ရွှေသုတ‌

ရင်မှာစွဲငြိခဲ့ရသော အမှာမုခ်ဦးများ

ဇော်ခိုင်ဦး

01 December 2025
ရင်မှာစွဲငြိခဲ့ရသော အမှာမုခ်ဦးများ
Share to

           အများအားဖြင့် အမှာစာတို့၊ နိဒါန်းတို့ဆိုရင် စာဖတ်သူအများစုက ကျော်ပြီးဖတ်လေ့ရှိတယ်။ ခက်တာက တချို့စာအုပ်တွေမှာ 'နိဒါန်းကိုကျော်၍ ရှေ့ဆက်ဝတ္ထုကို ဖတ်ဖို့ပင် ဖြစ်သည်' လို့ ဆိုထားပြန်တော့ စာဖတ်သူအများစုကို အမှာမဖတ်ရကောင်းလားလို့ တစ်ဖက်ကလည်း အပြစ်မဆိုဝံ့ပါ။ ကျွန်တော်တို့ ကိုယ်လက်လှမ်းမီသလောက် စာတွေ ဖတ်ဖြစ်ခဲ့ကြပြီ။ ဘယ်ဝတ္ထု၊ ဘယ်ကဗျာ ဘယ်လိုကောင်းတဲ့ အကြောင်းဆိုတာမျိုးတွေ အဖန်တလဲလဲ ပြောဖြစ်ခဲ့ပြီ။ ဒါပေမယ့် ဘယ်စာအုပ်ထဲက အမှာကတော့ ဘယ်လို ကောင်းလိုက်တာလို့ ပြောကြသူ ရှားတယ်။ ပြောလေ့ပြောထ နည်းတယ်။ ကြည့်တော့ ကြည့်တယ်၊ မမြင်ကြဘူးဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော်ကတော့ အမှာတွေ၊ နိဒါန်းတွေကို ထိုက်သင့်အားလျော်စွာ ဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ခဲ့ရတဲ့ အမှာတွေကို သုံးသပ်ကြည့်တော့ နှစ်ပိုင်း သွားတွေ့ရတယ်။

            ၁။ ကိုယ်တိုင်ရေးအမှာ

            ၂။ အခြားစာရေးဆရာရဲ့အမှာ

-           ကိုယ်တိုင်ရေးအမှာကတော့ စာရေးသူရဲ့ အတ္တနောမတိတွေပါမယ်။ ဖြတ်သန်းမှု၊ အားထုတ်မှု၊ ခက်ခဲမှုတွေပါမယ်။

-           အခြားစာရေးဆရာရဲ့ အမှာတွေကျတော့ ခင်မင်လို့ ရေးပေးရတယ်ဆိုတဲ့ လေသံနဲ့ စမယ်။ ဘယ်တုန်းက ဘယ်ပုံမျိုးနဲ့ စတွေ့ခဲ့ရတယ်။ ဘယ်လို လက်တွဲခဲ့ရတယ်။ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲစကားတွေ ကြားရမယ်။ ကျောင်းနေဖက် ဖြစ်ရင်ဖြစ်မယ်၊ ဘဝတက္ကသိုလ်ထွက်အတူ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် အမှာစာ ဝင်ရေးခွင့်ရလာတဲ့ အခြားစာရေးသူအဖို့ သူ့တာဝန်ယူမှုကိုတော့ မျက်ကွယ်ပြုလို့ မရဘူး။ အခြားစာရေးသူရဲ့ အမှာတွေကို ဆန်းစစ်ကြည့်တဲ့အခါ ပိုင်းဖြတ်မှုကို တွေ့ရပါ တယ်။ ပိုင်းဖြတ်မှုမပါတဲ့ အမှာမျိုးကိုတော့ ကျွန်တော်တို့ လက်ရှောင်ရပါမယ်။ ကိုယ်တိုင်ရေးအမှာနဲ့ အခြားစာရေးသူတို့ရဲ့အမှာ ကွာခြားမှုဟာ ပိုင်းဖြတ်မှုပဲ ဖြစ်ပါတယ်။ ပြီးတော့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုလည်း ထည့်ရေးဖို့ လိုပါလိမ့်မယ်။ ဒီတော့ အမှာတွေကို အနှစ်ချုပ်ကြည့်တော့...

-           Global ဖြစ်တာမျိုး

-           ပြတ်သားရဲဝံ့တာမျိုး

-           လွမ်းမောဖွယ်ကောင်းတာမျိုး

-           ခပ်ထေ့ထေ့ သရော်သံမျိုး

            ဒါတွေဟာ အမှာစာတွေ ဖတ်ခွင့်ရခဲ့ပြီးတဲ့နောက် စွဲငြိခဲ့ရတဲ့ 'အမှာရသ' များပဲ ဖြစ်ပါတယ်။

            ဆက်လက်ပြီး ဖတ်ခွင့်ရခဲ့တဲ့ အမှာများကို တင်ပြခွင့်ပြုစေချင်ပါတယ်။

            ဆရာ ဒဂုန်တာရာရဲ့ 'မေ' ကို စဖတ်ဖြစ်တော့ သခင်ဗဟိန်းရဲ့ အမှာကို စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ 'မေ' ဝတ္ထုဟာ ဘီဗာလေ နစ်ကိုးရဲ့ "Self" ဝတ္ထုကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ ဒါပေမယ့် ဆရာ့အရေးအဖွဲ့အောက်မှာ 'မေ' ဟာ လှချင်တိုင်းလှနေပါတော့တယ်။ သခင်ဗဟိန်းက...

            'မေ ဝတ္ထုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်လိုက်သည်နှင့် တူလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အရသာမှာ အခြားအစာအာဟာရများလို ဒါချည်း၊ ဒါချည်း မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသောကြောင့် ဖြစ်သည်။ သူ့ကို လျှာပေါ်တင်လိုက်ကတည်းက ဆန်းသစ်သော ဝေဒနာကို တွေ့ရသည်။ ခါတိုင်း စားနေကျ အရာများထက် ထူးသည်ကိုတော့ သိလိုက်သည်။ သူ့ကို ဖတ်နေစဉ်မှာပင် အသစ်အဆန်းကလေးများကို မတွေးဝံ့ဝံ့ဖြစ်နေရသည်။ ရေးနေကျ၊ စိတ်ကူးနေကျများကို တော်လှန်၍ အသစ်ထွင်သည်။ လေပြည်လေညင်းဟု မသုံး၊ လေနုအေးဟု ရေးသည်။ ကစားသည်ဟု မရေး၊ နော့သည်ဟု ရေးသည်'

            ဒါက သခင်ဗဟိန်းရဲ့ အမှာမှ ကောက်နုတ်ချက် ဖြစ်ပါတယ်။ အဲဒီ ခေတ်က ဆရာဒဂုန်တာရာနဲ့ ခေတ်ပြိုင် စာရေးဆရာတွေ ရှိကြပါတယ်။ ဒါပေမယ့် သခင်ဗဟိန်းက အခြားစာရေးသူများရဲ့စာနဲ့ ဆရာဒဂုန်တာရာရဲ့စာကို ယှဉ်ဖတ်ကြည့်ပြီး အခြားအစာအာဟာရများလို ဒါချည်း၊ ဒါချည်းမဟုတ်ဘဲဟု သုံးသပ်ပြခဲ့ပါတယ်။ ပိုင်းဖြတ်မှုပါခဲ့ပါတယ်။ ထို့ထက် တွေ့နေကျ ရေးသားဖွဲ့နွဲ့မှုမျိုး မဟုတ်ဘဲ ဆန်းသစ်တီထွင်ပြီး ကိုယ်ပိုင်ဟန်ဖြစ်အောင် ဖန်တီးခဲ့သော လေနုအေး စကားလုံး၊ နော့ စကားလုံးတို့ကို သခင်ဗဟိန်းအဖို့ အမှတ်ထင်ထင် ရှိခဲ့ဟန်တူပါတယ်။ ဒါက အခြားစာရေးသူ ဝင်ရေးပေးတဲ့ အမှာပဲ ဖြစ်ပါတယ်။

            ဆက်လက်ပြီး ကိုယ့်ဝတ္ထုမှာ ကိုယ်တိုင်ရေးခဲ့တဲ့ အမှာတစ်ပုဒ်ကို တင်ပြခွင့်ပြုစေချင်ပါတယ်။ ခင်နှင်းယုဆိုလျှင် ဝတ္ထုအရေးကောင်းသူ၊ ဝတ္ထုတို မိခင်အဖြစ် သိကြပါတယ်။ ဆရာမကြီးရဲ့ ဝတ္ထုပေါင်းများစွာထဲက 'အောင်မြင်သောနေ့' ဝတ္ထုအမှာကို သတိထားပြီး ဖတ်ခွင့်ရခဲ့ပါတယ်။ အဲဒီအမှာစာက...

            'ချစ်သူ ခင်သူ မြတ်နိုးသူများသို့' ဆိုပြီး...

            'အောင်မြင်သောနေ့’ဝတ္ထုကို ကျွန်မ၏ အခြားဝတ္ထုများကဲ့သို့ အသည်းနှလုံးနှင့် ရေးခြင်းမဟုတ်ပေ။ ဤဝတ္ထုမှာ ကျွန်မ၏ ဦးနှောက်နှင့် ရေးခြင်းဖြစ်သည်။ ဝတ္ထုရေးစဉ်က ထိုဝတ္ထု၌ ပါရှိသည့် ထောင်နှင့်ကြိုးစင်ကို ကျွန်မ ရောက်ဖူးသည် မဟုတ်။ ကျွန်မသည် ထောင်နှင့်ကြိုးစင်ကို မမြင်ဖူးခဲ့ပါပေ။ ထို့ကြောင့်ပင် ဦးနုသည် စိတ်ကူးယဉ် မဖြစ်စေလိုသောကြောင့် ကျွန်မအား ရန်ကုန်ထောင်ကြီးထဲသို့ စေလွှတ်၍ ကြိုးမိန့်အပြစ်ဒဏ် ကျခံလုဆဲဆဲ သူငယ်လေးနှင့် တွေ့ဆုံခိုင်း၏။ ကြိုးစင်အနေအထားကအစ လေ့လာကြည့်ရှုခိုင်း၏။ ကျွန်မသည် ကြိုးစင်ပေါ်သို့ ကိုယ်တိုင်တက်ခါ ဘယ်ကဲ့သို့ လူတစ်ယောက်ကို ကြိုးစင်တင်သတ်သည်ကို ထောင်မှူးကြီးထံ၌ လေ့လာခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်မသည် ကြိုးကျခံရလုဆဲဆဲ လူတစ်ယောက်၏ စိတ်ဝေဒနာကို မသိဘဲ ရမ်းရေး၍ မရပေ။ ထို့ကြောင့် ကြိုးစင်ပေါ် အရောက်တက်ကြည့်ခဲ့ရ၏။

            ပဋိပက္ခများနှင့် ဖုံးလွှမ်းနေသော ကမ္ဘာတွင် 'ပေ' ဖြစ်လျှင်လည်း ခံရသည်။ 'တူ' ဖြစ်လျှင်လည်း နှက်ရမည်ဆိုသော စကားမှာ အလွန်ရေပန်းစားသော စကားလုံးများပင်တည်း။

            မဲဇလီပင်ပျိုအောက်

            ပေါက်လာတဲ့ ရွှေတမာ

            ခါးချက်ကနာ

            ရေစီးရယ်တစ်ခါ

            ရေသာရယ်တစ်လှည့်

            သူများလို တို့မရိုင်းတယ်

            တိုင်းသိပါရဲ့။

            ဆိုသည့် အာဃာတမထားရေး သဘောဖြစ်သော ထိုကဗျာကို ကျွန်မ အသည်းစွဲခဲ့ဖူးပါသည်။ ကျွန်မတို့ အပေါ်တွင် အခါးကြီးခါးခဲ့သော ရွှေတမာတို့အား အခါအခွင့်ကြုံ၍ အလှည့်ရသည့်အခါတွင် သီးသီးခါးခါး မရိုင်းပြနိုင်ပေ။ ဤဝတ္ထုသည် မြင်းမိုရ်တောင်ကို တိုက်ခတ်နေသော လေအားလက်ဝါးနှင့် ကာသလို အားပျော့ကောင်း ပျော့၍နေပေမည်။ သို့သော် မိမိလက်ဝါးလေးသည် တစ်လက်မပင် ကျယ်သည်ဖြစ်ပါစေ၊ မိမိ၏ စွဲမြဲယုံကြည်ချက်နှင့် ကာရပေမည်'

            ကိုယ်တိုင်ရေး အမှာစာတို့ရဲ့ ထုံးစံအတိုင်း သူ့ဘဝဖြတ်သန်းမှု၊ ခက်ခဲမှု အစအနတို့ကို တွေ့ရပြီ။ ဝတ္ထုဖြစ်ပေါ်စေခဲ့သော အခြေခံအကြောင်းတရား စေ့ဆော်မှုတို့ကိုလည်း မြင်ရပြီ။ Trend လည်း ပေါ်လွင်ပြီ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုတဲ့ အာဃာတထားရှိရေးမူကို 'အောင်မြင်သောနေ့' နဲ့ လှပစွာ ငြင်းပယ်ခဲ့ပြီ။ ထိုအမှာစာကို ဆောင်းပါးကောင်းတစ်ပုဒ်သဖွယ် ဖတ်ခွင့်၊ ဆင်ခြင်ခွင့် ရခဲ့ပါတယ်။

            ကျွန်တော်တို့ စာဖတ်ဝါသနာပါလာခဲ့တာ ကိုယ်ထူကိုယ်ထပါသလို မြင်ဆရာ၊ ကြားဆရာကျေးဇူးတွေလည်း ပါခဲ့ပါတယ်။ ဝတ္ထုတွေ အဖတ်ပါး ဝလာပြီးမှ အတ္ထုပ္ပတ္တိစာပေဘက် ရောက်ခဲ့ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းကို ဆရာဇော်ဂျီက 'သခင်ကိုယ်တော်မှိုင်းဋီကာ' ဆိုပြီး ပြုစုတင်ပြခဲ့ပါတယ်။ အဲဒီစာအုပ်က သခင်ကိုယ်တော်မှိုင်း ရုပ်ပုံလွှာထက် သခင်ကိုယ်တော်မှိုင်းရဲ့ ဋီကာတွေအပေါ် အခြေပြုပြီး ပြုစုခဲ့တာပါ။ စာပေရုပ်ပုံလွှာဟုဆိုလျှင် ပိုမှန်ပါလိမ့်မယ်။ ထိုဋီကာမှာ ဆရာဇော်ဂျီက ကိုယ်တိုင်ရေးအမှာစကား ဆိုပါတယ်။

            'လောကအမြင်အကြားတို့ဖြင့်ပြီးသော အနုပညာလက်ရာမှန်သမျှသည် နှစ်သက်ခြင်း ပီတိနှင့်တကွ လောကအမြင်အကြောင်းတို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ထိုစကားမှန်လှပေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏စာများကို အတန်အသင့် ကြားနာဖတ်ရှုရသော ကျောင်းသားဘဝတွင် နှစ်သက်ခြင်းပီတိ ဖြစ်ခဲ့သည်ကိုသာ ကျွန်တော် သတိပြုမိပါသည်။ လူလားမြောက်လာ၍ ထုံ့ပိုင်း၊ ထုံ့ပိုင်း ပြန်လည်ဖတ်ကြည့်သောအခါ ပတ်ဝန်း ကျင်လောကကို မြင်တတ်ကြားတတ်ချင်သောဆန္ဒ တိုးလာသည်ကို ထပ်မံ သတိပြုလာပြန်ပါသည်။ ဤကျမ်း၌ပါသော လေ့လာချက်များမှာလည်း မျက်မှောက်ခေတ် စာဆိုတစ်ဦး၏ စာအကြောင်းနှင့် စပ်လျဉ်း၍ လမ်းခင်ပေးထားခြင်းမျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မျက်မှောက်ခေတ် စာဆိုတစ်ဦးဖြစ်သော ဆရာကြီး၏ စာအကြောင်းကို သိချင်လျှင် လက်ညှိုးထောင်ဟု ဆိုလာခဲ့သော် သူများထက်ဦးအောင် ကျွန်တော် လက်ညှိုးထောင်ချင်ပါသည်'

            ဋီကာတစ်စောင် ဖွဲ့နိုင်ခဲ့သူက မိမိ ကိုယ်မိမိ မပြည့်စုံ၊ မနှံ့စပ်နိုင်သေးဟု ခံယူထားနိုင်မှုမျိုးက ဆရာဇော်ဂျီလို ပြည့်ဝသော ပုဂ္ဂိုလ်မျိုးမှသာလျှင် ခံယူနိုင်ပေမည်။ သခင်ကိုယ်တော်မှိုင်းရဲ့ ဋီကာများကို နှံ့နှံ့စပ်စပ်ဖတ်ပြီး ပြုစုခဲ့ခြင်းကိုပင် 'လမ်းခင်းပေးထားခြင်းမျှသာ' ဟု သုံးနှုန်းထားပုံအရ ပညာမာန်မာနကင်းစင်ပုံ အငွေ့အသက်တို့ကို ရစေခဲ့ပါတယ်။ ပြီးတော့ သဘောခွေ့စရာကောင်းပုံလေးက...

            'ဆရာကြီး၏ စာအကြောင်းကို သိချင်လျှင် လက်ညှိုးထောင်ဟု ဆိုလာခဲ့သော် သူများထက်ဦးအောင် ကျွန်တော် လက်ညှိုးထောင်ချင်ပါသည်' တဲ့။

            ဒါက အတ္ထုပ္ပတ္တိမှာပါခဲ့တဲ့ ကိုယ်တိုင်ရေး အမှာဖြစ်ပါတယ်။

            ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းသုတေသနနဲ့ ပတ်သက်ပြီး အလွန်အားကိုးရတဲ့၊ လေးစားရတဲ့ ဆရာသန်းထွန်းရဲ့ 'နယ်လှည့်ရာဇဝင်' ဟာ ထင်ရှားပါတယ်။ ဆရာဟာ သူ့ ဘာသာရပ်အပေါ်မှာ အင်မတန်စေတနာကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဆရာ့ရဲ့ 'နယ်လှည့်ရာဇဝင်' အမှာစာကတော့ ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်တဲ့ ကိုယ်တိုင်ရေး အမှာစာတစ်ပုဒ် ဖြစ်ပါတယ်။ 'အကန်းတောင် သွားဖြစ်တဲ့ ခရီး' တဲ့။

            'ရန်ကုန်-မန္တလေးရထား အသွားအလာကို ၁၉၄၂၊ မေလဆန်းမှာ ဂျပန်က ပြန်ဖွင့်တယ်။ ရထားလမ်းဖွင့်လို့ ရက်ပိုင်းအတွင်းမှာပဲ ဦးလေးနဲ့ ကျွန်တော် မန္တလေးကို ရောက်လာပါတယ်။ ကိစ္စက မန္တလေး စိုက်ပျိုးရေး တက္ကသိုလ်မှာ နောက်ဆုံးနှစ်သင်တန်း တက်နေတဲ့ အစ်ကို အိမ်ပြန်မရောက်လို့ ရှာဖို့ပါပဲ။ သူလည်း အဲဒီလမ်းအဖွင့်ကိုစောင့်ပြီး အိမ်ပြန်တာပါ။ သူနဲ့ကျွန်တော်လမ်းမှာ လွဲပါတယ်။ ရန်ကုန်လမ်းပွင့်ပြီဆိုမှ သူလည်း လွယ်အိတ်တစ်လုံးနဲ့ သူငယ်ချင်း ဘီအိုင်အေ ဗိုလ်တစ်ယောက်ရှိတဲ့ ကျောက်ဆည်ကတစ်ဆင့် ရထားစီးခွင့်ရပြီး ရန်ကုန်ပြန်သွားတယ်။ အစ်ကို့စာအုပ်တွေ၊ အိပ်ရာလိပ်သေတ္တာအားလုံး မန္တလေးက အိမ်မှာ ကျန်ရစ်တယ်။ ဒါတွေသိမ်းပြီး ကျွန်တော်တို့ ပြန်မယ်။ ပြန်ဖို့ ဂျပန်လက်မှတ်ရမှ ရထားစီးရမှာမို့ ခက်နေပြန်တယ်။ မရဖို့ များတယ်။ ဒီလိုပြန်ဖို့ လမ်းစရှာနေတုန်း ငါးသိုင်းချောင်းကနေ မန္တလေးကို စာသင်ရောက်နေတဲ့ ရဟန်းလေးငါး ဝါရရဟန်းပျို ၆ ပါးနဲ့ ဒကာကြီးတွေကို သွားတွေ့တယ်။ ကျွန်တော့်ဦးလေးနဲ့ ဒကာကြီးတို့ နှစ်ယောက်ပေါင်း ဉာဏ်ထုတ်လိုက်ကြတာ နောက်ဆုံး မန္တလေးချော်ဆိပ်က လှေအလတ်တစ်စင်း၊ ကြိုးရွက်မပါ ၃၅ဝ နဲ့ဝယ်ပြီး ဧရာဝတီက စုန်မယ်၊ ကြာ ဆယ်ရက်ပေါ့လို့ ဆိုတယ်။ ဆင်ဖြူကျွန်းက လှေသမား တစ်ယောက်က သူ လိုက်ပို့မယ်လို့ ဆိုတာကို လက်ခံလိုက်တယ်။ အဲဒီ လှေသမားကလွဲလို့ ကျန်လူတွေက လှေအကြောင်း နားမလည်။ ဒါကြောင့် ဒကာကြီး ဦးရွှေကြိုးက ကျွန်တော် ကြားဖူးသမျှမှာ အကောင်းဆုံးစိတ်ဓာတ် မြှင့်တင်တဲ့စကားကို ပြောပါတယ်။

            'ဟေ့... မောင်သန်းထွန်း၊ မင်းတို့ သင်ရတဲ့ရာဇဝင်ထဲမှာ စူဠာသမ္ဘဝ၊ မဟာသမ္ဘဝ ဆိုတာ ပါတယ်မဟုတ်လား။ အေး... သူတို့ ဘယ်ကနေ ဘယ်လို စုန်သတဲ့လဲကွ' လို့ ပြန်ပြောတော့ 'အေး... အကန်းတောင် သွားဖြစ်တဲ့ ခရီးပါကွာ'လို့ သူက ပြောလိုက်တယ်။ ဝေလင်တန်နဲ့ နပိုလီယန်တို့ ဝါတာလူးစစ်ပွဲ စခါနီးမှာ ဝေလင်တန်က...

            'တိုက်ပွဲအစီအစဉ်ကို နပိုလီယန်က ပြောပါလိမ့်မယ်' ဆိုတဲ့ အချိုးပါပဲ။ အခုလည်း ကျွန်တော် ခရီးသွားရင်

- အကန်းတောင် သွားဖြစ်တဲ့ခရီးပဲ၊

- တိုက်ပွဲအစီအစဉ်ကိုတော့ နပိုလီယန်က ပြောပါလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နှစ်ခုနဲ့ ခရီးထွက်ပါတယ်'

            ဒီအမှာစာမျိုးက စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုမျိုးမှာ တက်ကျမ်းတွေထက် ကောင်းနေတာ တွေ့ရပါတယ်။ သဘောက နယ်လှည့်ရာဇဝင်ကို အထက်ပါ ယုံကြည်ချက်နှစ်မျိုးနဲ့ ပြုစုခဲ့တာ ဖြစ်မယ်လို့ ယူဆရပါတယ်။ တချို့က ဆရာ့ကို ခွစကား၊ ကန့်လန့်တိုက်စကား ဆိုသူလို့ စကားတင်းဆိုကြပါတယ်။ ဒါပေမယ့် ဆရာ့လုပ်ရပ်၊ ဆရာ့ အားထုတ်မှုတွေကိုတော့ မျက်ကွယ်ပြုလို့ မရကြပါဘူး။

            ဆက်လက်ပြီး ဘာသာပြန်ဝတ္ထု တစ်ပုဒ်မှ အမှာစာကို တင်ပြခွင့်ပြုစေချင်ပါတယ်။ 'ကွိ' (Queed) ဆိုတဲ့ ဝတ္ထုဟာ ဂျာနယ်ကျော် ဦးချစ်မောင်ကို သတင်းစာဆရာကောင်း တစ်ယောက် ဖြစ်အောင် တွန်းတင်ပေးလိုက်တဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာပါတဲ့ ဆရာ မြသန်းတင့်အမှာက...

            'ကံဆိုတာကို ခင်ဗျား ယုံသလား'

            ကျွန်တော် စဉ်းစားနေသည်။ အတန်ကြာမှ...

            'လူတစ်ယောက်ဟာ ကမ်းခြေတစ်ခုကနေပြီး ပုလင်းတစ်လုံးကို ပင်လယ်ထဲ မျှောလိုက်တယ်။ နောင် နှစ်ပေါင်းအစိတ်ရှိတဲ့အခါကျတော့ တခြားကမ်းခြေတစ်ခုမှာ အဲဒီပုလင်းကို သွားတွေ့တယ်။ ဒါဟာ ၁၉၇ဝ ကတကယ်ဖြစ်ခဲ့တာ'

            မိတ်ဆွေက ကျွန်တော့်ကို နားမလည်သလို ကြည့်သည်။

            'အဓိပ္ပာယ်က...'

            'နိုင်ငံခြား သတင်းတစ်ပုဒ်ထဲမှာ ပါတာလေ။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ပြင်သစ်စစ်သားတစ်ယောက်ဟာ နာဇီသုံ့ပန်းဖြစ်ပြီး နော်ဝေသုံ့ပန်း စခန်းတစ်ခုမှာ ရောက်နေတယ်။ ကမ္ဘာ လောကကြီးနဲ့ အဆက်ပြတ်နေတယ်။ တစ်နေ့တော့ ပြင်သစ်သုံ့ပန်းတွေ နော်ဝေ ရောက်နေတဲ့အကြောင်း ပုလင်းလွတ်တစ်လုံးထဲ စာရေးထည့်ပြီး ပင်လယ်ထဲ မျှောလိုက်တယ်။ စစ်ကြီးပြီးလို့ အနှစ်အစိတ်လောက် ကြာတဲ့အခါကျတော့ ပြင်သစ်စစ်သားဟာ ပြင်သစ် တောင်ပိုင်းကမ်းခြေမှာ တံငါလုပ်နေရင်း သူ့ပုလင်းကို သွားတွေ့တယ်'

            'ဒီတော့'

            'ကံဆိုတာ ပုလင်းလွတ်တစ်လုံးကို ပင်လယ်ထဲ မျှောကြည့်လိုက်တာ နဲ့ တူတယ်'

            ဒီအမှာစာလေးက အက်ဆေးတစ်ပုဒ် ဖတ်ခွင့်ရနေသလိုမျိုးပါပဲ။ ကံ၊ ကံ၏အကျိုးကို ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓ ဘာသာဝင်များအဖို့ အလွန်ပင်ဆီလျော်တဲ့ အမှာစာ ဖြစ်ပါတယ်။ ကံကို ဆွေးနွေးထားတာ တွေ့ရပါတယ်။ ကြိုက်တဲ့ ရှုထောင့်က ကြိုက်သလို တွေးတောနိုင်ပါတယ်။ ခံစားမှုနဲ့ အတွေးလည်း ရောထွေးနေတာ တွေ့နိုင်ပါတယ်။

            နောက်ဆုံးအနေနဲ့ ကဗျာစာအုပ် တစ်အုပ်မှ အမှာစာကို တင်ပြချင်ပါတယ်။ စန်းဦးရဲ့ 'မိုးရာသီဆက်တင်' ဆိုတဲ့ စာအုပ်လေးပါ။ 'အန်ဒရေဂျိ၏ လိပ်ပြာတစ်ကောင်' ဆိုပြီး ဆရာ မြသန်းတင့်က အမှာစာ ရေးပေးခဲ့ပါတယ်။

            'သူတို့သည် ကဗျာကို ချစ်ကြသည်။ ကဗျာကို ရှူရှိုက်ကြသည်။ ကဗျာကို သောက်သုံးကြသည်။ ကဗျာကို စားကြသည်။ ကဗျာအရေအတွက်က များများပါနိုင်သည် မဟုတ်။ ကဗျာ ဆယ်ပုဒ်ပို့မှ မဂ္ဂဇင်းတွင် ၂ ပုဒ်၊ ၃ ပုဒ်သာ အများဆုံးပါတတ်သည်။ ကဗျာ ရေးခကလည်း ဘာမျှမဖြစ်လောက်။ သို့ရာတွင် သူတို့သည် ကဗျာကို မစွန့်။ ကဗျာအသံကြားလျှင် သူတို့ ဝိုင်းအုံလာကြသည်။ ကဗျာအသံကြားရာသို့ ခြေကျင်လာကြသည်။ ခက်ခက်ခဲခဲ လာကြသည်။ ကဗျာအသံကို နားထောင် ကြသည်။ သူတို့ကိုယ်တိုင်လည်း ကဗျာကို အသံထွက်ကြသည်။ နယ်များသို့ ရောက်သောအခါတွင် ကဗျာဆရာဦးရေသည် ကျွန်တော်တို့ ထင်တာထက် များနေသည်။ ကျော်ကြားမှု၊ ငွေ၊ အခွင့် အာဏာ စသည်တို့ကို လိုချင်၍ မဟုတ်။ ကဗျာသည် သူတို့ကိုးကွယ်ရာ၊ ကဗျာသည် သူတို့ဒဿန၊ ကဗျာသည် သူတို့ ဘာသာစကား၊ ကဗျာသည် သူတို့ ချစ်သူ၊ ကဗျာသည် သူတို့အာဟာရ ဖြစ်နေသောကြောင့် ကဗျာစပ်နေကြခြင်း ဖြစ်သည်။ သူတို့သည် ကဗျာကြောင့် ချစ်သူနှင့် ကွဲခဲ့ကြဖူးသည်။ မိသားစုနှင့် ကွဲခဲ့ကြဖူးသည်။ ထမင်းငတ်ခဲ့ကြဖူးသည်။ ကဗျာကြောင့် ဘဝတစ်ခုလုံး လွင့်စဉ်ကြေမွသွားရသူပင် ရှိသည်။ သူတို့သည် ကဗျာမူးမူးကာ ကဗျာ ဝေဒနာ စူးနေကြသည်။

            စာရေးဆရာ အန်ဒရေဂျိက...

            'လိပ်ပြာဟာ ဥ, ဥပြီးတဲ့နောက် ဘဝမှာ ပျော်ရွှင်ချမ်းမြေ့မှုရယ်လို့ ရှိနေသေးသလားဆိုတာ ကျွန်တော် သံသယ ဖြစ်တယ်။ ပန်းရနံ့တွေနဲ့ လေညင်းရဲ့ စေခိုင်းချက်အရ ဟိုမှ သည်မှ လူးလာ ပျံဝဲနေရတယ်' ဟု ရေးခဲ့ဖူးပါသည်။ ကျွန်တော်သည် ကဗျာဆရာတွေကို မြင်တိုင်း အန်ဒရေဂျိ၏ လိပ်ပြာကို သွား၍သတိရတတ်ပါသည်။ ကဗျာဆရာသည် သူ့ရင်ထဲတွင် ရှိသည့် ခံစားချက်ဖြင့် ကဗျာကို မွေးဖွားလိုက်ပါသည်'

            အနုပညာချင်း မျှဝေခံစားနိုင်မှု၊ စာနာနားလည်မှု၊ ကဗျာရေးဖွဲ့သူများဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး ဝေဒနာပါ တစ်ပါတည်းတွဲ၍ လှစ်ဟပြခဲ့တဲ့ အမှာစာပင် ဖြစ်ပါတယ်။ ကဗျာကို မြတ်နိုးသူတိုင်း၊ ကဗျာကို ချစ်သူတိုင်း ကျေနပ်ကြည်နူးရမယ့် အမှာ ဖြစ်ပါတယ်။

            တကယ်တော့ အမှာစာတွေ ဖတ်လိုက်ရတဲ့အခါ ဘာနဲ့အလားသဏ္ဌာန် တူသလဲဆိုတော့ ကျွန်တော်တို့တစ်တွေ ဘုရား၊ ကျောင်းကန်များ သွားကြရင် အဝင်မုခ်ဝနားမှ ခဏဆိုသလိုမျိုး နားလေ့နားထ ရှိတတ်ကြပါတယ်။ ပြီးမှ ဘုရားကျောင်းကန်ထဲကို ဖြည်းဖြည်းဆေးဆေးပဲ ဝင်သွားတတ်လေ့ ရှိပါတယ်။ အဲသလိုပါပဲ။

            အမှာတို့၊ နိဒါန်းတို့ဆိုတာ စာအုပ် တစ်အုပ်ရဲ့ မုခ်ဦးတွေပါပဲ။ ကျွန်တော်ကတော့ စာဖတ်ဖြစ်တိုင်း အဲဒီမုခ်ဦးနဲ့တူတဲ့ အမှာတွေရဲ့ အရိပ်အောက်မှာ ခဏတော့ ခိုနားလေ့ ရှိပါတယ်။ ကျွန်တော့်လိုပဲ ယခုတက်ရောက်လာကြတဲ့ မိတ်ဆွေများကိုလည်း ကိုယ်လက်လှမ်းမီရာ စာတွေဖတ်ဖြစ်တိုင်း အမှာမုခ်ဦးလေးတွေရဲ့အောက်မှာ ဝင်ရောက် ခိုနားစေလိုတဲ့ဆန္ဒနဲ့ ဒီစာတမ်းလေးကို မျှဝေလိုက်ရတာပါ။

            ရှာဖွေဖတ်စေလိုသော အမှာမုခ်ဦးများကတော့...

၁။        ဗန်းမော်တင်အောင် 'ကြက်တော'

၂။         ထင်လင်း

            'မြစိမ်းရောင်ရင်ခွင်သို့ အပြန်'

၃။        သိန်းဖေမြင့် 'ဝတ္ထုတိုပေါင်းချုပ်'

၄။        မောင်ထင် 'ကိုဒေါင်း'

၅။        ရွှေဥဒေါင်း

            'တစ်သက်တာ မှတ်တမ်း'

၆။        ငြိမ်းကျော် 'ငွေတောင်'

            (သုဓနု မနောဟရီဇာတ်နှင့် သမိုင်းကြောင်းသုတေသန)

            အကြံပြုစကား ဆိုခဲ့ကြတဲ့ ဆရာ ညီစေမင်းနဲ့ ဆရာနေဝင်းမြင့်တို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ရှိပါကြောင်း သိပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဇော်ခိုင်ဦး

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။