အတ္ထုပ္ပတ္တိအခန်းဆက်

ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ အပိုင်း (၄)

လူထုဒေါ်အမာ

01 December 2025
ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ အပိုင်း (၄)
Share to

အားကစားသမား

            ဦးလှ အားကစားကို တစ်သက်လုံး ဝါသနာပါတယ်။ ဒါကြောင့် အသက် ၄ဝ အထိ သူ့ကိုယ်လုံးကိုယ်ပေါက်က လှသေးတယ်။ အရပ် ၅ ပေ ၇ လက်မခွဲ၊ ကိုယ်အလေးချိန် (၁ဝ) စတုံဝန်းကျင်ပါ။ အသက် (၇ဝ) အထိ ကျန်းမာရေးကောင်းပြီး အလုပ်တွေ အများကြီး လုပ်နိုင်တုန်းပဲ။ သူ့တစ်သက်မှာ အကြီးအကျယ် နာတာဖျားတာဆိုလို့ သားကြီးမောင်စိုးဝင်း မွေးစ (၂) လသားလောက်မှာ တိုက်ဖွိုက်ရောဂါ တစ်ခုဖြစ်ဖူးတာပဲ ရှိတယ်။ သူ ဆုံးခါနီး ဆေးရုံတင်ရတော့ သူ့သမီးကြီးကို 'ဖေဖေ တစ်သက်လုံး ဆေးရုံတစ်ခါမှ မတက်ရဖူးဘူး' လို့ ပြောရှာသေးတယ်။         

            ဦးလှ ငယ်ငယ်က ဘာတွေလုပ်သလဲတော့ မသိဘူး။ သူ့အဖေကြီးကတော့ အိမ်ကို သူ့မိတ်ဆွေ ဧည့်သည်တွေလာရင် သူ့သား ကစားတဲ့တူကြီး (၂) ပေါင်ခွဲကို ထုတ်ထုတ်ပြပြီး ကြည့်ပါဗျာ၊ ဒါ သူလုပ်တဲ့ အလုပ်တွေပေါ့လို့ မကျေမချမ်းပြောလေ့ရှိသတဲ့။ သူ့အဖေကြီးက သူ့သားကို ပညာတွေ တော်၊ ဘွဲ့ကြီးတွေရ၊ ရာထူးရာခံရတဲ့ သားမျိုး ဖြစ်စေချင်တယ် ထင်ပါရဲ့။ သူ့သား စာမကျက်ဘဲ အားကစားချည်း လုပ်နေတာမျိုးကို မကြည်ဖြူချင်ဘူးပေါ့။ ဦးလှကတော့ အားကစားကို ဘယ်အရွယ်ကတည်းက ဝါသနာပါနေတယ်တော့ မသိဘူး။ သူ့အသက် (၁၈) နှစ်၊ (၁၉) နှစ်သားရောက်တော့ ရန်ကုန်အစိုးရ အထက်တန်းကျောင်းရဲ့ လက်ရွေးစင် ပထမတန်း ဘောသမားတစ်ယောက် ဖြစ်နေပြီ။

            ဘောလုံးသာ မဟုတ်ဘူး၊ ဘော့စ်ဘောရော သူက လက်ရွေးစင်တဲ့။ (၁ဝ) တန်း ပထမနှစ်မှာ စာမေးပွဲကျတာ စာမကျက်ဘဲ အားကစားကိုချည်း ဖိလုပ်နေလို့ ကျတာလို့ သူက ပြောပါတယ်။ သူက ဘောလုံးချည်းမဟုတ်ဘူး၊ တခြား ပြေးခုန်ပစ်တွေမှာလည်း ပါနေတာနဲ့ တူတယ်။ သူတို့ကျောင်း မဂ္ဂဇင်းက (၁ဝ) တန်း ဘီမှ လူကျော်များဆိုတဲ့ ကာတွန်းတစ်ခုမှာ သူ့ပုံကို 'ကျွန်ုပ်တို့၏ ပထမတန်း လက်ရွေးစင် (၁၁) ယောက်ရဲ့ ကျောရိုးနှင့် အားကစားတာဝန်ခံကြီး' လို့ ခေါင်းတပ်ပြီး ရေးဆွဲထားတယ်။ ကျောင်းက (၁ဝ) တန်းအောင်ပြီး ရန်ကုန် မြူနီ စီပယ်ရာဖြတ်ဌာနမှာ အလုပ်ဝင်တော့လည်း မြူနီစီပယ် ပထမတန်းအသင်း လက်ရွေးစင် (၁၁) ယောက်ထဲမှာ သူပါပြန်တာပဲ။ ဘောကန် ကောင်းလို့ အလုပ်ရတာပါတဲ့။ ဟိုက်စကူးရာပြည့် ထမင်းစားပွဲမှာ စကားပြောတော့ ဦးလှက ဒီအကြောင်း ထည့်ပြောသွားပါတယ်။ မြူနီစီပယ်မှာ သူ နောက်ဆုံးကစားခဲ့တဲ့နေရာက စင်တာဖောဝပ်လို့ ဟိုတုန်းက ခေါ်တဲ့ ရှေ့တန်းအလယ်လူသမားပါ။

            ဦးလှက သူဘောလုံးကစားတာနဲ့ပတ်သက်ပြီး ကျွန်မကို ဘာပြောဖူးသလဲဆိုတော့ ဘောလုံးကစားရတာ သိပ်တော့လည်း မသက်သာဘူးတဲ့။

            ယူဘီအေမှာ သူကစားတဲ့နေ့ဆိုရင် သတင်းစာနဲ့ စာပေနယ်က သူ့အပေါင်းအသင်းတွေက လိုက်လိုက်ပြီး သူ့ဘက်က အားပေးရင်း သူတို့နဲ့ ယှဉ်ပြိုင်တဲ့ တစ်ဖက်အသင်းက မျက်နှာဖြူသင်း ဖြစ်နေရင် ရာဇဝင်ကြွေးကို အဆဲနဲ့ ဆပ်ကြတယ်ဆိုကိုး။

            သူ့ အားကစားနဲ့ ပတ်သက်ပြီး ဦးလှကိုယ်တိုင် ပြောပြတာကလေး ဒီနေရာမှာ ရေးထည့်ပါဦးမယ်။ ၁ဝ- ၄-၇၁ နေ့ ညနေမှာ ကျင်းပတဲ့ ရန်ကုန် ဟိုက်စကူး ရာပြည့်ထမင်းစားပွဲမှာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ သူက စကားပြောပါတယ်။ အဲဒီအထဲမှာ-  

            'အားကစားဟာ လူငယ်တွေကို ထွားကျိုင်းသန်မာစေတယ်။ စာရိတ္တကို အများကြီး ရင့်သန်စေတယ်ဆိုတာ အင်မတန် မှန်ပါတယ်။

            'ကျွန်တော်ဟာ (၁၆) နှစ်၊ (၁၇) နှစ်အရွယ် ဒီကျောင်းကိုရောက်မှ ဘောလုံးစတဲ့ အားကစားတွေ ကစားရပါတယ်။ ကိုယ်ကာယဟာ တစ်နှစ်လောက်အတွင်း ဖွံ့ဖြိုးလှပလာတာပဲ။ ဘောလုံးကန်လည်း တော်တော်ကို ကောင်းလာတယ်။ မကောင်းဘဲလည်း မနေနိုင်ဘူး။ စနေ-တနင်္ဂနွေဆို တစ်နေ့လုံး ကွင်းထဲမှာ ကစားနေတာပဲ။ ညာခြေ နာရင် ဘယ်နဲ့ချည်း ကန်နေတယ်။ ဒီတော့ ဘယ်ရောညာရော သန်တာပေါ့။ ဒုတိယနှစ်တော့ ကျောင်းလက်ရွေးစင် ပထမ (၁၁) ယောက်မှာ ပါရပြီ။

            'ဘောလုံးကစားရင် ကျွန်တော် ဘယ်တော့မှ လူမချဘူး။ ကိုယ်ခံရတယ်လို့လည်း ပြောပလောက်အောင် မရှိပါဘူး။ သူများချတာကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါတောင် တက္ကသိုလ်ကွင်းမှာ ဒိုင်အိုနဲ့ ကစားတော့ သူတို့ကျောင်းသားဟောင်းတွေ ကျွန်တော်တို့ ကျောင်းသားဟောင်းတွေ နှစ်ဖက်အားပေးနေတုန်း ကျွန်တော်နဲ့ ခေါင်းချင်းယှဉ်တိုက်တဲ့ ဒိုင်အိုဘက်က ကျောင်းသား ပုံလဲနေပါရော။ သူတို့ ကျောင်းသားဟောင်းတွေက ကျွန်တော်က သူတို့လူ အောက်ပြန်အကျ ခေါင်းကို ခြေထောက်နဲ့ ကန်ပါတယ်ဆိုပြီး ဆူကြတာပေါ့။ ကျွန်တော်ကလည်း မလုပ်တာ အမှန်ပါ။ ကျွန်တော်တို့ ကျောင်းသားဟောင်း နောင်တော်တွေကလည်း မဟုတ်ဘူးလို့ ငြင်းတာပေါ့။ နောက် ကျွန်တော့်ခေါင်း လက်နဲ့ စမ်းကြည့်တော့ သွေးတွေ တွေ့ပါတယ်။ ဒီတော့ သူက ခြေနှစ်ဖက်လွတ် တအားခုန်အတိုက် သူပြန်အကျ ကျွန်တော်က ခေါင်းအတိုက်မှာ သူ့မေးရိုးနဲ့ ကျွန်တော့်ခေါင်းနဲ့ ထိမိလို့ သူ မထနိုင်တာဆိုတာ ရှင်းသွားပါတယ်။

            'အားကစားစိတ်ဓာတ်ကို ငယ်စဉ်ကတည်းက ဒီကျောင်းက ကျွန်တော် ရခဲ့ပါတယ်' လို့ ဦးလှက ပြောပါတယ်။

            ဦးလှက ဘောလုံးကစားတာကို တော်တော်ကြိုက်တာပါ။ ဂျပန်ခေတ်မှာ ကပိုင်ဘက် စစ်ပြေးဘဝနဲ့ နေရတော့ အာရှလူငယ် မြို့နယ်စည်းရုံးရေးမှူးလုပ်ရင်း အာရှလူငယ်တွေရဲ့ ဘောလုံးအသင်းတွေ ဖွဲ့ပေးပြီး သူကိုယ်တိုင်လည်း ဝင်ကန်နေတာပဲ။

            နောက်နှစ်ပေါင်း (၂ဝ) ကြာလို့ ရန်ကုန်ထောင်ကြီးထဲ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ နေရတော့လည်း လူကျန်းမာဖို့ အရေးကြီးတာလည်း တစ်ကြောင်း၊ အားလည်းအားနေတာ တစ်ကြောင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေကို မာန်မလျှော့ဘဲ လေ့ကျင့်တာ၊ ကစားတာကြောင့် လူငယ်တွေနဲ့အတူ ပြန်ပြီး ငယ်တုန်းကလိုပဲ ဘောလုံးကစားနိုင်ခဲ့သတဲ့။ (၃) နှစ်လုံးလုံး ထောင်ထဲမှာ ဘောလုံးကစားခဲ့တယ်လို့ ထောင်နဲ့လူသား မိတ်ဆက်မှာ ရေးတယ်။

            ဦးလှ မြူနီစီပယ် ရာဖြတ်အလုပ်က ထွက်လိုက်တော့ ဘောလုံးမကန်တော့ဘဲ ကြက်တောင်ရိုက်သတဲ့။ ရိုက်ကွင်းက (၃၈) လမ်း သူ့ကြီးပွားရေး တိုက်နားက ဝိုင်အမ်စီအေအသင်းတိုက်နားမှာရှိတယ်။ အဲဒီကပြီးတော့ ကျွန်မနဲ့ အိမ်ထောင်ကျပြီး သူမန္တလေး ပြောင်းလာခဲ့တယ်။ မန္တလေးလည်း ရောက်ရော ကြက်တောင်ကို သဲသဲမဲမဲ ရိုက်တော့တာပဲ။

            မန္တလေးဟာ အဲဒီခေတ်ကတည်းက ကြက်တောင်ရိုက်မှာ တော်တော်နာမည်ကြီးတဲ့ ကလပ်တွေ ရှိနေပြီ။ အားလုံးထဲမှာ နာမည်အကြီးဆုံးကတော့ မင်္ဂလာဈေးကွင်းပေါ့။ ဒီကွင်းကို ဦးစီး တည်ထောင်သူတွေက မင်းတုန်းမင်းကြီးရဲ့ မြေးတော်တွေပါ။ ပျဉ်းမနား မင်းသားကြီးရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့က ကြက်တောင်ရိုက် ဝါသနာပါတယ်။ ဒါကြောင့် သူတို့ဝင်းထဲမှာ ကြက်တောင်ရိုက်ကွင်းတွေ လုပ်ထားတာ။

            ကြက်တောင်ရိုက်တဲ့ အားကစားက ကြက်တောင်ဖိုး အလွန်ကုန်ကျတဲ့ အားကစား။ ကြက်တောင်ဖိုး နှမြောလို့ မရဘူး။ အကုန်ခံနိုင်မှ လူတော်လူ ကောင်းထွက်တယ်။ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့က ကြက်တောင်ဖိုး ရက်ရက်ရောရော အကုန်ခံရုံမကဘူး၊ လူတော်လူကောင်းတွေ ထွက်လာအောင်လို့လည်း ဝင်းထဲမှာ ကစားကွင်းတွေချည်း သုံးကွင်းလုပ်ပေးထားပြီး လူကောင်းမွေးတယ်။ တစ်ကွင်းက အတော်ဆုံးလက်တွေရိုက်ဖို့၊ တစ်ကွင်းက ပုံမှန်လက်တွေရိုက်ဖို့၊ တစ်ကွင်းက လူငယ်လူသစ်ကလေးတွေ လေ့ကျင့်ဖို့။ အဲဒီကွင်းတွေကို ကြက်တောင်ရာသီ ကုန်ရင် အားလုံး မြေကိုတူးဆွပြီး ဖျက်ပစ်လိုက်တယ်။ နောက်ရာသီ စတော့မယ်ဆိုတော့ နုံးတို့ သဲတို့ ထပ်ချ၊ သံဒလိမ့်ထပ်လှိမ့်ပြီး ကွင်းသစ်ပြန်လုပ်ပေးတယ်။ အဲဒါလောက် အကုန်ခံတယ်လေ။ ရှေးက မန္တလေးက နာမည်ကြီး ကြက်တောင်ရိုက်သမားတွေထဲက မက္ခရာ ထိပ်တင်ဖြူသား တော်တော်ကြီး၊ ဗိုလ်ကြီး ဘဖေ၊ မဟာဒါန်ဝန် မိုးဗြဲဦးခင်မောင်ကြီး၊ သမဝါယမ ဦးထွန်းအေး၊ ဦးကျော်သိန်း၊ ထိပ်တင်မောင်စတဲ့ ကြက်တောင်ရိုက်သမားတွေဟာ ဒီကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ကွင်းက ထွက်တဲ့ လူတော်တွေပေါ့။

            မန္တလေးမှာ ဒုတိယ နာမည်အကြီးဆုံးကွင်းကတော့ မလွန်ကွင်းပဲ။ ဒီကွင်းကိုတော့ မလွန်က ထန်းလျက်ပွဲစားကြီးတွေက အကုန်အကျခံကြတယ်။ ဒီကွင်းက ဦးဘအုန်းတို့၊ ပွဲစားဦးမြမောင်တို့၊ ပွဲစားဦးလွန်းပြေတို့၊ ကိုဘကွန်းတို့၊ သခင် မောင်မောင်လေးတို့ဟာ အမာခံကြက်တောင်သမားတွေပေါ့။ ဒိပြင်လည်း ဘုရားကြီးကွင်း၊ အောင်ရုံထဲက အောင်ကလပ်၊ မျက်ပါးရပ်ကွင်းတို့ ရှိသေးတယ်။

            ဦးလှနေတဲ့ ဂုန္တန်ဝင်းနဲ့ မလွန်က နီးတယ်။ ပွဲစားတွေနဲ့ ကျွန်မတို့နဲ့ကလည်း ရှေးကတည်းက ပေါင်းဟောင်းသင်းဟောင်းတွေ။ အဲဒီမှာ ဦးလှက ကြက်တောင် ရိုက်ဖို့ မိတ်ဆွေတွေတွေ့ပြီး မန္တလေးရောက်ကတည်းက ကြက်တောင်ရိုက်တော့တာပါပဲ။

            အားကစားနဲ့ ပတ်သက်လို့ သူ ကြက်တောင် ရိုက်တဲ့ခေတ်ကိုတော့  ကျွန်မ ကိုယ်တွေ့မို့ ဘယ်လောက် သဲကြီးမဲကြီး ကစားချင်တယ်၊ ဘယ်လောက် အပင်ပန်းခံတယ်ဆိုတာတွေကို ကျွန်မလည်း သိနေပြီလေ။

            ဦးလှက-'အားကစားဆိုတာ ဘာကစားပဲဖြစ်ဖြစ် စလိုက်ရင် နည်းနည်း ဟန်တာပဲ။ ကစားကြတော့ ဇွဲကလည်း ကောင်းတယ်' လို့ ဘတ်မင်တန် ရိုက်နေရင်း ကျွန်မဆီ ၆-၃-၃၉ နေ့က စာရေးဖူးတယ်။ သူက ကစားရင်လည်း ဘယ်အားကစားမှာပဲဖြစ်ဖြစ် တော်ချင်တာတဲ့။

            တကယ်ပါပဲ၊ မန္တလေးမှာ ကြက်တောင်ရိုက်တာ သိပ်မကြာလှခင်မှာပဲ သူက တော်တော်ကောင်းတဲ့လက် ဖြစ်လာပါပြီ။

            လက်ကောင်းတာလည်း မပြောနဲ့၊ အားကစားသွားဖို့ တစ်ရက်မှ အပျက်ခံတာ မဟုတ်ဘူး။ အချိန်တိုင်ရင် လုပ်နေတဲ့ အလုပ်အားလုံး ရပ်ထားခဲ့ပြီး ကစားသွားတာ။ တခြားကိစ္စတွေမှာ အကျိုးအကြောင်းနဲ့ပြောရင် ဦးလှက ပြောလို့ရတယ်။ အားကစားကျတော့ ပြောလို့မရဘူး။ သူ့မှာ ကျွန်မအပေါ် ကတိလည်း မတည်နိုင်ဘူး။ အိမ်ထောင်ကျခါစ ကျွန်မတို့က အဒေါ်မုဆိုးမနဲ့အတူ တူဝရီးသုံးယောက် နေကြတဲ့အခါ အဒေါ်က ညနေ (၆) နာရီလောက်ဆိုရင် ညနေစာ စားချင်နေပြီ။ ထမင်းဆာနေပြီ။ ဦးလှက ကစားရာက မပြန်လာသေးဘူး။ သူ့ကို စောစောပြန်ခဲ့ဖို့ ဘယ်လိုမှာမှာ '... အေးပါ၊ ပြန်ခဲ့ပါမယ်'လို့ ပြောပြီး နေ့တိုင်းနောက်ကျတာပဲ။ (၆) နာရီခွဲ (၇) နာရီလောက်ကျမှ ချွေးသံတရွှဲရွှဲနဲ့ ပြန်လာပြီး ကျွန်မကို အားနာတဲ့ လေသံနဲ့ 'နောက်ရက်တော့ စောအောင် ပြန်ခဲ့မယ်နော်'လို့ ပြောရတာချည်းပဲ။

            ကျွန်မတို့ကို အဲဒီတုန်းက အဒေါ်က ကျွေးထားတာ။ အဒေါ်မုဆိုးမက ထမင်း အလကားကျွေးတဲ့အပြင် သူကိုယ်တိုင် ချက်ကျွေးရှာသေးတာ။ အဲဒီတော့ ကျွန်မက သူဆာတဲ့အချိန်မှာ တူဝရီးသုံးယောက် စုံစုံညီညီ ထမင်းစားချင်တယ်။ နို့ပေမယ့် အဒေါ်ဆာတဲ့အချိန် ဦးလှက ကြက်တောင်ရိုက်ရာက မပြန်လာသေးဘူး။ နေ့တိုင်း လည်တဆန့်ဆန့်နဲ့ သူ့ကိုမျှော်ရတာ။ တစ်ဖက်ကလည်း အဒေါ်ကို အားနာလိုက်တာ မပြောပါနဲ့တော့။

            သူနဲ့အတူကစားဖူးတဲ့ ဦးစိုးမောင်က ဦးလှ ကြက်တောင်ရိုက် ကစားတာနဲ့ ပတ်သက်ပြီး ဘာပြောသလဲဆိုတော့ 'ဦးလှက ကျန်းမာရေးရော၊ အလုံးအဖန်၊ အရပ်အမောင်းရော တော်တော်ကောင်းပါတယ်။ စနစ်တကျလည်း ရိုက်တတ်တယ်။ သူ့လို ကိုယ်လုံးကိုယ်ပေါက်၊ သူ့လို အရပ်အမောင်းနဲ့ သူ့လက်တံမျိုးရှိတဲ့လူ၊ အတက်အဆုတ် အလှမ်းအရွေ့လည်း ကောင်းတဲ့လူဟာ ကြက်တောင်ရိုက်လို့ အကောင်းဆုံးပေါ့။

            'သူက အရင်ကတည်းက အားကစားသမားဆိုတော့ အမောလည်း သူတကာထက် ပိုခံနိုင်တယ်။ ဝါရင့်အားကစားသမားမှာ ပထမသက်လုံ၊ ဒုတိယ သက်လုံရယ်လို့ ရှိတယ်။ ဦးလှက ဒုတိယသက်လုံပါ ရှိတဲ့လူ။ 'ကျွန်တော် အခုမောပေမယ့် ခဏနေရင် ပြေသွားပြီး နောက်တစ်ခါ ဒိထက် အမောခံနိုင်မှာပါ' လို့ သူနဲ့အတူ ကစားတုန်းက ပြောဖူးတာကို ကြားယောင်နေတယ်။ ဒုတိယသက်လုံဟာ အားကစားသမားတွေမှာ ရှိတာပါ' လို့ ချန်ပီယံဟောင်း ဦးစိုးမောင်က ပြောပါတယ်။

            ဦးလှတို့ ခေတ်တုန်းက ပြိုင်ပွဲမှာ ကြက်တောင်ရိုက်တာဟာ အလှရိုက်၊ အပြရိုက်ဆိုတာတွေရော၊ တစ်ဖက်သားကို မောအောင်လုပ်တဲ့ ပရိယာယ်တွေရော သုံးပြီး ရိုက်ကြတာများတယ်။ ခုခေတ်လို အမှတ်ရအောင် အမြန်ရိုက်၊ အပြင်းရိုက်၊ အမှတ်ရအောင်ပဲရိုက်ဆိုတာမျိုး မဟုတ်ဘူး။ ခြင်းလုံး ကစားသလိုပေါ့။ ခြင်းလုံးလည်း ရှေးကတော့ အလှခတ် အပြခတ်တွေ။ ခုခေတ်တော့ အမှတ်ရအောင် ခတ်ကြတာ မဟုတ်လား။

            ဦးလှက ကြက်တောင်ရိုက်ကို ၁၉၅၃ လောက်အထိ ရိုက်ကောင်းတုန်း။ ပြိုင်ပွဲတွေ ဘာတွေမှာ ရိုက်နေတုန်းပါ။ အဲဒီတော့ အသက် (၄ဝ) ကျော်နေပြီပေါ့။ နောက် အဖမ်းခံရတော့တောင်မှ ရန်ကုန်ထောင်ကြီးထဲမှာ သူ ဘတ်မင်တန် ရိုက်နေတယ်လို့ ကျွန်မဆီ စာရေးပါသေးတယ်။

             ဦးလှတို့ ဖဆပလအစိုးရရဲ့ ဧည့်သည်တော်အဖြစ်နဲ့ ရန်ကုန် စံပြထောင်ကြီးထဲ နေရတုန်းက လူက တော်တော်စုံပါတယ်။ ဝန်ကြီးကစပြီး သံအမတ်တွေ၊ မင်းကြီးတွေ၊ မိုင်းသူဌေးတွေပါ ရှိတယ်။ နိုင်ငံရေးအသင်းအဖွဲ့ အဖြူ၊ အနီ၊ အဝါ ပေါင်းစုံက လူတွေလည်းရှိတယ်။ ဟိုတုန်းက နိုင်ငံရေးအကျဉ်း သမားကို ရိုးရိုးအကျဉ်းသားနဲ့မတူ အထူးအခွင့်အရေးတွေ ပေးတယ်။

            ၁၉၅၇ မှာ ဦးလှ လွတ်လာပါတယ်။ အိမ်ပြန်ရောက်တော့ မန္တလေးမှာရှိတဲ့ မန္တလေးတောင်ဂေါက်ကလပ်မှာ ဝင်ပြီး ဂေါက်ကစားတော့တာပဲ။ စကစားတဲ့နှစ်မှာပဲ မြင်းခြံကွင်းက ပေးတဲ့ လွတ်လပ်ရေးဖလား ဦးလှရလို့တဲ့၊ ဟင်ဒီကပ် ၂၄ ကနေပြီး ၂၂ ဖြစ်သွားတယ်။ နောက်နှစ် ၁၉၅၈ မှာ ဥက္ကဋ္ဌ ဦးကျော်ရဲ့ဖလား ရပြန်တယ်။ ဒါကြောင့် ဦးလှရဲ့ ဟင်ဒီကပ်က ၂၂ ကနေပြီး ၂ဝ ကို ရောက်သွားပြန်တယ်။ ၁၉၆၂ ခုနှစ်မှာ ဦးသန်းနိုင်ရဲ့ မုတ်သုံဖလားပွဲ အနိုင်ရပြန်လို့ သူ့ဟင်ဒီကပ်ဟာ ၂ဝ ကနေပြီး (၁၈) ချက် ဖြစ်သွားပြန်တယ်။ အဲဒါကပြီးတော့ ပွဲမရိုက်တော့ဘူး။ မန္တလေးတောင် ဂေါက်ကလပ်မှာ ၁၉၅၉ ခုနှစ်ကစပြီး ရာသက်ပန် အသင်းသား ဖြစ်ခဲ့တယ်။ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၅ ခုနှစ်တွေမှာ သုံးနှစ်ဆက်ပြီး ကလပ်ရဲ့ ကပ္ပတိန် ဥက္ကဋ္ဌ လုပ်ပေးတယ်။ အဲဒီနောက် နှစ်တွေမှာ သူ အနိစ္စရောက်တဲ့အထိ နာယကအဖြစ်ပဲ ဆောင်ရွက်ပေးတယ်။

            ကလပ်က သူ့ကို ကစားစေချင်ပါသေးတယ်။ နို့ပေမယ့် ဂေါက်ဆိုတာက အချိန်လည်းပေးနိုင်မှ၊ ကားနဲ့ ဓာတ်ဆီလည်း ပေးနိုင်မှ ကစားနိုင်တဲ့ အားကစားမျိုး။ ဦးလှမှာ ပရဟိတလုပ်ငန်း တွေကလည်း အများသားမို့ အချိန်ကုန် လွန်းတယ်ထင်ပြီး မကစားတော့တာလည်း တစ်ကြောင်းပါတယ်။ ကျွန်မပါ ကျန်းမာအောင် လင်မယား လမ်းလျှောက်ဖို့ လိုတယ်၊ အသက်တွေကြီး ကြပြီဆိုပြီး မနက်အစောကြီးထပြီး ကျွန်မခေါ် လမ်းလျှောက်ချင်တာလည်း ပါတယ်ထင်ပါရဲ့။ နောက်ပိုင်းတွေမှာ ပွဲရှိတဲ့အခါမှပဲ သွားပြီး ကစားပေးပါတော့တယ်။ နှစ်လည် ဒင်နာလိုဟာမျိုးရှိမှ ကလပ်ကို သွားပါတော့တယ်။ နို့ပေမယ့် စိတ်ကတော့ ကုန်ဟန်မတူဘူး။ တစ်ခါတလေ မိတ်ဆွေသင်္ဂဟလာလို့ အဖော်လုပ်ပြီး ဂေါက်သွားကစားတဲ့ အခါ သူ့လက်က ထိသေးတယ်။ ရိုက်လို့ ကောင်းသေးတယ်လို့ သူ့ဘာသာ ပြောတတ်ပါတယ်။

            ဦးလှက အားကစားကို သူကိုယ်တိုင် ဝါသနာပါရုံ၊ ကစားရုံမကဘူး၊ တခြားလူငယ်လူရွယ်တွေပါ ကစားလာအောင် အများကြီး စည်းရုံးလှုံ့ဆော် ပေးခဲ့တယ်။ သူ့ ကြီးပွားရေး မဂ္ဂဇင်း (၁၉၃၃-၁၉၄၁) ဟာ အဲဒီခေတ်က ထွက်သမျှ စာနယ်ဇင်းထဲမှာ အားကစားကို အများဆုံး နေရာပေးခဲ့တဲ့ မဂ္ဂဇင်းပါ။ သူနဲ့ ခေတ်ပြိုင် ထွက်နေကြတဲ့ ဒဂုံမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ တိုးတက်ရေး မဂ္ဂဇင်းတွေထက် ကြီးပွားရေးက အားကစားဆောင်းပါး ပိုထည့်တယ်။ ကာယဗလ ဦးရှိန်တို့က ဦးဇော်ဝိတ်ကြီးနဲ့ အလေးမဖို့ လှုံ့ဆော်တဲ့ ဆောင်းပါးမျိုးတွေကို ကြီးပွားရေးမှာ အပါဆုံးပါ။

            နောက် လူထုဂျာနယ်၊ လူထု သတင်းစာမှာလည်း အားကစားဟာ ထိပ်တန်းနေရာပေးခံရတဲ့ အကြောင်းအရာ တစ်ခုပဲ။

            ဒီလို ရေးသားလှုံ့ဆော်နေရာပေးနေရုံနဲ့လည်း မပြီးသေးဘူး၊ အားကစား အသင်းအဖွဲ့တွေမှာ ကိုယ်တိုင်ပါပြီး လုပ်စရာရှိတာကို လုပ်ပေးသေးတယ်။ မန္တလေးက ဗထူးကွင်းမှာ သူ အသင်း လူကြီးဖြစ်ချိန်က ဘောပွဲကစားတဲ့အခါ ပရိသတ်က မဆဲအောင်၊ အားကစား စိတ်ဓာတ်နဲ့ သန့်သန့်ရှင်းရှင်း အားပေးအောင်၊ အလောင်းအစားတွေ နည်းနိုင်သမျှနည်းအောင် စည်းရုံးတာတွေလည်း လုပ်သေးတယ်။ ပွဲကြီးတွေမှာ ကိုယ်တိုင်အသံချဲ့စက်နဲ့ ပရိသတ်ကို မေတ္တာရပ်ခံတာ၊ လူထုသတင်းစာထဲ ကနေပြီး ရေးသားတာတွေလည်း လုပ်ပါသေးတယ်။ စည်းကမ်းရှိတဲ့ ပွဲကြည့်ပရိသတ်ဖြစ်အောင်၊ အားကစားစိတ် အပြည့်နဲ့ အားပေးတာမျိုးဖြစ်အောင် သူစည်ရုံးလို့ အောင်မြင်ခဲ့တာတွေကိုလည်း ဦးလှက သိပ်ဝမ်းသာတယ်။

            ဦးလှရေးခဲ့တဲ့ ဘောလုံးပွဲမှာ မဆဲဖို့ မေတ္တာရပ်တဲ့ လူထုသတင်းစာပါ ဆောင်းပါးလေးတစ်ခုကို ဖော်ပြပါမယ်။

ဘောလုံးပွဲများမှာ မဆဲဖို့

            ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။

            ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပါပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည်ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်း ဖြစ်မိသည်၊ ဝမ်းနည်းမိသည်။

            ၁၉၄၇-၄၈-၄၉-၅ဝ-၅၁-၅၂ ခုနှစ်လောက်အထိ ယခင်က ယူဘီအေကွင်းဟု ခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တစ်တွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးခါစ ပွဲများ၌ ဆဲကြပါသည်၊ ရန်ဖြစ်ချင်ကြပါသည်။

            သို့ရာတွင် နောက်တော့ မဆဲကြတော့ပါ။ တစ်ယောက်စာ လေဝပ်အသံကြောင် ဆဲသံများပင် ထွက်ပေါ်၍ မလာတော့ပါ။ ရန်ခိုက်ဒေါသလည်း မဖြစ်ကြပါ။

            ထို့ကြောင့် သမ္မတကြီး ဒေါက်တာ ဘဦး ကြုံ၍ ဘောလုံးပွဲ လာကြည့်သည့် အခါလည်းကောင်း၊ အခြားပုဂ္ဂိုလ်ကြီးတွေ လာကြည့်သည့်အခါလည်းကောင်း ကျွန်တော်တို့က ကောင်းကောင်းကြွားလေ့ရှိကြသည်။

ကြွားသည်ဆိုရာမှာလည်း မဏ္ဍပ်တိုင် တက်ကြခြင်း မဟုတ်၊ ကျိတ်၍ ဂုဏ်ယူခြင်း ဖြစ်သည်။

            ထို့ကြောင့် သမ္မတနှင့် ရန်ကုန်မှ လူကြီးများလာလျှင် ကျွန်တော်တို့ ဘောလုံးပွဲများကို အံ့သြနေကြသည်။ ရပ်ဝေးမိတ်ဆွေအချို့က ခင်ဗျားတို့ ဘောလုံးပွဲက 'ဆဲလည်း မဆဲပါလား' ဟု ဆိုကြသည်။

            'ဆဲစေချင်လို့လား'ဟု ရင်းနှီးသော မိတ်ဆွေများကို ပြန်၍မေးသောအခါ ထိုမိတ်ဆွေများက 'မဟုတ်ပါဘူးဗျာ၊ သဘောကျလွန်းလို့ပါ'ဟု ပြန်ပြောကြသည်။

            မော်လမြိုင်ကလာသော ဧည့်သည်၊ ပုသိမ်က လာသော ဧည့်သည်များကလည်း 'ဆဲသံမကြားသော ဘောပွဲကို မန္တလေးရောက်မှပဲ တွေ့ရတော့တယ်' ဟု ထုတ်ပြောကြသည်။

            တစ်ဦးနှစ်ဦးကမူ-

            'မန္တလေးမှာမို့လို့လည်း ဒီလိုဖြစ်နိုင်တာပါပဲဗျာ'ဟု ဆိုသည်။

            'မန္တလေးကတော့ မြန်မာ့ယဉ်ကျေးမှု စုရာနေရာကိုး၊ ဒါကြောင့် ဒီလို ယဉ်ကျေးကြတာပဲ'ဟု အချို့က ဆိုကြသည်။

            'ထီးနန်းအရိပ် ရှေးမြန်မာ့ယဉ်ကျေးမှုအပြင် ဗုဒ္ဓသာသနာ ထွန်းကားတဲ့မြို့၊ တရားတော် အဆုံးအမ ခံယူနေကြတဲ့ လူတွေကိုးဗျ'ဟု ဆိုသူများက ဆိုလိုက်ကြပေသေးသည်။

            ပွဲကြည့်ပရိသတ်သည် အိမ်တွင် ဆဲချင်ဆဲမည်၊ အရပ်ထဲတွင် ဆဲချင်ဆဲမည်။ ဘောလုံးပွဲတွင်မူ တစ်ခွန်းမှ မဆဲ၊ ယောင်လို့မှ မဆဲ၊ ငါပင် မတိုင်းတော့။

            အိမ်က ငါးပါးသီလ ယူလာလျှင်ပင် ဤမျှစောင့်စည်းကောင်းမှ စောင့်စည်းကြမည်။ ဘောလုံးပွဲထဲသို့ ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက် အကဲကြည့်ပြီး ဘယ်သူမှ မဆဲသောကြောင့် ယောင်ပြီး ဆဲတတ်သူကလည်း မိမိနှုတ်ကို မိမိ သတိထားပြီး ထိန်းသည်။

            ဤသတင်းကောင်းများသည် စိတ်ကူးယဉ်ပြီး လုပ်ကြံ၍ ရေးနေသည်များ မဟုတ်၊ နှစ်လ ဘာမှ မကြာသေး၍ မှတ်မိသူတွေ အများကြီး ရှိကြပေသေးသည်။

            တစ်ခါက ဘောပွဲကြည့်သော ပရိသတ်ကို ကျွန်တော်က ပြောပြသည်။

            'ကျွန်တော် ငယ်ငယ်က ရန်ကုန် ဘီအေအေကစားကွင်း (ယခု အောင်ဆန်းကစားကွင်း) မှာ ထိုအခါက ပထမတန်း အသင်းတစ်သင်းဖြစ်နေတဲ့ ရန်ကုန်မြူနီစီပယ် အသင်းကနေပြီး ကစားဖူးတယ်။

            'ကျွန်တော်က လက်ဝဲ အတွင်းလူအဖြစ် ကစားတယ်။ တစ်ခါတလေ ကျွန်တော် ဂိုးသွင်းလို့ ဝင်သွားတဲ့အခါ ပရိသတ်ထဲက 'ဒါမှ ငါ့သားကွ' ဟု အားရပါးရ သြဘာပေးသံများ ကြားရတယ်။ ဂိုးသွင်းရာတွင် အပြင်ထွက်သွားတဲ့ အခါများမှာတော့ အိမ်က ဆွေမျိုးတွေ ကုန်ပြန်ပြီ။ ဘယ်ဘက်ကမှ မသက်သာဘူး။

            'တစ်ခါ သတင်းစာလုပ်ငန်းဘက်၊ နိုင်ငံရေးဘက် စိတ်ထက်သန်လာတော့ အပေါင်းအသင်းဖြစ်တဲ့ ပန်းချီဆရာကြီး ဦးဘစိန်နဲ့ မိတ်ဆွေများက 'လာ ကိုလှ၊ ဇာတိသွေး ဇာတိမာန် သွားတင်ရအောင်' ဆိုပြီး ဘောလုံးပွဲအသွား ကျွန်တော့်ကို ဝင်ဝင်ခေါ်လေ့ ရှိကြပါတယ်။

            'ထိုအခါက ဗြိတိသျှလက်အောက်ဖြစ်တော့ ဂျင်မခါနာ ကလပ်အသင်းက အင်္ဂလိပ်မျက်နှာဖြူ အထက်တန်းအရာရှိကြီးတွေ ကစားကြတာကိုး။ သူတို့အသင်းက တော်တော်ကောင်းတယ်။ ကျွန်တော်တို့ အလုပ်က 'ချဟဲ့'တို့ ဘာတို့အပြင် ဒီမျက်နှာဖြူတွေကို အားရပါးရ ဆဲကြရတာကိုး။ နယ်ချဲ့သမားတွေ အုပ်စိုးနေတာကို မကြိုက်လို့ အပြင်မှာဆဲရင် အဖမ်းခံရမှာ သေချာတယ်။ တစ်မတ်ပေးပြီး ဘောလုံးပွဲထဲမှာ တစ်နာရီလုံးလုံး ဆဲနိုင်တယ်ပေါ့ဗျာ။ အခုတော့ဖြင့် နယ်ချဲ့ မျက်နှာဖြူတွေလည်း မရှိတော့ပါဘူး။ အားလုံး ကိုယ့်အချင်းချင်းတွေချည်းပဲ။ ဒါကြောင့် မဆဲသင့်ကြ တော့ဘူး။

            'မျက်နှာ ပေါ်မော့ပြီး တံတွေးထွေးရင် ကိုယ့်မျက်နှာပေါ် တံတွေးကျသလိုပဲ ဆဲတာကလည်း စဉ်းစားကြည့်ရင် မျက်နှာပေါ် တံတွေးပြန်ထွေးသလို ဖြစ်နေပါတယ်။

            ရဲအသင်းက လူတွေကို တချို့က ဆဲချင်ကြတယ်။ နည်းနည်းပါးပါးပင် ဆဲသံ ကြားလိုက်မိပါသေးတယ်။ တကယ်ဆိုတော့ သူတို့ ဘယ်သူတွေလဲ။ ကျွန်တော်တို့ တူတွေ ညီတွေပဲ မဟုတ်လား။ သူတို့တစ်တွေပဲ လူဆိုး သူဆိုးတွေရန်ကို ကာကွယ်ပေးနေကြတာပဲ။ ရွှေကူ၊ စောပြည့်၊ မောင်ညွန့်၊ အေးမောင်၊ သာဒွန်းတို့ တစ်တွေဟာ ရန်ကုန်က အသင်းတွေ လာကစားတော့ ကျွန်တော်တို့ အားကိုးရတဲ့လူငယ်တွေ မဟုတ်လား။ 'ချဟဲ့' ဆိုလို့ တစ်ဖက်က တကယ်ချလိုက်တာနဲ့ သူတို့ နာသွားတော့ အထက်မြန်မာပြည်လက်ရွေးစင်၊ မြန်မာပြည်က ဘောလုံးသမားကောင်းတစ်ယောက် နစ်နာသွားမှာ ဆုံးရှုံးသွားမှာပဲ မဟုတ်လား။

            'တပ်မတော်အသင်းကနေပြီး ကစားတဲ့ ရဲဘော်တွေ၊ အရာရှိတွေကို ကြည့်ပါဦး။ သူတို့တစ်တွေဟာလည်း ကျွန်တော့်ရဲ့ တူတွေ ညီတွေ အစ်ကိုတွေပဲ မဟုတ်လား။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ပေးနေကြတဲ့ ရဲဘော်တွေပဲ။ ဆဲရင် ကျွန်တော်တို့ အမှားပေါ့။

            ' အမရပူရ မော်တော်ယာဉ်အသင်း၊ စစ်ကိုင်းအသင်း၊ ကျောက်ဆည်၊ မိတ္ထီလာ အသင်းသားတွေ၊ ဌေးဌေး၊ မောင်အုန်း၊ ဘတင်၊ ဘကျူး၊ လှဘူး၊ လှမောင်တို့ပါတဲ့ မြို့မအသင်း၊ အဲဒီလူငယ်တွေကို တစ်ယောက်စီ ကြည့်ပါဦး။ ဘယ်သူ့ကိုများ ဆဲစရာတွေ့ပါသလဲ။ သူတို့တစ်တွေဟာလည်း ကျွန်တော်တို့ အားကိုးရတဲ့ လူတော်ကလေးတွေပဲ။

            'ရမ်းရမ်းကားကား ကစားလို့ ဆဲတယ်ဗျာ' လို့ တချို့က ဆိုကြလိမ့်မယ်။ ရမ်းတဲ့လူကို ဘာဆဲဖို့လိုသလဲ၊ လူထုပရိသတ်ရှေ့မှာ သူအရှက်ကွဲနေပါပြီ။ ဘယ်သူမှာ ဘယ်လိုအကျင့် စာရိတ္တမျိုးရှိတယ်ဆိုတာ ဘောလုံးကစားရာမှာ အပေါ်ဆုံးပေါ့။ ဒိုင်လူကြီးကလည်း သူ့ကို အပြစ်ပေးမှာပဲ။

            'ဒိုင်ညစ်လို့ ဒိုင်ကိုဆဲတာဗျာ'လို့လည်း တချို့က ပြောကြပါလိမ့်မယ်။ 

            ဒိုင်ညစ်ရင်လည်း မဆဲပါနဲ့၊ ဒိုင် ညစ်တယ်ဆိုတာလည်း လူပုံအလယ်မှာ ညစ်ရတာမို့ သူ့ဘာသာသူ အရှက်ကွဲနေဂုဏ်ပျက်နေပါပြီ။

            တစ်ခါတလေတော့လည်း ဒိုင်က ရိုးရိုးသားသား သူမြင်တဲ့အတိုင်း အဆုံးအဖြတ်ပေးတာပဲ။ ပရိသတ်အမြင်နဲ့ မကိုက်ဘဲ ရှိနေတတ်တယ်။

            ကိုယ်ကြိုက်တဲ့ဘက် အားပေးကြပါ၊ လက်ခုပ်တီးကြပါ၊ ဆဲသာ မဆဲပါနဲ့။

            'ကျွန်တော်တို့ မန္တလေးကို မြန်မာ့ ယဉ်ကျေးမှုထွန်းကားသောမြို့လို့ အရပ်ရပ် အနယ်နယ်က လေးလေးစားစား ရှိကြတယ်။ အတုခိုးကြတယ်။ ကျွန်တော်တို့က ဆဲနေကြရင် အရှက်ကွဲကြ ရောပေါ့ဗျာ' စသဖြင့် တင်ပြဆွေးနွေး စဉ်းစားစေကာ အဆဲကို တားနိုင်ခဲ့ပါသည်။ ဘောလုံးကစားသူများ တမင် ကြမ်းကြမ်းရမ်းရမ်းကြီး ကစားသည် မျိုးကိုလည်း တားနိုင်ခဲ့ပါသည်။

            ပရိသတ်များသည် မဆဲကြရသော်လည်း ပျော်ကြပါသည်။ အားကစား စိတ်ဓာတ်မြင့်မြင့်နှင့် ကစားကြသော ဘောလုံးပွဲကောင်းများကို ကြည့်ကြရသောကြောင့် ကျေနပ်ကြသည်။ ပွဲကြည့် ပရိသတ်၌လည်းကောင်း၊ ကစားသူများ၌ လည်းကောင်း လောင်းကစား စိတ်ဓာတ်မျိုး မရှိကြပေ။

            ထို့ကြောင့် အောက်မြန်မာပြည် အသင်းလာကစားသောအခါ မကြာမကြာ ကျွန်တော်တို့က အနိုင်ကစား လိုက်နိုင်ကြသည်။ နိုင်ငံခြားအသင်းများ လာကစားလျှင်လည်း ကောင်းကောင်း ယှဉ်ပြိုင်နိုင်ကြသည်။ ဘယ်အသင်း လာကစားလာကစား 'မန္တလေး ဘောပွဲကြည့်ပရိသတ်က မဆဲဘူး။ အားပေးရာမှာလည်း မျှတယ်။ တော်လျှင်တော်သလို ဟိုဘက် ဒီဘက် အားပေးတယ်။ ရန်ကုန်မှာ ဒီလို မဟုတ်ဘူး' စသဖြင့် ပြောကြသည်။ မန္တလေး ဘောပွဲကြည့်ပရိသတ်၏ အားကစားစိတ်ဓာတ်ကို ထုတ်ဖော်ချီးကျူး သွားကြသည်။ မှတ်တမ်းများတွင် ရေးသွားကြသည်။ ဤကား မန္တလေး မြို့သူမြို့သားများ ရခဲ့သည့် ဂုဏ်ဖြစ်ပါသည်။ ထို့နောက် အုပ်ချုပ်သောပုဂ္ဂိုလ်များ ရော့ရော့ရဲရဲနိုင်လာပြီး စည်းကမ်းများ ပျက်လိုက်လာသည်ဟု ကြားရသည်။ ဤသတင်းများကို ရန်ကုန်ထောင်တွင်းမှနေ၍ ကျွန်တော် ကြားရသောအခါ အများကြီး စိတ်မကောင်း ဖြစ်မိသည်။

            မှန်းတွဲပွဲလောင်း ကစားတစ်မျိုးကို ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ ဆရာများ ထွင်လိုက်သောအခါ အများဆဲ၊ တအားဆဲ၊ သောက်ကျိုးနည်း ဆဲကုန်တော့သည်။

            ယခုသော် မှန်းတွဲပွဲ အမွေဆိုး အဆဲသည် ဗထူးကွင်းတွင် မင်းမူလျက်ရှိနေပေပြီ။

            ခွန်အားမွေးပြီး ကျွမ်းကျင်မှု လေ့ကျင့်ကာ အစွမ်းကုန် ယှဉ်ပြိုင်ကြရသည့် အားကစားစိတ်ဓာတ်မွေးမြူရာ ဗထူးကွင်းသည် ယခုသော် အစွမ်းကုန် ဆဲရေးရာဌာနကြီး ဖြစ်နေပေပြီ။ ဤသို့ဆိုလျှင် ကျွန်တော်တို့ မန္တလေးမြို့သူ မြို့သားများအနေနှင့် အများကြီး အရှုံးပေါ်နေသည်။ ဂုဏ်သိက္ခာ ထိခိုက်နေသည်။

            ထို့ကြောင့် ပြုပြင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း လေးလေးနက်နက် နှိုးဆော်လိုက်ပါသည်။

            ဆဲသူများအားလည်း ရပ်တန့်ကြပါရန် မေတ္တာရပ်အပ်ပါသည်။

(လူထုသတင်းစာ ၂၇-၈-၆၃ နေ့ထုတ်မှ)

            ဦးလှက အားကစားကို ဝါသနာပါတာနဲ့အတူ ကျန်းမာရေးကိုလည်း သိပ်ဂရုစိုက်သူပါ။ သူစားတဲ့အစာ သူ ကြိုက်တဲ့ အစာဆိုတာတွေဟာ အာဟာရဖြစ်စေတယ်၊ အားရှိစေတယ်၊ ကျန်းမာစေတယ်ဆိုတဲ့ အစာတွေချည်းပဲ။ ကျွန်မက တွေ့ကရာ ကစားတဲ့ ပါးစပ်။ သူ့လို အားရှိတယ်ဆိုတာမှ၊ အာဟာရဖြစ်တယ်ဆိုတာမှ ရွေးစားဖို့ နေနေသာသာ အဲဒါမျိုးကို မကြိုက်လို့ မစားတာတွေ ရှိသေးတယ်။ အစားမှာ သူနဲ့ ကျွန်မက စရိုက်ချင်း သိပ်ကွာပါတယ်။

            ဦးလှက နို့တို့၊ ဥတို့၊ အသီးအရွက်တို့၊ အသားတို့ကို အာဟာရဖြစ်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ စားတာပါ။ ကျွန်မကတော့ လက်လုပ်ချဉ်မျိုးတွေ၊ မျှစ်လို၊ မှိုလိုဟာတွေကို စားတာကြိုက်တာပါ။ ဒါဆိုရင် သူ့စကား နားမထောင်လို့သာ ကြည့်နေရမယ်၊ မစားစေချင်ရှာဘူး။ သူက မတည့်ဘူး၊ မကောင်းဘူးဆိုတဲ့ အစာကို တကယ်ရှောင် နိုင်တာ။ ကျွန်မက မတည့်ဘူးဆိုပေမယ့် ကြိုက်ရင် စားချင်တဲ့ညာဉ်ဆိုးရှိတာ။ သူ စိတ်ဆင်းရဲမှာစိုးလို့ သူ မသိအောင် ခိုးစားတယ်လေ။

            နောက်ပြီး ဦးလှက ဆေးလိပ်မသောက်ဘူး၊ ကွမ်းမစားဘူး၊ အရက် မသောက်ဘူးလေ။ ကျွန်မက ငယ်ကတည်းက ဆေးလိပ်ကြိုက်ခဲ့တယ်။ သူနဲ့ အိမ်ထောင်ကျတော့ သူက ဆေးလိပ်မသောက်ဘဲနဲ့ ကျွန်မက ဆေးလိပ်ကြီး တငေါ့ငေါ့နဲ့ပေါ့။ သူ ရန်ကုန်ထောင်ကြီးထဲ ရောက်နေတုန်း ကျွန်မတစ်ယောက်တည်း သတင်းစာ တာဝန်၊ ဂျာနယ်တာဝန်၊ သားသမီးတွေ တာဝန်တွေကို ထမ်းနေရတော့ ကျွန်မက ဆေးလိပ်ဖြတ်ပစ်လိုက်တယ်။ အဲဒီသတင်း သူက ကြားတော့ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ကျွန်မ ကာယကံရှင် ဝမ်းသာတာထက် သူက ပိုဝမ်းသာတယ်။ နောက်ပြီး 'ဒေါ်အမာက ဆေးလိပ်ကို ကျွန်တော့်အရင် စွဲခဲ့တာ၊ ခု အဲဒီဆေးလိပ်ကို ဖြတ်နိုင်တယ်ဆိုတော့ ကျွန်တော့်ကို ဖြတ်ဖို့ဆိုရင် သိပ်လွယ်မှာ။ ဒါကြောင့် သူ့ ချော့နေရတယ်' လို့ သူ့မိတ်ဆွေတွေကို ကျွန်မ ဆေးလိပ်ပြတ်တာ ဝမ်းသာလွန်းလို့ ခနိုးခနဲ့ပြောရင်း ကြွားပါသေးတယ်။

            သူ့သားတွေ သုံးယောက်စလုံး သူ့လိုပဲ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ မဆဲရေးတတ်တာကိုလည်း ဦးလှက စိတ်ချမ်းသာရှာတယ်။

            အရက်တို့၊ ဆေးလိပ်တို့ကို သူကိုယ်တိုင် မသောက်ရုံမက အရက်စွဲနေတဲ့လူတွေ အရက်ဖြတ်စေချင်လို့တဲ့ 'အရက်သမား အမှား ၁ဝဝဝ' 'အရက်သမား အမှား ၂ဝဝဝ' ဆိုတဲ့ စာအုပ် (၂)အုပ်လည်း ရေးသေးတယ်။ ဒီစာအုပ်တွေ ပထမနှိပ်ခြင်း ကုန်လို့ ဒုတိယနှိပ်ခြင်းထပ်ရိုက်ရတော့ သူ့မှာ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ 'ဘိန်းဖြူသမား အမှားကမ္ဘာ' ဆိုတာလည်း ရေးပါသေးတယ်။

            ဆေးလိပ်သောက်တာနဲ့ ပတ်သက်လို့လည်း သူက စာအုပ်တစ်အုပ်ရေးဖို့ စုဆောင်းပြီး ရေးနေဆဲပါ။ သေတ္တာ (၁) လုံးနဲ့ ဆေးလိပ်သောက်တဲ့ အပြစ်တွေ စုထားတာ ကျန်ရစ်ပါတယ်။ ဒါလေးတွေကို ကျွန်မက 'ဆေးလိပ်နဲ့ လူသား' ဆိုပြီး စာတစ်အုပ်ဖြစ်အောင် လုပ်ပြီးပါပြီ။

            ဦးလှမှာ တခြားအသုံးအဖြုန်းမရှိဘူး၊ စာအုပ်ဝယ်ဖို့ ဝါသနာပါတာပဲ ရှိတယ်။ စာအုပ်ကတော့ ဝယ်တယ်။ အသစ်လည်း ဝယ်တာပဲ။ အဟောင်းဆိုင်ကလည်း ဝယ်တာပဲ။ သူ အပြင်သွားချေဦးမယ်ဆိုတာ စာအုပ်ဆိုင်ကို သွားတာပါ။ ဆိုင်ရောက်တော့ သူကြိုက်တဲ့ စာအုပ်မျိုးကိုတွေ့ရင် ဘယ်နှအုပ်ဖြစ်ဖြစ် တွေ့တိုင်းဝယ်နေတာပဲ။ အဲဒါကျတော့ သူက မနှမြောဘူး။ ကျွန်မဆီက တောင်းသမျှ ပိုက်ဆံဟာ စာအုပ်ဖိုးနဲ့ မုန့်ဖိုးသုံးခဲ့တာပဲ။ အိမ်မှာ ရှိရဲ့သားနဲ့တင် ထပ်ထပ်ဝယ်တာ ဘာလုပ်ဖို့ မှတ်သလဲ။ သူက စာအုပ်ကို လက်ဆောင်ပေးဖို့လည်း သိပ်ဝါသနာ ကြီးတဲ့လူပါ။ ဒီစာပေအလှူက သူ့မှာ သံသရာတစ်လျှောက်လုံး အကျိုးပေးပါလိမ့်ဦးမယ်။ သူဝယ်တဲ့စာအုပ်ထဲက ကောင်းတယ်လို့ သူကြိုက်တဲ့စာအုပ်ကို ၄-၅-၁ဝ အုပ်မက တွေ့တိုင်းဝယ်ထား၊ သူခင်တဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးတာပဲ။

            သူဝယ်တဲ့ စာအုပ်အမျိုးအစားထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တာ၊ အားကစားနဲ့ ပတ်သက်တာဟာ အများဆုံးပါတာပဲ။ ကျန်းမာရေး အားကစား မဂ္ဂဇင်းတွေဆိုလည်း အဟောင်းတွေ့တွေ့၊ အသစ်တွေ့တွေ့ အိမ်မှာ ရှိရှိမရှိရှိ ဆိုင်မှာတွေ့ရင် သူကြိုက်တဲ့ ဆောင်းပါးတစ်ခုလောက်သာ ပါပါစေ၊ ဝယ်လာတာပဲ။ ဝယ်ပြီး ခင်မင်တဲ့လူကို လက်ဆောင်ပေးနေတာပဲ။

ဆက်လက်ဖော်ပြပါမည်။

လူထုဒေါ်အမာ

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၈)
လူထုဒေါ်အမာ

သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၇)
လူထုဒေါ်အမာ

ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)
လူထုဒေါ်အမာ

၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...