ရွှေအသစ်

ကိုင်းကူးခြင်း

မိုးသောက်ထွန်း

26 August 2024
ကိုင်းကူးခြင်း
Share to

            'ဖေဖေ ဟိုမှာ ငှက်ကလေးတွေ'

            လမ်းမဆီ မျှော်နေသည့် သူ့ပခုံးကို ပုတ်ရင်း သားငယ်က အပင်ပေါ် လက်ညှိုးထိုးပြသည်။ သူတို့သားအဖနှစ်ယောက် လမ်းထိပ်အုတ်ခုံမှာ ထိုင်နေခြင်းဖြစ်၏။ ဇနီးဖြစ်သူ အေးမြ၏ ပြန်အလာကို လာပြီး စောင့်မျှော်နေကြခြင်းပင် ဖြစ်လေသည်။

            'ဘယ်မှာလဲ သားရဲ့'

            'ဟိုမှာလေ ဖေဖေ... ခုန်ဆွခုန်ဆွ လုပ်နေကြတာလေ... တွေ့လား'

            အုတ်ခုံဘေးတွင် ပေါက်နေသောသစ်ပင်ပေါ်ကို သူမော့ကြည့်လိုက်သည်။ တွေ့ပါပြီ ငှက်ကလေး သုံး, လေးကောင်။ အပျံသင်စ ငှက်ပေါက်ကလေးများ ဖြစ်၏။ သူကြည့်နေစဉ်မှာပဲ ငှက်ကလေး တစ်ကောင်က နားနေသောသစ်ကိုင်းမှ အခြားကိုင်းတစ်ခုသို့ ခုန်ကူးလိုက်လေသည်။ ဟန်ချက်ကို ကောင်းစွာ မထိန်းနိုင်သေးသည်မို့ ငှက်ကလေးမှာ အခြားကိုင်းပေါ်သို့ ဖရိုဖရဲ ကျရောက်သွားသည်။ ငှက်ကလေးမှာ ထိတ်လန့်သွားပုံရလေ၏။ အဖော်များရှိနေသော သစ်ကိုင်းသို့ ပြန်ကူးရန် အားယူနေလေသည်။

            'ဟာ... ဖေဖေ ငှက်ကလေးတစ်ကောင် ပြုတ်ကျလာပြီ'

            သားငယ်က အလန့်တကြား ထအော်လေသည်။ တခြားကိုင်းမှ ပြန်ခုန်ကူးလာသော ငှက်ကလေးသည် မူလသစ်ကိုင်းသို့ ကောင်းစွာမရောက်ဘဲ အောက်သို့ပြုတ် ကျလာခြင်း ဖြစ်လေသည်။

            'သြော်... သားသား က မေမေ့ကို လာကြိုနေတာလား'

            ခပ်လှမ်းလှမ်းမှ လျှောက်လာသော အေးမြ၏ နှုတ်ဆက်စကားကြောင့် ငှက်ကလေးဆီ ရောက်နေသော အာရုံများ ပြောင်းသွားလေ၏။ သားငယ်က အမေဖြစ်သူဆီ ပြေးသွားသည်။ သူကိုယ်တိုင်လည်း ခြေလှမ်းကျဲကြီးများဖြင့် အေးမြထံ လှမ်းသွားမိသည်။

            'မေမေ သားအတွက် မုန့်ပါလား'

            'အေးမြ ငါ့အတွက်ပါလား'

            သူတို့ သားအဖနှစ်ယောက်ဆီမှ မျှော်လင့်ချက်များ ပြိုင်တူ ခုန်ထွက်သွားကြ၏။

            'ပါ... ပါတယ်တော်။ ရော့... ရော့ '

            အေးမြက သားငယ်၏ လက်ထဲသို့ မုန့်တစ်ခု ထည့်ပေးသည်။ သူ၏ လက်ထဲသို့လည်း ပုလင်းတစ်လုံး ရောက်လာလေ၏။ ချက်ချင်းပင် ပုလင်းအဖုံးကိုဖွင့်ပြီး သူမော့ချလိုက်သည်။

            'ဟား ခုမှ နေသာထိုင်သာ ရှိသွားတော့တယ်'

            ပုလင်းကို ဇောက်ထိုး အနေအထားထိ စောင်းငှဲ့ချလိုက်သော်လည်း ယမကာ ရွှေရည်က တစ်စက်မျှ ကျမလာတော့။

            'တောက်... ဒုန်း'

            ဘာမျှမရှိတော့သည့် ပုလင်းကို ခုန်ပေါ် ဆောင့်ချလိုက်ရင်း သူတောက်တစ်ချက် ခပ်ပြင်းပြင်းခေါက် လိုက်သည်။ အိတ်ကပ်ထဲမှ နွမ်းကြေစုတ်ပြတ်နေသော ပိုက်ဆံအချို့ကို လက်ဖြင့်ဆုပ်ယူပြီး ခုံပေါ်တင်လိုက်သည်။

            'ဒီမှာ ရှင်းခဲ့ပြီဟေ့'

            သူ့စိတ်ဆန္ဒက အာသာမပြေသေးသော်လည်း သည်ဆိုင်က အကြွေးမရောင်းသော ဆိုင်မို့ ဆက်သောက်ဖို့က မဖြစ်နိုင်တော့။ ဆိုင်အတွင်း ထောင်းထောင်းထအောင် ပျံ့လွင့်နေသော ယမကာနံ့ကို အာသာပြေ ရှူသွင်းလိုက်ပြီး ဆိုင်ထဲမှ သူ လှမ်းထွက်လာခဲ့သည်။

            ကတ္တရာကြမ်းခင်းပေါ်သို့ နင်းချမိနေသော သူ့ ခြေလှမ်းများက နာနာကြည်းကြည်းနိုင်လှသည်။ နေမင်း ၏ ပုစွန်ဆီရောင် အပြုံးကို စားသောက်ဖို့ လမ်းသလားနေသူများ၏ ကြားမှ ဖြတ်တိုး လျှောက်လှမ်းလာသော သူ့ ခြေလှမ်းများက စည်းချက်မညီ။ လူတချို့က သူ့ကိုယ် သင်းနံ့ကို နှာခေါင်းရှုံ့သွားကြသည်။ သူ့ကိုယ်သူ ပြန်ပြီး ငုံ့ကြည့်မိ၏။ ကိုယ့်ကိုယ်ကိုယ် သရော်မိသော မဲ့ပြုံး တစ်ပွင့်က သူ့နှုတ်ခမ်းတွင် ပွင့်အာသွားသည်။ ယခင်က ဖြူဖွေးကြည်မြခဲ့သော သူ့အသားအရေတို့က ကြေးနီရောင်အဆင်းသို့ ပြောင်းလဲနေ၏။

            'ဟယ် ကိုမိုး'

            မျက်နှာချင်းဆိုင်မှ လျှောက်လာသော အမျိုးသမီးတစ်ယောက်က သူ့ရှေ့မှ ပိတ်ရပ်ပြီး နှုတ်ဆက်စကား ဆိုသည်။

            'ကိုမိုး ဟုတ်ပါတယ် နော်'

            ခပ်တည်တည်စိုက် ကြည့်နေသော သူ့အမူအရာကြောင့် အမျိုးသမီးက ထပ် မေးလေသည်။ မှတ်ဉာဏ် မနည်းလှသော သူ့ဦးနှောက် က သည်မျက်နှာကို ကောင်းကောင်းမှတ်မိသည်။ ကျောင်းကတည်းက ခင်မင်ခဲ့သော ခင်ပြည့်စုံ။ သို့သော် သူ မသိဟန်ပြု၍ လှည့်ထွက်လိုက်သည်။

            'နေပါဦး'

            ခင်ပြည့်စုံက သူ့လက်ကို ဖမ်းဆွဲလိုက်သည်။ ဆတ်ခနဲ သူလှည့်ကြည့်လိုက်တော့ ခင်ပြည့်စုံက သူ့ကို ပြုံး၍ စိုက်ကြည့်နေ၏။         

            'မေးထူးခေါ်ပြော မလုပ်ချင်လောက်အောင်ကို စိမ်းသွားပြီလား ကိုမိုးရဲ့'

            'မဟုတ်ပါဘူး'

            'ဒါဆို ဘာလို့လှည့် ထွက်သွားတာလဲ'

            'ငါ ဘယ်သူငယ်ချင်းနဲ့မှ စကားမပြောချင်ဘူး ခင်ပြည့်စုံ'

            'အို ဘာလို့များလဲ'

            'ငါ့အကြောင်းနဲ့ ငါပါဟာ'

            ခင်ပြည့်စုံက ခေါင်းကို ဆတ်ခနဲ ညိတ်လေသည်။ သူ ဘာမျှမပြောပေမဲ့ သဘောပေါက်ပါတယ် ဆိုသည့်သဘော။

            'လာ ကိုမိုး... ဆိုင် တစ်ဆိုင်မှာထိုင်ပြီး အေးအေးဆေးဆေး စကားပြောရအောင်'

            သူ ငြင်းလျှင်လည်း ဇွတ်အတင်းခေါ်နေမည်ကို သိသည်မို့ ငြင်းမနေတော့ဘဲ ခင်ပြည့်စုံနောက် လိုက်ခဲ့ လိုက်သည်။

            အိတ်ကပ်ကို လက်ဖြင့် စမ်းရင်း သူ ပင့်သက်ချမိသည်။ အိတ်ကပ်ထဲမှာတော့ မထည့်ရတာ ကြာပြီဖြစ်သော ပိုက်ဆံရွက်ခပ်ထူထူနှစ်အုပ်က နေရာယူလို့။

            'ယူပါ ကိုမိုးရဲ့၊ ဒီမိတ်ဆွေ ဒီသူငယ်ချင်းတွေမှ မကူညီရရင် ခင်က ဘယ်သူ့ကို သွားပြီး ကူညီရမှာလဲ'

            ခင်ပြည့်စုံ၏ စကားများက သူ့နားထဲ ပြန်ကြားယောင်လာ၏။ သည်လိုမျိုး ယူရတာ သူရှက်ရွံ့မိသော်လည်း ငွေနှစ်သိန်းဟူသော ပမာဏက သူ၏ လက်ရှိ အခြေအနေပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့လေသည်။ ခင်ပြည့်စုံ၏ ရက်ရောမှုကိုတော့ သူမအံ့သြမိ။ ဟိုးယခင် ကတည်းက သူ့အပေါ်မှာ စေတနာများ ပြိုဆင်းခဲ့ဖူးသူတစ်ယောက်။ သူကသာ ခင်ပြည့်စုံအပေါ် လျစ်လျူရှုခဲ့တာ။ အရှိန်ပြယ်စပြုနေသော ယမကာလစ်မစ်ကို ပြန်ဖြည့်ဖို့ ဝီစကီတစ်လုံးနှင့် အမြည်းများ ဝယ်လိုက်သည်။ အိမ်မှာသာ အေးအေးဆေးဆေး ဇိမ်ခံသောက်ချင်သည်မို့ ဆိုင်မထိုင်တော့ဘဲ ပါဆယ် ဆွဲခဲ့ခြင်းဖြစ်၏။

            အိတ်ကပ်ထဲရှိ ပိုက်ဆံတစ်ထပ်၏ အစွမ်းကမသေးလှ။ ယခင်က ခြေပစ်လက်ပစ် တက်ရသော ခြောက်လွှာကို ယခုတော့ တက်ရသည်ပင် မထင်မိ။ ခြောက်လွှာမြောက်အထပ်ကို သူခြေချမိ ချိန်မှာပဲ မီးက ဖျတ်ခနဲ ပျက်သွားသည်။

            'တောက် ဒီသောက်မီး က အလကားနေ ပျက်နေတာပဲ'

            စိတ်ပျက်စွာ မကျေမနပ် သူ ရေရွတ်လိုက်မိသည်။ သူ အခန်းရှေ့ရောက်တော့ အေးမြနှင့် ကလေးနှစ်ယောက်၏ ကြွက်စိကြွက်စိ အသံများကို ကြားရ၏။

            'ဒေါက်... ဒေါက်...  ဒေါက်'

            သူ တံခါးခေါက်လိုက်တော့ သမီးက လာဖွင့်ပေးသည်။ ဖယောင်းတိုင်မီး မှိန်ပျပျ လင်းနေသော အခန်းကျဉ်းလေးထဲသို့ သူလှမ်းဝင်လိုက်သည်။ မွန်းကျပ်ကျပ် ဝေဒနာဆိုးက သူ့ကို ဆီးကြိုနေ၏။ အိတ်ကို နံရံမှာချိတ်လိုက်ပြီး တစ်သိန်းအုပ်တစ်အုပ်ကို အေးမြရှေ့ ပစ်ချပေးလိုက်သည်။ အေးမြက သူ့ကို ဖျတ်ခနဲ တစ်ချက်မော့ ကြည့်သည်။ ဘာမျှတော့ မပြော။ ရုပ်ရှင်ပြကွက်ထဲ ကလို 'ရှင်ဒီပိုက်ဆံတွေ ဘယ်ကရတာလဲ။ ဘာ မဟုတ်တာတွေ လုပ်လာလဲ' စသည့် မေးခွန်းများကို အေးမြက မမေး။ မေးလာခဲ့ လျှင်လည်း သူက ရှင်းပြနေမည်မဟုတ်။ သူနှင့် အေးမြကြားက ဆက်ဆံရေးဟာ ရေခဲတမျှ အေးစက်မာကျောခဲ့တာ အတော်ပင်ကြာခဲ့ပြီ။

            'ငါသောက်ဖို့အတွက် လုပ်ပေးဦး'

            သူ၏ ခပ်ဆတ်ဆတ် စကားသံအဆုံး အေးမြက ပန်းကန်တစ်ချပ်နှင့် ဖန်ခွက် တစ်လုံးကို လာချပေးသည်။ ပြီးနောက် သမီးနှင့် အေးမြတို့ အိပ်ရာဝင်သွားကြ၏။ သားငယ်လေးကတော့ သူ့ဘေးမှာ လာထိုင်ပြီး အမြည်းစားနေ၏။ ဈေးဦးပေါက် အရက်တစ်ခွက်ကို တစ်ရှိန်ထိုး သူမော့ချလိုက်သည်။ ရင်ထဲမှာ ပူခနဲ။ အမြည်းတစ်ဖတ် လှမ်းနှိုက်ယူတော့ သားငယ်နှင့် လက်ချင်း သွားဆုံသည်။ ပန်းကန်ထဲတွင် အမြည်းက တစ်ဝက်ကျိုးနေပြီ။

            'မင်း သွားအိပ်တော့'

            သားငယ်က အမြည်းပန်းကန်ကို သံယောဇဉ်မကုန်စွာ တစ်ချက်ကြည့်ပြီး အေးမြတို့သားအမိ အိပ်နေသော ခြင်ထောင်ထဲ ဝင်သွားသည်။ ဒုတိယမြောက် အရက်ခွက်ကို သူ မော့ချလိုက်၏။

            'တောက်'

            အိတ်ကပ်ကိုစမ်းရင်း တစ်ကိုယ်တည်း သူဒေါသ ထွက်နေမိသည်။ ဆယ့်နှစ်ရာသီ ဗလာဖြစ်နေသော သည်အိတ်ကပ်ကို အကျႌမှာပင် တပ်မထားချင်တော့။ လွန်ခဲ့သည့် တစ်လလောက်ကတော့ သည်အိတ်ကပ်ထဲ ငွေတချို့ ခိုဝင်ခဲ့သည်။ ခင်ပြည့်စုံကောင်းမှုနှင့် ခဏအလည်လာရုံမျှသာ။ ယခုတော့ ဒုံရင်းအတိုင်း ဗလာ။ အချိန်က တဖြည်းဖြည်း နေညိုလာတော့ သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိ၊ ထိုင်ရကောင်းနိုးနိုး၊ ထရ ကောင်းနိုးနိုး ဖြစ်လာ၏။ သည်လိုအချိန်မျိုးမှာ အင်မတန်အရသာ ခံတတ်သည့် သူ့လျှာက ခါးသက်သက် အရသာလေးတစ်ခုကို အလိုက်ကန်းဆိုးမသိ တောင်းဆိုလာတတ်တာကတော့ဖြင့် သူ ရင်ဆိုင်ရ အခက်ခဲဆုံး အကျပ်အတည်းတစ်ခု။

            'အကြီးမ စာကျက်တာ တိုးတိုးကျက်စမ်း'

            သူ့ငေါက်သံကြောင့် စာအော်ကျက်နေသော သမီး အသံက လေသံတိုးတိုးအဖြစ် ပြောင်းသွားသည်။ ခပ်လှမ်းလှမ်းတွင် ဆော့နေသော သားငယ်ကလည်း အစ်မဖြစ်သူ အနား တိုးကပ်သွားသည်။ သည်အချိန်မှာပဲ အေးမြပြန် ရောက်လာ၏။ ဟိုဟာနည်းနည်း၊ သည်ဟာနည်းနည်းဖြင့် ဝယ်လာသော အထုပ်ကလေးများကို ဆွဲလို့။ သူ အေးမြကို လှမ်းကြည့်လိုက် သည်။ သူ့အကြည့်ထဲတွင် မျှော်လင့်ချက်တချို့ပါ၏။ သိုပေမဲ့ အေးမြကတော့ သူ့ကို ရှိတယ်လို့မှ အောက်မေ့ရဲ့ လားမသိ။ ပါလာသော အထုပ်လေးများကိုဖွင့်၍ ချက်ပြုတ်ဖို့ ပြင်ဆင်နေသည်။

            'အေးမြ'

            အေးမြက သူ့ကို လှည့်ကြည့်သည်။

            'ဘာလဲ'

            သူ မကြိုက်ဘူး။ အေးမြ၏ အကြည့်ကို လုံးဝ မကြိုက်ဘူး။ အေးမြ၏ မေးပုံကို မနှစ်သက်။ သူဟာ အလုပ် မရှိသောသူ၊ အိမ်ကို ငွေကြေးအားဖြင့် ထောက်ပံ့မှု မပေးနိုင်သောသူဟု အပြစ် တင်လိုသော လေသံနှင့် အကြည့်များ။ ထို့ကြောင့် 'မင်း ငါ့ကို အရက်ဖိုး နည်းနည်းပေးဦး' ဟူသော စကားကိုလည်း သူ့နှုတ်က ပြောမထွက်တော့ဘူး။ အေးမြကို ပြန်ပြောမနေတော့ဘဲ သူမတ်တတ်ရပ်လိုက်သည်။ ယမကာနံ့ဆာနေသော ခြေလှမ်းများနှင့် အပြင်ကို သူ ဦးတည်လိုက်၏။ အပြင်ကို ထွက်လိုက်ခြင်းက သာလျှင် သူ့အတွက် ကုန်းဆင်းတစ်ခုခု ရနိုင်သည် မဟုတ်ပါလား။

            'ကိုမိုး ဘာသောက် မလဲ'

            'ခင် ကြိုက်တာပဲ မှာ လိုက်ပါ၊ ကိုယ်က ဘာဖြစ် ဖြစ်ရတယ်'

            ခင်ပြည့်စုံ၏ မျက်နှာပေါ်တွင် ကျေနပ်လွန်းသည့် အပြုံးတစ်ပွင့် ပွင့်သွားသည်။'ခင်' နှင့် 'ကိုယ်' ဟူသော အသုံးအနှုန်းအား အမှတ်တမဲ့ သဘောမျိုးနှင့် သူ တမင်သုံး လိုက်ခြင်းဖြစ်သည်။ သည်လို အခေါ်အဝေါ်လေးကပင် ခင်ပြည့်စုံ သူ့အပေါ် ကြွေဆင်းလာတော့မည်ဆိုတာ သူသိ၏။ ခင်ပြည့်စုံက စားပွဲထိုးလေးအား ကောင်းနိုးရာရာများကို မှာနေလေသည်။ သည်လိုဆိုင်မျိုးကို သူ မထိုင် ဖြစ်ခဲ့သည်မှာ နှစ်အတော်အတန် ကြာခဲ့ပြီ။ ယခုမှ ခင်ပြည့်စုံ၏ ကောင်းမှုနှင့် တစ်ကျော့ပြန် ခြေချခွင့်ရခြင်း ဖြစ်သည်။

            'ကိုမိုး စားလေ'

            အစားအသောက်များ ရောက်လာပြီမို့ ခင်ပြည့်စုံက လောကွတ်စကား ဆိုသည်။ အစားအသောက်များကို မတို့ထိဘဲ ခင်ပြည့်စုံကိုသာ သူ စိုက်ကြည့်နေလိုက်သည်။

            'ဟော စားပါဆို မစားဘဲ ဘာစိုက်ကြည့်နေတာလဲ'

            'ခင်က ငယ်ငယ်တုန်းကထက် ပိုချောလာတယ်နော်'

            'အင်... ကိုမိုးကလည်း'

            သူ၏ ခပ်ညုညုစကားလုံးကြောင့် ခင်ပြည့်စုံက မခို့တရို့နှင့် ရှက်ရယ်,ရယ်လေသည်။

            'သြော်...ကဲ တကယ် ပြောတာပါဆို'

            'ဟုတ်ပါပြီတဲ့ရှင်'

            ခင်ပြည့်စုံ၏ အလှက ရွက်ကြမ်းရေကျိုမျှသာ။ ဟို ယခင်ကဆိုလျှင် သူ့မျက်လုံးထဲမှာ ဘယ်လိုမှ ခံစားမရခဲ့။ ယခုတော့ သူ့ကိုယ်သူပင် အံ့သြမိသည်။ ခင်ပြည့်စုံကို အလိုလိုလှနေသည်ဟု မြင်နေမိ၏။ ငွေရောင်များဟပ်နေ၍ ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ခင်ပြည့်စုံဟာ သူ့ အတွက်တော့ အဆီတဝင်း ဝင်းနှင့် ဝက်သားဟင်းတစ်ဖက်။ စုတ်ပြတ်နုံချာ၍ ဆင်းရဲလှသည့်ဒဏ်ကို သူ မခံစားနိုင်တော့။ သူ့ဘဝ အမှိုက်ပုံထဲက ရုန်းထွက်ဖို့ ခင်ပြည့်စုံဟာ လမ်းစတစ်ခုဟု သူမြင်မိသည်။

            'ကိုမိုးကို တစ်ခုမေးချင်တယ်'

            'ဘာများပါလိမ့်'

            'တခြားမဟုတ်ပါဘူး၊ ခုလို ကိုမိုး ခင်နဲ့ အတူရှိနေတာမျိုးကို ကိုမိုးရဲ့ ဇနီးတွေ့ရင် ကြည်ဖြူပါ့မလား'

            မေးခွန်းမေးပြီး ခင်ပြည့်စုံက ခေါင်းငုံ့သွားသည်။ သည်မေးခွန်းက သူ့ဘဝ၏ လက်ရှိအနေအထားကို စနည်းနာသည့်မေးခွန်း။

            'လက်ရှိ ကိုယ့်အနေအထားက ဘာအနှောင်အဖွဲ့မှ မရှိတဲ့ သင်းကွဲငှက်တစ်ကောင်ပါ ခင်'

            ပြောရင်း သူ့အသံက အဖျားခတ်တုန်ခါသွားတာမို့ မနည်းထိန်းလိုက်ရသည်။ ဆတ်ခနဲ မော့ကြည့်လာသည့် ခင်ပြည့်စုံ၏ မျက်ဝန်းများ စိုက်ကြည့်ရင်း အပြုံးတစ်ခုကို သူ ဖန်တီးလိုက်သည်။ အကောင်းဆုံး သူဟန်ဆောင် လိုက်နိုင်သည် ထင်ပါ၏။

            'ကျေးဇူးတင်ပါတယ် ကိုမိုး'

            'ရပါတယ် ခင်'

            ခင်ပြည့်စုံ၏ အဆက်အစပ်မရှိသော ကျေးဇူးတင်စကားကို သူ နားမလည်။ သို့ပေမဲ့ အလိုက်အထိုက်ပဲ သူ ခေါင်းညိတ်လိုက်သည်။

            'အို'

            လက်ကို သူဆွဲယူကိုင် လိုက်တော့ ခင်ပြည့်စုံနှုတ်က အာမေဍိတ်သံလေး ခုန်ထွက်လာသည်။ ပန်းနုရောင် မျက်နှာထားနှင့် ခင်ပြည့်စုံက ခေါင်းငုံ့ထားသည်။ အစ်ထွက်နေသော ခင်ပြည့်စုံ၏ ကုပ်ပိုးလေးကို သူငေးကြည့် နေမိ၏။ ဝါဝင်းနေသော အရောင်အဆင်းလေးက သူ့ကို မြှူဆွယ်နေသည်။ 'ငါး ကျပ်သားလောက် ရှိမလားပဲ' ဟု သူ့စိတ်ထဲက ရေရွတ်လိုက်မိသည်။

            သူ ရုန်းထွက်ရတော့မည်။ ဟုတ်ပါသည်။ သူ ရုန်းကို ရုန်းထွက်ရလိမ့်မည်။ အတ္တကြီးသည်ဟု ဆိုမလား။ သူ ဂရုမစိုက်။ နွံနစ်နေသည့် ဘဝပြင်ကျယ်မှာ ခြေကုန် လက်ပန်းကျအောင် သူမလျှောက်လိုတော့။ စွဲလမ်းမှု အသွေးအသားက ချင်ခြင်းတပ်လာတိုင်း အံဆွဲတွေဖွင့်၊ အိပ်ရာလိပ်တွေလှန်၊ အကျႌ တွေဖွနှင့် အေးမြ ဝှက်ထားမည့် အသပြာတစ်ချပ်ကို အရူးတစ်ယောက်လို ရှာရသည့် ဘဝအား သူစိတ်ကုန်လှပြီ။ ကော်နှင့်ကပ်ထားသလား အောက်မေ့ရသည့် အိတ်ကပ်ကို လက်နှင့်စမ်းရင်း သူ့ဆုံးဖြတ်ချက်ကို အသေချာဆုံးဖြစ်အောင် ထပ်မံအတည်ပြုလိုက်၏။

            'အေးမြ'

            ခြောက်ကပ်ကပ်နိုင်လှသော သူ့အသံကို ကြားသော်လည်း အေးမြက လှည့်မကြည့်။

            'ငါ့ကို ကွာရှင်းပေးပါ'

            အေးမြ ဆတ်ခနဲ လှည့်ကြည့်သည်။ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ အေးမြပြော လာမည့် စကားလုံးများကို သူငံ့လင့်နေလိုက်သည်။ သို့ သော် အေးမြထံမှ အသံတိတ် မျက်ဝန်းများကိုသာ သူလက်ခံရရှိလေ၏။ အေးမြ၏ အကြည့်များက တဖြည်းဖြည်း အရောင်မှိန်ပြီး ရီဝေသွားသည်။ အေးမြကို ကြည့်ပြီး သူမနေတတ်၊ မထိုင်တတ် ဖြစ်လာ၏။ ပေါက်ကွဲခြင်း သို့မဟုတ် ငိုကြွေးခြင်း တစ်ခုခုအား အေးမြထံမှ ရရှိလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်။

            'ရှင့်သဘောပဲလေ'

            သူကြားချင်သော စကားတစ်ခွန်းကို အေးမြက ချီးမြှင့်လိုက်၏။ လိုလိုချင်ချင် တောင်းဆိုခဲ့သော ထိုစကားကို ရရှိလိုက်သော်လည်း သူ့ ရင်ထဲပျော်သလိုမဖြစ်။ 'ငါ ဆုံးဖြတ်ပြီးပြီပဲ.. ဘာလို့ တွေဝေနေရမှာလဲ'ဟု သူ့စိတ်ကို သူ မဲပြန်တင်းလိုက်သည်။

            'မနက်ဖြန် တရားရုံးမှာ ကွာရှင်းကြမယ်'

            အေးမြက ဆတ်ခနဲ ခေါင်းညိတ်ပြပြီး တစ်ဖက်သို့ လှည့်သွား၏။ အေးမြ နောက်ကျောကို သူစိုက်ကြည့် နေမိသည်။ သူ အလွန်မုန်းသော သက်ပြင်းတစ်ရှိုက်က ရင်ထဲတွင် လှိုက်တက်လာ၏။ တားဆီးမရသည့်အဆုံး သူ့နှုတ်မှ ဖွင့်ထုတ်လိုက်သည်။

            'ဟူး...'

            အပူလှိုင်းတစ်ခုက သူ့ မျက်နှာတစ်ဝိုက် ဝဲပျံသွားကြလေသည်။

            စားပွဲတစ်လုံးမှာ လူကြီးလေးယောက် ထိုင်နေသည်။ တစ်ဖက်တွင် သူနှင့် အေးမြ ဝင်ထိုင်လိုက်ကြ၏။ သူတို့၏ရှေ့သို့ စာရွက်လေးနှစ်ရွက် ရောက်လာသည်။ စာရွက်၏ ခေါင်းစီးစာလုံးက 'ကွာရှင်းပြတ်စဲခြင်း'

            'စဉ်းစားပါဦး'

            လူကြီးတစ်ယောက်က ဖျန်ဖြေစကား ဆိုသည်။ နောက်လူကြီးတစ်ဦးကလည်း 'လင်နဲ့မယားဆိုတာ...' ဟု အစချီပြီး ရှည်လျားစွာ ရှင်းပြနေပြန်၏။ အေးမြ၏မျက်နှာကို သူ မသိမသာ ခိုးကြည့် လိုက်သည်။ အေးမြမျက်နှာထားက ခပ်တင်းတင်း။ သူလည်း ခေါင်းကို ချက်ချင်း မော့ပစ်လိုက်သည်။ သူနှင့် အေးမြ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ကြ၏။ ဘဝနှစ်ခုကို ဆက်ထားသော တံတားလေး ပြိုဆင်းသွားလေသည်။

            အိမ်ကို ပြန်ရောက်သည်ဆိုတာနှင့် အဝတ်အစားတွေ သူသိမ်းလိုက်သည်။ အိတ်ကို လွယ်ပြီး သူထွက်မည်လုပ်တော့ အေးမြက သူ့ရှေ့တွင် လာပြီးရပ်သည်။

            'ရှင် တကယ်လုပ်နေတာလား'

            ', ဒါ ကလေးကစားတာ မဟုတ်ဘူးကွ။ ကွာရှင်းစာချုပ်မှာတောင် လက်မှတ်ထိုးပြီးနေပြီပဲ။ ဘာလဲ မင်းက ငါ့ကို မသွားဖို့ တောင်းပန်မလို့လား'

            သူ့စကားကြောင့် အေးမြ၏ မျက်နှာပြင် တင်းခနဲ ဖြစ်သွားသည်။ အေးမြ၏ မျက်ဝန်းမှ အခိုး အငွေ့များပင် ထွက်လာသည်ဟု ထင်ရလေသည်။

            'ကောင်းပြီလေ ပြီးမှ ရှင်နောင်တမရနဲ့'

            'လုံးဝ မရဘူး'

            'ပြီးတာပဲ'

            'သမီးလေးရဲ့ ကျောင်းစရိတ်နဲ့ သားလေးအတွက် လိုအပ်တာတွေ ငါ လာပြီး ထောက်ပံ့မယ်'

            'မလိုဘူး... ရှင်လုံးဝ ပတ်သက်စရာ မလိုတော့ဘူး။ ကျွန်မ သားသမီးတွေအတွက် ကျွန်မဘာသာ စီစဉ်မယ်'

            'နေပါဦး မင်းက ဘာစီစဉ်မှာလဲ'

            'နောက်ယောကျ်ား ယူမှာ'

            'ဘာ'

            သူ အေးမြကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။ အေးမြကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။ ပြီးနောက် မျက်စချီသည်။ သရော်ပြုံး တစ်ချက်ပြုံးသည်။ သူ့ရင်ထဲ အမည်မဲ့ဝေဒနာ တစ်ခု ဝင်လာသည်။ သူ့ခြေဖဝါးအောက်က ကြမ်းပြင်ဟာ ငလျင်လှိုင်းတွေ ဖြစ်သွားသလိုပဲ။ အေးမြက သူရှေ့မှ လှည့်ထွက်ဖို့ ပြင်သည်။

            'နေဦး'

            အေးမြက ပြန်လှည့် ကြည့်သည်။

            'ဖြောင်း'

            'အား... ရှင်... ရှင် ဘာလုပ်တာလဲ'

            သူ၏ လက်ပြန်ရိုက်ချက်ကြောင့် အေးမြ ကြမ်းပြင်ပေါ် လဲကျသွားသည်။ သမီးနှင့် သားငယ်က အေးမြ အနားပြေးလာပြီး ပွေ့ထူပေးကြသည်။ သူကိုယ်တိုင် ကိုင်းကူးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အေးမြ ပြောလာသည့်အခါမှာတော့ သူ့ရင်ထဲ တစ်မျိုးကြီး ခံစားရသည်။ 'အို ဘာဖြစ်ဖြစ်ကွာ'ဟု တွေးရင်း သူခေါင်းကို ခါယမ်းပစ်လိုက်သည်။ ဝေဝါးသွားသောစိတ်ကို ပြန်ထိန်းလိုက်ပြီး သူ ထွက်ခွာဖို့ ခြေလှမ်းစ,လိုက်သည်။

            'ဖေဖေ'

            သမီးက မျက်ရည်များဖြင့် သူ့ကို မော့ကြည့်နေသည်။ သားငယ်ကတော့ အရောင်တောက်နေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေ၏။ သားနှင့် သမီးကို အသက်မပါသော အပြုံးတစ်ပွင့် ခြွေချပေးခဲ့ပြီး သူလှည့်ထွက်ခဲ့၏။ သမီးကြီး၏ အသနားခံနေသော အကြည့်နှင့် သားငယ်၏ နာကြည်းစိမ်းသက်သော အကြည့်တစ်စုံက သူ့နောက်သို့ ကပ်ငြိပါလာခဲ့သည်။ သူ့စိတ်ဆန္ဒအတိုင်း ဆုံးဖြတ်၍ ထွက်ခွာ လာခဲ့သော်လည်း သူ့ ခြေလှမ်းများက သွက်မနေ။ ခြေတစ်လှမ်းလှမ်းတိုင်း နွေးထွေးမှုများ လျော့ပါးလာသလို ခံစားနေရ၏။ အသိုက်နှင့် ဝေးကွာလာလေလေ သူ့ ခြေလှမ်းများက လေးလံလာလေလေ ဖြစ်၏။ ပျော်နေသလားဟု သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်သည်။ အမှန်တကယ်ကိုပင် သူ ပျော်ရွှင်မနေပါ။ သူ့ခြေလှမ်းတွေကို ခြေစုံရပ်လိုက်သည်။ ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။

            သူ့ခြေလှမ်းများ လေးလံ၍ လာ၏။ ရှေ့သို့ တစ်လှမ်းတိုးဖို့ကိုပင် မနည်း အားယူနေရသည်။ ချက်ချင်းပင် အသိုက်အိမ်ရှိရာဆီ သူ ပြန်လှည့်ပစ်လိုက်ချင်သည်။ သို့ပေမဲ့ ယောက်ျားမာနတစ်ခုက တင်းခံထားလေသည်။ မိမိကိုယ်တိုင် ကွာရှင်းခွင့် တောင်းလာခဲ့ပြီးမှ ယခုချက်ချင်း ပြန်လှည့်သွားဖို့ရာ သူ့အတွက် ခက်ခဲနေလေသည်။ လမ်းထိပ်အုတ်ခုံလေး အရောက်မှာတော့ သူ ဘယ်လိုမှ ရှေ့ဆက်လျှောက်၍ မရတော့သည်မို့ အုတ်ခုံလေးတွင် အသာဝင်ထိုင်လိုက်သည်။ အိတ်ကိုချ၍ အုတ်ခုံပေါ်တွင် သူပက်လက်လှန် လှဲချလိုက်သည်။ အကြိမ်ကြိမ် ချမိသော သက်ပြင်းငွေ့များက မျက်နှာတစ်ဝိုက် လွင့်ပျံနေကြ၏။

            'ကျလိ... ကျလိ...   ကျလိ'

            ငှက်ကလေးများ၏ အသံစာစာလေးများက သူ့ နားထဲသို့ တိုးဝင်လာကြသည်။ အပင်ပေါ်သို့ သူလှမ်း ကြည့်လိုက်၏။ ငှက်သိုက်လေးတစ်ခုက သူ့အမြင်အာရုံထဲ တိုးဝင်လာသည်။ သူကြည့်နေစဉ်မှာပဲ အသိုက်ထဲမှ ငှက်ပေါက်ကလေးများ အပြင် ခုန်ထွက်လာကြသည်။ ငှက်ကလေးတစ်ကောင်က အခြားကိုင်းတစ်ခုကို ခုန်ကူးရန် ပြင်နေလေသည်။ 'ဟာ ပြုတ်ကျ တော့မှာပဲ'ဟု သူ့စိတ်က တွေးလိုက်မိပြီး ဆတ်ခနဲ သူ မတ်တတ်ရပ်လိုက်သည်။

            'ဟဲ့... ရှူး၊  ဟဲ့ ဟဲ့ ရှူး ရှူး'

            ငှက်ကလေးတွေ အသိုက်ထဲ ပြန်ဝင်သွားအောင် သူ အသံပေးလိုက်သည်။ ခုန်ကူးရန် ပြင်နေသော ငှက်ကလေးမှာ သူ့ အသံကြောင့် လန့်ပြီး ခုန်လိုက်ရာ တခြားသို့ မရောက်ဘဲ အောက်ကို ပြုတ်ကျလာလေ၏။ ပြုတ်ကျလာသော ငှက်ကလေးအနားသို့ သူ လှမ်းသွားလိုက်ပြီး ကောက်ယူ လိုက်သည်။ ငှက်ကလေး၏ ခေါင်းတွင် သွေးများ ရဲနေ၏။ ပါးစပ်က ဟစိဟစိဖြင့် အသက်ရှူနေသေးသည်။ သူ ပုဆိုးကို ခါးတောင်းကျိုက် လိုက်သည်။ ပြီးနောက် ခါးပုံစထဲတွင် ငှက်ကလေးကို ထည့်ကာ သစ်ပင်ပေါ်သို့ ဖက်တက်လာခဲ့လိုက်သည်။ သူ ငှက်သိုက်အနားရောက်တော့ အသိုက်ထဲမှ ငှက်ကလေးများက အလန့်တကြား ထ,အော်ကြသည်။ ခါးပုံစ ထဲမှ ငှက်ကလေးကို ထုတ် ယူပြီး အသိုက်ထဲသို့ သူ အသာချပေးလိုက်သည်။အသိုက်ထဲက ငှက်ကလေးများ၏ အသံများ တိတ်သွား၏။ ငှက်ကလေးများသည် ဒဏ်ရာရနေသော ငှက်ကလေးကို ဝိုင်းကြည့်နေကြ၏။ မွေးချင်းပေါက်ဖော် တစ်ဦးအတွက် ပူဆွေးသောကရောက်နေကြတာများလားဟု သူတွေးလိုက်မိသည်။ သူ၏ ဘယ်ဘက် ရင်အုံအောက်က စစ်ခနဲ နာကျင်သွား၏။ ရုတ်တရက် အသက်ရှူမဝသလို သူ ခံစား လိုက်ရသည်။ ရင်ဘတ်ကို လက်ဖြင့်ဖိရင်း သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

            'ဂျွတ်'

            'ဟာ'

            သူဆွဲကိုင်ထားသော သစ်ကိုင်းက ကျိုးကျလေသည်။ နောက်လက်တစ်ဖက်ဖြင့် သစ်ကိုင်းတစ်ခုကို သူလှမ်းဆွဲလိုက်ပေမဲ့ အချိန်မမီတော့။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခနဲ ခံစားလိုက်ရသည်။ 'ခွပ်'ခနဲ မြည်သံ တစ်ခုကို သူ့နားဖြင့် ဆတ်ဆတ်ကြားလိုက်ရအပြီး သူ့အသိအာရုံများအား အမည်းရောင်ကန့်လန့်ကာ တစ်ခုက ဖုံးအုပ်သွားလေတော့သည်။

မိုးသောက်ထွန်း

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...