ရွှေသုတ‌

နုနုရည်၏ ဆေးမညီသော ပန်းချီကား

တင့်ခိုင်

01 December 2025
နုနုရည်၏ ဆေးမညီသော ပန်းချီကား
Share to

           ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်း၌ ပါရှိသော နုနုရည် အင်းဝ၏ 'ကျားလေး ကျွန်တော်' သည် လူ့အဖွဲ့အစည်း၏ ဘဝပုံရိပ်တစ်ခုကို ဆွဲထုတ်တင်ပြထားသော သရုပ်မှန်ဝတ္ထုတိုလေးတစ်ပုဒ် ဖြစ်သည်။ အစဉ်သဖြင့် ရင်ကိုသာ ပစ်မှတ်အဖြစ် ချိန်ရွယ်ပစ်တတ်သော ဝတ္ထုတိုအရေးအဖွဲ့ ကောင်းသည့် နုနုရည်သည် ဘာကြောင့်မှန်း မသိ။ နောက်ပိုင်းတွင် ခေါင်းကို ချိန်ရွယ်လာသဖြင့် သူ့ဝတ္ထုတိုလေးများအပေါ် ကသိကအောက် ဖြစ်နေရသည့်အချိန်တွင် ယခုဝတ္ထုတို လေးကို ဖတ်ရသဖြင့် ကျွန်တော် အလွန်ကျေနပ်သွားမိသည်။

            'ထဘီလေးတစ်ထည်' နှင့်အတူ ၁၉၈၄ ခုက မြန်မာစာပေလောကကို စတင်ခြေချခဲ့သော နုနုရည်သည် ခြေချကတည်းက သူ့ခြေထောက်အပေါ် သူ အခြေပြုရပ်နိုင်သူ ဖြစ်သည်။ ၁၉၈၄ ခု ဧပြီလထုတ် သဘင်မဂ္ဂဇင်းတွင် ဆရာအောင်သင်းက နုနုရည်၏ 'ထဘီလေးတစ်ထည်' ကို ဤသို့ သုံးသပ်ဖူးသည်။

            'နုနုရည်အင်းဝသည် သူ၏ ထဘီလေးတစ်ထည်တွင် စကားလုံး အဖွဲ့အသီ၊ အလင်္ကာ အခိုင်းအနှိုင်းကို အားမကိုး၊ ပြကွင်းပြကွက်ကို အားကိုးသည်' ဟု။ ထို့အပြင် 'နမ်းမှာလား မောင်ရဲ့၊ မွှေးတယ်ရှင့်' ဖြင့် လူ့အဖွဲ့အစည်း၏ ဘဝပုံရိပ် မည်းလေးတစ်ခုကို ဆွဲထုတ်တင်ပြစဉ်ကလည်း မြန်မာစာပေလောကတွင် ပွက်လော ဆူညံခဲ့ဖူးသည်။

            ယခုဝတ္ထု 'ကျားလေးကျွန်တော်' သည် ငွေလိုချင်၍ မိမိ တစ်ခါမှ မလုပ်ဖူးသော၊ နတ်ပွဲတွင် ကျားဝင်လုပ်ရသော ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သူတို့၏ ဘဝသရုပ်ကို ရေးဖွဲ့ထားသောဝတ္ထုဖြစ်သည်။

            မျောက်တူး၏မိခင် မြသူဇာသည် မျောက်တူး အသက် ၁၂ နှစ် ရောက်တော့မှ ဒုတိယသမီးလေး ဂျစ်တူးကိုမွေးရင်း ကွယ်လွန်သွားသည်။ သူမ ကွယ်လွန်သွားပြီး ကျန်ခဲ့သော ခင်ပွန်းနှင့် ကလေးနှစ်ဦးတို့၏ ရုန်းကန်လှုပ်ရှားရပုံကို ရေးဖွဲ့ထားသော ဇာတ်လမ်း ဖြစ်သည်။ မြသူဇာ၏ လင်သည် အစဉ်မူးနေသော ငမူးကောင် ဖြစ်သည်။ အလုပ်ကို ကောင်းမွန်စွာ မလုပ်။ ၁၅ နှစ်သား မျောက်တူးက သုံးနှစ်သမီး ဂျစ်တူးကို ထိန်းပြီး စားရမဲ့၊ သောက်ရမဲ့ နေနေရသည်။ မြသူဇာကဲ့သို့ နတ်ပွဲတွင် သီချင်းဆိုသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းရသော မြသူဇာ၏ လုပ်ဖော် ကိုင်ဖက်ဖြစ်သော ရွှေဂုဏ်သူ မြသန်းကြည်(ဖွားရွှေဂုန်)က သည်ကလေး နှစ်ယောက်ကို သူ တတ်နိုင်သမျှ စောင့်ရှောက်ပေးကမ်းသည်။ ယခုလည်း နတ်ပွဲတွင် ကျားလုပ်မည့်လူလိုနေ၍ မျောက်တူးကို ကျားလုပ်ရန် လာခေါ်ခြင်း ဖြစ်သည်။ မျောက်တူးသည် ကလေးပီပီ သူ မလုပ်ဖူးသော အလုပ်ကိုလုပ်ရမှာ ကြောက်ရွံ့နေသည်။ ရှက်နေသည်။ နောက်ဆုံး ငွေတစ်ထောင်ရမည်ဟု ပြောသောအခါ၌မူ မျောက်တူးသည် ဘာကိုမှ မစဉ်းစားတော့ပါ။ သူတို့ဘဝ၏ လိုအပ်ချက်အတွက် ခပ်ရှက်ရှက်နှင့်ပင် ကျားသွားလုပ်ရာ ငွေတစ်ထောင်အပြင် ငွေပိုရသည်။ စွန့်ကြဲလိုက်သော စားစရာများရခဲ့သဖြင့် သူ့ညီမလေးအား ပေးစားမည်ဟု ဝမ်းသာအားရ ဖြစ်လာပြီး နောင် သူတို့ခိုင်းသမျှ လုပ်မည်ဟု ဆုံးဖြတ်လိုက်သော အကြောင်းအရာ ဖြစ်သည်။

            'မုန့်ပေး၊ မုန့်ပေး'ဟု အော်ပြီး ငိုယို တောင်းနေသော ဂျစ်တူးကို ၁၅ နှစ်သား မျောက်တူးက 'မအော်ရဘူးလေ မိဂျစ်တူးရဲ့၊ အဖေပြန်လာတော့ ကိုကြီးက ဝယ်ကျွေးမှာပေါ့'ဟု ပြန်ပြောပုံ။ ဖွားရွှေဂုန် ရောက်လာပြီး 'ဟဲ့... ဟိုကောင်လေး မျောက်တူး၊ နင်တို့အဖေရော ဘယ်သွားလဲ။ ထမင်းကော စားပြီးပြီ လား။ ချက်ကော ချက်ရသေးရဲ့လား' ဟု မေးလိုက်ရာ မျောက်တူးက 'အဖေ ဒိုးဝိုင်းလိုက်သွားတယ် ဖွားရွှေဂုန်ရဲ့။ ညောင်တုန်းကို တစ်ညအိပ်သွားတာ ဒီနေ့ ပြန်လာမယ်တဲ့''သြော်... အလုပ်လုပ်ဖော်တော့ ရသေးသားပဲ။ ပိုက်ဆံကော ထားခဲ့ရဲ့လား'

            အဆိုပါ အရေးအဖွဲ့သည် မျောက်တူးတို့၏ စီးပွားရေးဘဝ၊ လူမှုရေးဘဝကို ပေါ်လွင်စေပါသည်။ 'မီးဖိုချောင် ပန်းကန်စင်ပေါ်ကို သက်ငယ်ဆွေး ကြားထဲက မိုးပေါက်တွေ ကျနေတဲ့ အသံဟာ သီချင်းသံလိုပဲ' ဟူသော ဖော်ပြချက်နှင့် ဖွားရွှေဂုန်က မုန့်ဖိုးငါးဆယ် ပေးလိုက်သောအခါ ထိုငွေဖြင့် ငိုနေရှာသော ညီမလေးဂျစ်တူးအား မုန့်ဝယ် ကျွေးရန် စိတ်စောနေသော မျောက်တူးသည် ဖွားရွှေဂုန်က ငွေရမည့်လုပ်ငန်းကို ပြောပြနေသည်ကိုပင် စိတ်မဝင်စားနိုင် ဖြစ်နေသည်ကို ဖော်ပြနိုင်ခြင်းသည်လည်း ပစ္စည်းမဲ့ လူတန်းစားကလေးတစ်ဦး၏ စရိုက်ကို ပေါ်လွင်စေပါသည်။ လျှာကြမ်း၊ အာကြမ်း၊ အော်ကြီး ဟစ်ကျယ် ပြောသော်လည်း သူတို့အပေါ် ကြင်နာတတ်သော သူ့အမေ၏ ဘော်ဒါကြီး ဖွားရွှေဂုန်၏စရိုက်နှင့် အဖေလုပ်သူက ရရာအလုပ်ကို လုပ်ပြီး ငွေရှာထွက်၊ အိမ်တွင် ဘာမှမသိရှာ သော သုံးနှစ်သမီးကလေးကို လူကြီးလုပ်ပြီး ထိန်းနေရှာရသော လူမမည်ကလေး မျောက်တူးတို့၏ စရိုက်ကို ဖော်ရာတွင် နုနုရည်သည် အလွန်သတိကြီးသည်။ အပွန်းအပဲ့မခံ၊ အထိအရှမခံဘဲ သူ့လူတန်းစားဘဝ၊ သူတို့၏ စိတ်အနေ၊ စိတ်စရိုက်ကို ပြကွင်းပြကွက်လေးများဖြင့် ဖော်ပြသည်။

            နတ်ပွဲတွင် ကျားလုပ်ရန် ဖွားရွှေဂုန်က ပြောသောအခါ...

            'ဟာဗျာ... ရှက်စရာကြီး၊ မလုပ်ချင်ဘူး'

            'ဟဲ့... ဘာမလုပ်ချင်ရမှာလဲ။ ပိုက်ဆံရမယ့်အလုပ်ကို လူကလေးကဖြင့် လက်တစ်ဆစ်လောက်နဲ့။ ခုပွဲက သူဌေးပွဲဟဲ့၊ သီးသန့်ပွဲ။ ပိုက်ဆံရမှာ နားလည်လား'

            'ကျွန်တော့်ကို ဘယ်လောက်ပေးမှာလဲ'

            'တစ်ထောင်ပေးမှာ။ ပြီးတော့ နင် ခေါင်းတိုက်ကြေးလေးလည်း ပေးဦးမှာလေ'

            'လိုက်မယ်ဗျာ၊ ချမယ်'

            ဆရာ့ရိပ်၊ ကျောင်းရိပ်တွင် အနာဂတ်အတွက် အားတက်သရော ကြိုးပမ်းနေရမည့် ကျောက်ရိုင်းတစ်ပွင့်သည် ငွေလို၍ ကျားလုပ်မည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်ပုံ ပြကွက်ကလေးသည် စာဖတ်သူများအတွက် ရင့်နင့်စရာ ပြကွက်ကလေး ဖြစ်သည်။ နုနုရည်သည် သူ့ဇာတ်ကောင်သည် ကလေးသာသာအရွယ်ဟူသည်ကို တစ်ချက်ကလေးမှ မမေ့။ ကျားလုပ်ခိုင်းသောအခါ 'ဟာ... ရှက်စရာကြီး၊ မလုပ်ချင်ဘူး' ဟု လွှတ်ခနဲ ထွက်သွားသော စကားကပင် သက်သေခံနေပြန်သည်။ ကလေးတစ်ဦး၏ စိတ်ခံစားချက်။ သူတကာ သည်အရွယ်ကလေးသည် မိဘရင်ခွင်ဝင်ပြီး ချွဲနွဲ့နေရမည့်အရွယ်၊ စာသင်ခန်းတွင် မြူးတူးပျော်ရွှင်နေရမည့် အရွယ်။ ယခု မျောက်တူး၏ ဘဝကမူ ဤသို့မဟုတ်။ မလုံခြုံ။ သူကပင် မိခင်မဲ့ကလေး၏ မိခင်။ သူကပင် သည်ကလေးအတွက် တွေးပူနေရသည့်အဖြစ်။ ထိုထိုသော ဘဝသရုပ်များကို နုနုရည်က ဆရာလုပ်ပြီး ဝင်မပြော။ ပြကွက်ကလေးများဖြင့် ပြသည်။ မျောက်တူး၏ လှုပ်ရှားမှုများဖြင့် သရုပ်ဖော်သည်။ နုနုရည်သည် အလွန်သတိရှိသည်။ သူ့ဇာတ်ကောင် မျောက်တူးနှင့်အတူ ပူးဝင်ခံစားတတ်သည်။ ထို့ကြောင့်လည်း ဤဝတ္ထုတွင် မျောက်တူးသည် စရိုက်ပီသောဇာတ်ကောင် ဖြစ်နေသည်။ သူ့ကို သတိရှိသည်ဟု ကျွန်တော် ပြောခြင်းသည် အကြောင်းမဲ့မဟုတ်။ 'ရေမွှေးနဲ့ ဖျန်းတာကိုတော့ ကျွန်တော် အကြိုက်ဆုံးပဲ' ဟူသော မျောက်တူး၏ အပြောနှင့် 'ရှက်စရာကြီး၊ မလုပ်ချင်ဘူး' ဟူသော အပြောတို့ကြောင့် ဖြစ်သည်။ သူ့ဇာတ်ကောင်အပေါ် သူသည် အလွန်ဂရုစိုက်သည်။

            ဘဝတွင် လုံးဝမျှော်လင့်မထားခဲ့သော ငွေကြေးပမာဏကို ရုတ်တရက် ရရှိလိုက်သောအခါ၌ ဝမ်းသာသွားသော မျောက်တူး၏ သရုပ်ကို စာရေးသူက ဤသို့ ဖော်သည်။

            'ခေါင်းက ပဝါကို ကျွန်တော် ဆွဲချွတ်ပစ်လိုက်သည်။ ဟာ... ပိုက်ဆံတွေ၊ ခေါင်းပဝါကြားထဲက ထွက်ကျလာတဲ့ ပိုက်ဆံတွေ အများကြီး။ နှစ်ရာတန်နဲ့ရာတန် ခေါက်ကလေးတွေကို ပျာပျာသလဲ ကျွန်တော် စုပြီး ကောက်လိုက်တယ်။ တော်တော်များတယ်။ တုန်တုန်ယင်ယင်နဲ့ ကျွန်တော် ရေကြည့် မယ်လုပ်ရင်း ဟော... မျောက်ကြီး'

            သည်တော့မှ ကျားမလုပ်ဘဲ မျောက်ပြောင်းလုပ်ခိုင်းစဉ်က ဖွားရွှေဂုန်က 'နင် နားမလည်ပါဘူး' ဟု ပြောခဲ့သည်ကို မျောက်တူး နားလည်သိရှိသွားသည်။ ဤအိမ်ရှင်၏ တစ်ဦးတည်းသော မြေးမလေးက သူ့ဘေးရှိ ငွေဖလားထဲမှ တစ်ထောင်တန် အထပ်လိုက် ဆွဲယူပစ်ပေးနေသည်ကို မြင်လိုက်ရတော့မှ 'ဖွားရွှေဂုန်ရေ၊ ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော့်ကို ဘာလို့ မျောက်က ကစေချင်တယ်ဆိုတာ ကျွန်တော် သိပြီ'

            'စိန်တွေ ရွှေတွေ အများကြီးနဲ့ အန်တီတစ်ယောက်က သူထိုင်ခဲ့တဲ့နေရာကို မေးငေါ့ပြတယ်။ သူထိုင်တဲ့ ဘေးနားမှာ နတ်တွေဝင်တုန်းက စွန့်ခဲ့တဲ့ စားစရာတွေ၊ စားတော်စာတွေ အပုံလိုက်ကြီး ရှိတယ်။ ယူလိုက်တော့တဲ့။ ကျွန်တော့်ကို ပေးတာ။ တစ်ဟုန်ထိုး ပြေးပြီး ကျွန်တော် ပုဆိုးထဲကို သိမ်းကျုံးထည့်လိုက်တယ်။ မုန့်ထုပ်တွေ၊ ချိုချဉ်တွေ၊ ဘဲဥပြုတ်၊ ပန်းသီး၊ သစ်တော်သီးတွေ။ ပြီးတော့ ပြီးတော့ ဝေဖာ၊ ဝေဖာထုပ်ရှည်ရှည်လေးတွေ၊ နိုင်ငံခြားဖြစ် ဝေဖာထုပ် ရှည်ရှည်လေးတွေ၊ မိဂျစ်တူး ဘယ်လောက်ငိုပြီး ပူဆာပူဆာ ကျွန်တော် အမြဲရှောင်ပြေးခဲ့ရတာလေ။ ဒီအထုပ်မျိုးတွေ တစ်ခါမှ မစားဖူးရှာတဲ့ ကျွန်တော့်ရဲ့ ညီမလေး'

            မျောက်တူးတို့ ဘဝသည် ဘာပါ၊ ညာပါဟု မပြော။ မျောက်တူး၏ စရိုက် ဘယ်သို့၊ ဘယ်လိုမှ မပြောဘဲ နုနုရည်က စာဖတ်သူများ ခံစားနားလည်သွားစေရန် အထက်ပါအတိုင်း ပြကွက်လေးများဖြင့် ရေးပြသွားသည်။ နုနုရည်ကမူ ဘာမှဝင်မပြောသော်လည်း ကျွန်တော်ကမူ မျောက်တူးကို ၂၁ ရာစု သင်္ကေတ တစ်ခုအဖြစ် ပြလိုက်ခြင်းလားဟု တွေးမိသည်။ စာရေးသူသည် ဝတ္ထုကို ဤသို့ နိဂုံးချုပ်သည်။

            'အဖေ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ရေကို မုန့်လိုသောက်ပြီး အိပ်ပျော်ခဲ့ကြရတာလေ။ ကျွန်တော် နောက်ဆို ဖွားရွှေဂုန်ကြီးနဲ့ နတ်ပွဲ အမြဲတမ်း လိုက်မယ်။ ကျားလည်း လုပ်မယ်၊ မျောက်လည်း လုပ်မယ်။ ဘာပဲ ခိုင်းခိုင်း ကျွန်တော် လုပ်ပါ့မယ်။ ခိုင်းသမျှ ကျွန်တော် လုပ်ပါ့မယ်။ ကျွန်တော် လုံးဝ မရှက်တော့ပါဘူး'

            ကဲ... နုနုရည်၏ နိဂုံးကို စာဖတ်သူများ ခံစားကြည့်ပါ။ ဘယ်လောက်များ ရင်နင့်စရာ ကောင်းလိုက်ပါသနည်း။ လူ့အဖွဲ့အစည်း၏ ဆေးမညီသော ပန်းချီကားတစ်ချပ်ကို နုနုရည်က အဖြူအမည်း၊ အလင်းအမှောင်များကို အနုပညာမြောက်စွာ သုံးစွဲပြီး ရေးခြယ်ပြလိုက်ခြင်း ဖြစ်သည်။

            လူနည်းစု လက်တစ်ဆုပ်စာ၏ ဘဝနှင့်ခံစားချက်များကို ရေးဖွဲ့ရောင်း စားနေကြသူများနှင့် နှိုင်းစာလျှင် လူ အများစု၏ ဘဝပုံရိပ်ကို ဖော်ကျူးသော ဝတ္ထုများကို ရေးဖွဲ့နိုင်သူများသည် ပို၍ တာဝန်ကျေသည်ဟု ကျွန်တော် ခံစားရသည်။ နုနုရည်အင်းဝသည် ဘဝထဲမှာ ရေးစရာရှာရာတွင် အလွန်တော်သော ဝတ္ထုရေး ဆရာမတစ်ဦး ဖြစ်သည်။ သူမသည် စိတ်ကူးဖြင့် ရေးစရာ မရှာ။ ဘဝထဲသို့ တိုးဝင်ရှာသည်။ မြင်းကုန်နှီးပေါ်မှ မကြည့်။ ဘဝထဲသို့ ဆင်းကြည့်သည်။ သူမသည် သူမ၏ဝတ္ထုများကို စန္ဒကူးဖြင့် မဆောက်။ ထိုကြောင့်လည်း ဖြစ်မည်။ သူမ၏ ဝတ္ထုများသည် ဇာတ်ကောင်စရိုက် ပီသည်။ လူဆန်သည်။ မည်သို့ပင် ဖြစ်စေ နုနုရည်သည် ဝတ္ထုရေးဆရာများတွင် လူ့သဘာဝအဖွဲ့၊ လူတန်းစား စရိုက်ကို နိုင်နိုင်နင်းနင်း ရေးဖွဲ့နိုင်သော ဝတ္ထုရေးဆရာမတစ်ဦးဟု ကျွန်တော် ဆိုချင်ပါသည်။

တင့်ခိုင်

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။