စိန်မျိုးမြင့်
ကမ္ဘာတစ်ခွင်သို့ လှည့်လည်လော့...
ဘဝတစ်သက်တာဆိုသည်မှာ
တစ်ခါသာ ရောက်လာသည်။
ဘဝတစ်သက်တာ
အတွင်းမှာလည်း
ပျိုရွယ်မှုဟူသည်
တစ်ကြိမ်သာ လာရောက်မည်။
ရာဟုလာသံကိစ္စည်း
၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့
နံနက်လင်းအားကြီးအချိန်တွင် လိမ္မော်ခြံ နောက်ကျောဘက် သစ်တောအုပ်အတွင်း
တောရိုင်းတိရစ္ဆာန် ဖြတ်လမ်းနှင့် နီးလှသော တိန်ကောက်တစ်ဝိုက် တောကား
အတော်ထူပါသည်။ မျောက်သံအပြင် ကျေးငှက်များ၏ အသံများကလည်း သာယာဖွယ် ကြားနေရသည်။
တောစပ်မှာ မြူနှင်းများဖြင့် ငွေ့နေလေသည်။
ရန်ကုန်လို လူနေထူထပ်သော
မြို့ကြီး၌နေသော ကျွန်တော့်အတွက် ထိုနံနက် နိုးထလာချိန်ကား ငြိမ်းချမ်းအေးမြလှပါသည်။
တောကောင်များ၏ အသံများသည် ရန်ကုန်လမ်းပေါ်မှ စက်တပ်ယာဉ်များ၏ ဆူညံသံ
လျှပ်စစ်အားသုံး အသံချဲ့စက်၊ ရေဒီယို၊ ကက်ဆက်၊ တီဗီနှင့် အခြားစက်မှု
ပစ္စည်းများ၏ ဆူညံသံများဖြင့် နိုးထရလေ့ရှိသော ရန်ကုန် နံနက်ခင်းနှင့်ကား
ကွာခြားလှပါသည်။ ကားပေါ်မှ လှမ်းကြည့်သောအခါ ညကလမ်းဘေးမီးဖိုမှာ
ထင်းတုံးကြီးတစ်တုံးကို အတိုင်းထား၍ ဖိုခဲ့ရာ မနက်လင်းသည်အထိ တငွေ့ငွေ့ လောင်ဆဲကို
တွေ့ရသည်။ ချမ်းချမ်းအေးအေးဖြင့် ခဏနှပ်နေသေးသည်။ ကျေးငှက်သံ၊ မျောက်အူသံတို့ကို
နားဆင်နေမိပါသည်။ ညောင်းညာနေသော ခြေလက်များကို အကြောဆန့်ရင်းမှ ကျွန်တော်
ထထိုင်လိုက်သည်။ ကားပေါ်မှ ဆင်းပြီး တဲနောက်ဘက် ခြံနောက်ပိုင်းသို့
အပေါ့အလေးကိစ္စအတွက် တက်သွားခဲ့သည်။ တောအိမ်သာ ဖြစ်သော်လည်းကျယ်ကျယ်ဝန်းဝန်းဖြင့်
အကာအရံ လုံလုံခြုံခြုံ ရှိပါသည်။
ပြီးတော့ မျက်နှာသစ်
ကိုယ်လက်သန့်စင်သည်။ ညကတည်းက ခပ်ထားခဲ့သော ချောင်းရေက အတော်အေးလှသည်။
သန့်စင်ရေးကိစ္စများပြီးသော် မီးဖိုကို ပြန်ဆွကာ ရေနွေးအိုးတည်လိုက်ပါသည်။ မကြာမီ
မီးအားကောင်းကောင်းဖြင့် ရေနွေးဆူလာပါသည်။ အသင့်ပါလာသော ကော်ဖီမစ်ထုပ်ဖြင့်
ကော်ဖီတစ်ခွက်ဖျော်ပြီး ထုံးစံအတိုင်း ညက ပိုချက်ထားသည့် ထမင်းကြမ်းကို
ဒယ်အိုးအတွင်း ပြောင်းထည့်ချေမွကာ ထမင်းကြော်ပါသည်။ ထမင်းကြော် နေချိန်မှာပင်
ကျွန်တော်တို့အဖွဲ့သားများ မီးဖိုဝိုင်း၌ လူစုံလာပါသည်။
နံနက်စာ ဝိုင်းသိမ်းပြီး၍
ပစ္စည်းများသိမ်းဆည်းပြီးသောအခါ အိမ်ရှင်မိသားစုအား ဓာတ်ပုံရိုက်ပေးကြပါသည်။
ကျွန်တော်တို့အဖွဲ့လည်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြပါသေးသည်။
ကျွန်တော်တို့အဖွဲ့သည် ယနေ့ပင်
လီဒိုလမ်းမှ ဖယ်ခွာကြပါမည်။ အပြန်ခရီးတွင် မသွားဖူးသေးသော လမ်းတစ်လမ်းမှ ပြန်ကြရန်
စီစဉ်ကြပါသည်။ လမ်းအခြေအနေ ခရီးအကွာအဝေးအရ ယခုညတွင် ဗန်းမော်သို့အရောက်
မောင်းကြရန် စတင်လှုပ်ရှားကြပါသည်။
တစ်ညတာ တည်းခိုချက်ပြုတ် ရေးအတွက်
ကူညီခဲ့ကြသော ပျူပျူငှာငှာ ဧည့်ထောက်ပြုခဲ့ကြသော မိသားစုအား နှုတ်ဆက်ကာ
ခရီးဆက်ခဲ့ကြပါသည်။ လမ်းခရီးတွင် ကံလှ၌ လက်ဖက်ရည်သောက် နားခဲ့သည်မှအပ
ကားမရပ်နားကြတောပါ။
တိန်ကောက်၊ ရှာဒူဇွပ်၊ ဘန်ကောက်၊
ဝါရာဇွပ်၊ နောင်မြီး၊ ဒွန်ဘန်၊ ဒွန်ဘုံးခ၊ ဂျယ်လီယန်း၊ အင်ခန်း၊ ရေအေးချောင်းတို့ကို
ကျော်ဖြတ်ပြီးသောအခါ ကံလှသို့ ရောက်ပါသည်။ နမ္မတီးမှ မြစ်ကြီးနားလမ်းတွင်
ကားကိုမရပ်မနား မောင်းကြသည်။ အကွာအဝေးကလည်း ၃၃ မိုင်သာရှိသည်။ တကယ်တော့
နမ္မတီးရောက်ကတည်းက နေရစ်တော့ဟူးကောင်းဟူ၍ နှုတ်ဆက်မိပါသည်။ လီဒိုလမ်း၏ သရုပ်ကလည်း
နမ္မတီးကျော်သောအခါ အတော်ပြောင်းလဲသွားပါသည်။ တကယ်တော့ ကံလှမှ ပန်ဆောင်အထိသာ
လီဒိုလမ်း၏ အရသာကို ခံစားနိုင်ခဲ့ပါသည်။ နေရစ်တော့ လီဒိုဟု ဆိုရပါ တော့သည်။
မြစ်ကြီးနားတွင်လည်း မြို့တွင်း၌ မရပ်တော့ပါ။ ဗလမင်းထင် တံတားကို ကျော်၍
မိုင်းနားတွင်ကား ခတ္တရပ်ကြသည်။ တံတားအလွန်တွင် ဖြစ်၏။ မိုင်းနားဆိပ် ဝန်းကျင်၌
စိုက်ခင်းများက တပြန့်တပြော ဖြစ်ရာ ညနေခင်း နေခြည်ဖြင့် သာယာပါသည်။ ဂေါ်ဖီ၊ ဆလပ်၊
ပန်းနှမ်း၊ မေမြို့ပန်း၊ ဂန္ဓမာအခင်း များကား ရောင်စုံပွင့်ဖူးနေကြရာ
ဓာတ်ပုံရိုက်ကွင်း ကောင်းလှသည်။ အခင်းများထဲ၌ အပင်၊ အဖူး၊ အပွင့်များ
ခူးနုတ်နေကြပုံ၊ အထမ်းဖြင့် သယ်ထုတ်ပုံ။ လမ်းမပေါ်တွင် တင်ပြီး စက်ဘီးနောက်ဘက်တွင်
တောင်းများ၊ အထုပ်များကို တံပိုးလျှို၍ သယ်သွား ယူဆောင်သွားကြပုံများ
ဓာတ်ပုံရိုက်ပြီးနောက် ဝိုင်းမော်သို့ ခရီးဆက်ကြသည်။
မြစ်ကြီးနားနှင့် ဝိုင်းမော်ကား ၈
မိုင်ခရီး ဖြစ်ပေသည်။
ဝိုင်းမော်တွင် ဆန်ခေါက်ဆွဲ စားကြသည်။
ဗန်းမော်ဘက်အထွက်လမ်းမှ ညနေခင်းရောင်းသည့် ဆန်ခေါက်ဆွဲနှင့် လက်ဖက်ရည်ဆိုင်တွင်
ဖြစ်ပါသည်။ ကျွန်တော်တို့ ထိုနေ့အတွက် ညစာ မစဉ်းစားကြတော့ပါ။ စားသောက်ပြီးသည်နှင့်
ဝိုင်းမော်၊ ဗန်းမော် ၁၁၂ မိုင်ခရီး စတင်နှင်ကြပါသည်။
ဝိုင်းမော်အထွက်တွင် လမ်းများပြင်နေရာ
ဝိုင်းမော် လိုင်ဇာလမ်းခွဲအထိ ခရီးမှာ လမ်းထက်ဝက်ကကောင်းပြီး လမ်းထက်ဝက်က
ပြင်ဆဲဖြစ်ရာ ခရီးမပေါက်လှပါ။ လိုင်ဇာ လမ်းခွဲကျော်၍ ဗန်းမော်လမ်းကား
ဆိုးလိုက်ကောင်းလိုက်ဖြင့် မိုင် ၁ဝဝ ခန့်ကို ငါးနာရီကျော်ကျော်ခန့် မောင်းရပါသည်။
ည မှောင်မှောင်မှာပင် ဗန်းမော်သို့ ရောက်သည်။ သန်းခေါင်တိုင်ပေပြီ။ လမ်းဘေးတွင်
မိုးလင်းဖွင့်သော ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်နှင့် လက်ဖက်ရည်ရောင်းသော
ဆိုင်လေးရှေ့တွင် ကားရပ်၍ ခေတ္တအိပ်စက်ကြပါသည်။ မံစီဘက်အတွက် ကားဂိတ်နေရာ
ဖြစ်ပါသည်။
□
ဇန်နဝါရီလ
၂ဝ ရက်နေ့ နံနက်စောစောကား ဗန်းမော်၊ မံစီကားဂိတ်၌ နိုးထလာသည်။ အိပ်ရာနိုးနိုးချင်း
ကားကို ဆက်ထွက်ခဲ့ကြပြီး မံစီရောက်မှ ကားရပ်ကာ နံနက်စာ စားကြသည်။ ဗန်းမော်နှင့်
မံစီကား (၁၁) မိုင်သာ ဝေးသောနေရာဖြစ်၏။ ကျွန်တော်တို့သည် မံစီမှ
မန္တလေးလမ်းခွဲသို့ ရောက်သောအခါ တစ်ခါမျှ မသွားဖူးဘူးသော နမ်းခမ်းလမ်းဘက် ဦးလှည့်ခဲ့ကြသည်။
မံစီနှင့် နမ်းခမ်းမှာ ၅၅ မိုင် ခရီးဖြစ်သည်။ ခရီးအကွာအဝေးက ဘာမျှမဝေး၊ သို့သော်
ထိုခရီးကို နေ့ပေါက် မောင်းရသည်။ ကိုက်ထိပ်ရောက်သော အခါတွင်ပင် မွန်းလွဲခဲ့ပြီ။
ကိုက်ထိပ်၌ နေ့လယ်စာ စားကြသည်။ နမ်းခမ်းသို့ ညနေ ၆ နာရီခန့်မှ ရောက်သွားကြသည်။
နမ်းခမ်းမှ မူဆယ် (၁၁) မိုင် ခရီး ဆက်မောင်းကြကာ မူဆယ်ရွှေရာစုဟိုတယ်၌ တစ်ညတာ
ခိုနားရန် စီစဉ်ကြသည်။ မူဆယ်၌ ညစာစားကြပြီး စောစောအိပ်ကြ၏။ ဇန်နဝါရီ ၂၁ ရက် နံနက်၌
မူဆယ်၊ ရွှေလီသို့ မရောက်ဖူးဘူးကြသော ကိုဇော်မင်း၊ ကိုမင်းဝေအောင်နှင့်
ကိုကျော်ရှိန်တို့အား နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ပြုလုပ်ပေးကာ ရွှေလီသို့
လေးငါးနာရီလောက် အလည်အပတ် လွှတ်လိုက်သည်။ ကိုမောင်မောင်လှမြင့်က
အဖော်လိုက်သွားသည်။ သူ့တွင် မကြာမီက မူဆယ် ရောက်ခိုက် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်
လုပ်ထားခဲ့ရာ တစ်နှစ်မပြည့်သေး၍ ဆက်သုံး၍ရသည်။ ကျွန်တော် တစ်ယောက်တည်း
မူဆယ်ဘက်တွင် နေရစ်သည်။
သူတို့အဖွဲ့ ရွှေလီမှ
ပြန်လာကြချင်းချင်း ကျွန်တော်တို့ ဆက်ထွက်ကြသည်။ ထိုနေ့ည တစ်ညလုံး တောက်လျှောက်
မောင်းကြသည်။ နေ့လယ်စာကို ကွတ်ခိုင်၌ ဝင်စားကြသည်။ လမ်းတွင် သီပေါ၊ နောင်ချိုတို့၌
လက်ဖက်ရည် သောက်ကြသည်။ ကျောက်မဲ၌ ညစာစားကြသည်။ ပြင်ဦးလွင် ၂၁ မိုင်အထက်တွင် ဂိတ်ပိတ်ထားရာ
အခြားမော်တော်ယဉ်များ တတန်းကြီး နည်းတူ လမ်းပေါ်ကားရပ်၍ ခေတ္တမှေး အိပ်ကြသည်။ မနက်
ငါးနာရီခွဲကျော်တွင် ကားဂိတ်ဖွင့်၍ ဆက်မောင်းခဲ့ကြရာ ကူမဲ၌ နံနက်စာ စားကြသည်။
ညနေစာကို သာဝတ္ထိ ကြက်ကာလသားချက်ဆိုင်၌ အများဆန္ဒအတိုင်း ဝင်စားကြပြီး ရန်ကုန်သို့
ဇန်နဝါရီ ၂၃ ရက် နံနက် လင်းအားကြီး နံနက် ၄ နာရီလောက် ဆိုက်ရောက်ခဲ့ကြပေသည်။
□
ရန်ကုန်၊
မန္တလေး၊ ရွှေဘို၊ နမ္မတီး၊ တနိုင်း၊ ရှင်ဘွေယန်၊ ပန်ဆောင်။
ပန်ဆောင်၊ ရှင်ဘွေယန်၊ တိန်ကောက်၊
နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော်။
ဗန်းမော်၊ မံစီ၊ မူဆယ်၊ လားရှိုး၊
မန္တလေး၊ ရန်ကုန် ... မိုင်ပေါင်း ၂၁၄ဝ ခန့် ကို ယမန်နှစ်က ပန်းဝါခရီးကဲ့သို့
ယခုနှစ်လည်း ကချင်ပြည်နယ် အနောက်မြောက်ပိုင်းသို့ သွားရောက်ခဲ့သည်။ အပြန်ခရီး၌
အိန္ဒိယ အာသံနယ်မြေ ခြေချအပြီး တရုတ်ပြည် ယူနန်နယ်သို့ ခြေချခဲ့ကြသည်။
တကယ်တော့ ဒုတိယကမ္ဘာစစ်အတွင်းက
စတီးဝဲလ်၏ တပ်နှင့်ချန်ကေရှိတ်၏ တပ်တို့ ဆုံကြသော လီဒိုလမ်းနှင့်
တရုတ်မြန်မာလမ်းကို မြန်မာနိုင်ငံနယ်မြေအတွင်း အစအဆုံးသွားနိုင်သည့်
ကျွန်တော်တို့၏ အောင်မြင်သောခရီး ဖြစ်ပါတော့သည်။
□
ကျွန်တော်တို့
ရန်ကုန်ပြန်ရောက်ပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် ကြိမ်အဖွဲ့များ ရန်ကုန်ပြန်ရောက်လာကြကြောင်း
ကြားပါသည်။ ထိုအဖွဲ့၌ ခရီးစဉ်အစအဆုံး လိုက်ပါသွားခဲ့ ဦးစောလွင်နှင့်
ကျွန်တော်တို့လည်း ဆုံဖြစ်ကြပါသည်။
သူတို့ခရီးနှင့် ပတ်သက်၍ ကျွန်တော်
ဆွေးနွေးမိခဲ့ရာ သူတို့ခရီးစဉ်ကို အောင်မြင်သော ခရီးစဉ်အဖြစ် သိရှိ
ကြားနာခဲ့ရပါသည်။ ထိုခရီးစဉ်မှာ အမျိုးသား ပထဝီဝင်အသင်းကြီး၏ မတည်ပံ့ပိုးမှု (National
Geographic Society fund) ဖြင့် စီစဉ်ကွင်းဆင်း လေ့လာခဲ့ကြခြင်းဟု သိရပေသည်။
အစီအစဉ် တစ်ခုလုံး၏ ကုန်ကျစရိတ်ကို အမျိုးသား ပထဝီဝင် အသင်းကြီးကကျခံခဲ့သည်။
ထိုအဖွဲ့ကို ဦးဆောင်ခဲ့သော
ဒေါက်တာအင်ဒရူး ဟင်ဒါဆင်မှာ ဝါရင့်ပညာရှင်တစ်ဦးဖြစ်ပြီး ကြိမ်နှင့် ပတ်သက်၍
စာအုပ်စာတမ်းပေါင်းများစွာ ရေးသားပြုစုထားသူဟု သိရသည်။ လက်တင်အမေရိက
နိုင်ငံအများအပြားနှင့် အမေဇုံတောကြီးတစ်ခွင် နှံ့နှံ့ စပ်စပ်
သုတေသနပြုခဲ့သူဖြစ်ပြီး အာရှတိုက်တွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့၌
အကြိမ်ကြိမ် လေ့လာခဲ့ပြီးသူ ဖြစ်သည်။ မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ်
ပထမဆုံးရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါက်တာအင်ဒရူး ဟင်ဒါဆင်မှာ
အပင်မျိုးခွဲ ပညာရှင်ဖြစ်သည်။ သူနှင့်အတူ လိုက်ပါလာသော ဒေါက်တာချားလ်စ် ပီတာမှာ
အပင်ဂေဟပညာရှင် ဖြစ်သည်။ မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ရုက္ခဗေဒ ဌာနများမှ တာဝန်ရှိသူများ၊
ဟူးကောင်းကျားထိန်းသိမ်းရေး နယ်မြေမှ တာဝန်ရှိသူများပါ ပူးပေါင်းပါဝင်သောအဖွဲ့သည်
တနိုင်း၊ ရှင်ဘွေယန်နှင့် နန်းယွန်းကြား ဟူးကောင်းဒေသတွင် တစ်လကျော်ကြာ
ကွင်းဆင်းသုတေသန ပြုခဲ့ကြသည်။
ယင်းအဖွဲ့တွင် ကျွန်တော်တို့၏
မိတ်ဆွေကြီး မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းမှ ဦးစောလွင်လည်း
လိုက်ပါခဲ့ခြင်းဖြစ်၏။
ထိုအဖွဲ့သည် ဟူးကောင်းဒေသတကြော၌
သဘာဝတောအတွင်း ပေါက်ရောက်နေသော ကြိမ်များကို လေ့လာခဲ့ကြရာ အမျိုးအစားအလိုက်
လေ့လာစုဆောင်းခြင်း၊ အသုံးဝင်မှုကို လေ့လာခြင်း၊ ပျံ့နှံ့ပေါက်ရောက်သည့်
ဧရိယာနှင့် ပမာဏကို တွက်ချက်တိုင်းတာခြင်းများ ပြုခဲ့ကြသည်။
တစ်လခန့် အချိန်ကာလအတွင်း
ကြိမ်အမျိုးပေါင်း (၆) မျိုး၏ အပင်ခြောက်ပုံစံများကို တစ်မျိုးအစုံ (၅) စုံ
စုဆောင်းခဲ့ကြသည်။ ထိုအထဲမှ အမျိုးအစား (၅) မျိုးမှာ မြန်မာနိုင်ငံ
သစ်တောများအတွင်း မျိုးစေ့သစ်အဖြစ် တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်ဆို၏။
ထိုငါးမျိုးထဲမှ အနည်းဆုံး နှစ်မျိုး သို့မဟုတ် သုံးမျိုးမှာ ကမ္ဘာကြိမ်
အမျိုးအစား စာရင်း၌ မျိုးစိတ်သစ်များ ဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းကြကာ ဆက်လက်
သုတေသနပြုလုပ်သွားမည် ဆိုပေသည်။
လေ့လာရေး သုတေသန အစီအစဉ်၏
ရည်မှန်းချက်မှာ ဒေသအတွင်း သဘာဝအတိုင်း ပေါက်ရောက်သောကြိမ်များကို
ဒေသခံတို့အနေဖြင့် အသုံးချရန်အတွက် ခုတ်ယူနေကြသော်လည်း မျိုးဆက်မပြတ်ရေး၊
ပြန်လည်မျိုးဆက် ပြန့်ပွားရေးအတွက် မဆောင်ရွက်ကြကြောင်း၊ နှစ်စဉ်တောတိုးပြီး
ခုတ်ကာ ရောင်းချစီးပွား ရှာကြသော်လည်း စနစ်တကျ ပြန်လည် ပေါက်ရောက်ရန်အတွက်
ပြန်လည်စိုက်ပျိုးမှုကို ပြုလုပ်ရန်လိုကြောင်း တရုတ်နိုင်ငံ၌ ယူနန်ပြည်နယ်တွင်
ကြိမ်ကိုရောင်းသလို ပြန်၍ စိုက်ပျိုးခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်နေကြောင်း သိရသည်။
ဟူးကောင်းဒေသအတွင်း၌ ယမထာ၊ ခုတင်၊
ရေကြိမ်၊ ပြန့်ကြိမ်၊ တောင်ကြိမ်၊ ကြိမ်နီကဲ့သို့သော စီးပွားဖြစ်
ကြိမ်အမျိုးအစားကောင်းများ ရှိနေကြောင်း သိရပါသည်။ ကြိမ်များမှာ အမျိုးအစား
အကောင်းအညံ့အလိုက် စံချိန်မီ အရွယ်အစားရရန်မှာ နှစ်ချီစောင့်ကြရသည် ဖြစ်၏။ ပြန့်၊
ယမထာ၊ ခုတင်ကဲ့သို့သော ကြိမ်များမှာ အပင်ပေါက်အဆင့်မှ စံချိန်မီအဆင့်
ရရှိဖို့အချိန်အထိ ၁ဝ နှစ် ၁၅ နှစ် စောင့်ရခြင်းမျိုး ရှိသည်။ ခုတ်ပြီး စနစ်တကျ
ပြန်လည်ပျိုးထောင်ရေး အရေးကြီးကြောင်း ကြိမ်ပညာရှင်များက သုံးသပ်ခဲ့ကြ၏။
၂ဝဝ၄-၂ဝဝ၅ ခုနှစ်အတွက် ကြိမ်ကို
ပြည်ပထုတ်ကုန်အဖြစ် တရုတ်တစ်နိုင်ငံတည်းသို့ မူဆယ်တစ်နေရာထဲမှ ထုတ်ယူခွင့်ပါမစ်
တန်လေးသိန်း ခွင့်ပြုထားကြောင်းလည်း သိရသည်။ ယခု သုတေသနခရီးမှ ရရှိခဲ့သော
ကြိမ်မျိုးစိတ် (၆) မျိုးကို အစုံ (၅) စုံ ပြုလုပ်မှတ်တမ်းယူခဲ့ပြီး နှစ်စုံမှ
အမေရိကန်နိုင်ငံသို့ သယ်ဆောင်ပြီး နယူးယောက် ရုက္ခဗေဒပြတိုက်၌ ထားရှိသုတေသန ပြုကြမည်ဆိုသည်။
ကျန်သုံးစုံကို သစ်တောဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌
တစ်စုံစီ ထားရှိစုဆောင်းမည် ဆိုပေသည်။
ကြိမ်သုတေသန ခရီးစဉ်ကို ဟူးကောင်းဒေသ၌
တစ်လကျော်မျှ ဆောင်ရွက်ခဲ့ချိန်တွင် ခရီးသွားဟန်လွဲအနေဖြင့် ဦးစောလွင်သည် ဒေသတွင်း
ပေါက်ရောက်သော သစ်ခွများ စုဆောင်းဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ခဲ့သေးသည်။ သုတေသန
ခရီးစဉ်အတွင်း သစ်ခွမျိုးစိပ် ၄၅ မျိုး မှတ်တမ်းတင်နိုင်ခဲ့သည် ဆိုပေသည်။ ထိုအထဲ၌
သုံးမျိုးမှာ မြန်မာနိုင်ငံတွင် မှတ်တမ်းမတင်ရသေးသော အမျိုးအစားများ
ဖြစ်ကြောင်းလည်း သိရ၏။ အကယ်၍သာ သစ်ခွအတွက် သီးသန့်ဆောင်ရွက် ရပါက
ဟူးကောင်းဒေသအတွင်း၌ သစ်ခွအမျိုးအစားပေါင်း ရာချီ၍ ရှိမည်ဟု ဦးစောလွင်က
ခန့်မှန်းပြောကြားခဲ့သည်။
ယခုလာရောက်ကြသော အမေရိကန်အဖွဲ့မှာ
သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ Bio Guide of Myanmar Rattan ဟူသည့်
စာအုပ်တစ်အုပ် ပြုစုသွားရန်ရှိကြောင်းလည်း သိရသည်။ ဆက်လက်၍လည်း ၂ဝဝ၅-၂ဝဝ၆
ခုနှစ်များအတွင်း မြန်မာ့ကြိမ် သုတေသန လုပ်ငန်းကို ပဲခူးတိုင်း၊
တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့၌ ဆက်လက် ပြုလုပ်ခွင့်ရသွားရန်
မျှော်လင့်ထားကြောင်းလည်း သိရလေသည်။ မြန်မာ့ကြိမ်နှင့် ပတ်သက်သည့်
သုတေသနစာတမ်းများကိုလည်း အမေရိကန်နှင့် မြန်မာပညာရှင်များ ပူးတွဲ၍
ပြုစုသွားရန်ရှိကြောင်းလည်း သိရလေသည်။
□
ကျွန်တော်တို့
ပန်းချီနှင့် ဓာတ်ပုံသမားတစ်စုသည် ပန်ဆောင်အထိ ခရီးနှင်ဖြစ်ခဲ့ကြပေသည်။
ထင်ရှားကျော်ကြားသော ဟူးကောင်းဒေသကို တို့ထိစမ်းသပ်နိုင်ခဲ့ကြသည်။
လီဒိုလမ်းကြီးအကြောင်းကို တစ်ဆင့်စကား၊ စာတွေ့တို့ဖြင့် သိခဲ့ဖူးသည်မှ
ထိုလမ်းကြီးတစ်လျှောက်လုံးကို စဆုံးတိုင် သွားဖြစ်ခဲ့ကြပါသည်။
တစ်ချိန်က ထိုလမ်းကို စစ်မက်အတွက်
ဖောက်လုပ်ခဲ့သည်။
တိုက်ပွဲများအတွက် ထိုလမ်းကို
အသုံးချခဲ့ကြသည်။ လီဒိုလမ်းကြီး ဖောက်လုပ်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈ဝဝဝ နှင့် အာရှလုပ်သား
၃၅ဝဝဝ အင်အားကို သုံးကာ အမေရိကန် စစ်အင်ဂျင်နီယာတပ်က ဓာတ်ဆီ၊ ဒီဇယ်ဆီကို
ရေလိုသုံး၊ စက်ယန္တရားများကိုလည်း အကန့်အသတ်မရှိ သုံး၍ ဖောက်လုပ်ခဲ့ကြသည်။
ရာပေါင်းများစွာသော အသက်များ စတေးခဲ့ကြရသည်။ မတော်တဆမှု၊ ဂျပန်တပ်များ၏
တိုက်ခိုက်မှု၊ ငှက်ဖျားကဲ့သို့သော ဒေသရောက် ဝေဒနာတို့က အသက်ပေါင်းများစွာ
နုတ်ယူသွားခဲ့ကြသည်။
ယခုအခါ ကမ္ဘာသည် ကမ္ဘာရွာဟုဆိုရမည့်
ခေတ်ကာလသို့ ရောက်လာခဲ့ပေပြီ။ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ပိုင်းအတွင်း မြန်မာလာအို လမ်းသစ်
(ကျိုင်းလပ်) မြန်မာ ဘင်္ဂလားဒေ့ရှ် လမ်းသစ် (ဘူးသီးတောင်-မောင်းတော)များ
ဖောက်လုပ်နေသည်။ တရုတ်ပြည် ရွှေလီနှင့်မူဆယ်၊ ပန်ဝါနှင့် ထိန်ချုံး၊ လိုင်ဇာနှင့်
ဝိုင်းမော်၊ ဗန်းမော်နှင့် လွယ်ကျယ်၊ မန်မင်းနှင့် ကန်ပိုက်တီ၊ ကြူကုတ်နှင့်
ဝမ်တိန်၊ တာချီလိတ်နှင့်မယ်ဆိုင်၊ မြဝတီနှင့်မဲဆောက်၊ ဘုရားသုံးဆူနှင့်
ကန်ချနာဘူရီ၊ အိန္ဒိယဘက်ခြမ်း၌ ကျီခါးနှင့် အင်ဖောလမ်း၊ တမူးနှင့်
မိုးရေးလမ်းစသည့် လမ်းများကား မူလကတည်းက ရှိပြီးလမ်းများ ဖြစ်၏။
ကယားပြည်နယ်မယ်စဲ့နှင့် ယိုးဒယားမယ့် ဟောင်ဆောင်ကဲ့သို့ ပေါက်လုဆဲလဲ လမ်းမျိုးလည်း
ရှိသည်။
လီဒိုကား အိန္ဒိယမြန်မာနှင့်
တရုတ်တို့ကြား တစ်ချိန်တွင် အရေးပါသော လမ်းကြီးတစ်ခု ဖြစ်လာရန်
များစွာအလားအလာကောင်းလှသည်။ လမ်းကလည်း မူလကတည်းက အမာခံရှိပြီးသား ဖြစ်၏။
နွေမိုးဆောင်း အချိန်မှန် သွားလာနိုင်သော လမ်းဖြစ်ရန်မှာ တံတားများသာ လိုသည့်လမ်း
ဖြစ်ပေသည်။
တစ်ချိန်ကလို လီဒိုသည်
စစ်သုံးလမ်းအနေဖြင့် မဟုတ်တော့ဘဲ သမိုင်းကို ဖော်ပြနေသောလမ်း၊ ကျားကဲ့သို့သော
သားရဲတိရစ္ဆာန်ဘေးမဲ့ ကြိုးဝိုင်းလေ့လာရန်လမ်း၊ ရှားပါးသစ်ခွ၊ ကြိမ်၊ သစ်တောတို့
လေ့လာရန်လမ်း၊ ရွှေမြေများကို ဖြတ်သန်းရာလမ်း၊ လမ်းပန်းဖွံ့ဖြိုးလာပါက
စိုက်ပျိုးရေး အလွန်ကောင်းသော မြေဆီ မြေနှစ်ကောင်းသော ဟူးကောင်းချိုင့်ဝှမ်းတွင်
စားသုံးသီးနှံ စိုက်၍ ထုတ်လုပ်နိုင်ရာ ကုန်သည်လမ်းမကြီးတစ်ခုအဖြစ် ထင်ရှားနိုင်သော
လမ်းဖြစ်ပါသည်။ လီဒိုလမ်းကို ကျွန်တော့်စိတ်ကူး၌ တရုတ်ပြည်နှင့် အိန္ဒိယတို့အား
မိုင် ၅ဝဝ ကျော်ဖြင့် ကူးသန်းနိုင်ပေသည့် လမ်းကောင်း တစ်လမ်းအဖြစ် တွေးဆနေမိသည်
ဆိုလျှင် ခေတ်ကို နောက်ပြန်ဆွဲနေခြင်းဟု ဆိုရပေလိမ့်မည်။ အကယ်၍သာ မြစ်ကြီးနားမှ
ပန်ဝါ၊ ကန်ပိုက်တီ၊ လိုင်ဇာစသည့် လမ်းများဖြင့် သုံးပါက အိန္ဒိယနှင့်
တရုတ်ဖြတ်လမ်းသည် မိုင်သုံးရာ သုံးဆယ်မှ ငါးဆယ်ဝန်းကျင်ခန့်သော လမ်းဖြင့်
ဖြတ်သန်းနိုင်ပေလိမ့်မည်။
ထို့အပြင် ဝါးရှောင်ကန်ပိုက်တီ
လမ်းသည် ယခုအခါ၌ ကျောက်ခင်းလမ်းကြမ်းသာမက ကတ္တရာလမ်းချောအဖြစ် မြန်မာနှင့်
တရုတ်အစိုးရတို့ ပူးပေါင်းဖောက်လုပ်နေကြပြီဖြစ်ကြောင်း [ကြေးမုံသတင်းစာ၊ ၂ဝဝ၅ ခု၊
ဧပြီ ၂၉ ရက်ထုတ်၊ စာမျက်နှာ ၆ ပါ၊ ကချင်ပြည်နယ် နန့်ရင်းချောင်းကူး သစ်တောတံတား
(မိုးကောင်း)ဖွင့်ပွဲ သတင်းမှ] နှစ်နှစ်အတွင်း လုံခြုံချောမွေ့သည့်လမ်းကြီးအဖြစ်
အသုံးချနိုင်တော့ မည်ဖြစ်ကြောင်း သိရပါသည်။ ထိုလမ်းသာ ပြီးပါက ဝိုင်းမော်နှင့်
ဝါရှောင်လမ်းမှာ ရာသီမရွေး သွားနိုင်သည့် လမ်းဖြစ်သဖြင့် ပန်ဆောင်၊ တနိုင်း၊
မြစ်ကြီးနား၊ (ဝိုင်းမော်၊ ဝါရှောင်) ကမ်ပိုက်တီလမ်းကား မိုင် ၃၂ဝ ကျော် ခန့်ဖြင့်
အိန္ဒိယ၊ တရုတ် (ပန်ဆောင် ကန်ပိုက်တီ)လမ်း ပွင့်လန်းသွားပေလိမ့်မည်။
လာမည့် ဆယ်စုနှစ်များ၌ ထိုလမ်းသည်
တစ်ချိန်က အာရှပိုးလမ်းမကဲ့သို့သော လမ်းတစ်လမ်း ဖြစ်လာနိုင်သော အလားအလာ လီဒို၊
ဟူးကောင်းတွင် ရှိနေပေသည်တကား။
စိန်မျိုးမြင့်
၁ဝ-မတ်လ-၂ဝဝ၅
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။