မောင်သန်းဆွေ ၊ထားဝယ်၊
လွန်ခဲ့သည့် တန်ခူးလသင်္ကြန်ရက်များအတွင်းက စာရေးသူသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ခြေရင်းရှိ အေးသာယာ ဂေါက်ကလပ်ဟိုတယ်တွင် ရောက်နေပါသည်။ ညဘက် ထမင်းစားခန်းတွင် ရန်ကုန်မှ မိတ်ဆွေ တစ်ဦးနှင့် တွေ့ရ၏။ ထိုမိတ်ဆွေမှ တစ်ဆင့် သူနှင့်အတူ ပါသည့် ဧည့်သည် ဦးထွန်းအေးဆိုသူနှင့် စာရေးသူအား မိတ်ဆက်ပေးပါသည်။ ဦးထွန်းအေးသည် စာရေးသူကို မောင်သန်းဆွေ (ထားဝယ်)မှန်း သိသွားသောအခါ...
'ဆရာနဲ့ တွေ့ရတာ
ဝမ်းသာလိုက်တာ ဆရာရယ်။ ဆရာ့စာတွေ ကျွန်တော် ဖတ်ပါတယ်။ ရွှေအမြုတေထဲက မသဲအူ
ရှင်းတမ်းကို ဖတ်ပြီးတာ မကြာသေးဘူး။ ခုလို တွေ့ရတုန်း သိချင်နေတာလေးတစ်ခု မေးပါရစေ'
'မေးပါ၊ မေးပါ။ မေးနိုင်ပါတယ်'
'ခင်ဖြူဆိုသည့် ဘဏ္ဍာစိုး၊
မယ်တော့်စိန်တွေခိုး ဆိုတဲ့ သံချပ်ဟာ နည်းနည်းရင့်သီးသလိုနေလို့။ ခင်ဖြူဟာ တကယ်ပဲ
စိန်တွေခိုးလို့လား ဆရာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ကြောင်း ရာဇဝင်ရှိပါသလား'
စာရေးသူသည် ဦးထွန်းအေး၏
မေးခွန်းကြောင့် ပြုံးမိသည်။
'ရှိတာပေါ့'
'မသိရဘူးလား ဆရာ'
'သိရပါတယ်။ ရှင်းပြပါ့မယ်'ဟု ဖြေလိုက်ရသည်။ ထမင်းစားသောက်ပြီးကြသောအခါ စာရေးသူသည် ကိုယ့်အဆောင်သို့
မပြန်တော့ဘဲ သူတို့နေသည့် ဧည့်ကြို ဆောင်မကြီး ညာဘက်မှ လေးခန်းတွဲအဆောင်သို့
လိုက်သွားပါသည်။ အခန်းထဲရောက်မှ ခင်ဖြူဆိုသည့် ဘဏ္ဍာစိုး၊ မယ်တော့်စိန်တွေခိုး
သံချပ်နှင့် ပတ်သက်ပြီး စိန်သူခိုး ရှင်းတမ်းကို ရှင်းပြရပါသည်။
အိမ်ရှေ့စံ ကနောင်မင်း ၁ဝ
နှစ်သားအရွယ်က ဖြစ်သည်။ ထိုစဉ်က စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက်တော် ဖြစ်၏။
ကနောင်မင်းသားသည် မြို့မတိုက်စား မင်းသားဘဝတွင် ဖြစ်ပါသည်။ သူ၏ နောင်တော်
မြို့ဝှန်းတိုက်စားမင်းသား (နောင်အခါ မင်းတုန်းမင်းသား ဖြစ်လာသူ) ကဲ့သို့
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေလေ့မရှိ။ နန်းတွင်းနန်းပြင် ပတ်ဝန်းကျင်တွင် အမြဲ
သွားလာလှုပ်ရှား စူးစမ်းလေ့လာ၍သာ နေတတ်သူဆို၏။ နောက်တော်ပါးမှ အထိန်းတော်နှင့်
လူပျိုတော်သား ကလေးများက လိုက်၍သာ နေကြရလေသည်။ တစ်ခါတွင် ရတနာပူရ
အဝနန်းပြင်တစ်နေရာမှ အစို့သား (စစ်သား)များ စုဝေးနေထိုင်ရာသို့ ရောက်သွားသည်။
အစို့သားများ သည် ထမင်းစားနေကြ၏။ အစို့သားများ စားနေသော ထမင်းတွင် ဟင်းဟု မယ်မယ်ရရ
မမြင်ရပေ။ ငရုတ်သီးထောင်း၊ ချဉ်ပေါင်သီးထောင်း စသည်တို့နှင့်သာ စားနေကြသည်ကို
တွေ့ရသည်။ ထမင်းကလည်း အနီရောင် သန်းနေသည့် ဆန်ကြမ်း ဖြစ်သည်။ မြို့မတိုက်စား
မင်းသားလေးသည် အနီးရှိ အစို့သားတစ်ယောက်အား...
'အမောင်တို့ ထမင်းစားနေကြတာ။
ဘာဟင်းမှလည်း မပါပါလား' ဟု မေးလိုက်သည်။ အစို့သားက
သူ့ထမင်းခွက်အတွင်းမှ ချဉ်ပေါင်သီးထောင်းကို ပြ၍...
'သည်ဟာ ဟင်းပါဘုရား'
'အမောင့်ဟာက ဟင်းမှမဟုတ်ဘဲ'
'ကျွန်တော်မျိုးများ
အနေနဲ့တော့၊ သည်ဟာ ဟင်းပါပဲ ဘုရား'
'အမောင်တို့ သည်လိုပဲ
နေ့တိုင်း စားကြသလား'
'တင်ပါ့ဘုရား၊ သည်လိုပဲ
စားရပါတယ် ဘုရား'
မြို့မတိုက်စား မင်းသားကလေးသည်
အနီးတွင် ခစားနေသော လူပျိုတော် သားလေးတစ်ဦးကို သူ၏ မယ်တော်ဆောင်မှ သူစားမည့်
ပွဲတော်အုပ်ကို ပြန်ယူခိုင်းလိုက်သည်။ မယ်တော် ပဒေသာတိုက်စား (ထိုစဉ်က
တောင်ဆောင်တော် မိဖုရားကြီး ကျောက်မော်မြို့စား မဖြစ်လာသေး)မှာ သားတော်မင်းသား
ပွဲတော်အုပ် လာယူခိုင်းသည်ဆို၍ သားတော်လေး စားရန် သူကြိုက်တတ်သည့် ဟင်းလျာများ
ပြည့်ပြည့်စုံစုံ ထည့်ခိုင်းပြီး လူပျိုတော်သားကလေးကို ပွဲတော်အုပ်ပေးလိုက်သည်။
'ဘာလုပ်ဖို့တုံး'ဟုလည်း မေးလိုက်သည်။ လူပျိုတော်သားကလေးက နဖူးလက်ယှက်ပြီး...
'မသိရကြောင်းပါ ဘုရား'ဟု လျှောက်ထားခဲ့၏။
မြို့မတိုက်စား မင်းသားကလေးသည် ပွဲတော်အုပ်
ရောက်လာသောအခါ အစို့သားများအား သူ၏ ပွဲတော်အုပ်ကို စားစေသည်။ အစို့သားများမှာ
မစားဝံ့ကြချေ။ ရွှေနန်းရှင်ဘုရား၏ တူတော်ကလေး၊ သူတို့ ချစ်ကြောက်ရိုသေသော
သာယာဝတီမင်းသားကြီး၏ သားတော်ကလေး ပွဲတော်အုပ်ဖြစ်၍ စားရန် နေနေသာသာ လက်ဖြင့်ပင်
မထိဝံ့ကြပါ။
'ဘာငေးကြည့်နေကြတာတုံး။
ကိုယ်တော့် ပွဲတော်အုပ်ကို စားကြစမ်းပါ။ အမောင်တို့ ဆန်နီ ထမင်း၊ ငရုတ်သီးထောင်း၊
ချဉ်ပေါင်သီးထောင်းတွေနဲ့ ကိုယ်တော့်ပွဲတော်စာတွေကို လဲစားမယ်လေ' ဟု ပြော၏။ အစို့သားများသည် တုတ်တုတ်မျှပင် မလှုပ်ဝံ့ကြချေ။ မြို့မတိုက်စား
မင်းသားကလေးသည် ဆိုးဆိုးဆတ်ဆတ်ဖြင့် သူ၏ပွဲတော်အုပ်မှ ဟင်းလျာများကို အစို့သားများ
ဟင်းခွက်အတွင်း ထည့်ပေးပြီး သူကမူ အစို့သားတို့၏ ထမင်းတစ်ခွက်ကို ယူ၍
ငရုတ်သီးထောင်း၊ ချဉ်ပေါင်းသီးထောင်းတို့နှင့် စားတော်ခေါ်နေလေတော့သည်။
ပွဲတော်အုပ် သွားယူရသော
လူပျိုတော်သားကလေးသည် နောက်ဆုတ်နောက်ဆုတ်ဖြင့် ခွာသွားပြီး မယ်တော်အဆောင်သို့
ပြေးကာ...
'ကိုယ်တော်လေး အစို့သားတွေရဲ့
ထမင်းဟင်းနဲ့ ပွဲတော်အုပ်ကိုလဲပြီး ပွဲတော်တည်နေပါတယ် ဘုရား' ဟု မယ်တော်ပဒေသာတိုက်စားအား လျှောက်ထားလေသည်။ မယ်တော်လည်း သားတော်ကလေး၏
လုပ်ပုံကို မယုံနိုင်တော်မူဘဲ ရင်ကို လက်ဖြင့်ဖိ၍ ဗြန့်ထဘီ စွန်တောင်ဆွဲကာ
သားတော်လေးနောက် လိုက်တော်မူသည်။ လာတိုင်သည့် လူပျိုတော်သားကလေးက လမ်းပြရ၏။
မင်းသားကလေးအနီးသို့ ရောက်သွားကြသောအခါ အစို့သားတို့၏ ဆန်နီ ထမင်းနှင့်
ငရုတ်သီးထောင်း၊ ချဉ်ပေါင်သီးထောင်းတို့ကို စားတော်ခေါ်နေသော သားတော်ကလေးကို တွေ့ရလေသည်။
'အပုလေးရယ်၊
ဘယ်နှယ့်လုပ်လိုက်တာလဲ၊ ဖြစ်မှဖြစ်ရပါ့လေ။ သည်ဟာ အပုလေး စားတော်ခေါ်စရာလား'
ဟု ရင်သပ်ရှုမော မေးတော်မူလိုက်၏။
'သားတော်က ကြီးလာရင်
စစ်တိုက်ရမှာပါ မယ်တော်ဘုရား။ ဒါကြောင့် အစို့သားတွေ စားသလို စားတော်
ခေါ်ကြည့်နေတာပါ။ အလေ့အကျင့်ရအောင်လို့ပါ ဘုရား'ဟု
လက်အုပ်ချီ၍ လျှောက်ထားလိုက်သည်။
အစို့သားများမှာ မြို့မတိုက်စား
မင်းသားကလေး၏ ပွဲတော်စာကိုလည်း မစားဝံ့ကြ၊ သူတို့၏ ထမင်းကိုလည်း ဆက်မစားဝံ့ဘဲ
သားမယ်တော်နှစ်ပါး ဖြစ်ပျက်ပြောဆိုနေမှုကိုသာ လက်အုပ်ချီ၍ ငေးကြည့်နေကြလေသည်။
ပဒေသာတိုက်စားလည်း သားတော်ကလေးကို ချော့၍ ခေါ်တော်မူသွား၏။ မင်းသားလေးသည်
ထိုစဉ်အခါမှစ၍ အစို့သားများထံ မကြာမကြာ လာတော်မူလေ့ရှိသည်။ သူ ယူဆောင်ခဲ့သည့်
စားစရာများကို လာရောက်ကျွေးမွေး အရောတဝင် နေထိုင်တော်မူပြီး ကိုယ်တော်တိုင်လည်း
အစို့သားများ၏ ဆန်နီ ထမင်းနှင့် ငရုတ်သီးထောင်း၊ ချဉ်ပေါင်သီးထောင်းတို့ကို
ပွဲတော်တည်လေ့ ရှိတော်မူသည်ဟု ဆိုပါသည်။
မှတ်ချက်။ ။
ထိုအခါမှစ၍ နောင်အခါ အိမ်ရှေ့စံ ဖြစ်လာသည်အထိ ချဉ်ပေါင်သီးထောင်းကို
ကြိုက်နှစ်သက်သွားဟန် တူပါသည်။ စန္ဒာမုနိဘုရားပွဲ၌ အိမ်ရှေ့ဘုရား အနွယ်တော်များ၊
အိမ်ရှေ့မင်း၏ သက်တော်စေ့သပိတ် ၄၇ လုံးတွင် ဆွမ်းခဲဖွယ်များထည့်၍
လှူဒါန်းကြသည့်အခါ သပိတ်တွင် ထည့်သည့် ဆွမ်းဟင်းလျာများတွင် မပါမနေရ ထည့်ရသည့်
ဟင်းတစ်ခွက် ရှိသည်။ အိမ်ရှေ့မင်း အကြိုက်ဆုံးဟင်း ဖြစ်သဖြင့် ထည့်ရပါသည်ဆို၏။
ထူးထူးခြားခြား ဟင်းမဟုတ်ပါ။ ချဉ်ပေါင် သီးထောင်း ဖြစ်ပါသည်။
သာယာဝတီမင်းတရား သက္ကရာဇ် ၁၁၉၉ ခု၊
ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် အထွတ်အမြတ်သို့ ရောက်တော်မူသည်။ နယုန်လပြည့်ကျော်
၁၃ ရက်နေ့တွင် မိဖုရားသားတော် သမီးတော်၊ မှူးကြီးမတ်ရာတို့ကို
ချီးမြှင့်မြှောက်စားတော်မူသောအခါ ကိုယ်လုပ်တော်ကြီး ပဒေသာတိုက်စားကို
ကျောက်မော်မြို့ကို မြို့စား သနားတော်မူပြီး တောင်ဆောင်တော် မိဖုရားကြီး အရာထား
မြှောက်စားတော်မူသည်။ သားတော်ကလေး မြို့မတိုက်စား မင်းသားသည်လည်း ပန်းထိမ်မြို့စား
မင်းသားဖြစ်လာ၏။
မိဖုရားတွင်သော်လည်းကောင်း မင်းသား
မင်းသမီးတို့တွင်သော်လည်းကောင်း ပိုင်ဆိုင်တော်မူသည့် လယ်ယာ၊ ဥယျာဉ်တော်များက
ထွက်သည့် အစုအဆတော်များနှင့် စားကျေးမြို့ရွာက ထွက်သမျှ ကူးတို့ခွန်၊ ဈေးခွန်၊
အစွန့်ခွန်၊ အခြောက်ခွန် စသဖြင့် ကောက်ခံ၍ မြို့ဝန်မြို့စာရေးတို့က
ဆက်သရောက်လာသည့် ဘဏ္ဍာတော်ငွေများကို စာရင်းကျယ် စာရင်းချုပ်နှင့် တကွ အတိမ်းအမှား
မရှိရအောင် ရေးသား ထမ်းရွက်ရသည့် ဘဏ္ဍာစာရေး ဟူ၍ရှိ၏။ တောင်ဆောင်တော် မိဖုရားကြီး
ကျောက်မော်မြို့စား၏ ဘဏ္ဍာစာရေးမှာ သူ၏ အပျိုတော်များထဲမှ ခင်ဖြူ ခေါ်သည့်
အပျိုတော်ဖြစ်သည်။ အမည်နှင့်လိုက်အောင် အသားအရေက ဖြူ၏။
ရုပ်ရည်ရူပကာယကလည်းကျက်သရေရှိ၏။ အရာရာကို စေ့စေ့စပ်စပ် သေသေချာချာ ထမ်းရွက်တတ်၍
မိဖုရားကြီးက သူ၏ဘဏ္ဍာစာရေးအရာ တာဝန်အပြင် လက်ဝတ်တော်ရတနာ သေတ္တာကိုပင်
အပ်နှံထားခြင်း ခံရသူဖြစ်သည်။ ပန်းထိမ် မင်းသားကလေးနှင့် ဘဏ္ဍာစိုး
အပျိုတော်ခင်ဖြူတို့သည် အသက်မတိမ်းမယိမ်း ရှိကြသည်။ သက္ကရာဇ် ၁၁၉၉ ခုနှစ်
ဖြစ်သဖြင့် အသက် ၁၈ နှစ်အရွယ် ရောက်ကြပြီဖြစ်၏။ မယ်တော်အဆောင်သို့ အမြဲပင်
အဝင်အထွက် ခစားရောက်ရှိတတ်သော ပန်းထိမ်မင်းသားကလေးသည် အပျိုတော်ခင်ဖြူနှင့်
မျက်မှန်းတန်းမိနေကြပြီ ဖြစ်သည်။ မင်းသားက ဇက်ရဲလက်ရဲ ရှိလှသည်။ မယ်တော်
မရှိသည့်အခါများတွင် ခင်ဖြူကို ထိကပါး ရိကပါး လူပျိုစကား လိုက်၍ပြောတတ်သည်။
ခင်ဖြူမှာ အခြေအနေကို သိသဖြင့် နဖူးလက်ယှက်၍သာ ငြိမ်ခံနေရ၏။ မည်သို့မျှ ပြန်
မပြောဝံ့ချေ။ ခင်ဖြူမှာ ဆူးကြားမှဘူးပမာ မလှုပ်ဝံ့ရှာပေ။ ပန်းထိမ်မင်းသား ကလေးသည်
တစ်ခါတစ်ရံ လူပျိုတော် သားကလေးများမှ တစ်ဆင့်လည်း မေတ္တာစာများ ပါးတတ်သည်။
သို့နှင့်ပင် လှုပ်ပါနှဲ့ပါများသဖြင့်
ယိုင်ရသည့် တိုင်ပမာ ခင်ဖြူမှာ ပန်းထိမ် မင်းသားကလေးနှင့် ချစ်သူဘဝ ရောက်ကြလေသည်။
ဤကိစ္စကို အနီးအနားမှ ရိပ်မိကြသော အပျိုတော်များက ပန်းထိမ်မင်းသားကလေးကို
ကြောက်ရွံ့ကြသဖြင့် မယ်တော်မိဖုရားကြီးကို မလျှောက်ထားဝံ့ကြချေ။ သို့သော်
မယ်တော်ကမူ ရိပ်မိတန်သလောက် ရိပ်မိနေပါသည်။ သက္ကရာဇ် ၁၂ဝဝ ခုနှစ်၊ နယုန်လပြည့်ကျော်
၂ ရက်နေ့ တွင် ဖြစ်၏။ သာယာဝတီ မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့တွင်
မြင်သည့်သားတော် ရွှေတောင်မင်းသားကြီးနှင့် ကြံညှပ်မင်းသမီးတို့၏ သမီးတော်
သီရိသုရတနာဒေဝီတို့ကို စုံဖက်သည့် မင်္ဂလာပွဲသို့ တက်ရန်အတွက် လက်ဝတ်တော်များ
ဝတ်ရန် တောင်ဆောင်တော် မိဖုရားကြီးသည် ခင်ဖြူအား ရတနာသေတ္တာ ယူလာစေသည်။ အတွင်းမှ
နှစ်သက်ရာ လက်ဝတ်တော်များကို ယူ၍ ဝတ်ဆင်တော်မူစဉ် စိန်ထည်အချို့ လျော့နေသည်ကို
သတိပြုတော်မူသည်။ ခင်ဖြူအား မေးတော်မူရာ ဘာမျှပြန်၍ မလျှောက်ထားချေ။ ခင်ဖြူသည်
မျက်စိမျက်နှာပျက်၍ နေသည်။ မိဖုရားကြီးက အမေးတော်ရှိသမျှကို တင်းခံ၍
ရေငုံနှုတ်ပိတ် နေလေသည်။ ခင်ဖြူ၏ သဘောမနောကို အတွင်းသိ အစင်းသိ ဖြစ်တော်မူသော
မိဖုရားကြီးသည် အရိပ်အကဲကို ရိပ်မိတော်မူလေသည်။ သို့နှင့် မင်္ဂလာပွဲမှအပြန်
သားတော် ပန်းထိမ်မင်းသားကို ခေါ်တော်မူ၍ စစ်မေးရလေသည်။
'သားတော်ရယ်၊ သည်လိုဆိုရင်
မယ်ဘုရားဟာ တခြားသူများကို ယိုးစွပ်ရတော့မယ်။ မှန်ရင် ကောင်းပါရဲ့။ မှားရင်
အကုသိုလ်ဖြစ်ရလိမ့်မယ်။ သည်တော့ မယ်ဘုရား စိန်တွေလျော့နေတဲ့ ကိစ္စဟာ ဧကန်အမှန်
သားတော် သိရမှာပဲလို့ မယ်ဘုရား ထင်တယ်' ဟု မိန့်တော်မူသည်။
ပန်းထိမ်မင်းသား သည် သူ ယူကြောင်း ဖွင့်ပြောရတော့သည်။ ခင်ဖြူတွင် အပြစ်မရှိပါကြောင်း၊
သူနှင့်ခင်ဖြူတို့လည်း မေတ္တာမျှနေပါကြောင်း၊ သူ့တွင် အသုံးလို၍ မယ်တော်
ရတနာသေတ္တာတွင်းမှ လက်ဝတ်တော် အချို့ ယူချင်ကြောင်း ချော့ပြောသောအခါ ခင်ဖြူက
ခါးခါးသီးသီး ငြင်းခဲ့ပါကြောင်း၊ ရတနာသေတ္တာသော့ကို တောင်းသည့်အခါလည်း ခင်ဖြူသည်
သစ္စာရှိစွာ မည်သို့မျှ ထုတ်မပေးပါကြောင်း၊ သို့သော် သူက ချော့လိုက်၊
ခြောက်လိုက်နှင့် မယ်တော်သိရင် သူ အပြစ်ခံပါ့မယ်ပြော၍ ချွဲသဖြင့် ခင်ဖြူသည်
ဖြစ်ချင်ရာ ဖြစ်စေတော့။ ကိုယ်တော်လေးအတွက်ဆိုရင် သူပင် အပြစ်ရစေတော့ဆိုပြီး
ရတနာသေတ္တာသော့ကို ပေးအပ်ခဲ့ပါကြောင်း၊ သို့ရာတွင် သူ၏ရှေ့တွင်သာ ဖွင့်စေပြီး
စိန်အချို့မျှကိုသာ ယူတော်မူရန် အနူးအညွတ် တောင်းပန်အသနားခံ၍
ပြောခဲ့ပါကြောင်းတို့ကို မယ်တော်အား လျှောက်ထားလေသည်။ မယ်တော်က...
'နို့... သည်စိန်တွေယူပြီး
ဘယ်သူ့ သွားပေးတာလဲ အပုလေးရယ်'
'ဘယ်သူ့ကိုမှ သွားမပေးပါဘူး
မယ်မယ်ဘုရား။ တအုံ၊ ကော့ရွာက လူငယ်တွေကို ငွေဝယ်ကျွန်အဖြစ်နဲ့ ရောင်းတယ်ဆိုလို့
သူတို့ကို ဝယ်ဖို့ ငွေလိုတာနဲ့ မယ်ဘုရားစိန်တွေ ခိုးရောင်းပြီး ရငွေနဲ့ ကျွန်တွေ
ဝယ်ခဲ့ပါတယ် ဘုရား'
'သည်ကျွန်တွေဝယ်ပြီး
ဘာများလုပ်ဖို့တုံး အပုလေးရဲ့'
'သည်ကျွန်တွေကို
စစ်သင်တန်းပေးပြီး ကိုယ့်အစို့အဖွဲ့ ကိုယ်ဖွဲ့ဖို့ပါ ဘုရား' ဟု
လျှောက်ထားသည်။
မှတ်ချက်။ ။
ထိုခေတ်က ငွေတော်ဝယ် အမှုထမ်းဟု ရှိ၏။ သရောကြီးခိုက်၍ ဒုက္ခဆင်းရဲခြင်း
ရောက်ကြရသည့် နှစ်များတွင် ကျေးရွာများမှ မည်သို့မျှ ရှာဖွေ စားသောက်၍
မဖြစ်တော့သည့် သူ ဆင်းရဲများကို မင်းစိုးရာဇာတို့က ငွေဝယ်ကျွန်အဖြစ်
ဝယ်ယူအသုံးပြုတတ်သည်။ သီပေါမင်းလက်ထက်တော် အထိ ဘုန်းတော်တိုးအမှုထမ်းဟု ရှိသည်။
ခမည်းတော် မင်းတုန်းမင်း တရားကြီးလက်ထက်တော်က ဖွဲ့ခဲ့သည့် ငွေတော်ဝယ်အမှုထမ်း လူ
၄ဝဝ ကျော်ကို သီပေါမင်းတရားလက်ထက်တော် သက္ကရာဇ် ၁၂၄၂ ခုနှစ်အတွင်း ၎င်းတို့ ကို
ဘုန်းတော်တိုးအမည် ပြောင်းပြီးလျှင် စာရေးတော်ထိုးမှတ်စေ၍ သေနတ်အစုမှာ
ထမ်းရွက်စေသည်။ စစ်အတတ်ပညာကိုလည်း သင်ရသည်။
အထက်ပါကိစ္စတွင် ပန်းထိမ်
မင်းသားကလေးသည်လည်း တအုံ၊ ကော့ရွာမှ လူငယ်လူရွယ်များကို ငွေဝယ်ကျွန်အဖြစ် ဝယ်၍
ကိုယ်ပိုင်ငွေတော်ဝယ် အမှုထမ်းဖွဲ့ခြင်း ဖြစ်ပါသည်။
'ခမည်းတော် ရွှေနန်းရှင်
သိတော်မူမှဖြင့် မင်းပြစ်၊ မင်းဒဏ်သင့်နေပါ့မယ် အပုလေးရယ်'
'ခမည်းတော်ဘုရားကို
လျှောက်ထားပြီးပါ ဘုရား'
'ဒါဖြင့် ရှိစေတော့ ရှိစေတော့'
'မယ်မယ်ဘုရား'
'ဘာတုံးကွယ့်၊
စိန်ထပ်လိုချင်ပြန်ပြီလား'
'စိန်မလိုချင်တော့ပါ ဘုရား'
'နို့... ဘာလိုချင်လို့တုံး'
'ခင်ဖြူကိုပါ ဘုရား'
မယ်တော် တောင်ဆောင်တော်
မိဖုရားကြီးသည် အနီးတွင်ငုံ့၍ ခစားနေသော ခင်ဖြူကို ပြုံး၍ ကြည့်တော်မူပြီး...
'အပုလေး သဘောပါ့တော်' ဟု မိန့်တော်မူလိုက်လေသည်။
ပန်းထိမ်မင်းသားသည် ခင်ဖြူကို
မကြာမတင်ပင် ကောက်တော်မူလိုက်သည်။ ထိုစဉ်က ပန်းထိမ်မင်းသားတွင်
ကိုယ်လုပ်တော်များအဖြစ် ခင်ကျေး၊ ခင်ဘော့၊ ခင်စာ စသည်တို့ ရှိပြီးဖြစ်သည်။
မင်းတုန်းမင်းတရားကြီး အထွတ်အမြတ်ရောက်၍ ညီတော်ကို အိမ်ရှေ့စံ ပေးသောအခါ
ခင်ကျေးသည် မြောက်ဆောင်တော် သာယာကုန်းရွာစား သီရိသင်္ခါမဟေ ဖြစ်လာသည်။ ခင်ဘော့သည်
တရုတ်တန်းသခင်ကြီး သီရိမလာမဟေ ဖြစ်လာသည်။ ခင်စာသည် ဆားလင်းကြီးသခင် ပုဏ္ဏာမဟေ
ဖြစ်လာသည်။ ခင်ဖြူသည်လည်း ပထမတွင် သုသီရိမာယာဘွဲ့မည်ဖြင့် မတဲဆင်ရွာ
(မင်းတဲဆင်ရွာ) သခင်ကြီး ဖြစ်လာသည်။ နောင်အခါ သာမာမဟေ ဘွဲ့မည်ဖြင့် မဟေဘွဲ့ခံ
ကိုယ်လုပ်တော်ကြီးတစ်ပါး ဖြစ်ခဲ့ပါသည်။
ရှင်းလင်းချက်။ ။
မယ်တော် တောင်ဆောင်တော် မိဖုရားကြီးက သူ၏သားတော်လေးအား အပုလေးဟု ခေါ်ဝေါ်
တော်မူသည်ကို ရှင်းပါမည်။ နောင်တော်မင်းတုန်းမင်းသားက ညီတော်ကို ချစ်စနိုး
ညီပုဟုလည်းကောင်း၊ ညီပုလေးဟုလည်းကောင်း ခေါ်တတ်သည်။ သို့ဖြစ်၍ မယ်တော်က အပုလေးဟု
ခေါ်ခြင်း ဖြစ်သည်။ နောင်တော်သည် စိတ်အခန့်မသင့်တော်မူသည့် အခါများတွင်မူ
ညီတော်ကို မောင်ကောက်ဟု ခေါ်သည်။ အိမ်ရှေ့စံ ကနောင်မင်း၏ ငယ်မည်မှာ ထိပ်တင်ကောက် ဖြစ်သောကြောင့်ဖြစ်၏။
အိမ်ရှေ့စံ ကနောင်မင်းသည် ငယ်စဉ်က အသားဖြူ၍ ဝဝတုတ်တုတ်ကလေး ဖြစ်သည်။ သို့ဖြစ်၍
ခမည်းတော် ရွှေဘိုမင်းတရားကြီးက သားတော်လေးကို ဖိုးရှမ်းကြီးဟူ၍လည်း ခေါ်တတ်သည်
ဆို၏။
အိမ်ရှေ့စံကနောင်ကမင်းနှင့်
ကိုယ်လုပ်တော် မတဲဆင်ရွာသခင်ကြီး သာမာမဟေ (ခင်ဖြူ)တို့တွင် ငယ်မည်မယ်ထွေအိုဟု
ခေါ်သော ထိပ်ခေါင်တင် အိုကြီးဟူသည့် သမီးတော်တစ်ပါးသာ ထွန်းကားပါသည်။
ထိပ်ခေါင်တင်အို ကြီးသည် မြစ်ခြေမြို့ကို စားရသည်။ မြစ်ခြေဆိုသည်မှာ
အောင်သာမြစ်ခြေကို ခေါ်ပါသည်။ အနော်ရထာမင်းကြီး အောင်သာမြစ်ခြေအရပ်တွင်
ကျွဲရိုင်းခတ်ပြီး နတ်ပြည်စံခဲ့ရသည်ဟု အဆိုရှိ၏။
စာရေးသူ၏ စိန်သူခိုးရှင်းတမ်းကို
ကြားရသောအခါ ဦးထွန်းအေးက 'ဆရာပြောမှပဲ အဖြစ်စုံ သိရတော့တယ်။ ဒီလိုနောက်ကြောင်းရာဇဝင်လေး ရှိတော့
လှေတော်ပွဲမှ သံချပ် အထိုးခံရတဲ့အခါ ဒီကြောင်းကို ဓာတ်သိတွေကတော့ ပြုံးချင်စရာ
ဖြစ်မှာပေါ့နော်' ဟု ပြောပါသည်။ စာရေးသူအနေနှင့်မူ
ကာယကံရှင်နှစ်ဦးဖြစ်သည့် အိမ်ရှေ့စံကနောင်မင်းနှင့် ကိုယ်လုပ်တော်ခင်ဖြူတို့
သည်အတိတ်ကို မြင်ယောင်ပြီး ထိုစဉ်က မည်ကဲ့သို့ ခံစားနေကြမည် မသိဟုသာ
တွေးနေမိပါသည်။
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျမ်းကိုး။ ။
၁။ ဦးစိန်မောင်ဦး
(ရှေးဟောင်းသုတေသန-ငြိမ်း
၏ ပြောပြချက်)
၂။ ကုန်းဘောင်ခေတ်
မဟာရာဇဝင်တော်ကြီး (တတိယတွဲ)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။