရှိပါတယ်။ သူ့ ဘာသာသူထုတ်ထားတဲ့ စည်းကမ်းပေမယ့် သူဌေးမင်းက လိုက်နာတယ်။ ဖောက်ဖျက်တယ်
မရှိဘူး။ အမှားကို ဘွာတေးမခတ်ပါဘူး။
စားပွဲ ကုလားထိုင်နဲ့
ပိုက်ဆံတောင်းတဲ့ လူတွေကစပြီး လမ်းပေါ်မှာ ပိန်ညှက်ညှက်ကလေးလေးတွေ ပွေ့ချီပြပြီး
ပိုက်ဆံတောင်းကြတဲ့ လူတွေအဆုံး သူဌေးမင်း ပိုက်ဆံတောင်းပုံက ကွာခြားပါတယ်။
မျက်နှာရိပ်၊ မျက်နှာကဲ၊ ကိုယ်အမူအရာက စလို့ စိတ်ခံစားမှုအဆုံး ကြက်ချေးစုချည်
အနားသတ်ထားသလိုမျိုးကို ကွာခြားတယ်။
သူဌေးမင်းရဲ့ ပိုက်ဆံတောင်းတဲ့
ပုံစံမှာ ထူးခြားချက်က နှစ်ခုတည်းပါ။ နံပါတ်တစ်အချက်က လူကြည့်ပြီးမှ
ပိုက်ဆံတောင်းတယ်။ လူကြည့် ပိုက်ဆံတောင်းတယ် ဆိုတာထက် လူရွေးပြီး ပိုက်ဆံတောင်း
တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငွေရွှင်ကြေးရွှင်ပုံရတဲ့ လူတွေရဲ့ ပုံသဏ္ဌာန်ကို
ကြည့်ပြီးမှ သူဌေးမင်းက ပိုက်ဆံတောင်းတယ်။ ပိုက်ဆံရှိတဲ့ လူဆီကမှ လိုချင်တယ်။ ပိုက်ဆံပေါတဲ့
လူဆီကတောင်းမှ ပိုရနိုင် တယ်ဆိုတဲ့ စိတ်အဆင်မျိုးနဲ့ ရွေးတောင်းတာ မဟုတ်တာတော့
သေချာပါတယ်။
ဘာလို့လဲဆိုရင် နွမ်းပါးတဲ့ လူတွေဆီက
ဘယ်တော့မှ သူဌေးမင်း ပိုက်ဆံမတောင်းဖူးဘူး။ သူ့ကို ပေးခဲ့ရင်တောင် တစ်ခါမှ မယူဘူး။
ဇွတ်ပြန်ပေးတတ်တယ်။ စိတ်မမှန်ပေမယ့် စိတ်အခံတော့ ရှိပုံရပါတယ်။
နံပါတ်နှစ် အချက်က သူဌေးမင်း နေရာတကာ
ပိုက်ဆံလိုက်မတောင်းပါဘူး။ သူများတွေလို ဆိုင်တကာ၊ လမ်းတကာ လှည့်လည်ပြီး
ဘုရားပုထိုးရှေ့မကျန် တောင်းတာ လုံးဝမလုပ်ဘူး။ သူ့ကို အမြဲတွေ့နိုင်တဲ့နေရာက
အရိပ်ပုပုဆေးရုံလေးရဲ့ ဝင်ပေါက်ဝနားမှာပါ။ သူ စွဲစွဲမြဲမြဲ တောင်းတဲ့နေရာက
ပိုက်ဆံပိုရနိုင်တဲ့ နေရာမဟုတ်ပါဘူး။ အကြောင်းတစ်ခုတော့ ရှိပုံရတယ်။
သူဌေးမင်း ပိုက်ဆံတောင်းတဲ့နေရာက
မြို့လေးရဲ့ ဆေးရုံမှာဆိုပေမယ့် ဆေးရုံ ပရဝဏ်အတွင်းကို မဝင်ဘူး။
ဆေးရုံဝင်းပေါက်ဝမှာ ရပ်ပြီး တောင်းတယ်။ မိုး ဘယ်လောက်သွန်းသွန်း၊ နေ ဘယ်လောက်ဆူဆူ
မိုးလင်းချိန်ကနေစပြီး မိုးစုန်းစုန်းချုပ်တဲ့ အချိန်ထိ ဂိတ်ပေါက်ဝနားမှာ
သူဌေးမင်း ရှိနေတတ်တယ်။
ယူကလစ်ပင် ပင်စည် ဖြူဖြူကို
ကျောမှီနေရာက သူ တောင်းချင်တဲ့ သတ်မှတ်ချက်မှာ အကျုံးဝင်တဲ့လူတွေ့ရင် ထလာမယ်။
ပြီးတော့ အဲဒီလူရှေ့တည့်တည့်မှာ သွားရပ်ပြီး ပြောမယ်။
'သူဌေးမင်းကို ပိုက်ဆံ မ,စခဲ့ပါဦး'
သူဌေးမင်း တောင်းရင် သူ့စကား
ကြားရတာနဲ့ကို အတောင်းခံရတဲ့ လူတွေ ပြုံးစစ ဖြစ်သွားတတ်ကြ တယ်။ သူဌေးမင်းလို့လည်း
ပြောသေးတယ်။ ပိုက်ဆံလည်း မ,စခိုင်းသေးတယ် ဆိုတော့ ပြုံးမိကြတာပေါ့။ သူဌေးမင်း တောင်းတာကို မပေးတဲ့လူဆိုလို့
မရှိသလောက်ပါပဲ။ မပေးရင်လည်း သူဌေးမင်းက လူစင် စစ်စစ်ကနေ တောက်တဲ့ဘဝ
ပြောင်းသွားတယ်။ ရှေ့ဆက်သွားဖို့ လမ်းမဖယ်ပေးဘူး။
သူဌေးမင်း တစ်နေ့တစ်နေ့
ရတဲ့ပိုက်ဆံတွေက သူ့ပုဆိုးခပုံစထဲမှာ ဖွေးဖွေးလှုပ် ပြည့်နေတယ်။ ဒါပေမယ့်
သူဌေးမင်း တောင်းလို့ရတဲ့ ပိုက်ဆံတွေကို ဘာလုပ်သလဲဆိုတာ ဘယ်သူမှ မသိကြဘူး။
□
သူဌေးမင်း ရပ်ကွက်ထဲကို ဘယ်အချိန်က
စပြီး ရောက်လာတယ်ဆိုတာ ဘယ်သူမှ သေသေချာချာ မသိကြဘူး။ နောက်တော့ အားလုံး
သူဌေးမင်းကို သိသွားကြတယ်။ အရင်အရင်ကလည်း အရူးတွေ အများကြီး ကြုံဖူးသားဆိုတော့
အချိန်တန်ရင် တခြားထွက်သွားမယ်လို့ ထင်ထားကြတယ်။ ဒါပေမယ့် သူဌေးမင်းက
ထွက်မသွားဘူး။
သူနေတဲ့ နေရာလေးမှာပဲ သေသွားတယ်။
သူနေတဲ့ နေရာဆိုတာက ဆေးရုံနဲ့
မျက်စောင်းထိုး နေရာမှာရှိတဲ့ မူလတန်းကျောင်းလေးရှေ့က တဲလေးမှာနေတာ။ ညဆိုရင် တိတ်ဆိတ်နေတဲ့
မူလတန်းကျောင်းလေးရဲ့ မြက်ခင်းပြင်မှာ အိပ်တတ်တယ်။ နွေရာသီ လသာတဲ့ညတွေ ဆိုရင်ပေါ့။
မိုးရွာရင် ကျောင်းရှေ့က တဲလေးမှာ အိပ်တယ်။ အရူးဆိုပေမယ့် သူဌေးမင်းက လူတွေကို
ဒုက္ခမပေးပါဘူး။ သူ့ ဘာသာသူ ပိုက်ဆံတောင်းတယ်။ အိပ်တယ်။ ဒီလောက်ပါပဲ။
သူဌေးမင်း သေတာကလည်း ရိုးရိုးလေးပဲ။
နာဗာနားအဖွဲ့ရဲ့ ခေါင်းကိုင်ဖခင်
အော်တာနေးတစ် ဂီတရဲ့ အိမ်ရှေ့စံ ဂစ်တာသမား အဆိုတော် ကတ်ကိုဘိန်းလို ခြောက်လုံးပြူး
သေနတ်ဆုံလည်ထဲက ကျည်ဆံထဲ နားထင်ထဲ ပြောင်းထည့်စရာမလိုဘူး။ မိုးရွာတဲ့ ညတစ်ညမှာ
ဘယ်အချိန် အသက်ထွက်သွားမှန်း ဘယ်သူမှ မသိဘူး။ မနက် မိုးစင်စင်လင်းမှ ခွေခွေလေး သေနေတဲ့
သူဌေးမင်းကို တွေ့ရတာ။
သူဌေးမင်း မသေခင်က သူ့အကြောင်းနဲ့
ပတ်သက်ပြီး ပြောကြတာဆိုလို့ အော်ရဂျင်နယ် အရူးလား၊ ကော်ပီအရူးလား ဆိုပြီး
ပြောကြတာလောက်ပဲ ရှိတယ်။ ဒီထက်ပိုပြီး မရှိဘူး။
သေပြီးတဲ့ အခါကျမှ သူ့အကြောင်းက
စိတ်ဝင်စားစရာ ကောင်းမှန်းသိလာတာပါ။
□
၁၉၆၉ ခုနှစ်ကနေစပြီး အပိုလို (၁၁)
အာကာသယာဉ်နဲ့ လကမ္ဘာကို လူတွေ တဒီးဒီး သွားနေကြတာ ဒီနေ့အထိဆိုရင် အကြိမ်ရေ အတော်ကို
များနေပါပြီ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေရဲ့ အတိုင်းအတာနဲ့ဆိုရင်တော့ လကမ္ဘာ
မျက်နှာပြင်မှာ ခြေချဖူးသူ အတော်ကို နည်းဦးမှာပါ။
လကမ္ဘာပေါ် ခြေချဖူးတဲ့ သူကမှ
များဦးမယ်။
သူဌေးမင်းရဲ့ စိတ်ခံစားမှုကို
သိတဲ့သူဆိုလို့၊ နားလည်တဲ့သူဆိုလို့ တစ်ယောက်မှ မရှိနိုင်ဘူး။ အရူးဆိုတော့ ဘယ်သူမှ
အဖက်လုပ် အရေးတယူ မေးမြန်းတာတွေမှ မလုပ်ကြတာ။ သူဌေးမင်းနဲ့ ပတ်သက်လို့ အနည်းအကျဉ်း
သိတဲ့လူဆိုလို့ တစ်ယောက်တော့ ရှိတယ်။ အဲဒီအချက်ကလည်း အများကြီးမဟုတ်ပါဘူး။
သူဌေးမင်း မသေခင်က တစ်နေ့တစ်နေ့ တောင်းလို့ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားတယ်၊
ဘာလုပ် ပစ်တယ်ဆိုတာလောက် သိရတာပါ။
သူဌေးမင်းနေတဲ့ မူလတန်းကျောင်းလေးမှာ
ဒရဝမ် တစ်ယောက်ရှိတယ်။ အဲဒီလူကလည်း အရက်သမားပါ။ သူကလည်း သူဌေးမင်း သေတဲ့နေ့ကျမှ
ပြောပြတာ။ သူ မပြောပြခင်ကတော့ သူဌေးမင်းရဲ့ တောင်းလို့ရတဲ့ ပိုက်ဆံတွေ
ဘာလုပ်သလဲဆိုပြီး သို့လော သို့လော လောက်တော့ ပြောဖြစ်ကြတယ်။
ဘာသာပြန် ဝတ္ထုတွေ
အဖတ်များတဲ့လူတစ်ယောက်က သူဖတ်ဖူးတဲ့ ဝတ္ထုတို တစ်ပုဒ်ထဲကလိုမျိုး ထင်တယ်လို့
ပြောတယ်။ တူရကီ စာရေးဆရာ MuZaffer
Izgu ရေးတဲ့ Wanted a Town Without a Crazy ဆိုတဲ့ အရူး မရှိတဲ့မြို့
အလိုရှိသည် ဝတ္ထုထဲက ဟစ်လမီလို ရူးချင် ယောင်ဆောင်ပြီး ပိုက်ဆံတောင်းပြီး တခြားမြို့မှာ
ကျန်ခဲ့တဲ့ မိသားစုဆီပို့တယ် ထင်တယ်လို့ ပြောတာပါ။
'မင်းက ဘာဖြစ်လို့ အဲဒီလို
ထင်ရတာလဲ'
သူ့ကို တခြားလူတွေက မေးတော့
သူဖတ်ဖူးတဲ့ ဝတ္ထုကို လူများသိအောင် ကြွားချင်တာ အဓိကပေမယ့် ဆင်ခြင်တော့
တွေးစရာဖြစ်အောင် ဖြေတယ်။
'ငါက သူ့ကို ရူးတယ်ဆိုတာ
သိပ်မသင်္ကာဘူး။ ဆရာဝန်ကြီးကို သူ တစ်ခါ ပြောဖူးတယ်လေ။ ခင်ဗျားတို့ မှတ်မိသေးလား။
ဆေးရုံနဲ့ ပတ်သက်လို့ အကြံပေးစာ ထည့်ဖို့တပ်ထားတဲ့ သေတ္တာက သော့ခလောက် သံချေး
(ဂျီး) တက်နေတယ် ဆိုတာလေ။ ဒီလောက်ပြောတာ ရူးတယ်လို့ ပြောလို့ရမလား'
သူပြောတာ တချို့တစ်ဝက် မှန်သင့်သလောက်
မှန်ပေမယ့် သူဌေးမင်းက စိတ်ကျန်းမာရေး ချို့တဲ့တဲ့ လူဆိုတာ စိတ်ရဲ့ပြတင်းပေါက်ဖြစ်တဲ့
မျက်လုံးတွေကို ကြည့်ရုံနဲ့ သိသာပါတယ်။
ဝတ္ထုရေးသလို ဇာတ်လမ်းဆင်ပြီး
တစ်ယောက်က သူဌေးမင်း ဆေးရုံမှာ ပိုက်ဆံ တောင်းတာက ဆေးရုံနဲ့ ပတ်သက်တဲ့
နာကျင်မှုတွေ ရှိခဲ့မယ်ဆိုပြီး သူ့ဇာတ်ကို ခင်းပြတယ်။
'သူဌေးမင်းက ဆရာဝန်ကြီးကို
ပြောတာလေ။ ဆရာဝန်ကြီးလို့တော့ ခေါ်ပါရဲ့။ ပြီးတော့ မင်းနဲ့ငါနဲ့ ပြောတာကွ။
ဆရာဝန်ကြီး မင်းလူနာတွေကို မသေအောင် ဆေးကုဆိုပြီး ပြောတာက သူ့ မိသားစု တစ်ယောက်
ဒီဆေးရုံမှာ ဆုံးသွားလို့ နေမှာ။ သူလည်း ဒါကြောင့် ရူးသွားတာနေမှာ။ သူ့မိသားစု သေတာကတော့ကွာ
ဆေးဖိုး မတတ်နိုင်လို့ နေမှာပေါ့။
နောက်တစ်ယောက် ပြောတာလည်း
မဖြစ်နိုင်ပါဘူး။ ဆေးရုံလာတက်တဲ့သူ ဆိုရင်တော့ ဒီပတ်ဝန်းကျင် အနီးအနားက လူတွေ တစ်ယောက်မဟုတ်
တစ်ယောက် သိကြမှာပါ။ မှတ်မိမှာပါ။ ဒါပေမယ့် အရက်သမား ဒရဝမ်ကြီးက သူဌေးမင်းအကြောင်း
ပြောပြတော့မှ သူဌေးမင်း ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ဝုန်းခနဲ အားလုံး
ပြန်အမှတ်ရမိကြတယ်။ သူဌေးမင်းကို သဘောရိုးနဲ့ တောင်းလို့ရတဲ့ ပိုက်ဆံတွေ ဘာလုပ်ပစ်လဲ
မေးခဲ့ကြတာပါ။ သူဖြေတာကလည်း ထော်လော်ကန့်လန့် စကားမို့ အရူးစကားဆိုပြီး အလေးအနက်
ဂရုမစိုက်မိဘူး။ သူဌေးမင်း ပြောခဲ့တာက သူ့ထုံးစံအတိုင်း စကားတစ်ခွန်းကို
နှစ်ခါထပ်ပြောရင်း ပြောခဲ့တာပါ။
'ပိုက်ဆံတွေ ငါ ငရဲပြည်
ပို့ပစ်တာ၊ ပိုက်ဆံတွေ ငါ ငရဲပြည် ပို့ပစ်တာ'
□
အာဖရိကတိုက်မှာ နေထိုင်တဲ့
လူမျိုးတစ်မျိုးရဲ့ ဓလေ့က လူသေရင် မငိုကြဘူး။ အားလုံး ဝမ်းသာပျော်ရွှင်ကြတယ်တဲ့။
လူဖြစ်လာတာ ဒုက္ခအမှောင်တွင်းထဲ ကျဆင်းရတယ်ဆိုတဲ့ အနေမျိုး ဖြစ်မှာပါ။ ကလေး
တစ်ယောက်မွေးလာရင် အားလုံး ငိုကြတယ်။ သေပြီဆိုရင်တော့ ဒုက္ခဆင်းရဲ ကျွတ်လွတ်ပြီ
ဆိုပြီး ပျော်ကြတာပေါ့။
တရုတ်လူမျိုးတွေကျတော့ တစ်မျိုး
ထူးဆန်းကြတယ်။ လူသေရင် ကိုယ့်မိသားစုဝင်တွေ ငိုတာ လောက်နဲ့ အားမရဘူး ထင်ပါတယ်။
သေတဲ့လူအတွက် ငိုပေးဖို့ကို ပိုက်ဆံပေး လူ ငှားကြတယ်။
သူဌေးမင်းက တရုတ်လူမျိုးလည်း
မဟုတ်ပါဘူး။ သူသေတာကို ငိုပေးဖို့ ပိုက်ဆံပေးငှားမယ့် မိသားစုလည်း မရှိပါဘူး။
ဆွေမသိမျိုးမရှိ တစ်ကောင်ကြွက် အရူးတစ်ယောက်ပေမယ့် သူသေတော့ ကျူကျူပါအောင်
ဝမ်းနည်းတစ်ကြီး ငိုတဲ့လူ တစ်ယောက် ပေါ်လာတယ်။
အဲဒီလူက အရက်သမား ဒရဝမ်ကြီးပါ။
သူဌေးမင်း သေပြီဆိုတဲ့ သတင်းကြားတာနဲ့ ချက်ချင်း ရောက်လာတယ်။ မနက် အစောကြီးပေမယ့်
အရက်နဲ့ မျက်နှာသစ်ပြီးနေပြီ။ မူးမူးနဲ့ ရောက်တဲ့အချိန်ကစပြီး သူဌေးမင်းဘေးမှာ
ထိုင်ပြီး ငိုတယ်။ ငိုရင်းနဲ့ ပါးစပ်ကလည်း ပြောတယ်။ သူပြောတာတွေ၊ သူလုပ်တာတွေ
ဘယ်သူမှ နားမလည်နိုင်ကြဘူး။
'ကျေးဇူးရှင်ကြီးရေ၊ အသေစောလှချည်လား။
ကျုပ်ကို မကြည့်တော့ဘူးလား။ ခင်ဗျားမရှိရင် ကျုပ်ဘယ်လို အရက်သောက်ရတော့မလဲ'
စိတ်မမှန်တဲ့ သူဌေးမင်းက စိတ်မှန်တဲ့
အမူးသမားကို ကျေးဇူးတင်ရလောက်အောင် ဘာများလုပ်ပေးခဲ့ သလဲဆိုပြီး လူတွေက
သိချင်စိတ်နဲ့ မေးကြတယ်။
'နေပါဦး၊ ဒီအရူးက
ခင်ဗျားအပေါ် ဘယ်လို ကျေးဇူးရှိတာလဲ။ ပြောစမ်းပါဦး'
'ငါ့ကို နေ့တိုင်း အရက်တိုက်ခဲ့တာ
သူဌေးမင်းပါကွာ။ သူ့ကြောင့်သာ အရက်ကို ငါ ပုံမှန်သောက်နိုင်ခဲ့တာပါ။ အခုတော့
ငါ့ကျေးဇူးရှင်ကြီး သေရှာပြီဟာ'
အရက်သမားကြီးရဲ့ အဖြေစကားကို
ကြားရတော့ လူတွေအားလုံး စိတ်ထဲမှာ သူဌေးမင်း သူတောင်းလို့ရတဲ့ ပိုက်ဆံတွေ
မြင်မိတယ်။ အရူးဆီက ပိုက်ဆံကို အရက်သမားက ခြိမ်းခြောက်လုတယ် ထင်မိကြတယ်။ ဒါပေမယ့်
အရက်သမားကြီးက သားမရှိ၊ မယားမရှိ လူပျိုကြီးလုပ်ရင်း ကျောင်းစောင့် အရက်သောက်တာက
လွဲလို့ မဟုတ်တာ မလုပ်တတ်မှန်း အရပ်က သိတယ်။ လူကြီးတွေကတော့ သူဒီလိုပြောတော့
စစ်မေးရတယ်။ အရက်သမားက သူပြောတာတွေ လွန်သွားမှန်း သိပုံရတယ်။ ဒါပေမယ့်
ပြောပြီးပြီဆိုတော့ စကားကို ဖာလို့ နုတ်လို့ မရတော့ဘူး။ ရှက်ရှက်နဲ့ အမှန်
အတိုင်းဝန်ခံရှာတယ်။
'ကျွန်တော် သူဌေးမင်းဆီက
ပိုက်ဆံတွေ လုယူတာ မဟုတ်ပါဘူး။ ချော့ပြီး တောင်းတာလည်း မဟုတ်ပါဘူး'
'ဒါဆိုရင် သူ့ဆီက ပိုက်ဆံတွေ
မင်းဘယ်လိုယူတာလဲ။ ခိုးယူတာဆိုရင်လည်း မှန်မှန်သာ ပြောကွာ'
'ဘုရားပေးပေး
ကျမ်းပေးပေးပါဗျာ။ ကျွန်တော် အရက်ပဲ သောက်တာပါ။ သူတစ်ပါးပစ္စည်း မခိုးဖူးပါ ဘူး။
ကျွန်တော် သူဌေးမင်းရဲ့ ပိုက်ဆံတွေကို သူ လွှင့်ပစ်တဲ့နေရာက ကောက်ယူတာပါ'
အားလုံးက သူဌေးမင်းတစ်ယောက် တောင်းလို့ရတဲ့
ပိုက်ဆံတွေ လွှင့်ပစ်တယ်ဆိုတော့ အံ့သြမိကြတယ်။ လွှင့်ပစ်ဖို့ဆိုရင် ဘာကြောင့်
တောင်းသေးတာလဲဆိုပြီး အံ့သြကြတယ်။ ဒီထက်ပိုပြီး အံ့သြရတာ သူဌေးမင်း
လွှင့်ပစ်တဲ့နေရာနဲ့ လွှင့်ပစ်တဲ့ ပုံစံကို ကြားရလို့ပါ။
'ဒါဆို သူဌေးမင်းက ဘယ်မှာ
လွှင့်ပစ်တာလဲ'
'အိမ်သာကျင်းထဲကိုပါ၊
လွှင့်ပစ်တာ။ ညနေဆို သူဌေးမင်းက သူတောင်းလို့ရတဲ့ ပိုက်ဆံတွေ ကျောင်းဝင်းထဲက
အိမ်သာကျင်းထဲကို လာလာပစ်တယ်။ ပိုက်ဆံတွေ တစ်ရွက်ချင်း ပစ်ချရင်း တဟားဟား ရယ်တာဗျ။
ကျွန်တော်က သူ ပြန်သွားပြီဆိုမှ ဝါးညှပ်လေးနဲ့ တစ်ရွက်ချင်း ကောက်ယူတာပါ။
ကျွန်တော် ခိုးတာမဟုတ်ပါဘူး'
အရက်ဆိုင် ပိုင်ရှင်ကတော့
ဒီစကားကြားတာနဲ့ ဒရဝမ်ကြီးကို စားတော့မလို ဝါးတော့မလို ကြည့်တယ်။ ပြီးတော့ မင်း
ငါ့ဆိုင် တစ်သက်မလာနဲ့ ပြောပြီး ထွက်သွားတယ်။ ရပ်ကွက်လူကြီးတွေလည်း တအံ့တသြနဲ့
ထင်မြင်ချက်အမျိုးမျိုး ပေးကြတယ်။ တချို့ကတော့ အရက်သမားကြီးကို ရွံသလို ကြည့်တယ်။
တချို့က သြော် ... ကျေးဇူးရှင်နဲ့ ကျေးဇူးခံဆိုပြီး ရယ်ကြတယ်။
သူဌေးမင်းတစ်ယောက် သူဌေးတွေဆီက တောင်းလို့ရတဲ့
ပိုက်ဆံတွေ အိမ်သာကျင်းထဲ ပစ်ချတယ်ဆိုတာ လောကကြီးကို အရွဲ့တိုက်တာလို့ ပြောကြတယ်။
ခေတ်ပြိုင် အနုပညာကို စိတ်ဝင်စားကြတဲ့ လူတွေက ငွေအကြောင်းကို အကောင်းဆုံး
ပါဖောမန့် လုပ်သွားတာလို့ ပြောကြတယ်။ တချို့က အရူးဆိုတော့ ဒီလိုလုပ်တာ မဆန်းပါဘူး
ဆိုတယ်။ အမျိုးမျိုး ထင်မြင်ချက်မျိုးစုံ ပြောကြတယ်။ သူဌေးမင်း သူတောင်းလို့
ရတဲ့ပိုက်ဆံတွေ ဘာလုပ်လိုက်တယ်ဆိုတာ သိရပေမယ့် ဘာကြောင့်လုပ်တယ်ဆိုတာ ဘယ်သူမှ
မှန်အောင် မပြောနိုင်ကြဘူး။
တစ်ခုခုတော့ တစ်ခုခု
ရှိပုံရတယ်ဆိုပြီး တွေးဆကြည့်ကြတယ်။
သူဌေးမင်းအကြောင်းက သေပြီးမှ နာမည်ကြီး
လူကြိုက်များတဲ့ ဗင်းဆင့်ဗန်ဂိုး လိုပါ။ လူတကာ သဲသဲလှုပ် တပ်မက်ကြတဲ့ သည်းခြေကြိုက်ငွေကို
အိမ်သာကျင်းထဲ ပစ်ချပြီး တဟားဟား ရယ်တယ်ဆိုတာ အံ့သြစရာကောင်းတဲ့ မေးခွန်းတစ်ခု
မဟုတ်လား။
သူဌေးမင်း ပြောခဲ့တဲ့ အမှတ်မထင်စကားကလည်း
မေးခွန်းတွေရဲ့ အတိတ်စိမ်းလို လူတကာက ပြောကြတယ်။ ဒီအချက်ကိုတည်ပြီး
အဖြေရှာကြည့်ကြတယ်။
'ပိုက်ဆံတွေကို ငါ ငရဲပြည်
ပို့ပစ်တာ၊ ပိုက်ဆံတွေကို ငါ ငရဲ ပြည် ပို့ပစ်တာ'
အိမ်သာကျင်းထဲက မစင်အညစ်အကြေးတွေ
ရွံရှာဖွယ်ရာတွေကို ငရဲပြည်လို့ ဘာကြောင့် သူဌေးမင်း ပြောခဲ့တာလဲ။
ရူးလို့လား။ ရူးလို့ပြောတာ
မဟုတ်ရင်တော့ ထူးလို့ပဲ ဖြစ်မှာပါ။
အရပ်ထဲမှာ အရူးတစ်ယောက် သေသွားတော့
ဘာပဲပြောပြော တစ်ဇာတ်တော့ သိမ်းသွားပြီ ထင်ကြ တာပေါ့။ ဒါပေမယ့် သိပ်မကြာပါဘူး။
သူဌေးမင်းရဲ့ ကုသိုလ်ကောင်းမှုကြောင့်လား မသိဘူး။
ငကန်းသေလို့ ငစွေ ပေါ်လာတယ်။
□
ကျွန်တော့်မှာ ရောဂါ တစ်ခုခု
ဖြစ်နေပါပြီ။ ဒီရောဂါကို ဘယ်လို အမည်ပေးရမလဲ ကျွန်တော် မသိဘူး။ သူဌေးမင်း တစ်ယောက်
ဘယ်လိုစိတ်အခံ ကြောင့် လုပ်ဆောင်သွားတယ်ဆိုတာ သိဖို့ မလွယ်တော့ပါဘူး။ ဒါပေမယ့် သူ
ပြောခဲ့တဲ့ စကားတွေက လူတိုင်းကို ချန်ပန်ဇီထက် သာတယ်လို့ သဘောထားတဲ့
ကျွန်တော့်အတွက် ငွေစက္ကူတွေကို ကိုင်တွယ်ရချိန် အသုံးပြုရချိန်တွေမှာ
ပြန်ပြန်ကြား နေမိတယ်။
'ပိုက်ဆံတွေကို ငါ ငရဲပြည်
ပို့ပစ်တာ၊ ပိုက်ဆံတွေကို ငါ ငရဲပြည် ပို့ပစ်တာ'
ကျွန်တော့်ကို လူတွေက အရူးလို့
ပြောကြတယ်။ ကျွန်တော့်ရောဂါက ရူးတာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေး ပျက်ယွင်းသွားတာ
မဟုတ်ပါဘူး။ ကျွန်တော် အမှန်တကယ် ကြုံဆုံနေရတဲ့ ဘဝက ဖြစ်လာတဲ့ ရောဂါပါ။
ငွေစက္ကူတွေကို ထိတွေ့ အသုံးအစွဲပြုရတဲ့ အချိန်တွေမှာ ကျွန်တော့်ခန္ဓာကိုယ်ထဲက
မိလ္လာနံ့တွေ တဝုန်းဝုန်း ထွက်နေသလို ရှူရှိုက်မိတယ်။ ဒါ့ပြင် ကိုယ့်ကိုယ်ကိုယ်
ငရဲသားတစ်ယောက်လို နေ့စဉ် လုပ်ဆောင်နေထိုင်ရတဲ့အချက်တွေ တွေးမိပြီး ယုံကြည်မိတာပါ။
ကျွန်တော့်ကို အရူးလို့ မပြောကြပါနဲ့။
ဒါနဲ့...
'ငရဲသားကို ပိုက်ဆံ မ,စခဲ့ပါဦး၊
ငရဲသားကို ပိုက်ဆံ မ,စခဲ့ပါဦး'
လင်းသော်ဝေ
(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်