စာအုပ်မိတ်ဆက်

ဆရာကျော်အောင် မြန်မာပြန်ဆိုခဲ့တဲ့ ငန်းရိုင်းများ

ဆိုဝ်ငြယ်

01 December 2025
ဆရာကျော်အောင် မြန်မာပြန်ဆိုခဲ့တဲ့ ငန်းရိုင်းများ
Share to

ဖတ်နေရင်း စာရေးသူပြောပြနေတဲ့အကြောင်းအရာတွေနောက်ကို မလိုက်ပါပဲ မနေနိုင်ဘူး။

အဖွားဖြစ်သူ တေဟောင်၊ အမေဖြစ်သူ ဇီယာတေဟောင်၊ ပြီးတော့ ဇာတ်ကြောင်းပြော‌ပြနေတဲ့ ရှောင်ဟောင် သူတို့အကြောင်းတွေကို ဖတ်နေရင်းရဲ့ တွေးမိတာက သူတို့တွေက စနစ်တစ်ခုရဲ့ ကျေးကျွန်တွေ ဖြစ်ခဲ့တယ်ဆိုတာပါပဲ။

အဖွားဖြစ်သူဟာ ထုံးတမ်းစဉ်လာယဉ်ကျေးမှုရဲ့ ကျေးကျွန်ဖြစ်ခဲ့တယ်။ စစ်မင်းတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခဲ့တယ်ဆိုတဲ့ ရိုက်ခတ်မှုကို တစ်သက်လုံးစာနီးပါး ခံစားသွားခဲ့ရတယ်။ အမေဖြစ်သူဟာ အစပိုင်းမှာ ကူမင်တန်နဲ့ ကွန်မြူနစ်စနစ်ကြားထဲက တော်လှန်ရေးသမား ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကွန်မြူနစ်ပါတီ ‌ဥက္ကဌမော်ရဲ့ လမ်းစဉ်တွေအောက်က ပါတီနဲ့စနစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရတယ်...
ရှောင်ဟောင်ကရော....

မွေးကတည်းက လွတ်လပ်မှုကင်းမဲ့တဲ့ အစွန်းရောက်ကွန်မြူနစ်စနစ်ရဲ့ အစမ်းသပ်ခံ သားကောင်ဘဝထဲ ကျရောက်ခဲ့ရတယ်လို့ပဲ ဆိုချင်တယ်။
            ဥက္ကဌမော်ဟာ တရုတ်ပြည်ကြီးတစ်ခုလုံးကို ကွန်မြူနစ်စနစ်ထဲ အတင်းထိုးသိပ်ထည့်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီကနေ မဆံ့မပြဲ လျှံကျလာတဲ့ ယဉ်ကျေးမှုတော်လှန်ရေးဆိုးကျိုးတွေ လူတန်းစားတော်လှန်ရေးဆိုးကျိုးတွေအောက်မှာ တိုင်းပြည်တစ်ခြမ်းလေဖြန်းခဲ့ရတယ်တဲ့...။

အဖွားဖြစ်သူရဲ့ ဘဝဇာတ်လမ်းထဲမှာ ပါဝင်ခဲ့သူတွေထဲမှာလည်း စနစ်တွေ ဓလေ့တွေ စရိုက်တွေက တရုတ်တွေရဲ့ ကြီးမားတဲ့ ယဉ်ကျေးမှုကိုးကွယ်ခြင်းတွေကြောင့် လွတ်လပ်မှု ပျောက်ခဲ့ကြရတယ်။
            အမေဖြစ်သူရဲ့ ဆယ်ကျော်သက်ဘဝ တော်လှန်ရေးသမားဘဝဟာ စိတ်အားထက်သန်မှုတွေနဲ့ စတင်ခဲ့ရတယ်။ ကွန်မြူနစ်ကောင်းတစ်ယောက်ကို လင်ယောက်ျားတော်လိုက်ရတဲ့ မိန်းမတစ်ယောက်က လင်ကောင်းတစ်ယောက်ကိုတော့ မရခဲ့ဘူးလို့ဆိုရမယ်။

ဇီယာတေဟောင်ရဲ့ ယောက်ျားဖြစ်လာတဲ့ ချန်ရှိုယုဟာ ဘဝတစ်လျှောက်လုံး ကွန်မြူနစ်အဖြစ် ဘဝကိုမြှုပ်နှံခဲ့ပေမယ့် သူ့အတွက် အကျိုးခံစားလိုက်တာ ဘာမျှမရှိဘူး။ အဲ့ဒီထက် သူဖြစ်ချင်ခဲ့တဲ့ အိမ်မက်တွေအတွက် သူပေးဆပ်ခဲ့ရတာနဲ့တန်တောင် မတန်ဘူး။

အဖေဖြစ်သူနဲ့ အမေဖြစ်သူက တော်လှန်ရေးသမားဘဝကလာ...အရာရှိကြီးတွေဖြစ် ကွန်မြူနစ်တွေဖြစ်နေခဲ့ပေမယ့်....

နောက်ဆက်တွဲ လူတန်းစားတော်လှန်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေးတွေအောက်မှာ ရှောင်ဟောင်တို့ မောင်နှမတစ်တွေ ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာတော့ အတော်ကြီး စိတ်ထိခိုက်လောက်အောက် ဖတ်ခွင့်ရလိုက်ပါတယ်။

 

မော်ရဲ့ စိတ်ကူးယဉ် အုပ်ချုပ်ရေးယန္တရားတွေအောက်မှာ ကမောက်ကမဖြစ်သွားတဲ့ ဖြစ်စဉ်တွေ...
ပါတီရဲ့ကျေးကျွန်ဖြစ်သွားတဲ့ လူတွေကနေ ပုဂ္ဂိုလ်ရေး အလွန်အကျွံ ကိုးကွယ်မှုကနေ ကမောက်ကမဖြစ်သွားတဲ့ ဖြစ်စဉ်တွေ...
လူတန်းစားတော်လှန်ရေး အမည်ခံပြီး အငြိုးတွေနဲ့ အရှက်ခွဲ လူသတ်ပစ်ခဲ့ကြတဲ့ဖြစ်စဉ်တွေ...
ရိုက်သွင်းခံ အတွေးအခေါ်မဲ့လူတန်းစားတွေကို ပုံသွင်းအုပ်ချုပ်ဖို့ကြိုးစားခဲ့တဲ့ မော်...မော်ရဲ့ ဇနီးကိုင်တွယ်ခဲ့တဲ့ နိုင်ငံရေးလောကထဲက ဖြစ်စဉ်တွေ...
ချူအင်လိုင်းတို့ တိန့်ရှောင်ဖိန်တို့နဲ့ တရုတ်နိုင်ငံရေးအပြောင်းအလဲ...
လူငယ်တွေရဲ့ ဘဝ...
အစာရေစာ ရှားပါးပြတ်လပ်ရာက သားသမီးကို သတ်စားခဲ့ရတဲ့မိဘတွေ....

ခေတ်ဟောင်းစနစ်ဟောင်းကို တော်လှန်ကြ ဖျက်ဆီးကြ‌ဆိုတော့ တရုတ်ပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးပစ်ကြတာ၊ ဆရာဆရာမတွေကို ကျောင်းသားတွေက နှိပ်စက်ကြတာ သတ်ပစ်ကြတာတွေ၊ မိဘတွေနဲ့ ရန် ငါ ပြတ် သွေးကွဲသွားကြတာတွေက ဖတ်နေရင်းနဲ့ကို အတော်စိတ်ပင်ပန်းရပါတယ်။

၁၉၀၉ ကနေ ၁၉၈၀ကျော် နှစ်တွေအထိ နိုင်ငံရေး ယဉ်ကျေးမှု ဖြတ်သန်းခဲ့တဲ့ ငန်းရိုင်းတွေဆိုတဲ့ အမည်တွေနဲ့ မိသားစုတွေရဲ့ အတွေ့အကြုံတွေက နာကျည်းဖွယ်၊ ရင်နင့်ဖွယ်ပါပဲ။
စာမျက်နှာ ၅၀၀ ကျော်ကို သုံးရက်လောက် ပင်ပင်ပန်းပန်းဖတ်လိုက်ရတယ်။ စိတ်ထဲ မနစ်ဝင်ပဲနေလို့မရအောင် နစ်ဝင်နေခဲ့တယ်။

အခု မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်တွေအောက်မှာရော ဒီလိုဘဝတွေ ဒီထက်ဆိုးတဲ့ဘဝတွေ ဘယ်လောက်ရှိအုံးမလဲ။ ဘယ်အထိ ရှိအုံးမလဲ မသိနိုင်တာကိုလည်း တွေးနေမိတယ်။ မြန်မာနိုင်ငံရေးအခြေအနေနဲ့ မချိန်ထိုးပဲ မနေနိုင်လောက်အောင် အဖြစ်အပျက်တွေက ဆွဲဆောင်နေခဲ့တယ်။

နိုင်ငံရေးသမားကောင်းဆိုတာ ရှိကြလို့လားလို့တွေးမိတယ်။ နိုင်ငံရေးအယူအဆထက် ကိုယ်ယုံကြည်ရာကို ဆုပ်ကိုင်ခဲ့တဲ့ ရှောင်ဟောင်တို့အဖေ ချန်ရှိုယုလိုလူတွေ ဘယ်နှယောက်ပါမလဲ စဉ်းစားနေမိတယ်။

ပါတီကို အလွန်အကျွံယုံကြည်မှု လူပုဂ္ဂိုလ်တစ်ယောက်ကို အလွန်အမင်း ကိုးကွယ်မှုရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေက ကြောက်စရာကောင်းလွန်းနေခဲ့တယ်။ "အရင်းရှင်နိုင်ငံတွေမှာဆိုရင် သမ္မတကနေ နေ့ချင်းညချင်း သာမန်လူဖြစ်နိုင်တယ်။ လူတစ်ယောက်ကို အမြဲတမ်းအာဏာပေးမထားတာ ကောင်းတယ်။ အာဏာအလွှဲသုံးစားလုပ်ကြတယ် မဟုတ်လား..."တဲ့

ချန်ရှိုယုညည်းတွားခဲ့တဲ့ စကားလေး။
တော်တော်ကောင်းတဲ့စာအုပ်တစ်အုပ်ပါ။
လေ့လာဖို့ ဖြစ်စေ....ဖတ်ချင်လို့ပဲ ဖြစ်စေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
သင်ခန်းစာဖြစ်စေ သံဝေဂဖြစ်စေ စိတ်ခွန်အားဖြစ်စေ အနည်းဆုံးတစ်ခုတော့ ရနိုင်ပါတယ်။
ဘာသာပြန်သူက ဆရာကျော်အောင်ဖြစ်တာမို့ ဘာသာပြန်ဟန်ကို သံသယဝင်ဖို့မလိုတော့ပါဘူး။ ပြီးတော့ ဝါကျ‌တိုတွေကို ရိုးရိုးရှင်းရှင်းသုံးထားတာကလည်း တကယ်ကြိုက်မိပါတယ်။

အဖြစ်အပျက်တွေအများကြီးပါဝင်နေတာမို့ တစ်အုပ်လုံးကို ဖတ်မှပဲ သေချာ သဘောပေါက်နိုင်ပါလိမ့်မယ်။ အချိန်ပေးဖို့ ထိုက်တန်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

တရုတ်စာရေးဆရာမ Jung Changရဲ့ Wild Swans အမည်နဲ့ထုတ်ဝေခဲ့တဲ့  ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း အုပ်ရေ ဆယ်သန်းကျော်ရောင်းချခဲ့ရပါတယ်။ ဆရာကျော်အောင်က ငန်းရိုင်းများ အမည်နဲ့ ဘာသာပြန်ထားပါတယ်။
ဆရာ‌ကျော်အောင်က (၁၁.၅.၉၇) ရေးပြီးခဲ့ပေမယ့် ၂၀၁၂မှ ထွက်ရှိလာတာမို့ ၂၀၀၀ ပြည့်နှစ်က ကွယ်လွန်ခဲ့တဲ့ ဆရာက ဒီစာမူကို စာအုပ်အဖြစ် မြင်မသွားခဲ့ရပါဘူး။

▀

ဆိုဝ်ငြယ်
#Wild Swans - Jung Chang
#ငန်းရိုင်းများ -ကျော်အောင်
#စာမျက်နှာ -၅၀၀
#တိုက်ထုတ်ရောင်းဈေး - ၅၀၀၀ ကျပ်
#၂၀၁၂၊ အောက်တိုဘာလ၊ လောကသစ်စာပေ

 


Related Articles

စာအုပ်မိတ်ဆက်
...
နိုင်ငံတော်မူဝါဒတစ်ခုရဲ့ အကွဲအပြဲများ (သို့မဟုတ်) ဖား
ဆိုဝ်ငြယ်

ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...

စာအုပ်မိတ်ဆက်
...
မိန်းမသားတစ်ယောက်ရဲ့ဘဝ ရစ်ဖွဲ့နှောင်တည်းမှု (သို့) ရှင်နေမင်းမှ ပေးသောစာ
ဆိုဝ်ငြယ်

မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...

စာအုပ်မိတ်ဆက်
...
စနစ်တစ်ခုအောက်က သားကောင်များ (သို့မဟုတ်) နှင်းခဲပျော်ချိန်
ဆိုဝ်ငြယ်

ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...