အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၉)

ဝင်းငြိမ်း

01 December 2025
မင်းမှုထမ်း အပိုင်း (၉)
Share to

အခန်း (၄) အပိုင်း ( ၁ )

ဘုရင်မကြီးနှင့် ကျွန်တော်

            အကယ်၍ ဒိုင်ယာနာ မင်းသမီးအနေနဲ့ ဘာကင်ဟမ် ရွှေနန်းတော်ကြီးအတွင်း ဘုရင်မရဲ့ ချွေးမတော်အဖြစ် ရောက်ရှိလာရခြင်းကို သူ့ကိုယ်သူ မယုံနိုင်ဘဲ အိပ်မက်များ မက်နေသလားလို့ ကိုယ့်ကိုယ်ကို ဆိတ်ကြည့်ရမယ်ဆိုရင် ကျွန်တော့်ဘဝကလည်း သူ့လိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော် ရောက်နေတဲ့ဘဝကို မယုံနိုင်ခဲ့ပါဘူး။ အခါပေါင်းများစွာ ကျွန်တော်ရထားတဲ့ အိပ်ခန်းပြတင်းပေါက်မှာ ထိုင်ပြီး ဘာကင်ဟမ်နန်းတော်ကြီး အပေါ်စီးကနေ လန်ဒန်မြို့ကြီးကို ကြည့်ရင်း စဉ်းစားနေမိပါတယ်။ အကယ်၍များ Wessex Hotel မှာပဲ ကျွန်တော်ဆက်ပြီး ပျော်မွေ့နေမယ်ဆိုရင် ကျွန်တော့်ဘဝ ဘယ်လိုများ ဖြစ်နေမှာပါလိမ့်လို့ တွေးနေမိခြင်းပါ။

            ဘုရင်မကြီးရဲ့ ဘုန်းရိပ်ကံရိပ်အောက်မှာ အမှုထမ်းခွင့်ရခြင်းဟာ အင်မတန် ကံကောင်းတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ခံယူမိပါတယ်။ အထူးသဖြင့် ခုလိုနေရာကနေ လန်ဒန်မြို့ကြီးကို အပေါ် စီးကနေ ကြည့်လိုက်တဲ့အခါမှာ ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ အမှတ်တရ ကျောက်တိုင်၊ စိန့်ဂျိမ်းစ်ဥယျာဉ်စတဲ့ နေရာတွေကို တွေ့မြင်နေရတဲ့အပြင် ကမ္ဘာကျော် Big Ben နာရီစင်ကြီးကလည်း မိုးကုပ်စက်ဝိုင်းကနေစီးပြီး ကြည့်နေသလိုပါပဲ။ အကယ်၍ ကျွန်တော့်မိခင်ဟာ ကျွန်တော့်ငယ်ဘဝကို လွှမ်းမိုးကြီးစိုးခဲ့သူ ဆိုပါလျှင် လူကြီးဖြစ်လာတဲ့ အခုအချိန်မှာ ကျွန်တော့်ကို လွှမ်းမိုးထားသူက ဘုရင်မကြီးလို့ ဆိုရပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ဘဝဆိုတာ လူပေါင်းများစွာ၊ နေရာပေါင်းများစွာ ကြုံတွေ့ရတာဖြစ်သလို ကျွန်တော့်ဘဝမှာလည်း လူတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါပြီ။ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့သူတွေက ဝင်ဆာနန်းတော်ကို လာကြတဲ့ အတိုင်းတိုင်း အပြည်ပြည်က အုပ်ချုပ်သူများ၊ ရှင်ဘုရင်များပါပဲ။ ကျွန်တော် အနီးကပ် အမှုထမ်းနေရတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးဟာ တည်ငြိမ်မှုရှိပြီး တိုင်းသူပြည်သားများအပေါ်မှာ ချစ်မြတ်နိုးမှု ရှိတဲ့အပြင် ကိုယ်ကျိုးစွန့်လွှတ်ကာ တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေသူဖြစ်ပါတယ်။

            ကျွန်တော့်မိခင်ဖြစ်သူက သူ နေထိုင်ရာ Chapel လမ်းကလေးထဲက လူတွေရဲ့ အရေးကိစ္စကို ဦးစားပေး ကူညီဆောင်ရွက်တတ်သလို ဘုရင်မကြီးကလည်း သူ့တိုင်းသူပြည်သားများရဲ့ အရေးကိစ္စကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ ကျွန်တော်က အဲဒီလို ကြင်နာတတ်တဲ့ နှလုံးသားနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်မကြီးရဲ့ စိတ်ချမ်းမြေ့မှုကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေကြတဲ့ ခွေးကလေးများကို ထိန်းကျောင်းပေးနေရတဲ့သူပါ။ ဘုရင်မကြီးရဲ့ဘဝမှာ အရေးပါ အရာရောက်တဲ့ ခွေးကလေးများကို ကျွန်တော် ထိန်းကျောင်းနေရတယ်ဆိုတာ မာမီ မြင်စမ်းစေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်က မြင်သာထင်သာတဲ့ အလုပ်မဟုတ်ပါဘူး။ နောက်ကွယ်မှာ လုပ်ကိုင်ရတဲ့ အလုပ်မျိုးပါ။ အများရှေ့မှာ တာဝန်ထမ်းဆောင်ရတာ မဟုတ်ဘဲ နောက်ကွယ်မှာ တာဝန်ထမ်းဆောင် ရတဲ့ ကျွန်တော်တို့လို့ ဝန်ထမ်းများအနေနဲ့ အသိအမှတ်ပြုခံရတယ်ဆိုတာက ရှားပါးလှပါတယ်။ ဇာတ်ခုံပေါ်ကနေ အများပရိသတ်ကို ကပြဖျော်ဖြေနေကြတဲ့ ကချေသည်များ အဆင်ပြေပြေ တင်ဆက်နိုင်အောင် နောက်ကွယ်ကနေ ဖြည့်ဆည်းပေးနေကြရတဲ့ သူများနဲ့ မခြားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဘုရင်မကြီးရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ အပြုံးတစ်ချက် ခေါင်းတစ်ညိတ်ဟာ ဆုလာဘ် တစ်ပါးပါပဲ။

            ဘုရင်မကြီးရဲ့ အပါးမှာ အနီးကပ် တာဝန်ထမ်းဆောင်နေရတယ်ဆိုတဲ့ အကြောင်း ကျွန်တော့်မိသားစုထံ သတင်းစကား ပါးနိုင်ခြင်းကိုက ဧရာမ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သတင်း တစ်ရပ်ပါ။ တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ အမေများရဲ့ သားဘယ်နှယောက်က ကျွန်တော့်လို နေရာမျိုးမှာ တာဝန်ထမ်းဆောင်ခွင့် ရကြလို့လဲ။ သားဘယ်နှယောက်က သူတို့အမေတွေကို ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစုများနဲ့ ဆုံစည်းခွင့် ဖန်တီးပေးနိုင်မှာတဲ့လဲ။ ခုဆိုရင် ချက်ပယ်လ်လမ်းမှာ ရှိတဲ့ ကျွန်တော့်အမေအိမ်မှာ ကျွန်တော်နဲ့ စကားပြောနိုင်ဖို့ တယ်လီဖုန်း သွယ်ထားပြီးပါပြီ။ ကျွန်တော် ဖုန်းဆက်တိုင်း မာမီက 'သားရယ် အမေတော့ ငါ့သားလေးက ဘာကင်ဟမ် ရွှေနန်း တော်ကြီးအတွင်းကနေ ဖုန်းဆက်နေတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ' လို့ ပြောတတ်ပါတယ်။ အမေက သူ့ တယ်လီဖုန်းကို အိမ်အတွင်းဘက် အိပ်ခန်းထဲမှာထားပြီး အားရပါးရ ဆုပ်ကိုင်ကာ စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် သောက်နေရင်းက ကျွန်တော်နဲ့ ပြောတတ်တာပါ။ တစ်ခါတလေကျွန်တော်က 'မာမီ... ကျွန်တော် အခုပဲ ဘုရင်မကြီးထံတော်ပါးကို လက်ဖက်ရည်တော် ဆက်သွင်းခဲ့တာ'လို့ ပြောလိုက်ရင် သူ့မှာ ရင်တွေခုန်လို့ပေါ့။

            ဘုရင်မကြီးအပါးမှာ အပါးတော်မြဲ ခြေမြန်တော်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမနှစ်မှာပဲ မာမီကို ရွှေနန်းတော်အတွင်း ခေါ်ဆောင်နိုင်မယ့် အခွင့်အရေးတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ရက်ဆိုရင် ဘာကင်ဟမ်နန်းတော်အတွင်းမှာ ကျင်းပတဲ့ ကပွဲသဘင်သို့ ဘုရင်မကြီးရဲ့ အမှုထမ်းများအနေနဲ့ သူတို့ မိခင်များနဲ့ ဆွေမျိုးများကို ဖိတ်ကြားခွင့် ရှိပါတယ်။ ကပွဲသဘင်ရက် မတိုင်ခင်ကတည်းက ကျွန်တော်က မာမီကို အကြောင်းကြားထားပြီးပါပြီ။

            'မာမီ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ခရစ္စမတ်ကပွဲသဘင်ကို လာတက်ပေးပါ၊ ဘုရင်မကြီးကိုယ်တိုင် ဒီကပွဲကိုတက်မှာ မာမီရဲ့' လို့ ကြိုတင်အကြောင်းကြားခဲ့တာပါ။ အဲဒီတုန်းက မာမီ့နှုတ်ဖျားကနေ မယုံနိုင်လောက်တဲ့ အာမေဋိတ်သံ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် မာမီက သက်ပြင်းချလိုက်ပြီး 'သားရယ်... မာမီ လာချင်တာပေါ့။ ဒါပေမယ့် လာနိုင်မယ် မထင်ပါဘူးကွယ်'လို့ ဆိုခဲ့ပါတယ်။

            'မလုပ်ပါနဲ့ မာမီရယ်၊ သူများတွေရဲ့ အမေတွေ အားလုံးလာကြမှာ၊ မာမီ မနေတတ် မထိုင်တတ် မဖြစ်စေရပါဘူး၊ သူတို့အားလုံးနဲ့ ရောနှောပြီး ခင်မင်သွားမှာပါ၊ ကျွန်တော်လည်း မာမီ့အနားမှာ ရှိနေမှာပဲ ဥစ္စာ'လို့ ကျွန်တော် ဇွတ်အတင်း ခေါ်ရတယ်။

            မာမီက သူစုထားတဲ့ စုဘူးကလေးကိုဖောက်ပြီး ဝတ်စုံသစ်တစ်စုံ ဝယ်လိုက်ပါတယ်။ အပြာရောင် ညနေခင်း ဝတ်စုံကလေးပါ။ ငွေကွင်းကလေးတွေ ဆက်ထားတဲ့ ခါးပတ်လည်းပါတယ်။  ပဝါအနေနဲ့ကတော့ လက်ထိုးသိုးမွှေး ပဝါကို ခြုံလာခဲ့ပါတယ်။ သူမလာခင် တစ်ရွာလုံးကိုလည်း အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ ကပွဲသဘင်ကို တက်ရမှာ ဖြစ်တဲ့အကြောင်းလည်း ပြောခဲ့သေးပါတယ်။ ကျွန်တော်တို့ တစ်ရွာလုံးမှာ ဘုရင်မကို မဆိုထားနဲ့။ ဘယ်နန်းတွင်း အမှုထမ်းကိုမှ တွေ့ဖူးမြင်ဖူးတဲ့သူ မရှိခဲ့ပါဘူး။

            ကပွဲသဘင်မှာ မာမီခမျာ တော်ဝင်မိသားစုဝင်များကို အသာထား၊ သူ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ မင်းမှုထမ်းများကို မြင်ရတာတောင် စိတ်လှုပ်ရှားနေရှာပါတယ်။ ရွှေနန်းတော်  အတွင်းမှာ ရောက်ရှိနေတယ်ဆိုတာ မယုံနိုင်သလို ဘုရင်မကြီးရဲ့ ကြင်ယာတော် အီဒင်ဘာမြို့စားကြီး၊ ချားလ်စ်မင်းသား၊ အန်းမင်းသမီးတို့ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့မယ်ဆိုတာကိုလည်း မယုံနိုင်လောက်အောင်ပါပဲ။ မာမီက 'မာမီ့ကိုယ် မာမီတော့ စင်ဒရဲလား မင်းသမီးလေးလို အောက်မေ့နေတာပါပဲ သားရယ်၊ သားက ရွှေမင်းသားလေးပေါ့' လို့ ပြောသေးတာပါ။ ကျွန်တော်တို့ သားအမိနှစ်ယောက် လက်ချင်းချိတ်ပြီး ကပွဲခန်းမဆောင်အတွင်းသို့ ဝင်လာခဲ့ကြပါတယ်။

            ဘုရင်မကြီးက မင်းမှုထမ်းများရဲ့ ဆွေမျိုးများကို တစ်ဦးစီ လိုက်လံ နှုတ်ဆက်ပါတယ်။ မာမီမှ အဆင်ပြေပါ့မလားလို့ တွေးနေမိသေးတာ။ မာမီ့လက်ကို ကျွန်တော်က တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး အားပေးတော့ မာမီက 'အဆင်ပြေမှာပါသား' လို့ ဆိုရှာပါတယ်။

            ကျွန်တော်တို့ သားအမိအနားကို ဘုရင်မကြီး ရောက်လာချိန်မှာ 'ဟယ်လိုပေါလ်...' လို့ နှုတ်ဆက်ပါတယ်။

            ကြားလိုက်သလား မာမီလို့ ကျွန်တော့်စိတ်ထဲကနေ ပြောနေမိတယ်။ ဘုရင်မကြီးရဲ့ နှုတ်ဖျားက သားနာမည်ကို ခေါ်နေတယ်လေ။ တရင်းတနှီး နှုတ်ဆက်တယ်ဆိုတာကို မာမီ ကြားလိုက်ရဲ့လား။ ဒါပေမယ့် ကျွန်တော်ထင်တာတော့ မာမီဟာ ဘုရင်မကြီး ခေါ်လိုက်တာကို မကြားဘဲ လည်ပင်းမှာ ဆွဲထားတဲ့ စိန်ဆွဲကြိုးကြီးက တလက်လက်တောက်ပနေတဲ့ စိန်များကိုသာ ငေးမောနေမှာ သေချာလှပါတယ်။

            ဒါပေမယ့် ဘုရင်မကြီးဟာ ဘယ်သူ့ကိုမဆို အဆင်ပြေပြေ ဆက်ဆံတတ် သူဖြစ်တဲ့အတွက် မာမီကိုလည်း အဆင်ပြေအောင် ကျွန်တော်တို့ ဇာတိမြေဖြစ်တဲ့ ဒါဘီရှိုင်းယားက မီးသွေးတွင်းတွေ အကြောင်း စကားဆက်စပ်ပြီး ပြောပါတယ်။ မာမီ့မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာနေလိုက်တာ၊ အဲဒီတော့မှပဲ မာမီ့မျက်လုံးတွေဟာ ဘုရင်မကြီးရဲ့ စိန်လည်ဆွဲဆီကနေ ခွာတော့တာပဲ။ မာမီ့ ဘဝမှာ စိန်အစစ်ဆိုတာကို ဘယ်တုန်းကမှ မြင်ခဲ့ဖူးတာ မဟုတ်ပါဘူး။ ခုလို အများအပြားကို မြင်လိုက်ရတော့ သူ့ခမျာ မငေးဘဲ မနေနိုင်တော့ဘူးပေါ့။ 'ဘုရင်မကြီးကလေ မာမီမျှော်လင့်ထားသလို ဘုရင်မတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းအားလုံး ပြည့်စုံတယ်' လို့ မာမီက ချီးမွမ်းတယ်။ မာမီ့ အဲဒီစကားတစ်ခွန်းဟာ ကျွန်တော့်ဘဝအတွက် နိဒါန်းတစ်ခု ပျိုးလိုက်ခြင်းပါပဲ။ နောက်နှစ်ပေါင်း များစွာအတွင်းမှာ မာမီဟာ ကျွန်တော့်အလုပ်ရှင်သခင်များကို နောက်ထပ် သုံးလေးကြိမ်လောက် ရွှေနန်းတော် အတွင်းမှာပဲ တွေ့ခွင့်ရခဲ့ပြီး တစ်ကြိမ်မှာတော့ ဘာလ်မိုရယ်လ်မှာ ခွေးကလေးများကို ထိန်းကျောင်းရင်း လမ်းလျှောက်ထွက်လာတဲ့ ဘုရင်မကြီးနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခွင့် ရခဲ့ပါသေးတယ်။

            မာမီက ရွှေနန်းရှင်ရဲ့ရှေ့မှာ မနေတတ် မထိုင်တတ်ဘူးဆိုပေမယ့် ကျွန်တော့်အဒေါ် ပါးလ်နဲ့ စာရင် တော်ပါသေးတယ်။ တစ်ခါတုန်းက အဒေါ်ပါးလ်ကို ကပွဲသဘင်တစ်ခုတက်ဖို့ ကျွန်တော် ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ဘုရင်မကြီး လျှောက်လာတဲ့အခါမှာ အဒေါ်ပါးလ်ခမျာ မင်တက်မိပြီး စကားမပြောနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူက စ စကားမပြောဘဲ ဘုရင်မကြီး စကားစလာမှာကို စောင့်နေပါတယ်။

            'ဒါဘီရှိုင်းယားမှာ ဒီနှစ် ရာသီဥတုက အတော်ဆိုးတယ် ကြားတယ်' လို့ ပြောသံကြားလိုက်ရတော့မှ အသက်ဝင်လာပါတော့တယ်။ 'ဟုတ်ကဲ့... ဆိုးလိုက်သမှ အလွန်ပါပဲ'လို့ ပြန်ဖြေပါတယ်။ အဒေါ်ပါးလ်ရဲ့ စကားသံက လန်ဒန်မြောက်ပိုင်းသူတို့ရဲ့ ထုံးစံအတိုင်း ဝဲနေပါတယ်။ ဒါကို ဘုရင်မကြီးက သဘောကျလွန်းလို့ သူ ပြောတဲ့အတိုင်း လိုက်ပြောနေသေးတာ။    

            ကျွန်တော်တို့ မင်းမှုထမ်းများရဲ့ ဆွေမျိုးသားချင်းများက ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစုများနဲ့ ဆုံတွေ့ရမှာကို ကြောက်ရွံ့တုန်လှုပ်ကြတာ မဆန်းပါဘူး။ တချို့မင်းမှုထမ်းများကိုယ်တိုင် သူတို့ရှေ့မှောက်ကို ရောက်ပြီဆိုရင် အမှားမှားအယွင်းယွင်း ဖြစ်ကုန်ကြတာ ခုလို ခရစ္စမတ်ပွဲတော်တိုင်း ကြုံကြရပါတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ် ကပွဲသဘင်မှာ ဘုရင်မကြီးက သူ့အိမ်တော်ဝန်ထမ်း ၃ဝဝ လောက်ကို တစ်ဦးချင်း နှုတ်ဆက်ရာမှာ အချိန်  ၂ နာရီလောက် ကြာပါတယ်။ နှုတ်ဆက်တိုင်း သုံးတဲ့ အသုံးအနှုန်းက 'Happy Christmas ' လို့ပဲ သုံးပါတယ်။ 'Merry Christmas' လို့ မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ အသောက်လွန်သွားတဲ့ မင်းမှုထမ်းများအနေနဲ့ အာလေးလျှာလေးမဖြစ်အောင် သတိထားပြီး သောက်ကြစေချင်တဲ့အတွက်ပါ။

            ဒါပေမယ့် ကျွန်တော့် အမြင်ပြောရရင် အများစု အရက်များများ သောက်ထားကြတယ်ဆိုတာက သူတို့နဲ့တွေ့ဖို့ ရဲဆေးတင်ကြတာပါ။ အိမ်တော်ဝန်ထမ်း တချို့ဆိုတာက မီးဖိုဆောင်မှာ တာဝန်ထမ်းဆောင်ရသူတွေ ဖြစ်တဲ့အတွက် ဘုရင်မကြီးနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းပါးလှပါတယ်။ ဒီလူတွေက ဘုရင်မကြီးနဲ့ တိုက်ရိုက်စကား ဆိုရမယ်ဆိုတဲ့အခါမှာ ရဲဆေးတင်ဖို့ လိုအပ်တာ အမှန်ပါပဲ။

            ဘုရင်မကြီးကလည်း တစ်ဦးချင်း တွေ့ဆုံတဲ့အခါမှာ ဘယ်သူက ဘယ်တာဝန် ထမ်းဆောင်တယ်ဆိုတာကို မမေ့မလျော့ မေးမြန်းတတ်စမြဲပါ။ တစ်ခါတုန်းက ဘုရင်မကြီးကို သူ့မှာ အစေအပါး ဘယ်နှယောက်ရှိသလဲလို့ မေးမြန်းတဲ့အခါမှာ ဘုရင်မကြီးက ...

            'တကယ်တော့ တစ်ယောက်မှ မရှိပါဘူး၊ သူတို့အားလုံးဟာ အိမ်တော်ဝန်ထမ်းတွေ မှန်ပေမယ့် အစေခံတွေ မဟုတ်ကြပါဘူး'လို့ ဖြေကြားခဲ့ဖူးပါတယ်။ ဘုရင်မကြီးနဲ့ အိမ်တော် အမှုထမ်းတွေ တွေ့ဆုံရာမှာလည်း စည်းကမ်းတကျ ရှိရပါတယ်။ ကျွန်တော်တို့အားလုံး ကျောက်ဖြူဆောင်ရဲ့ မြေညီထပ်ကနေ တန်းစီပြီး နံနက်စာ သုံးဆောင်တော်မူတဲ့အခန်းကို ဖြတ်ကာ အခန်းအမှတ် ၁၈၄၄ ကို သွားကြရပါတယ်။ အဲဒီကမှတစ်ဆင့် Bow Room ကို တန်းစီဝင်ကြရတာပါ။ တန်းစီတဲ့အခါမှာလည်း ကိုယ်စီချင်သလို စီလို့မရပါဘူး။ ရာထူးကြီးစဉ်ငယ်လိုက် စီကြရတာပါ။ ဝန်ထမ်းများကို သူ့နေရာနဲ့သူ ဝတ်စုံချင်း မတူအောင် ခွဲခြားထားပါတယ်။ အနီရောင်တောက်တောက် ဝေ့စကုတ် ဝတ်ဆင်ထားသူများက ခြေမြန်တော်များဖြစ်ပြီး အပါးတော်မြဲများက အမြီးရှည် အပြာရောင် ကတ္တီပါ ဝတ်စုံများနဲ့ ထူးခြားလှပါတယ်။ စားဖိုဆောင် ဝန်ထမ်းများက အဖြူရောင်နဲ့ စိမ်းပြာရောင် ဝတ်ဆင်ရပြီး အမျိုးသမီးဝန်ထမ်းများက အနက်ရောင်ဝတ်စုံပေါ်မှာ အဖြူရောင် ခါးစည်းများနဲ့ ဝတ်ဆင်ရပါတယ်။ ဘုရင်မကြီးအပါးမှာ အနီးကပ် ခစားရတဲ့ ခြေမြန်တော် ၁၄ ဦးထဲမှာ ပေါလ်ဝှိုင်ဘရူးက ရှေ့ဆုံးက တန်းစီရပြီး ကျွန်တော်က သူ့နောက်ကပါ။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်နေ့တိုင်း မနက်၊ နေ့လယ်၊ ညချိန်ခါမရွေး ဘုရင်မကြီးကို နီးနီးကပ်ကပ် တွေ့မြင်နေကြရတာဆိုတော့ ခုလို ခရစ္စမတ်ကာလအတွက် နှုတ်ဆက်ဖို့ရာ တကူးတက တန်းစီနေကြရတာဟာ တော်တော်ကသိကအောက် နိုင်လှပါတယ်။ ဒီလို နှုတ်ဆက်ပြီး ညနေကျရင် အပေါ်ထပ်က ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့ နေတဲ့အခန်းထဲမှာ ရှိသမျှပစ္စည်းတွေကို ထုပ်ပိုးကြရဦးမှာပါ။ ခရစ္စမတ်ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့မောင်နှံက ဝင်ဆာရဲတိုက်ဆီကို ပြောင်းရွှေ့နေထိုင်လေ့ ရှိလို့ပါပဲ။ အဲဒီလိုအချိန်မှာလည်း ကျွန်တော်တို့နဲ့ ဘုရင်မကြီးဟာ အနီးကပ် တွေ့ကြရမြဲပါ။ ဒီလို တွေ့ဖန်များပေမယ့် ခုလို ခရစ္စမတ် ဆုတောင်းအဖြစ် တကူးတက တွေ့ကြရမယ် ဆိုပြန်တော့လည်း စင်ပေါ်တက်ကကြရတော့မယ့် ကချေသည်များလို ရင်ခုန်မိတာပါပဲ။

            ဘုရင်မကြီးနဲ့ ကြင်ယာတော် အီဒင်ဘာမြို့စားကြီးတို့က အဖူးမြော်ခံခန်းမကြီးရဲ့ ထိပ်ဆုံးမှာ နေရာယူထားကြပြီး ကျွန်တော်တို့က သူတို့နဲ့ မျက်နှာချင်းဆိုင်ဘက်မှာရှိတဲ့ တံခါးကနေ အိမ်တော်ဝန်ထမ်း ဆင့်ခေါ်တဲ့အချိန်ကျမှ အလှည့်ကျဝင်ကြရတာပါ။ သူတို့နဲ့ ဆုံတွေ့ပြီဆိုရင် ဆုတံဆိပ်ရတာ မဟုတ်ပေမယ့် ခရစ္စမတ် လက်ဆောင်အထုပ်ကလေးတွေ ကိုယ်စီကိုယ်ငှ ရကြပါတယ်။ ဒါကလည်း သူတို့ကိုယ်တိုင် ကက်တလောက်စာအုပ်များထဲက ကြည့်ပြီး ဝန်ထမ်းတွေအတွက် ရွေးချယ်ဝယ်ယူထားတဲ့ လက်ဆောင်ပစ္စည်းများပါပဲ။ ဘုရင်မကြီးကို လက်ဆွဲနှုတ် ဆက်ကြရမယ့် အမျိုးသမီးဝန်ထမ်းများက လက်အိတ်အဖြူများ ဝတ်ဆင်ထားကြ ရပါတယ်။ ထူးခြားတာကတော့ မင်းပွဲစိုးပွဲများမှာ အမြဲတစေ လက်အိတ်ဝတ်ဆင်ပြီး တက်ရောက်လေ့ရှိတဲ့ ဘုရင်မကြီးက သူ့အိမ်တော်ဝန်ထမ်းများကို နှုတ်ဆက်ရာမှာတော့ လက်အိတ်ဝတ်ဆင်ထားခြင်း မရှိဘဲ လက်ဗလာနဲ့ နှုတ်ဆက်တာပါ။

            တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ တော်ဝင်မိသားစုများရဲ့ ခရစ္စမတ် အစီအစဉ်ဟာ တစ်ခါတလေမှာ ဝင်ဆာနန်းတော်မှာ ကျင်းပတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဘုရားရှိခိုးကျောင်းများမှာ ဓမ္မသီချင်းများ သီကြွေးကြတဲ့ ကလေးငယ်များလည်း ပါဝင်ဆင်နွှဲခွင့် ရခဲ့ပါတယ်။ သံချောင်းရှည်ကြီးများပေါ်မှာ ရှေးရိုးအစဉ်အလာအတိုင်း မီးအိမ်တွေကို ချိတ်ဆွဲပြီး ဓမ္မသီချင်း သီကြွေးနေကြတဲ့ ကလေးများကို ဘုရင်မကြီးက ဝင်ဆာနန်းတော်ရဲ့အဝင်ဝ ကော်ဇောနီခင်းထားတဲ့ လှေကားထစ်များပေါ်ကနေ ဝိုင်တစ်ခွက်သောက်ရင်း ကြည့်နေတတ်ပါတယ်။ ခရစ္စမတ်ကာလ ဆိုပေမယ့် သူ့အနေနဲ့ လက်ဆောင်ပေးရမယ့် အထုပ်များကို သူကိုယ်တိုင် ထုပ်ပိုးစရာ မလိုပါဘူး။ သူ့အပါးမှာ ခစားနေကြတဲ့ ဝန်ထမ်းများက ထုပ်ပိုးပေးကြလို့ပါပဲ။

            ခရစ္စမတ်ကာလရောက်ပြီဆိုရင် သူဘာပေးမလဲဆိုတာ ဆွေမျိုးများနဲ့ ကလေးများက အင်မတန် စိတ်ဝင်စားကြပါတယ်။ ဒီဇင်ဘာလဆန်းရောက်ပြီဆိုရင် ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ပီတာနိုက်က ကုန်ပစ္စည်းမျိုးစုံကို ဘာကင်ဟမ်နန်းတွင်း ယူဆောင်လာပြီး ဆိုင်တစ်ခုသဖွယ် ခင်းကျင်းပြသထားလေ့ ရှိပါတယ်။ သူခင်းကျင်းထားတဲ့ အမျိုးအမည် ၂ဝဝဝ လောက်ထဲမှာ ကစားစရာတွေ ပါတယ်။ ကြွေထည်တွေ ပါတယ်။ အလှဆင် ပစ္စည်းတွေ ပါတယ်။ မီးဖိုဆောင်သုံး ပစ္စည်းတွေ ပါတယ်။ ညစဉ်ညတိုင်း ညစာစားသုံး ပြီးချိန်မှာ ဘုရင်မကြီးက သူတစ်ယောက်တည်း ဈေးဝယ်ထွက်သလို ပီတာခင်းကျင်းပြသထားတဲ့ ပစ္စည်းများထဲက စိတ်ကြိုက်ပစ္စည်းများ ရွေးချယ်ပါတယ်။ ပစ္စည်းတစ်ခုချင်းအပေါ်မှာ ဘယ်သူ့အတွက်ဆိုတာ သူကိုယ်တိုင် ရေးမှတ်သွားတာပါ။ သူရွေးသွားတဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ် ပေးနိုင်ဖို့ အိမ်တော်ဝန်ထမ်းများက ထုတ်ပိုးကြရပါတယ်။ ပေါလ်ဝှိုင်ဘရူးနဲ့ ကျွန်တော်က ထုပ်ပိုးရမယ့် စက္ကူဒီဇိုင်းနဲ့ ဖဲကြိုးအရောင်များ ရွေးချယ်ပေးတဲ့ တာဝန်ယူရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပဲ ထုပ်ပိုးရတဲ့အခါတွေလည်း အများကြီးပါ။ မှန်းခြေအားဖြင့် နှစ်စဉ် နှစ်တိုင်း အထုပ်တစ်ရာကျော်လောက် ထုပ်ခဲ့ရတာပါ။

            တစ်ညမှာတော့ လက်ဆောင်ပစ္စည်းတွေ ထုပ်ပိုးနေတဲ့အတွက် ကျွန်တော့်ပတ်လည်မှာ စက္ကူတွေရော၊ ဖဲကြိုးတွေရော ရှုပ်ပွနေတာပေါ့။ အဲဒီ အချိန်မှာ ဘုရင်မကြီးက အခန်းထဲကို ဝင်လာခဲ့ပါတယ်။ 'ပေါလ်... အိပ်ချိန်ရောက်ပြီ၊ အိပ်တော့လေ၊ ထုပ်ပိုးထားတာတွေလည်း တော်တော်ပြီးနေပြီပဲ' လို့ ကြင်ကြင်နာနာ စကားဆိုပါတယ်။ တကယ်တော့ လက်ဆောင်ပစ္စည်းတွေ ထုပ်ပိုးဖို့ဆိုတာ ရက်သတ္တပတ် သုံးပတ်လောက် အချိန်ယူရပါတယ်။ တစ်ခါတလေမှာ နေ့ခင်းဘက်တွေ ထုပ်ပိုးဖို့ အချိန်မရတဲ့အတွက် ညဘက်မှာ ဆက်ပြီးလုပ်ရတာတွေ ရှိခဲ့ပါတယ်။  

            ဘုရင်မကြီး စံမြန်းနေတဲ့ အိမ်တော်များထဲမှာ ခရစ္စမတ် သစ်ပင်ကို ဘယ်တော့မှ မတွေ့ရဖူးပါဘူး။ ခရစ္စမတ် လက်ဆောင်ကတ်ပြားတွေ ချိတ်ဆွဲထားတာလည်း မရှိပါဘူး။ ဝင်ဆာ နန်းတော် ရောက်ပြီဆိုရင်တော့ ခရစ္စမတ်သစ်ပင်ကို အလှဆင်လေ့ရှိပြီး သစ်ပင်ကလည်း အမြင့် ၁၆ ပေလောက်ရှိပါတယ်။ ဝင်ဆာနန်းတော်ရဲ့ အဝင်ဝကနေအထဲကို လှမ်းကြည့်လိုက်မယ်ဆိုရင် ခရစ္စမတ် သစ်ပင်မှာ ရောင်စုံမီးလုံးကလေးတွေ လင်းလက်နေတာကို တွေ့နိုင်ကြပါတယ်။

            ခရစ္စမတ် အကြိုနေ့ ညနေလက်ဖက်ရည်ချိန်ရောက်ပြီဆိုရင် ကျွန်တော်တို့ အိမ်တော် ဝန်ထမ်းအားလုံး ပထမထပ်မှာရှိတဲ့ ဧည့်ခန်းမှာ စုရုံးကြပြီး လက်ဆောင်ထုပ်တွေကို ဖောက်ကြတာဟာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ အဲဒီအခန်းထဲမှာ ၁၉၃၇ ခုနှစ် ဆဋ္ဌမမြောက် ဂျော့ဘုရင် ဘိသိက်ခံစဉ်က ပန်းချီကျော် ဆာဂျယ်ရယ်လ် ကယ်လီရေးဆွဲပေးထားတဲ့ ဧရာမ ပန်းချီကားကြီးနဲ့ အဲလီဇဘက် ဘုရင်မကြီး ဘိသိက်ခံစဉ်က ရေးဆွဲထားတဲ့ ပန်းချီကားကြီးတို့က အခန်းထဲမှာရှိတဲ့ မီးလင်းဖိုကြီးများရဲ့ အပေါ်တည့်တည့်မှာ ခန့်ညားထည်ဝါစွာ ချိတ်ဆွဲထားပါတယ်။ တစ်ဦးချင်း ကိုယ်ရထားတဲ့ လက်ဆောင်ထုပ်များကို ဖြေကြရာမှာ ဘုရင်မကြီးနဲ့ ကြင်ယာတော်တို့က ခပ်ပြုံးပြုံးထိုင်ကြည့်နေကြတာပါ။ အံ့သြဝမ်းသာတဲ့ အသံတွေ၊ မယုံနိုင်လောက်လို့ အော်ဟစ်လိုက်တဲ့ အသံတွေဟာ ခန်းမထဲမှာ ကြည်နူးစရာ ဂီတသံတွေ လိုပါပဲ။

            ခရစ္စမတ်နေ့မှာတော့ ဓနသဟာရ နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ အပါအဝင် ထိပ်သီးပုဂ္ဂိုလ်များက ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် ဘုရင်မကြီး မိန့်ခွန်းပြောမှာကို စောင့်ကြည့် နားထောင်လေ့ ရှိကြပါတယ်။ (ကျွန်တော်ရှိစဉ်ကာလတုန်းကတော့ ဒီမိန့်ခွန်းမျိုးကို ဒီဇင်ဘာလလယ်လောက်ကတည်းက ကြိုတင် အသံသွင်းထားခဲ့တာပါ) နားထောင်ကြသူတွေထဲမှာ ဝင်ဆာနန်းတော်ထဲက ဝန်ထမ်းတွေလည်း မလွတ်ပါဘူး။ ညနေခင်း ၃ နာရီလောက်ဆိုရင် တော်ဝင် မိသားစုများ အပါအဝင် အားလုံးဟာ Oak Room မှာ စုဝေးကြပြီး ရုပ်မြင်သံကြားကို နားစွင့်ကြပါတော့တယ်။ တချို့က ဆိုဖာခုံများပေါ်မှာထိုင်ရင်း နားထောင်ကြပြီး အတော်များများကတော့ မိုးတိုးမတ်တတ်ရပ်ရင် နားထောင်ကြပါတယ်။ ဘုရင်မကြီးကိုယ်တိုင် အဲဒီအခန်းထဲမှာရှိပေမယ့် ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ နားစွင့်နေလေ့ရှိပါတယ်။ အသံလွှင့်တဲ့ အစီအစဉ် ပြီးဆုံးသွားပြီဆိုရင်တော့ ဘုရင်မကြီးက ပန်းဥယျာဉ်ထဲကို သူ့ခွေးကလေးများနဲ့အတူ ဆင်းသွားတော့တာပါပဲ။ အသံလွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အိမ်သူအိမ်သားနဲ့မှ ဆွေးနွေးပြောကြား ခြင်း မပြုပါဘူး။

            တကယ်လို့ အဲဒီကာလများမှာ ဘုရင်မကြီးအနေနဲ့ အထူးလုပ်ဆောင်ရမယ့် ကိစ္စမျိုး နိုင်ငံရပ်ခြား သွားရမယ့်ကိစ္စမျိုး ပေါ်ပေါက်လာပြီဆိုရင်တော့ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ ခရစ္စမတ်အစီအစဉ်များလည်း ပျက်တော့တာပါပဲ။ အမေရိကန် သမ္မတ ရော်နယ်ရီဂင် ဝင်ဆာနန်းတော်ကို လာရောက်လည်ပတ်ခဲ့တာကို ကျွန်တော် မှတ်မှတ်ရရ ရှိနေပါတယ်။ အဲဒီတုန်းက ထောက်လှမ်းရေးသမားများပင်လျှင် ဘုရင်မကြီးရဲ့ မှတ်ချက်ကို မချေပနိုင်အောင် ဖြစ်သွားခဲ့ရဖူးပါတယ်။

            သမ္မတကြီး လာရောက်လည်ပတ်ခြင်း မပြုမီ တစ်ပတ်လောက်အလိုမှာ ခေတ်မီ ရှာဖွေရေးကိရိယာများ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်များ ဝင်ဆာနန်းတော်အတွင်းကို ရောက်ရှိ လာကြပြီး အမေရိကန် သမ္မတရဲ့လုံခြုံရေးအတွက် ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ကြပါတယ်။ သူတို့ လုပ်နေသမျှကို ဘုရင်မကြီးက ပြုံးပြုံးကြီး ကြည့်နေခဲ့တာပါ။ သူတို့လို ခေတ်မီရှာဖွေရေး ကိရိယာတွေလည်း သူ့မှာ မရှိပါဘူး။ အဲဒီသူတွေကို အိမ်တော်ဝန်ထမ်းတစ်ဦးကတစ်ဆင့် ပြောကြားလိုက်တာကတော့ 'ဒါဟာ မဖုရားရဲ့ နန်းတော်ပါ။ မဖုရားအတွက် လုံခြုံမှု အပြည့်အဝ ရှိနေတယ်ဆိုမှတော့ မင်းတို့ သမ္မတအတွက်လည်း စိုးရိမ်စရာ မရှိပါဘူး' တဲ့။ ဒီစကားဟာ အင်မတန် မျှတတဲ့စကားတစ်ခွန်းပါ။

            ၁၉၈၂ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ ဝင်ဆာနန်းတော်ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ အခန်းနံပါတ် ၂၄ဝ မှာ တည်းခိုနေထိုင်မယ့် သမ္မတနဲ့သူ့ဇနီး နန်စီတို့ လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ တာဝန်ချထားခြင်း ခံရတာကတော့ ကျွန်တော်ပါပဲ။ သူတို့ အခန်းဆိုတာက လန်ကက်စတာ တာဝါကြီးရဲ့ ပထမထပ် တစ်ထပ်လုံးပါပဲ။ ဒီနေရာက ကြည့်မယ်ဆိုလို့ရှိရင် လန်ဒန်မြို့ရဲ့ ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး ကြည့်လို့ရပါတယ်။

            ကျွန်တော့် အတွေ့အကြုံအရဆိုရင် သမ္မတကတော်က သမ္မတကြီး အနားကနေ တစ်ဖဝါးမှ မခွာပါဘူး။ လိုအပ်သမျှကို သူပဲ ဖြည့်ဆည်းပေးနေတာပါ။ သူတို့ ဇနီးမောင်နှံရဲ့ အိပ်ခန်းထဲမှာ ကျွန်တော်တို့က ချော့ကလက်ဘူးများကို ဖဲပြားအနီ၊ အဖြူ၊ အပြာတို့နဲ့ ရစ်ပတ်ပြီး ထည့်ထားပေးပါတယ်။ ဒါပေမယ့် အဲဒီ ချော့ကလက်တွေကို သူတို့ လုံးဝမစားကြပါဘူး။ အမေရိကန် ခေါင်းဆောင်ကြီးက ချောကလက်ကြိုက်ပုံ မရပါဘူး။ ဒါပေမယ့် သူတို့အခန်းထဲမှာ အမေရိကန် ပြည်ထောင်စုကနေ တကူးတက ယူလာပုံရတဲ့ ဂျယ်လီဖန်ဘူးတွေတော့ အများကြီး တွေ့ရပါတယ်။ ဖန်ဘူးပေါင်း တစ်ဒါဇင်လောက် ရှိမယ်ထင်တယ်။ အဲဒီဖန်ဗူးတွေမှာ အမေရိကန်အစိုးရအဖွဲ့ အမှတ်တံဆိပ်တွေလည်း ခတ်နှိပ်ထားပါသေးတယ်။

            သမ္မတ ဇနီးမောင်နှံ ရောက်ရှိလာတဲ့ ပထမဆုံးည ညစာစားပွဲမှာ ကျွန်တော် စားပွဲဝင်ထိုးပေးရပါတယ်။ ဖယောင်းတိုင်မီး ခပ်မှိန်မှိန်နဲ့သာ ကျင်းပမယ့် ညစာ စားပွဲပါ။ ညစာ မသုံးဆောင်မီ ဧည့်ခန်းကျယ်ကြီးအတွင်းထဲမှာ အမေရိကန်သမ္မတနဲ့ အတူ ပါလာတဲ့ အစိုးရအဖွဲ့ဝင်များ၊ တော်ဝင်မိသားစုဝင်များ၊ ဝေလမင်းသား ချားလ်စ်နဲ့ ဒိုင်ယာနာ မင်းသမီးတို့လည်း ရှိနေကြပါတယ်။ သမ္မတနဲ့ သမ္မတ ကတော်အနီးမှာ လိုအပ်တဲ့အရက် အဆင်သင့် ပေးနိုင်အောင်လို့ ကျွန်တော် စောင့်ဆိုင်းနေရတဲ့အတွက် သူတို့ဇနီးမောင်နှံရဲ့ အကဲကို ကျွန်တော် ကြည့်လို့ရပါတယ်။ သမ္မတကြီး ရီဂင်က ဘုရင်မကြီးဆီသွားပြီး နှုတ်ဆက်စကားပြောဖို့ရာ ရှက်နေပုံရပါတယ်။ ဒါကို သမ္မတကတော်က အတင်းအကျပ် တိုက်တွန်းပေးနေတာပါ။ 'သွားလေ...ဘုရင်မဆီသွားပြီး ရှင် နှုတ်ဆက်မှပေါ့' လို့ ဆိုတော့မှ ရီဂင်က သွားနှုတ်ဆက်တာပါ။ သူ့ကိုကြည့်ပြီး ကျွန်တော် သတိရလိုက်တာကတော့ ကျွန်တော့်အမေနဲ့ ကျွန်တော့်အဒေါ်ပါးလ်တို့ပါပဲ။ တောသူမကြီးနှစ်ဦး ဖြစ်တဲ့ သူတို့သာ မဟုတ်ပါဘူး။ အမေရိကန် သမ္မတကြီးလည်း ဘုရင်မကြီး အနားကပ်ဖို့ရာ တော်တော် လန့်နေပုံရလို့ပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့လည်း သမ္မတကြီးလိုပဲ ဘုရင်မကြီးကို နှုတ်ဆက်ခွင့်ရခဲ့ကြပါတယ်။

            ဘာကင်ဟမ် နန်းတော်မှာ အမှုထမ်းစက ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင် မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ဘက်တီဒေးဗစ္စနဲ့ ကျွန်တော် စာအဆက်အသွယ် ရှိခဲ့ဖူးပါတယ်။ သူ့ပရိသတ် တစ်ယောက်အနေနဲ့ ကျွန်တော်ကစပြီး မိတ်ဆက်ခဲ့တာပါ။ သူက စာပြန်ခဲ့တဲ့အတွက် ကျွန်တော်တို့နှစ်ယောက် အပြန်ပြန်အလှန်လှန် စာတွေရေးပြီး ရင်းနှီးခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နေ့စွဲနဲ့ ဘက်တီဒေးဗစ္စက ကျွန်တော့်ဆီကို ရေးခဲ့တဲ့ စာတစ်စောင်မှာ ၂ဝ ရာစု မြေခွေးရုပ်ရှင် ကုမ္ပဏီကြီးက အမေရိကန် ပြည်ထောင်စုကို လာရောက်လည်ပတ်တဲ့ အဲလီဇဘက် ဘုရင်မကြီးကို ဂုဏ်ပြုညစာ တည်ခင်း ဧည့်ခံခဲ့ပေမယ့် သူမအနေနဲ့ ဘုရင်မကြီးကို လက်ဆွဲနှုတ်ဆက်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ သူ့စာမှာ...

            ဘုရင်မကြီးရဲ့ ပုံစံ ဘယ်လိုရှိတယ်ဆိုတာ သိရအောင် ကျွန်မတို့မှာ အနားကို ကပ်ခွင့်တောင် မရခဲ့ပါဘူး။ လက်ဆွဲနှုတ်ဆက်ခွင့်ရအောင် လက်အိတ်အဖြူတွေ ဝတ်ထားတဲ့ ကျွန်မတို့အတွက် အရှက်ကွဲရတာပေါ့။ ဘုရင်မကြီးကတော့ ကျွန်မတို့ ဟောလိဝုဒ်က ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဟာ ဘယ်လိုဟာတွေပါလိမ့်လို့ ထင်ကောင်းထင်သွားပါလိမ့်မယ်။

            ဒါပေမယ့် ရှင့်ဆီကစာကို ရလိုက်တဲ့အခါမှာ စာအိတ်ပေါ်က 'ဘာကင် ဟမ်နန်းတော်' ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်း တွေ့လိုက်ရုံနဲ့ ကျွန်မ ရင်ခုန်ခဲ့ရပါတယ်။...

 ဘက်တီဒေးဗစ္စလို့ ရေးခဲ့ပါတယ်။

 

ဆက်လက်ဖော်ပြပါမည်

ဝင်းငြိမ်း

(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။